အပိုင်း (၄၁)
Viewers 12k

Part 41


နောက်တစ်နေ့မှာတော့ ကျိယန်က လေ့ကျင့်ရေးအတွက်အချိန်တစ်ချို့လျော့ကာ ရှောင်ကျိုးနဲ့ထန်ထန်ကို မူကြိုသို့လိုက်ပို့ဖို့ ပြန်လာခဲ့တယ်။


ထန်ထန် အကျီအသစ်ဝတ်လိမ်လမယ်လို့ ကျိယန်ထင်ပေမယ့်လဲ ခါတိုင်းလိုဝတ်နေကျ အကျီနဲ့ဖိနပ်သာ ဝတ်လာတဲ့အတွက် သူစိတ်ဓါတ်ကျသွားတယ်။ သူမ မျက်နှာပေါ်မှာလဲ မိတ်ကပ်လိမ်းထားတာကို သူ မတွေ့ရဘူး။


သူ ပေးသမျှလက်ဆောင်တွေအကုန်လုံးကို သူမ မသုံးဘူး။


မနေ့ကပဲ သူပေးတဲ့လက်ဆောင်တွေကို သူမသဘောကျတယ်လို့ ပြောခဲ့တာမဟုတ်လား… ဘာလို့အဲ့ဒါတွေကို မသုံးရတာလဲ…


‘’ ဘာတွေကြည့်နေတာလဲ ယောကျာ်း…’’


 ထန်ထန် ပဟေဠိဖြစ်စွာနဲ့ မေးလိုက်တယ်။ သူမ ခင်ပွန်းက ဘာလို့ သူမအကျီကို ကြည့်နေတာလဲ… သူမ ဝတ်ထားတာ တစ်ခုခုများ မှားနေလို့လား။


ကျိယန်က ခေါင်းကိုယမ်းရင်း နှုတ်ခမ်းကိုစေ့လိုက်ကာ 


‘’ ဘာမှမဟုတ်ဘူး.. သွားကြစို့’’ သူမ ဒီနေ့မဝတ်ချင်လို့ပဲနေမှာပါ… နောက်နေ့တွေကျရင်တော့ ဝတ်လောက်မှာပါ ။


စစ်တပ်ဝင်းက ထန်ထန် တွေးထင်ထားတာတက် ပိုကျယ်ဝန်းတယ်။ သူမတို့တွေ အနည်းငယ်နောက်ကျသွားပြီး တခြားကလေးတွေလဲ ရောက်နှင့်နေပြီဖြစ်တယ်။ ထန်ထန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး


 ‘’ ဒီမူကြိုက တော်တော်လေးအဆင်ပြေတဲ့ပုံပဲ… ဆရာမတွေလဲ အများကြီးနော်..." 


ထန်ထန်ပြောစကားကို ကြားလိုက်ရတဲ့ကျိယန်က သူမကိုအသေးစိတ်ရှင်းပြလိုက်တယ် 


“ ဆရာမတွေအကုန်လုံးက တပ်ထဲက မိသားစုဝင်တွေပဲလေ ပြီးတော့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေက ပြဿနာမရှိဘူး… အများစုက ပုံမှန်တကသိုလ်ကနေ ဘွဲရထားကြတာပဲ.. သူတို့တွေအကုန်လုံးက ကလေးတွေကို ကောင်းကောင်းသင်ပေးနိုင်တယ်’’


အမှန်တော့ သူမ ဒီအကြောင်းတွေကို တပ်ရင်းမှုးဇနီးဆီက ကြားပြီးသားဖြစ်တယ်။ နောက်ပြီး ဒီမူကြိုဆရာမတွေရတဲ့ အကျိုးအမြတ်ကလဲ သိပ်မကောင်းဘူးလို့ကြားဖူးပြီးဖြစ်တယ်။ ဆရာမတွေအကုန်လုံး ဒီမှာအလုပ်လုပ်နေတာက သူတို့ရဲ့အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ။ သူတို့တွေဒီကိုပြောင်းလာရတာက အထူးစစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သူတို့ရဲ့စစ်သားအိမ်ထောင်ဘက်တွေကြောင့် ဖြစ်တယ်။ သူတို့အလုပ်လုပ်တဲ့နေရာကလဲ ဒီတပ်ဝင်းနဲ့ အရမ်းဝေးတာကြောင့်လဲဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့မိသားစုလိုက်ဒီကိုပြောင်းလာကြပြီး သူတို့ရဲ့မူလအလုပ်ကို စွန့်လွှတ်ခဲ့တာဖြစ်တယ်။


ထန်ထန် တကယ်ပဲ ဒီစစ်သားတွေရဲ့ဇနီးသည်တွေကို လေးစားအားကျမိတယ်။


ရှောင်ကျိုးရဲ့ ဆရာမက အသက် ၃၀ ခန့်ရှိပြီဖြစ်တယ်။ ကျိယန်က ထန်ထန်နဲ့ ရှောင်ကျိုးကို ခေါ်လာမယ်မှန်း သူမသိပြီးဖြစ်တယ်။ ဒါကြောင့် ထန်ထန်ဘေးမှ ရှောင်ကျိုးနားသို့သွားကာ ကိုယ်ကိုကိုင်းလိုက်ပြီး ရှောင်ကျိုးခေါင်းကို ပွတ်ပေးလိုက်တယ် 


’ သားက ရှောင်ကျိုးပဲဖြစ်ရမယ် ဟုတ်လား… အန်တီက သားဆရာမ အသစ်ပါ… ဆရာမနာမည်က စုယွဲ့ပါ’’


ရှောင်ကျိုးက ဆရာမကိုလက်ဆွဲကာ နှုတ်ဆက်လိုက်တယ်


 “ မင်္ဂလာပါ ဆရာမ’’


စုယွဲ့က ရှောင်ကျိုးလက်ကိုဆွဲထားရင်း ကျိယန်နဲ့ ထန်ထန်ကို ပြောလိုက်တယ်

 

“ စာသင်ခန်းကိုကြည့်ဖို့ ကျွန်မ လမ်းပြပေးမယ်… ကျွန်မတို့ ရှောင်ကျိုးအတွက် အဲ့မှာ နေရာချထားပေးတယ်’’


အခန်းထဲမှာတော့ ကျောင်းသားတွေ ၂၅ ယောက်လောက်ရှိတယ်။ သူတို့တွေအားလုံးက စားပွဲကိုယ်စီမှာထိုင်နေကြပြီး စိတ်လှုပ်ရှားစွာနဲ့ စကားပြောနေကြတယ်။ ဒီနေ့က ပထမဆုံးနေ့ဖြစ်တဲ့အတွက် အားလုံးကတက်ကြွနေပြီး ဆရာမနဲ့အတူ မရင်းနှီးတဲ့ ကလေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့ ပိုပြီး စိတ်လှုပ်ရှားသွားကြတယ်။ ကလေးတွေက စပ်စုစွာနဲ့ ကျိရှောင်ကျိုးကိုကြည့်ပြီး အချင်းချင်းဆွေးနွေးနေကြတယ်။


‘’ ငါတို့မမြင်ဖူးတဲ့ ကလေးတစ်ယောက် ဆရာမနဲ့အတူတူပါလာတယ်...  သူက ကျောင်းသားသစ်ပဲ ဖြစ်ရမယ်’’


‘’ ကြည့်ပါဦး… သူ့ရဲ့အကျီအိတ်က အကြီးကြီးပဲ.. အဲ့ဒါက ရယ်စရာမကောင်းဘူးလား’’


‘’ ဝိုး… သူက စုကျဲထက် ပိုကြည့်ကောင်းတယ်… စုကျဲတော့ ရှုံးပါပြီ’’


‘’မဟုတ်တာတွေ… သူက အရမ်းဝတာပဲ… ဘယ်လိုလုပ်ပြီး စုကျဲထက် ပိုကြည့်ကောင်းမှာလဲဟ… ငါ့မာမီကပြောတယ် ဝတဲ့သူတွေက ကြည့်မကောင်းတဲ့ "


ကလေးတွေက အတန်းဖော်အသစ်ကို တွေ့ပြီး စိတ်လှုပ်ရှားနေကြတယ်။ အချိန်တစ်ချို့ပေးပြီးတဲ့နောက် စုယွဲ့က လက်ခုပ်တီးလိုက်ပြီး စကားပြောနေတာကိုရပ်အောင်လုပ်လိုက်တယ် 


“ အိုကေ… အားလုံးပဲ… တိတ်တိတ်နေကြမယ်’’


ပထမဆုံးနေ့ဖြစ်တဲ့အတွက် နောက်ဆုံးကျောင်းမပိတ်ခင်က သင်ခဲ့တဲ့ စည်းကမ်းတွေကို ကလေးတွေအားလုံးမေ့သွားကြပြီဖြစ်တယ်။ စုယွဲ နှစ်ကြိမ်ခန့်ပြောသော်လဲ အားလုံးက ကျိရှောင်ကျိုးအကြောင်းကို စိတ်အားထက်သန်စွာနဲ့ ပြောနေဆဲဖြစ်တယ်။


တပ်ဝင်းထဲက ကလေးတွေအားလုံးက အရမ်းကိုရိုင်းစိုင်းကြတဲ့အတွက် သူတို့စိတ်လှုပ်ရှားတဲ့အချိန်မှာ ငြိမ်အောင်ထိန်းဖို့အတွက်က အတော်လေး ခက်ခဲတယ်။ စုယွဲ့ ခေါင်းကိုက်လာသလို ခံစားလိုက်ရတယ်။ သူမက စိတ်ပူစွာနဲ့ ကျိရှောင်ကျိုးကို ကြည့်လိုက်တယ်။ ပတ်ဝန်းကျင်ကြောင့် ကျိရှောင်ကျိုးအခက်တွေ့ပြီး အတန်းကြောက်သွားမှာကို သူမစိုးရိမ်မိတယ်။


စုယွဲ့တွေးမိတာ လွန်သွားပုံရတယ်။ ကျိရှောင်ကျိုးက မကြောက်တဲ့အပြင့် စိုက်ကြည့်ခံနေရတာကိုလဲ တည်ငြိမ်စွာနဲ့ ရပ်နေတယ်။ သူက ကလေးတွေတစ်ယောက်ချင်းစီကို ပြန်စိုက်ကြည့်နေပြီး တခြားကလေးတွေရဲ့ အကြည့်ကို အောက်သို့ရွေ့သွားစေတယ်။ သူတို့တွေက ရှောင်ကျိုးကို ထပ်မကြည့်ရဲကြတော့ဘူး။


သုံးမိနစ်ကျော်သွားတဲ့နောက် အတန်းထဲမှ ဘယ်ကလေးကမှ ရှောင်ကျိုးအကြည့်ကို ပြန်မကြည့်ရဲကြတော့ပေ။ ထို့နောက် အခန်းကလဲ တိတ်ဆိတ်သွားတော့တယ်။


စုယွဲ့ ‘’ ….. ‘’


အပြင်မှကြည့်နေတဲ့ ထန်ထန် ‘’ ….. ‘’


ကျိယန်တစ်ယောက်တည်းသာ တည်ငြိမ်စွာနဲ့ အဲ့ဒီမြင်ကွင်းကို ပုံမှန်အတိုင်း ကြည့်နေတာဖြစ်တယ်


အခုတွေ့နေရတဲ့ ကျိရှောင်ကျိုးရဲ့ အော်ရာတွေက ကျိယန်နဲ့  အရမ်းကိုဆင်တူနေတယ်လို့ ထန်ထန်တွေးလိုက်မိတယ်။


အတန်းထဲမှာတော့ … စုယွဲ့က ကျိရှောင်ကျိုးဆီမှအကြည့်ကိုလွှဲလိုက်ပြီး အတန်းထဲမှာ မိတ်ဆက်ပေးလိုက်တယ်


 “ အားလုံးပဲ… ဒါက ဆရာမတို့ရဲ့ အတန်းဖော်အသစ်ပဲ … သူက ကျိရှောင်ကျိုးလို့ခေါ်တယ်… သူ့နဲ့အားလုံးအတူတူနေရမယ်နော်… သူ့ကိုလဲ အနိုင်မကျင့်ရဘူး’’


အတန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး လေထုက ထူးဆန်းသွားတယ်။


စုယွဲ့လဲ အကူအညီမဲ့စွာနဲ့ ပြုံးလိုက်ပြီး ကျိရှောင်ကျိုးအတွက် ထိုင်ခုံဖော်ရှာပေးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် သူမ အခန်းထဲဝေ့ကြည့်ပြီးတဲ့နောက် ကလေးတစ်ယောက်ရဲ့နေရာသာ လွတ်နေတာကိုတွေ့လိုက်ရတယ်။ 

အဲ့ကလေးက …


စုယွဲ့ နည်းနည်းအခက်တွေ့သလို ခံစားလိုက်ရတယ်။ သူက ကျိယန်နဲ့ ထန်ထန်ဆီကို ဆွေးနွေးဖို့ထွက်လာတယ်။ 


‘’ အခြေအနေကတော့ ဒီလိုရှိတယ်… ရှောင်ကျိုးမပါရင် အတန်းထဲမှာ ကလေးက ၂၅ ယောက်ရှိတယ် … ထိုင်ခုံဖော်မရှိတဲ့ ကလေးတစ်ယောက်ရှိတယ်… ပြီးတော့ အဲ့မှာရှောင်ကျိုးထိုင်ဖို့ဖြစ်နိုင်တယ် … ဒါပေမယ့် ပြဿနာ သေးသေးလေးတစ်ခုတော့ရှိနေတယ်…  အဲ့ဒီကလေးက စကားသိပ်မပြောဘူး ပြီးတော့ သူနဲ့အတူတူထိုင်ဖူးတဲ့ ကလေးတိုင်းကလဲ ထိုင်ခုံပြောင်းပေးဖို့ ပြောတယ် အဲ့ဒါကြောင့်… ‘’ 


စုယွဲ့က စကားကိုဆုံးအောင်မပြောပဲ ခဏနေမှ ဆက်ပြောတယ် 


‘’ ရှောင်ကျိုးကို တစ်ယောက်တည်းပဲ ထိုင်စေချင်လား ဒါမှမဟုတ် အဲ့ကလေးနဲ့ပဲ ပေးထိုင်ပြီး အခြေအနေကြည့်ချင်သေးလား’’


ထိုင်ခုံမှာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထိုင်နေတဲ့ ကလေးကို ထန်ထန်ကြည့်လိုက်မိပြီး အံ့အားသင့်သွားတယ်။ အစက သူမစိတ်ထဲ အဲ့ဒီကလေးကို ခပ်ဆိုးဆိုးယောကျာ်းလေးတစ်ယောက်လို့ ထင်ခဲ့မိတာဖြစ်တယ် ။ သူမ မထင်မိတာက အဲ့ဒီနေရာမှာ ထိုင်နေတာက ပန်းသီးပုံဆံပင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးမလေး တစ်ယောက်ဖြစ်နေမယ် ဆိုတာပါပဲ။ သူမလေး မျက်နှာက သန့်ရှင်းနူးညံ့နေပြီး မျက်လုံးလေးတွေကလဲ တောက်ပနေတယ်။ သူမ မျက်တောင်မွှေးလေးတွေကလဲ မျက်တောင်ခတ်လိုက်တိုင်း လှုပ်ရှားလို့နေတယ်။ အဲ့ကလေးမလေးရဲ့ ချို့ယွင်းချက်ဆိုလို့ အရမ်းပိန်နေတာပဲရှိတယ်။ ဒါပေမယ့် အဲ့လိုပိန်နေတာက သူမရဲ့ ချစ်ဖို့ကောင်းနေမှုကို အကျိုးမသက်ရောက်ပေ။ သူမက အရမ်းကိုချစ်ဖို့ကောင်းနေပြီး ထန်ထန်ရင်ထဲ သူမကို ထွေးဖက်ချင်စိတ်ဖြစ်ပေါ်လာစေတယ်။


ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးနဲ့ ဘာလို့များ အတူတူ မထိုင်ချင်ရတာလဲ…


‘’ ဆရာမ… အဲ့ကလေးမလေးက အရမ်းချစ်ဖို့ကောင်းတာပဲ… ဘာလို့များ သူမနဲ့အတူတူ မထိုင်ချင်ကြတာလဲ… သူမက စကားသိပ်မပြောလို့လား…’’


စုယွဲ့ က တုန့်ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်တယ်


 “ တကယ်တော့… သူမ စကားသိပ်မပြောတာကြောင့် မဟုတ်ပါဘူး… သူမက လုံးဝကို သူများတွေနဲ့ စကားမပြောတာ ပြီးတော့ တခြားကလေးတွေနဲ့လဲ အတူတူ မဆော့ဘူးလေ… သူမက အဲ့ဒီမှာပဲ ထိုင်နေပြီး ကားအရုပ်လေးနဲ့ပဲ ဆော့နေတတ်တာ… တခြားကလေးတွေ သူ့ကိုစကားသွားပြောရင်လဲ ဘာမှမတုန့်ပြန်ဘူး… တခြားကလေးတွေက တိတ်ဆိတ်တာကို မခံစားနိုင်တဲ့အတွက် သူမနဲ့ ဘယ်သူမှ မထိုင်ကြတော့တာပဲ’’


ဆရာမ‌ ပြောစကားကို နားထောင်ပြီးနောက် ထန်ထန် နားလည်သွားတယ်။ ဒီအရွယ်ကလေးတွေက အရမ်းကိုအားအင်ပြည့်ဝနေပြီး စကားပြောရတာကို ကြိုက်ကြတယ်။ တကယ်လို့ သူတို့ရဲ့ ထိုင်ခုံဖော်က စကားမပြော မကစားဘူးဆိုရင် ကလေးအများစုက သည်းခံနိုင်မှာမဟုတ်ပေ။ 


အဲ့လိုသာဆိုရင် ဒီချစ်ဖို့ကောင်းတဲ့ ကလေးမလေးက ဘာလို့ စကားလဲမပြော ကစားတာလဲ မလုပ်ရတာလဲ…


ကျိရှောင်ကျိုးက အရမ်းကိုတက်ကြွတဲ့ကလေးတစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူက ပုံမှန်လဲ စကားအရမ်းပြောတယ်။ ဒီလို စကားမပြောတဲ့ ကလေးနဲ့ဆို သူထိုင်နိုင်ပါ့မလား… ထန်ထန် က အကူအညီလိုတဲ့အကြည့်နဲ့ ကျိယန်ကို ကြည့်လိုက်ကာ ‘’ ယောကျာ်း… ရှင်ဘယ်လိုထင်လဲ…’’


ကျိယန်က အဖြေမပေးသေးပဲ စုယွဲ့ကို မေးလိုက်တယ်


 “ ဒီကလေးမလေးက ဘယ်မိသားစုအိမ်ကလဲ’’


စုယွဲ့က ပြန်ဖြေလိုက်တယ်


 “ သူမက တပ်ရင်းမှုး ဝမ်ကျန်းရီ အိမ်ကပါ’’


ကျိယန်မျက်ဝန်းတွေ နက်မှောင်သွားပြီး ကလေးမလေးကို တချက်လှမ်းကြည့်ကာ စုယွဲ့ကို ဆက်ပြောလိုက်တယ်


 “ ကျိရှောင်ကျိုးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ’’


စုယွဲ့က ခေါင်းငြိမ့်ပြလိုက်ပြီး ရှောင်ကျိုးဆီသို့ လမ်းလျောက်သွားကာ တိုးတိုးတိတ်တိတ်နဲ့ ပြောလိုက်ပါတယ်။ ထို့နောက် သူတို့အားလုံးက ကျိရှောင်ကျိုးတစ်ယောက် ကလေးမလေးဆီသို့ လမ်းလျောက်သွားတာကို တွေ့လိုက်ကြတယ်။ သူက သူရဲ့ ကျောင်းလွယ်အိတ်ကိုသယ်ကာ ကလေးမလေးနားမှာ ထိုင်လိုက်တယ်။


ထန်ထန်က ကျိယန်ရဲ့ အကျီလက်ကိုဆွဲကာ 

‘’ ကြည့်ပါဉီး … ယောကျာ်း… ပေါင်ပေါင်က ကလေးမလေးနားမှာ ထိုင်နေပြီ … သူအကျင့်ဖြစ်ပါ့မလားဟင်..ကျွန်မတော့ မသိတော့ပါဘူး’’


ကျိယန်က သူ့အကျီလက်ကို ဆွဲနေတဲ့ ထန်ထန်ရဲ့လက်ကိုကြည့်လိုက်မိတယ်။ မသိလိုက်စွာနဲ့ပဲ သူ့နှုတ်ခမ်းထောင့်တွေ အပေါ်သို့ကော့တက်သွားပြီး အကြောင်းပြချက်မရှိပဲ နူးညံ့တဲ့လေသံနဲ့


 ‘’ စိတ်မပူပါနဲ့… သူလုပ်နိုင်ပါတယ်’’


ထန်ထန်အနေနဲ့ ကလေးနှစ်ယောက်ကိုသာ စိုက်ကြည့်နိုင်တော့တယ်။ ကလေးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စကားပြောတာကို ထန်ထန် တကယ်ပဲမြင်ချင်မိတယ်။ ကံမကောင်းစွာနဲ့ပဲ ဆရာမစုယွဲ့ပြောသလိုပဲ ကလေးမလေးက သူမရဲ့ခေါင်းကိုသာငုံ့ပြီး ကစားစရာကားလေးနဲ့သာ ဆော့နေတယ်။ သူမက ရှောင်ကျိုးကို အကြည့်လေးတစ်ချက်တောင်မှ မပေးပေ။ ရှောင်ကျိုးကလဲ ကလေးမလေးကို နှုတ်ဆက်ဖို့မကြိုးစားပေ။ နှစ်ယောက်လုံးက သူတို့လုပ်စရာရှိတာကိုသာ လုပ်နေကြတယ်။


‘’ယောကျာ်း… ကလေးနှစ်ယောက်လုံး စကားမပြောကြဘူး… တစ်ယောက်နဲ့ တစ်ယောက်မနှောက်ယှက်ပဲ ဒီအတိုင်းအမြဲနေသွားမှာတော့ မဟုတ်လောက်ပါဘူးနော်… တခြားတစ်ယောက်ကို စကားမပြောပဲ ပေါင်ပေါင်က နေနိင်ပါ့မလား’’


ကျိယန်က ထန်ထန်‌ခေါင်းကိုပွတ်ပေးလိုက်ပြီး


 ‘’ အဆင်ပြေသွားပါလိမ့်မယ်… ကျိရှောင်ကျိုး ကစကားပြောမှာပါ … သူ့မှာလဲ သူနည်းလမ်းနဲ့သူရှိတယ်’’


ထန်ထန် နားမလည်ပေမယ့်လဲ ကျိယန်ကတော့ ထပ်ပြီးရှင်းမပြတော့ပေ။ သူမ စိုးရိမ်စွာနဲ့ ပြတင်းပေါက်မှတဆင့် ကလေးနှစ်ယောက်ကို အတန်းဆင်းသည်အထိသာ ကြည့်နေမိတော့တယ်။ ကလေးနှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးကတော့ လုံးဝမတိုးတက်လာပေ။


အိမ်အပြန်လမ်းမှာတော့ ထန်ထန်က ကျိရှောင်ကျိုးကိုမေးလိုက်တယ်


 “ သားရဲ့ ထိုင်ခုံဖော်အသစ်ကို ဘယ်လိုထင်လဲ…’’


ကျိရှောင်ကျိုးက ခဏလောက်စဉ်းစားပြီးတဲ့နောက် စကားလုံးသုံးလုံးသာပြန်ပြောလိုက်တယ်


 “ သူမက အရမ်းတုံးတယ်’’ (မြန်မာလိုပြန်တော့ ရှည်သွားတာပေါ့နော်)


ချက်ချင်းပဲ ထန်ထန်က ရှောင်ကျိုးခေါင်းလေးကို ပုတ်ကာ


 ‘’ ပေါင်ပေါင်… သားရဲ့ ထိုင်ခုံဖော်အသစ်ကို အဲ့လိုမပြောရဘူးလေ… သူမက စကားသိပ်မပြောရုံပါပဲ… သူမက မတုံးပါဘူး… ဟုတ်ပြီလား’’


ကျိရှောင်ကျိုးက တိတ်တဆိတ်နေဖို့ကိုသာ ရွေးချယ်လိုက်တယ်။ သူ့မာမီက သူ့ကိုမယုံဘူးဆိုတာ သူသိနေတယ်လေ။ ရိုးရိုးသားသားပြောရရင် သူ့ထိုင်ခုံဖော်က တုံးအပြီး ရူးကြောင်ကြောင်ပဲဟာကို…


ထိုကလေးမလေး စကားမပြောတာကြောင့် ရှောင်ကျိုးအဲ့ကလေးမလေးနဲ့ အတူတူမကစားတော့မှာကို ထန်ထန်စိုးရိမ်မိတဲ့အတွက် သူမပြောရုံသာတတ်နိုင်တော့တယ် 


“ ရှောင်ကျိုး… သားထိုင်ခုံဖော်အသစ်လေးနဲ့ အတူတူအဖော်လုပ်ပြီး စကားများများပြောပေးရမယ်နော် အိုကေလား… သူမက သားကိုပြန်မပြောဘူးဆိုရင်တောင် သားကပဲဦးဆောင်ပြီး စကားပြောပေးရမယ်… ဒါဆို သားတို့နှစ်ယောက် ပိုပြီးရင်းနှီးသွားလိမ့်မယ်’’


ကျိရှောင်ကျိုးက စိတ်ပူနေတဲ့ သူ့မာမီလက်ကိုဆွဲကာ


 ‘’ သားသိပါတယ် မာမီ… သူ သားကိုသိပ်မကြာခင် စကားပြန်ပြောမှာပါ စိတ်မပူပါနဲ့’’


ဒီအသေးလေးတစ်ယောက် ယုံကြည်မှုတွေ ဘယ်ကရလဲဆိုတာ ထန်ထန် မသိတော့ပေ။ ဒီကလေးမလေးက တခြားကလေးတွေနဲ့ အတူတူမဆော့ဘူးဆိုတာ ဆရာမ စုယွဲ့က ပြောပြီးသားဖြစ်တယ်။ ပေါင်ပေါင်မှာ အထူးနည်းလမ်းတွေများ ရှိနေလို့လား…


အမှန်တော့ ကျိရှောင်ကျိုးတစ်ယောက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို သိပြီးဖြစ်တယ်။ ရှောင်ကျိုးက ထိုင်ခုံဖော်အသစ်ကို မနှောက်ယှက်ပဲ ဒီအတိုင်းလေးနေတယ်ထင်ရပေမယ့် တကယ်တော့ တနေ့လုံး သူမကို လေ့လာနေတာဖြစ်တယ်။ တနေ့လုံး သူ့ရဲ့လေ့လာမှုတွေအရ အဲ့ကောင်မလေးက ရူးကြောင်ကြောင်ဖြစ်နေတဲ့အပြင့် သူ့ကားလေးနဲ့ဆော့ရတာ တကယ်ကြိုက်တဲ့ပုံပဲ။ သူမက ကားလေးကို ဖြုတ်လိုက်တပ်လိုက်နဲ့ တစ်ယောက်တည်း မပင်မပန်းလုပ်နေတာပဲကို။ 


ကျိရှောင်ကျိုးဘာတွေ တွေးနေလဲဆိုတာ ထန်ထန်မသိပေ။ အိမ်ရောက်တဲ့အခါမှာတော့ ရှောင်ကျိုးက သူ့အရုပ်တွေအကုန်လုံးကို ထုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ်သွန်ချလိုက်တယ်။ သူက ခဏလောက်ကြည့်ပြီးတဲ့နောက် ရဲတိုက်ပုံအရုပ်လေးတစ်ခုကိုယူလိုက်ကာ တစ်စစီဖြုတ်လိုက်တယ်။

 

ထန်ထန် အံ့ဩသွားတယ်။ ဒီရဲတိုက်ပုံအရုပ်လေးကို ဘာလို့ဖြုတ်ပြစ်လိုက်လဲဆိုတာ ထန်ထန် နားမလည်တော့ဘူး ။ ဒီပုံလေးရဖို့အတွက် အသေးလေးက အချိန်အကြာကြီးကြိုးစားထားရတာဖြစ်တယ်။ သူမ မေးဖို့ပြင်လိုက်စဉ်မှာပဲ အသေးလေးက ရဲတိုက်အပိုင်းအစလေးတွေကို သူ့ရဲ့ကျောင်းလွယ်အိတ်ထဲသို့ထည့်လိုက်တာကို မြင်လိုက်ရတယ်။


ထန်ထန် အံ့အားသင့်သွားတယ်။


ကျိယန်က ထန်ထန်ကို ဝင်မပါဖို့ပြောထားတဲ့အတွက် သူမတိတ်တဆိတ်သာ ကြည့်နေလိုက်တော့တယ်။ 


သူမစိတ်ထဲမှလဲ သားအဖ နှစ်ယောက်လုံးက တစ်ခါတစ်လေကျရင် အရမ်းကိုရှုပ်ထွေးတာတွေ လုပ်တတ်ကြောင်း တွေးမိသွားတယ်။ အဲ့ဒါကြောင့်လဲ မကြာခဏ သူမနားမလည်ဖြစ်ရတယ်။ အဲ့ဒါကပဲ သာမန်လူတွေနဲ့ စမတ်ကျတဲ့လူတွေကြား ကွဲပြားစေတာလားမသိပေ။ ဥပမာဆိုရင် ကျိယန်က ရှောင်ကျိုးကို အမြှောက်အစား သင်ပေးတာမျိုးတွေပေါ့။ ကျိယန်သင်ပေးတာတွေကြည့်ရင်း သူမ နားမလည်လာတဲ့အတွက် တခါတလေ ကိုယ့်ကိုယ်ကိုယ် ငတုံးတယောက်လို့တောင် ခံစားမိတယ်။


ကလေးဖြစ်တဲ့ ကျိရှောင်ကျိုးတောင် နားလည်နေတာကို သူမလို အရွယ်ရောက်လူကြီးတစ်ယောက်က နားမလည်ဘူးတဲ့လေ။ အဲ့ဒါက သူမဘဝကို သံသယဝင်လာစေတယ် ဒါပေမယ့်လဲ သူမ လက်မလျော့ပဲ ကျိယန်သင်ပေးတာတွေကို နားလည်ဖို့ ကြိုးစားဆဲဖြစ်တယ်။ အချိန်အတော်ကြာ ခက်ခဲနေပလေ့စေ သူမတကယ်ကိုပဲ သင်ယူချင်မိတယ်။