အပိုင်း (၄၀)
Viewers 12k

part 40


ဒီတစ်ခါမှာတော့ ကျီယွဲ့က ကျိယန်အတွက် အမျိုးအစားအများကြီးကို ပြင်ဆင်ပေးထားတာဖြစ်တယ်။ Chanel  ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်းဝတ်စုံနဲ့ ဒေါက်ဖိနပ်ရယ်… အကန့်အသတ်နဲ့ထုတ်တဲ့ Louis Vitton အိတ်ရယ်… မိတ်ကပ် ဆက်လိုက်ရယ်… ဆက်ဆီကျတဲ့ ဇာအတွင်းခံနှစ်ထည်ရယ်ပါ ထည့်ပေးလိုက်တယ်။


အရမ်းကိုထုတ်ဖော်ပြသလွန်းတဲ့ ဇာအတွင်းခံကိုတွေ့တဲ့အခါမှာတော့ တစ်ခုခုလွဲနေတယ်လို့ ကျိယန်ခံစားလိုက်မိတယ်။ အဲ့ဒီစုံတွဲဘာတွေလုပ်လိုက်တာလဲ… ဘာလို့ဒါတွေ သူ့ကိုပေးတာလဲ… သူကဒါတွေကို ဘယ်လိုလုပ်ပြီးပေးရမှာလဲ… သူသာ ထန်ထန်ကိုပေးလိုက်မိရင် သူမတော့ သူကိုနှာဗူးလို့တွေးနေတော့မှာပဲ။


ဒါတွေအားလုံး ထန်ထန်ကို တိုက်ရိုက်မပေးမိခင် သူကြိုပြီးစစ်လိုက်မိတဲ့အတွက် အလွန်အမင်းကို ဝမ်းသာသွားမိတယ်။


ဒါပေမယ့် အဓိကမေးခွန်းက ဒီအတွင်းခံတွေနဲ့ သူကဘာလုပ်ရမှာလဲ… ခေါင်းထဲမှာလဲ မေးခွန်းတွေနဲ့ ပြည့်နေတယ်။ ကုကျန်းအန်ကို ပြန်ပေးဖို့ကလဲ မဆီလျော်ပြန်ဘူး… ဒါတွေကို ဒီအတိုင်းလွှင့်ပစ်လိုက်ရင်လဲ အမှိုက်သိမ်းတဲ့သူတွေ အထင်လွဲနေနိုင်တယ်။ ကျိယန် ရုံးခန်းထဲမှာထိုင်နေရင်း အတွင်းခံကိုစိုက်ကြည့်ကာ အချိန်အတော်ကြာ စဉ်းစားနေမိတယ်။ သူ့မျက်လုံးတွေ နာကျင်လာတဲ့အထိစိုက်ကြည့်ပြီးတဲ့နောက် အံဆွဲရဲ့အောက်ဆုံးမှာ ဒါကိုထားပြီး ဘယ်တော့မှပြန်မဖွင့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။


သူ့ကို ဒုက္ခပေးတဲ့ကိစ္စ ဖြေရှင်းပြီးသွားတဲ့အတွက် တခြားပစ္စည်းတွေကတော့ အဆင်ပြေတယ်လို့ တွေးလိုက်မိတယ်။ အမျိုးသမီးတွေကို သူနားမလည်ပေမယ့်လဲ သူတို့တွေအားလုံးက အဝတ်အထည် အိတ်နဲ့ မိတ်ကပ်တွေကြိုက်တယ်ဆိုတာကိုတော့ သူသိတယ်။ ပြီးတော့ ထန်ထန်လဲ လှပချင်နေတာပဲမဟုတ်လား ဒီလက်ဆောင်တွေကို သူမကြိုက်မှာ အသေအချာပဲ…


ကျိယန်အိမ်သို့ လက်ဆောင်ဗူး ထပ်သယ်လာပြန်တယ်။ ဒီတကြိမ်မှာတော့ ကျိရှောင်ကျိုးက သူ့အတွက်မဟုတ်ပဲ သူ့မာမီအတွက်မှန်း သိပြီးဖြစ်တဲ့တွက် မစပ်စုတော့ပေ။ အဲ့အကြောင်းကိုတွေးပြီးတဲ့နောက် သူက ကျိယန်ပုခုံးကိုပုတ်လိုက်ကာ အားပေးတဲ့ အမူအယာနဲ့ သင်ပေးလိုက်တယ် 


“ ကံကောင်းပါစေ ဒယ်ဒီ… အရမ်းနှေးမနေနဲ့ဦး … ယောကျာ်းဆိုတာ ရှင်းရှင်းလင်းလင်းနဲ့ အရှေ့ကိုဆက်သွားရတယ်’’(ရိုက်ချင်)


ရုတ်တရက်ပဲ ကျိရှောင်ကျိုးတစ်ယောက်ဘယ်သူနဲ့ သွားတူနေမှန်း ကျိယန်စိတ်ထဲ ပဟေဋိဖြစ်သွားတော့တယ်။


ဒီတစ်ကြိမ်မှာတော့ ကျိယန် အချိန်မဆွဲတော့ပေ။ ထန်ထန်အခန်းထဲဝင်လာတာနဲ့ တန်းတွေ့အောင် သူက အဲ့အရာတွေအားလုံးကို ကုတင်ပေါ်သို့တင်ထားလိုက်တော့တယ။


မျှော်လင့်ထားတဲ့အတိုင်းပဲ အိပ်ယာပေါ်က လက်ဆောင်ဗူးကြီးကို ထန်ထန်တွေ့သွားတယ်။ သူမက ထူးဆန်းစွာနဲ့ကြည့်လိုက်ပြီး သူမတို့အိမ်ကဟာမဟုတ်မှန်း သေချာသွားတယ်။ ဒါကြောင့် သူမဖွင့်ကြည့်လိုက်တယ်။


အထဲမှ လုံးဝကိုဖြူဖွေးနေတဲ့ ပုခုံးလျောဂါဝန်တစ်စုံရယ် အနီရောင်ဒေါက်ဖိနပ်တစ်ရံရယ် အနီရောင်အိတ်တစ်လုံးနဲ့ ကမ္ဘာနံပါတ်တစ် အလှပြင်မိတ်ကပ်တစ်ဆက်ကို တွေ့လိုက်ရတယ်။


အမျိုးသမီးအသုံးအဆောင်တွေက ဘာလို့ သူမအိမ်ပေါ်ရောက်နေတာလဲ…


ရေချိုးခန်းထဲမှာ ရှိနေတဲ့ ကျိယန်ဆီသို့ သံသယအကြည့်တွေနဲ့ သူမ လှမ်းကြည့်လိုက်မိတယ်။ ဒါတွေကိုယူလာတာ သူမဟုတ်သလို ကျိရှောင်ကျိုးလဲမဟုတ်ပေ။ ဒီအမျိုးသမီးသုံးပစ္စည်းတွေ ကျိယန် ဘယ်ကရတာလဲ… အရင်တခေါက်တုန်းကလိုပဲ တစ်ယောက်ယောက်က သူ့ကိုပေးလိုက်ပြန်တာလား…


ခဏလောက်တွေးပြီးတဲ့နောက် ထန်ထန်က ဧည့်ခန်းထဲမှာ ကားမောင်းနေတဲ့ ကျိရှောင်ကျိုးကိုခေါ်လိုက်တယ် “ ပေါင်ပေါင်… ဒီကိုခဏလာပါဦး’’


သူ့ မာမီခေါ်သံကြားတဲ့အတွက် ကျိရှောင်ကျိုးက သူ့ကားသေးသေးလေးကို ကျွမ်းကျင်စွာနဲ့ အိပ်ခန်းထဲသို့ မောင်းလာတယ် “ မာမီ… သားကိုဘာလို့ခေါ်တာလဲ…’’


ထန်ထန် အိပ်ယာပေါ်က ဗူးကိုလက်ညှိုးထိုးပြပြီး ‘’ ပေါင်ပေါင်… အဲ့ဒါဘာတွေလဲ သားသိလား… ဘယ်ကနေရောက်လာတာလဲ…’’


ကျိရှောင်ကျိုး မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။ သူ့ဒယ်ဒီက မာမီအတွက် စပရိုက်လုပ်ထားတာကို သူဖျက်စီးလို့မဖြစ်ပေ။ ဒါကြောင့် ခေါင်းကိုခါလိုက်ကာ ‘’ သားမသိဘူး မာမီ… ဒယ်ဒီကို မေးကြည့်ပါလား…’’


ထန်ထန် ခေါင်းကိုသာ ငြိမ့်လိုက်ကာ ဗူးကိုပြန်ပိတ်လိုက်တော့တယ်။ အဲ့အချိန်မှာပဲ ရေချိုးခန်းတံခါး ဖွင့်သံကြားလိုက်ရတယ်။ ကျိယန်က ရေချိုးခန်းထဲမှထွက်လာပကာ ရေစိုနေတဲ့ ဆံပင်တွေကို သဘက်နဲ့သုတ်နေရင်း ထွက်လာတယ်။ ထန်ထန် ဗူးဖွင့်နေတာကို တွေ့လိုက်ရတဲ့အတွက် သူ့မျက်ဝန်းထဲ စိတ်လှုပ်ရှားသွားတယ်။


‘’ ယောကျာ်း… ကျွန်မ မေးစရာရှိလို့… ဒီပစ္စည်းတွေက ရှင့်ဟာတွေလား…’’


ထန်ထန်ရဲ့ သံသယအကြည့်တွေကြောင့် ကျိယန် လက်သီးဆုပ်ကိုနှုတ်ခမ်းနားတေ့ကာ လည်ချောင်းရှင်းလိုက်ပြီး သူ့ခံစားချက်ကို တခြားသူတွေ အလွယ်တကူ ခန့်မှန်းလို့မရနိုင်တဲ့ လေသံနဲ့ ပြောလိုက်တယ် 


“ အမျိုးသမီးတွေက အဲ့ဒါတွေကိုကြိုက်တယ်လို့ ကျီယွဲ့ပြောတယ်… အဲ့ဒါကြောင့် မင်းအတွက်ကိုယ်ဝယ်ခိုင်းလိုက်တာ ‘’


ထပ်ပြီးတော့ ဒါတွေက သူမအတွက်လား…


လွန်ခဲ့တဲ့ရက်တွေကတည်းက ကျိယန်ထူးဆန်းနေတယ်လို့ သူမရုတ်တရက် ခံစားလိုက်မိတယ်။ သူမရဲ့ မွေးနေ့ အထူးနေ့တွေမဟုတ်ပဲ သူမအတွက် လက်ဆောင်တွေဝယ်ပေးနေတယ်။ သူမ ဒါတွေကိုမသုံးနိုင်ဘူးလေ။ ဒီကမ္ဘာကနေ သူမသိထားသလောက်ဆိုရင် ဒီအဝတ်အထည်တွေက အရမ်းကို ဆက်ဆီကျတယ်။ အဲ့ဒါတွေက ခြေထောက်တွေနဲ့ လက်တွေကို အလွယ်တကူဖော်ပြနေတယ်။ သူမ ဒါတွေကို ဘယ်လိုလုပ်ပြီး ဝတ်ရဲမှာလဲ… အဲ့ဒါအပြင့် ဒီဒေါက်ဖိနပ်ကလဲ အဲ့လောက်သေးသွယ်နေတာကို... ဖိနပ်အမြင့ကပဲ ၈ စင်တီမီတာလောက်ရှိတယ် ။ သူမသာစီးလိုက်မိရင် ချော်လဲကျလို့ အသက်ပျောက်သွားနိုင်တယ်။ ခြေလှမ်း နှစ်လှမ်းလောက်နဲ့တင် ဆေးရုံရောက်သွားနိုင်တယ်။ အင်း… နောက်ဆုံးမိတ်ကပ်ဆက်လိုက်ကတော့ အခုလက်ရှိ သူမအသားအရေနဲ့သာ သုံးလိုက်မယ်ဆိုရင် ပိုဆိုးလာရုံပဲရှိမယ်… သူမလုံးဝသုံးလို့မဖြစ်ပေ။


အားလုံးကိုခြုံကြည့်လိုက်ရရင်တော့ ဒါတွေအကုန် သူမအတွက် အသုံးမဝင်ပေ။ အဲ့ဒါက ပိုက်ဆံတွေကို ဖြုန်းပစ်တာနဲ့အတူတူပဲဖြစ်တယ်။ 


အဲ့အကြောင်းကိုတွေးမိပြီး သူမနာကျင်လာရတယ် ဒါပေမယ့်လဲ


 ‘’ ယောကျာ်း… ဘာလို့ကျွန်မကို ဒါတွေဝယ်ပေးတာလဲဟင်… ပိုက်ဆံတွေနှမြောစရာကြီး’’


ကျိယန်မျက်ဝန်းထဲ အလင်းတန်းဖြတ်ပြေးသွားတယ်။  သူဘယ်လိုတုန့်ပြန်ရမှန်း မသိတော့ပေ။ ခဏလောက် စဉ်းစားပြီးတဲ့နောက် ‘’ အင်း…. မင်းက နေ့တိုင်း ရှောင်ကျိုးနဲ့အိမ်ကို စောင့်ရှောက်ပြီး ပင်ပင်ပန်းပန်းလုပ်ရတယ်လေ… အဲ့ဒါကြောင့် ဒီလိုပစ္စည်းလေးတွေလောက်က  ဖြန်းတယ်လို့မခေါ်ပါဘူး…’’


ဒါဆို သူက သူမအလုပ်ကြိုးစားတဲ့အတွက် ဆိုပြီးပေးတာပေါ့လေ… သူမ မအံ့ဩတော့ပါဘူး… ဒါပေမယ့်လဲ ကလေးထိန်းတာနဲ့ အိမ်ကိုစောင့်ရှောက်တာက ခက်ခဲတဲ့အလုပ်တွေမဟုတ်သလို သူမလုပ်ရမှာတွေပဲမဟုတ်လား… အဲ့ဒါအတွက် ဒီလိုတွေပေးဖို့မလိုပါဘူး…


အလုပ်မရှိတဲ့အမျိုးသမီးတွေက အိမ်မှာဆို နေရာမရပဲအနှိမ်ခံရပြီး ခင်ပွန်းလုပ်သူကလဲ အထင်သေးတတ်တယ်လို့ ဝမ်ဝမ် ပြောတာ သူမကြားဖူးတယ်။ ဒါပေမယ့် ထန်ထန်က  အဲ့လိုအထင်သေးခံရတာမရှိတဲ့အပြင့် သူမအတွက် ဆုတွေတောင် ရနေပြီပဲ။ ကျိယန် သူက အရမ်းကိုကောင်းတာပဲ။


သူမအပေါ်မှာ ဘာခံစားချက်မှ မရှိတာတောင် သူက သူမအပေါ်ကိုအရမ်းပဲကောင်းကောင်း ဆက်ဆံလွန်းတယ်။ ဘာကြောင့်များ မူလခန္ဓာကိုယ် ပိုင်ရှင်က အရမ်းဆိုးသွမ်းခဲ့လဲဆိုတာ သူမနားမလည်နိုင်ဘူး။ တကယ်လို့ သူမသာ ကျိယန်တကယ်သဘောကျတဲ့သူနဲ့ လဲလိုက်လို့ရမယ်ဆိုရင် ဘယ်တောင်မှ ပျော်ရွှင်ဖို့ကောင်းနေမလဲနော်… အဲ့မိန်းကလေးဟာ ကျိယန်ရဲ့ချစ်ခင်မှုကိုရရှိပြီး ကံအကောင်းဆုံးမိန်းကလေးတစ်ယောက် ဖြစ်နေမှာ အသေအချာပဲ… သူမသာ အဲ့မိန်းကလေးဖြစ်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ… ဘယ်လိုတောင် ကံမကောင်းတဲ့ ငါလဲ…


အဲ့အချက်ကိုတွေးမိပြီး သူမရုတ်တရက်ပဲ ကုယန်ရန်ရဲ့စကားတွေကို သတိရသွားမိတယ်။ သူမ နှလုံးသားထဲမှ စက်ဆုပ်နာကျင်လာတဲ့အတွက် သူမခံစားချက်တွေကို ထိန်းသိမ်းလိုက်ရတယ်။ သူမခေါင်းကိုမော့ကာ ပြုံးလိုက်ပြီး


 ‘’ ကျေးဇူးတင်ပါတယ် ယောကျာ်း… အနာဂါတ်မှာ ဒါမျိုးတွေ ကျွန်မကို ဝယ်ပေးဖို့မလိုပါဘူး… အိမ်မှုကိစ္စတွေနဲ့ ရှောင်ကျိုးကိုစောင့်ရှောက်ရတာတွေက ကျွန်မလုပ်သင့်တာတွေပဲလေ… ဒီလိုအရာတွေမလိုအပ်ပါဘူး ‘’ 


အားလုံးလဲဝယ်ပြီးပြီဆိုတော့ ပြန်လဲသွင်းလို့မရမယ့်အတူတူ သူမဒါတွေကိုလက်ခံလိုက်ပါမယ်လေ ။ ဒါပေမယ့် အလုပ်မရှိပဲ အိမ်မှာအလကားထိုင်စားနေတဲ့ သူမအနေနဲ့ နောက်တစ်ခါဆိုရင်တော့ မဟုတ်တော့ပေ။  အိမ်မှုကိစ္စတွေ ဆိုတာကလဲ နဂိုကတည်းက သူမလုပ်ရမယ့်အလုပ်တွေပဲ အဲ့အတွက်ဘာဆုမျိုးကိုမှ မလိုအပ်ဘူး။


ကျိယန် သူမလက်ဆောင်တွေလက်ခံလိုက်ပေမယ့် သူမပျော်ရွှင်တာကို မတွေ့ရသေးပေ။ သူ တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်မိတယ်။ သူမ ဒါတွေကိုကြိုက်မကြိုက်ဆိုတာ သူ့အနေနဲ့နားမလည်နိုင်တော့တဲ့အတွက်


 ‘’ ဒါဆို မင်းအဲ့ဒါတွေကို ကြိုက်လား..’’


အမှန်တကယ်တော့ သူမ ဒီလက်ဆောင်တွေကို မကြိုက်ပေ။ သို့ပေမယ့်လဲ သူမအတွက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဝယ်လာပေးတဲ့ သူ့ကို နာကျင်အောင်လုပ်ဖို့ မသင့်ဘူးလို့ သူမတွေးလိုက်မိတယ်။ ဒါကြောင် သူမအနေနဲ့ အဖြူရောင်မုသားကိုသုံးဖို့သာ ဆုံးဖြတ်လိုက်ပြီး ပြုံးလျက်ခေါင်းငြိမ့်ကာ 


“ အင်း… ကျွန်မ တကယ် ကြိုက်ပါတယ်’’


သူမရဲ့ တုန့်ပြန်ချက်ကိုကြည့်ပြီး ကျိယန် စိတ်သက်သာစွာနဲ့ သက်ပြင်းချလိုက်မိတယ်။ သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုတွေ ဖြတ်သန်းသွားပြီး


 ‘’ မင်းကြိုက်တယ်ဆိုရင် ပြီးတာပါပဲ’’


ထန်ထန်က ပစ္စည်းတွေကို တဖက်သို့ပို့လိုက်ပြီး ကျိယန်ဘက်သို့လှည့်ကာ လေးနက်စွာနဲ့ အရေးကြီးတာကိုပြောလိုက်တော့တယ် 


“ ယောကျာ်း… ကျောင်းတွေဖွင့်တော့မယ်… ပေါင်ပေါင်လေး ကျောင်းတက်ဖို့အတွက် ဘာတွေရှိမလဲ..’’


ကျိယန် ဒီကိစ္စကို အစောကြီးကတည်းက စီစဉ်ပြီးဖြစ်တယ် 


“ ဒီစစ်တပ်ဝင်းထဲမှာ ကလေးထိန်းကျောင်းရှိတယ်… ကလေးတွေအားလုံးလဲ အဲ့မှာပဲတက်ကြတာ… ကိုယ်သူတို့ကိုပြောပြီးပြီ… မနက်ဖြန် ကျိရှောင်ကျိုးကို ခေါ်သွားပြီး ကျောင်းအပ်လိုက်မယ်… သန်ဘက်ခါမှ ကျောင်းစတက်လဲ ရတယ်..’’


‘’ အိုး.. အဲ့လိုလား… ကျောင်းအပ်ဖို့အတွက် ကျွန်မဘာတွေပြင်ပေးဖို့ လိုသေးလဲ… ရှင်အလုပ်များနေမယ်ဆိုရင်  … ကျွန်မလဲ လုပ်စရာမရှိမယ့်အတူတူ ပေါင်ပေါင်ကို ကျွန်မပဲအပ်ပေးမယ်လေ… ‘’


ကျိယန် ခေါင်းယမ်းပြလိုက်ပြီး


 ‘’ ရပါတယ်… မနက်ဖြန် မင်းတို့နှစ်ယောက်လုံးကို ပို့ပေးဖို့အတွက် ကိုယ့်အချိန်ကိုအားထားတယ်… ဒီနေရာနဲ့လဲ မရင်းနှီးသေးဘူးမဟုတ်လား… ကိုယ်လမ်းပြပေးမယ်လေ… နောက်မှ ရှောင်ကျိုးနဲ့အတူတူပြန်ချင်လဲပြန်ပေါ့’’


ခဏလောက်တွေးပြီးတဲ့နောက် ထန်ထန် သဘောတူလိုက်တယ် ။ ကျောင်းဆရာက ဘယ်သူလဲဆိုတာ သူမ မသိပေ။ ဒါကြောင့် ကျိယန်သာ သူမတို့နဲ့အတူတူသွားမယ်ဆိုရင် ပိုကောင်းလိမ့်မယ်။ ဒါဆို သူမကိုယ်သူမလဲ မိတ်ဆက်လိုက်လို့ရတာပေါ့။ ဒါကြောင့် ထန်ထန်က ရှောင်ကျိုးရဲ့ ခဲတံဗူးနဲ့စာအုပ်ကို ကျောင်းလွယ်အိတ်ထဲထည့်ကာ ကျိရှောင်ကျိုးကို ပေးဖို့ပြင်လိုက်ပြီး


 ‘’ ပေါင်ပေါင်… မနက်ဖြန် ကျောင်းအသစ်ကို ကျောင်းလွယ်အိတ်နဲ့ သွားရမယ်နော်’’


ရှောင်ကျိုးဆီ ကျောပိုးအိတ်မရောက်ခင်မှာပဲ ကျိယန်က လျင်မြန်စွာနဲ့ ဆွဲယူလိုက်တယ်။  သူက အိတ်ကိုဖွင့်လိုက်ပြီး လေ့ကျင့်ခန်းစာအုပ်ကိုထုတ်ယူလိုက်တယ်။ ထို့နောက် အဖုံးကိုလှန်ကြည့်လိုက်တော့ အထဲမှာဘာမှမရေးထားပေ။ မေးခွန်းလေးတစ်ခုတောင်မှ ဖြေမထားဘူး။


လေ့ကျင့်ခန်းစာအုပ်က သချာ်စာအုပ်ဖြစ်ပြီး အပေါင်းအနှုတ်တွေနဲ့ ရာဂဏန်းအထိဖြစ်တယ်။ ကျိယန်က ဒီစာအုပ်ကို နွေရာသီအားလပ်ရက် စကတည်းက ရှောင်ကျိုးအိမ်စာလုပ်ဖို့အတွက် ဝယ်ထားပေးတာဖြစ်တယ်။ ကျိရှောင်ကျိုးတစ်ယောက် ကျောင်းတက်တဲ့အခါမှာ စာတွေနားလည်နေစေဖို့နဲ့ အိမ်မှာမတရားတွေဆော့နေမှာကို သူစိုးရိမ်တဲ့အတွက်ဖြစ်တယ်။ ဒီကလေးက မေးခွန်းလေး တစ်ခုတောင်မှ မဖြေထားဘူးလို့ ကျိယန် လုံးဝထင်မထားမိပေ။


ကျိယန်က ရှောင်ကျိုးကို ကားထဲမှထွက်လာဖို့ခေါ်လိုက်ပြီး သူ့အနားမှာ သေချာ မတ်တပ်လာရပ်တော့မှ မေးလိုက်တယ်


 “ ကျိုရှောင်ကျိုး… ရှင်းပြစမ်း… မေးခွန်းလေး တစ်ခုတောင်မှ ဘာလို့မဖြေထားတာလဲ…’’


ကျိရှောင်ကျိုးက လက်ချောင်းလေးတွေကို အချင်းချင်းချိတ်တွယ်လိုက်ပြီး တိတ်ဆိတ်စွာနဲ့ မြေပြင်ကိုစိုက်ကြည့်နေတယ်။


‘’ ကျိရှောင်ကျိုး… မင်းအိမ်စာတွေကို မမေ့ပဲ လိမ်မာပြီး စည်းကမ်းလိုက်နာမယ်ထင်လို့ ပြီးခဲ့တဲ့နှစ်လလုံး အိမ်စာတွေ မစစ်ခဲ့ဘူး .. အခုတော့ ငါ့ကိုဒီကိစ္စ ရှင်းပြတော့’’


ကျောင်းလွယ်အိတ်ပေးလိုက်ရုံနဲ့ အခုလိုကိစ္စကြီး ဖြစ်လာမယ်လို့ ထန်ထန် မထင်မိလိုက်ပေ။ အခြေအနေမကောင်းတဲ့အတွက် ကျိယန်လက်ထဲမှ စာအုပ်ကိုယူပြီး လှန်ကြည့်လိုက်မိတယ်။ သူမ ရုတ်တရက်ပဲ စိတ်ဆိုးပြီး အပြစ်ရှိသလိုခံစားလိုက်ရတယ်။


သူမစိတ်ဆိုးရတာက စာလုံးလေး တစ်လုံးတောင်မှ မရေးထားတဲ့ကျိရှောင်ကျိုးကြောင့်ဖြစ်တယ်။ အသိပညာတွေရအောင် ကျောင်းသွားပြီး လေ့လာရမှာက ကလေးတွေလုပ်ရမယ့်အလုပ်ဖြစ်တယ်။ ထန်ထန် ဘယ်လောက်ပဲ ကျိရှောင်ကျိုးကို အလိုလိုက်နေပါစေ အိမ်စာတွေကိုတော့ လစ်လျုမရှုနိုင်ပေ။ သူ့ကို ငယ်ရွယ်စဉ်အချိန် ကျောင်းစာမှာ အားလျော့နေတာမျိုး သူမ မလိုချင်ပေ။


သူမ အပြစ်ရှိသလိုခံစားရတာက ရှောင်ကျိုးမှာ အိမ်စာတွေရှိနေမှန်း သူမ မသိတာကြောင့်ဖြစ်တယ်။ ဆရာမက အိမ်စာမပေးထားတာကြောင့်လို့ သူမထင်တဲ့အတွက် တစ်ခါမှ မမေးကြည့်မိခဲ့ပေ။ တကယ်လို့ စောစောသိခဲ့မယ်ဆိုရင် သူမကိုယ်တိုင်ကြီးကြပ်ပြီ ရှောင်ကျိုးကို ဒီအိမ်စာတွေ အားလုံးပြီးတဲ့အထိ လုပ်ခိုင်းမှာဖြစ်တယ်။ 


ထန်ထန်က ကျိယန်ကို တောင်းပန်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး


 ‘’ ကျွန်မတောင်းပန်ပါတယ် ယောကျာ်း… ရှောင်ကျိုးမှာ အိမ်စာတွေလုပ်ဖို့ရှိတာ ကျွန်မ မသိလိုက်ဘူး… ကျွန်မသိရင်သူကို တကယ်ပဲလုပ်ခိုင်းမှာပါ… နောက်တစ်ခါကျရင် သူ့ရဲ့ကျောင်းစာတွေကို ကျွန်မစစ်လိုက်ပါမယ်’’


ကျိယန်မျက်ခုံးပင့်လိုက်ပြီး သူမကိုလက်ကာပြလိုက်တယ်


 “ ထန်ထန် … ဒါမင်းအမှားမဟုတ်ဘူး… အဲ့ဒါ ကျိရှောင်ကျိုးရဲ့ ပြသနာပဲ… တကယ်လို့ လူတစ်ယောက်က သူလုပ်ရမှာကိုတောင် မသိပဲ တစ်ယောက်ယောက်က လိုက်စစ်ပေးနေရမယ်ဆိုရင် အနာဂါတ်မှာ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူး’’


ကျိယန်စကားလုံးတွေက မှန်တယ်လို့ သူမတွေးလိုက်မိတဲ့အတွက် ထန်ထန် ပြောစရာ စကားမရှိတော့ပေ။ ကြည့်ရတာ သူမအနေနဲ့ ပေါင်ပေါင်ကို စည်းကမ်းတွေပိုပြီး သင်ပေးဖို့လိုနေပြီပဲ။ သူမ တကယ်ကို ဂရုမစိုက်ခဲ့တာပဲ။


သူ့မာမီ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာကိုတွေ့လိုက်တဲ့အတွက် ကျိရှောင်ကျိုးက နောက်ဆုံးမှာတော့ မော့ကြည့်ကာ ပြောလိုက်တယ် “ ဒယ်ဒီ… ဒီမေးခွန်းတွေက အရမ်းလွယ်တယ်လို့သားထင်တယ်… အဖြေရေးဖို့က အချိန်ဖြုန်းသလိုပဲဖြစ်နေမှာ… ဒါကြောင့် သားက အဲ့လေ့ကျင့်ခန်းစာအုပ်ကို မဖြေထားတာ’’


ထန်ထန် မျက်လုံးတွေ ပြူးကျယ်လို့သွားတယ်။ ရှောင်ကျိုးရဲ့ အကြောင်းပြချက်က ဒီလိုမျိုးဆိုတာ သူမလုံးဝမထင်ထားမိပေ။


ရှောင်ကျိုးရဲ့စကားတွေကြောင့် ကျိယန် လုံးဝမအံ့ဩပေ။ ရှောင်ကျိုး‌ ဖြေနိုင်တယ်ဆိုတာ သူသိပြီးဖြစ်တယ်။ ရှောင်ကျိုးက တော်တဲ့အတွက် အပေါင်းအနှုတ်ဂဏန်းတွေက သူ့အတွက် ပြသနာမဟုတ်ပေ။ ဒါပေမယ့် သူက ရှောင်ကျိုးကို လေ့ကျင့်စေလိုတာပဲဖြစ်တယ်။


‘’ ကျိရှောင်ကျိုး… ဘယ်လိုဖြေရမလဲဆိုတာသိလို့ လေ့ကျင့်ခန်းစာတွေမလုပ်တာပေါ့လေ… ဒါက ငါမင်းကိုသင်ပေးတဲ့ သဘောတရားတွေလား…’’ 


တော်လွန်းတဲ့သူတွေက သူတို့ကိုယ်သူတို့ မောက်မာတတ်တာကြောင့် ဆုံးရှုံးရတတ်တာကို ကျိယန်သိတယ်။ သူတို့တွေက ရိုးရှင်းတဲ့အရာတွေကို အထင်သေးကြတယ်။ ဒါပေမယ့် တခါတလေမှာ အဲ့လိုရိုးရှင်းတဲ့အရာတွေကပဲ အောင်မြင်ဖို့နဲ့ ကျရှုံးဖို့ကို ဆုံးဖြတ်ပေးတာဖြစ်တယ်။ ကျိယန်အနေနဲ့ ရှောင်ကျိုးကို ထက်မြတ်တဲ့အတွက် အောက်ခြေလွတ်တာမျိုး မဖြစ်စေလိုပေ။


ကျိရှောင်ကျိုးက အောက်သို့ငုံံကာ တိတ်ဆိတ်စွာအကြာကြီးနေပြီးမှ တောင်းပန်လိုက်တယ်


 “ တောင်းပန်ပါတယ် ဒယ်ဒီ… သားမှားသွားပါတယ်… အဲ့လိုထပ်မဖြစ်စေရပါဘူး’’


ရှောင်ကျိုးကို တောင်းပန်ရုံနဲ့ ကျိယန်က ခွင့်မလွတ်သေးပေ


 “ ဒါဆို အပြစ်ဒဏ်အတွက် ငါးပတ်ပြေးရမယ် … အထွန့်တက်ချင်တာရှိလား’’


ကျိရှောင်ကျိုးက ခေါင်းကိုယမ်းကာ ကျယ်လောင်စွာနဲ့ ‘’ မရှိပါဘူး’’


‘’ကောင်းပြီ အိမ်စာတွေအရင်လုပ် .. မနက်ဖြန်ပြေးရမယ်’’


ကျိရှောင်ကျိုး စကားတစ်လုံးမှမဆိုပဲ စာအုပ်နဲ့ခဲတံကိုယူစာ စားပွဲပေါ်သို့သွားပြီး တွက်ချက်နေတော့တယ်။


ကျိယန်ရဲ့ အပြစ်ပေးမှုနဲ့ပါတ်သတ်ပြီး ထန်ထန် ဘာမှမပြောလိုပေမယ့် အချိန်ကို သူမကြည့်လိုက်တဲ့အခါမှာတော့ ညကိုးနာရီထိုးခါနီးပြီဖြစ်တယ်။ ဒီအချိန်ကြီး ရှောင်ကျိုးအားလုံးဘယ်လိုလုပ် ပြီးနိုင်ပါ့မလဲ… သူမတွေးလိုက်မိပြီး


 ‘’ ယောကျာ်း… အိပ်ချိန်တောင်နီးနေပြီကို … တခါတည်းနဲ့ အဲ့တစ်အုပ်လုံးမပြီးနိုင်လောက်ဘူးလေ… ပြီးတော့ ညနက်တဲ့အထိနေဖို့ ပေါင်ပေါင်လေးကလဲ အရမ်းငယ်သေးတယ်လေ.. သူ့ကို မနက်ဖြန်မှ လုပ်ခိုင်းလို့မရဘူးလား…’’


ကျိယန်က လက်ကိုယမ်းကာ သူမကို စိတ်မပူဖို့ပြောလိုက်တယ်


 “ စိတ်မပူပါနဲ့… သူမြန်မြန်ပြီးသွားလိမ့်မယ်… ညနက်တဲ့အထိနေစရာမလိုပါဘူး… စိတ်အေးအေးထားပြီး ရေသွားချိုးလိုက်တော့’’


‘’ ဒါပေမယ့်…’’ 


ထန်ထန် စိတ်မအေးနိုင်ပေ။ ဒါပေမယ့်လဲ သူမအနေနဲ့ ကျိယန် ကလေးအပေါ်ဆုံးမနေတာကို ဝင်မစွက်ဖက်သင့်တာကြောင့် ရေချိုးခန်းထဲသို့သာ ဝင်သွားလိုက်တော့တယ်။ ခါတိုင်းထက် လျင်မြန်စွာရေချိုးပြီးတဲ့နောက် သူမထွက်လာတဲ့အခါမှာတော့ ထိုနေရာမှာပဲ မေးခွန်းဖြေနေသေးတဲ့ ရှောင်ကျိုးကိုတွေ့တဲ့အတွက် သူမရေချိုးခန်းထဲသို့သာ နောက်တစ်ကြိမ်ပြန်ဝင်သွားတော့တယ်။ ထို့နောက် ရှောင်ကျိုးနားမှာအဖော်ပြုပေးနေတဲ့ ကျိယန်ခြေထောက်ကို ခါတိုင်းလိုပဲ သူမဆေးကြောပေးလိုက်တယ်။ သူမစိတ်ထဲမှလဲ ကျိယန်စောစောအိပ်သွားမှသာ ရှောင်ကျိုးဆီမှ ခွင့်လွှတ်မှုကို တောင်းခံမယ်လို့ တွေးလိုက်မိတယ်။ 


အဆုံးမှာတော့… ထန်ထန်ကပဲ အံ့ဩသွားရတယ်။ သူမ ခြေထောက်သန့်ရှင်းရေး လုပ်မပြီးခင်မှာပဲ ကျိရှောင်ကျိုးက လေ့ကျင့်ခန်းစာအုပ်ကို ကျိယန်ဆီသို့ပေးလိုက်ကာ


 ‘’ ဒယ်ဒီ… သားအကုန်ပြီးသွားပြီ’


ကျိယန်က လေ့ကျင့်ခန်းစာအုပ်ကိုယူပြီး ‘’ ကောင်းတယ်.. စစ်ကြည့်လိုက်ဦးမယ်… ရေအရင်သွားချိုးလိုက် .. ပြီးမှ ဆက်ပြောကြမယ်..’’


ကျိရှောင်ကျိုးက သူ့အမှားကိုသိတယ်။ ဒါကြောင့် သူက အရမ်းကိုနာခံနေတယ်။ သူ့ရဲ ညအိတ်ဝတ်စုံကိုယူလိုက်ကာ တစ်ယောက်တည်းရေချိုးဖို့ ထွက်သွားတော့တယ်။ သူ့ဒယ်ဒီစကားကိုလဲ မနာခံပဲမနေရသလို ကလန်ကဆန်လဲမလုပ်ရဲတဲ့အတွက် ထန်ထန်ကိုတောင် ရေချိုးပေးဖို့ မတောင်းဆိုသွားပေ။


ကျိယန်ကိုခြေထောက်နှိပ်ပေးနေရင်းနဲ့ ရှောင်ကျိုးရဲ့ လျင်မြန်တဲ့လှုပ်ရှားမှုတွေကြောင့် အလွန်အမင်းအံ့အားသင့်သွားတယ်။ မတတ်သာစွာနဲ့ပဲ နာရီကိုလှမ်းကြည့်မိတော့ အချိန် နှစ်နာရီသာ ကြာသွားမှန်းတွေ့လိုက်ရတယ်။


လေ့ကျင့်ခန်းစာအုပ်တစ်အုပ်လုံးကို ပြီးပြတ်အောင်ရေးဖို့အတွက် အချိန် နှစ်နာရီပဲလိုတာလား… ကျိရှောင်ကျိုးက သူ့အဖေကို ပြတ်ပြတ်သားသားပြောခဲ့တာမဟုတ်လား…


ထန်ထန်စိတ်ထဲ ကျိရှောင်ကျိုး သူ့ဒယ်ဒီကို လူလည်ကျမိပြီး ပိုကြီးတဲ့ ပြစ်ဒဏ်ခံရမှာကို စိုးရိမ်သွားမိတယ်။ ဒါကြောင့် ကျိယန်လက်ထဲက လေ့ကျင့်ခန်းစာအုပ်ကို လှမ်းကြည့်လိုက်မိတယ်။


ထန်ထန်ရဲ့ အကြည့်ကိုတွေ့သွားတဲ့ ကျိယန်က စိတ်ထဲမှရယ်ချင်သွားမိပြီး သူ့ဘေးမှနေရာကို လက်နဲ့ပုတ်ပြကာ ‘’ မင်းလဲ လာပြီး စစ်ဆေးကြည့်သင့်တယ်’’


ပုံမှန်ဆို ထန်ထန် ငြင်းဆန်မှာဖြစ်ပေမယ့် ကျိရှောင်ကျိုးအတွက် သူမ အရမ်းစိတ်ပူနေပြီဖြစ်တယ်။ ဒါကြောင့် သူ့ဘေးနားသို့ သူမကပ်ထိုင်လိုက်ကာ ရှောင်ကျိုးအိမ်စာတွေကို ကြည့်လိုက်တယ်။ သူမ ဒီကမ္ဘာကို ရောက်လာတာအတော်လေးကြာပြီဖြစ်တဲ့အတွက်  နံပါတ်တွေ သချာ်တွေကို လေ့လာပြီးဖြစ်တယ်။ ဒါကြောင့် သူမ ရှောင်ကျိုးရဲ့ အိမ်စာတွေကို စစ်ပေးနိုင်ပြီဖြစ်တယ်။


ထန်ထန်က ချက်ချင်းပဲ စာအုပ်ကိုစစ်ကြည့်လိုက်တော့ မေးခွန်းတိုင်းကို ဖြေထားတာတွေ့လိုက်ရတယ်။ မေးခွန်းတိုင်းကို နှစ်နာရီအတွင်း ဖြေနိုင်တယ်ဆိုတာ အတော်လေးကို တော်နေပြီဖြစ်တယ်။ ဘယ်လောက်အထိ အဖြေမှန်လဲဆိုတာတော့ သူမ မသိပေ။ တကယ်လို့များ အမှားတွေများခဲ့မယ်ဆိုရင်ကော ကျိယန်စိတ်ဆိုးမလား သူမ မသိတော့ပေ။


ဒါကြောင့် သူမ အဖြေတွေကို စစ်ကြည့်လိုက်တော့ သာမာန် သုံးနှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ ဖြေရမယ့် မေးခွန်းတွေထက် အဆင့်မြင့်တဲ့ မေးခွန်းတွေကို တွေ့လိုက်ရတဲ့အတွက် အရမ်းအံ့အားသင့်သွားတယ်။ ကျိရှောင်ကျိုးအနေနဲ့ မေးခွန်းတွေက ၁၀ လောက်အထိပဲ ပေါင်းနှုတ်တွေ လုပ်ရမယ်လို့ သူမထင်ထားတာဖြစ်တယ်။ 


ဒီလိုမေးခွန်းတွေက သုံးနှစ်သားကလေးအတွက် ကောဟုတ်ရဲ့လား..


‘’ယောကျာ်း… ဒီမေးခွန်းတွေက ပေါင်ပေါင်လေးအတွက် အဆင်ပြေပါ့မလား… သူ့အတွက် အရမ်းခက်မနေဘူးလား’’


သဘာဝကျစွာနဲ့ပဲ ကျိယန်က ထန်ထန်ရဲ့ သံသယတွေကို သတိထားမိတဲ့အတွက် ရှင်းပြလိုက်တယ် 


“ ရှောင်ကျိုး မှတ်ဉာဏ်က အရမ်းကောင်းတယ်… ပြီးတော့ သူ့ရဲ့ လေ့လာသင်ယူနှုန်းကလဲ အရမ်းမြင့်တယ်… အထူးသဖြင့် တွက်ချက်တဲ့နေရာမှာပေါ့… တခြားကလေးတွေက ဘယ်လိုရေတွက်ရမလဲ သင်နေတဲ့အချိန်မှာ ရှောင်ကျိုးက ၁၀ အထိတွက်ချက်တဲ့နေရာမှာ ဆရာဖြစ်နေပြီ။ ဒါကြောင့် ကိုယ်က သူ့ကို သချာ်တချို့စသင်ပေးလိုက်တာပဲ အခုဆို ၁၀၀ အထိတွက်ချက်တတ်နေပြီလေ…. အဲ့ဒါကြောင့် အဲ့ကလေးက ဒါကိုအရမ်းလွယ်တယ်ဆိုပြီး စာမလုပ်ချင်ဘူးဖြစ်နေတာပေါ့’’


ထန်ထန် ပြောစရာစကားတွေ ပျောက်ရှသွားတယ်။ ဒါဆို ဒီမိသားစုထဲမှာ သူမကအတုံးဆုံးပဲမဟုတ်လား … သူမ စိတ်ထဲမှ တိတ်တိတ်လေးငိုကျွေးမိသွားတယ်။


ထန်ထန်ရဲ့ မျက်ဝန်းတွေပြူးကျယ်သွားပြီး သူမကိုယ်သူမ အထင်သေးသွားတဲ့ပုံစံကိုကြည့်ရင်း ကျိယန်စိတ်ထဲ အကြောင်းပြချက်မရှိ သူမက အတော်လေးချစ်ဖို့ကောင်းတယ်လို့ တွေးလိုက်မိတယ်


 ‘’ တကယ်တော့… ရှောင်းကျိုးအတွက် ဒါတွေကမခက်ပါဘူး… ဒါပေမယ့် ကိုယ်က သူ့ကိုလွယ်တယ်ဆိုပြီး လက်လွတ်စပယ်နဲ့ နေတဲ့အကျင့်မဖြစ်အောင်လို့လေ… သူ့အနေနဲ့ ဘယ်လောက်ပဲ လွယ်နေပါစေ သေချာလုပ်ဖို့လိုတယ်ဆိုတာ သိဖို့အတွက် ကိုယ် သူ့ကိုအပြစ်ပေးတာပဲ’’


ချက်ချင်းပဲ ထန်ထန်က ထောက်ခံတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ ကျိယန်နဲ့ယှဉ်ရင် ကလေးကိုဘယ်လိုထိန်းရမှန်း သူမ မသိဘူး။ ကံကောင်းလို့ ပေါင်ပေါင်လေးက သူ့ဒယ်ဒီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေလို့သာပေါ့…


နောက်ဆုံးတော့ ခါတိုင်းလိုပဲ လေးစား အားကျမှုတွေပြည့်နေတဲ့ ထန်ထန်ရဲ့မျက်ဝန်းကို မြင်လိုက်ရတဲ့အတွက် ကျိယန်လဲ ခံစားချက်တွေကောင်းမွန်လာပြီး ဆက်ပြောလိုက်တယ် 


“ ကျောင်းစတာနဲ့ ကိုယ်ရှောင်ကျိုးကို အမြှောက်အစားတွေ ၁၀၀ အထိ စိတ်ထဲကတွက်တတ်အောင် သင်ပေးလိုက်မယ်… ဒါက သူ့ရဲ့ သချာ်တွက်စွမ်းရည်တွေ ပိုကောင်းအောင် လေ့ကျင့်ဖြစ်တာပေါ့… ပြီးတော့ တကယ်ကျောင်းတက်တဲ့အခါ သူ့အတွက်ပိုပြီးမြင့်တာတွေ ကိုယ်လေ့လာခိုင်းလို့ရတာပေါ့’’


၁၀၀ အထိ အမြှောက်အစား ကိုစိတ်ထဲမှ တွက်ချက်နိုင်အောင် … ဒါဆိုရင် သူမက အရူးနဲ့ဘာကွာတော့မှာလဲ… 

သူမရုတ်တရက်ပဲ တပ်ရင်းမှုးကတော်ပြောဖူးတာကို သတိရသွားတယ်။ ကျိယန်က S တက္ကသိုလ်ကနေ ဘွဲ့လွန်ရခဲ့တာဖြစ်ပြီး ဒီလိုစစ်သားတစ်ယောက်ဖြစ်နေတာက သူ့စွမ်းရည်တွေကို အလဟဿဖြစ်စေတယ်လို့ပေါ့။


အခုတော့ ထန်ထန် အဲ့ဒီမှတ်ချက်ကို လုံးဝလက်ခံလိုက်မိတယ်။ ပြီးတော့ သူမက သူ့ကိုအောက်သို့ဆွဲချနေမိတယ်လို့လဲ နက်နက်ရှိုင်းရှိုင်း သတိထားမိသွားတယ်။


သူမ မေးခွန်းဆယ်ခုလောက်နဲ့ တိုင်ပတ်နေချိန်မှာပဲ ကျိယန်က အားလုံးကိုစစ်ဆေးပြီး ဖြစ်သွားတယ်


 “ အားလုံးမှန်တယ်… သူ သေသေချာချာလုပ်ထားတာပဲ’’


ထန်ထန် တိတ်ဆိတ်စွာနဲ့ပဲ စာအုပ်ကိုချလိုက်ကာ လုပ်စရာရှိတာတွေ လုပ်ဖို့အတွက် ထွက်သွားတော့တယ်။


စာရေးသူ … တရက်မှာ ကျိယန်က သူ့ရုံးခန်းထဲရှိစားပွဲခုံရဲ့ အောက်ဆုံးအံဆွဲကို ဖွင့်လိုက်တယ်။ ဇာအတွင်းခံနှစ်ထည်ကိုထုတ်ယူလိုက်ပြီး နောက်ဘယ်တော့မှ ထပ်မဖွင့်တော့ဘူးလို့ ကျိန်ကာ အံဆွဲကိုပြန်ပိတ်လိုက်ပြန်တယ်။