အပိုင်း (၃၇)
Viewers 12k

Part 37


ကျိုးမိသားစုအိမ်ယာအတွင်း၌ ကျိယန်နဲ့ တခြားသူတွေအားလုံး ကိုယ်ပိုင်အိပ်ခန်းစီ ရှိကြတဲ့အတွက် ညဘက်၌ အားလုံးကောင်းကောင်းမွန်မွန်အိပ်စက်ခဲ့ကြတယ်။ နောက်တနေ့မနက်အထိ အိမ်မက်တစ်ခုတလေမှတောင် မမက်ပဲ ထန်ထန် နိုးလာခဲ့တယ်။


သူမ တစ်ဖက်လှည့်ကြည့်လိုက်တော့ ဖားလေးတစ်ကောင်လို အိပ်နေတဲ့ ကျိရှောင်ကျိုးကိုတွေ့လိုက်ပြီး ကျိယန်တော့ မရှိပေ။ သူမဖုန်းကိုကြည့်လိုက်တော့ မနက် ၆ နာရီခွဲနေပြီဖြစ်တယ်။


“ဒီလောက်အစောကြီး သူဘယ်သွားနေပါလိမ့်…’’


 သူမ အိပ်ယာမှထပြီး မနက်ခင်းလုပ်စရာများကိုလုပ်လိုက်တယ်။ ထို့နောက် သူမ အဝတ်လဲပြီး အောက်ထပ်သို့ဆင်းလိုက်တယ်။ အလုပ်များနေတဲ့ အစေခံတွေမှလွဲ၍ တခြားဘယ်သူ့ကိုမှ မတွေ့တဲ့အတွက် အားလုံးအိပ်ပျော်နေပုံရတယ်။


ကျိယန်လဲ ဒီမှာမရှိဘူး… သူဘယ်ကိုသွားနေတာလဲ…


အိမ်မှာဆို ကျိယန်က မနက်တိုင်းလေ့ကျင့်ခန်းလုပ်တတ်တာကို သူမ ရုတ်တရက် သတိရသွားတယ်။ ဒါဆို သူလေ့ကျင့်ခန်းသွားလုပ်တာပဲဖြစ်ရမယ်လို့ သူမတွေးလိုက်မိတယ်။ ကျိုးမိသားစုအိမ်နောက်ဘက်မှာ ဥယျာဉ်အကျယ်ကြီးရှိနေတော့ သူအဲ့မှာလေ့ကျင့်ခန်းလုပ်နေတာပဲ ဖြစ်ရမယ်။


အဲ့အချက်ကိုတွေးလိုက်မိပြီး သူမလဲ မနက်ခင်းအပြေးလေ့ကျင့်ဖို့ရှိတဲ့အတွက် ဥယျာဉ်ဆီသို့ ဦးတည်လိုက်တယ်။ လူသွားလမ်းလေးတစ်လျောက် သစ်ပင်တွေနဲ့စိမ်းစိုနေပြီး မွှေးပျံ့နေတဲ့ပန်းနံ့တွေအပြင့် ငှက်ကလေးတွေရဲ့ သီချင်းဆိုသံကိုတောင်မှ သူမကြားနေရတယ်။ နေရာတစ်ခုလုံးက လှပနေပြီး လတ်ဆတ်တဲ့လေထုကြောင့် စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်နေစေတယ်။ ကြည့်ရတာ ဥယျာဉ်ကအရမ်းကြီးတဲ့အတွက် ကျိယန်က ဘယ်နေရာရောက်နေလဲဆိုတာ သူမခန့်မှန်းရခက်နေတယ်။


ဒါကြောင့် သူမအနေနဲ့ လူသွားလမ်းလေးအတိုင်းသာ ပြေးဖို့ဆုံးဖြတ်လိုက်တယ်။ ကျိယန်ကိုလဲ တွေ့လိုတွေ့ငြားပေါ့။ တကယ်လို့ သူ့ကိုမတွေ့ရင်လဲ ရှုခင်းတွေကြည့်ရတာ မဆိုးပါဘူး။


၁၅ မိနစ်လောက်ပြေးပြီးတဲ့နောက် သူမအရှေ့မှပြေးနေတဲ့ ပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်။ ထိုပုံရိပ်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျိယန်မှန်း သူမချက်ချင်းသိလိုက်တယ်။ ဒါပေမယ့် သူ့ဘေးနားမှာ လှပတဲ့ နောက်ထပ်ပုံရိပ်တစ်ခုကို သူမတွေ့လိုက်ရတယ်။


အဲ့ဒါ ကုယန်ရန်ပဲ


ထန်ထန် သူမနှုတ်ခမ်းကိုစေ့လိုက်မိပြီး သူတို့အနောက်သို့ အမှီပြေးလိုက်တယ်။ ဘာလို့လဲဆိုတော့ သူမအရှေ့မှ နှစ်ယောက်လုံးပြေးတာက အရမ်းကိုမြန်နေတဲ့အတွက်ဖြစ်တယ်။ နောက်ဆုံးတော့ သူမရဲ့ သက်လုံးအားကြောင့်အမှီလိုက်ဖို့မဖြစ်နိုင်တဲ့အတွက် အနောက်မှာသာကျန်ခဲ့ရတော့တယ်။


ကုယန်ရန် ရဲ့ ခြေလှမ်းတွေက ပေါ့ပါးပြီးသွက်လက်လို့နေတယ်။ ရှည်လျားတဲ့ခြေထောက်တွေနဲ့ နူးညံ့တဲ့ဆံပင်တွေကိုလဲ ခပ်မြင့်မြင့်စည်းနှောင်လို့ထားတယ်။ သူမဆံပင်တွေက သူမခြေလှမ်းအတိုင်း လွပ်လပ်စွာဝဲကျလို့နေတယ်။ သူမက ပေါ့ပေါ့ပါးပါးပဲ ပြေးနေတယ်။ ကျိယန်အနားသို့ကပ်နေရုံသာမက သူမကပျော်ရွှင်စွာနဲ့ စကားပြောနေပြီး တစ်စုံတစ်ခုကိုလက်ဟန်ခြေဟန်နဲ့ ပြောပြလို့နေတယ်။


တခါတလေမှ ကျိယန်က ခေါင်းငြိမ့် ခေါင်းခါနဲ့ တုံ့ပြန်နေတယ်။ ဘာကြောင့်မှန်း ထန်ထန်မပြောတတ်ပေမယ့် ကုယန်ရန်ရဲ့ အပြုံးတွေက ဖြာထွက်လို့နေတာကို သူမပြောနိုင်တယ်။ ကုယန်ရန်တစ်ယောက် အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေမှန်း ထန်ထန် အနောက်မှကြည့်နေရင်း နားလည်နေတယ်။ ကူယန်ရန်က သူမနဲ့တွေ့တုန်းကလို ပြသတဲ့ အေးစက်မှုတွေနဲ့ လုံးဝဆန့်ကျင်ဖက်ပဲ။


ဒီမြင်ကွင်းကိုကြည့်နေရင်း အကြောင်းပြချက်မရှိ ထန်ထန် သူမရဲ့ခြေထောက်တွေ မလှုပ်နိုင်တော့ပေ။ သူမ နှလုံးသားကို ခပ်ပြင်းပြင်းထိုးနှက်ခံရသလိုနာကျင်ပြီး သက်တောင့်သက်သာမရှိသလို ခံစားလိုက်ရတယ်။ ကျိယန်နဲ့ ကုယန်ရန်ကို အတူတူတွဲမြင်လိုက်တိုင်း သူမနှလုံးသားထဲမှ မသေချာမှုတွေခံစားရတယ်။ ကုယန်ရန် ကျိယန်အပေါ်ဆက်ဆံပုံက အကိုကျိုးကျီနဲ့တခြားသူတွေအပေါ်ကို ဆက်ဆံတာနဲ့မတူဘူးလို့ သူမအမြဲထင်နေမိတယ်။ အတိအကျသူမ မပြောတတ်ပေမယ့် မတူမှန်းကို သူမသတိထားမိတယ်။


ကျိယန်ဘက်မှ ကုယန်ရန်အပေါ်ခံစားချက်ကကော...


သူတို့တွေ အတူတကွကြီးပြင်းလာကြတယ်.. ပြီးတော့ မောင်နှမတွေထက်ပိုပြီး ရင်းနှီးကြတယ်။ သူတို့တွေရဲ့ အပြုအမူက မသင့်လျော်ဘူးလို့ သူမဘာကြောင့်တွေးနေမိလဲ မသိပေ။ သို့သော်လဲ… သူမ မသိစိတ်က ဘယ်တုန်းကမှ မမှားဖူးပေ။


ဒါဆို ကုယန်ရန်က ရှောင်ကျိုးအဖေအပေါ် နက်နဲတဲ့ခံစားချက်တကယ်ရှိနေတာလား… တကယ်ပဲ သူမက သူ့ကိုသဘောကျနေတာများလား…


သူမရဲ့ယူဆချက်တွေကြောင့် ထန်ထန်ချက်ချင်းပဲ ခြေလှမ်းတွေရပ်သွားရတယ်။ သူမ နှလုံးသားတစ်ခုလုံး ဒရမ်တီးသလိုမြည်ဟည်းနေပြီး ပုံရိပ်နှစ်ခုလုံး သူမမြင်ကွင်းကပျောက်ကွယ်သွားတဲ့အထိ ရပ်ကြည့်နေမိတယ်။


ကုယန်ရန်ကို စတွေတုန်းက အချိန်ကို ထန်ထန်သတိရသွားတယ်။ ကုယန်ရန်က သူမကိုလုံးဝမနှုတ်ဆက်ခဲ့ဘူး။ သူမတို့နှစ်ယောက်လုံးက လုံးဝသူစိမ်းတွေလိုပဲ။ ကုယန်ရန်က ကျိယန်ကိုပဲ စကားပြောခဲ့တယ်။ ဗီလာမှာ သူမတို့တွေ့တုန်းကလဲ ကုယန်ရန်က သူမကို လုံးဝစကားမပြောခဲ့ဘူးပဲ။ စစ်တပ်အိမ်ယာမှာတုန်းကသာ ကုယန်ရန်က ရုတ်တရက်  သူမကိုစကားတွေ အများကြီးပြောခဲ့တာဖြစ်တယ်။ ကုယန်ရန်က ကျိယန် တက်ကြွတဲ့အမျိုးသမီးကို သဘောကျတယ်… အဖိုးကျိက မြေးချွေးမကို စစ်တပ်ထဲမှအမျိုးသမီးကိုသဘောကျတယ် ဆိုတာမျိုးတွေပေါ့…


ပြီးတော့ ကျိယန်ကို ကုယန်ရန်က ‘’ အကို ‘’ လို့ခေါ်ပြီး ထန်ထန်ကို ဘယ်တုန်းကမှ ‘’ယောင်းမ’’ လို့မခေါ်ခဲ့ဘူး… တစ်ခါလေးတောင်မှ မခေါ်ဖူးဘူးပဲ…


အားလုံးကို ခြုံငုံသုံးသပ်ပြီးတဲ့နောက် ထန်ထန် သူမအတွေးတွေ မမှားမှန်း သေချာသွားတယ်။


ဒါပေမယ့် ကုယန်ရန်က လှပတယ်… လုပ်နိုင်စွမ်းလဲရှိတယ်… ပညာရေးလဲကောင်းတယ်… နောက်ခံမိသားစုလဲကောင်းတယ်လေ။ ဒီလိုအမျိုးသမီးက ကျိယန်ကိုသဘောကျနေတာ ဘာကြောင့် သိအောင်မလုပ်ရတာလဲ… ကုယန်ရန်လိုပြည့်စုံတဲ့သူသာ ကျိယန်ကိုသဘောကျတယ်ဆိုရင် တခြားသူတွေအားလုံးက သူမကိုဝိုင်းကူညီကြမှာပဲ… အနည်းဆုံးတော့ အဖိုးကျိဆိုရင် အရမ်းကူညီပေးမှာပဲ မဟုတ်လား…


ဒါဆို ဘာလို့ ကျိယန်က ဒီခန္ဓာကိုယ်မူလပိုင်ရှင်ကို လက်ထပ်ရတာလဲ… သူမတို့ကြားမှာ တစ်ခုခုများဖြစ်ခဲ့လို့လား…


ဒါမှမဟုတ် ကုယန်ရန်က ကျိယန်ကို သူမခံစားချက်တွေဖော်ပြပေမယ့်လဲ ကျိယန်က လက်ထပ်ပြီးတဲ့အတွက် သူမကိုငြင်းလိုက်တာများလား… ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာက တစ်လင်တစ်မယားစနစ်ကိုပဲ ခွင့်ပြုထားတာဖြစ်တဲ့အတွက် အဲ့ဒါက ရှက်ဖို့ကောင်းနေမှာပဲ…


ဒီဟာသာ အမှန်တကယ်ဆိုရင် ကျိယန်ကော ဘယ်လိုထင်မှာလဲ…


အဲ့အချိန်မှာပဲ လတ်တလော သူမအကြပ်အတည်းရောက်ချိန်မှာ သူမအပေါ်ပြုမူတဲ့ ကျိယန်ရဲ့ အပြုအမူတွေနဲ့ ချီးကျူးမှုတွေကြောင့် သူမယုံကြည်မှုအနည်းငယ်ရလာတယ်။ ကူယန်ရန်နဲ့ ယှဉ်လိုက်ရင် သူမက ပုံမှန်လမ်းဘေးကမြက်တစ်ပင်လိုပဲ။ ဒီလိုမျိုး လမ်းဘေးမြက်ကို ကျိယန်က တကယ်သဘောကျပါ့မလား…


ထန်ထန် ရည်ရွယ်ချက်မရှိပြေးရင်း စဉ်းစားနေမိတယ်။ အဆုံးမှာတော့ သူမ ဘယ်နေရာကိုရောက်နေမှန်း မသိတော့ပေ။ သူမ မြင်ကွင်းထဲ ခုံတန်းလေးတစ်ခုကိုမြင်လိုက်ရတဲ့အတွက် ဒီအတိုင်းသာ ထိုင်ပြီး စိတ်ထဲမှာလဲ အတွေးတွေဖရိုဖရဲနဲ့ ငေးမောနေမိတယ်။ 


သူမဘယ်အချိန်ထိ တွေဝေငေးမောနေမှန်း မသိပေ။ ရုတ်တရက် တစ်စုံတစ်ယောက်က သူမပုခုံးကို လှုပ်နေတယ်လို့ ခံစားလိုက်ရတယ်။


‘’ထန်ထန်… ဒီလိုနေရာကို ဘာလို့တစ်ယောက်ထဲ ပြေးလာတာလဲ… လူတိုင်းမင်းကိုလိုက်ရှာနေတာ..’’ 


ကျီယွဲ့က သူမကိုပြောနေတယ်။


နောက်ဆုံးတော့ သူမ အသိပြန်ဝင်လာတယ်။ ဒီနေ့ဘာနေ့လဲဆိုတာကို သတိရသွားပြီး ချက်ချင်းပဲမတ်တပ်ရပ်လိုက်ကာ မေးလိုက်တယ်


 ‘’ ဘယ်အချိန်ရှိနေပြီလဲ… ရှောင်ကျိုးကော…’’


‘’ ဆယ်နာရီထိုးတော့မယ်… ရှင့်ကိုမတွေ့လို့ဆိုပြီး ရှောင်ကျိုးနိုးနိုးခြင်း လိုက်ရှာနေတာ နှစ်နာရီလောက်ရှိနေပြီ… သူ့မာမီကို တွေ့ချင်တယ်ဆိုပြီး ငိုနေတာ… ကျိယန်လဲ ရှင့်ကိုရှာနေတယ်… အပြင်ထွက်တာ ဘာလို့ ဖုန်းကိုမယူသွားရတာလဲ…’’


သူမ အိတ်ကပ်ကိုစမ်းလိုက်တော့ ဖုန်းကကျန်ခဲ့မှန်းသိလိုက်တယ်။ သူမကို ရှာမတွေ့လို့ အသေးလေးတကယ်ကိုပဲ စိတ်ပူနေလောက်ပြီ။ သူမဘာလို့ ဒီအတိုင်းငေးမောနေရတာလဲ… ဘယ်လောက်တောင် မိုက်မဲလိုက်တာလဲ…


စကားပြောဖို့အတွက် ထန်ထန် အချိန်မရှိတော့ပေ။ သူမက ကျိယွဲ့လက်ကိုဆွဲကာ ပြေးရင်း 


‘’ မြန်မြန်ပြန်ရအောင်’’


နှစ်ယောက်လုံး အမောဆို့မတတ်ပြေးလွှားပြီးတဲ့နောက် နားနေခန်းကိုရောက်လာတော့တယ်။ ကျိုးကျီက ပထမဆုံးတွေ့တဲ့သူဖြစ်ပြီး


 ‘’ ထန်ထန်… ဘယ်အထိပြေးသွားရတာလဲ…ရှောင်ကျိုးက ငိုနေပြီ… သူတို့ကိုခေါ်လိုက်ဦးမယ်’’


ကျိုးကျီက ကျိယန်ကိုခေါ်လိုက်တဲ့အတွက် နှစ်မိနစ်အတွင်း ရှောင်ကျိုးကိုချီပြီးရောက်လာတယ်။ ကုယန်ရန်က အနောက်မှလိုက်လာတယ်။


ရှောင်ကျိုးက သူ့မိခင်ကို တွေ့တာနဲ့ ချက်ချင်းပဲအငိုရပ်သွားပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာ ကြောက်လန့်မှုတွေမပြေသေးတဲ့အသံနဲ့


 ‘’ မာမီ… မာမီ…’’


ထန်ထန် နှလုံးသားတစ်ခုလုံး နောင်တတွေနဲ့ ပြည့်နှက်သွားတယ်။ သူမက အပြေးတပိုင်းနဲ့ အသေးလေးကို သူမလက်တွေထဲသို့ပွေ့ချီကာ ညင်ညင်သာသာ နမ်းလိုက်ရင်း


 ‘’ တောင်းပန်ပါတယ် … ပေါင်ပေါင်လေးရယ်… မာမီသားကိုအကြာကြီး မထားခဲ့သင့်ဘူး… လိမ်မာတယ်နော်… မငိုနဲ့တော့…’’


ရှောင်ကျိုးက သူ့မိခင်လည်ပင်းကို တင်းကြပ်စွာနဲ့ ဖက်ထားလိုက်တယ်။ သူက ဝမ်းပမ်းတနည်း ရှိုက်နေရင်း လေသံတိုးလေးနဲ့


 ‘’ ဘယ်တွေသွားနေတာလဲ မာမီ… သားကိုဘာလို့မခေါ်သွားတာလဲ…သားအကြာကြီး မာမီကို ရှာနေတာ ပြီးတော့ မာမီကိုမတွေ့ဘူး… သားကို မလိုချင်တော့ဘူးလားဟင်…’’


အသေးလေးရဲ့ မျက်ရည်ကျလောက်တဲ့ မကျေနပ်ချက်တွေက သူမနှလုံးသားကို ခွဲလိုက်သလိုပဲ။ မသိလိုက်ဘာသာပဲ ထန်ထန်မျက်ရည်တွေကျလာပြီး 


‘’ မဟုတ်ပါဘူး… လုံး၀မဟုတ်ဘူး… မာမီက ဘယ်တော့မှ ပေါင်ပေါင်ကို မထားခဲ့ဘူး… မာမီက ခြံထဲအပြေးလေ့ကျင့်ရင်း အချိန်ကိုမေ့သွားလို့ပါ… ဖုန်းယူဖို့လဲ မေ့သွားလို့ ပေါင်ပေါင်လေးက မာမီ့ကိုရှာမရတာပါ… မာမီ မှားသွားပါတယ်… ဒီလိုမျိုး မာမီထပ်မလုပ်တော့ဘူးနော်… မာမီကို ခွင့်လွှတ်နော်..’’


ထန်ထန်ရဲ့ ရှင်းပြချက်တွေကို နားထောင်ပြီးတဲ့နောက် တုန်လှုပ်နေတဲ့ရှောင်ကျိုးရဲ့စိတ်တွေ ငြိမ်သက်သွားပြီး မျက်ရည်ကျနေတာတွေလဲ ရပ်သွားတော့တယ် ။ ထန်ထန်ရဲ့မျက်ရည်တွေကို သူ့လက်ဖောင်းဖောင်းတုတ်တုတ်လေးတွေနဲ့ သုတ်ပေးလိုက်ပြီး


 ‘’ မာမီ့ကို သားကအပြစ်မတင်ပါဘူး… မငိုနဲ့နော်… မာမီဆက်ငိုနေရင် မလှပဲနေတော့မယ်’’


ထန်ထန်က ငိုနေရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။


 ‘’ ကောင်းပါပြီနော်… မာမီလဲ မငိုတော့လို့ ပေါင်ပေါင်လဲ မငိုနဲ့တော့နော်…’’


လျင်မြန်စွာနဲ့ပဲ ကျိရှောင်ကျိုးက နှာခေါင်းလေးရှုံလိုက်ကာ


 ‘’ ဒါဆို သားလဲ မငိုတော့ဘူး’’


ထန်ထန်က အသေးလေးမျက်ရည်တွေကို သူမလက်ကိုင်ပုဝါနဲ့ သုတ်ပေးလိုက်တယ်။ ကျိယန်က တိတ်ဆိတ်စွာနဲ့ ရပ်နေတာကို သူမတွေ့လိုက်ရတယ်။ သူရဲ့ နက်ရှိုင်းတဲ့အကြည့်တွေနဲ့ သူမမျက်ဝန်းတွေ ဆုံသွားမိတဲ့အတွက် အထိတ်တလန့်ပဲ သူမအကြည့်တွေကို လွှဲလိုက်တယ်။


အဲ့အချိန်မှာပဲ… ကုယန်ရန်က သူမတို့နားလျောက်လာပြီး ကျိရှောင်ကျိုးကိုချီဖို့ပြင်လိုက်ရင်း


 ‘’ ထန်ထန်… ကျွန်မဆီကို ရှောင်ကျိုးပေးပါဦး… ရှင့်ကိုရှင် သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ဖို့လိုတယ်လေ… ဧည့်သည်တွေလဲ ခဏနေရောက်တော့မှာဆိုတော့ ရှင့်ရဲ့ ဒီလိုပုံကြီးက ကြည့်မကောင်းဘူးလေ…’’


ဒါပေမယ့် ရှောင်ကျိုးက သူ့မာမီနဲ့ခွဲချင်ပုံမရပေ။ သူက လက်တွေကိုပိုပြီး တင်းတင်းကြပ်ကြပ်ဖြစ်စေကာ ခေါင်းကိုယမ်းလျက်


 ‘’ သားမာမီနဲ့ပဲ နေချင်တယ်… သားကို မာမီပဲချီပေးပါ…’’


ထန်ထန်က ရှောင်ကျိုးကို ကုယန်ရန်ဆီသို့ မပေးလိုက်ပဲ လူတိုင်းကိုတောင်းပန်လိုက်တယ်


 “ ကျွန်မတောင်းပန်ပါတယ်… လူတိုင်းကိုဒုက္ခပေးလိုက်မိပြီ… ရှောင်ကျိုးကို ကျွန်မပဲ အခန်းကိုခေါ်သွားလိုက်ပါမယ်’’


ကျိုးကျီက ပြုံးလျက် လက်ကိုယမ်းလိုက်ကာ


 ‘’ ဘာဒုက္ခမှ မများပါဘူး… အဝတ်အစားသာ သွားလဲလိုက်ပါဦး’’


ထန်ထန်က ခေါင်းငြိမ့်ပြလိုက်ပြီး ရှောင်ကျိုးကို အပေါ်ထပ်သို့ခေါ်သွားလိုက်တယ်။ ရှောင်ကျိုးကို သူမအကြာကြီး မချီနိုင်ပေမယ့်လဲပေါ့။


ကျိယန်က နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး ထန်ထန်နားသို့သွားကာ ရှောင်ကျိုးကို သူမဆီမှ‌ခေါ်လိုက်ရင်း


 ‘’ ကိုယ်ချီလိုက်မယ်… မင်းချီဖို့မလွယ်ဘူးလေ…’’


ကျိုရှောင်ကျိုးကမဆင်းချင်တဲ့အတွက် ကျိယန် စူးစိုက်ကြည့်လိုက်ကာ


 ‘’ မာမီက မင်းကိုချီရင်းလမ်းလျောက်လို့မလွယ်ဘူးလေ… မာမီ့ကို ဆက်ပြီးချီခိုင်းစေချင်တာလား..’’


ကျိရှောင်ကျိုးတစ်ယောက် သူ့လက်တွေကို သူ့မာမီဆီမှဖယ်ကာ ကျိယန်လည်ပင်းကိုချိတ်ထားလိုက်တော့တယ်။


ကျိယန်က ရှောင်ကျိုးကို အခန်းဆီသို့ချီသွားရင်း ခဏတဖြုတ်ပျောက်သွားတဲ့ ထန်ထန်ကိုမဆူပူပေ။ အဲ့အစား ကျိယန်က 


‘’ ကိုယ်အောက်ထပ်မှာ ဧည့်သည်တွေကိုနှုတ်ဆက်ဖို့ သွားကူရမယ်.. မင်းတို့နှစ်ယောက်လုံးကို ကိုယ်ဂရုစိုက်နိုင်မှာမဟုတ်လောက်ဘူး… မင်းနဲ့ ရှောင်ကျိုးနှစ်ယောက်လုံး လျောက်သွားမနေနဲ့ဦး… ပြီးကျမှ ကိုယ်မင်းတို့ကို လာအဖော်လုပ်ပေးမယ်…’’


ထန်ထန် တိတ်ဆိတ်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။


ကျိယန်က ရှောင်ကျိုးခေါင်းကိုပွတ်လိုက်ပြီးနောက် ထန်ထန်ခေါင်းကိုပွတ်ပေးလိုက်ကာ အောက်ထပ်သို့ဆင်းသွားတော့တယ်။


ထန်ထန်ခံစားချက်တွေပိုရှုပ်ထွေးလာတယ်။ ဒါပေမယ့် အခုက သူမအတွေးတွေထဲ နစ်မွန်းနေရမယ့်အချိန် မဟုတ်ပေ။ သူမခံစားချက်တွေကိုအနောက်သို့ ပို့လိုက်ပြီး သူမကိုယ်သူမ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်တယ်။ သားအမိ နှစ်ယောက်လုံး စိတ်အခြေအနေတည်ငြိမ်သွားတဲ့နောက် အသေးလေးက ထန်ထန်နဲ့စကားတွေပြောနေတော့တယ်။


သူမတို့နှစ်ယောက်လုံး အောက်ထပ်ဆင်းသွားတဲ့အခါမှာတော့ ဧည့်သည် တော်တော်များများလဲ ရောက်နေကြပြီဖြစ်တယ်။ လူတိုင်းက အဆင့်အတန်းမြင့်တဲ့ပုံပေါ်နေကြပြီး နှစ်ယောက်တွဲ သုံးယောက်တွဲစီနဲ့ စကားစမြည်းပြောနေကြတယ်။


မသိလိုက်ဘာသာပဲ ထန်ထန် ကျိယန်ကိုရှာလိုက်မိတော့ ကျိုးကျီနဲ့အတူ ဧည့်သည်တွေကို ဧည့်ခံနေတာတွေ့လိုက်ရတယ်။ သူမ မသိတဲ့ ဧည့်သည်တွေနဲ့ သူက အလုပ်များနေတဲ့အတွက် ရှောင်ကျိုးကိုခေါ်ကာ လူရှင်းတဲ့ထောင့်တစ်ခုမှာ ထိုင်ပြီး စားသောက်နေလိုက်တယ်။


သားအမိ နှစ်ယောက်လုံး စကားပြောရင်းစားသောက်နေတဲ့အတွက် ပျင်းတယ်လို့ မခံစားရကြပေ။


အချိန်တချို့ကုန်ဆုံးပြီးတဲ့နောက် ထန်ထန်ရင်ခွင်ထဲမှာ ငြိမ်သက်စွာနဲ့ထိုင်နေတဲ့ ရှောင်ကျိုးက ရုတ်တရက် သူမကပုခုံးကိုပုတ်လိုက်ရင်း ဝင်ပေါက်မှဝင်လာတဲ့ လူတစ်ယောက်ကိုညွှန်ပြကာ စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်


 ‘’ မာမီ…မာမီ… မြန်မြန်ကြည့်လိုက်… အဲ့ဒါ အဘိုးပဲ… အဘိုးလဲ ဒီကိုလာတာလား…’’


ထန်ထန် အထိတ်တလန့်ဖြစ်သွားတယ်။ ရှောင်ကျိုးညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ ဂုဏ်သိကာရှိပြီး ခန့်ညားတဲ့ ဆံပင်အဖြူရှောင်တွေနဲ့ အကြီးအကဲတစ်ယောက်ကိုတွေ့လိုက်တယ်။


ထိုအကြီးအကဲနောက်မှနေ၍ နောက်ထပ်လူလေးယောက်ဝင်လာတာကိုပါ သူမ တွေ့လိုက်တယ်။ အဲ့လေးယောက်ကို သူမ ကျိယန်နဲ့စားသောက်ဆိုင်မှာတုန်းက မြင်ဖူးပြီးဖြစ်တယ်။ ဒီလူတွေက ကျိယန်သဘောမကျတဲ့သူတွေပဲ။


သူတို့တွေက ဘယ်သူတွေပါလိမ့်… ဘာလို့ အဖိုးကျိနဲ့ အတူတူလာတာလဲ..


အဖိုးကျိတို့ရောက်လာတာနဲ့ တပြိုင်နက် ကျိုးကျီတို့အားလုံး အဖိုးကျိကိုနှုတ်ဆက်လိုက်ကြတယ်။ ကျိုးကျီ… ကုကျန်းအန်…ကုယန်ရန် နဲ့ ကျီယွဲ့ အားလုံးပေါ့။


ဒါပေမယ့် ကျိယန်တစ်ယောက်တည်းသာ အနောက်မှာကျန်နေတာကို ထန်ထန်တွေ့လိုက်ရတယ်။ သူက အဖိုးကျိတို့အဖွဲ့ကို ဘာမှမပြောပေ။ သူတို့တွေက သူစိမ်းတွေလိုပဲ။


ကြည့်ရတာ ကျိယန်နဲ့ အဖိုးကျိရဲ့ ဆက်ဆံရေးက တကယ်ကိုမကောင်းဘူးပဲ။


ထန်ထန်အနေနဲ့ သူတို့စကားဝိုင်းထဲကို မသွားသင့်ဘူးလို့ခံစားလိုက်မိတယ်။ ဘာလို့လဲဆိုတော့ အဖိုးကျိက သူမကို လစ်လျူရှုနိုင်တယ်လေ။


ကျိရှောင်ကျိုးလဲပဲ အဖိုးကျိဆီသို့ မသွားပေ။ သူက ထန်ထန်ရင်ခွင်ထဲမှာနေ၍ လိမ်မာစွာနဲ့ စားနေတယ်။


ကျီယွဲ့မှလွဲ၍ တခြားသူတွေကို သူမ မသိတဲ့အတွက် ပါတီပွဲပြီးတဲ့အထိ သူမ တိတ်တဆိတ်နေမယ်လို့ ဆုံးဖြတ်ထားပေမယ့် မမျှော်လင့်ပဲ တစ်စုံတစ်ယောက်က သူမကိုလာရှာတော့တယ်။


‘’ထန်ထန်… နင် ဒီကိုလာမယ်လို့ ငါမထင်ထားဘူးပဲ’’ 


အမျိုးသမီးတစ်ယောက်အသံက ထောင့်နားမှထွက်ပေါ်လာတယ်။


ထန်ထန် ကြည့်လိုက်ပြီး ဒီ နူးညံ့လှပတဲ့အမျိုးသမီးကို ချက်ချင်းမှတ်မိသွားတယ်။ သူမက ကျီယွဲ့ကုမ္ပဏီအောက်က စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့သူပဲဖြစ်တယ်။ ကြည့်ရတာ သူမနဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်တို့က အတော်လေးရင်းနှီးပုံပေါ်တယ်။


ထန်ထန်က မျက်တောင်မခတ်ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။


တည်ငြိမ်နေတဲ့ ထန်ထန်ကို ကြည့်ရင်း ထန်မီ မျက်လုံးတွေ တောက်ပသွားကာ ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။ သူမက ထန်ထန်ဖက်ထားတဲ့ ရှောင်ကျိုးကို ကြည့်လိုက်ပြီး


 ‘’ ရှောင်ကျိုးတစ်ယောက် ဒီလောက်ထိ ထွားလာလိမ့်မယ်လို့ မထင်မိဘူး’’


ရှောင်ကျိုးက ထန်မီကို စပ်စုစွာနဲ့ကြည့်လိုက်တယ်။ သူ သူမကိုမသိဘူး။


ရှောင်ကျိုးရဲ့ စပ်စုတဲ့အကြည့်ကြောင့် ထန်မီက သူမကိုယ်သူမ မိတ်ဆက်လိုက်တယ်


 ‘’ ရှောင်ကျိုး… အန်တီက သားအမေရဲ့ ညီမလေးပဲ… သားက အန်တီလို့ခေါ်ပေါ့’’


သူမ စကားလုံးတွေက ထန်ထန်နှလုံးသားကိုအခုန်မြန်စေတယ်။ မျှော်လင့်ထားတဲ့အတိုင်း ဒီအမျိုးသမီးက မူလပိုင်ရှင်နဲ့ အရမ်းရင်းနှီးတာပဲကိုး။ သူမတို့တွေက ညီအစ်မတွေပဲကို… ဒါဆို အရင်တစ်ခါက သူမပြောတဲ့ အမေဆိုတာ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေပေါ့…


ကျိရှောင်ကျိုးက သူခေါင်းလေးကိုထောင်ကာ ထန်ထန်ကိုမေးလိုက်တယ်


 ‘’ မာမီ… သူက မာမီညီမလေးလား…’’


ထန်ထန်သူမနှုတ်ခမ်းစေ့လိုက်မိပြီး မေးခွန်းကို ဘယ်လိုဖြေရမှန်းမသိတော့ပေ။


သူမအပြုအမူကိုကြည့်ရင်း ထန်မီက


 ‘’ ထန်ထန်… နင်ငါ့ကို အပြစ်တင်နေမယ်ဆိုတာ သိပါတယ်… နင်ပိုင်တာတွေကို လုယူတာမဟုတ်ပါဘူး… ထန်မိသားစုပိုင်တာအားလုံးကို နင့်ကိုငါပေးပါတယ်… ရှစ်ယွဲ့ ကလွဲလို့ပေါ့… ငါနဲ့ ရှစ်ယွဲ့ က အပြန်အလှန်ချစ်ကြတာပါ… နင့်ကိုယ်နင်ဖိအားပေးပြီး သူနဲ့လက်ထပ်မယ်ဆိုရင်တောင် နင်ပျော်ရွှင်ရမှာမဟုတ်ဘူး… နင်အဲ့ဒါကို အခုထိ နားမလည်သေးတာလား… ဒီလောက်နှစ်တွေကြာနေပြီကို နင် ရှစ်ယွဲ့ကို လက်မလွှတ်နိုင်သေးဘူးလား…’’


ရှစ်ယွဲ့က ဘယ်သူလဲ… ရှစ်ယွဲ့ကို လက်မလွတ်နိုင်ဘူးလား… မူလခန္ဓာကိုယ်ပိုင်ရှင်က ရှစ်ယွဲ့ကို သဘောကျပြီး လက်ထပ်ချင်တာလား…


ထန်ထန်စိတ်တွေရှုပ်ထွေးကုန်တယ်.. သူမခေါင်းထဲ မေးခွန်းတွေပြည့်နေ ဘာမှပြန်မပြောနိုင်ဘူး။


ထန်ထန်တောက်လျောက် တိတ်ဆိတ်နေတာကို‌တွေ့တဲ့အတွက် ထန်မီ အရမ်းကိုစိတ်ဓါတ်ကျသွာပြီး


 ‘’ ထန်ထန်… ဘာပဲဖြစ်ဖြစ်လေ… အမေက နင့်ကိုမွေးခဲ့တာပဲ… သူမ အခုဖျားနေတယ် … နင်သူ့ကိုသွားတွေ့သင့်တယ်… အမေက နင့်ကိုတကယ်လိုအပ်နေတယ် … ငါနင့်ကိုတောင်းပန်ပါတယ် … သူမကို သွားတွေ့ပေးလို့ရမလား… ‘’


ထန်ထန် ဘာပြောရမှန်းမသိပေ။ သူမသာ တတ်နိုင်မယ်ဆိုရင် ဒီအခြေအနေကလွတ်အောင် နေရာတစ်ခုရှာပြီးပုန်းနေလိုက်ချင်တယ်။


ဒါပေမယ့် အခုသူမပုံရိပ်က သွေးအေးပြီး အကြင်နာမဲ့တဲ့ပုံစံကို ပြသနေတယ်။ 


ကျိရှစ်ယွဲ့ က ချက်ချင်းပဲ ထန်မီကိုလက်ကဆွဲကာ အချစ်တွေပြည့်နှက်နေတဲ့အသံနဲ့ 


‘’ မီမီ... ဒီမိန်းမကို ဘာတွေသွားပြောနေတာလဲ… သူမ ဘာနဲ့တူလဲဆိုတာ မင်းမသိဘူးလား… ဘာလို့ ကိုယ့်ကိုကိုယ် စော်ကားနေရတာလဲ…’’


‘’ ရှစ်ယွဲ့… ဒါပေမယ့် အမေက တကယ်ကိုပဲ…’’


ကျိရှစ်ယွဲ့က သူမကိုကြားဖြတ်ပြောလိုက်တယ်


 ‘’ ရတယ်… ကိုယ်တစ်ခုခုစဉ်းစားထားတယ်… မင်းကိုယ်မင်း နှိမ့်ချဖို့မလိုဘူး…’’


ထန်မီ သူမနှုတ်ခမ်းကိုကိုက်လိုက်တယ်။ အဆုံးမှာတော့ သူမက ထန်ထန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျိရှစ်ယွဲ့ခေါ်ရာနောက်သို့ ပါသွားတော့တယ်။


သူတို့မသွားခင်မှာတော့ ကျိရှစ်ယွဲ့က သူမကို ရွံရှာပြီးအမုန်းတွေနဲ့ပြည့်နှက်နေတဲ့ အကြည့်နဲ့ကြည့်သွားလေတယ်။ အဲ့ဒါက အပြင်လူဖြစ်တဲ့ ထန်ထန်ကို စိုးရိမ်စိတ်နဲ့ အတော်လေးခေါင်းကိုက်စေတယ်။


ဒီလူက သူမကိုဘာလို့အဲ့လောက်တောင် မုန်းနေရတာလဲ… သူနဲ့သူမရဲ့ ဆက်ဆံရေးကကော ဘာလဲ…


အဲ့ဒီနှစ်ယောက်က မုန်တိုင်းလိုရောက်လာပြီး သူမရဲ့စိတ်ကို နှောက်ယှက်သွားတယ်။ အဲ့ဒါက သူမအတွေးတွေကို  ရှုပ်ထွေးစေပြီး သူမခေါင်းတွေပါကိုက်လာတော့တယ်။


‘’ မာမီ… ဘာဖြစ်လို့လဲ… နေမကောင်းဘူးလား…’’


 ဖြူဖျော့လာတဲ့ ထန်ထန်မျက်နှာကို ကြည့်ပြီး ကျိရှောင်ကျိုး စိတ်ပူလာတယ်။


အားတင်းပြီး ထန်ထန် ခေါင်းယမ်းကာ 


‘’ မာမီဘာမှမဖြစ်ပါဘူး… နည်းနည်းလေး ပင်ပန်းသလိုဖြစ်သွားတာပါ’’


‘’ ဒါဆို သားမာမီကို နှိပ်ပေးမယ်လေ… အဲ့ဒါဆို မာမီမပင်ပန်းတော့ဘူး’’ 


ကျိရှောင်ကျိုးက သူ့လက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကို ဆန့်တန့်ကာ ထန်ထန်ရဲ့ ပုခုံးနဲ့ လက်တွေကို နှိပ်ပေးတော့တယ်။ အသေးလေးရဲ့ အားအင်က မလုံလောက်တဲ့အတွက် ထန်ထန်ကို ယားအောင်ကလိထိုးသလိုဖြစ်နေပြီး သူမရယ်နေရတော့တယ်။ ဒါကြောင့် သူမ ခံစားချက်တွေ အတော်လေးကောင်းမွန်သွားတယ်။


‘’ ဟုတ်ပါပြီ… မာမီ မပင်ပန်းတော့ပါဘူး… ပေါင်ပေါင်လေး အနားယူလိုက်ပါဦး… သားသွားပြီး ကစားချင်လား…’’ 


သူမနဲ့ အတူတူထိုင်နေတော့ အသေးလေးပျင်းနေလောက်ပြီ။


အသေးလေးက သူ့လိုပဲရွှေမျောက်ဆွဲကြိုးလေးဝတ်ထားတဲ့  ခပ်ဝေးဝေးက ကလေးတစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ သူသွားပြီး ကစားချင်ပေမယ့်လဲ သူ့မာမီနဲ့မခွဲချင်ပြန်ဘူး။


ထန်ထန်က သူ့ပါးလေးကိုနမ်းလိုက်ပြီး


 ‘’ ရပါတယ်… မာမီဒီမှာပဲနေပြီး မလှုပ်ဘူး… သားပြန်လာတာနဲ့ မာမီဒီမှာပဲ ရှိနေမယ်လို့ ကတိပေးတယ်’’


ထန်ထန်စကားကိုကြားပြီးနောက် အသေးလေးက တွန့်ဆုတ်စွာနဲ့


 ‘’ အဲ့ဒါဆို မာမီလှုပ်လို့မရဘူးနော်… မှတ်ထားရမှာနော်…’’


ထန်ထန်က ကတိပေးလိုက်တယ်


 ‘’ မာမီ ကတိပေးတယ်’’


နောက်ဆုံးတော့ အသေးလေးက သူ့ခြေထောက်တုတ်တုတ်လေးတွေနဲ့ ထိုကလေးဆီသို့ ပြေးထွက်သွားတော့တယ် ။


အဲ့ဒီတော့ သူက အဲ့ကလေးနဲ့တကယ်ပဲဆော့ချင်နေတာပဲ။


အသေးလေးထွက်သွားတာကြည့်ပြီးတဲ့နောက် ထန်ထန် သူမလက်တစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်ကာ နောက်တဖက်ကိုခေါင်းပေါ်သို့တင်ပြီး သူမရဲ့ မသက်မသာဖြစ်နေတဲ့ ခံစားချက်တွေကို လျော့ကျသွားအောင်လုပ်နေမိတယ်။


‘’ ထန်ထန်… ရှင်အဆင်ပြေရဲ့လား…’’