အပိုင်း (၃၆)
Viewers 12k

part 36


အဖွားကျိုး မွေးနေ့မတိုင်ခင်တရက် ကျိယန်က အလုပ်မှခွင့်ယူပြီး ထန်ထန်နဲ့ကျိရှောင်ကျိုးကို မြို့တော်သို့ခေါ်သွားတယ်။


ကျိုးမိသားစုရဲ့ ဘိုးဘွားအိမ်က မြို့တော်ရဲ့ အစွန်အဖျားမှာတည်ရှိတယ်။ အိမ်ယာက အရမ်းကျယ်ဝန်းပြီး လုံခြုံရေး၀န်ထမ်းတွေက လှည့်လည်စောင့်ကြပ်လို့နေတယ်။


ထန်ထန်အတွက် ဒီလို ခန့်ညားကြီးကျယ်တဲ့ မြင်ကွင်းမျိုးက ပထမဆုံးဖြစ်တယ်။ ကျိုးမိသားစုအပေါ် သူမရဲ့ထင်မြင်ချက်က မှားနေခဲ့တယ်ဆိုတာကိုလဲ သိလိုက်ရတယ်။


အရင်တစ်ခါ အကို ကျိုးကျိ ကိုတွေ့တုန်းက ချမ်းသာတဲ့မိသားစုမှ ဆင်းသက်လာတယ်ဆိုတာ သူမခန့်မှန်းမိခဲ့ပေမယ့် အခုသူမ တွေ့ရသလိုဆိုရင်တော့ သာမန်ချမ်းသာတာမျိုးမဟုတ်ပဲ ဩဇာအာဏာရှိပြီး အလွန်အမင်းကြွယ်၀ချမ်းသာမှန်း သိသာလွန်းတယ်။


ကုကျန်းအန် နဲ့ ကျီယွဲ့ နှစ်ယောက်စလုံးဆိုရင်လဲ ချမ်းသာတဲ့မိသားစုက ဆင်းသက်လာမှန်းသိသာတယ်။ ကြည့်ရတာ သူမခင်ပွန်းရဲ့သူငယ်ချင်းတွေလဲ သာမန်မဟုတ်ဘူးပေါ့...   သူမ ခင်ပွန်းကလဲ သာမန်လူတစ်ယောက်မဟုတ်ဘူးလား…


ရုတ်တရက်ပဲ ကုယန်ရန်ပြောဖူးတဲ့ ကျိမိသားစုက စစ်တပ်ဘက်ကဆိုတဲ့ စကားကိုသတိရသွားမိတယ်။ သူတို့အားလုံးကလဲ ဒီလိုမျိုးပဲလား …


ထူးခြားတဲ့အာရုံခံစားမှုကြောင့် ကျိယန် သူ့ဘေးမှ ထန်ထန်ရဲ့ ငေးငိုင်နေတဲ့အကြည့်ကို သတိထားမိလိုက်တယ်။ ထန်ထန်ဘက်သို့လှည့်ပြီး မေးလိုက်တယ်


 “ ဘာဖြစ်လို့လဲ…’’


ထန်ထန် စိတ်ထဲမှစူးစမ်းချင်စိတ်ကိုထိန်းလိုက်ပြီး


 ‘’ ဘာမှမဟုတ်ပါဘူး ‘’


နေရာစိမ်းမှာ ထန်ထန် မနေတတ်ဖြစ်နေတာပဲလို့ ကျိယန်စိတ်ထဲထင်မှတ်လိုက်ပြီး ရှောင်ကျိုးကိုလုပ်ပေးနေကျအတိုင်း သူမခေါင်းကို အသာလေးပွတ်ပေးရင်း


 ‘’ မကြောက်ပါနဲ့ … ကိုယ့်အိမ်လို့ပဲ သဘောထားပြီးနေလိုက်… ဟုတ်ပြီလား…’’


အဲ့အချိန်မှာပဲ… ကျိယန်ရဲ့အပြုအမူအောက်မှာ လုံး၀ကျရှုံးသွားတဲ့ ထန်ထန်နားထဲ ဘာအရာမှ မကြားတော့ပါဘူး။ ဒါက ကျိယန်သူမခေါင်းကို ပွတ်ပေးတာပထမဆုံးပဲ။ သူမ အရမ်းပျော်သွားတယ်။


အကျိုးဆက်အနေနဲ့ ကျိရှောင်ကျိုးတစ်ယောက် သူ့မာမီ အရူးတစ်ယောက်လို အကြောင်းမရှိ ပြုံးရယ်နေတာကို တွေ့လိုက်ရတယ်။ သူ့အနေနဲ့ မတတ်သာစွာနဲ့ပဲ ခေါင်းကိုယမ်းလိုက်ပြီး တွေးလိုက်မိတယ်။ မိန်းမတွေက အရမ်းနားလည်ရခက်တာပဲ …


အဖွားကျိုး ဆီသို့ လုံခြုံရေးများက ကျိယန်တို့ရောက်ပြီဖြစ်ပြီး ကလေးတစ်ယောက်ပါ ခေါ်လာကြောင်း အကြောင်းကြားထားပြီးဖြစ်တယ်။ ဒါကြောင့် သူမက အဲ့ကလေးက ကျိရှောင်ကျိုးဟု ခန့်မှန်းပြီး အလွန်ပျော်ရွှင်နေကာ လူကိုယ်တိုင် အ၀င်၀အထိထွက်လာပြီး ကြိုနေတယ်။ 


အဖွားကျိုးက ၀၀ကစ်ကစ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ ကျိရှောင်ကျိုးကိုကြည့်ပြီး သူမနှလုံးသားတစ်ခုလုံး အရည်ပျော်ကျမတတ် ခံစားလိုက်ရတယ်။ သူမချက်ချင်းပဲ အနားသို့သွားကာ


 ‘’ အိုး…ဘုရားရေ… ဒါလေးက ကျိရှောင်ကျိုးပဲဖြစ်ရမယ်… အဘွား သားကိုမတွေ့ရတာကြာလှပြီ ဒီလောက်ထိတောင်ကြီးလာပြီပေါ့လေ…’’


ခန့်ညားပြီးကြည့်ကောင်းတဲ့ သူမကိုတွေ့တာနဲ့ ငယ်ငယ်က သူ့ကိုမျောက်ပုံစံရွှေဆွဲကြိုးလေးပေးတဲ့ အဘွားကျိုးမှန်း အကင်းပါးတဲ့ ကျိရှောင်ကျိုးက ချက်ချင်းပဲသဘောပေါက်လိုက်တယ်။ သူက မိဘနှစ်ပါးကိုတွဲထားတဲ့လက်ကို လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို အဘွားဆီသို့ ပြေးဝင်သွားတော့တယ်။ သူ့ခန္ဓာကိုယ် အလေးချိန်ကိုလဲ မမေ့မလျော့နဲ့ သတိထားပြီး ပြေး၀င်သွားတာဖြစ်တဲ့အပြင့် အဘွားဖြစ်သူကိုပါ ညင်သာစွာနဲ့ ဖက်လိုက်ပြီး


 ‘’ အဘွား…’’


‘’ အား… အဘွားရဲ့ ကလေးလေး…’’


 အဖွားကျိုး အရမ်းကိုပျော်ရွှင်သွားပြီး အသေးလေးကိုဖက်လိုက်တယ်။ သူမနှလုံးသားတစ်ခုလုံး နူးညံ့သွားပြီး အသေးလေးကို တစ်သက်လုံး သိမ်းထားချင်စိတ်တွေ ပေါက်လာတော့တယ်။


ကျိရှောင်ကျိုးကို မြင်ပြီးတဲ့နောက် ပတ်၀န်းကျင်မှ အရာအားလုံးကို မေ့သွားတဲ့အဖွားကျိုးကို ဝှီးချဲလ်ပေါ်မှာထိုင်နေတဲ့ ကျိုးကျိ က ဒီမြင်ကွင်းကိုကြည့်ပြီး ရယ်ရငိုရခက်သွားတော့တယ်။ ဒါကြောင့် သူက အရှေ့သို့ထွက်လိုက်ပြီး ကျိယန်နဲ့ ထန်ထန်ကို နှုတ်ဆက်လိုက်တယ်


 “ တောင်းပန်ပါတယ်ကွာ...  အဖွားက ကလေးကိုမြင်တာနဲ့ အားလုံးကိုမေ့သွားတော့တာပဲ… အခုချိန်မှာတော့ ငါတို့အားလုံးက သူ့မျက်လုံးထဲမှာ လေနဲ့မခြားတော့ပါဘူး..."


တိတ်တဆိတ်နဲ့ ထန်ထန် ပြုံးလိုက်မိတယ်။


ကျိယန်ရဲ့ နှုတ်ခမ်းထောင့်တွေလဲ အပေါ်သို့တက်သွားတယ်။ ထို့နောက် အနောက်မှနေ၍ ကျိုးကျိ ရဲ့ ဝှီလ်းချဲကိုတွန်းပေးလိုက်ရင်း


 ‘’ ငါတို့နားလည်ပါတယ်ကွာ… လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းကသာ အဖွားကျိုးပြောတဲ့အတိုင်းသာ မင်းလက်ထက်ခဲ့မယ်ဆိုရင် အခုသူမဒီလောက်ထိဖြစ်နေမှာမဟုတ်ဘူး…’’


ကျိုးကျီ အပြုံးနဲ့ ခေါင်းယမ်းလိုက်ပြီး ခါးသီးစွာနဲ့ ‘’ ငါက ဒီလိုပုံဖြစ်နေမှတော့ တခြားအိမ်ကသမီးမိန်းကလေးကို ဒုက္ခပေးမနေတော့ပါဘူး’’


ကျိယန်မျက်ဝန်းတွေ မှိန်ကျသွားပြီး ကျိုးကျီ ပုခုံးကိုပုတ်လိုက်ကာ


 ‘’ ဒီလိုကြီးဖြစ်မနေစမ်းပါနဲ့ အကိုရာ... မင်းသဘောကျတဲ့ သူတစ်ယောက်ကိုတွေ့ရင်သာ သူမကိုဒီအတိုင်း ထွက်မသွားစေနဲ့… မင်ကမိန်းမကောင်းလေးနဲ့ တွေ့ဖို့ထိုက်တန်ပါတယ်ကွာ’’


ကျိုးကျီ ပြုံးလိုက်ပေမယ့် ဘာမှတော့ပြန်မပြောပေ။


အဲ့အချိန်မှာပဲ… ကျိရှောင်ကျိုးကို နမ်းရှုံ့လို့၀သွားတဲ့ အဖွားကျိုးက ကျန်တဲ့သူတွေကိုသတိရသွားတော့တယ်။ သူမက ပြုံးပြီး ကျိယန်ရဲ့ ပုခုံးကို ပုတ်လိုက်ကာ တစ်ခါမှမမြင်ဖူးတဲ့ ထန်ထန်ဆီသို့ အကြည့်ရောက်သွားကာ နွေးထွေးတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ 


ကျိယန်က ချက်ချင်းပဲ သူမကိုမိတ်ဆက်ပေးလိုက်တယ်


 “ အဖွား… ဒါက ထန်ထန်ပါ … ရှောင်ကျိုးအမေပေါ့… လက်ထပ်ပြီးကတည်းက တခါမှ မမြင်ဖူးတော့ အခုအဖွားနဲ့တွေ့ရအောင် ခေါ်လာတာပါ’’


အဖွားကျိုးရဲ့ မျက်၀န်းထဲ သူတို့နှစ်ယောက်လုံးကို အကဲခတ်လိုက်ပြီးနောက် နှစ်ယောက်ကြား တစ်ခုခု ပြောင်းလဲသွားမှန်းသိလိုက်တယ်။ သူမက ဘာမှထုတ်မပြောပဲ ထန်ထန်လက်ကိုဆွဲလိုက်ကာ 


‘’ လိမ်မာတဲ့ကလေး… နောက်ဆို အဖွားဆီကို ကျိယန်နဲ့အတူတူ ခဏခဏလာလည်ဦးနော်… အခုလို မျိုးဆက်သစ်လေးတွေ ပျော်ပျော်ရွှင်ရွှင်နေတာကိုမြင်ရတာ အဖွားတို့အတွက် ကောင်းချီးတစ်ခုလိုပဲ’’


ထန်ထန်က အလေးအနက်ခေါင်းငြိမ့်ပြလိုက်ရင်း


 ‘’ ဟုတ်ကဲ့ အဖွား… သမီး ရှောင်ကျိုးကိုပါ ခေါ်ပြီး လာလည်ပါ့မယ်’’


အဖွားကျိုးမျက်ဝန်းထဲ ကျေနပ်မှု အရိပ်အယောင်တွေ ဖြတ်သန်းသွားတယ်။ ကြည့်ရတာ ကျိကောင်လေးရဲ့ ခက်ခဲတဲ့အချိန်တွေက ပြီးဆုံးသွားပုံပဲ။ 


ဧည့်ခန်းထဲမှာ အားလုံးနေရာကျပြီးတဲ့နောက်.. ကျိယန်ကယူလာတဲ့ လက်ဆောင်ဗူးလေးကို ထန်ထန်ဆီသို့ပေးလိုက်ပြီး တိုးတိတ်စွာနဲ့ 


’ အဖွားကို လက်ဆောင်ပေးလိုက်ပါဦး’’


အံ့အားသင့်သွားတဲ့ ထန်ထန်က သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်ပြီး 


‘’ ကျွန်မလား…’’


ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ် ။


လက်ဆောင်ပေးဖို့ရာ အဖွားကျိုးကို ကျိယန်ကိုယ်တိုင်မပေးပဲ သူမကိုဘာကြောင့်ပေးခိုင်းရလဲဆိုတာ သူမ နားမလည်ပေ။ ဒါပေမယ့်လဲ သူ့မှာ အကြောင်းပြချက်ရှိနိုင်မှန်း သူမယုံကြည်တဲ့အတွက် လက်ဆောင်ဗူးကို စိတ်လှုပ်ရှားစွာနဲ့ ယူလိုက်တယ်။ ကျိယန်ရဲ့ အကြည့်အောက်မှာပဲ အဖွားကျိုးဆီသို့ လျောက်သွားပြီး လက်ဆောင်ဗူးကိုပေးလိုက်တယ်


 “ အဖွား… ဒါက အဖွားအတွက် ကျွန်မတို့ယူလာတဲ့ မွေးနေ့လက်ဆောင်ပါ… အရှေ့တရုတ်ပင်လယ်ရေလိုမျိုး ထောင်ချီတဲ့ ပျော်ရွှင်မှုတွေများပြားပြီး ကျုံးနန်တောင်ရဲ့သက်တမ်းအတိုင်း အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်’’


အဖွားကျိုးက ထန်ထန်နဲ့ ကျိယန်ဆီသို့ အနှောက်အယှက်ဖြစ်သွားတဲ့ အကြည့်တစ်ချက်ကြည့်လိုက်ပြီး


 ‘’ မင်းတို့ ကလေးတွေက ပိုက်ဆံတကယ်ဖြုန်းကြတာပဲ… အဖွားက မင်းတို့လေးတွေ အဖွားဆီလာလည်တာကိုပဲ လိုချင်တာ… ဘာလက်ဆောင်မှ မလိုပါဘူး… မင်းတို့ခေါင်းထဲမှာ ငါ့အတွက်လက်ဆောင်ပြင်ဖို့ပဲ တွေးနေရတဲ့အထိ ငါက မင်းတို့မျက်လုံးထဲမှာ အဲ့လောက်တောင် လောဘကြီးနေလို့လား…’’


ကျိယန်နဲ့ ထန်ထန် ပြန်မဖြေခင်မှာပဲ ကျိုးကျီက အဖွားဆီမှာ အသနားခံတဲ့လေသံနဲ့


 ‘’ အဖွား... ကျွန်တော့ကို စိတ်မဆိုးပါနဲ့...  နောက်တစ်ခါကျရင် ပိုဈေးကြီးတာဝယ်လာပေးပါ့မယ်… ဟုတ်ပြီလား…’’


အခြေအနေကိုမေးဖို့အတွက် ကျိယန်က ကျိုးကျီကို အကြည့်နဲ့မေးလိုက်တယ်။


ကျိုးကျီက နဖူးကိုပွတ်လိုက်ပြီး ခါးသီးစွာနဲ့ ပြုံးပြလိုက်တယ်။


အဖွားကျိုးက ကျိုးကျီမဖြေခင်မှာပဲ


 ‘’ မင်းအကိုက လူကောင်းတစ်ယောက်ပါ... သူက ငါ့ကို ၁၀၀ မီလီယံတန်တဲ့ ဟန်နန်းတော်ပန်းချီကား လက်ဆောင်ပေးတယ်လေ။ ငါက မြေမြှုပ်ခံရတော့မယ့်အသက်အရွယ် အထိတောင်ရောက်နေပြီ… ဒီလိုဈေးကြီးတဲ့အရာတွေကို ငါ့မွေးနေလက်ဆောင်အဖြစ်မလိုချင်တော့ဘူး…’’


ဒီစကားကိုကြားပြီးတဲ့နောက် ပိုက်ဆံအကြောင်းဂရုမစိုက်တတ်တဲ့ ကျိယန်မှလွဲ၍ အခန်းထဲကကျန်တဲ့သူတွေအားလုံး တိတ်ဆိတ်သွားတယ်။ ထန်ထန်ကတော့ အသက်ရှုဖို့မေ့သွားတဲ့အထိ ထိတ်လန့်သွားတယ်။


ဘာ… ၁၀၀ မီလီယံ… အဲ့ဒါဘယ်လောက်တောင်မှလဲ…ဒါတွေနဲ့ယှဉ်လိုက်ရင် သူမလက်ဆောင်က အရမ်းကိုမှဈေးပေါတာပဲ…


ထန်ထန် သူမလက်ထဲမှ လက်ဆောင်ကိုချက်ချင်းပဲ ထုတ်မပေးရဲသလောက်ဖြစ်သွားတယ်။


ကျိယန်က ရိုးရှင်းစွာနဲ့ပဲ ပြုံးလိုက်ကာ


 ‘’ အဖွားကျိုး...  ဒါက အကိုရဲ့သိတတ်မှုပါ… သူနားလည်မယ်လို့လဲ ကျွန်တော်ထင်ပါတယ်… ဒါကြောင့် သူ့ကိုအပြစ်တင်မနေပါနဲ့တော့…’’


အဖွားကျိုးက ကျိယန်ကိုပုတ်လိုက်ပြီး


 ‘’ မင်းအကိုကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိနေတာပဲ… မင်းကိုငါမပြောရသေးဘူး… မင်းလဲပိုက်ဆံဖြုန်းလာတာပဲ မဟုတ်လား’’’


အဖွားကျိုးက တစိမ်းလူတွေနဲ့ဆိုရင် ဘုရင်မတစ်ယောက်လို ပြုမူပေမယ့်လဲ သူတို့အပေါ်ဆိုရင်တော့ ပုံမှန်လူကြီးသူမတွေလိုပဲ ပွစိပွစိနဲ့ နားပူနားစာ လုပ်တတ်တယ်။ သူတို့အပေါ်ဒေါသထွက်ပေမယ့် သက်ညှာသောအားဖြင့် ဘယ်တော့မှ နာကျင်အောင်မလုပ်ပေ။ ငယ်စဉ်ကတည်းက သူတို့အားလုံး အဖွားကျိုးရဲ့ သွန်သင်မှုအောက်မှာ ကြီးပြင်းလာခဲ့တာဖြစ်တယ်။


ကျိယန်က ပြုံးလိုက်ပြီး


 ‘’ အဖွား… ဒီတစ်ခါ ကျွန်တော်ပေးတာမဟုတ်ဘူး… ပြီးတော့ အဲ့လောက်လဲမသုံးထားဘူး… ဒါက ထန်ထန် အဖွားအတွက် သီးသန့်လုပ်ပေးထားတဲ့အရာပဲ’’


ဒီတစ်ကြိမ်မှာတော့  အဖွားက စိတ်ဝင်စားစွာနဲ့ လက်ဆောင်ကိုယူလိုက်တယ်… သူမက အံ့အားသင့်သွားပြီး ပျော်ရွှင်စွာနဲ့ ထန်ထန်ကို ကြည့်လိုက်တယ်


 “ ထန်ထန် ကိုယ်တိုင်လုပ်ထားတာလား… ဒါကဘာများလဲ… မြန်မြန်လေး အဖွားကိုပြစမ်းပါဦး... "


ဈေးပေါတဲ့လက်ဆောင်ကြောင့် စိတ်မလုံမခြုံဖြစ်နေတဲ့ ထန်ထန်က ကျိယန်ကို တိတ်တဆိတ်လှမ်းကြည့်လိုက်တယ်။ ကျိယန်က သူမကိုကြည့်နေတာတွေ့လိုက်ရပြီး ခေါင်းငြိမ့်ပြတဲ့အတွက်ကြောင့် သူမစိတ်တွေတည်ငြိမ်သွားပြီး ညင်သာစွာရှင်းပြလိုက်တယ်


’’ အဖွား… ကျိယန်ဆီကနေ အဖွား အောင်းချွမ်(ရှေးခေတ်ဝတ်စုံ) ဝတ်ရတာကြိုက်တယ်လို့ ကြားမိလို့ ကျွန်မအဖွားအတွက် တစ်စုံချုပ်လာတယ်… အဖွားကြိုက်မယ်လို့ မျှော်လင့်ပါတယ်’’


အဖွားကျိုးစိတ်ဝင်တစားဖြစ်သွားပြီး လက်ဆောင်ဗူးဆီသို့လက်လှမ်းကာ


 ‘’ ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်… အဖွားက ဒါမျိုးတွေသဘောကျတာ… သမီးမှာ တကယ်ကောင်းတဲ့စိတ်နှလုံးသားရှိတာပဲ’’


ဖဲကြိုးကိုဖြေပြီးတဲ့နောက် အထဲမှဝတ်စုံကိုကြည့်ပြီး အဖွားကျိုး မျက်၀န်းတွေ တောက်ပလို့သွားတယ်။


ထန်ထန်ချုပ်ထားတဲ့ ဝတ်စုံက ရှေးဆန်ပြီး အသေးစိတ်ကျတဲ့အပြင့် ကျက်သရေရှိစွာနဲ့ လှပနေတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ တန်ဖိုးရှိမှန်းသိသာစေတယ်။ ရှေးခေတ်ဒရမ်မာဝတ်စုံတွေနဲ့လဲမတူပဲ ကြည့်ကောင်းနေတဲ့အတွက် အဖွားကျိုးကြိုက်တာ အံ့ဩစရာမရှိပေ။ 


အဖွားကျိုးက ထန်ထန် လက်ကိုဆွဲယူကာ ပုတ်လိုက်ပြီး 


‘’ ထန်ထန်… အဖွားအတွက်လုပ်ပေးတဲ့ ၀တ်စုံနဲ့ ဖိနပ်က အရမ်းလှတာပဲ… ဒီလောက်ကောင်းတဲ့လက်ရာကို ဒီနေ့ဒီအခါမှာ တွေ့ရလိမ့်မယ်လို့ အဖွားမထင်ထားဘူး… ထန်ထန်… အဖွား သမီးအတွက် တကယ်ကိုဂုဏ်ယူမိတယ်’’


‘’ အဖွားကြိုက်တယ်ဆိုရင် ရပါပြီ’’ 


အဖွားကျိုးရဲ့ ချီးကျူးမှုတွေကြောင့် ထန်ထန် ရှက်သွေးဖြာနေတဲ့အတွက် ဘယ်လိုတုန့်ပြန်ရမှန်း မသိဘူးဖြစ်နေတယ်။ သူမ ပထမဆုံး ကျိယန်ကိုလှမ်းကြည့်လိုက်မိတော့ သူ့မျက်ဝန်းတွေထဲ ပျော်ရွှင်မှုတွေကို တွေ့လိုက်ရတယ်။ ကျိယန်မျက်ဝန်းထဲက ချီးကျူးမှုတွေကြောင့် ရုတ်တရက်ပဲ ထန်ထန် ရှက်သွားတော့တယ်။


ထန်ထန်ရဲ့ ဖန်ဖြစ်တဲ့ ကျိရှောင်ကျိုးက ရှေ့သို့ထွက်လိုက်ပြီး


 ‘’ အဘွား... မာမီချုပ်ပေးတဲ့ အကျီက အရမ်း၀တ်လို့ကောင်းတာနော်... သားအခုဝတ်ထားတာကိုပဲကြည့်… မာမီချုပ်ပေးထားတာပဲလေ… သားကြည့်ကောင်းမနေဘူးလား… အဘွားလဲ ဝတ်ကြည့်ပါလား… အကျီအသစ်လေးနဲ့ဆို  အဘွားလဲအရမ်းလှနေမှာ သိလား…’’


‘’ဟုတ်ပါ့... ဒီနေ့ ရှောင်ကျိုးက အရမ်းအရမ်းကို ကြည့်ကောင်းနေတာပဲ’’ အဖွားကျိုးက အသေးလေးရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ မြှောက်ပင့်ပြောလိုက်တယ် 


“ ဟုတ်ပြီ … ဟုတ်ပြီ… အဘွားလဲ အရမ်းလှချင်လို့ အခုသွားဝတ်ကြည့်လိုက်ဦးမယ်…’’


အိမ်စေများရဲ့ အကူအညီနဲ့ အဖွားကျိုးက အပေါ်ထပ်သို့ တက်သွားတော့တယ်။ 


ကျိုးကျီ က ပြုံးလိုက်ပြီး ထန်ထန်ကိုကျေးဇူးတင်စကားပြောလိုက်တယ် 


“ ကျေးဇူးပါ ထန်ထန် အဖွားဒီလောက်ထိပျော်တာကို မမြင်ရတာကြာပြီ… သူက အဝတ်အစားနဲ့ဖိနပ်တွေကိုအရမ်းကြိုက်တာ… အဖွားက ဒီလိုရှေးဟောင်းလက်ရာတွေ ပျောက်ကွယ်တော့မှာကိုစိုးရိမ်နေပြီး ဒီလိုလက်ရာမျိုးရဖို့ဆိုတာ သူမစိတ်တောင်မကူးမိဘူးလေ…မင်းဒီလိုလက်ဆောင်ပေးလိမ့်မယ်လို့ အကိုလဲမထင်မိဘူး…’’


ထန်ထန်က လက်ကိုယမ်းလိုက်ပြီး ‘’ အကိုကျိုးကျိ... ကျွန်မကိုကျေးဇူးတင်ဖို့မလိုပါဘူး… အရမ်းလဲတန်ဖိုးကြီးတာမှမဟုတ်တာ… ဒါကကျွန်မရဲ့ပေးချင်စိတ်ကြောင့်ပါပဲ…အဲ့ဒါက အဖွားသဘောကျတယ်ဆိုရင်ကို ကျွန်မကျေနပ်ပါပြီ’’


ထန်ထန်ရဲ့စကားတွေက တကယ်ကိုရိုးရိုးသားသား ပြောမှန်းသိတဲ့အတွက် ကျိုးကျီ ပြုံးရုံသာတတ်တိုင်တော့တယ်။ သူက ကျိယန်ပုခုံးကို အသာလေးပုတ်ပြီးတော့သာ တိတ်တဆိတ်နေလိုက်တယ်။


ကျိယန်ဆီမှ တိတ်ဆိတ်တဲ့အပြုံးတစ်ခုကို ပြန်ရလိုက်တယ်။


အဲ့ဒီအချိန်မှာပဲ…အဖွားကျိုးက အကျီနဲ့ဖိနပ်ကိုလဲပြီး အောက်ထပ်သို့ ဆင်းလာနေပြီဖြစ်တယ်။ သူမက အရမ်းကိုတင့်တယ်နေပြီး ကျက်သရေရှိစွာ လှပနေတယ်။


လူတိုင်းက ရပ်တန့်သွားကြတယ်။ လက်ဆောင်တွေက ဒီအတိုင်းကိုတောင်ကြည့်ကောင်းနေတဲ့အပြင့် ဝတ်ဆင်လိုက်တဲ့အခါမှာတော့ ပြောမပြတတ်အောင် လိုက်ဖက်ညီပြီးလှပနေတယ်။


ကျိရှောင်ကျိုးကတော့ ပထမဆုံးပြေးဝင်သွားပြီး သူ့ရဲ့လက်မနှစ်ဖက်စလုံးကိုထောင်ပြကာ


 ‘’ အဘွား… အဘွားက တီဗီထဲမှာပါတဲ့ ဘုရင်ကြင်ယာတော်လိုမျိုး အရမ်းလှတာပဲ’’


အခုတလော ကျိရှောင်ကျိုး ထန်ထန်နဲ့ကြည့်နေတဲ့ နန်းတွင်းဒရမ်မာထဲမှာပါတဲ့ ကြင်ယာတော်တွေကို အရမ်းလှတယ်လိုထင်တဲ့အတွက် ပြောလိုက်တာဖြစ်တယ်။


အသေးလေးရဲ့စကားကြောင့် အဖွားကျိုးက အရမ်းကိုဝမ်းသာသွားပြီး သူ့လက်တုတ်တုတ်လေးတွေကို ညှစ်လိုက်ကာ


 ‘’ တကယ်လား… အဘွားက ဘုရင့်ကြင်ယာတော်နဲ့ တကယ်တူတယ်ပေါ့လေ…’’


ကျိရှောင်ကျိုးက လေးလေးနက်နက် ခေါင်းငြိမ့်လိုက်ပြီး


 ‘’ ဟုတ် ‘’


အမျိုးသမီးဆိုတာ ဘယ်အသက်အရွယ်ရောက်ရောက် သူတို့ရဲ့လှပမှုကို ချီးမွှန်းခံချင်ကြတာပဲ။ အဖွားကျိုးလဲ ရှောင်ကျိုးရဲ့ချီးမွန်းခန်းတွေကြောင့် အရမ်းကိုပျော်ရွှင်နေတော့တယ်။


ကျိုးကျီမှာမနေနိုင်တော့ပဲ စနောက်တော့တယ်


 “ ကျိယန်… ရှောင်ကျိုးက တကယ်ကိုတော်တာပဲ… သူက မိန်းကလေးတွေကို မြှောက်တဲ့နေရာမှာ ငါတို့ထက်ကိုတော်တာဟ… မင်းတော့ အနာဂါတ်မှာ ချွေးမရဖို့ ပူစရာမလိုတော့ဘူးဟေ့’’


ကျိယန်ရယ်လိုက်မိတယ်။ တကယ်လို အနာဂါတ်မှာသာ ကျိရှောင်ကျိူးတစ်ယောက် သူ့ရဲ့ညဏ်ကောင်းမှုတွေကို မိန်းကလေးတွေ အများကြီးအပေါ်မှာ အသုံးချမယ်ဆိုရင် သေချာပေါက် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လို့ ကတိပေးတယ်။


‘’ဟယ်... အဖွား… ဒီနေ့ အရမ်းကိုလှနေပဲ..."


ဝင်ပေါက်မှ အမျိုးသမီးအသံတစ်ခုက ထွက်ပေါ်လာတယ်။ လူတိုင်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကုကျန်းအန် နဲ့ ကျိယွဲ့တို့ကိုတွေ့လိုက်ရတယ်။ ကုယန်ရန်လဲ သူတို့နဲ့အတူတူဝင်လာတယ်။


ကျိယွဲ့က စကားပြောရင်းနဲ့ အဖွားကျိုးဆီကိုပြေးလာပြီး ဖက်လိုက်တယ်


 “ အဖွား… ဒီလိုလေးဝတ်ထားတာ အရမ်းလှတာပဲ… ဘယ်ကနေဝယ်ထားတာလဲ…’’


အဖွားကျိုးက ပြုံးလိုက်ရင်း ကျိယွဲ့ခေါင်းလေးကို ပုတ်လိုက်ကာ


 ‘’ အဖွားအတွက် ထန်ထန်လုပ်ပေးထားတာလေ…အရမ်းကြည့်ကောင်းလို့ မနက်ဖြန်မှာ အဖွားဝတ်ဖို့ ဆုံးဖြတ်လိုက်ပြီ’’


‘’ ထန်ထန် လုပ်ထားတာ…’’ 


ကျီယွဲ့က အံ့အားသင့်သွားပြီး ချက်ချင်းပဲ ထန်ထန်ဆီသို့လှည့်ကာ ဖက်လိုက်တယ်


 “ ရှင်က အရမ်းတော်တာပဲ… ထန်ထန်… ကျွန်မအတွက်လဲ ဘယ်တော့လောက်လုပ်ပေးနိုင်မလဲ… ဒီလိုမျိုးတစ်စုံလောက်နဲ့ ကျွန်မပုံတူတစ်ပုံလောက်ဆွဲချင်နေတာ အရမ်းပဲ…’’


ပုံတူက ဘယ်လိုမျိုးလဲဆိုတာ ထန်ထန်မသိပေမယ့်လဲ သူမရဲ့တောင်းဆိုချက်ကို မသိလိုက်ဘာသာပဲ သဘောတူလိုက်မိတယ်


 “ အိုကေ… ကျွန်မပြန်ရောက်တာနဲ့ ရှင့်အတွက်တစ်စုံလုပ်ပေးပါ့မယ်’’


‘’ ထန်ထန်… ရှင်ကအရမ်းကောင်းတာပဲ’’ ကျီယွဲ့က သူမကိုပိုပြီးတင်းတင်းကြပ်ကြပ်ဖက်လိုက်တယ် ။ 


ထို့နောက် တစ်စုံတစ်ခုထူးခြားသွားသလို ခံစားလိုက်မိပြီး ထန်ထန်မျက်နှာကို လက်နဲ့ဆွဲလိုက်ကာ


 ‘’ ထန်ထန်... ရှင်အလေးချိန်တွေတက်လာတာလား… ကျွန်မစိတ်ထင် အရင်ကလောက် အရိုးတွေများမနေတော့ဘူးပဲ’’


‘’ တကယ်လား…’’ ပျော်ရွှင်မှုတွေက ထန်ထန်ဆီဝင်ရောက်လာပြီး သူမရဲ့အတွေ့အကြုံကို ကျိယွဲ့အားမျှဝေတော့တယ် 


“ တနေ့တနေ့ ဝလာအောင်ဆိုပြီး အချိန်တိုင်းစားနေတာလေ… ညဘက်ဆိုရင် ရှောင်ကျိုးရဲ့မုန့်တွေကိုတောင် ခိုးစားလိုက်ရတာ… ကျွန်မ ၄ ကီလိုတောင်တက်လာတယ် … ဟီးဟီး… ၄ ကီလိုတောင်မှ..’’


ဘေးနားမှာ တိတ်တဆိတ်နားထောင်နဲ့တဲ့ ကျိယန်က ထန်ထန်ကိုလှမ်းကြည့်လိုက်မိတယ်။ ထန်ထန် ညဘက်တွေ ရှောင်ကျိုးရဲ့မုန့်တွေကို စားနေတယ်ဆိုတာ သူ အခုမှပဲသိလိုက်ရတယ်။


ထန်ထန်အသားလေးတွေကို ကိုင်ကြည့်ပြီးတဲ့နောက် ကျီယွဲ့က


 ‘’ လူတင်ဝလာတာမဟုတ်ဘူးနော်… အသားအရေလဲကောင်းလာတယ်… အရင်ကထက်ပိုကြည့်ကောင်းတာတယ်သိလား…ကြည့်ရတာ ကျွန်မပို့ပေးတဲ့ စကင်ကဲ ထုတ်ကုန်တွေက ကောင်းကောင်းအလုပ်လုပ်တယ်နဲ့တူတယ်…’’


ထန်ထန်က ခေါင်းထက်ငြိမ့်ပြလိုက်ပြီး


 ‘’ ဟုတ်တယ်… အဲ့ဒါတွေက အရမ်းအသုံးတည့်တာပဲ… ရှင်ပေးတာတွေအကုန် ကျွန်မသုံးတယ်လေ… အသားအရေလဲကောင်းလာတယ်… ဆံပင်တွေလဲ မွဲခြောက်ခြောက်မဖြစ်တော့ဘူး… ရှင့်ကိုအရမ်းကျေးဇူးတင်တာပဲ ကျီယွဲ့ရယ်…’’


ကျီယွဲ့ က ထန်ထန်အတွက် တကယ်ကိုပျော်ရွှင်နေပြီး 


’’ အဲ့ဒါကောင်းလိုက်တာ… ရှင်ဆက်ပြီးလိမ်းနော် … တဖြေးဖြေးနဲ့ လှလာမယ်ဆိုတာ ကျွန်မယုံတယ်..’’


ထန်ထန်အနေနဲ့ အဲ့လောက်အထိ မြင့်မြင့်မားမား မယုံကြည်ရဲပေမယ့်လဲ


 ‘’ ကြည့်ရမဆိုးရင်ကိုပဲ ကျွန်မအဆင်ပြေနေပါပြီ… လှဖို့အတွက်ကတော့ ကျွန်မ မရဲပါဘူးနော်’’


ထန်ထန်ရဲ့ နဖူးလေးကို ပုတ်လိုက်ရင်း ကျိယွဲ့က


 ‘’ ယုံကြည့်မှုလေး နည်းနည်းလောက်ရှိလိုက်စမ်းပါ… ကျွန်မကိုယုံ… လှပတဲ့အမျိုးသမီးအမျိုးသားတွေကို တွေ့ဖူးနေကြဖြစ်တဲ့ ကျွန်မရဲ့ အတွေ့အကြုံကိုယုံလိုက်ပါ… နောက်ထပ် ၅ ကီလိုလောက်ပဲ အလေးချိန်ထပ်တက်လာမယ်ဆိုရင် ရှင်က တကယ်ကိုပဲ လှလှပပကြီးကိုဖြစ်နေတော့မှာ… ကျိရှောင်ကျိုးကို ကြည့်ယုံနဲ့ ရှင်ကရုပ်မဆိုးဘူးဆိုတာ ပြောနိုင်တယ်’’


ထန်ထန်က စကားကိုပြန်ပြင်ပေးလိုက်တယ် 


“ ရှောင်ကျိုးက သူ့အဖေဆီက အလှအပတွေကိုရထားလို့ ကြည့်ကောင်းနေတာပါ… သူက ကျွန်မနဲ့ မတူပါဘူး… သူ့ပုံစံတွေက ကျွန်မနဲ့ဆင်တာ မရှိပါဘူး’’


ကျိယွဲက သူမခေါင်းကိုယမ်းလိုက်ပြီး


 ‘’ အဲ့လိုမဟုတ်ဘူး… ရှောင်ကျိုးကိုသေချာကြည့်ပါဦး… ကျိယန်နဲ့ တူသလိုလိုရှိပေမယ့် ရှင်နဲ့ကမှ တကယ့်ကိုတူတာ…’’


ဒီစကားတွေကို ထန်ထန်မယုံပေ။ သူမ အနေနဲ့ ဘယ်လိုပဲကြည့်ပါစေ အသေးလေးက လုံးဝကို ကျိယန်နဲ့တူပြီး သူမနဲ့မတူပေ။


‘’အိုက်ယား… ကျွန်မရဲ့ အမြင်ကိုရှင်ယုံသင့်တယ်နော်… ရှင်အရမ်းပိန်နေလို့သာ မသိသာတာ… ကျိရှောင်ကျိုးမျက်နှာက လုံးဝကိုရှင်နဲ့ချွတ်စွတ်ပဲ… ကလေးက ဒီလောက်ချောနေမှတော့ အမေကဘယ်လိုလုပ်ပြီး ရုပ်ဆိုးနိုင်မှာလဲ…’’


ပြောပြီးတာနဲ့ ကျီယွဲ့က ချက်ချင်းပဲ ကျိယန်ဘက်သို့လှည့်ကာ 


‘’ ကျွန်မပြောတာမှန်တယ်မဟုတ်လား ကျိယန်… ကျိရှောင်ကျိုးမျက်နှာပေါက်က ရှင်နဲ့မတူဘူးလေ’’


ကျိယန်က ကူကျန်းအန်လက်ထဲမှ ရှောင်ကျိုးကိုကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်တယ်။ ကျိုရှောင်ကျိုးရဲ့ မျက်နှာပေါက်က သူနဲ့မတူပေ…အသေးလေးရဲ့ပုံစံက နူးညံ့တဲ့ပုံပေါက်တဲ့အတွက်ဖြစ်တယ်…


ကျိယန်ရဲ့ ခေါင်းငြိမ့်ပြလိုက်မှုက ထန်ထန်ကို အထိတ်တလန့်ဖြစ်သွားစေတယ်။ သူမ မတတ်သာစွာနဲ့ပဲ ကျိယန်နဲ့ ရှောင်ကျိုးကို ကြည့်လိုက်မိတယ်။ ကျိယွဲ့ရဲ့စကားတွေကြောင့်ပဲလားမသိပေမယ့် … ထန်ထန်ရုတ်တရက်ပဲ သူတို့နှစ်ယောက်ရဲ့ အသွင်အပြင်က မတူဘူးလို့ ခံစားလိုက်မိတယ်… တကယ်ကိုပဲ ရှောင်ကျိုးက သူမနဲ့တူနေတာလား… အဲ့ဒါက ဖြစ်နိုင်လို့လား…


အဲ့ဒါဆို သူမ ပုံမှန်အနေအထားနဲ့တုန်းက အတော်လေးလှပခဲ့တာလား… အဓိက အချက်က သူမဘယ်တုန်းကမှ ပုံမှန်အလေးချိန်မရှိခဲ့တာပဲ… အာ…. အရင်တုန်းက ပုံလေးတစ်ပုံလောက်များတောင် ဘာလို့သူမဆီမှာ မရှိရတာလဲ…