part 35
ထန်ထန် က အသေးလေးကို တောင်းပန်တဲ့အပြုံးလေး ပြုံးလိုက်ပြီး
“ မာမီ အခု အရေးကြီးတာလေး လုပ်ဖို့ရှိတယ်... သားလေးကို မနက်ဖြန်ညကျမှပဲ နှိပ်ပေးမယ်လေနော်... ဟုတ်ပြီလား...''
ကျိရှောင်ကျိုး က နှုတ်ခမ်းဆူကာ အထွန့်တက်လေတော့တယ်
“ မာမီ... အဲ့ဒါ မာမီဘက်လိုက်တာပဲ... မာမီက ဒယ်ဒီကိုပိုချစ်လို့မဟုတ်လား...‘’
‘’ မဟုတ်ပါဘူး... မာမီ ဘက်လိုက်တာမဟုတ်ဘူးလေ... မာမီအရေးကြီးတာလေး လုပ်ဖို့ရှိလို့ပါ’’
ဒီလိုစွပ်စွဲမှုမျိုးကို သူမအနေနဲ့ ဝန်ခံလို့မဖြစ်ပေ။
‘’ ဒါပေမယ့်... မာမီ နှိပ်မပေးရင်တော့ သားအိပ်ပျော်မှာမဟုတ်ဘူး... ကလေးတွေက ကောင်းကောင်းအိပ်မပျော်ရင် အရပ်ရှည်လာမှာမဟုတ်ဘူးနော်’’
အသေးလေးစိတ်ကျေနပ်စေဖို့ ခြေထောက်နှိပ်ပေးရမယ့် အရေးကိစ္စကနေ ဒီနေ့ညတော့ သူမလွတ်နိုင်မယ် မထင်ပေ။ ထန်ထန် ခဏလောက် စဉ်းစားပြီးနောက် သူမ မျက်တောင်တချက်ခတ်လိုက်ပြီး ကျိယန် ကို လှမ်းကြည့်ကာမေးလိုက်တယ်
‘’ ယောကျာ်း... ပေါင်ပေါင်လေးကို ဒီည ခြေထောက်နှိပ်ပေးလို့ရမလား...''
အတိတ်တုန်းကဆိုရင်တော့ သူမအနေနဲ့ ကျိယန်ကို ဒီလိုမျိုးမေးရဲမှာ မဟုတ်ပေ။ ဒါပေမယ့် မနေ့ညက သူ သူမအတွက် ဒေါသထွက်ပေးတယ်ဆိုတာကို သိလိုက်ပြီးတဲ့နောက် သူ့ရှေ့မှာ သူမအခုလိုအတင့်ရဲလာခြင်းဖြစ်တယ်။ ထို့အပြင့် သူ မငြင်းဘူးလို့လဲ သူမ ခံစားမိနေတယ်လေ။
မျှော်လင့်ထားတဲ့အတိုင်းပဲ, ကျိယန် သူမကို စက္ကန့်အနည်းငယ်လောက် ကြည့်လိုက်တယ်။ သူမ အတည်ပြောနေမှန်း သေချာသွားတဲ့နောက် လူတစ်ယောက်ကို ဘယ်လိုနှိပ်ပေးရမှန်းမသိပေမယ့်လဲ သူ ခေါင်းငြိမ့်ပြလိုက်တယ်။
‘’ကျေးဇူးတင်ပါတယ် ယော်ကျား’’
ထန်ထန် က ချိုမြိန်စွာပြုံးပြလိုက်တယ်။
ထို့နောက် အသေးလေးကိုကြည့်ကာ
‘’ ပေါင်ပေါင်, ဒီနေ့ည ဒယ်ဒီက သားကိုနှိပ်ပေးလိမ့်မယ်နော်, အဆင်ပြေလား... နှိပ်ပေးပြီးရင်တော့ သားအိပ်ပျော်သွားမှာပါ’’
လက်မခံချင်းမှန်းသိသာလွန်းနေတဲ့ ကျိရှောင်ကျိုး တစ်ယောက်က သူမအကြံကို ငြင်းဆန်ချင်နေပြီဖြစ်တယ်။ သူ့မာမီရဲ့ နူးညံ့တဲ့အပြုံးနဲ့ မွေးပျံ့တဲ့အနံ့လေးကို လိုချင်သေးတယ်လေ။
ကျိရှောင်ကျိုး တစ်ယောက် မငြင်းခင်မှာပဲ ကျိယန် က သူ့ကိုချီကာ ခြေထောက်နှိပ်ပေးလိုက်တယ်
“ ဒယ်ဒီက သားကို ခြေထောက်နှိပ်ပေးမယ်... မာမီကို သွားမနှောက်ယှက်နဲ့တော့... ဟုတ်ပြီလား’’
ကျိရှောင်ကျိုး တစ်ယောက် သူ့ဒယ်ဒီကို မကျေမနပ်နဲ့ကြည့်ကာ မယုံကြည်မှုအပြည့်နဲ့မေးလိုက်တယ်
“ ဒယ်ဒီကဘယ်လိုနှိပ်ရလဲဆိုတာ သိရဲ့လား...’’
ကျိယန် တိတ်ဆိတ်သွားတယ်။ မျှော်လင့်တကြီးကြည့်နေတဲ့ ထန်ထန် ရဲ့ အကြည့်အောက်မှာ သူကိုယ်တိုင်တောင် မယုံကြည်နိုင်အောင်ပဲ ပြန်ဖြေလိုက်မိတယ်
“ သိတာပေါ့ ‘’
ရိုးရိုးသားသားပြောရရင် ကျိရှောင်ကျိုး တစ်ယောက် သူ့ဒယ်ဒီနှိပ်ပေးတာကို မလိုချင်ပေမယ့်လဲ ဒီလိုအခြေအနေမျိုးမှာ သူ့အနေနဲ့ မငြင်းဆန်နိုင်ပေ။ ဒါကြောင့် ခြေထောက်လေးကို မြှောက်ကာ
‘’ ဟုတ်.. ဒါဆိုလဲ နှိပ်ပေးပါတော့’’
ရှောင်ကျိုး ရဲ့ တွန့်ဆုတ်နေတဲ့ အပြုအမူကိုကြည့်ပြီး ကျိယန် သူ့ကို နာနာလေး ရိုက်ချင်စိတ်ဖြစ်ပေါ်လာစေတယ်။
ကျိယန် အသေးလေးရဲ့ ခြေထောက်ကို စတင်နှိပ်လိုက်တယ်။ ခါတိုင်း ထန်ထန် နှိပ်ပေးတဲ့အတိုင်း စိတ်ကူးထဲမှ ပုံဖော်ပြီးနှိပ်ပေးနေပေမယ့် အသေးလေးဆီက အော်သံထွက်လာတယ်။ ရှောင်ကျိုး က နှုတ်ခမ်းဆူရင်း အပြစ်တင်တဲ့လေသံနဲ့
“ ဒယ်ဒီ အားအရမ်းမသုံးနဲ့လေ... ဖြေးဖြေးလေး နှိပ်ပေးပါ’’
ကျိယန် အင်အားလျော့ကာ နှိပ်လိုက်သော် အသေးလေးက စတင်ရယ်မောလာတော့တယ်
“ ဒယ်ဒီ, အရမ်းမပျော့နဲ့လေ... အဲ့ဒါက ယားတယ်... အားလေးနည်းနည်းစိုက်ပေး’’
ကျိယန် အင်အားကို ချင့်ချိန်ပြီး နှိပ်ပေးပေမယ့်လဲ အသေးလေးရဲ့ စိတ်ကျေနပ်မှုကို မရရှိသေးပေ။ အသေးလေးတစ်ယောက် တမင်သက်သက် ညစ်တွန်းတွန်းနေတယ်ဆိုတာ သိသာလွန်းတယ်။
ကျိယန် အသေးလေးကိုချီလိုက်ကာ အိပ်ယာပေါ်သို့တင်ပရင်း အမိန့်ပေးလိုက်တယ်
“ ကြည့်ရတာ အိပ်မပျော်ဘူးဆိုမှတော့ လက်ဝှေ့ထိုး တာ လေ့ကျင့်ရတာပေါ့... တစ်ပွဲလောက်လေ့ကျင့်ပြီးတာနဲ့ သားအိပ်ပျော်သွားမယ်ဆိုတာကို ဒယ်ဒီယုံတယ်’’
ကျိရှောင်ကျိုးတစ်ယောက် ကိုယ်သေတွင်းကိုယ်တူးမိသွားမှန်း သတိထားမိကာ ရင်တုန်သွားတယ်။ အသေးလေးက ချက်ချင်းပဲ သမ်းလိုက်ကာ
“ တကယ်တော့ သားက အခုအိပ်ချင်နေပါပြီ, လက်ဝှေ့ထိုးလေ့ကျင့်တာ မလုပ်တော့ပါဘူး’’
ကျိယန် က တည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်တယ်
“ မရတော့ဘူး... အဲ့ဒါလုပ်ပြီးမှပဲ အိပ်ရမယ်’’
‘’ဘာလို့လဲ..."
‘’ ဘာလို့လဲဆိုတော့ သားကိုယ်အလေးချိန်ပိုတက်လာတာကို ဒယ်ဒီက သိနေလို့ပဲ... သား ကိုယ်အလေးချိန်လျော့ဖို့ လိုနေပြီလေ"
ကျိရှောင်ကျိုး အကူအညီမဲ့စွာနဲ့ သူ့ဗိုက်သားလေးတွေကို လက်သီးနဲ့အသာထိုးလိုက်ရင်း
“ မဟုတ်ပါဘူး... သားဗိုက်ခေါက်လေးတွေက ပိုကြီးမလာပါဘူး’’
ကျိယန်က အခန်းထောင့်မှ ထန်ထန် ချိန်နေကျ ကိုယ်အလေးချိန်စက်ကို ညွှန်ပြလိုက်တယ်
“ ပေါင်ချိန်စက်မှာ ကိုယ့်ဘာသာ သွားချိန်ကြည့်လိုက်... အလေးချိန်တက်မလာဘူးဆိုရင် လက်ဝှေ့ထိုးတာ လုပ်စရာမလိုဘူး... တကယ်လို့ တက်လာတယ်ဆိုရင်တော့ ညတိုင်းမအိပ်ခင် လေ့ကျင့်ခန်းလုပ်ရမယ်’’
အခြေအနေက ဘယ်လိုမှ လျော့ရဲဖို့မရှိတော့ပေ။ ကျိရှောင်ကျိုး ကိုယ်အလေးချိန်စက်ကို လှမ်းကြည့်လိုက်တယ်။ မသေချာမှုတွေက သူ့မျက်ဝန်းထဲ ဖြတ်သန်းလို့သွားပြီး ထန်ထန်ဆီသို့ တိတ်တဆိတ်လှမ်းကြည့်လိုက်တယ်။
အသေးလေးရဲ့ အကြည့်ကိုရှောင်ရှားရင်း ထန်ထန် ခေါင်းကိုငုံကာ ဖုန်းသုံးချင်ယောင်ဆောင်နေလိုက်တယ်။
သူ့မာမီကလဲ ကူညီမဲ့ပုံ မပေါ်ပေ။ ကျိရှောင်ကျိုး ပင့်သက်တစ်ချက်ရှိက်လိုက်တယ်။ သူ ပေါင်ချိန်စက်ပေါ်သို့ မတက်ချင်ပေ။ အခုချိန်မှ နောက်ပြန်လှည့်မယ်ဆိုရင်လဲ အရမ်းရှက်ဖိုကောင်းနေလိမ့်မယ်။ ဒါကြောင့် အသက်တစ်ချက် ခပ်ပြင်းပြင်းရှုလိုက်ကာ အံကြိတ်၍ ဗိုက်ကိုရှပ်ပြီး စက်ပေါ်သိုတက်လိုက်တယ်။ ကျိရှောင်ကျိုးတစ်ယောက် စက်ပေါ်တက်ပြီးတာနဲ့ တပြိုင်နက်ပဲ သေမင်းနဲ့စစ်ခင်းလိုက်မိသလို ဖြစ်သွားတော့တယ်။
ကျိယန် က ပေါင်ချိန်စက်ကို ကြည့်လိုက်တယ်။ ၂၀ ကီလိုဆိုတဲ့ စာတန်းက စက်ပေါ်မှာ ဖော်ပြနေတယ်။
‘’ ကဲ... ကျိရှောင်ကျိုး... ဘယ်လောက်တောင် ဝိတ်တွေတက်လာလဲဆိုတာ ကိုယ့်ဘာသာကြည့်လိုက်ပါဉီး’’
ကိုယ်အလေးချိန်စက်မှာ ဖော်ပြနေတဲ့ နံပါတ်ကို ကျိရှောင်ကျိုးမယုံကြည်နိုင်လောက်တဲ့ အကြည့်တွေနဲ့ ကြည့်နေမိတယ်။ သူ့လက်လေးနှစ်ဖက်ကို နဖူးပေါ်တင်ရင်း ခေါင်းကိုခါယမ်းကာ ကြေကွဲနေတဲ့လေသံနဲ့ ပြောလိုက်တယ်
“ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ...’
အသေးလေးရဲ့ ခံစားချက်ကို ထန်ထန် ထပ်တူထပ်မျှနားလည်တယ်။ ဘာလိုလဲဆိုတော့ သူမတုန်းကလဲ ကိုယ်အလေးချိန်တက်ဖို့အတွက်နဲ့ပဲ နာကျင်ခံစားခဲ့ရတယ်မဟုတ်လား။ ဒါကြောင့် သူမ အသေးလေးနားသိုသွားပြီး အသာလေးထွေးပွေ့ထားလိုက်တယ်။
သူမက အသေးလေးခေါင်းလေးကိုကိုင်ကာ နဖူးကိုနမ်းလိုက်ပြီး ‘’ ဘာမှမဖြစ်ပါဘူး ပေါင်ပေါင်ရဲ့... သားကြီးလာတဲ့အခါကျရင် သားဒယ်ဒီလို အရပ်ရှည်ရှည်နဲ့ ပိန်လာမှာပေါ့... သားက ခဏလောက်ပဲ ၀၀တုတ်တုတ်လေး ဖြစ်နေတာပါ’’
သူမရဲ့အားပေးစကားတွေကြောင့် အသေးလေး စိတ်သက်သာရာရပြီး သူမရင်ခွင်ထဲသို့ တိုးဝင်လိုက်တယ်
သေးငယ်တဲ့အပြုံးလေးတစ်စက ကျိယန်မျက်ဝန်းထဲဖြတ်သန်းသွားပေမယ့် ဒီမြင်ကွင်းက သူ့ဆုံးဖြတ်ချက်ကိုတော့ မပြောင်းလဲနိုင်ပေ။
" ကောင်းပြီလေ... ကျိရှောင်ကျိုး... ယောကျာ်းဆိုတာ ကိုယ့်စကားကိုယ်တာဝန်ယူရတယ်... သားအခုဘာလုပ်သင့်တယ်ထင်လဲ... "
ကျိရှောင်ကျိုးက သူ့ကိုယ်သူ ထန်ထန် ရင်ခွင်ထဲမှဖြေးနှေးစွာခွဲထွက်လိုက်ပြီး အလယ်ခန်းထဲသို တိတ်ဆိတ်စွာပြေးဝင်သွားတယ်။ ထို့နောက် သူကအော်ဟစ်ပြီး လက်ဝှေ့အိတ်ကို ထိုးကြိတ်လိုက်တော့တယ်။ ထိုးချက် ကန်ချက်တွေ တချက်ချင်းစီတိုင်းမှာလဲ အားအပြည်နဲ့ပဲဖြစ်တယ်။
ထန်ထန်အနေနဲ့ အသေးလေး လက်ဝှေ့ထိုးတာကို ပထမဆုံးမြင်ဖူးခြင်းဖြစ်တယ်။ အသေးလေးက ဒီလောက်ထိလုပ်တတ်လိမ့်မယ်လိုလဲ သူမ မထင်ထားခဲ့ဘူး။ ဒါကြောင့် ကျိန်ယန်အကျီလက်ကိုဆွဲကာ " ပေါင်ပေါင်လေးက အရမ်းတော်တာပဲနော်"
ကျိရှောင်ကျိုးရဲ့ လှုပ်ရှားမှုတွေကိုကြည့်ရင်း ကျိယန်မျက်ဝန်းထဲ ကျေနပ်တဲ့အရိပ်အယောင်တွေနဲ့ ပြည့်နှက်လို့နေတယ်။ ခန္ဓာကိုယ်ဝနေပေမယ့်လဲ ရှောင်ကျိုးရဲ့ လှုပ်ရှားမှုတွေက သွက်လက်နေတယ်။
ကျိရှောင်ကျိုး အင်အားအပြည့်နဲ့ တိုက်ခိုက်မှုတွေကို မိနစ်နှစ်ဆယ်ခန့်လုပ်အပြီးမှာ နားလိုက်တော့တယ်။ ရှေ့နဖူးမှ ချွေးများလဲထွက်နေပြီး ပင်ပန်းခဲ့တယ်ဆိုတာ သိသာလွန်းတယ်။
ထန်ထန်က ချက်ချင်းပဲ နဖူးပေါ်မှချွေးများကို သူမလက်ကိုင်ပုဝါနဲ့သုတ်ပေးလိုက်ပြီး ပါးလေးကိုနမ်းလိုက်ကာ
" ပေါင်ပေါင်... သားလေးက အရမ်းတော်တာပဲ... အရမ်းလဲမိုက်တယ်"
အသေးလေးမျက်ဝန်းတွေ တောက်ပသွားပြီး မျက်ဝန်းထောင့်မှပဲ ကျိယန်ကိုလှမ်းခိုးကြည့်ကာ " အဲ့လောက်လဲမဟုတ်ပါဘူး... အဆင်ပြေပါတယ်"
ကျိယန်က အသေးလေးစကားကို ခေါင်းငြိမ့်ပြရင်း
" မဆိုးပါဘူး"
ရှောင်ကျိုးရဲ့ နှုတ်ခမ်းထောင့်လေးတွေ အပေါ်သိုတိတ်တဆိတ်ကော့တက်သွားပြီး သူ့ကိုယ်သူ အလွန်အမင်းကို ဂုဏ်ယူနေတော့တယ်။
ထန်ထန်က ရယ်ချင်စိတ်ကိုထိန်းထားရင်း နောက်တခေါက်ရေချိုးပေးဖို့အတွက် အသေးလေးကို ရေချိုးခန်းထဲ ခေါ်သွားတော့တယ်။ လက်ဝှေ့ထိုးလေ့ကျင့်ခန်းကြောင့်ပဲ အသေးလေးက ရေချိုးပြီးပြီးချင်း တန်းအိပ်ပျော်သွားတဲ့အပြင် ဟောက်သံတစ်ချိုပါထွက်ပေါ်နေတော့တယ်။
အိမ်မပျော်ဘူးလို ပြောခဲ့တာ ဘယ်သူပါလိမ့်...
ထန်ထန် သူမ ရှိသမျှအင်အားနဲ့ အသေးသေးကို ရေချိုးခန်းထဲမှ ချီနေပေမယ့်လဲ သူမက အားနည်းလွန်းတာကြောင့် ချော်လဲမလိုဖြစ်သွားတယ်။ ကံကောင်းစွာနဲ့ပဲ ကျိယန်က အချိန်မီ ဖမ်းထားနိုင်လို့ သူမ ပြုတ်ကျမသွားခြင်းဖြစ်တယ်။
ဒီလိုအဖြစ်အပျက်တွေ ဖြစ်သွားတာတောင် အသေးလေးက နိုးမလာပဲ အသေအချာကို အိပ်မောကျနေတာဖြစ်တယ်။
ထန်ထန်က အပြစ်ရှိတဲ့လေသံနဲ့
" ယောကျာ်း... အရမ်းအားနည်းနေတာ ကျွန်မအပြစ်ပါ... အခုကစပြီး သတိပိုထားပါ့မယ်"
ကျိယန်က သနားစရာကောင်းလွန်းတဲ့ ထန်ထန်ပုံစံကိုကြည့်ရင်း အပြစ်တွေအားလုံးကို ရှောင်ကျိုးဆီသို ပုံချလိုက်တော့တယ်
" မဟုတ်တာ... ဒါတွေအကုန်လုံး ကျိရှောင်ကျိုး အရမ်းဝလိုဖြစ်တာပဲ"
ထန်ထန်က ရှောင်ကျိုးဘက်မှ ကာကွယ်ပြောဆိုလိုက်တယ်
" ယောက်ကျာ်း... ရှောင်ကျိုးကို ဝတယ်လို့ ပြောလို့မရပါဘူး, ကလေးတွေက ဝသင့်ပါတယ် ပြီးတော့ဒါက အမြဲတမ်းဝနေမှာမှမဟုတ်တာ... သူက ရှင်နဲ့တူတော့ ရှင့်လိုပဲကြီးပြင်းလာမှာပါ"
ကျိယန်က ခေါင်းညိတ်လိုက်တယ်
" ကိုယ် သိပါတယ်"
ဘာကြောင့်လဲဆိုတော့ သူငယ်စဉ်တုန်းကလဲ ရှောင်ကျိုးလိုပဲ ဝခဲ့တာဖြစ်တယ်။ ကျောင်းတက်တဲ့ အခါမှသာ တဖြေးဖြေး ပိန်ခဲ့တာဖြစ်တယ်။
" အယ်... ရှင်သိတယ်လား... ရှောင်ကျိုးလေး ဝတုတ်နေတာကို ရှင်သဘောမကျ ဖြစ်နေတာ မဟုတ်ဘူးလား..."
ကျိယန်ကခေါင်းခါလိုက်ကာ
" မဟုတ်ဘူး... လက်ဝှေ့လေ့ကျင့်ခိုင်းတာက သူ့ခန္ဓာကိုယ် သန်မာလာဖို့နဲ့ အရပ်ရှည်လာဖိုပဲလေ... ဒါကြောင့် သူ ဒီညကစပြီး မအိပ်ခင် ညတိုင်းလက်ဝှေ့လေ့ကျင့်ရမယ်... ကိုယ်မအားရင် မင်းက သူ့ကိုကြီးကြပ်ပေးရမယ်... လုပ်ပေးနိုင်မလား... "
ထန်ထန်က သူမ အထင်မှားသွားမှန်းသိလိုက်တယ်။ ဒါကြောင့် သူမက အာမခံချက်အပြည့်ပေးလိုက်တယ်။
‘’ စိတ်မပူပါနဲ့...ကျွန်မ ပေါင်ပေါင်ကိုသေချာ ကြီးကြပ်ပေးပါ့မယ်’’
ထန်ထန်ပြောတာကို ကျိယန်ခေါင်းငြိမ်ပြီးလက်ခံလိုက်တယ်။ သူမက အရမ်းပိန်တာပဲ... သူမရဲ့ အရိုးတွေတောင် အပြင်ကိုထွက်လာတော့မလိုပဲ။ သတိမထားမိစွာနဲ့ ကျိယန် မျက်မှောင်ကျုံ့လိုက်မိတယ်။
သူ့အကြည့်ကြောင့် စိတ်လှုပ်ရှားသွားတဲ့ ထန်ထန်က ထစ်ငေါ့စွာနဲ့
‘’ ယောကျာ်း ဘာ…ဘာလို ကျွန်မကို အဲ့လိုကြီးကြည့်နေတာလဲဟင်…’’
‘’ ထန်ထန်... မင်းရဲ့ ခန္ဓာကိုယ်ကအရမ်းအားနည်းတာပဲ... မင်းအစားပိုစားသင့်တယ်’’
သူမလက်တွေကို ဘယ်နားထားရမှန်းမသိတော့ပဲ ပြန်ဖြေလိုက်မိတယ်။
“ ကျွန်…ကျွန်မ ကိုယ်အလေးချိန်တက်လာအောင် ကြိုးစားပြီးပါပြီ… အဲ့ဒါတကယ်ပါ… ကျွန်မ ၃ ကီလိုတောင် တက်လာတယ် … နောက်ဆို ဒီထက်ပိုတက်လာမှာပါ’’
သူမတကယ်ကို ကိုယ်အလေးချိန်တက်လာသလားဆိုတာကို သူသေချာမပြောနိုင်ပေမယ့် ဒီလိုတက်နေပုံက ကျန်းမာတဲ့ခန္ဓာကိုယ်အတွက်တော့ မဟုတ်ဘူး။ ထန်ထန် ခန္ဓာကိုယ်က အရမ်းကိုအားနည်းနေတယ်။ သူမ လေ့ကျင့်ခန်းတွေလုပ်ဖိုလိုနေပြီ။
‘’ စားနေရုံနဲ့ မလုံလောက်ဘူး... အခုကစပြီး ကျိရှောင်ကျိုးကိုပါခေါ်ပြီး မနက်တိုင်းလေ့ကျင့်ရေးကွင်းမှာ မင်းနဲ့သူ အတူတူ ငါးပတ်ပြေးရမယ်’’
‘’ ဘာလို့လဲ..." ဘယ်ကမှန်းမသိတဲ့ မိုးကြိုးတွေ သူမခေါင်းပေါ်ကိုပစ်ချလိုက်သလိုခံစားလိုက်ရတယ်။
‘’ မင်း ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းတယ် အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖိုလိုတယ်လေ... ခန္ဓာကိုယ်က ကျန်းမာလာရင် ကိုယ်အလေးချိန်လဲတိုးလာလိမ့်မယ်... မနက်တိုင်း လေ့ကျင့်ရေးကွင်းမှာ လူတွေအများကြီးရှိတယ်... ရှောင်ကျိုးကိုပါ အတူတူခေါ်သွားလိုက်... အဲ့လိုလုပ်နိုင်လား..."
သူမစိတ်ထဲမှာတော့ အကြိမ်ကြိမ်ငြင်းပြီးပေမယ့် ခေါင်းကိုသာငြိမ့်ပြလိုက်ပြီး
“ ကျွန်မလုပ်နိုင်ပါတယ်’’
ကျိယန်က ကျေနပ်သွားပြီး မီးပိတ်ဖို့လက်ကိုလှမ်းလိုက်ကာ
‘’ အိပ်ကြရအောင်... မနက်ဖြန်မနက် မင်းနဲ့ရှောင်ကျိုးကို အပြေးလေ့ကျင့်ဖို့ ကိုယ်နှိုးပေးမယ်’’
ထန်ထန် စိတ်ထဲမှာ ငိုချင်စိတ်တွေပေါက်လာတယ်။ ဒီအကြောင်းကိုသိရင် ဖြစ်သွားမယ့် ကျိရှောင်ကျိုးရဲ့ ပုံစံကို သူမစိတ်ထဲမှာပုံဖော်လိုတောင် မရတော့ဘူး။
ပေါင်ပေါင်... မာမီတောင်းပန်ပါတယ်... သားကိုပါဆွဲထည့်မိပြီ
အဲ့ဒီအချိန်မှာပဲ... ဧည့်ခန်းထဲမှမျက်ဝန်းတစ်စုံက အမှောင်ထဲမှနေ၍ တညလုံး အဓိကအိပ်ခန်း ကိုစိုက်ကြည့်နေတာကို အိပ်ခန်းထဲက ဘယ်သူမှ သတိမထားမိပေ။
------------
တိုးငြင်းတဲ့အသံတစ်ခုကြောင့် ထန်ထန် နိုးလာတယ်။ သူမမျက်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တယ်။ ခံစားချက်ကင်းမဲ့သော်လဲ ချောမောနေတဲ့ ကျိယန်ရဲ့မျက်နှာကို ပထမဆုံး သူမတွေ့လိုက်ရတယ်။
‘’ယောကျာ်း…’’
‘’ထန်ထန်... ထတော့... ပြေးဖို့အချိန်ရောက်ပြီ’’
ထန်ထန် မျက်တောင်ခတ်လိုက်ပြီးနောက် မနေ့ညက သူမတို့ပြောခဲ့တဲ့စကားတွေကို သတိရသွားတယ်။ သူမချက်ချင်းပဲ နာခံစွာနဲ့ အိပ်ယာမှ အသံမထွက်အောင် ထလိုက်တယ်။ သူမခင်ပွန်းရဲ့စကားကိုနာခံရမှာ ဖြစ်တဲ့အတွက် သူမဆီမှာ ရွေးချယ်စရာမရှိပေ။
ကျိယန်က ထန်ထန်နိုးသွားပြီဖြစ်တဲ့အတွက် အိပ်ယာပေါ်မှာ ခြေပစ်လက်ပစ်နဲ့ နှစ်ခြိုက်စွာအိပ်နေတဲ့ ရှောင်ကျိုးကိုချီလိုက်တယ်။ ရေချိုးခန်းထဲသို့သွားနေရင်း ရှောင်းကျိုးတင်ပါးလေးကို ပုတ်ရင်းနှိုးလိုက်တယ်
‘’ ကျိရှောင်ကျိုး ထတော့’’
‘’ဟင်...ဒယ်ဒီ... မိုးရွာနေတာလား…’’
‘’မိုးရွာနေတာမဟုတ်ဘူး… အဲ့တော့ သားအိပ်ယာထသင့်ပြီ’’
ကျိရှောင်ကျိုးက သူ့မျက်လုံးတွေကို အားယူပြီးဖွင့်လိုက်တဲ့နောက် သူ့မျက်နှာကိုသစ်ပေးနေတဲ့ သူ့ဒယ်ဒီကိုတွေ့လိုက်တယ်။ သူဆွံအသွားပြီး ‘’ဒယ်ဒီ... ဘာလိုသားမျက်နှာကို သစ်ပေးနေတာလဲ…”
‘’ဘာလိုလဲဆိုတော့… သားနဲ့သားမာမီ အတူတူပြေးဖို့အတွက်ပေါ့’’
‘’……’’
လေထုက ရုတ်တရက်ပဲငြိမ်သက်သွားတယ်။
သုံးစက္ကန့်လောက်ကြာပြီးတဲ့နောက်… စိတ်ပျက်လက်ပျက်နဲ့ အော်လိုက်တဲ့အသံတစ်ခုက ရေချိုးခန်းထဲမှထွက်ပေါ်လာတော့တယ်
“ ဘာ…လို့...လဲ…’’
အိပ်ခန်းထဲမှာပဲရှိသေးတဲ့ ထန်ထန်တစ်ယောက် သူမလက်နဲ့မျက်နှာကိုအုပ်လိုက်မိတယ်။
ဆယ်မိနစ်ခန့်ကြာပြီးတဲ့နောက်… အားကစား၀တ်စုံဝတ်ဆင်ထားတဲ့ ထန်ထန်နဲ့ ရှောင်ကျိုး နှစ်ယောက်လုံး စုပေါင်းအားကစားကွင်းမှာ ထွက်ပေါ်လာတော့တယ်။ ကူယန်ရန် လဲပဲပေါ့။
လေ့ကျင့်ရေးမသွားခင် ကျိယန်က ထန်ထန်တို့ကိုလေ့ကျင့်ရေးကွင်းဆီသို့ ခေါ်လာပြီး သူမတို့ကို စိတ်ပူစွာနဲ့သတိပေးလိုက်တယ်။
‘’ သေသေချာချာပြေးနော်… မင်းတိုနှစ်ယောက်လုံး ငါးပတ်ပြည့်အောင်ပြေးရမယ်… ကိုယ်ဒီညပြန်လာရင် စစ်ဆေးမှာနော်’’
ထန်ထန်နဲ့ ရှောင်ကျိုးနှစ်ယောက်လုံး နာခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။
ကူယန်ရန်က ကျိယန်ကိုပြုံးပြလိုက်ပြီး ‘’ အကိုကျိယန်… ကျွန်မလဲလေ့ကျင့်ခန်းလုပ်နေတာပဲ…စိတ်မပူပါနဲ့… သူတို့ပြေးနေတုန်း ကျွန်မလဲ အဖော်လိုက်ပေးပါ့မယ်’’
ကူယန်ရန်ကို စစ်သားတစ်ယောက်ကဲ့သို့ နားလည်တဲ့အတွက် ကျိယန်က စိတ်မပူတော့ပဲ ခေါင်းငြိမ့်ပြကာ ထွက်သွားတော့တယ်။
မြင်ကွင်းမှ ကျိယန်ပျောက်သွားတာနဲ့ ကူယန်ရန်က ထန်ထန်နဲ့ကျိရှောင်ကျိုးကို လက်ယမ်းပြလိုက်ပြီး
‘’ ပြေးရအောင်... ရွှေလိုအဖိုးတန်တဲ့ မနက်စောစောမှာ ပြေးရတာအရမ်းအရေးကြီးတယ်’’
ထန်ထန်နဲ့ ကျိရှောင်ကျိုးနှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စတင် အပြေးလေ့ကျင့်တော့တယ်။
်ယန်ရန်က ဘေးမှလိုက်ပြေးနေတဲ့ပုံက အပြေးလေ့ကျင့်တာနဲ့မတူပဲ လမ်းလျောက်နေသလိုမျိုးဖြစ်နေတယ်။ တဖက်မှာတော့ ထန်ထန်က အသက်ရှုသံပြင်းပြင်းနဲ့ ခရုတစ်ကောင်လိုပြေးနေရတယ်။ ကျိရှောင်ကျိုးတောင်မှ သူ့ခြေထောက်တိုတိုလေးတွေနဲ့ ပြေးနေတာ သူမထက်တောင်သာနေသေးတဲ့အတွက် သူမရှက်ရွံ့သလိုခံစားလိုက်ရတယ်။
‘’ ထန်ထန်… ရှင်ပုံမှန်လေ့ကျင့်ခန်းမလုပ်ဘူးမဟုတ်လား…’’
ကုယန်ရန်က ဖွဖွလေးပြေးနေရင်းမေးလိုက်တယ်။
‘’ ဟုတ်တယ်…ကျွန်…ကျွန်မ တခါမှမပြေးဖူးဘူး’’
ထန်ထန် မောနေတဲ့အသံနဲ့ ပြန်ဖြေလိုက်တယ်။
ကူယန်ရန်က မျက်မှောင်ကျုံလိုက်ရင်း တွန့်ဆုတ်စွာနဲ့ ပြောလိုက်တယ်
“ ရှင်ဒီလိုနေလို့မရဘူးနော်... အကိုကျိယန်က ကျန်းမာတဲ့အမျိုးသမီးကိုမှ သဘောကျတာ.. သူက အားနည်းပြီး ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတွေကို သဘောမကျတာ ကျွန်မ မှတ်မိသေးတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်မ အထက်တန်းကတည်းက တနေ့ကို ငါးကီလိုမီတာ ပြေးတဲ့အလေ့အကျင့်ရှိခဲ့တာပေါ့... အထက်တန်းမရောက်ခင်ကဆိုရင် ခြေနှစ်လှမ်းလောက် လှမ်းလိုက်တာနဲ့ ကျွန်မမောနေတော့တာပဲလေ... ရှင်ကတော့ ကျွန်မလုပ်ခဲ့တာထက်ပိုကောင်းပါတယ်’’
ဒါဆို သူမခင်ပွန်းက ကျန်းမာပြီး လေ့ကျင့်ခန်းလုပ်တဲ့အမျိုးသမီးကို သဘောကျတာပေါ့။ ဒါဆို သူမလိုလူမျိုးတော့ မဖြစ်နိုင်ဘူး။ သူမ ခင်ပွန်းက သူမကိုနေ့တိုင်းအပြေးလေ့ကျင့်ခိုင်းတာ မထူးဆန်းတော့ပါဘူး။
ထန်ထန်က ဆက်ပြေးဖို့အားတင်းလိုက်ပြီး သွားကိုကြိတ်ကာ
‘’ ကျွန်…ကျွန်မ နေ့တိုင်းပြေးမှာပါ’’
ကူယန်ရန်က ထန်ထန်ပုခုံးကိုပုတ်ရင်း အားပေးလိုက်တယ်
‘’ ရှင်ကြိုးစားဖို့လိုတယ်… ကျိမိသားစုက စစ်သားမျိုးရိုးလေ…ကျိမိသားစုထဲမှာက ကျား/မ မခွဲခြားပဲ သန်မာဖို့လိုတယ်…အထူးသဖြင့် အဖိုးကျိပဲ သူကရဲရင့်တဲ့အမျိုးသမီးတွေကိုသဘောကျတယ်…အကိုကျိရဲ့အမျိုးသမီးကို စစ်တပ်ထဲကဖြစ်ရမယ်လို့ အရင်တုန်းကပြောဖူးသေးတယ်…ဘယ်သူထင်မှာလဲ အဆုံးမှာတော့ အကိုကျိက စစ်တပ်ထဲကအမျိးသမီးကို လက်မထပ်ခဲ့ဘူးလေ’’
မသိလိုက်ဘာသာပဲ ထန်ထန်စိတ်ထဲမှာ ကူယန်ရန်ရဲ့စကားတွေကို မေးခွန်းထုတ်စရာတွေဖြစ်လာစေပေမယ့် သူမ ထုတ်မပြောခဲ့ပေ။ ကူယန်ရန်က ရုတ်တရက် သူမကို ဒီလိုစကားတွေဘာလို့ပြောလဲဆိုတာ သူမ မသိပေ။ ဒါပေမယ့် သူမရဲ့ပင်ကိုယ်အသိစိတ်က အမြဲတိကျတယ်။ ကူယန်ရန်က သူမအပြုအမူအတိုင်း သူမကိုသဘောမကျဘူးဆိုတာ ခံစားလိုက်မိတယ်။
ထန်ထန်က တိတ်ဆိတ်စွာနဲ့ပဲ ဆက်ပြေးနေလိုက်တယ်။
ကူယန်ရန်က ထန်ထန် သူမကိုမေးခွန်းတွေ ထပ်မေးလိမ့်မယ်လို ထင်ခဲ့ပေမယ့်လဲ ထန်ထန်က ဘာမှမပြောပဲ နေလိမ့်မယ်လိုမထင်ထားမိဘူး။ သူမလဲ တိတ်တဆိတ်နဲ့ မျက်မှောင်ကျုံရင်း ဆက်ပြေးနေတော့တယ်။
ကျိရန်အလုပ်လုပ်နေတဲ့အချိန်မှာပဲ အပြေးလေ့ကျင့်ပြီးတဲ့ ထန်ထန်က ကျိရှောင်ကျိုးကိုအိမ်ပြန်ခေါ်သွားတော့တယ်။
အသေးလေးရဲ့လက်ကိုတွဲထားရင်း သူမစဉ်းစားလိုက်မိတယ်။ အသေးလေးဆီက တစ်ခါမှ သူ့အဘိုးအကြောင်းကိုပြောတာ မကြားမိဘူး။ ဒါက အတော်လေးကို ပုံမှန်မဟုတ်တာပဲ။ ပုံမှန်ဆို အဘိုးဆိုတာ မြစ်လေးတွေရဲ့ ချစ်ခင်အားကိုးမှုကိုခံရစမြဲပဲ။ ဘယ်လိုလုပ်ပြီးတော့များ သူတို့တွေ မဆက်သွယ်ကြတာပါလိမ့်…
‘’ ပေါင်ပေါင်, သား အဘိုးကိုသိလား…’’
ကျိရှောင်ကျိုးမျက်ဝန်းတွေ အနည်းငယ်တောက်ပသွားတယ်။ ဒါပေမယ့် သူက သတိထားပြီး ပြန်ဖြေလိုက်တယ်
‘’ မာမီ... ဘာလို့ အဘိုး အကြောင်းမေးတာလဲ…’’
နောက်ကွယ်မှာ လေးနက်တဲ့အကြောင်းအရာရှိမှန်း သူမကောက်ချက်ချလိုက်မိတယ်။ ဒါကြောင့်
‘’ မာမီ သိချင်လို့လေ... သား အဘိုးကို မာမီတစ်ခါမှ မတွေ့ဖူးဘူးလေ… ဘာလို့ အဘိုးက မာမီတို့ကို မဆက်သွယ်တာပါလိမ့်နော်…အဘိုးက မာမီတို့ကို သဘောမကျလို့များလား…’’
ကျိရှောင်ကျိုးက လက်ချောင်းလေးတွေကိုယှက်ရင်း ခေါင်းငုံကာ တိတ်ဆိတ်သွားတယ်။
အသေးလေး တခုခုကိုသိတာ အသေအချာပဲလေ။ ထန်ထန်က ပါးလေးကိုနမ်းလိုက်ရင်း
‘’ ပေါင်ပေါင်… မာမီကို ပြောပြလို့ရမလား…’’
ကျိရှောင်ကျို မျက်မှောင်ကျုံကာ ခဏလောက်စဉ်းစား ပြီးတဲ့နောက် သူမနားရွက်နားသိုကပ်ကာ
‘’ မာမီ... သားပြောပြလိုရပေမယ့် ဒယ်ဒီကိုတော့ ပြန်မပြောရဘူးနော်… မဟုတ်ရင် ... ဒယ်ဒီမပျော်ဘူးဖြစ်သွားလိမ့်မယ် ပြီးတော့ အဘိုးကလဲ သားကိုပေးမပြောထားဘူး’’
ထန်ထန် ကတိပေးလိုက်တယ်
‘’ မာမီ ကတိပေးတယ်’’
ကျိရှောင်ကျိုးက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တယ်။ ဘယ်သူမှ မရှိတာသေချာပြီးတဲ့နောက် သူကပြောလိုက်တယ်
“ တကယ်တော့, သား အဘိုးကို တိတ်တိတ်လေး သွားတွေ့တယ်… ဒယ်ဒီတော့မသိဘူးပေါ့… အဘိုးကလဲ ပေးမပြောခိုင်းဘူးလေ…အဲ့ဒါက သားနဲ့အဘိုးကြားထဲက လျှိဝှက်ချက်ပဲ… မာမီ… အဘိုးနဲ့ ဒယ်ဒီ စကားများထားတယ်လို့ သားတော့ထင်တာပဲ ပြီးတော့ သူတို့တွေ ပြန်မခေါ်ကြသေးဘူး သိလား’’
‘’ ဒါဆို…အဲ့လိုပေါ့လေ’’
ထန်ထန် သူမနှုတ်ခမ်းကို ကိုက်လိုက်မိတယ်။ ကျိရှောင်ကျိုး ခန့်မှန်းတာမှန်လောက်တယ်။ တကယ်လို သူမခင်ပွန်းနဲ့ အဖိုးသာ စကားများထားတယ်ဆိုရင်တော့ ဒီလောက်ရက်တွေအများကြီးမှာ အဖိုးအကြောင်းကို မကြားဖူးတာ အံ့ဩစရာမရှိပါဘူး။
ဒါပေယ့် ဘာကြောင့်များ သူတို့တွေ ဒီလိုဖြစ်သွားကြတာလဲ…
အဖိုးသဘောမတူတဲ့ အမျိုးသမီးနဲ့ လက်ထပ်လိုက်လို့များလား… ဒါကြောင့် အဖိုးက သူမကိုသဘောမကျတာများလား..
ဒါကြောင့်ပဲဖြစ်နိုင်တယ်။ သူမခင်ပွန်း ကျိယန်က အရမ်းတော်တဲ့ အမျိုးသားတစ်ယောက်ပဲဖြစ်တယ်။ အလုပ်အကိုင်နဲ့ နောက်ခံကောင်းတဲ့မိသားစုကလာတဲ့ အမျိုးသမီးကသာ သူနဲ့သင့်တော်တယ်။ သူမလို အလှအပမရှိ…ထူးချွန်မှုမရှိ…နောက်ခံမရှိတဲ့သူက ဘယ်လိုလုပ်ပြီး သူနဲ့သင့်တော်ပါ့မလဲ… သူမမြေးသာ ဒီလိုလူမျိုးနဲ့ လက်ထပ်မယ်ဆိုရင် သေချာပေါက် သူမလဲသဘောကျမှာ မဟုတ်ဘူးလေ…
ထန်ထန် ရုတ်တရက် သက်ပြင်းချလိုက်မိတယ်… ကံကောင်းစွာနဲ့ပဲ ကျိရှောင်ကျိုးရှိနေလို့ပေါ့…ဒီရတနာလေးကြောင့် သူမကိုယ်သူမ ယုံကြည်မှုနည်းနည်းရှိသွားတယ်။ အသေးလေးသာမရှိရင် သူမ ကွာရှင်းခံနေရလောက်ပြီ။
အခုအချိန်မှာတော့ သူမက ကလေးကိုအားကိုးနေရတဲ့ မိခင်တယောက်လိုဖြစ်နေပြီပဲ…
သူမ နှလုံးသားထဲက ဘယ်လောက်ပဲ သံသယတွေ ရှိနေပါစေ ထန်ထန် ကျိယန်ကို မမေးနိုင်ပေ။ သူမကို သူတစ်ခါမှ မပြောကတည်းက သူမကို မသိစေချင်လို့ပဲဖြစ်တယ်။ အလောတကြီးနဲ့သာ သူမ မေးလိုက်မိရင် သူ မပျော်မရွှင်ဖြစ်သွားနိုင်တယ်။ သူမ ဘာကိုမှ မသိသလို ဟန်ဆောင်နေတာကပဲ အကောင်းဆုံးဖြစ်မယ်။
ဒီအတောအတွင်း ကုယန်ရန် သူမတို့ဆီကို လုံး၀မလာတော့ပေ။ ထန်ထန်အနေနဲ့ကုယန်ရန် ဒီ၀င်းထဲမှာ ရှိနေသေးလားဆိုတာတောင် မသိတော့ဘူး။ မနက်ခင်းအပြေးလေ့ကျင့်ရေးမှလွဲ၍ အ၀တ်ချုပ်ဖို့ကိုပဲ ကြိုးစားနေလိုက်တယ်။ သူမအနေနဲ့ အိပ်ဖို့စားဖို့ကိုတောင် မေ့လုမတတ်ပဲ။ ဒါကြောင့် အဖွားကျိုရဲ့ မွေးနေ့မတိုင်ခင်လေးမှာပဲ သူမ အားလုံးချုပ်လို့ ပြီးသွားတယ်။