Part 38
ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် ထန်ထန် တဖက်သို့လှည့်ကြည့်လိုက်တယ်။ ဘယ်အချိန်ကတည်းက သူမနားမှာရောက်နေမှန်းမသိတဲ့ ကုယန်ရန်ကို တွေ့လိုက်တယ်။
ဘယ်အချိန်ကတည်းက သူမဒီမှာထိုင်နေတာလဲ...
ကုယန်ရန်က စိုးရိမ်တဲ့အကြည့်နဲ့ သူမကိုပြောလိုက်တယ်
" အခုလေးတင် ရှင် ထန်မီနဲ့ ကျိရှစ်ယွဲ့နဲ့ စကားပြောနေတာ ကျွန်မတွေ့လိုက်တယ်... ရှင်အဆင်ပြေရဲ့လား..."
"ကျွန်မ အဆင်ပြေပါတယ်... ကျွန်မ သူတို့ကိုမမှတ်မိမှတော့ ဘာဖြစ်ရမှာလဲ..."
ကုယန်ရန်နဲ့ ဘာအကြောင်းအရာကိုမှ သူမ မပြောချင်ပေ။
ထန်မီနဲ့ ကျိရှစ်ယွဲ့ အကြောင်းပြောတဲ့အချိန်မှာ စိတ်တည်ငြိမ်နေတဲ့ ထန်ထန်ရဲ့ အမူအယာကိုကြည့်ပြီး ကုယန်ရန် မျက်ဝန်းထဲတောက်ပသွားတယ်။
" ထန်ထန်... ရှင် ကျိရှစ်ယွဲ့ကို တကယ်ပဲ မမှတ်မိတော့ဘူးလား... သူ့အပေါ်ခံစားချက်တွေကိုလဲ ရှင်လုံးဝမေ့သွားတာလား..."
ဒီစကားလုံးတွေက သူမနှလုံးသားကို အခုန်မြန်စေတယ်။ ဒါပေမယ့် ကုယန်ရန်ရှေ့မှာမို့ သူမရဲ့ပုံစံကို တည်ငြိမ်အောင်ထားကာ မထူးခြားတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်
" ကျွန်မ မှတ်ဉာဏ်တွေ ဆုံးရှုံးထားတဲ့အတွက် ကျိရှစ်ယွဲ့ ကိုမသိသလို သူ့အပေါ်လဲခံစားချက်မရှိဘူး... ကျွန်မက အိမ်ထောင်ရှိတဲ့ ကလေးတစ်ယောက်မိခင်ပါ... ကျေးဇူးပြုပြီး မသင့်လျော်တာတွေ မပြောပါနဲ့"
ကုယန်ရန် အေးခဲသွားပြီးနောက် ပြုံးကာ တောင်းပန်လိုက်တယ်
" ကျွန်မ တောင်းပန်ပါတယ်... အဲ့လိုသဘောမျိုးမဟုတ်ပါဘူး... ကိုယ်တကယ်ချစ်တဲ့သူ တစ်ယောက်ကို လက်လွှတ်လိုက်ရတဲ့ ခံစားချက်ကို ကျွန်မနားလည်ပါတယ်။ ရှင်က ကျိရှစ်ယွဲ့ရဲ့ဇနီးနေရာအပြင့် တခြားအရာတွေအားလုံးက စီစဉ်ထားတဲ့အတိုင်း ရှင့်အတွက်ပဲဖြစ်ရမှာလေ။ ဒါကို တစ်စုံတစ်ယောက်က လုယူသွားတယ်မဟုတ်လား ။ ကျွန်မသာဆိုရင်လဲ ဒီအတိုင်းလက်လွှတ်နိုင်မှာ မဟုတ်ဘူး... ရှင်မမှတ်မိဘူးဆိုပေမယ့်လဲ သိသင့်တယ်လို့ကျွန်မထင်တယ်လေ... မဟုတ်ရင် ရှင့်အတွက် ဘယ်တရားပါ့မလဲနော်..."
ကုယန်ရန်ပြောစကားတွေကို နားထောင်ရင်း ထန်ထန် ရယ်ချင်လာတယ်... ကုယန်ရန်တယောက် ဘာဖြစ်ချင်နေတာလဲ... သူမအတိတ်မေ့နေတာကို မယုံလို့စမ်းသပ်နေတာလား... ဒါမှမဟုတ် အတိတ်ကိုပြန်သတိရအောင် အစဖော်ပေးနေတာလား... ဒီလိုလုပ်နေရတဲ့ ကုယန်ရန်ရဲ့ ရည်ရွယ်ချက်ကဘာလဲ...
သူမခင်ပွန်းကို သဘောကျနေတဲ့ အမျိုးသမီးတစ်ယောက်က သူမကိုကောင်းတဲ့ အရာတော့ပြောမှာ မဟုတ်ပေ။
တကယ်လို့ မူလခန္ဓာကိုယ်ပိုင်ရှင်သာ အတိတ်မေ့နေတယ်ဆိုရင် ပြန်မှတ်မိအောင်ကြိုးစားပြီး ဒီစကားတွေကိုလဲ နားယောင်နိုင်တယ်။ သူမက ကျိယန်နဲ့လဲ ကွာရှင်းပြတ်စဲပြီး သူမတို့ဆက်ဆံရေးဟာလဲ အဖက်ဆယ်လို့ ရမှာမဟုတ်တော့ဘူး။ ဒါဆိုရင် ကုယန်ရန်အတွက် ကျိယန်နဲ့ အတူရှိဖို့ အခွင့်အရေးရလာမှာပဲ။
ကံမကောင်းစွာနဲ့ပဲ သူမက မူလခန္ဓာကိုယ်ပိုင်ရှင်မဟုတ်ပေ...
ဒါကြောင့် ကုယန်ရန်က ကျိယန်ကိုသဘောကျနေပြီး သူနဲ့အတူရှိနေချင်တာ သေချာတယ်။ အခုတော့ သူမက အကြံအစည်တွေကို ထန်ထန်နဲ့ စတင်ပြီး အစီအစဉ်ဆွဲနေတာပဲ။
ဒီကမ္ဘာမှာ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြတဲ့အတွက် သူမလာခဲ့တဲ့ နေရာကလို အမျိုးသမီးတွေ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်ဖို့မလိုဘူးလို့ သူမထင်မိတဲ့အတွက် ကြိတ်ပြီးဝမ်းသာခဲ့တယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးနဲ့ သူမကြုံတွေ့ရမယ်လို့မထင်မိသလို အမျိုးသမီးတွေကြား ယှဉ်ပြိုင်မှုတွေက ရှိနေတုန်းပဲလား...
ကောင်းတဲ့ရည်ရွည်ချက်မရှိပဲ သူမပေါ် အရာအားလုံးအတွက် စေတနာ ထားချင်ယောင်ဆောင်နေတဲ့ ကုယန်ရန်ကို သူမ သဘောမကျပေ။ ဒါကြောင့် သူမ ပြတ်ပြတ်သားသား ပြောလိုက်တယ်
" ဘာသဘောနဲ့ ဒီလိုပြောတာလဲ... ကျွန်မကို အချစ်စစ်ဆိုတာနဲ့ ဆွဲဆောင်ချင်တာလား ဒါမှမဟုတ် ကျွန်မ ကျိယန်နဲ့အတူနေရတာက ဆိုးရွားတယ်လို့ထင်အောင်လား... ကျွန်မနဲ့ ကျိယန်ကို ရန်တိုက်ပေးနေတာလား..."
ထန်ထန်ဆီမှ သူမရဲ့အပြုအမူတွေနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ဒီလိုရိုးရှင်းပြီး ထက်မြက်တဲ့ စကားလုံးတွေ ထွက်လာမယ်လို့ ကုယန်ရန် လုံးဝမထင်မိပေ။
သူမအနေနဲ့ ဆက်ပြီးဟန်ဆောင်ကာ
" ရှင်ဘာတွေပြောနေတာလဲ ထန်ထန်... ကျွန်မရှင့်ကို သက်သေမရှ်ိပဲ စကားကိုမပြောစေချင်ဘူး... အဲ့လိုဘဝမျိုးက အရမ်းသနားစရာကောင်းတာပဲ... ရှင်နဲ့ အကိုကျိယန်ကို ကျွန်မက ဘာလို့အဆင်ပြေပြေ မနေစေချင်ရမှာလဲ..."
ထန်ထန်က ကုယန်ရန်ကို တည့်တည့်ကြည့်လိုက်ကာ
" ရှင် ဘာတွေတွေးနေလဲဆိုတာ ရှင့်ကိုယ်ရှင် သိမှာပါ... ရှင့်ရဲ့ ရည်ရွယ်ချက်ကို ရှင်ကိုယ်တိုင်ပဲသိပါတယ်... "
ကုယန်ရန် အမူအရာပြောင်းသွားပြီး
" ရှင် ဘာကိုဆိုလိုတာလဲ... ရှင်းရှင်းလင်းလင်းပြောစမ်းပါ "
" ရှင် ဘယ်သူ့ကို သဘောကျနေလဲဆိုတာ ရှင့်နှလုံးသားထဲက သေချာသိပါတယ်... ပြီးတော့ ကျွန်မကို အရူးလိုဆက်ဆံနေတာလဲ ရပ်လိုက်တော့... "
ကုယန်ရန် မျက်လုံးတွေပြူးကျယ်သွားပြီး ထန်ထန်ကိုစိုက်ကြည့်လိုက်တယ်။ ထန်ထန် နောက်နေတာမဟုတ်မှန်း သေချာသွားတဲ့နောက် သူမ ချက်ချင်းပြုံးလိုက်ကာ
" ရှင်က အပြင်ပန်းအတိုင်း ရိုးအနေတာ မဟုတ်ဘူးပဲ... ရှင် ဟန်ဆောင်နေတာမဟုတ်လား... အတိတ်မေ့တယ်ဆိုတာလဲ ဟန်ဆောင်ထားတာပဲ မဟုတ်လား... ရှင် ဘယ်တုန်းကမှ အတိတ်မမေ့ခဲ့ဘူး... "
ထန်ထန် မျက်မှောင်ကြုတ်လိုက်တယ် ။ သူမရဲ့ ပြောင်းလဲမှု အနည်းငယ်က ကုယန်ရန်ကို ချက်ချင်းပဲ သတိထားမိစေတယ်လား... ကုယန်ရန်က ယုံကြည်ချက်အပြည့်နဲ့ ဆက်ပြောတယ်
" အစောကြီးကတည်းက ရှင်အတိတ်မမေ့ဘူးဆိုတာ ကျွန်မ ပြောရဲတယ်... ဘယ်လို ကားအက်ဆီးဒန့်အသေးစားက ဦးနှောက်ကိုထိပြီး မှတ်ညဏ်တွေပျောက်စေမှာလဲ... ကျွန်မက ဆရာဝန်ဆိုတာ ရှင်မေ့နေတာပဲ... တကယ်အတိတ်မေ့တဲ့ လူနာတွေကို ကျွန်မမြင်ဖူးတယ်... ဒါကြောင့် သူတို့တွေ ဘယ်လိုအပြုအမူရှိလဲဆိုတာ ကျွန်မသေချာသိတယ်... ဒီလို ကြုံရာအကြောင်းပြချက်ကို တခြားသူတွေယုံမယ်လို့ ရှင်ထင်နေတာလား..."
ထန်ထန် နှုတ်ခမ်းတွေ တင်းတင်းစေ့လိုက်မိပြီး ချက်ချင်းပဲ ဖြူဖျော့လာတယ်
မျက်နှာဖုံးကွာကျသွားပြီဖြစ်တဲ့ ကုယန်ရန်က ဆက်ပြီးဟန်မဆောင်တော့ပေ။ နှစ်တွေအကြာကြီး သူမခံစားခဲ့ရတဲ့ ခါးသီးမှုတွေ နာကြည်းမှုတွေကို စကားလုံးတွေအဖြစ်ပြောင်းလဲလိုက်ပြီး
" ထန်ထန်... ရှင့်လိုလူမျိုးတွေက ရွံဖို့ကောင်းတယ်ဆိုတာ သိလား... တခြားတယောက်ကို သဘောကျနေပြီး ကျိယန်ကိုနိမ့်ကျစေတယ်... ကလေးကို အကြောင်းပြပြီး ကျိယန်ကို လက်ထပ်ခိုင်းတယ်... ရှင်လိုချင်တာမရတော့ ကျိယန်ကို ပစ်ပယ်ခဲ့တယ်... ကျိယန်ကို အသုံးချရအောင် ရှင့်ကိုယ်ရှင် ဘာထင်နေလဲ... ရှောင်ကျိုးကြောင့်သာမဟုတ်ရင် အရင်ကတည်းက ကျိယန်က ရှင့်ကိုသည်းခံနေမယ်ထင်လား... ရှင့်လို မိန်းမမျိုးက ကျိယန်ဘေးမှာ နေသင့်တယ်လို့ထင်လား... ရှင့်ကိုယ်ရှင် မှန်ထဲမှာကော ကြည့်မိရဲ့လား... "
ထန်ထန် ညာဘက်လက်ကို လက်သီးဆုပ်လိုက်မိတယ်။ ဒါဆို မူလခန္ဓာကိုယ်ပိုင်ရှင်က ကျိယန်နဲ့ လက်ထပ်ဖို့ ဒီလိုလုပ်ခဲ့တာပေါ့လေ။ ကျိယန် သူမကို သဘောမကျတာ အံ့ဩစရာမရှိပါဘူး ။
အခုအချိန်မှာတော့ ကုယန်ရန်ဆီမှ ကျက်သရေရှိမှု ရက်ရောမှု ကြင်နာတတ်မှု တော်ဝင်ဆန်မှုတွေ အားလုံးဟာ ပျောက်ဆုံးနေပြီဖြစ်တယ်။
သူမက ထန်ထန်ကို သေစေလိုတဲ့ မောက်မာရက်စက်တဲ့ လူသတ်သမားတစ်ယောက်လိုမျိုးဖြစ်နေပြီး
" ဘာလဲ... ရှင် ပြန်မပြောနိုင်တော့ဘူးလား... ရွေးချယ်စရာလမ်းမရှိတော့လို့ အတိတ်မေ့ချင်ယောင်ဆောင်တာမဟုတ်လား... ဒီလိုအတိတ်မေ့နေတာကပဲ ရှင်လုပ်ခဲ့တဲ့အပြစ်တွေကို ကျိယန်က လျစ်လျူရှုပြီး မကွာရှင်းတော့ဘူးပေါ့... အဲ့ဒါဆို ရှင်က သွားစရာနေရာမရှိတဲ့ ခွေးတစ်ကောင်လို မဖြစ်တော့ဘူးလေ... ဒါပေမယ့် ကျိယန်က ရှင်အတိတ်မမေ့ဘူးဆိုတာ သိရင် ဘာလုပ်မယ်လို့ထင်လဲ..."
ထန်ထန် သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီး လက်သည်းတွေက အသားထဲထိပါစိုက်ဝင်ကုန်တယ်။ ဒါပေမယ့် ကုယန်ရန်ရဲ့ နောက်ဆုံးစကားကသူမခေါင်းထဲမှာ ဘာနာကျင်မှုကိုမှ မခံစားရဘူး
တစ်စုံတစ်ယောက်က ကိုယ့်ရဲ့အနက်ရှိုင်းဆုံးအကြောက်တရားကို ကိုယ့်ရှေ့မှာပြောမယ်ဆိုရင် ဘယ်သူက မကြောက်ပဲနေနိုင်မှာလဲ
သူမ မှတ်ညဏ်တွေမပျောက်ဘူးဆိုတဲ့ ကုယန်ရန်ရဲ့ ခန့်မှန်းချက်စကားက မှန်ပေမယ့်လဲ ရှောင်ကျိုးကိုမွေးဖွားခဲ့တာ သူမ မဟုတ်ပေ။ ပြီးတော့ ကျိယန်နဲ့လက်ထပ်ထားတဲ့ တကယ့်ဇနီးလဲမဟုတ်ပေ။ သူမက သူတို့အားလုံးကို တချိန်လုံး လိမ်ညာနေမိတာပဲ။
တကယ်လို့ ကျိယန်သာ သူမက မှတ်ညဏ်တွေမပျောက်ပဲ ရှောင်ကျိုးမိခင်မဟုတ်တဲ့ အထီးကျန်နေတဲ့ တစိမ်းတယောက်ရဲ့ဝိညဏ်သာဖြစ်နေမှန်း သိသွားမယ်ဆိုရင် အရင်လိုပဲတုန့်ပြန်ဦးမှာလား... ဒါမှမဟုတ် သူမကို သူကိုယ်တိုင် နှင်ထုတ်လိုက်လေမလား...
မသိလိုက်ဘာသာပဲ ထန်ထန် အမူအယာတွေက ကြောက်လန့်မှုနဲ့ စိုးရိမ်မှုတွေဖြစ်လာတဲ့အတွက် ကုယန်ရန် ကျေနပ်လာမိတယ်။ ဒီနှစ်တွေမှာ သူမ နှလုံးသားထဲမှခံစားလာခဲ့ရတဲ့ အမုန်းတွေအားလုံးက ထန်ထန်ကို သေစေချင်လောက်တဲ့အထိပဲဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ အချိန်မကျသေးဘူးဖြစ်နေတယ်။
ကုယန်ရန်ဆိုတဲ့ သူမက အမြဲတမ်းစိတ်ရှည်တဲ့သူဖြစ်တယ်။ သူမအနေနဲ့ ကျိယန်ကို သူမဘက်ပါအောင်လုပ်ဖို့ နေ့ရက်တွေရှိနေသေးတာပဲ။
ပျော်ရွှင်ဖွယ်ရာနေ့ရက်တွေက သူမဆီကို မကြာခင်ရောက်လာတော့မှာပဲ။
" ထန်ထန်... အဖိုးကျိရဲ့ မြေးချွေးမ အဖြစ်လျာထားတာက ကျွန်မကိုပဲ... ရှင့်ကိုမဟုတ်ဘူး... ရှင့်ကြောင့်သာမဟုတ်ရင် ကျိယန်ကလဲ ကျွန်မကိုပဲလက်ထပ်မှာ... ရှင့်ဆီမှာရှိနေတဲ့ အရာအားလုံးက ကျွန်မပိုင်တာတွေပဲ... ရှင်စောင့်နေလိုက်... ကျိယန် ရှင့်မျက်နှာဖုံးကိုခွာချအောင်လို့ ကျွန်မလုပ်ပြမယ်... "
-------------------
"မာမီ... သားပြောပြဦးမယ်သိလား.. တုတု ဆီမှာလေ သားလိုမျိုး ရွှေမျောက်ဆွဲကြိုးလေးရှိတယ် သိလား... ဒယ်ဒီကပြောတယ် အဲ့ဒါအဘွားပေးထားတာတဲ့ "
"ပြီးတော့လေ တုတု ဒယ်ဒီနဲ့ သားဒယ်ဒီလဲ တပ်ထဲမှာတူတူပဲတဲ့ သူတို့တွေကအရမ်းအံ့ဩဖို့ကောင်းတာပဲနော်..."
"မာမီ... တုတုလဲ anipop ဂိမ်းတွေဆော့တယ်သိလား ဒါပေမယ့် သားလောက်တော့ level မမြင့်သေးဘူး... နောက်တခါကျရင် တူတူဆော့မယ်လို့ သားကတိပေးခဲ့တယ်သိလား"
(Anipop game က candy crush လိုဂိမ်းမျိုးပါ)
ကျိရှောင်ကျိုးက သူငယ်ချင်းအသစ် တုတုအကြောင်းကို စိတ်လှုပ်ရှားစွာနဲ့ ပြောနေတယ်။ ဒါပေမယ့် သူ့မာမီက ခါတိုင်းလို မတုံ့ပြန်တဲ့အတွက် သံသယဖြစ်စွာနဲ့ သူမနှာခေါင်းကို ညှစ်လိုက်ကာ
" ဘာဖြစ်လို့လဲ မာမီ... သားပြောတာ ကြားရဲ့လား"
"အာ... ဘာပြောလိုက်တာလဲ..."
သူမလက်ကို အသေးလေးက ကိုင်ထားတယ်။ အသေးလေးကြောင့် သူမသတိပြန်ဝင်လာတယ်
" မာမီ့ကို သား ဘာပြောလိုက်တာလဲ"
ကျိရှောင်ကျိုးက သက်ပြင်းချလိုက်ပြီး စိတ်ပူစွာနဲ့ မျက်မှောင်ကြုတ်လိုက်ကာ
" ဘာဖြစ်နေတာလဲ မာမီ... ဘာလို့ စိတ်ညစ်နေတာလဲ"
ထန်ထန် ပြုံးပြီး ခေါင်းခါလိုက်တယ်။
" ဘာမှ မဖြစ်ပါဘူး မာမီ နည်းနည်းပင်ပန်းနေလို့ပါ"
"အဲ့လိုလား.. ဒါဆို မာမီသားကိုမှီပြီး နားလေ... "
အသေးလေးက သူ့မာမီနားလို့ရအောင် ပုခုံးကို ပုတ်ပြလိုက်တယ်။
ထန်ထန်က အမျိုးသားလေးနားသို့ရွေ့လိုက်တယ်။ သူမက အသေးလေးပုခုံးပေါ် ခေါင်းတင်ပြီး မျကိလုံးမှိတ်လိုက်တယ်။
ထန်ထန် ပုခုံးပေါ်မှီပြီး နားနေတဲ့အတွက် ကျိရှောင်ကျိုး လှုပ်ပင်မလှုပ်တော့ပေ။ သူ့မာမီအိပ်ရတာ ပိုပြီးသက်သောင့်သက်သာဖြစ်အောင် သူ့ရင်ကိုဆန့်လိုက်တယ်
ထိုအဖြစ်အပျက်ကို မှန်တချပ်မှတဆင့် ကျိယန်မြင်သွားပြီး သူ့မျက်ဝန်းထဲ စိုးရိမ်မှုအနည်းငယ် ဖြတ်ပြေးသွားတယ်။
သုံးယောက်သား အိမ်ပြန်ရောက်တဲ့အချိန်မှာ ည ၈ နာရီထိုးနေပြီဖြစ်တယ်။ ညစာပြင်ရန် မီးဖိုချောင်ထဲဝင်တော့မယ့် ထန်ထန်လက်ကို ကျိယန်ကဆွဲလိုက်တယ်
" ဒီည မင်းပင်ပန်းနေပြီ... ကိုယ်မင်းအတွက် ခေါက်ဆွဲပြုတ်ပေးမယ်"
" ကျွန်မပဲ လုပ်လိုက်ပါမယ် "
ကျိယန်ရဲ့ ပူနွေးနေတဲ့လက်တဖက်ကြောင့် သူမတုန်လှုပ်သွားတယ်။ ခံစားချက်တွေအတွက် သူမဆီမှာအချိန်မရှိပေ။ သူမလက်ကိုချက်ချင်းပြန်ဆွဲလိုက်ပြီး မီးဖိုချောင်သို့ဝင်ခါ ခေါက်ဆွဲပြုတ်ပွဲကြီး တစ်ပွဲလုပ်လိုက်တာကြောင့် မိသားစုသုံးယောက်အတွက် ရိုးရှင်းတဲ့ညစာဖြစ်ခဲ့တယ်။
စားသောက်ပြီးတဲ့နောက် သုံးယောက်လုံး ရေချိုးလိုက်တယ်။ ထို့နောက် ခါတိုင်းလိုပဲ ခြေထောက်အတွက် ရေနွေးနဲ့ ဆေးဘက်ဝင်အရွက်တွေကိုပြင်ဆင်လိုက်တယ်။ ရေနွေးအဆင်သင့်ဖြစ်တဲ့အခါမှာတော့ သူမကိုယ်သူမ အံ့ဩသွားတယ်။ မသိလိုက်ဘာသာပဲ သူမ အားလုံးကိုပြင်ဆင်လာလိုက်တာလား... ဒါက ထမင်းစားရေသောက်သလို သူမအကျင့်ဖြစ်သွားတာပဲ ။
သူမ သူ့ကိုဘယ်လောက်တောင်မှ သဘောကျနေတာလဲ ဟမ်...
ဒါပေမယ့် သူ့အတွက် သူမဒီလိုပဲ အမြဲလုပ်ပေးနိုင်မှာလား... သူမသာ ရှောင်ကျိုးမိခင်မဟုတ်ဘူးဆိုရင် သူက ဒီလိုမျိုး လုံးဝခွင့်ပြုမှာမဟုတ်ဘူး။ သူမက တစ်စုံတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို ခိုးယူနေမိတာပဲ.. သူ သူမကို အရှက်မရှိဘူးလို့ ထင်နေမလား...
သူမ စိတ်တွေရှုပ်ထွေးနေပြီး တည်ငြိမ်အောင် မလုပ်နိုင်တော့ပေ။ ကျိန်ယန် အရှေ့မှာ သူမရဲ့စိတ်တွေကို ပြန်စုစည်းပြီး ခါတိုင်းလိုပဲနှိပ်ပေးလိုက်တယ်။ သူမနှိပ်နေစဉ်မှာပဲ ကျိယန်က သူမလက်ကိုဆွဲကာ
" ထန်ထန်... ဒီညတော့ ဆက်မလုပ်နဲ့တော့... မင်းပင်ပန်းနေရင် စောစောသွားနားတော့လေ... "
သူမ တညလုံးစိတ်တွေလွင့်နေတာ ပင်ပန်းနေလို့ပဲဖြစ်ရမယ်။
ထန်ထန် ကျိယန်ကိုကြည့်လိုက်မိတယ်။ သူရဲ့ နက်နဲပြီး နက်မှောင်နေတဲ့ အကြည့်တွေက သူမကိုမလွယ်ကူတဲ့ ခံစားချက်တွေ ဖြစ်လာစေတယ်။
သူမ လက်ကိုချက်ချင်းလွှတ်လိုက်မိပြီး
" ဒါဆို ရေနည်းနည်းလောက်ထပ်စိမ်လိုက်ဦး... ကျွန်မ သွားနားတော့မယ်"
"...အိုကေ..."
သူ့ကို တစ်ချက်တောင်လှည့်မကြည့်ပဲ ရှောင်ကျိုးကိုဖက်ကာ အိပ်ယာတဖက်မှာ လှဲသွားတဲ့ ထန်ထန်ကို ကြည့်နေမိတယ်။
ကျိယန် မရည်ရွယ်ပဲ မျက်ခုံးနှစ်ဖက်တွန့်ကုတ်သွားတယ်။
ပုံမှန်ဆိုရင် ထန်ထန်က သူကိုချိုသာတဲ့ အပြုံးလေးနဲ့
" ယောကျာ်း... ကျွန်မ မပင်ပန်းပါဘူး... ရှင့်ခြေထောက်ကိုနှိပ်ပြီးမှပဲ အိပ်မယ်လေ.." လို့ပြောနေကျ။ ပြီးရင် မအိပ်ခင် သူ့ကိုပြုံးပြမယ့်အပြင် ကောင်းသောညပါလို့ ပြောသေးတာလေ။ ဟုတ်တယ် မဟုတ်လား...
ဒီနေ့ ဘာဖြစ်လို့ပါလိမ့်...
သူမ မျက်လုံးတွေမှိတ်ထားပေမယ့်လဲ အိပ်မပျော်ပေ။ သူမစိတ်ထဲ ကူယန်ရန်ပြောစကားတွေနဲ့ပြည့်နေတယ် " ရှင်စောင့်နေလိုက်... ကျိယန်ရှင့်မျက်နှာဖုံးကိုခွာချအောင်လို့ ကျွန်မလုပ်ပြမယ်... "
ဒီစကားတွေ ကုယန်ရန် ဘာကြောင့်ပြောရတာလဲ... သူမ တစ်ခုခု ရှာတွေ့သွားလို့လား...
စိုးရိမ်မှုတွေကြောင့် သူမကောင်းကောင်း အိပ်မပျော်တဲ့အပြင့် အိမ်မက်ဆိုးတွေပါမက်တော့တယ်။ အိမ်မက်ထဲမှာ ကုယန်ရန်က သူမဟာရှောင်ကျိုးမိခင် မဟုတ်ပါဘူးလို့ဖော်ထုတ်လိုက်တယ်။ ကျိယန်ကလဲ အရမ်းကိုစိတ်ဆိုးပြီး သူမကို လူလိမ်လို့အော်ဟစ်နေတယ်။ ရှောင်ကျိုးကလဲ သူမကို အသိအမှတ်မပြုတော့ပဲ သားအဖ နှစ်ယောက်လုံးက သူမကို ဘယ်တော့မှပြန်မလာဖို့ပြောပြီး မောင်းထုတ်လိုက်ကြတယ်။
အိမ်ပေါ်ကနှင်ချခံရပြီးတဲ့နောက် သူမမှာ သွားစရာနေစရာ မရှိတော့တဲ့အတွက် လမ်းဘေးမှတောင်းစားနေရတာနဲ့ အဆုံးသတ်သွားတယ်
နောက်တနေ့မနက်မှာတော့ သူမ ကြောက်လန့်တကြားနဲ့ နိုးလာတယ်။ သူမ ပါးပြင်ကိုစမ်းကြည့်လိုက်တော့ မျက်ရည်တွေကျနေတာကို တွေ့လိုက်ရတယ်။
" မာမီ... ဘာလို့ငိုနေတာလဲဟင်... တနေရာရာကများ နာနေလို့လား"
အိပ်ခန်းထဲဝင်လာတဲ့ ရှောင်ကျိုးက သူ့မာမီငိုနေတာကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်းပဲ အထိတ်တလန့်ဖြစ်သွားကာ သူ့လက်သေးသေးလေးတွေနဲ့ သူမမျက်ရည်တွေကို သုတ်ပေးလိုက်တယ် ။
ထန်ထန်က အားပါးတရ ရှိုက်လိုက်ပြီး
" ဘာမှ မဖြစ်ပါဘူး... မာမီ အိမ်မက်ဆိုးတွေ မက်လို့ပါ... အခုအဆင်ပြေသွားပါပြီ... ဘယ်အချိန်တောင်ရှိနေပြီလဲ"
ကျိရှောင်ကျိုးက လက်မှနာရီကိုကြည့်လိုက်ပြီး
" ကိုးနာရီ ရှိပြီမာမီ"
ကိုးနာရီ... ထန်ထန် အိပ်ယာထဲမှ ချကိချင်းထလိုက်တယ်
" ဘာလို့ မာမီ့ကို မနှိုးတာလဲ ပေါင်ပေါင်... သားဗိုက်ဆာနေပြီလား... မာမီ သားအတွက် မနက်စာလုပ်ပေးမယ်"
"မာမီလုပ်ဖို့မလိုတော့ဘူး ဒယ်ဒီက ဒီနေ့မနက် မနက်စာဝယ်ပီးပြီ... ဒယ်ဒီက မာမီကိုမနှိုးဖို့ပြောထားတာ... မာမီပင်ပန်းနေလို့ အနားယူရမယ်တဲ့... ပြီးတော့ မာမီနိုးလာရင် မနက်စာစားဖို့လဲ သားကို မှာသွားတယ်"
ဖော်ပြလို့မရတဲ့ ခံစားချက်တွေ သူမခံစားလိုက်ရတယ်။ သူမပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို တပြိုင်တည်းခံစားလိုက်ရတယ်။ ပေါင်ပေါင်ဒယ်ဒီက သူမအပေါ်အရမ်းကောင်းပေးတဲ့အတွက် သူမပျော်ရွှင်ရသလို ဒီပျော်ရွှင်မှုတွေကလဲ ထင်ယောင်ထင်မှားဖြစ်သလိုမျိုး ပျက်စီးလွယ်တဲ့အတွက် ဝမ်းနည်းနေမိတယ်
"မာမီပြောတာက တကယ်လို့ပေါ့နော်... သားက တခြားတယောက်ရဲ့ ဗိုက်ထဲကထွက်လာတာဆိုရင်ကော မာမီကို မာမီလို့ခေါ်ဦးမှာလား"
ကျိရှောင်ကျိုးအတွက်တော့ ဒီစကားတွေက အတော်လေး နားလည်ရန်ခက်ခဲတယ်။ သူ့လက်လေးတွေ လှိမ်ယှက်နေပြီး ဘာမှစဉ်းစားလို့မရတော့ပေ။
အသေးလေးရဲ့ ကြပ်တည်းနေတဲ့ အပြုအမှုကိုကြည့်ပြီး ထန်ထန် သူမခေါင်းကိုသူမ ပြန်ရိုက်လိုက်မိတယ်။ သူမကို တစ်စုံတစ်ခုက ဝင်ပူးသွားသလို ခံစားလိုက်မိတယ်။ ဒီကိစ္စကို သူမ မနေ့ကတည်းက စိတ်ပူနေပေမယ့် ဒါက စိတ်ပူစရာမဟုတ်ဘူးလေ။ ဖြစ်လာမယ့်အရာတွေက အချိန်တန်ရင် ဖြစ်လာမှာပဲကို ။ ဒီလိုသာ နေ့တိုင်းပူပင်နေရင် သူမ ဘယ်လိုလုပ်ပြီး အသက်ရှင်သန်နိုင်တော့မှာလဲ။
ပြီးတော့ သူမ ဒီခန္ဓာကိုယ်ကို ယူထားတယ်လို့ ပုံမှန်လူတစ်ယောက်က စဉ်းစားမိမှာမဟုတ်ဘူးလေ။ ကူယန်ရန်တောင်မှ သူမကို အတိတ်မေ့ဟန်ဆောင်တယ်လို့ပဲ ထင်နေတာကို မဟုတ်ဘူးလား။
သူမ အတွေးများနေတာပဲ ဖြစ်ရမယ်
ဒါကြောင့် ဒီလိုမျိုးစိတ်ပူစရာတွေ ထပ်မဖြစ်ရအောင် ထန်ထန် တတ်နိုင်သမျှ အလုပ်ဖိလုပ်ပြီး မလိုအပ်တာတွေကို မတွေးမိဖို့ ဆုံးဖြတ်လိုက်တယ်
အခုလုပ်စရာအလုပ်လဲ မရှိတော့ ဝမ်ဝမ်အတွက် စကပ်နဲ့ ကျီယွဲ့အတွက် အောင်းချွမ်ချုပ်ပေးဖို့ သူမသဘောတူထားတဲ့အတွက် အဲ့ဒါတွေကို စချုပ်တော့တယ်။
အဲ့နေ့မှာပဲ ထန်ထန်က အဝတ်အထည်တွေချုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အွန်လိုင်းမှဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ထို့နောက် သူမ အိမ်မှုကိစ္စတွေလုပ်ပြီးတာနဲ့ တစ်ပြိုင်နက်ရှောင်ကျိုးကို ထိန်းရင်း အဝတ်အထည်တွေ စချုပ်တော့တယ်။ သူမ စတင်ပြီးချုပ်လိုက်တာနဲ့ ကူယန်ရန်ကိုလဲ သူမမေ့သွားတော့တယ်။ ဒါကြောင့် သူမစိတ်တွေဟာလဲ အေးချမ်းပြီး ငြိမ်သက်နေတော့တယ်။
ညအချိန်ရောက်မှသာ ထန်ထန် ကျိယန်ဘက်သို့ တိတ်တခိုးကြည်လိုက်မိပြီး ကုယန်ရန် စကားတွေကို ပြန်သတိရမိတော့တယ်။ ဒီမူလခန္ဓာကိုယ်ပိုင်ရှင်ကြောင့်သာ မဟုတ်ရင် ကူယန်ရန်က ကျိယန်နဲ့ လက်ထပ်ပြီးနေလောက်ပြီ။ သူမဟာလဲ အဖိုးကျိရဲ့ မြေးချွေးမဖြစ်နေလောက်ပြီ။
လေးလေးနက်နက်စဉ်းစားမိရင် ကျိယန်နဲ့ကုယန်ရန်တို့က ငယ်ငယ်ကတည်းက အတူတကွကြီးပြင်းလာတာပဲဖြစ်တယ်။ ကုယန်ရန်ရဲ့ ရုပ်ရည်သွင်ပြင်၊ လုပ်နိုင်စွမ်း နဲ့ မိသားစုနောက်ခံတွေ အားလုံးက ထူးချွန်နေပြီးဖြစ်တယ်။ မိသားစု နှစ်ခုလုံးရဲ့ အခြေအနေတွေကလဲ လုံးဝကိုလိုက်ဖက်ညီနေတယ်။ ကြည့်ရတာ အဖိုးကျိက ကုယန်ရန်ကို မြေးချွေးမ အဖြစ်လိုချင်တယ်ဆိုတာ အမှန်ပဲ ဖြစ်ရမယ်။ ကုယန်ရန်ကလဲ ဒီကိစ္စကို လိမ်ပြောမှာ မဟုတ်လောက်ဘူး။
ဒါဆိုရင် ကျိယန်ကကော ကုယန်ရန်ကို လက်ထပ်ချင်ခဲ့တာလား။ ဒီမူခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ရုပ်ရည်ကြောင့် သူတို့တွေပြတ်စဲသွားကြတာလား။
ကျိယန်ကကော ကုယန်ရန်ကို နှလုံးသားထဲကနေ သဘောကျနေလား
ထန်ထန် သူမတကယ်ကိုပဲသိချင်မိတယ်။ သူမ ကျိယန်ကို သဘောကျတယ်။ ကျိယန်ကလဲ သူမကို သဘောကျစေချင်တယ်။ ဒါကြောင့်ပဲ သူမ အလုပ်ကြိုးစားပြီး သူမကိုယ်တိုင်ကို သူ့ဆီမှာမြှုပ်နှံထားတာဖြစ်တယ်။ ဒါပေမယ့် ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိနေပြီဆိုရင်တော့ သူမဘယ်လိုလုပ်ပြီးဝင်နိုင်တော့မှာလဲ...
သူမ နို့ထိန်းပြောဖူးတာကို သတိရလိုက်မိတယ်။ တကယ်လို့ ယောကျာ်းတစ်ယောက်ရဲ့နှလုံးသားထဲမှာ မင်းမရှိဘူးဆိုရင် စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် သူ့နှလုံးသားထဲမှာ တခြားဘယ်သူမှမရှိဖို့တော့ သေချာအောင်လုပ်ဖို့လိုမယ်။ တကယ်လို့ အဲ့ယောကျာ်းရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ယောက်သာရှိမယ်ဆိုရင် မင်းဘယ်တော့မှ သူ့နှလုံးသားထဲကို ဝင်လို့ရမှာမဟုတ်တော့ဘူး။ အဲ့လိုလူမျိုးကိုသာ ချစ်မိသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်နာကျင်သေတာနဲ့ပဲ အဆုံးသတ်လိမ့်မယ်။
သူမ နို့ထိန်းပြောတာ မှန်တယ်လို့ ထန်ထန်တွေးမိတယ်။
ကျိယန်နဲ့ ကုယန်ရန်တို့ရဲ့ ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် ကျိယန်က ကုယန်ရန်အပေါ် ထူးမခြားတဲ့ ပုံစံနဲ့ပဲဆက်ဆံတာဖြစ်တယ်။ ဒါပေမယ့် ကုယန်ရန်အပေါ်မှာ အရမ်းတော့အေးစက်မနေဘူး။ သူက လေ့ကျင့်ခန်းလုပ်မယ် စကားပြောမယ် သူမအပေါ်မှာအများကြီးပြုံးမပြပေမယ့် ကူယနိရန်အပေါ်တော့ သူပြုံးပြတယ်။
ရိုးသားစွာပြောရရင် ထန်ထန် ကျိယန်ကို တကယ်ပဲမေးလိုက်ချင်တယ်။ ဒါပေမယ့် သူမပါးစပ်တွေဖွင့်လိုက်ပေမယ့် စကားလုံးတွေကတော့ ထွက်မလာခဲ့ဘူး။ ဟုတ်ပါတယ် သူမက ဘာကြောင့်များမေးရမှာလဲ။ ကျိယန်က သူမကို သဘောမကျဘူးလေ ပြီးတော့ သူမက သူ့ရဲ့တကယ်ဇနီးမှမဟုတ်တာ။
တကယ်လို့များ သူမ မလိုချင်တဲ့ အဖြေရရင်ကော ဘယ်လိုလုပ်မလဲ။ ဒါဆို အနာဂတ်မှာ သူမတို့တတွေ ဘယ်လိုဆက်ဆံကြမလဲ။ ထန်ထန် အနေနဲ့ သူမကိုယ်သူမ အလုပ်များအောင်သာလုပ်ပြီး ဘာမှမသိသလိုပဲနေလိုက်တော့တယ်။
ထန်ထန်အနေနဲ့ ပုံမှန်အတိုင်းသာနေပေမယ့် တစ်ခုခုပုံမှန်မဟုတ်မှန်း ကျိယန်ပြောနိုင်တယ်။
သူမ သူကိုကြည့်တဲ့ အကြိမ်အရေအတွက်ကို သူ့လက်တဖက်နဲ့တောင် ရေတွက်လို့ရလာတယ်။ သူတို့ အကြည့်ချင်းစုံလိုက်တာနဲ့ သူမကချက်ချင်းပဲ လွှဲပစ်တယ်။ အရင်တုန်းကဆို သူတို့အကြည့်ချင်းစုံလိုက်တိုင်း သူမကပျော်ရွှင်သွားပြီး ရှက်သွေးဖြာကာ ချိုသာတဲ့အသံနဲ့ "ယောကျာ်း" လို့ခေါ်နေကျဖြစ်တယ်။
သူမ ဘာဖြစ်နေတာလဲ... တစ်ခုခုဖြစ်နေတာလား...