အပိုင်း (၄၃)
Viewers 12k

Part 43


ကုယန်ရန် မျက်လုံးက စားပွဲခုံပေါ်ကိုဖြတ်ခနဲကြည့်လိုက်ပြီး ကျိယန်ကို အပြုံးနဲ့မေးလိုက်တယ်


 “ ညီမ လာမယ်ဆိုပြီး ထန်ထန်ကို အကိုပြောထားတာလား...  အဲ့ဒါကြောင့် ဟင်းပွဲတွေ အများကြီးပြင်ထားတာနဲ့တူတယ်..."


ကျိယန်က ထန်ထန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး


 ‘’ ထန်ထန်က အမြဲဟင်းပွဲအများကြီးချက်နေကျပဲလေ… စားကြစို့’’


ကျိယန်ပြောပြီးတာနဲ့ ကုယန်ရန်က ဟင်းပွဲတစ်ချို့ကိုမြည်းစမ်းလိုက်ပြီး ရုတ်တရက်ပဲ နောင်တရနေတဲ့လေသံနဲ့ 


‘’ ကြည့်ရတာ ညီမလဲ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ထားရတော့မယ်နဲ့တူတယ် မဟုတ်ရင် အနာဂါတ်ခင်ပွန်းလောင်းက ဟင်းမချက်တတ်လို့ဆိုပြီး သဘောမကျပဲနေတော့မှာပဲ ဟင်း...."


ထန်ထန်က ညစာကိုသာ ဆက်စားနေပြီး ဘာမှပြန်ဖြေပေ။ အဲ့ဒါကြောင့် ကျိယန်က ပြန်ပြောလိုက်တယ် 


“ လူတိုင်းမှာ ထူးချွန်တာ တစ်ခုစီရှိပါတယ်… မင်းက ဆေးပညာဘက်မှ အများကြီးအားစိုက်ထားတော့ တခြားနေရာတွေမှာ သိပ်မတော်ဘူးဆိုတာက သဘာဝပါပဲ’’


ကုယန်ရန်က လက်ခံစွာနဲ့ခေါင်းငြိမ့်လိုက်ပြီး 


‘’ အဲ့ဒါ အမှန်ပဲနော်… ဘဝအတွက် အရေးကြီးတဲ့ အလုပ်အကိုင်ကိုစွန့်လွှတ်ပြီး ယောကျာ်းကိုထောက်ပံ့တာနဲ့ ကလေးကိုစောင့်ရှောက်ရုံပဲတတ်တဲ့ အမျိုးသမီးတွေအကြောင်းကို သွားတွေးမိတယ်… အဲ့လို အလုပ်အကိုင်မရှိတဲ့ အမျိုးသမီးတွေရဲ့ဘဝက တကယ်ကို အဓိပ္ပာယ်မရှိဖြစ်နေမှာပဲ …’’


ထန်ထန်က ထမင်းကိုပါးစပ်ထဲသို့ထည့်ရင်း မသိမသာ မျက်လုံးကိုလှိမ့်လိုက်မိတယ်။ ကုယန်ရန်က ဒီစကားတွေ သူမကြားအောင် တမင်ပြောနေတာပဲ။ အိမ်ရှင်မဖြစ်တဲ့ သူမဘဝကြီးက အဓိပ္ပာယ်မရှိဘူးလို့ ကုယန်ရန်ပြောချင်နေတာ မဟုတ်လား။  အဲ့မိန်းမက တကယ်ကိုပဲ… ဟမ့်... တခြားတစ်ယောက်ကို လှောင်ပြောင်ဖို့ ကြိုးစားနေတာပဲ… အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်…


ကျိယန်က အဲ့ဒီစကားလုံးတွေကို သဘောမတူပေ။ သူက ထန်ထန် အများကြီးတွေးမိမှာကို ကြောက်တဲ့အတွက် ပြောလိုက်တယ်


 “ တကယ်တော့ အိမ်မှာ ကလေးကိုသင်ပြပေးတာနဲ့ ယောကျာ်းကိုထောက်ပံ့ပေးရတာလဲ လွယ်ကူတဲ့အလုပ်မဟုတ်ဘူး… မိသားစုအတွက် စတေးခံပြီး လုပ်ပေးတာဖြစ်တဲ့အတွက် အဲ့ဒါကလဲ အဓိပ္ပာယ်ရှိတယ်’’


ကျိယန်စကားတွေကို ကြားလိုက်ရတဲ့အတွက် ထန်ထန် စိတ်ထဲမှနေ၍ ပျော်ရွှင်သွားပြီး ပြုံးချင်စိတ်တွေဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ကုယန်ရန်က ဆက်ပြောတယ်


 “ ဟုတ်တာပေါ့… အိမ်ရှင်မဖြစ်ရတာ ခက်ခဲပါတယ်…. သူတို့တွေက သူတို့ရဲ့ အလုပ်အကိုင်၊ သူငယ်ချင်းတွေနဲ့ အလှအပတွေကိုတောင် ဆုံးရှုံးခံထားရတာပဲ… လူတိုင်းက ဒီလိုဘယ်လုပ်နိုင်ပါ့မလဲ… ဥပမာ ညီမဆိုရင် တကယ်ပဲ မလုပ်နိုင်ဘူးလေ… အဲ့ဒီအမြင်မရှိပျင်းဖို့ကောင်းတဲ့လူတွေက ညီမကို မိန်းမအိုကြီးလို့ခေါ်မှာကို တကယ်ပဲကြောက်မိပါတယ်… ထန်ထန် လိုလူမျိုးက တကယ်ကိုအားကျဖို့ကောင်းတာပဲ နော်’’


ထန်ထန်လို အေးအေးဆေးဆေးနဲ့ သည်းခံတတ်တဲ့လူတောင်မှ ဒီစကားလုံးတွေကြောင့် သွေးအန်ချင်စိတ်ပါဖြစ်လာတယ်။ ကုယန်ရန်က သူမကိုမြှောက်ပင့်ပြောနေတာပေါ့လေ။ တကယ်တမ်း သူမပြောချင်တာက ထန်ထန်မှာ အလုပ်အကိုင်မရှိ၊ သူငယ်ချင်းမရှိ၊ အလှအပမရှိ နဲ့ သူမက မိန်းမအိုကြီးပေါ့လေ။


နင်ကမှ အိုဟောင်းရွတ်တွနေတာဟဲ့ …..


အား…. အဲ့ဒီ မုန်းဖို့ကောင်းတဲ့မိန်းမကတော့… တတ်နိုင်မယ်ဆိုရင် ထန်ထန် အဲ့မိန်းမနဲ့အတူတူ မနေချင်ပေ။ သို့ပေမယ့်လဲ ထန်ထန်ဆီမှာ သူမကိုကန်ထုတ်ဖို့ အကြောင်းပြချက်မရှိချေ။


သူမ ကိုယ့်စိတ်ကိုထိန်းသိမ်းပြီး အရသာမရှိတဲ့ ညစာကိုသာ စားလိုက်ရတော့တယ်။ ဒါပေမယ့် မီးဖိုချောင်ထဲမှ ပန်းကန်ဆေးပြီး သူမထွက်လာတဲ့အခါမှာတော့ မြင်လိုက်ရတဲ့မြင်ကွင်းက သူမကို ဆို့နင့်မတတ်ဖြစ်သွားစေတယ်။


ကုယန်ရန်နဲ့ ကျိယန်က ကျိရှောင်ကျိုးကို အလယ်မှာထားပြီး ဆိုဖာပေါ်မှာထိုင်နေကြတယ်။ ကုယန်ရန်က ရှောင်ကျိုးကို မေးခွန်းမေးလိုက်တယ်


 “ သေချာနားထောင်နော် ရှောင်ကျိုး ၈၈ နဲ့ ၆၇ မြှောက်ရင် ဘယ်လောက်လဲ…’’


ရှောင်ကျိုးက တစ်ချက်လေးတောင်မတွေးပဲ ချက်ချင်းပြန်ဖြေလိုက်တယ်


‘’ ၅၈၉၆…’’


‘’အိုး…ဘုရားရေ.. အရမ်းတော်တာပဲ…. အစ်မတော့ ပိုပြီးကြိုးစားရတော့မယ်ထင်တယ်’’


ကျိရှောင်ကျိုးက တည်ငြိမ်စွာနဲ့ နောက်ထပ်မေးခွန်းကိုသာ စောင့်နေတယ်။ သူက အရမ်းကိုယုံကြည်မှုအပြည့်နဲ့ ဖြစ်တယ်။


‘’ အိုကေ… နားထောင်နော်… ၁၂၃ နဲ့ ၁၃၄ မြှောက်ရင်ကော’’


နောက်တကြိမ်မှာတော့ ကျိရှောင်ကျိုးက တစ်စက္ကန့်လောက်တွေးပြီးတဲ့နောက်


 ‘’ ၁၆၄၈၂’’


ကုယန်ရန်က ကျိရှောင်ကျိုးနဖူးကိုနမ်းလိုက်ပြီး 


‘’ အသဲလေး… သားကအရမ်းတော်တာပဲ… ကြည့်ရတာ သားဒယ်ဒီဆီကနေ ညဏ်ကောင်းတာတွေ သားဆီရောက်သွားတယ်နဲ့တူတယ်… အရင်တုန်းကဆိုရင် သားဒယ်ဒီကလဲ သချာ်ကိုစိတ်ထဲကနေပဲတွက်တာ … သူကအရမ်းအံ့ဩဖို့ကောင်းတာနော်… အဲ့တော့ ရှောင်ကျိုးကလဲ သားဒယ်ဒီထက်မဆိုးနိုင်တော့ပါဘူး…’’


ကျိရှောင်ကျိုးက သူ့ဒယ်ဒီကိုကြည့်ပြီး


 ‘’ ဒယ်ဒီ… ဒယ်ဒီက အရမ်းအံ့ဩဖို့ကောင်းတာပဲ… သားလဲ ဒယ်ဒီလို ဘယ်တော့မှ အံ့ဩဖို့ကောင်းမှာလဲ…’’


တည်ငြိမ်စွာနဲ့ ကျိယန်က အသေးလေးခေါင်းကိုပုတ်လိုက်ပြီး ‘’ အလယ်တန်းရောက်တဲ့အထိစောင့်ပေါ့ အဲ့ဒါဆို ဒယ်ဒီလိုဖြစ်လာလိမ့်မယ်’’


ကျိရှောင်ကျိုးက ချက်ချင်းပဲ သူ့လက်ချောင်းလေးတွေနဲ့ ရေတွက်နေတယ်။


ကုယန်ရန်က ရွှင်မြူးစွာနဲ့ ကျိယန်ကိုပြောလိုက်တယ် 


“ အကိုကျိယန်… ကြည့်ရတာ ရှောင်ကျိုးက အကို့ရဲ့ညဏ်ကောင်းမှုတွေကို အမွေရထားတာပဲ… အနာဂါတ်မှာ အကို့ကိုအမီလိုက်နိုင်တော့မှာပဲ’’


ကျိယန်က ဖော်ပြရန်ခက်ခဲတဲ့အကြည့်နဲ့ ရှောင်ကျိုးကို ဂုဏ်ယူစွာကြည့်နေတယ်။


အဲ့အချိန်မှာတော့ ဆိုဖာပေါ်မှာရှိနေတဲ့ သူတို့တွေအားလုံးက အရမ်းကိုသဟဇာတဖြစ်တဲ့ မိသားစုလေးတစ်ခုလို ဖြစ်နေတယ်။ အမျိုးသားက ယောကျာ်းပီသတယ်၊ အမျိုးသမီးကလှပတယ်၊ ကလေးကချစ်ဖို့ကောင်းတယ် ပြီးတော့ သူတို့တွေက ပျော်ရွှင်စွာနဲ့စကားပြောနေကြတယ်။ ထန်ထန် သူမကိုယ်သူမကြည့်လိုက်တယ် … မီးခိုးရောင်အစက်လေးတွေပါတဲ့ အေပရွန်နဲ့ ဖိနပ်ပါးကိုစီးထားတယ်။ သူမလက်တွေကလဲ ရေတွေနဲ့စိုရွှဲလို့နေတယ်။ သူမပုံပန်းသွင်ပြန်က သာမန်ပဲဖြစ်နေပြီး ဆွဲဆောင်မှုမရှိပေ။ ဆိုဖာပေါ်မှာထိုင်နေတဲ့ သဟဇာတဖြစ်လွန်းတဲ့အုပ်စုနဲ့ယှဉ်လိုက်ရင် သူမက အိမ်ဖော်တစ်ယောက်လိုဖြစ်နေတော့တယ်။


အဲ့အတွေးက ထန်ထန်ကို ဝမ်းနည်းလာစေတယ်။ အဲ့ဒီမြင်ကွင်းကို သူမဆက်မကြည့်နိုင်တော့ပေ။ ထန်ထန်က အေပရွန်ကိုချွတ်လိုက်ကာ တိတ်တဆိတ်နဲ့ ရေချိုးခန်းထဲသို့ဝင်သွားတော့တယ်။


ထန်ထန်စိတ်ထဲ မပျော်ရွှင်တဲ့အခါမျိုးဆိုရင် သူမလုပ်စရာတစ်ခုခုကို လိုက်ရှာနေတတ်တယ်။ ဒါကြောင့် လျော်စရာအဝတ်တွေကိုယူကာ ရေချိုးခန်းထဲမှာလျော်နေတော့တယ်။ သူမ အဝတ်တွေကိုအားနဲ့သာ ဖိလျော်နေလိုက်တယ်။ သူမအားထည့်ပြီးပိုတိုက်လေလေ ပိုပြီးဒေါသထွက်လေလေ ဖြစ်လာတယ်။ သူမက တကယ်ကိုတုံးအတာပဲ။ ကုယန်ရန်က ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ပြနေတယ်ဆိုတာ သူမသိတယ်။ ဒီလိုလှည့်စားမှုတွေကို သူမ အရင်ဘဝတုန်းက အကြိမ်များစွာမြင်ဖူးပြီးဖြစ်တယ်။ ဒါပေမယ့်လဲ သူမစိတ်ဆိုးဆဲပဲ။ သူမ ကျိယန်ကိုဂရုစိုက်ပေးနေပေမယ့်လဲ ကျိယန်ဘက်ကဘယ်လိုတွေးလဲဆိုတာ သူမ မသိတဲ့အတွက် အရမ်းကိုစိတ်အနှောက်အယှက်ဖြစ်နေတယ်။


ဒေါက်…ဒေါက်…ဒေါက်… ရေချိုးခန်းတံခါးက ရုတ်တရက်မြည်လာတဲ့အတွက် ထန်ထန် အတွေးများထဲမှ ရုန်းထွက်လာတယ်။


‘’ထန်ထန်… အထဲမှာလား’’ အဲ့ဒါကျိယန်အသံပဲဖြစ်တယ်။


ထန်ထန်က နှုတ်ခမ်းဆူလိုက်ကာ အားမရှိတဲ့လေသံနဲ့


 ‘’အင်း’’


‘’ဘာလို့ ဒီထဲမှာ အဲ့လောက်ကြာနေတာလဲ… ဘာဖြစ်လို့လဲ…’’


အပြင်ဘက်မှ ကျိယန်မမြင်နိုင်တာ သိပေမယ့်လဲ ထန်ထန် ခေါင်းကိုယမ်းပြလိုက်မိကာ ကျယ်လောင်စွာပြန်ဖြေလိုက်တယ်


 “ ဘာမှ မဖြစ်ပါဘူး… ကျွန်မ အဝတ်လျော်နေတာ"


အပြင်ဘက်မှ စက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားပြီးတဲ့နောက် တံခါးပွင့်လာတယ် ။ ငုတ်တုတ်လေးထိုင်နေတဲ့ ထန်ထန်ကို ကျိယန်တွေ့သွားတယ်


 “ ဘာလို့ အဝတ်လျော်စက်မသုံးတာလဲ… အကျီတွေက ဒီလောက်အများကြီးကို ဘယ်အချိန်ထိ လျော်ဖို့ စဉ်းစားထားတာလဲ’’


ထန်ထန်က အောက်ကိုသာငုံ့ပြီး အဝတ်ဆက်လျော်နေလိုက်တယ်


 “ ကျွန်မ အမြဲလက်နဲ့လျော်နေကျပဲကို… အကျင့်ဖြစ်နေပါပြီ’’


ကျိယန် ဗလာဖြစ်သွားတယ်။ သူမ အဝတ်တွေကို လက်နဲ့တချိန်လုံးလျော်နေခဲ့မှန်း အခုမှ သူသိသွားတာဖြစ်တယ်။ ဒါဆို ဒီလိုမျိုးသူမ လုပ်နေတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ… ကျိရှောင်ကျိုးကိုစောင့်ရှောက်ပေးတဲ့အပြင့် စျေးဝယ်ထွက်တယ်၊ တနေ့သုံးနပ်စာချက်တယ်၊ အိမ်ကိုသန့်ရှင်းရေးလုပ်တယ် ပြီးတော့ အဝတ်လျော်တယ်။ ကျန်တဲ့အချိန်တွေဆို ချက်ရင်ချက် မချက်ရင် အကျီတွေချုပ်နေသေးတယ်။ ပြီးတော့ ညတိုင်းသူမက သူ့အတွက် ခြေထောက်ဆေးပေးသေးတယ်။ သူမဆီမှာ အနားယူဖို့အချိန်မရှိပါလား…


စိတ်မကောင်းဖြစ်စွာနဲ့ ကျိယန် သူမကို လက်မောင်းမှဆွဲလိုက်ပြီး


 ‘’ ထတော့… ကိုယ်အဝတ်လျော်လိုက်မယ်… ကိုယ်ကို ပိုသန်မာတယ်လေ’’


ထန်ထန်က ခေါင်းကိုယမ်းကာ သူမလက်မောင်းကိုပြန်ဆွဲပြီး


 ‘’ မလိုဘူး… ကျွန်မပြီးတော့မယ်… ပြီးရင် အဝတ်လှမ်းဖို့ပဲကျန်တော့တာ… ရှင်က ဧည့်သည်ကိုသာ အဖော်သွားလုပ်ပေးလိုက်ပါ… တစ်ယောက်တည်းပစ်ထားရင် မကောင်းဘူးလေ’’


အပြန်အလှန်ဆွဲနေရင်းနဲ့ ကျိယန်က ထန်ထန်ဘက်သို့ရောက်သွားကာ အဝတ်တွေကိုစလျော်ပေးနေရင်းနဲ့


 ‘’ ယန်ရန်အပေါ် မင်းယဉ်ကျေးပြဖို့မလိုဘူး… သူမဘာသာ ဂရုစိုက်တတ်တယ်’’


ကျိယန်ရဲ့ ကုယန်ရန်အပေါ် ရင်းနှီးတဲ့လေသံကြောင့် ထန်ထန်ကို ပိုပြီးစိတ်ဓါတ်ကျသွားစေတယ်။ လွင့်ပျံလာတဲ့ အဲ့ဒီလေသံက သူမနှလုံးသားကို ပိုပြီးခါးသက်သွားစေတယ်။ ပထမဆုံးအကြိမ် ထန်ထန် ကျိယန်ကို စိတ်အနှောက်အယှက်ဖြစ်လာတယ်။ ဒါကြောင့် သူမ ရေချိုးခန်းထဲက လှည့်ထွက်လာခဲ့တယ်။ သူမ အိပ်ခန်းထဲကဆိုဖာပေါ်မှာထိုင်ပြီးတော့သာ ကျိရှောင်ကျိုးမလာခင်အထိ မပြီးသေးတဲ့အဝတ်တွေကိုချုပ်နေလိုက်တယ်။ 


ကျိရှောင်ကျိုးက မျက်လုံးတွေကိုပွတ်ရင်း


 ‘’ မာမီ သားအိပ်ချင်နေပြီ… အကျီမချုပ်နဲ့တော့… အိပ်ရအောင်…’’


ကျိရှောင်ကျိုးက မျက်နှာသစ်ပြီးတဲ့အပြင် ညအိပ်ဝတ်စုံပါ ဝတ်ပြီးဖြစ်ကြောင်း သူမ သတိထားလိုက်မိတယ်။ သူမ ဖုန်းကိုယူပြီး အချိန်ကြည့်လိုက်တော့ ည ဆယ်နာရီခွဲနေပြီဖြစ်တယ်။ သတိမထားမိပဲ အဲ့လောက်တောင် နောက်ကျသွားတယ်ပေါ့…


သူမလက်ထဲမှအရာတွေကိုချလိုက်ပြီး အသေးလေးခေါင်းကိုပွတ်လိုက်ကာ 


‘’ မာမီရေအရင်သွားချိုးလိုက်ဉီးမယ် ပြီးရင် အိပ်ကြတာပေါ့… အိပ်ယာထဲ အရင်သွားလှဲနှင့်လေ’’


‘’အိုကေ… မြန်မြန်လုပ်နော် မာမီ’’ 


ရှောင်ကျိုးက အိပ်ယာပေါ်သို့တက်လိုက်ပြီး လိမ်မာစွာနဲ့လှဲအိပ်လိုက်တော့တယ်။


ထန်ထန် လျင်မြန်စွာရေချိုးလိုက်တယ်။ ရေချိုးပြီးနောက် သူမ သတိမထားမိစွာနဲ့ပဲ ကျိယန်အတွက် ခြေထောက်ရေစိမ်ဖို့ပြင်လိုက်တယ်။ ဘေစင်ထဲရေတစ်ဝက်ခန့် ထည့်ပြီးချိန်မှာတော့ သူမ ရုတ်တရက်ပဲ ဆက်လုပ်ချင်စိတ်မရှိတော့ပေ။ သူမစိတ်ထဲမှ ဒေါသထွက်နေတဲ့ အသံလေးတစ်ခုက အော်ဟစ်လို့နေတယ် ‘ သူမကိုလှောင်ပြောင်ဖို့လာတဲ့သူအတွက် ဘာလို့ချက်ပြုတ်ပေးရမှာလဲ… သူမက အိမ်ဖော်တစ်ယောက်လို အလုပ်တွေလုပ်နေရချိန်မှာ သူတို့ကဘာလို့ မိသားစုလို ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေနိုင်ရတာလဲ… အား… သူမ အိမ်ဖော်မဖြစ်ချင်ဘူး…’


ဟုတ်ပြီ… ကုယန်ရန်ကြောင့် သူမစိတ်ဆိုးနေတာကို ဝန်ခံတယ် ပြီးတာ့ အဲ့ဒါကို ကျိယန်အပေါ်ပုံချမိတာလဲ ဝန်ခံတယ်။ ဒီတစ်ညတော့ သူမ ဘာမှလုပ်မပေးချင်တော့ပေ။


အဲ့လိုတွေးပြီးနောက် သူမ ရေတွေကိုသွန်လိုက်တယ်။ ထို့နောက် အိပ်ယာဆီသို့ပြန်သွားကာ ရှောင်ကျိုးနဖူးလေးကိုနမ်းကာ ဘေးမှာလှဲလိုက်ပြီး


 ‘’ အိုကေပေါင်ပေါင်… အခုအိပ်ရအောင်’’


ကျိရှောင်ကျိုးက သူ့မျက်လုံးတွေကို မဖွင့်နိုင်တော့ပေ။ ထန်ထန်အသံကိုကြားပြီးတဲ့နောက် ချက်ချင်းပဲ အိပ်ပျော်သွားတော့တယ်။


ထန်ထန်မျက်လုံးမှိတ်လိုက်တယ်။ စာအုပ်ဖတ်နေတဲ့ ကျိယန်ကို သူမလုံးဝမနှောက်ယှက်ပဲနဲ့ပေါ့။


ထန်ထန် ခြေထောက်ဆေးပေးတာကိုစောင့်နေတဲ့ ကျိယန်တစ်ယောက် သူမတန်းအိပ်သွားတာကိုသာ တွေ့လိုက်ရတယ်။ သူ သူမကိုခဏလောက်စိုက်ကြည့်နေသေးတယ်။ သူမအိပ်ပျော်သွားတာသေချာတယ်။ သူ ဘာဖြစ်သွားမှန်း မသိတော့ပေ။


ဘယ်လောက်ပဲအလုပ်များနေပါစေ သူမက သူ့ကိုညတိုင်းခြေထောက်ဆေးပေးနေကျပဲ… ဒီနေ့ သူမ မေ့သွားတာလား… ဒါပေမယ့် ဘာလို့ အဲ့ဒါက တစ်ခုခုမူမမှန်ဘူးလို့ သူခံစားနေရတာလဲ…


တိတ်တဆိတ်ပဲ ကျိယန်အချိန်အတော်ကြာ ထိုင်နေမိတယ်။ သူဘာမှ ဆက်မတွေးတတ်တော့တဲ့အတွက် မီးကိုလှမ်းပိတ်ကာ အိပ်လိုက်တော့တယ်။


နောက်တစ်နေ့မနက် ထန်ထန်အိပ်ယာမှ နိုးချိန်မှာတော့ ကျိယန်နဲ့ ကုယန်ရန်က ထွက်သွားနှင့်ပြီဖြစ်တယ်။ သူတို့တွေ အတူတူသွားမယ်ဆိုတာ သံသယဝင်စရာမလိုပါဘူး…


သူမ နှုတ်ခမ်းကိုက်လိုက်မိတယ်။ သူမ စိတ်ထဲမှ မကျေနပ်တော့ပေ။ သူမ မနေ့ညက ကျိယန်ကို ခြေထောက်မဆေးပေးမိတဲ့ အပြစ်ရှိသလိုခံစားချက်က ပျောက်ကွယ်လို့သွားတော့တယ်။ 


တပ်ရင်းမှုးကတော်က အိမ်မှာတစ်ယောက်တည်းရှိတဲ့အချိန်ဆို အပျင်းပြေ ထန်ထန်အိမ်သို့လာပြီး စကားစမြည်းပြောလေ့ရှိတယ်။ သူတို့ပြောတဲ့ ခေါင်းစဉ်က ကုယန်ရန်အကြောင်းဖြစ်တယ်


” အဓိကတပ်ရင်းထဲမှာ စစ်တပ်ဆရာဝန်ကိုအစ်မတွေ့လိုက်တယ် ပြီးတော့ ကျိယန်က သူ့ကိုအဲ့မှာထားခဲ့တယ်… မနေ့ညက သူမ ညီမလေးတို့အိမ်မှာ အိပ်တာလား… ကျိယန်နဲ့သူက သိတာလား’’


ထန်ထန်က သူတို့ရဲ့ ဆက်ဆံရေးကိုရှင်းပြလိုက်တယ်


 “ ဒေါက်တာကုက သူနဲ့အတူတူကြီးပျင်းလာတာလေ’’


တပ်ရင်းမှုးကတော်က ရယ်ရင်းနဲ့ ဟာသပြောလိုက်တယ်


 “ အော် အတူတူကြီးပျင်းလာတာကိုး… ဒါကြောင့် သူမအမြင်ကမြင့်နေတာ မအံ့ဩပါဘူး’’


‘’ အစ်မ ဘာကိုပြောတာလဲ’’


‘’ဒေါက်တာကုရဲ့ အမြင်ကမြင့်တယ်လို့ပြောချင်တာလေ… သူမက ဒီမှာကျန်းမာရေးစစ်ဆေးတဲ့ တာဝန်ရှိသူတစ်ယောက်ပဲ… သူမကငယ်ငယ်လေးနဲ့ လက်ထောက်ဖြစ်နေပြီ… ပြီးတော့ သူမကအတော်လေးလှတယ်… ဒီယူနစ်က ကောင်လေးတွေအများကြီးက သူမကိုသဘောကျမယ်ဆိုတာ အစ်မသေချာပြောရဲတယ်… သူမက လူလွတ်လို့လဲ အစ်မကြားထားသေးတယ်… ပြီးတော့ တပ်ထဲက အမျိုးသမီးတွေကလဲ သူမကို လူတွေနဲ့ မိတ်ဆက်ပေးချင်နေကြတာပဲလေ…အဲ့လူတွေအားလုံးက အရည်အချင်းရှိတာကို သူမက ငြင်းတယ်လေ… အဲ့တော့ ပြန်တွေးကြည့်လိုက်ရင် ကျိယန်လိုလူမျိုးနဲ့ အတူတူကြီးပြင်းလာမှတော့ တော်ရုံလူက သူမမျက်လုံးထဲဘယ်ဝင်ပါတော့မလဲ… အင်း… ပြီးတော့လဲ ကျိယန်ထက်သာတဲ့လူတွေက ဒီမှာဆို သိပ်မရှိဘူးလေ’’


ထန်ထန်မျက်နှာပြင်မှာတော့ အပြုံးတစ်ခုရှိနေပြီး သူမစိတ်ထဲမှာတော့ မဟုတ်ပေ။ 'ကုယန်ရန်ရဲ့ အမြင်ကမြင့်နေတာမဟုတ်ဘူးအစ်မရေ သူ့အမြင်က တစ်ယောက်ယောက်အပေါ်ကိုရောက်နေတာ.' ဒါပေမယ့် ထန်ထန် အဲ့ဒါကို အပြင်ထုတ်မပြောပေ။ ဒါကြောင့် သူမကစကားလမ်းကြောင်းလွဲကာ တခြားတယောက်အကြောင်းကို မေးလိုက်တယ် “ မရီး… တပ်ရင်းမှုး ဝမ်ကျန်းရီလို့‌ ခေါ်တဲ့သူ အကြောင်းသိလား’’


‘’ဝမ်ကျန်းရီ…’’


 တပ်ရင်းမှုးကတော်က ပဟေဋိဖြစ်စွာ စဉ်းစားသွားတယ် 


“ ဘာလို့သူ့အကြောင်းမေးတာလဲ… သူက အစ်မတို့တပ်ရင်းက မဟုတ်ဘူး… တခြားတပ်ရင်းကပဲ’’


‘’ ညီမလေး သူ့ကိုမသိပါဘူး… ဒါပေမယ့် သူ့သမီးလေးကိုတော့သိတယ်လေ… သူ့သမီးလေးက ဝမ်နောင် လို့ခေါ်တာမဟုတ်လား… သူမက ရှောင်ကျိုးထိုင်ခုံဖော်ဖြစ်နေတယ်လေ… ရှောင်ကျိုးအိမ်ကိုပြန်လာတိုင်း အဲ့ဝမ်နောင်က ဗိုက်ဆာနေလို့ဆိုပြီး သူမု့န်တွေပေးခဲ့ရတယ်လို့ ပြောပြောနေလို့လေ… ပြီးတော့ အဲ့ကလေးကလဲ ဝမ်နောင်က အနိုင်ကျင့်ခံရတယ်ပြောနေတော့တာပဲ...  အဲ့ဒါညီမ သတိရသွားလို့ အစ်မကိုမေးကြည့်တာ’’


တပ်ရင်းမှုးကတော်က မျက်မှောင်အသာကြုတ်လိုက်ပြီး


 ‘’ အဲ့ကလေးမက အမြဲဗိုက်ဆာနေတာလား… သူမ မိထွေးက အဲ့ကလေးမကို အဲ့လောက်အထိ ဆိုးဆိုးရွားရွားမဆက်ဆံလောက်ပါဘူး’’


‘’မိထွေး… အဲ့ဒါဘာကိုပြောတာလဲ’’


‘’တော်တော်များများ အဲ့အကြောင်းမသိပါဘူး… အစ်မပြောပြမယ်… ဒါပေမယ့် သူများကိုပြန်မပြောနဲ့နော်… ဝမ်ကျန်းရီရဲ့ ပထမဇနီးက ကွာရှင်းလိုက်တာလေ။ ကွာရှင်းပြီးနောက်ပိုင်း အဲ့ကလေးမ အမေက အရမ်းဝေးတဲ့နေရာကိုထွက်သွားပြီး လုံးဝပြန်မလာတော့ဘူး… ဝမ်ကျန်းရီက အခုဇနီးကိုလက်ထပ်လိုက်တယ်… ပြီးတော့ အဲ့ဇနီးရဲ့နောက်ခံကလဲ သာမန်မဟုတ်ဘူး… သူမမိသားစုက စစ်တပ်အပေါ် ဩဇာသက်ရောက်နိုင်တယ်လေ… သူတို့နှစ်ယောက်က တကယ်တော့ရည်းစားဟောင်းတွေ… အဲ့ဒီကောင်မလေးရဲ့မိဘတွေက ဝမ်ကျန်းရီကိုသာမန်မိသားစုကလာလို့ဆိုပြီး သဘောမတူကြဘူးလေ… အဲ့ဒါနဲ့ တခြားသူတွေမိတ်ဆက်ပေးတဲ့ အဲ့ကလေးမရဲ့အမေနဲ့ တွေ့ပြီးယူလိုက်ကြတာ ဒါပေမယ့် ကလေးတစ်နှစ်အရွယ်မှာပဲ သူတို့လင်မယားကွဲသွားကြပါရော... အဲ့ဒီမှာ သူ့အရင်ရည်းစားဟောင်းက သူ့ကိုလာရှာပြီး သူတို့ပြန်တွဲဖြစ်ကြတယ်… နောက်ဆုံးတော့ အဲ့ကောင်မလေးမိသားစုကလဲ လက်ခံလိုက်တဲ့လေ အဲ့ဒါနဲ့ပဲ သူတို့လဲ လက်ထပ်လိုက်ကြတာပဲ…’’


ထန်ထန် နားလည်သွားတယ်။ ဒါဆို လှည့်ကွက်တွေကြားထဲက စုံတွဲပေါ့.. နောက်ဆုံးတော့ သူတို့ အတူတူရှိနေနိုင်ပြီပဲ…


တပ်ရင်းမှုးကတော်က သူမရဲ့အမြင်ကို ဖော်ပြလိုက်တယ်


 “ တကယ်တော့… ဝမ်ကျန်းရီက အခုလက်ရှိဇနီးကို သူ့နှလုံးသားထဲက သဘောကျတာလေ…. အရင်ဇနီးကိုတော့ ခံစားချက်မရှိပဲ ဒီအတိုင်းလက်ထပ်ခဲ့တာဖြစ်မယ်… တကယ်တော့ သူ့အရင်ဇနီးက တည်ငြိမ်အေးဆေးပြီး လူကြီးသူမတွေအပေါ်ကိုလဲ နားလည်တယ်။ ဝမ်ကျန်းရီ ရဲ့ မိဘတွေကလဲ တကယ်သဘောကျတာ ဒါပေမယ့်လဲ သူတို့ကွာရှင်းလိုက်ကြတာပါပဲလေ… တခြားသူတွေကတော့ သူတို့နှစ်ယောက် အဆင်မပြေလို့ကွာရှင်းတယ်ပဲထင်နေကြတာ … တကယ်တော့ အခုလက်ရှိမိန်းမက သူတို့ကြားကိုဝင်ရှုပ်တာလေ… ဘာလို့လဲဆိုတော့ အခုလက်ရှိမိန်းမက အာဏာရှိတယ်၊ အရင်ဇနီးက ကွာရှင်းဖို့တွန်းအားပေးခံရပြီး အဝေးကိုလွင့်သွားတော့တာပါပဲ’’


ထန်ထန် နှလုံးသားတစ်ခုလုံး ဟိုးအောက်အထိပြုတ်ကျသွားတယ်။ ဒီအကြောင်းက ကုယန်ရန်ကို သတိထားမိစေတယ်။ သူမလဲ ကုယန်ရန်ရဲ့ အနှောက်အယှက်ကိုခံနေရတယ် ပြီးတော့ ကုယန်ရန်ရဲ့ မိသားစုက အာဏာရှိတယ်။ သူမကော ထွက်သွားဖို့ တွန်းအားပေးခံရတော့မှာလား…


‘’ဒါဆို ဝမ်ကျင်းရီကကော သူ့အရင်ဇနီးကို အခုဇနီးအသစ်က တွန်းအားပေးတာကို ဒီအတိုင်းလွှတ်ထားတာလား… ဘာပဲဖြစ်ဖြစ် သူရဲ့အရင်ဇနီးနဲ့က ကလေးတစ်ယောက် ရှိနေပြီပဲကို… သူတို့အချင်းချင်းမချစ်ရင်တောင် ခံစားချက်တော့ရှိမှာပါ.. သူအဲ့လောက်အထိ နှလုံးသား မမဲ့လောက်ပါဘူး’’


တပ်ရင်းမှုးကတော်က ထန်ထန်လက်လေးကိုပုတ်လိုက်ကာ


 ‘’ ညီမလေး နင်ကအရမ်းငယ်သေးတယ်… ယောကျာ်းတွေရဲ့ ဘက်လိုက်တတ်မှုကို မသိသေးပါဘူး… ယောကျာ်းတွေက သူတို့ချစ်တဲ့သူကသာ အမှန်ပဲလို့သတ်မှတ်ထားတာ… တကယ်လို့ ယောကျာ်းတစ်ယောက်က မင်းကိုမချစ်ဘူးဆိုရင် သူ့အပေါ်ဘယ်လောက်ပဲကောင်းပေးနေပါစေ သူချစ်တဲ့အမျိုးသမီးရဲ့ ဆံပင်တစ်ချောင်းစာလောက်တောင် ယှဉ်ဖို့ မတန်ဘူး’’


ထန်ထန် နှလုံးသားအေးခဲသွားတယ်။ ကျိယန်က သူမကိုမချစ်ဘူး… အဲ့ဒါက သူမ သူ့အပေါ်ဘယ်လောက်ပဲ ကောင်းပေးနေပါစေ အသုံးမဝင်ဘူးပေါ့...


ထန်ထန် လက်မလျော့သေးပဲ ဆက်ပြောတယ် 


‘’ ဒါပေမယ့် ပုံမှန်ဇနီးမယားတစ်ယောက်က သူ့ယောကျာ်းကိုကောင်းကောင်းဆက်ဆံမယ်ဆို အဲ့ယောကျာ်းက သူမကိုပြန်ချစ်နိုင်လောက်တယ် မဟုတ်ဘူးလား"


တပ်ရင်းမှုးကတော်က မယုံကြည်ပေ


’’ မရနိုင်တဲ့အရာတွေဆိုတာ အမြဲတမ်းအမှတ်ရနေမြဲပဲလေ… ယောကျာ်းတွေက သူတို့ရဲ့ လရောင်ဖြူလေးကို အမြဲသတိရနေတတ်တယ် … မျှော်လင့်ထားသလို စိတ်ရင်းမှန်နဲ့ဆက်ဆံတာကလဲ သူတို့မျက်လုံးထဲကို မဝင်နိုင်လောက်ဘူး … အဲ့ဒါကြောင် အစ်မအမြဲတမ်းပြောလေ့ရှိတယ်… ယောကျာ်းတွေကို အမြဲတမ်းကောင်းကောင်းဆက်ဆံလို့မရဘူး… လိုအပ်ရင် သူတို့ကိုအရောင်တစ်ချို့ပြသင့်တယ်.. မဟုတ်ရင် ညီမလေးကို သူတို့တွေက အလေးအနက်ရှိမှာမဟုတ်ဘူး’’


အရင်တုန်းက ဝမ်ဝမ် ထန်ထန်ကိုပြောဖူးတာရှိတယ်။ သူမ အဖေက မာနကြီးတဲ့သူလို့ထင်ရပေမယ့် တကယ်တမ်းတော့ သူမ အမေစကားကိုနားထောင်ပြီး သူမအမေအပေါ်ကိုလဲ တကယ်ကောင်းကောင်းဆက်ဆံတယ်။ တကယ်လို့ သူမအမေစိတ်ဆိုးပြီဆိုရင် သူ့အဖေက အရမ်းကိုပျာယာခတ်သွားတတ်တယ်။ ထန်ထန်တကယ်ပဲ တပ်ရင်းမှုးကတော်ကို အားကျမိတယ်


 “ မရီး… တပ်ရင်းမှုးနဲ့ အစ်မရဲ့ ဆက်ဆံရေးကကော… အစ်မ သူကို အရောင်အမှန်ပြတာလား’’


တပ်ရင်းမှုးကတော်က ရယ်လိုက်တယ်


’’ သေချာတာပေါ့… ဘာလို့မလုပ်ရမှာလဲ… သူ့ကိုကောင်းကောင်းဆက်ဆံတယ် သူ့ကိုယ်သူမေ့တဲ့အထိပေါ့… ဒါကြောင့် အစ်မက သူ့ကိုတစ်ချို့အရောင်တွေပြဖို့လိုတာ… တကယ်လို့ အစ်မ မပျော်ရင် သူ့အတွက်ဘာမှမလုပ်ပေးတော့ပဲ သူ့ဘာသာသိအောင်ထားလိုက်တယ်။ သူကို ဒီအတိုင်းနှစ်ရက်လောက် ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလိုက်တယ်။ အဲ့ဒါဆို သူမခံနိုင်တော့ပဲ အရင်ထက်ပိုပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံတော့တာပဲ’’


အဲ့ဒါက ထန်ထန် အနေနဲ့ ဒီလိုမျိုးပထမဆုံး ကြားဖူးတာဖြစ်တယ်။ သူမ နို့ထိန်းက အဲ့ဒါမျိုး တစ်ခါမှမပြောဖူးဘူး… သူမနို့ထိန်းက ယောကျာ်းကို ဘယ်လိုခစားရမလဲဆိုတာပဲ သင်ပေးခဲ့တာဖြစ်တယ်။


တပ်ရင်းမှုးကတော်က သူမကို ညီမအရင်းတစ်ယောက်လိုခင်တာကြောင့် သူမက ပြတ်ပြတ်သားသားပြောပြတယ်


 ‘’ အစ်မ ပြောဦးမယ်… ထန်ထန် … ညီမလေးက ကျိယန်ကို ညီမလက်ထဲမှာကိုင်ထားမတတ် အလေးထားဆက်ဆံတာကို အစ်မတွေ့တယ်… ကိုယ့်ယောကျာ်းကို အလိုလိုက်တာက မမှားပါဘူး… ဒါပေမယ့် ညီမကိုယ်ညီမ အောက်ခြေနေရာအထိထားပြီး သူ့ကိုမျက်စိစုံမှိတ် ဆက်ဆံပေးစရာမလိုဘူး...  အိုကေ… ညီမလေး မပျော်ဘူးဆိုရင် ဘယ်လောက်စိတ်ဆိုးကြောင်းပြရမယ် ညီမရဲ့အရောင်အမှန်ကိုပြရမယ် …. အဲ့ဒါက စုံတွဲတွေ သဟဇာတဖြစ်အောင်လုပ်ရမယ့် အကျိုးကျေးဇူးပဲ’’


ခဏလောက်တွေးပြီးတဲ့နောက် တပ်ရင်းမှုးကတော်ပြောစကားတွေက အကျိုးအကြောင်းဆီလျော်တယ်လို့ သူမလက်ခံလိုက်တယ်။ အဲ့ဒါက ငိုနေတဲ့ကလေးကို သကြားလုံးပေးတာနဲ့အတူတူပဲ မဟုတ်လား… ကြည့်ရတာ သူမ ဘယ်လိုစိတ်ဆိုးရမလဲဆိုတာ သင်ဖို့လိုပြီထင်တယ် မဟုတ်ရင် ဝမ်နောင်အမေလိုမျိုး သူမအဆုံးသတ်သွားနိုင်တယ်။


သူမ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ပျော်ရွှင်သွားတယ်။ သူမ ကျိယန်ကို ခြေထောက်မဆေးပေးတော့ဘူး… သူ့ဘာသာလုပ်ပလေ့စေတော့…


အဆုံးမှာတော့ ကျိယန်အိမ်ပြန်ရောက်တာနဲ့ နွေးနွေးထွေးထွေးကြိုဆိုခြင်းမခံရတော့သလို ညဘက်မှာလဲ ခြေထောက်ဆေးပေးခြင်းမခံရတော့ပေ။ ထန်ထန်က ရေချိုးပြီးတာနဲ့ အိပ်ယာထဲသို့ဝင်ကာ တန်းအိပ်သွားတော့တယ်။ သူမက သူ့ကိုတစ်ချက်လေးတောင် လှမ်းမကြည့်ပဲနဲ့ပေါ့…


သူမ မနေ့ညကမေ့သွားတယ်လို့ သူထင်ခဲ့တာဖြစ်တယ်။ သူမ မေ့တယ်ဆိုတာ သူ မသေချာပေမယ့်လဲပေါ့


'အားလုံးအဆင်ပြေနေတာပဲ မဟုတ်လား… ရုတ်တရက်ကြီး ဘာလို့ ဒီလိုဖြစ်သွားရတာလဲ… သူမ မပျော်တော့ပြန်ဘူးလား… လက်ဆောင်တွေလက်ခံတုန်းကတောင် သူမ ပျော်နေသေးတယ်မဟုတ်လား’


ကျိယန် ခေါင်းကိုကုတ်လိုက်မိတယ်။ ကျီယွဲ့ကို တခုခုထပ်ပြီးဝယ်ခိုင်းဖို့ စဉ်းစားလိုက်မိပေမယ့်လဲ သူမအဲ့ဒါတွေကိုသဘောကျပုံမပေါ်ဘူး… ပြီးတော့ အရင်တစ်ခါသူပေးထားတာတွေကိုလဲ သူမ သုံးတာ မတွေ့သေးဘူး… ပြီးတော့ အဲ့ဒါတွေကိုလဲ ထပ်မဝယ်ပေးဖို့ သူမ ပြောထားသေးတယ်..


ထားလိုက်တော့ … ဘာမှထပ်မပေးတော့ပါဘူး… မဟုတ်ရင် သူမပိုပြီး စိတ်ပျက်နေဉီးမယ်


နောက်နှစ်ရက်ကြာပြီးတဲ့အထိ ကျိယန်တစ်ယောက် ထန်ထန်ရဲ့ လန်းဆန်းတက်ကြွမှုကို မတွေ့ရသေးပေ။ အဲ့ဒါက သူ့ကို အတော်လေး မသက်မသာဖြစ်စေတယ်။ သူ ထန်ထန်ကို ဘာဖြစ်နေလဲဆိုတာ တိုက်ရိုက်မေးလိုက်ပေမယ့်လဲ သူမဆီမှ ဘာမှမဖြစ်ဘူးဆိုတာကလွဲလို့ တခြားဘာအဖြေမှ ပြန်မရပေ။ အဲ့အချိန်မှာပဲ ကျိယန် အိမ်မပြန်ခင် ဆေးလိပ်နှစ်လိပ်ခန့် အမြဲသောက်ဖြစ်တယ်။ စီးကရက်တစ်ဗူးလုံးကုန်ခါနီးမှပဲ အကူအညီတောင်းဖို့ ဖုန်းထပ်ခေါ်သင့်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကုကျန်းအန်ကိုမဟုတ်ပဲ ကျီယွဲ့ဆီကို တိုက်ရိုက်ခေါ်လိုက်တော့တယ်။


အမျိုးသမီးတွေကို အမျိုးသမီးကတွေပဲ အကောင်းဆုံးနားလည်တာ မဟုတ်လား...