အပိုင်း (၄၂)
Viewers 12k

part 42


ထန်ထန်တစ်ယောက် ကျိရှောင်ကျိုးထက်ပိုပြီး စိတ်ဝင်တစား နားထောင်နေတာကို ကျိယန်တွေ့တဲ့အခါမှာတော့ သူမရဲ့ အတိတ်မေ့တဲ့ဒဏ်ရာကြောင့် ဘယ်လိုတွက်ချက်ရမှန်း မသိတော့တာကို သတိရသွားတယ်။ ဒါကြောင့် ကျိယန်က သူတို့နှစ်ယောက်လုံးကို တခါတည်းအတူတူ သင်ပေးလိုက်တယ်။ ဒါပေမယ့် သူရှင်းပြပြီးတိုင်း ထန်ထန်ရဲ့ အမြဲတမ်း နားမလည်ဖြစ်နေတဲ့အမူအယာက အကြောင်းပြချက်မရှိ သူ့ကိုရယ်ချင်စိတ်ဖြစ်ပေါ်လာစေတယ်။


သူမရဲ့ အမူအယာက တကယ်ကိုပဲ သိသာလွယ်လွန်းတဲ့အတွက် သူရှင်းပြသမျှအားလုံး သူမနားမလည်ဘူးဆိုတာ  သူ ပြောနိုင်တယ်။ ဒါကြောင့် သူသင်ပြပြီးတဲ့အချိန်တိုင်း သူမကို ပိုပြီးအသေးစိတ်ကျကျ သူမ သဘောမပေါက်မချင်း ထပ်ခါထပ်ခါ ရှင်းပြရတယ်။


အချိန်တိုင်း ထန်ထန်ရဲ့ မျက်နှာက ရှက်ရွံ့မှုကြောင့် အနီရောင်ဘက်သို့သမ်းနေပြီး ကျိယန်ရဲ့အချိန်တွေကို သူမဖြန်းတီးနေမိတယ်လို့ ခံစားလိုက်ရတယ်


 “ တောင်းပန်ပါတယ် ကျွန်မက အရမ်းတုံးလို့… ပေါင်ပေါင်လေးကိုသာ သင်ပေးလိုက်ပါတော့… ကျွန်မကိုသင်ပေးပြီး ရှင့်အချိန်တွေကို မဖြုန်းပါနဲ့တော့… ကျွန်မဘာသာ ဖြေးဖြေးချင်းလေ့လာလိုက်ပါ့မယ်’’


‘’ ရပါတယ်… ဒီအတိုင်းလေးဆက်လုပ်သွားရင် အဆင်ပြေသွားလိမ့်မယ်… မင်းနားမလည်တဲ့ အပိုင်းတွေကို ကိုယ်သင်ပေးမှာပေါ့ "


 ကျိယန်က အရမ်းကိုစိတ်ရှည်နေတော့တယ်။ သူ ဘယ်တုန်းကမှ ထန်ထန်ရဲ့ နှေးကွေးတဲ့သင်ယူခြင်းကို စိတ်မရှည်မဖြစ်ဘူး။


ကျိယန်က ကမ္ဘာပေါ်မှာ အကောင်းဆုံးလူသားဆိုတာ သံသယဖြစ်စရာမလိုဘူးလို့ ထန်ထန်တွေးနေမိတယ်။ သူက အရာအားလုံးပြည့်စုံပြီး ချို့ယွင်းချက်မရှိတဲ့ လူသားတစ်ယောက်ပဲ။ ဒီလိုကောင်းတဲ့လူက ဘယ်လိုလုပ်ပြီးတော့များ တည်ရှိနေတာလဲ…


ကျိရှောင်ကျိုးက သူ့မာမီရဲ့ မျက်နှာအမူအယာကိုကြည့်ပြီး ကြေကွဲသွားရတယ်။ တိတ်တဆိတ်ပဲ သူ့ကိုယ်လုံးလေးကို တဖက်သို့လှည့်ကာ လေ့ကျင့်ခန်းမေးခွန်းတွေကို ဖြေနေလိုက်တယ်။ ဟမ့်… ဒယ်ဒီက ဘက်လိုက်တယ်။ မာမီကိုကျတော့ ဒယ်ဒီက ကိစ္စမရှိပါဘူးတဲ့ ဒါပေမယ့် သူသာဆိုရင်တော့ အမှားလေးတစ်ခုလုပ်မိတာနဲ့ ပြောပါလိမ့်မယ်...' ကျိရှောင်ကျိုး… မင်းရဲ့ ဦးနှောက်တွေ ဘယ်ရောက်သွားတာလဲ’’ ဆိုပြီးတော့ပေါ့…  


ပေါင်ပေါင် နှလုံးသားလေး နာကျင်သွားတယ်။


ကျိယန်ရဲ့ သင်ပြမှုအောက်မှာပဲ ထန်ထန်တစ်ယောက် အမြှောက်အစားကို နောက်ဆုံးမှာတော့ နားလည်သွားပြီဖြစ်တယ်။ ချရေးပြီးတွက်ချက်တတ်ရုံနဲ့ကိုပဲ သူမအရမ်းကို အံ့ဩနေပြီဖြစ်တယ်။ ဒီနည်းလမ်းက အရမ်းကိုလွယ်ကူတာပဲ။ ဒီကမ္ဘာက လူတွေက အရမ်းကိုစမတ်ကျတယ်။ သူမတောင် နည်းနည်း စမတ်ကျလာသလိုပဲ။


အဲ့အချိန်မှာပဲ ကျိရှောင်ကျိုးက စိတ်ထဲမှ အမြှောက်အစားကို လုပ်တတ်သွားပြီဖြစ်တယ်။


တကယ်တော့ ထန်ထန်လဲ စိတ်ထဲမှ သချာ်တွက်ဖို့ကြိုးစားကြည့်ပေမယ့်လဲ တနေကုန်သွားတဲ့နောက်မှာတော့ သူမ စွန့်လွှတ်လိုက်တော့တယ်။ သူမ အပျင်းကြီးလို့တော့မဟုတ်ပေ။ သူမရဲ့ ဦးနှောက်ကန့်သတ်ချက်ကြောင့်သာဖြစ်တယ်။ သူမ ခေါင်းကိုက်သည်အထိ တွေးတောပေမယ့်လဲ နောက်ဆုံးအထိ အဖြေက ထွက်မလာပေ။ ဒါကတော့ သူမသင်ယူလို့မရတဲ့ အရာပဲဖြစ်တယ်။ ဒီကမ္ဘာရဲ့စကားနဲ့ ပြောရမယ်ဆိုရင် သူမ အိုင်ကျူက ကန့်သတ်ချက်ရှိတယ်လို့ပေါ့။


သူမရဲ့ ပေါင်ပေါင်လေးကတော့ သူမထက် နှစ်ဆ ဉာဏ်ကောင်းမှာ သေချာတယ်။


အဆုံးမှာတော့ ကျိယန်က နှစ်ယောက်လုံးကို မေးခွန်းထုတ်ပြီး ဘယ်သူအရင်ပြီးလဲဆိုတာ စစ်ဆေးတော့တယ်။ ရှောင်ကျိုးက စိတ်ထဲမှတွက်ချက်နေချိန်မှာတော့ သူမက စာရွက်ပေါ်မှာတွက်ချက်နေဆဲဖြစ်တယ်။


အစပိုင်းမှာတော့ ထန်ထန်က ရှေ့ကပြေးနေပေမယ့် အဆုံးမှာတော့ ကျိရှောင်ကျိုးက အဖြေမှန်နဲ့တကွ အရင်ပြီးသွားတယ်။


ထန်ထန် တပြိုင်တည်းမှာပဲ ပျော်ရွှင်မှုနဲ့ ရှက်ရွံ့မှုကို ခံစားလိုက်ရတယ်။ သူမရဲ့ပျော်ရွှင်မှုကတော့ ကျိရှောင်ကျိုး အရမ်းအံ့ဩဖို့ကောင်းလို့ဖြစ်ပြီး သူမအရမ်းဂုဏ်ယူမိတယ်။


ထန်ထန်က ရှောင်ကျိုးရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီး 


‘’ ပေါင်ပေါင်… သားလေးက အရမ်းတော်တာပဲ’’


ခါတိုင်းဆိုရင် ကျိရှောင်ကျိုးက ဂရုမစိုက်လေဟန်နဲ့ “ဒီလိုပါပဲ’’ လို့ပြောလိမ့်မယ်။ ဒါပေမယ့် ဒီနေ့တော့မတူပေ။


 ‘’ မာမီ သားကအရမ်းတော်တော့ သားရဲ့တောင်းဆိုချက်သေးသေးလေးကို လက်ခံပေးနိုင်မလား’’


‘’ သားရဲ့ တောင်းဆိုချက်သေးသေးလေး …’’


‘’ သား ထရန်စဖော်မာ လိုချင်တယ်’’


အသေးလေးက အရသာရှိတဲ့ အစားအစာတစ်ခုကို တောင်းဆိုမယ်လို့ သူမထင်ထားပေမယ့် ထရန်စဖော်မာအရုပ်ကို တောင်းမယ်လို့ မထင်မိပေ။


အဲ့ဒါက ကျိရှောင်ကျိုးဘက်မှ ပထမဆုံး အရုပ်ဝယ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ သူ့ရဲ့အရုပ်တွေအားလုံးက အိမ်ကိုလာလည်တဲ့ ဧည့်သည်တွေပေးထားတာဖြစ်တယ်။ ဒါကြောင့် ထန်ထန်က လက်ခံလိုက်တယ်


 “ ကောင်းပြီ မာမီသားအတွက် တစ်ခုဝယ်ပေးမယ်’’


တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ကျိရှောင်ကျိုးက ကျိယန်ကိုကြည့်ကာ 


‘’ ရမလား ဒယ်ဒီ’’


ထန်ထန်က လက်ခံပြီးနေမှတော့ ကျိယန်လဲ ထွေထွေထူးထူး ပြောမနေတော့ပဲ သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်တော့တယ်။


‘’ ရက်စ်…’’ ကျိရှောင်ကျိုးက အားပါးတရအော်ဟစ်လိုက်ပြီး 


‘’ ဒယ်ဒီ… အန်တီကျီယွဲ့ကို ဝယ်ခိုင်းလို့ရမလား’’


ကျိယန် မျက်ခုံးတွေမြင့်တတ်သွားတယ် ‘’ ဘာလို့လဲ ‘’


‘’ ဘာလို့လဲဆိုတော့ အန်တီကျီယွဲ့က နောက်နေ့ဆိုတာနဲ့ ရအောင်တန်းလုပ်ပေးနိုင်တယ်… အွန်လိုင်းက မှာတာတွေက အရမ်းကြာလွန်းတယ်’’


အသေးလေးက အရုပ်အတွက် အရမ်းကိုအလျင်လိုနေတာဖြစ်ပြီး အဲ့ဒါကလဲ သူအတွက်မဟုတ်တာ အသေအချာပေ။ အရင်နေ့တွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် အိမ်ကနေသူ့အရုပ်တွေကို မဆက်ပဲယူသွားပြီး မူကြိုကပြန်လာတာနဲ့ အဲ့အရုပ်တွေက ပုံစံပေါ်အောင်ဆက်ပြီးသားတွေဖြစ်နေတယ်။ ကျိယန်က အကြောင်းပြချက်အစစ်ကို ပြောလိုက်တယ်


 ‘’ မဆက်ရသေးတဲ့ ထရန်စဖော်မာ အရုပ်ကို မူကြိုကိုယူသွားချင်တာလား’’


ကျိရှောင်ကျိုးက ခေါင်းငြိမ့်ပြလိုက်တယ်။


ထန်ထန်က သိချင်စိတ်ကို ထိန်းမထားနိုင်တော့ပဲ အသေးလေးကို သူမရင်ခွင်ထဲသို့ထည့်ကာ ဖက်ထားလိုက်ရင်း မေးလိုက်တယ်


 “ ပေါင်ပေါင်… သားမူကြိုမသွားခင် အရုပ်တွေကို ဘာလိုဖြုတ်ယူသွားတာလဲ.. မာမီကိုပြောပြလို့ရမလား…’’


ကျိရှောင်ကျိုးက အမှန်းတရားကိုမပြောခင် ခဏလောက် တုန့်ဆိုင်းသွားပြီးမှ 


‘’ အဲ့ဒါက ဝမ်နောင် ပြန်ဆက်ဖို့အတွက်ပါ.. ဝမ်နောင်က သားထိုင်ခုံဖော်လေ ‘’


‘’ သားရဲ့ထိုင်ခုံဖော် … သူမက အဲ့အရုပ်တွေအကုန်လုံးဆက်လိုက်တာလား’’


‘’ ဟုတ် … အဲ့ဒါတွေအားလုံး သူမဆက်ထားတာတွေ’’


 ကျိုရှောင်ကျိုးက ဆက်ပြီးပြောတယ်


 “ ဝမ်နောင်က အရုပ်ဆက်ရတာကို သဘောကျတယ် … သူမ အဲ့အရုပ်တွေဆက်နေတဲ့အချိန်ဆို ရူးကြောင်ကြောင်နဲ့မဟုတ်တော့ဘူး… သူမက သားနဲ့ ဉာဏ်ရည်ချင်းယှဉ်လို့တောင်ရတယ်’’


ကလေးမလေးရဲ လုပ်နိုင်စွမ်းကို ထန်ထန် အံ့ဩသွားမိတယ်။ ကျိရှောင်ကျိုး တစ်စစီဖြစ်အောင်လုပ်ထားတဲ့ အပိုင်းအစလေးတွေကို နဂိုအရုပ်ပုံပေါ်အောင်လို့ အဲ့ကလေးမလေးက ပြန်ဆက်နိုင်တယ်လား…


အခုခေတ်ကလေးတွေ အားလုံးက ညဏ်ကြီးရှင်တွေ ဖြစ်နေကြပြီလား…


ကျိရှောင်ကျိုးတစ်ယောက် သူ့ထိုင်ခုံဖော်အကြောင်း အစဖော်ပြီးကတည်းက စကားပြောတာကို ချက်ချင်းမရပ်တန့်နိုင်တော့ပေ


 “ ဝမ်နောင်က အခု သားသူငယ်ချင်းဖြစ်နေပြီ… သူက သားနဲ့စကားပြောရုံတင်မကဘူး သားစားဖို့ သူသိမ်းထားတဲ့ သကြားလုံးတွေပါပေးတယ်…’’ သကြားလုံးအရသာက သိပ်မကောင်းပေမယ့်လဲပေါ့လေ…


‘’ တကယ်လား… အရမ်းကောင်းတာပဲ… ကြည့်ရတာ သားတို့တဖြေးဖြေးအဆင်ပြေလာပြီထင်တယ်… သားစားဖို့ သူကပေးတယ်ဆိုတော့ သားလဲ သူမကို တစ်ခုခုပြန်ပေးသင့်တယ်… မာမီက သားထိုင်ခုံဖော်နဲ့အတူတူစားဖို့ မုန့်လုပ်ပေးမယ်လေ"


သူ့မာမီရဲ့ အကြံကို ကျိရှောင်ကျိုးတယောက် သဘောအကျကြီးကျနေကာ မျှော်လင့်ချက်တွေအပြည့်နဲ့ 


‘’ မာမီ… အခုကစပြီး နောက်ထပ်နို့တစ်ဗူးလောက်ရနိုင်မလား… သား ဝမ်နောင်ကို ပေးချင်လို့… သူမက ဝဝလင်လင်မစားရရှာဘူး... အရမ်းသနားဖို့ကောင်းတာပဲ’’


ထန်ထန်အံ့ဩသွားပြီး


 ‘’ ပေါင်ပေါင် … ဝမ်နောင်က ကောင်းကောင်းမစားရဘူးလို့ သားဘယ်လိုလုပ်သိလဲ… သူမ ပြောပြတာလား…’’ 


ကျိရှောင်ကျိုး အမှတ်မှားတာပဲနေမှာပါ… ဘယ်မိဘက ကိုယ့်သားသမီးကို အငတ်ထားမှာလဲ…


‘’ သူမက မပြောပါဘူး… သားဘာသာ ရှာတွေ့တာလေ’’ 


ကျိရှောင်ကျိုးမျက်ဝန်းက သေချာမှုတွေနဲ့ပြည့်နေပြီး 


‘’ နေ့လည်စာစားတဲ့အချိန်တိုင်း သူ့ အစာအိမ်က အသံမြည်နေတာကို ရေပဲဆက်သောက်တယ်လေ.. သူမ လုံးဝဗိုက်ဆာနေမှာ’’


ထန်ထန် သံသယဖြစ်နေတုန်းပဲ။


‘’ အဲ့ဒါ တကယ်… သားသူ့ကို နို့ဗူးပေးတော့လဲ သူမက မယူဘူးလေ… အဲ့ဒါနဲ့ သားက ကြယ်နဲ့လဲမယ်လို့ ပြောလိုက်တယ်… အဲ့တော့မှ ယူပြီး အားရပါးရသောက်တာ … သူ့ကြည့်ရတာ အရမ်းဗိုက်ဆာနေပုံပဲ’’


အဲ့ကလေးမလေးရဲ့ ဇီဝဖြစ်စဉ်ကပဲ မြင့်နေတာလား။ အဲ့ဒါကြောင့်ပဲ စားပြီးတာနဲ့ ခဏလေးအတွင်း ဗိုက်ပြန်ဆာနေတာများလား… ဒါမှမဟုတ် သူမက အစားရွေးလို့ သိပ်မစားမိပဲ နောက်မှ ဗိုက်ပြန်ဆာနေတာများလား…


တကယ် အကြောင်းပြချက်ကို ထန်ထန် မဆုံးဖြတ်နိုင်တော့ပေ။ ဒါပေမယ့် ကလေးမလေးအနေနဲ့တော့ ဗိုက်မဆာအောင်နေရတာ အရမ်းခက်ခဲမှာပဲ။ ပေါင်ပေါင်လေးကို နောက်ထပ်နို့တစ်ဗူးယူသွားဖို့ ပေးမှဖြစ်တော့မယ်။


နောက်တနေ့မှာတော့ နို့ဗူးအပိုအပြင့် နောက်ထပ် အသားပေါက်စီတစ်လုံးကိုပါ သူမ ရှောင်ကျိုးနဲ့ထည့်ပေးလိုက်တယ်။ ပေါက်စီကို ထိုင်ခုံဖော်ကလေးမလေးနဲ့ အတူတူ စားဖို့ပါ သူမ သတိပေးလိုက်သေးတယ်။


ရှောင်ကျိုး မူကြိုတက်နေချိန်မှာတော့ ထန်ထန်က တိရိစာန်ပုံမုန့်လေးတွေ လုပ်လိုက်တယ်။ ကလေးတွေက အဲ့လိုမျိုးဆို စားရတာ ပိုသဘောကျတယ်။ သူမ ရှောင်ကျိုးကို မူကြိုကနေ ပြန်ကြိုချိန်ရောက်တော့ လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ မုန့်ဗူးကိုယူကာ ကလေးမလေးကိုပါပေးဖို့ဖြစ်တယ်။


မူကြိုအဝင်ဝရောက်တော့ ရင်းနှီးတဲ့မျက်နှာကို မြင်ရလိမ့်မယ်လို့ ထန်ထန်မထင်မိဘူး။ သူက ကျိရှောင်ကျိုးကို နွေးထွေးစွာနဲ့စကားပြောနေတယ်။


အဲ့ဒါ ကုယန်ရန်ပဲဖြစ်တယ်။


ချက်ချင်းပဲ ထန်ထန် ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ သူမနဲ့ပတ်သတ်တဲ့ အတိတ်ကမှတ်ညဏ်ဆိုးတွေကို သတိရသွားတယ်။ ကုယန်ရန် ဘာကြောင့် ဒီကိုလာလဲဆိုတာ သူမ မသိပေ။


ကျိရှောင်ကျိုးက ထန်ထန်ကို အရင်မြင်သွားတာဖြစ်ပြီး လက်ကိုယမ်းကာ


 ‘’ မာမီ ‘’


ကုယန်ရန်က ထန်ထန်ကိုကြည့်ကာ ဖော်ပြရခက်တဲ့ အပြုံးကိုပြုံးနေတယ်။ အဲ့အပြုံးက အကြောင်းပြချက်မရှိ ထန်ထန်ရဲ့နှလုံးသားကို လေးပင်လာစေတယ်။


ထန်ထန်က တည်ငြိမ်အောင်စိတ်ကိုထိန်းပြီး လမ်းလျောက်လာတယ် ။ သူမက ရှောင်ကျိုးလက်ကိုကိုင်ရင်းမေးလိုက်တယ်


 “ ပေါင်ပေါင်… သားရဲ့ ထိုင်ခုံဖော်ကော ဒီမှာရှိသေးလား…’’ 


သူမ ကုယန်ရန်ကို မနှုတ်ဆက်ပေ။ သူမတို့ရဲ့ နောက်ဆုံးပြောစကားတွေအရ အချင်းအချင်း သိချင်ယောင်ဆောင်ပြီး စကားစမြည်းပြောဖို့ မလိုအပ်တော့ပေ။


ကျိရှောင်ကျိုးက အခန်းထဲသို့ လက်ညှိုးထိုးကာ


 ‘’ မသွားသေးဘူး… ဝမ်အိမ်ကဘယ်သူမှ သူမကိုလာမကြိုလို့ ဆရာမပဲ နေ့တိုင်းအိမ်ပြန်ပို့ပေးရတာ’’


‘’ အဲ့လိုလား.. အင်း… မာမီ မုန့်တွေလုပ်လာတယ်… သား ဝမ်နောင်ကို စားဖို့ သွားမပေးချင်ဘူးလား’’ 


ထန်ထန်က ဗူးကို ရှောင်ကျိုးလက်ထဲသို့ပေးရင်း ပြောလိုက်တယ်။


ကျိရှောင်ကျိုးမျက်ဝန်းတွေ တောက်ပသွားတယ်။ သူက ဗူးကိုကိုင်ပြီး စာသင်ခန်းထဲသို့ ပြေးသွားတော့တယ်။


ထန်ထန်နဲ့ ကုယန်ရန် သာ ကျန်ရစ်ခဲ့တော့တယ်။


ကုယန်ရန်က အရင်စပြီး ပြောလာတယ်


 “ ကျွန်မ ဘာလို့ဒီမှာရှိနေလဲဆိုတာ မမေးတော့ဘူးလား"


ဘာမှ ပြန်မဖြေဖို့ ထန်ထန် ရွေးချယ်လိုက်တယ်။


တိတ်ဆိတ်မှုကို လစ်လျုရှုပြီး ကုယန်ရန်က ဆက်ပြောလာတယ် 


“ ကျွန်မ ကျိယန်ဆီ ပစ္စည်းတစ်ခု လာပို့တာလေ ပြီးတော့ ဒီမှာရှိနေတုန်းတလက်စတည်း ရှောင်ကျိုးကိုဝင်တွေ့လိုက်တာ … ကျိယန်ကပြောတယ် ရှောင်ကျိုးက ထရန်စဖော်မာအရုပ်လိုချင်နေတယ်တဲ့… အဲ့ဒါနဲ့ ကျွန်မ ဝယ်လာပေးတာ… ပေးပြီးပြီဆိုတော့ ကျွန်မလဲ ပြန်လိုက်ပါဉီးမယ်’’


 ကုယန်ရန်က ပြောပြီးတာနဲ့ တဖက်သို့လှည့်ပြီး ထွက်သွားတော့တယ်။


ထန်ထန် နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားတယ်။ သူမ ရှောင်ကျိုးရဲ့ စာသင်ခန်းထဲသို့ လျောက်သွားလိုက်တော့ တခြားကလေးတွေက ပြန်နှင့်ကြပြီဖြစ်ပြီး ကလေးနှစ်ယောက်နဲ့ စုယွဲ့သာ မုန့်စားရင်းကျန်နေခဲ့တာဖြစ်တယ်။


ထန်ထန်ကို တွေ့သွားတဲ့ စုယွဲ့က ပြုံးကာ မုန့်ကိုကိုင်ရင်း


 ‘’ ရှောင်ကျိုးက ကျွန်မကို တစ်ခုပေးတယ်… အဲ့ဒါအရမ်းအရသာရှိတာပဲ… ကလေးတွေကိုကြည့်ပါဉီး… အားရပါးရစားနေကြတာ..’’


ထန်ထန် လှမ်းကြည့်လိုက်တော့ ကလေးနှစ်ယောက်လုံးက မုန့်ဗူးနားမှာတိုးဝှေ့ပြီး ပျော်ရွှင်စွာ စားနေတာကိုတွေ့လိုက်ရတယ်။ အထူးသဖြင့် ဝမ်နောင်က တစ်ကမ္ဘာလုံးမှာ အဲ့မုန့်တစ်ခုတည်းသာ ရှိသလိုမျိုးနဲ့ စားနေတာဖြစ်တယ်။ သူမ အပြုအမူကိုကြည့်ရုံနဲ့ အရမ်းပျော်ရွှင်နေတယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင်တယ်။


ထန်ထန် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပဲ ရှောင်ကျိုးဆီသွားကာ ပြောလိုက်တယ်


 “ အိမ်မှာ အများကြီးကျန်သေးတယ် ရှောင်ကျိုး … ဒီဗူးက ဝမ်နောင် အိမ်မှာစားဖို့အတွက်နော်’’


ကျိရှောင်ကျိုးက ရက်ရောစွာနဲ့ ကျန်တဲ့မုန့်တွေကို ဝမ်နောင် ဘက်သို့ပို့လိုက်ကာ


 ‘’ ဒါတွေကို အိမ်ယူသွားပြီးစားနော် ဝမ်နောင် ‘’


ဝမ်နောင်က ဖြည်းငြင်းစွာနဲ့ သူမခေါင်းကိုမော့ပြီး ရှောင်ကျိုးကို ကြည့်လိုက်တယ်။ သူမ နှုတ်ခမ်းနားမှာလဲ မုန့်အပိုင်းအစတွေ အများကြီးနဲ့ပေါ့။ ထို့နောက် သူမက ထန်ထန် ကိုလှမ်းကြည့်လိုက်ပြန်တယ်။ သူမ မျက်တောင်ရှည်တွေက လှုတ်ခတ်သွားတယ်။ သူမရဲ့ ဗလာအကြည့်တွေကြောင့် သူမကို အကူအညီမဲ့ပြီး ပဟေဋိဆန်တဲ့ပုံစံဖြစ်ပေါ်လာစေပြန်တယ်။


အဲ့ကလေးမလေးရဲ့ အရူးလိုအပြုအမူကြောင့် ထန်ထန် မနေနိုင်တော့ပဲ သူမခေါင်းလေးကို ပွတ်ပေးလိုက်မိတယ်


 “ အားနာဖို့မလိုဘူးနော်… အိမ်ကိုယူသွားပြီးစားချေ… နောက်တစ်ခါကျရင်လဲ အန်တီက သမီးအတွက် မုန့်တွေထပ်လုပ်လာပေးဦးမယ်’’


သူမက ဗလာဖြစ်စွာနဲ့ ထန်ထန် ဆက်ပြီးစိုက်ကြည့်နေတယ်။


ကျိရှောင်ကျိုးက မတ်တပ်ရပ်လိုက်ကာ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ချော့သလိုမျိုး ဝမ်နောင် ခေါင်းကိုပွတ်ပေးလိုက်ပြီး


 ‘’ အိုကေ… ငါအိမ်ပြန်တော့မယ်.. မနက်ဖြန်မှတွေ့ကြမယ်’’


ပြောပြီးတဲ့နောက် ရှောင်ကျိုးက ထန်ထန်လက်ကိုဆွဲကာ ကလေးမလေးရဲ့ အကြည့်အောက်မှာပဲ ပြန်လာတော့တယ်။


‘’မာမီ… ဒီမနက် သားသူ့ကို မုန့်ပေးလိုက်တော့ အားရပါးရစားတယ်သိလား … ကံကောင်းလို့ မနင်တာ...   သားတော့ ဝမ်နောင် အနိုင်ကျင့်ခံနေရတယ်လို့ထင်တယ် ‘’ 


အိမ်အပြန်လမ်းမှာ ကျိရှောင်ကျိုးက သူလေ့လာလို့ရသလောက် ထန်ထန်ကို ပြောပြနေတယ်။


ထန်ထန်က ချက်ချင်းပဲ သူ့ကိုတားလိုက်တယ်


 “ ပေါင်ပေါင်… သား စကားကို လက်လွတ်စပယ်မပြောရဘူးလေ… ဘယ်မိသားစုက သူတို့ကလေးတွေကို အနိုင်ကျင့်မှာလဲ… ပြီးတော့ ဝမ်နောင်ဆီမှာလဲ အနိုင်ကျင့်တာခံရတဲ့ ဒဏ်ရာတွေ သားတွေ့လို့လား… သူမက အနိုင်ကျင့်ခံရလို့ စကားမပြောတာနဲ့ မတူပါဘူး ဟုတ်တယ်မဟုတ်လား… သူ့ရဲ့ ဇီဝဖြစ်စဉ်မြင့်လို့သာ ခဏခဏ ဗိုက်ဆာတာနေမှာပါ … ဒါမှမဟုတ် သူမက အစားရွေးလို့ ခဏခဏ ဗိုက်ဆာတာနေမှာပေါ့’’


ကျိရှောင်ကျိုးကတော့ နှုတ်ခမ်းဆူလိုက်ကာ တီးတိုးရွတ်နေတော့တယ်


 “ ဘာပဲဖြစ်ဖြစ် သားတော့ ပြဿနာရှိနေတယ် ထင်တာပဲ’’


ထန်ထန် တစ်ယောက် ရှောင်ကျိုးပြောတာကို မကြားလိုက်ပေ။ သူမရဲ့လက်ရှိခံစားချက်ကလဲ မြင်ရသလို တည်ငြိမ်နေတာ မဟုတ်တဲ့အတွက်ဖြစ်တယ်။ ကုယန်ရန်ရဲ့ ပုံစံက သူမခံစားချက်ကို သက်ရောက်စေသလို သူမအပေါ်ကို ဘာအနှောက်အယှက်မှ အဖြစ်မခံနိုင်ပေ။ ဒါကြောင့် ထန်ထန်အနေနဲ့ ဒီနေ့ညတော့ ခါတိုင်းညထက်ပိုပြီး ဟင်းပွဲတွေပိုချက်ကာ အလုပ်များများလုပ်ဖို့ သူမကိုယ်သူမဖိအားပေးလိုက်တော့တယ်။


အဲ့အချိန်မှာပဲ ကျိရှောင်ကျိုးရဲ့ စိတ်လှုပ်ရှားစွာအော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်


 “ ဒယ်ဒီ … ‘’


ကျိယန်ပြန်လာပြီဖြစ်တယ်။ ထန်ထန်က သူမလက်ကိုသုတ်လိုက်ပြီး မီးဖိုချောင်ထဲမှထွက်လိုက်တယ်။ သူမ နှုတ်ဆက်ဖို့ပြင်လိုက်စဉ်မှာပဲ ကျိယန်ဘေးမှလူတစ်ယောက်ကို တွေ့လိုက်ရတယ်။


အဲ့ဒါ ကုယန်ရန် ပဲဖြစ်တယ်။


ကျိယန်က ပုံမှန်လိုဖြစ်မသွားတဲ့ ထန်ထန်ကို သတိမထားမိပဲ 


‘’ ကိစ္စတစ်ခုရှိလို့ ယန်ရန် တပ်ထဲကိုလာတယ်… ဒီနေ့တော့ ဒီမှာတစ်ညနေလိမ့်မယ်’’


‘’အိုး…’’ 


ထန်ထန် သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားတော့တယ်။ ခါတိုင်းလိုပဲ ထန်ထန် မီးဖိုချောင်ထဲမှာ ပန်းကန်တွေကိုပြင်ဆင်လိုက်တယ်။ ဒီနေ့ညတော့ ပန်းကန်တစ်ချပ်လောက် ပိုလာရုံပဲပေါ့။