အပိုင်း (၃၉)
Viewers 12k

part 39


"လောင်ကျိ... ဘာတွေ အလေးအနက်တွေးနေတာလဲ... "


တုန်းလီ က ကျိယန်ပုခုံးကိုပုတ်ရင်း ဘေးမှာထိုင်လိုက်တယ်။


ရည်ရွယ်ချက်မရှိပဲ ကျိယန် အဝေးသို့ ကြည့်လိုက်တယ်


တုန်းလီ သူ့အတွက်ဆေးလိပ်ကိုမီးညှိလိုက်ပြီးနောက် ကျိယန်အတွက်လဲ တစ်လိပ်ထုတ်ပေးလိုက်တယ် 


" အရင်နေ့တွေကတည်းက မင်းစိတ်ထဲတစ်ခုခုရှိနေတာ မဟုတ်လား"


ဆေးလိပ်ကို ကျိယန်က နှုတ်ခမ်းမှာတေ့ပြီးနောက် ဒေါင်လီက မီးညှိပေးလိုက်တယ်။ သူ အသက်ပြင်းပြင်းရှုလိုက်ပြီး ဆေးလိပ်ငွေ့တွေကို အဝိုင်းလေးတွေအဖြစ် လေထဲမှုတ်ထုတ်လိုက်တယ်။


"လောင်ကျိ... မင်းဆေးလိပ်သောက်တာကို ငါမတွေ့တာကြာပြီ... အရင်ကဆို ရှောင်ကျိုးကြောင့် မင်းစိတ်ပူပြီး သောက်တာကိုပဲတွေ့ဖူးတာ... ပြီးတော့ ရှောင်ကျိုးနဲ့ ထန်ထန် ဒီကိုပြောင်းပြီးကတည်းက မင်းသောက်တာမတွေ့တော့ ဆေးလိပ်ပြတ်သွားပြီတောင် ထင်နေတာ"


အရာရာတိုင်းမှာတော်နေပြီး ကိုယ့်ကိုကိုယ် စည်းကမ်းသတ်မှတ်ထားကာ အမြဲတမ်းရလဒ်ကောင်းတွေရနေတဲ့ ကျိယန်လိုလူမျိုးက အသက်ဆယ့်ငါးနှစ်ကတည်းက ဆေးလိပ်သောက်တတ်နေမယ်လို့ ဘယ်သူမှ ထင်မိမှာမဟုတ်ပေ။ ကျိယန်က ရှောင်ကျိုးလေး မမွေးခင်အထိ တနေ့ကို စီးကရက် နှစ်ဗူးသောက်နေကျ ဖြစ်တယ်။ ကလေးကျန်းမာရေးကြောင့်သာ ဆေးလိပ်သောက်တာကို လျော့ချလိုက်တာဖြစ်တယ်။ တစ်ခါတလေ မစ်ရှင်ရှိတဲ့အချိန်မှသာ ရှောင်ကျိုးဆီကိုပြန်မသွားနိုင်တဲ့အတွက် တစ်လိပ်တစ်လေ သောက်တတ်တာဖြစ်တယ်။ ထန်ထန်နဲ့ ရှောင်ကျိုးတို့ စစ်တပ်ဝင်ထဲသို့ ပြောင်းလာတော့မှသာ လုံးဝနီးပါး မသောက်တော့တာဖြစ်ပြီး အခုတကြိမ်က ပထမဆုံးပြန်သောက်တာ ဖြစ်တယ်။


ဒါကြောင့် ကျိယန် တစ်ခုခုကို စိတ်ပူနေတာ အသေအချာပဲဖြစ်တယ်။


ကျိယန်က စီးကရက်ပြာကို တချက်တောက်ချလိုက်ပြီး " ဘာမှ မဟုတ်ပါဘူးကွာ"


သူ ကျိယန်ကို မယုံပေ။ ကျိယန်က ပြန်မဖြေတဲ့အတွက်  ခန့်မှန်းရုံသာ တတ်နိုင်တော့တယ်။ 


"မင်းနဲ့ ထန်ထန် စကားများထားကြတာလား...  တော်တော်စိတ်ဆိုး ထားကြတာလား"


ကျိယန် ဆေးလိပ်ထပ်သောက်လိုက်ပြန်တယ်။


သူ့ခန့်မှန်းချက်က မှန်ကန်ပုံမရတဲ့အတွက် တုန်းလီ ပိုသိချင်လာတယ် 


" မင်းတို့ တကယ် စကားများထားကြတာလား... အဲ့ဒါတော့ မဟုတ်လောက်ဘူး... အင်း... အခု ထန်ထန်ရဲ့ အပြုအမူတွေ အရမ်းကောင်းနေပြီး မင်းကို ရတနာတခုလို ဆက်ဆံနေတာပဲ.... သူမက မင်းနဲ့ ဘယ်လိုလုပ်ပြီး စကားများနိုင်မှာလဲ... ငါထင်တာတော့ မင်းရဲ့ခံစားချက်မရှိတဲ့ မျက်နှာကြောင့်ပဲနေမယ်" 


တုန်းလီ အနေနဲ့ အတိတ်တုန်းက ထန်ထန်ရဲ့ ကောင်းကြောင်းကိုပြောဖို့အတွက် ဘာမှမရှိပေ။ ဒါပေမယ့် သူမက အခု မိုချီလိုဖြစ်နေတာပဲ မဟုတ်လား။ သူမက အခုဆိုရင် တည်ငြိမ်ပြီး နာခံတတ်လာတယ်။ အထူးသဖြင့် ကျိယန်ကို ကောင်းကင်အထိရောက်လောက်အောင်ပဲ အလိုလိုက်လွန်းနေတာပဲ။ သူမက ကျိယန်နဲ့ ဘယ်လိုလုပ်ပြီး စကားများနိုင်မှာလဲ… အဲ့ဒါ မဖြစ်နိုင်ဘူး…


ကျိယန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး မပြောင်းလဲတဲ့ လေသံနဲ့ 


‘’ ပေါက်ကရတွေ လျောက်ခန့်မှန်းမနေနဲ့…. မင်းထင်သလိုမဟုတ်ဘူး… ငါတို့အဆင်ပြေနေတယ်.. ‘’


သူ ကျိယန်ပြောတာကို မယုံပေ။ သူ့အနေနဲ့ တွေးနိုင်တာကတော့ ကျိယန် အတိတ်က ထန်ထန်ရဲ့ လုပ်ရပ်တွေကိုလုံးဝ ခွင့်မလွှတ်နိုင်သေးတာပဲဖြစ်ရမယ်။ ဒါကြောင့် သူ့အနေနဲ့ အကြံပေးရုံသာ တတ်နိုင်တဲ့အတွက် 


‘’ လောင်ကျိ… အတိတ်ကကိစ္စတွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့ကွာ… အခုလက်ရှိနဲ့ အနာဂတ်ကသာ ပိုအရေးကြီးတာ… သူမက အတိတ်မေ့နေမှတော့ မင်းလဲ အတိတ်ကို ဆုပ်ကိုင်မထားသင့်တော့ဘူးလေကွာ… သူမက အခုအရမ်းကို ကောင်းကောင်းမွန်မွန်ပြုမူနေတဲ့အပြင့် မင်းနဲ့ရှောင်ကျိုးအပေါ်ကို သူမရဲ့နှလုံးသားနဲ့ပုံအပ်ထားတာပဲ… ငါတို့လို ယောကျာ်းတွေက တွက်ကပ်မနေသင့်ဘူးလေ… ဟုတ်တယ်မဟုတ်လား…’’


 ကျိယန်က မှုန်မှိုင်းတဲ့အကြည့်နဲ့ တုန်းလီကို ကြည့်လိုက်တယ် 


‘’ ငါကအတိတ်ကိုလွှတ်မချဘူးလို့ ဘယ်နေရာကိုကြည့်ပြီးပြောတာလဲ’’


ခဏလောက်တွေးပြီးတဲ့နောက် တုန်းလီက ကျိယန်ပြောတာလဲ မှန်တာပဲလို့ တွေးလိုက်မိတယ်။ ကျိယန်က အမျိုးသမီးတွေအပေါ် သိပ်ပြီး ဇီဇာကြောင်တတ်တဲ့သူမဟုတ်ပေ။ ဒါပေမယ့် သူက အမျိုးသမီးတွေနဲ့ ဘယ်လိုအဆင်ပြေပြေနေရမလဲဆိုတာ မသိရုံပါပဲ။ ကျိယန်က အမြဲကြောက်ဖို့ကောင်းတဲ့ မျက်နှာထားရှိတဲ့အတွက် အတိတ်ကို ဒီအတိုင်းထားခဲ့တယ်ဆိုရင်တောင် ထန်ထန်အနေနဲ့ အဲ့လိုတွေးမှာမဟုတ်ပေ။


‘’ ဒါဆိုလဲ အတိတ်နဲ့ပတ်သတ်ပြီး ဘာမှဖြစ်မနေမှတော့ ထန်ထန်နဲ့ ကောင်းကောင်းမွန်မွန်နေလေ… သူမကို ပိုကောင်းကောင်းဆက်ဆံ… အမျိုးသမီးတွေက နှစ်သိမ့်မှုတွေလိုတယ်ကွ… တကယ်လို့ မင်းသူမကို ကောင်းကောင်းမဆက်ဆံရင် သူမက မင်းပေါ်ဘယ်လိုလုပ် ဆန္ဒရှိတော့မလဲ…’’


တုန်းလီက လက်မထပ်ရသေးပေမယ့် relationship နဲ့ပတ်သတ်ပြီး အတွေ့အကြုံတွေ အများကြီးရှိတယ်။ သူက အမျိုးသားတွေ သူတို့မိန်းကလေးတွေနဲ့ ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတာ နားလည်တယ်။ ဒါကြောင့်လဲ တုန်းလီရဲ့စကားတွေက ကျိယန်အပေါ် ကောင်းစွာအလုပ်ဖြစ်နေတာဖြစ်တယ်။


တိတ်တဆိတ်နဲ့ပဲ ကျိယန်အသက်ပြင်းပြင်းရှုလိုက်ကာ ဆေးလိပ်ပိုသောက်လိုက်မိတယ် 


‘’ သူမရဲ့အတိတ်ကြောင့်ဆိုပြီး ငါသူမကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး’’


တုန်းလီ သူ့မျက်လုံးကိုသာလှိမ့်ပစ်လိုက်ချင်ပေမယ့် 


“ သူမကို ဆိုးဆိုးဝါးဝါးမဆက်ဆံဘူးဆိုတာနဲ့ သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုတာက လုံးဝကိုကွဲပြားတယ်နော်… ထားပါတော့လေ… မင်းလိုတစ်ခါမှ ချိန်းမတွေ့ဖူးတဲ့သူက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ… ငါမင်းကိုပြောမယ်… ငါတို့တွေထဲမှာ ကျန်းချန်က သူ့ဇနီး ဖန့်ယုဝေ့ကို ဂရုအစိုက်ဆုံးပဲ… သူက အိမ်အလုပ်အားလုံးကိုလုပ်ပေးတဲ့အပြင့် ရှာလို့ရသမျှအားလုံးကို သူမကိုပေးတယ်… ပြီးတော့ သူမကိုနွေးထွေးတဲ့အကြည့်တွေနဲ့ ကြည့်ပြီး အကြိုအပို့လဲလုပ်တယ်… သူမမွေးနေ့နဲ့ ချစ်သူများနေ့တွေမှာလဲ လက်ဆောင်ပေးဖို့ ဘယ်တော့မှမမေ့ဘူး… ငါ့စိတ်ထင် အဲ့ကောင်က သူ့မိန်းမခြေထောက်ကိုတောင် နေ့တိုင်းဆေးပေးလောက်တယ်..’’


တုန်းလီက ပြောနေရင်းနဲ့ တကိုယ်လုံးတုန်လိုက်ပြီး


 ‘’ ကိစ္စမရှိပါဘူး… ယောကျာ်းလေးအများစုကလဲ ကျန်းချန်လောက် သူ့ဇနီးပေါ်အလိုလိုက်နိုင်မှာမဟုတ်ပါဘူး… ငါတို့ယောက်ျားတွေအတွက် သိက္ခာလဲမရှိတော့ပါဘူး… တတိယတစ်ခုဆိုရင် ရပြီကွာ… အဲ့တတိယတစ်ခုလောက်နဲ့ပဲ မင်းမိန်းမက မင်းကိုလုံးဝကြွေကျသွားမယ်ဆိုတာ ငါအာမခံတယ်’’


ကျိယန် သူ့နှုတ်ခမ်းပေါ်မှ စီးကရက်ကိုတိတ်တဆိတ်နဲ့ ဖယ်ထုတ်လိုက်တယ်။


ပိုက်ဆံတွေအားလုံးပေးလိုက်ရမယ်... အိမ်အလုပ်တွေအကုန်လုပ်ရမယ်... သူဘာမှလုပ်မပေးခင်မှာပဲ ထန်ထန်က သူ့အတွက် အရာအားလုံးကိုလုပ်ပေးနေပြီးဖြစ်တယ်… သူတို့မိသားစုရဲ့ပိုက်ဆံက သူ့ထိန်းချုပ်မှုအောက်မှာပဲဖြစ်တယ်။


နွေးနွေးထွေးထွေးနဲ့ ကြိုရမယ်… အဲ့ဒါကလဲ ထန်ထန်ပဲလုပ်နေတာပဲမဟုတ်လား… သူအလုပ်ကပြန်လာတဲ့ နေ့တိုင်း သူမက သူ့ကိုကြိုနေကျပဲ…သူတစ်ချက်လောက် နှာချေလိုက်မိရင်တောင် သူမက နေ့တဝက်လောက်စိတ်ပူနေတတ်တယ်။


ခြေထောက်ဆေးပေးတာလား... အဲ့ဒါကလဲ ထန်ထန် သူ့အပေါ်လုပ်ပေးနေကျပဲ... သူ သူမကိုဘယ်တုန်းကမှ မလုပ်ပေးဖူးဘူး


သေချာတွေးကြည့်မှ သူဘက်ကနေ ထန်ထန်အတွက်တခါမှ ဘာမှ မလုပ်ပေးဖူးဘူးပဲ။ အကျီလေးတစ်ထည်လောက်ဝယ်ပေးဖို့တောင် အချိန်မပေးခဲ့မိဘူး။ သူမဝတ်သမျှအားလုံးကလဲ သူမဘာသာချုပ်ထားတာတွေပဲဖြစ်တယ်။ သူမကိုပေးသမျှပိုက်ဆံတွေအားလုံးကိုလဲ သူမအတွက်မသုံးပဲ မိသားစုအတွက်သာ အသုံးပြုတယ်။


သူ သူမအပေါ်ကောင်းကောင်းမပြုမူမိတဲ့အတွက် သူမဒီလိုမျိုး မပျော်မရွှင် ဖြစ်နေရတာလား


တုန့်းလီက သူ့သူငယ်ချင်းကောင်းကို တကယ်ပဲပျော်ရွှင်စေချင်မိတယ်။ ရှောင်ကျိုးနဲ့ ထန်ထန် ဒီကိုပြောင်းလာပြီးကတည်းက ကျိယန်ပြောင်းလဲသွားတာကို သူ သတိထားမိတယ်။ ကျိယန်ကိုယ်တိုင်တောင်မသိပေမယ့် သူအနားမှာ ပျော်ရွှင်မှုတွေပြန့်နှံ့နေတာကို ဒေါင်လီ တွေ့နေရတယ်။ ဒါကြောင့်  သူ့သူငယ်ချင်း ခံစားချက်တွေကိုနားမလည်ရုံနဲ့ ပျော်ရွှင်မှုတွေပျောက်ဆုံးသွားမှာကို မဖြစ်စေချင်ဘူး


"လောင်ကျိ... အရင်တုန်းက မင်းနဲ့ထန်ထန်ကို ကွာရှင်းဖို့ ငါပြောဖူးပါတယ်... ဒါပေမယ့်ကွာ အခုကအခြေအနေတွေမတူတော့ဘူးလေ... ထန်ထန်က အတိတ်မေ့သွားပြီး သူမရဲ့အမူအကျင့်တွေကလဲ လုံးဝပြောင်းလဲသွားပြီ... မင်းနဲ့ရှောင်ကျိုးကို အလိုလိုက်လွန်းလို့ တခြားယောကျာ်းတွေအားလုံးကတောင် မနာလိုဖြစ်နေကြတာကွ... ပြီးတော့ သူမက ရှောင်ကျိုးရဲ့အမေအရင်းပဲလေ... ရှောင်ကျိုးလေးရဲ့အနာဂါတ်အတွက် အတူတူဆက်နေကြမယ်ဆိုရင်တော့ မင်း အတိတ်ကိုမေ့ပစ်သင့်နေပြီကွာ... အဲ့ဒါထက် အခုဆိုရင် ထန်ထန်က မင်းကိုတကယ်ပဲ သဘောကျနေတာ... မင်းကိုတွေ့တာနဲ့ သူမရဲ့အကြည့်တွေက မင်းနောက်ကိုပဲတောက်လျောက်လိုက်နေတာကွ... အဲ့လိုအကြည့်တွေက ငါတို့လို FA တွေကို စိတ်ဓါတ်ကျစေတယ်... အဲ့ဒါကြောင့် သူမကိုပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပါကွ... သူမနှလုံးသားကို အေးခဲမသွားစေနဲ့"


ကျိယန်က ဆေးလိပ်ကိုအားရပါးရဖွာပြီး မတ်တပ်ရပ်လိုက်ကာ " ငါသွားတော့မယ်"


"ဟမ်... ဘာလို့သွားတော့မှာလဲ... ငါပြောတာကိုကော နားထောင်နေရဲ့လား"


----------------------


အဲ့ဒီနေ့မှာတော့ ကျိယန်အိမ်ကို ပုံမှန်ထက် အစောကြီးပြန်ရောက်လာပြီး ဆိုဖာပေါ်မှာ အဝတ်အထည်တွေချုပ်နေတဲ့ ထန်ထန်ကိုတွေ့လိုက်ရတယ်။ ကျိယန်အစောကြီးပြန်လာတာကို ထန်ထန်က အံ့အားသင့်သွားပြီး


 " ဒီနေ့ အိမ်ကိုအစောကြီးပြန်လာတာပဲ... ကျွန်မ ညစာမချက်ရသေးဘူး...  အခုသွားချက်လိုက်မယ်နော်..."


ကျိယန် သူမပုခုံးကိုဆုပ်ကိုင်လိုက်ပြီး


 " အစောကြီးပဲရှိသေးတယ်... နောက်မှချက်ပါ.. အခုလုပ်နေတာပဲဆက်လုပ်လို့ရတယ်"


ထန်ထန်က အချိန်တစ်ချက်လှမ်းကြည့်ပြီးတဲ့နောက် စောသေးတဲ့အတွက် ညစာနောက်ကျမှချက်လဲရတယ်လို့ စဉ်းစားလိုက်တယ်။ သူမအဝတ်အထည်တွေ ဆက်မချုပ်ခင် ကျိယန်ကို တစ်ချက်လှမ်းကြည့်လိုက်သေးတယ်။


ကျိယန်က တိတ်ဆိတ်စွာနဲ့ ဆိုဖာပေါ်မှာထိုင်လိူက်ပြီး သူမချုပ်နေတာကို ကြည့်လိုက်တယ်။ သူမ စကဒ်တစ်ထည်ချုပ်နေတာပဲ။


"ဒီအထည်က အရင်တခေါက်က ချုပ်တာနဲ့မတူဘူးနော်..." ကျိယန်က ရုတ်တရက်ပြောလိုက်တယ်


ထန်ထန်က ခေါင်းငြိမ့်လိုက်ပြီး 


" အရင်တထည်က ဝမ်ဝမ်အတွက် ချုပ်ပေးတာလေ... အဲ့ဒါကပြီးသွားပြီ... အခုကျွန်မချုပ်နေတာက ကျီယွဲ့အတွက်ပေါ့... အရင်တခါ အဖွားကျို းမွေးနေ့တုန်းက သူမအတွက်ချုပ်ပေးမယ် ပြောထားလို့လေ"


ကျိယန်မျက်ဝန်းထဲ ဂုဏ်ယူမှုတွေပြည့်နှက်သွားတယ်။ ထန်ထန် ပထမဆုံးပစ္စည်းတွေ စဝယ်တဲ့အချိန်ကို သတိရသွားတယ်။ အဲ့တုန်းက သူနဲ့ရှောင်ကျိုးအတွက် ပိတ်စတွေဝယ်ပေးခဲ့တာပဲ။ သူ့အတွက်ရှပ်အကျီပါ ချုပ်ပေးဦးမယ်လို့ သူမပြောခဲ့သေးတယ်။ ရှောင်ကျိုးရဲ့ ဂျင်းအကျီလေးကတော့ပြီးသွားပေမယ့် သူ့အတွက်ရှပ်အကျီကိုတော့ မတွေ့ရသေးပေ။


သူမ သူ့အတွက်ချုပ်မပေးချင်တော့တာလား...


ကျိယန်နှလုံးသားထဲ ရှင်းမပြတတ်တဲ့ မသက်မသာဖြစ်မှုတွေ ခံစားလိုက်ရတယ်။ ဒါကြောင့်သူက တစ်ခုခုလုပ်ဖို့အတွက် မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကိုကြည့်ပြီးတဲ့နောက် ဘာမှလုပ်စရာမရှိမှန်း သိလိုက်ရတယ်။ ထန်ထန်က အိမ်ကိုအမြဲတစေ ကောင်းမွန်စွာ ထိန်းသိမ်းထားတာပဲ။ သူ လုပ်စရာဘာမှကို မရှိဘူး။ ဒါကြောင့် မတတ်သာစွာနဲ့ပဲ အခန်းထဲသို့သွားကာ စစ်ဘက်ဆိုင်ရာစာအုပ်ကိုသာ ဖတ်နေလိုက်တော့တယ်။


သိုသော်လဲ အချိန်အကြာကြီးဖတ်နေပေမယ့် သူ့စိတ်ထဲကို ဘယ်စာလုံးမှ ဝင်ရောက်မလာပေ။ ဒါကြောင့် စာအုပ်ကိုဘေးချကာ မျက်စိမှိတ်ပြီး စဉ်းစားနေလိုက်တယ်။ ခဏကြာပြီးတဲ့နောက် ကုကျန်းအန် ဆီသို့ ဖုန်းဆက်လိုက်တော့တယ်။


ဒီလိုအချိန် ကျိယန်ဆီမှဖုန်းဝင်လာတဲ့အတွက် ကုကျန်းအန် အံ့ဩသွားတယ်။ အဲ့ဒါထက် ကျိယန်ရဲ့ ပထမဆုံးစကားကြောင့် သူပါးစပ်အဟောင်းသားဖြစ်သွားတော့တယ်။ 


" ကျီယွဲ့မပျော်ရွှင်ဘူးဆိုရင် မင်းဘာလုပ်ပေးလဲ"


ကုကျန်းအန် နားကြားလွဲတယ်ထင်ပြီး " မင်း ဘာပြောလိုက်တာလဲ..."


ကျိယန်က ထပ်ပြီးပြောလိုက်တယ် " ကျီယွဲ့မပျော်ရွှင်ဘူးဆိုရင် မင်းဘာလုပ်ပေးလဲ"


နားကြားမှားတာ မဟုတ်မှန်း သေချာသွားတဲ့ ကုကျန်းအန်က " ဘာလဲ.. ထန်ထန် စိတ်ဆိုးနေလို့လား... မင်းသူ့ကို ချော့မလို့လား"


ကျိယန် ပြန်မဖြေပေ။


ရုတ်တရက်ပဲ ကုကျန်းအန် ရယ်ချင်လာမိတယ်။ အမျိုးသမီးတွေ လိုက်တာခံနေရတဲ့ ကျိယန်လိုလူမျိုးက မိန်းမကိုချော့ရမယ့် နေ့ရက်တွေရှိလာမယ်လို့ သူမထင်ခဲ့မိဘူး။ ကုကျန်းအန် ရုတ်တရက်ပဲ ဒီသတင်းကို လူတိုင်းကိုပြောပြချင်လာတယ်။ သူဘယ်လိုလုပ်သင့်လဲ...


ပြောလို့မဖြစ်သေးပါဘူးလေ... သူ ရယ်ချင်စိတ်ကိုထိန်းပြီး ပုံမှန်လေသံနဲ့


 " အဲ့ဒါလွယ်ပါတယ်... ကျီယွဲ့ မပျော်ဘူးဆိုရင် ငါ သူမကိုလက်ဆောင်ပေးလိုက်တယ်... ကျိယွဲ့က သူမရဲ့အသွငိအပြင်ကို ဂရုစိုက်တယ်လေ.. အဲ့ဒါကြောင့် ငါက အဝတ်လှလှလေးတွေ လက်ဝတ်ရတနာတွေ မိတ်ကပ်တွေ အလှပြင်ပစ္စည်းတွေ ဝယ်ပေးလိုက်တာပေါ့...  အဲ့ဒါဆို သူမ ပျော်သွားကော"


နောက်ထပ်စကားတွေကိုတော့ ကုကျန်းအန်က လေးလေးနက်နက်နဲ့ ဆက်ပြောတယ်


 " နောက်တစ်ခုကတော့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းပဲကွ... အဲ့ဒါက ဖယောင်းတိုင်တွေပါတဲ့ ရိုမန့်တစ်ဆန်တဲ့ ညစာပဲ... ညစာစားပြီးတာနဲ့ တစ်ပြိုင်နက် နှစ်ယောက်လုံးအတွက် ရိုမန့်တစ်ဆန်တဲ့ လေ့ကျင့်ခန်းပေါ့ကွာ... သူမကို ကောင်းကောင်းပြုစုပြီး သာတောင့်သက်သာဖြစ်စေရမယ်ပေါ့... အဲ့ဒါဆို နောက်တနေ့မနက်ရောက်တာနဲ့ သူမရဲ့ဒေါသတွေဆိုတာလုံးဝပျောက်ကွယ်သွားစေရမယ်... အိပ်ယာထဲမှာ ရှင်းလို့မရတဲ့ပြသနာဆိုတာ မရှိဘူးကွ"


"အကောင်းဆုံး စကင်ကဲ တစ်ဆက်လိုက် ငါဆီကိုပို့ပေးဖို့ ကျီယွဲ့ကိုပြောလိုက်... ငါသူမကို ပိုက်ဆံလွှဲပေးလိုက်မယ်"


ကုကျန်းအန် လျှာကိုကိုက်မိမတတ်ဖြစ်သွားပြီး နောက်တရစွာနဲ့


 " အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းကို မသုံးဘူးလား... အဲ့တာက လုံးဝထိရောက်တယ်ဆိုတာ ငါအာမခံတယ်"


ကျိယန်က ဖုန်းကိုချလိုက်တယ်။ 


ယောကျာ်းတစ်ယောက်အနေနဲ့ တာဝန်မကျေဖြစ်နေမှန်း ကျိယန်တွေးလိုက်မိတယ်။ သူဘက်က ဘာတာဝန်မှ မကျေတဲ့အချိန်မှာ သူမဘက်ကအရာအားလုံးအတွက် ပေးဆပ်နေရတယ်။ အတိတ်တုန်းကလုပ်ရပ်တွေကြောင့် သူ သူမကို ဇနီးအဖြစ် ကောင်းကောင်းမွန်မွန် မဆက်ဆံမိဘူးပဲ။ ဒေါင်လီ ပြောတာဖြစ်နိုင်တယ် ။ အတိတ်ကို ဆက်တွေးမနေသင့်တော့ဘူး။ အနာဂါတ်က ပိုအရေးကြီးတာပဲ။ သူမက အခုဆိုရင် အရမ်းကောင်းနေပြီပဲ။ ဒီလိုမိသားစုဘဝကို သူလိုချင်ခဲ့တာပဲလေ။


သူမ ပိုလှချင်နေတာမဟုတ်လား... ဒီ အလှကုန်တွေနဲ့ဆို သူမ ပျော်လောက်မှာပါ။


ကျီယွဲ့ကလျင်မြန်စွာနဲ့ပဲ နောက်တနေ့မှာ ကမ္ဘာ့အကောင်းဆုံး ထုတ်ကုန် တွေကို ပို့ပေးလိုက်တယ်။


ကျိယန် အိမ်ပြန်လာတဲ့အခါမှာတော့ သူရဲ့ကြမ်းတမ်းတဲ့ပုံရိပ်နဲ့ မလိုက်ဖက်စွာ ပစ္စည်း ပုံးလိုက်ကိုသယ်လာတော့တယ်။ အပြန်လမ်းတလျောက်လုံးလဲ လူတိုင်းရဲ့အကြည့်ကိုခံလာရတဲ့အတွက် အရှေ့ကိုသာစိုက်ကြည့်ပြီး အမြန်ပြန်လာရတယ်။ 


ကျိရှောင်ကျိုးက ပထမဆုံးသတိထားမိသူဖြစ်ပြီး ကျိယန်လက်ထဲမှအထုတ်ကို စိတ်ဝင်စားစွာနဲ့ စပ်စုလိုက်တယ်။ သူက စားလို့ရတဲ့တစ်စုံတစ်ခုထင်လိုက်ပေမယ့် အဆုံးသတ်မှာတော့ စားစရာတွေမဟုတ်မှန်းသိလိုက်ပြီး စိတ်ပျက်စွာနဲ့ သူ့ဒယ်ဒီကို ကြည့်လိုက်ကာ " အဲ့ဒါဘာတွေလဲ ဒယ်ဒီ.... သားအတွက်လား"


ကျိယန်က အသေးလေးရဲ့နဖူးကိုပုတ်လိုက်ပြီး မီးဖိုချောင်သို့ လှမ်းကြည့်လိုက်ကာ " သားက အရမ်းအတွေးတွေများနေတာပဲ... ဒါက မာမီအတွက်လေ... ဒယ်ဒီကိုကူပြီး မာမီကို ပေးပေးပါလား"


သူ့မာမီအတွက်လို့ ကြားလိုက်တာနဲ့တစ်ပြိုင်နက် ရှောင်ကျိုးမျက်ဝန်းတွေ တောက်ပသွားပြီး " ဒယ်ဒီ... မာမီကို ဆွဲဆောင်ဖို့ကြိုးစားနေတာလား..."


"ဆွဲဆောင်တယ်ဆိုတဲ့ စကားကို သားက နားလည်လို့လား" ကျိယန်က ပြန်မေးလိုက်တယ်


ကျိရှောင်ကျိုးက ခဏလောက်တွေးလိုက်ပြီးနောက် မေးစေ့ကိုမော့ကာ သူနားလည်သလိုချက်ချင်းပဲ အဖြေပေးလိုက်တယ် "နားလည်တာပေါ့...  ဆွဲဆောင်တယ်ဆိုတာ ယောက်ျားလေးက မိန်းကလေးကို လက်ဆောင်ပေးတာပဲ ပြီးတော့ အဲ့မိန်းကလေးကပျော်သွားမယ် ပြီးရင်သူတို့တွေ သမီးရည်းစားတွေဖြစ်လာကြမယ်လေ "


"..." 


ကျိယန် ပြောစရာစကားတွေပျောက်ရှပြီး အံ့ဩသွားတယ်။ ၃ နှစ်သားလေးက ဒီစကားရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်နေတယ်... သူဘယ်ကနေ သင်လာတာလဲ... တီဗီကနေပဲလား


ဒါပေမယ့် သူအခုလုပ်နေတာက ဆွဲဆောင်နေတာမှမဟုတ်တာ... သူက ရှောင်ကျိုးကို ကောင်းမွန်တဲ့မိသားစုနဲ့ ပတ်ဝန်းကျင်ကောင်းကောင်းမှာ ရှင်သန်နိုင်ဖို့အတွက် လုပ်ပေးရုံသာဖြစ်တယ်။


"ဒယ်ဒီက မာမီကိုဆွဲဆောင်ဖို့မလိုတော့ဘူးလေ... မာမီက ဒယ်ဒီ ဇနီးဖြစ်နေပြီးပြီ... ဒါကြောင့် မာမီကိုလက်ဆောင်ပေးတာက ဘာမှအထူးတလည်မဟုတ်ဘူး... သားနားလည်လား"


ကျိရှောင်ကျိုးက မျက်လုံးကိုလှည့်လိုက်ပြီး မီးဖိုချောင်ထဲမှ ထန်ထန်ကို လှမ်းကြည့်လိုက်ကာ သူဒယ်ဒီနားသို့ ကပ်လိုက်ပြီး လေသံတိုးလေးနဲ့


 " ဒါပေမယ့်... ဒယ်ဒီရယ်... လက်ဆောင်ဆိုတာ ကိုယ့်ရဲ့စိတ်ကိုဖော်ပြတာမို့လို့ ယောကျာ်းလေးကိုယ်တိုင်ပေးသင့်တယ်... မဟုတ်ရင် မိန်းကလေးက သဘောမကျတော့ဘူး... ဒါကြောင့် ဒီလက်ဆောင်ကို ဒယ်ဒီကိုယ်တိုင် မာမီကိုပေးသင့်တယ်"


"..." 


ကျိယန် ရုတ်တရက်ပဲ ရှောင်ကျိုးကို တီဗီဒရမ်မာတွေ ပေးမကြည့်သင့်တော့ဘူးလို့ ခံစားလိုက်မိတယ်။ ရှောင်ကျိုးတယောက် မူကြိုကျောင်းကနေ ဇနီးသေးသေးလေးတွေ အများကြီး အိမ်ခေါ်လာမှာကို သူစိုးရိမ်လာမိတယ်။


ကျိရှောင်ကျိုးက သူ့ဒယ်ဒီအစားလက်ဆောင်ပေးဖို့ကို လုံးဝငြင်းလိုက်ပြီဖြစ်တယ်။ ငယ်စဉ်ကတည်းက ဆန့်ကျင်ဖက်လိင်ကို တခါမှလက်ဆောင်မပေးဖူးတဲ့အပြင့် တခြားသူဆီက လက်ဆောင်ကိုသာ ရခဲ့ဖူးတဲ့ ကျိယန်နယောက် အကူအညီမဲ့စွာနဲ့ပဲ လက်ဆောင်ကို ကိုယ်တိုင်ပေးရတော့မှာဖြစ်တယ်။ အဲ့ခဏမှာပဲ အလွန်အင်မတန်မှကို အဆင်မပြေဖြစ်နေပြီး စကားတလုံးမှကို သူ့ပါးစပ်က ထွက်မလာတော့ပေ။ 


အဲ့ဒီလိုနဲ့ပဲ ကျိယန် ညစာစား ရေချိုးပြီးတဲ့အထိ အချိန်ဆွဲနေဖြစ်တယ်။ ထို့နောက် အိပ်ယာဝင်ချိန်ရောက်တဲ့အထိ လက်ဆောင်ကိုမပေးရသေးပေ။ ကျိရှောင်ကျိုးမှာ အတော်လေးစိတ်ရှုပ်လာပြီး အဓိပ္ပာယ်ရှိတဲ့ အကြည့်တွေနဲ့ ကျိယန်ကိုကြည့်ကာ သူ့မျက်နှာဖောင်းဖောင်းလေးကို ပေါက်စီလေးတစ်လုံးလို လှုပ်လှုပ်ပြီး အချက်ပြနေတော့တယ်။ 


ထန်ထန်က ထူးဆန်းနေတဲ့ ကျိရှောင်ကျိုးကို ကြည့်ပြီး ‘’ ပေါင်ပေါင်… သားမျက်နှာက ဘာဖြစ်နေတာလဲ… နေလို့မကောင်းဘူးလား…’’


ကျိုရှောင်ကျိုး အထိတ်တလန့်ဖြစ်သွားပြီး ချက်ချင်းပဲ နဂိုမျက်နှာထားသို့ပြန်ပြောင်းလိုက်ကာ ချစ်ဖို့ကောင်းစွာနဲ့ ခေါင်းကိုယမ်းပြလိုက်ပြီး ‘’ နိုး… မာမီ… ဒီလိုလုပ်ရင် မျက်နှာကပိုပြီးပိန်လာတဲ့ပုံပေါ်တယ်လို့ တီဗီမှာပြောထားတာတွေ့လို့… သားမျက်နှာက ဝကစ်နေလို့လေ… အဲ့ဒါကြောင့် ပိန်အောင်လုပ်နေတာ ပိုပြီးကြည့်ကောင်းလာအောင်လို့…’’


အဲ့လိုလား… သူမတော့ မကြားမိဖူးဘူး ထင်တာပဲ… နားမလည်စွာနဲ့ ထန်ထန် ခေါင်းငြိမ့်လိုက်တော့တယ်။


ကျိယန်က တည်ငြိမ်စွာနဲ့ပဲ ညဏ်ပြေးလွန်းတဲ့ ကျိရှောင်ကျိုးကို ကူညီပေးဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။


ကျိုရှောင်ကျိုးက သူ့လက်နှစ်ဖက်လုံးကိုဖြန့်ပြီး ကူညီပေးလို့မရကြောင်း ပြလိုက်တယ်။  ပြီးတော့ ဒါကသူ့ဒယ်ဒီ ကိုယ်တိုင်လုပ်ရမှာဖြစ်လို့ သူဘယ်လိုမှကူညီလို့မရဘူး။ 


ကျိယန်က သူ့ခြေထောက်ကိုဆေးပေးနေတဲ့ ထန်ထန်ကို စိုက်ကြည့်လိုက်တယ်။ သူမ  သူ့ခြေထောက်ကိုဆေးနေရင်း သူ့ကိုလုံးဝမကြည့်သလို ပြုံးမပြတာကိုလဲ သတိထားမိတယ်။ ဒီလိုမျိုးဆက်သွားနေလို့တော့ မဖြစ်ပေ။ ဒါကြောင့် ရွေးချယ်စရာမရှိတော့ပဲ လက်ဆောင်ဗူးကိုယူကာ ထန်ထန်ဆီသို့ ဘာမှမပြောပဲ ထိုးပေးလိုက်တော့တယ်။


ထန်ထန် မျက်တောင်ခတ်လိုက်ပြီး မေးလိုက်တယ် “ ဒါဘာကြီးလဲ’’


လည်ချောင်းကိုရှင်းလိုက်ပြီး ခံစားချက်မရှိစွာနဲ့ ကျိယန်ပြောလိုက်တယ်


 “ ဒါတွေက စကင်ကဲထုတ်ကုန်တွေပဲ … တစ်ယောက်ယောက်က ကိုယ့်ကိုပေးလို့လေ.. ကိုယ်လဲသုံးဖို့မလိုတာနဲ့ မင်းကိုပေးတာ…’’


ထန်ထန် အံ့ဩသွားတယ် ။ ဘယ်သူကများကျိယန်ကို ဒါတွေပေးလိုက်တာပါလိမ့်… ဒါပေမယ့် သူမ မေးခွန်းတွေထုတ်မမေးပေ။ လက်ဆောင်ဗူးကိုယူလိုက်ပြီး ‘’ ကျေးဇူးတင်ပါတယ်… ကျွန်မ ကောင်းကောင်းသုံးလိုက်ပါ့မယ်’’


သူမ လက်ဆောင်ဗူးကိုစိတ်လှုပ်ရှားစွာနဲ့ ဖွင့်လိုက်ပြီး သူ့ကိုချိုသာတဲ့အပြုံးလေးနဲ့ 

 ကျေးဇူးပါ ယောကျာ်း ကျွန်မအရမ်းကြိုက်တာပဲ ‘’ လို့ပြောမယ်လို့ထင်ခဲ့ပေမယ့် အဆုံးမှာတော့ သူမက သူ့ကိုကျေးဇူးတင်ပြီး ရေချိုးခန်းထဲကို ဝင်သွားတော့တယ်။


သူမ စိတ်လှုပ်ရှားပုံလဲမရဘူး… သူမ အဲ့ဒါကို မကြိုက်လို့လား…


ကျိရှောင်ကျိုး နှစ်ခြိုက်စွာ အိပ်မပျော်ခင်အထိကို ကျိယန် နားမလည်နိုင်သေးပဲ ဖြစ်နေတယ်။ အမှောင်ထဲမှာ ထန်ထန်အိပ်ပျော်ပြီလားဆိုတာ မသေချာပေမယ့် သူ့ခေါင်းကိုတဖက်သို့လှည့်လိုက်ပြီး ‘’ ထန်ထန်’’


‘’အာ.. ဘာလဲ… ယောကျာ်း…’’ ထန်ထန်လဲ အိပ်မပျော်သေးပေ။


ကျိယန် ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်တယ် “ အဲ့ဒီဟာတွေ… အဲ့ဒါတွေကို မင်းမကြိုက်ဘူးလား…’’


‘’ ဟင်.. ဘာတွေကိုလဲ…’’


‘’ အဲ့ဒီ စကင်ကဲတွေကိုလေ .. အဲ့ဒါတွေကို မကြိုက်ဘူးလားလို့’’


သူ ဒီနေ့ညအရမ်းထူးဆန်းနေတယ်လို့ ထန်ထန်တွေးလိုက်မိတယ်။ ဒါပေမယ့် သူမက အရိုးသားဆုံးဖြေလိုက်တယ် “ မဟုတ်ပါဘူး… ကျွန်မ အရမ်းကြိုက်ပါတယ်… ကျွန်မအသားအရေအတွက် အဲ့ဒါတွေလိုနေတာလေ ပြီးတော့ ရှင်ကျွန်မကိုပေးတဲ့ဟာကလဲ ကောင်းတဲ့ဟာတွေပါ’’


‘’ မင်းသဘောကျတယ်ဆိုရင် ကောင်းပါတယ်… ဒါဆို အိပ်ကြရအောင်’’


‘’ အိုး..အိုကေ.. ကျွန်မလဲ အိပ်တော့မယ်’’


ကျိယန် ခဏကြာတဲ့အထိ စောင့်နေသော်လဲ ခါတိုင်းလို ထန်ထန်ဆီမှ ‘’ ဂွတ်နိုက် ယောကျာ်း’’ ဆိုတဲ့စကားသံထွက်ပေါ်လာမယ့်အစား တည်ငြိမ်တဲ့အသက်ရှုသံကိုသာ ကြားလိုက်ရတော့တယ်။


ကျိယန်ရုတ်တရက်ပဲ စီးကရက်သောက်ချင်စိတ် ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် သူ့ဘေးမှာ သားအမိနှစ်ယောက်လုံး ရှိတဲ့အတွက် သောက်ချင်စိတ်ကို ထိန်းလိုက်ရတော့တယ်။


နောက်နေ့ည ရောက်တဲ့အခါမှာတော့ ကျိယန် ကုကျန်းအန်ကို ဖုန်းထပ်ခေါ်လိုက်ပြန်တယ်။ သူဘာမှ မပြောခင်မှာပဲ ကူကျန်းအန်က မေးတော့တယ် “ အဲ့ပြဿနာပဲလား’’


ကျိယန် အသေအချာပြောနိုင်တာကတော့ ကုကျန်းအန်တစ်ယောက် သူ့ရဲ့ ကြိုတင်သိစိတ်နဲ့ပတ်သတ်ပြီး ပျော်ရွှင်နေတယ်ဆိုတာပါပဲ။ ကျိယန်က ပြန်ဖြေလိုက်တယ်


 “ သူမ အဲ့ဒါကိုမကြိုက်ဘူး… မိန်းကလေးတွေကြိုက်တဲ့အရာတစ်ခုခု ဝယ်ပေးဖို့ ကျီယွဲ့ကိုပြောပေးစမ်းပါ’’


ကုကျန်းအန်အနေနဲ့ လက်ဆောင်က ပြဿနာမဟုတ်ဘူးလို့ အရိုးသားဆုံးပြောချင်မိတယ်။ ထန်ထန်ဘာလို့ မပျော်ရွှင်ရလဲဆိုတဲ့ အကြောင်းပြချက်က အဓိကပဲဖြစ်တယ် ။ ဒါပေမယ့်လဲ ကူကျန်းအန်က သူပြောချင်တဲ့စကားတွေကို သူ့စိတ်ထဲမှာသာထားလိုက်တယ်။


မိန်းမတွေရဲ့ စိတ်ပျက်စရာကောင်းတဲ့ အပြုအမူတွေကို သူ့ဘာသာနားလည်လာစေဖို့အတွက် ကျိယန်ကို ပြောမပြဖို့သာ သူဆုံးဖြတ်ချက်ချလိုက်တော့တယ်။ ဘယ်သူကများ ဒီအသက်အရွယ်အထိ ကျိယန်ကို မိန်းမတွေအပေါ်မှာ အေးစက်စက်ဆက်ဆံခိုင်းလို့လဲ။ ဟီးဟီး… အဲ့လိုသာမဟုတ်ရင် ကျိယန် အတွေ့အကြုံရလာမှာမဟုတ်ဘူး…


ဒါကြောင့် ကုကျန်းအန်က အကြံဆိုးနဲ့ပြောလိုက်တော့တယ်


 “ ကောင်းပြီလေ… ငါမင်းအတွက် ကျီယွဲကို ဝယ်ဖို့ပြောလိုက်မယ်… ဒါပေမယ့် လက်ဆောင်ပေးရုံနဲ့ မလုံလောက်ဘူးနော်… တစ်ခါတစ်လေမှာ အပြုအမူတွေကလဲ အရေးပါသေးတယ်… အမျိုးသမီးတွေက စိတ်ခံစားချက်တွေကို ဦးစားပေးတတ်ကြတယ်ကွ… မင်း သူမကို ခြေထောက်တွေဘာတွေ ဆေးပေးတာတို့ နှိပ်ပေးတာတို့ လုပ်ပေးသင့်တယ် … အဲ့ဒါက လက်ဆောင်ပေးတာထက် ပိုထိရောက်တယ်ကွ…’’


ကျိယန်က အချိန်အတော်ကြာ တိတ်ဆိတ်စွာနေပြီးနောက် ဖုန်းချလိုက်တယ်။


ဖုန်းပြောပြီးတာနဲ့တပြိုင်နက် ကုကျန်းအန် တစ်ယောက် ထိုင်ခုံပေါ်မှာထိုင်ရင်း အကျယ်ကြီးအော်ရယ်နေမိတော့တယ်။ သူ့ခေါင်းထဲမှာလဲ ကျိယန်လိုအေးစက်နေတဲ့ ယောကျာ်းက သူ့ဇနီးအတွက် ခြေထောက်ဆေးပေးနေမယ့် ပုံရိပ်တွေပေါ်နေတော့တယ်။ ကုကျန်းအန် သူ့အတွေးတွေက အရမ်းလွန်နေပြီလို့တွေးလိုက်မိတယ်။ ကျိယန်လို လူမျိုးက သူ့ဇနီးကိုခြေထောက်ဆေးပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ…


အရူးတစ်ယောက်လိုရယ်နေတဲ့ သူ့ခင်ပွန်းကို ကျိယွဲ့တစ်ချက်ကန်လိုက်ပြီး ‘’ ဘာတွေအဲ့လောက်ရယ်နေရတာလဲ…’’


ကုကျန်းအန်က သူမကိုရင်ခွင်ထဲသို့ဆွဲဖက်လိုက်ကာ ကျိယန်အကြောင်းကိုပြောပြတော့တယ် “ ကျိယန် သူ့ကိုယ်ကိုနှိပ်ချပြီး သူ့ဇနီးကိုခြေထောက်ဆေးပေးမယ့် မြင်ကွင်းကို ကိုယ်တကယ်ပဲမြင်ချင်မိတယ်… ကံမကောင်းစွာနဲ့ပဲ မဖြစ်နိုင်ဘူးကွာ… အဲ့ကောင်က ငယ်ငယ်ကတည်းက မိန်းကလေးတွေကို အေးစက်စက်ဆက်ဆံခဲ့တာ… အကြိမ်တစ်ရာလောက်ပြောရင်တောင် အဲ့လိုအလုပ်မျိုးကို သူ လုံးဝလုပ်မှာမဟုတ်ဘူး


ကျီယွဲ့ကတော့ လက်မခံနိင်ပေ။ သူမက အဓိပ္ပာယ်ရှိတဲ့ အပြုံးနဲ့ 


‘’ အဲ့ဒါဟုတ်ပါ့မလား… ဘယ်လောက်ပဲကြမ်းတမ်းတဲ့ ယောကျာ်းဖြစ်နေပါစေ… နွေးထွေးတဲ့ထန်ထန်လိုလူမျိုးဆီမှာတော့ သူတို့တွေ အရည်ပျော်ကျသွားနိုင်တယ်… ရှင် စောင့်ကြည့်နေလိုက်ပါဦး’’