အပိုင်း (၄၄)
Viewers 12k

Part 44


နောက်တနေ့မှာတော့… ကျီယွဲ့က တပ်ရင်းသို့ တိုက်ရိုက်ပဲရောက်လာကာ ကျိမိသားစုရဲ့ အိမ်တံခါးကိုခေါက်လိုက်တော့တယ်။ 


ကျိယွဲ့ကိုမြင်လိုက်တဲ့ ထန်ထန်က အလွန်အံ့အားသင့်သွားပြီး ပြေးဖက်လိုက်တယ် ‘

" ကျီယွဲ့… ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ…’’


ကျီယွဲ့က ဘာမှပြန်မဖြေပဲ ပျော်ရွှင်စွာနဲ့ရယ်လိုက်ပြီး ထန်ထန်ကို နမ်းလိုက်တယ်။ ထို့နောက် ထန်ထန်ကို နှစ်ပတ်လောက် သူမဆွဲလှည့်ကာ ကြည့်လိုက်ပြီး


‘’ ထန်ထန် … ရှင်ပိုပြီး ကြည့်ကောင်းလာတာပဲ’’


‘’တကယ်လား… ကျွန်မကို မြှောက်ပြောနေတာ မဟုတ်လား’’


‘’ မြှောက်ပြောတာမဟုတ်ဘူး… ရှင်ဝိတ်တက်လာတာကို တွေ့နေရတာပဲလေ... ပြီးတော့ အသားအရေလဲ ပိုကြည့်ကောင်းလာတယ်… ဆံပင်လဲ ပိုပြီးနူးညံ့လာတယ်… ပြောရရင် ရှင်ပိုလှလာတယ်နော် … အခု ကြည့်ကောင်းနေတာသိရဲ့လား’’


‘’ အဲ့ဒါအရမ်းချဲ့ကားပြောနေသလိုဖြစ်နေပြီ… အနည်းဆုံးတော့ ကျွန်မ ရုပ်မဆိုးတော့တာပါ... လှဖို့အတွက်ကတော့ အဝေးကြီးလိုပါသေးတယ်နော်..’’ 


အဲ့လိုပြောနေပေမယ့်လဲ သူမရဲ့ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။ သူမ ပျော်လွန်းလို့ ကောင်းကင်ပေါ်တောင် ပျံမတတ် ခံစားနေရတယ်။ ထန်ထန်က ကျိယွဲ့ကို ဆိုဖာပေါ်မှာထိုင်စေပြီး အရသာရှိတာတွေနဲ့ ဧည့်ခံလိုက်တယ်


 “ ဒါတွေအားလုံး ကျွန်မလုပ်ထားတာတွေပဲ… မြန်မြန်လေး မြည်းကြည့်ပါဦး’’


ကျီယွဲ့လဲ ဟန်ဆောင်ယဉ်ကျေးမနေတော့ပဲ အားပါးတရ လက်နှစ်ဖက်နဲ့ယူစားတော့တယ်


 “ ရှင်လုပ်တဲ့ မုန့်တွေက အကောင်းဆုံးပဲ… ကျွန်မ အကြိုက်နဲ့ ကွက်တိပဲ သိလား’’


‘’ ကြိုက်တယ်ဆို များများသာစား … ပြန်တဲ့အခါကျရင်လဲ အကိုကျန်းအန်အတွက်ပါ ပါဆယ်ထုတ်ပေးလိုက်ဖို့ ကျွန်မ ပိုလုပ်လိုက်မယ်’’ 


ထန်ထန်ကို အိမ်ခေါ်သွားချင်တဲ့အထိ ကျီယွဲ့ စိတ်လှုပ်ရှားနေတော့တယ်။ ဒီမိန်းကလေးတော့ တကယ်ကိုပဲ အဖိုးတန်လွန်းတယ်။


ကျီယွဲ့တစ်ယောက် အတော်များများစားပြီးတဲ့နောက် သူမနဲ့အတူပါလာတဲ့ အိတ်ကြီးကိုဆွဲယူလိုက်တယ်။ ထို့နောက် အထဲမှ အရာများကိုထုတ်ယူပြီး ထန်ထန်ကိုပြောလိုက်တယ်


 ‘’ ကြည့်ပါဦး… ကျွန်မ skincare product အသစ်တွေထပ်ယူလာတယ်… ရလဒ်က အရင်သုံးတဲ့ဟာတွေထက် ပိုကောင်းတယ်နော်… တစ်လအတွင်း သိသာလာစေရမယ်လို့ ကျွန်မ အာမခံတယ် ‘’


ထန်ထန်က ကျီယွဲ့ကို သူငယ်ချင်းကောင်းတစ်ယောက်လို သတ်မှတ်ထားတာဖြစ်ပြီး သူမအတွက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကျိယွဲ့ယူလာပေးတာတွေကို သူမ မငြင်းဆန်နိုင်ပေ။ ထုတ်ကုန်အသစ်တွေကို လက်ခံလိုက်ပြီး အောင်းချွမ်(ရှေးဝတ်စုံ) ကို သူမ ထုတ်ယူလိုက်ကာ


 ‘’ ဒီမှာ… ကျွန်မ ရှင့်အတွက် လုပ်ထားတဲ့ အောင်းချွမ် က ပြီးသွားပြီ … ပထမတော့ စာပို့ဦးမလို့ပဲ ဒါပေမယ့် မမျှော်လင့်ပဲ လူကိုယ်တိုင်ရောက်လာတော့ ပို့ဖို့မလိုတော့ဘူးပေါ့…’’


ဝတ်စုံ ကိုတွေ့လိုက်တဲ့ ခဏမှာပဲ ကျီယွဲ့ မျက်ဝန်းတွေ တောက်ပသွားတယ်။ သူမက အောင်းချွမ် ကိုယူကာ အရှေ့ အနောက် လှည့်ပတ်ကြည့်ပြီးတဲ့နောက်


 ‘’ ဒါက တကယ်ကြီးလှတာပဲ အား… ကျွန်မ ဒီလိုအဖြူရောင်ကိုကြိုက်တာ… ဝတ်လိုက်ရင် အရမ်းလှနေတော့မှာပဲ’’


ထန်ထန်က ကျီယွဲ့ကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားပြီး


 ‘’ စမ်းဝတ်ကြည့်လိုက်ပါဦး… တစ်ခုခု ပြင်ဖို့လိုနေမလားလို့…’’


ထန်ထန်စကားကို အပြည့်အဝလက်ခံစွာနဲ့ ကျိယွဲ့က ထန်ထန်အရှေ့မှာပင် သူမအဝတ်တွေကိုချွတ်လိုက်တယ်။ ကျီယွဲ့ရဲ့ အတွင်းခံကိုထန်ထန်တွေ့လိုက်ရတယ်။ အဲ့ဒါက အရမ်းအရမ်းကို ဆက်စီကျနေပြီး ထန်ထန်မျက်နှာကို ပန်းရောင်လွှမ်းသွားစေတယ်။ သူမ ဆက်မကြည့်ရဲတော့တဲ့အတွက် ကောင်းလေးငယ်ငယ်လေးတစ်ယောက်က အလှလေးကိုတွေ့သလိုမျိုး တဖက်သို့အမြန်လှည့်လိုက်တယ်။ 


ထန်ထန် ရဲ့အပြုအမူကြောင့် ကျီယွဲ့ အူမြူးသွားပြီး 


‘’ ရှင်ဘာလုပ်တာလဲ… ကျွန်မတို့နှစ်ယောက်လုံးက မိန်းကလေးတွေပဲလေ ဘာတွေရှက်နေတာလဲ… ရှင့်ဆီမှာလဲ ကျွန်မဆီမှာရှိတာတွေ ရှိတာပဲကို … လာပါ… မြန်မြန်လေးပြန်လှည့်ပြီး ကျွန်မကို ကူညီပါဦး… ဘယ်လိုဝတ်ရမလဲ ကျွန်မ မသိဘူး’’


ထန်ထန် တဖက်သို့သာ ပြန်လှည့်လိုက်ရပြီး နီရဲနေတဲ့မျက်နှာနဲ့ပင် ကျိယွဲ့ကို ကြည့်လိုက်တယ်။ တောင်နှစ်လုံးလို မို့မောက်နေတဲ့ ကျီယွဲ့ရဲ့ ရင်သားတွေကြောင့် ထန်ထန် အမြန်အကြည့်တွေလွှဲလိုက်ရတယ်။ အနည်းငယ် မနာလိုတဲ့အလင်းတန်းတစ်ခု ထန်ထန် မျက်ဝန်းထဲဖြတ်သန်းသွားတယ်။


ကျီယွဲ့က သူမရဲ့တောင်နှစ်လုံးကိုပင့်တင်လိုက်ပြီး မေးလိုက်တယ်


 ‘’ ဘယ်လိုထင်လဲ… ကျွန်မရင်သားဆိုဒ်နဲ့ ပုံစံက သိပ်မဆိုးပါဘူးနော်… ဟုတ်တယ်မဟုတ်လား…’’


ထန်ထန် ရှက်ရွံ့စွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ကျိယွဲ့ရဲ့ ခန္ဓာကိုယ် အသွင်အပြင်က အထူးပဲကောင်းမွန်တယ်။  မိန်းမတစ်ယောက်ဖြစ်တဲ့ သူမတောင် ကျိယွဲ့လှပတယ်ဆိုတာကို မငြင်းနိုင်ဘူး။ ဘာမှမရှိသလို ပြားကပ်နေတဲ့ သူမ နဲ့မတူညီပေ။ တခြားယောကျာ်းလေးတွေရဲ့ ရင်အုပ်ကတောင် သူမထက်ပိုကြီးလောက်တယ်လို့ သူမခန့်မှန်းမိတယ်။


အား… အမျိုးသမီးနှစ်ယောက်ကြားက ကွာခြားမှုက အရမ်းကိုနာကျင်စရာကောင်းတာပဲ…


ထန်ထန် မျက်ဝန်းထဲမှ မနာလိုအားကျမှုတွေကို သတိထားမိတဲ့ ကျိယွဲ့က သူမပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်တယ်


 ‘’ အဲ့ဒါ ဘာမှမဟုတ်ပါဘူး… ကျွန်မကို မနာလိုဖြစ်စရာမလိုဘူး… ကိုယ်ကိုကိုယ်လဲ ပြန်ကြည့်ပါဦး… ရှင်ကိုယ်လုံးကလဲ တိုးတက်လာနေပြီကို… နည်းနည်းလောက်သာ ပိုကြိုးစားလိုက်ရင် ကျွန်မလိုပဲဖြစ်လာလိမ့်မယ်’’


ထန်ထန်က ယုံကြည်ချက်မရှိစွာနဲ့


 ‘’ ကျွန်မ ဝိတ်တက်လာရင်တောင်မှ ရင်သားတွေက သေးနေဦးမှာပဲ… ရှင့်လောက် ကြည့်ကောင်းလာမှာ မဟုတ်ပါဘူး’’


ကျိယွဲ့က ထန်ထန်ရင်ဘတ်ကို လှမ်းကြည့်လိုက်တယ်။ အမှန်အတိုင်းပြောရရင် သူတို့တွေက တကယ်ပြားကပ်နေတာပဲဖြစ်တယ်။ သူမ ကိုယ်အလေးချိန်တက်လာရင်တောင် အဲ့ဒါတွေက ကြီးလာမှာမဟုတ်ပေ။ ဒါပေမယ့် ဒါတွေက ကျီယွဲ့အတွက် ခက်ခဲတဲ့အရာမဟုတ်ပေ


 ‘’ စိတ်မပူပါနဲ့… ကျွန်မဆီမှာ နည်းလမ်းရှိတယ်… ကျွန်မအိမ်ပြန်ရောက်တာကိုပဲစောင့်လိုက်… ရင်သားအတွက်လိုအပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ပို့ပေးလိုက်မယ်…. အဲ့ထုတ်ကုန်က ကျွန်မကုမ္ပဏီကဟာနော်… ပြီးတော့ အကျိုးသက်ရောက်မှုကလဲကောင်းတယ်… တကယ်လို့သာ ရှင်သုံးလိုက်မယ်ဆိုရင် ဆိုဒ်တစ်ဆိုဒ်ကတော့ အသာလေးကြီးတယ်’’


‘’တကယ်… အဲ့လိုပစ္စည်းမျိုးရှိတယ်လား’’


 ထန်ထန် အံ့ဩသွားတယ်။ 'အဲ့လိုအရာတွေရှိတယ်ဆိုတာ သူမလုံးဝ မသိခဲ့ဘူး။ ရင်သားလိုအရာတွေတောင် ကြီးအောင်လုပ်လို့ရတယ်လား’


‘’ဒါပေါ့…  ကျွန်မပြန်ရောက်တာနဲ့ ပို့လိုက်မယ်… ဒါပေမယ့် အခုတော့ ကျွန်မကို ဒါလေးကူဝတ်ပေးပါဦး… ဘယ်လိုဝတ်ရလဲဆိုတာ မသိလို့’’


လျင်မြန်စွာနဲ့ပဲ ထန်ထန် ကျီယွဲ့ကို ကူပေးလိုက်တယ်။ အားလုံးပြီးတဲ့အခါမှာတော့ ကျိယွဲ့ကို မှန်ရှေ့သို့ခေါ်သွားကာ 


‘’ ဘယ်လိုထင်လဲ… ဝတ်ရတာ သက်တောင့်သက်သာ ရှိတယ်ဟုတ်…’’


ပြောစရာမလိုအောင်ပင် ကျိယွဲ့က ဖုန်းကိုထုတ်က ထန်ထန်ဆီသို့ပေးလိုက်ပြီး ဓါတ်ပုံရိုက်ဖို့ပြောလိုက်တယ်


 ‘’ မြန်မြန် မြန်မြန် မြန်မြန်လေး… တစ်ပုံလောက်ရိုက်ပေးပါဦး… ကျွန်မသူငယ်ချင်းတွေရဲ့ ဂရုထဲကိုပို့လိုက်ချင်လို့… ရှေးခေတ်က မမလေးတစ်ယောက်ရဲ့ပုံနဲ့ တူမနေဘူးလား လှလိုက်တာ… ဓါတ်ပုံစတူဒီယိုတွေက ငှားပေးတဲ့အကျီတွေထက်တောင် လှသေးတယ်’’


သူမ သဘောကျတာကို ကြည့်ပြီး ထန်ထန်က ကျီယွဲ့ကို မှန်တင်ခုံရှေ့သို့ ဆွဲခေါ်ကာ


 ‘’ ဓါတ်ပုံရိုက်မယ်ဆိုမှတော့ အကျီနဲ့လိုက်ဖက်အောင် ကျွန်မ ဆံပင်ပုံစံပါ ပြင်ပေးမယ်’’


‘’ အဲ့ဒါကိုလဲ လုပ်တတ်တယ်လား… မြန်မြန်လေး ကျွန်မဆံပင်ကို ပြင်ပေးပါဉီး’’


ထန်ထန်အတွက်တော့ ရှေးခတ်ဆံပင်ပုံစံက အရမ်းကိုလွယ်ကူလို့နေတယ်။ အဲ့ဒါက ဆယ်မိနစ်တောင် မကြာပဲပြီးစီးသွားတယ်။ ဘေးနှစ်ဖက်မှ ဆံပင်တွေကို အနောက်ဘက်သို့ဆွဲယူထားပြီး လိပ်တင်ထားတယ်။ ကျန်တဲ့ဆံပင်တွေကိုတော့ ခပ်လျော့လျော့လေးထားပြီး ကျီယွဲ့ရဲ့ ပုခုံးပေါ်သို့ ပြေကျထားစေတယ်။ ထို့နောက် ထန်ထန်က ကျီယွဲ့ရဲ့ နဖူးပေါ်မှာ အနီရောင်ပန်းပုံစံဖော်ပေးလိုက်တယ်။ ကျီယွဲ့က ရာဇဝင်ထဲကသူတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့တယ်။


ကျီယွဲ့တစ်ယောက် ထန်ထန်ရှေ့မှာ ဒူးထောက်ပြီးတော့သာထိုင်ချလိုက်ချင်တော့တယ်။ သူမက မျက်ရည်တွေနဲ့ ထန်ထန်လက်ကိုကိုင်ကာ


 ‘’ ထန်ထန် … ရှင်သာ ထုတ်လုပ်ရေးအသင်းနဲ့ဆက်သွယ်လိုက်မယ်ဆိုရင် လုံးဝကို မိတ်ကပ်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေတော့မှာပဲ… ဒီဆံပင်ပုံစံက တီဗီဒရမ်မာတွေမှာပါတဲ့ မင်းသမီးတွေထက်တောင်မှ လှနေသေးတယ် … တကယ်လို့သာ အဲ့ဒီက ဒရိုက်တာတွေသာ ရှင့်ရဲ့စကေးကိုတွေ့သွားရင် ငွေဘယ်လောက်ကုန်ကုန်ဆိုပြီး ရှင့်ကိုမိတ်ကပ်ဆရာမအဖြစ် ငှားကြတော့မှာပဲ’’


ထန်ထန်က အထိတ်တလန့်နဲ့ မျက်တောင်ခတ်လိုက်ပြီး


 ‘’ ဟင်… တကယ်.. ဆံပင်အလှပြင်တာက အလုပ်လို့ ရှင်ပြောလိုက်တာလား’’


‘’ အင်းပေါ့… ထုတ်လုပ်ရေးအဖွဲ့က ရှင့်လိုလူမျိုးတွေလိုအပ်နေတာ … ရှင်သာလိုအပ်မယ်ဆို အဲ့ဒီလူတွေနဲ့ တွေ့ပြီး ပိုက်ဆံရှာလို့ရတယ်လေ… ဟားဟား’’


ထန်ထန်မျက်ဝန်းတွေ တောက်ပသွားတယ်။ သူမ မေးခွန်းတွေ ထပ်မမေးခင်မှာပဲ စိတ်လှုပ်ရှားနေတဲ့ ကျီယွဲ့ရဲ့ဆွဲခေါ်မှုကြောင့် ဓါတ်ပုံရိုက်ပေးရတော့တယ်။


စိတ်မရှည်စွာနဲ့ပဲ ကျီယွဲ့က ချက်ချင်းပင် ဓါတ်ပုံကို သူမသူငယ်ချင်းဂရုထဲသို့ပို့ကာ ခေါင်းစဉ်က


 ‘’ ဟားဟား… ငါ့ရဲ့ကိုယ်ပိုင်စတိုင်လစ်က ငါ့အတွက် ရှေးခတ်ဝတ်စုံလုပ်ပေးလိုက်တယ်… ရှေးခေတ်က အလှလေးနဲ့ မတူဘူးလား’’


ချက်ချင်းပဲ ပိုစ့်အောက်မှာ ပြန်စာတွေပလူပျံအောင်တက်လာတော့တယ်။


(အရမ်းလှတာပဲ… အရမ်းကိုကြည့်ကောင်းတာ… အဲ့ဒါဘယ်ကရတာလဲ… ငါလဲလိုချင်တယ်)


(အဲ့ဒီဝတ်စုံတစ်ဆက်လောက် ငါ့ဆီပို့ပေး… ငါတကယ်ကြိုက်တာဟ… ဆံပင်ပုံစံကလဲ အရမ်းလှတာပဲ… အဲ့ဒီပုံစံ ငါလဲလုပ်ချင်တယ်.. ငါ့ကိုပါခေါ်သွားပေး)


(အဲ့ဘရန်းနာမည်ကို ပြောပြပါ)


ကုကျန်းအန်းကလဲ ပြန်စာတင်လိုက်တယ် (ပြန်လာခဲ့ ပြီးတော့ ကိုယ့်ကိုလဲပေးကြည့်ဉီး)


သူမ အလွန်အမင်းပျော်ရွှင်လို့နေတယ်။


နေ့လည်မှာတော့ ကျိယွဲနဲ့ ထန်ထန် နေ့လည်စာအတူစားကြတယ်။ အဲ့အချိန်မှာပဲ ကျိယွဲ့က လာရင်းကိစ္စကို မေးဖို့အတွက် ဆုံးဖြတ်ချက်ချကာ ပုံမှန်လိုလေသံနဲ့


 ‘’ ဘယ်လိုနေလဲ… ဒီမှာနေရတာပျော်လား.. နေသားကောကျပြီလား…’’


ထန်ထန်က ခေါင်းငြိမ့်ပြလိုက်တယ်


 “ ဒီမှာနေရတာ အတော်လေးကောင်းပါတယ်.. လူတိုင်းကလဲ အရမ်းကြင်နာတတ်ကြတယ်’’


‘’ အဲ့လိုလား… ဒါဆိုအဆင်ပြေနေတာပေါ့… ယန်ရန် ဒီကို တစ်ရက်လာနေသွားတယ်လို့လဲ ကြားမိတယ်… ရှင်တော့ မလုပ်ရှုပ်နေတော့မှာပဲ’’


ထန်ထန်က စက္ကန့်ပိုင်းလောက် ဗလာဖြစ်သွားပြီးမှ ပြုံးဖို့အားတင်းကာ


 ‘’ မရှုပ်ပါဘူး’’


ကျီယွဲ့က ထန်ထန်ရဲ့ သေးငယ်လှတဲ့ အပြောင်းအလဲကို သတိထားလိုက်မိတယ်။ ဒါကြောင့် ထန်ထန် မပျော်ရွှင်ရတာ ကုယန်ရန်ကြောင့်ဆိုတာ သူမ သေချာသွားတယ်။ အမှန်တော့ အရင်ရက်တွေက ကျိယန် ဒီအကြောင်းကိုပြောကတည်းက ကုယန်ရန်ကြောင့်ဆိုတာ သူမ ခန့်မှန်းပြီးဖြစ်တယ်။ အဲ့ဒီ ဂရုမစိုက်တတ်တဲ့ ယောကျာ်းတွေကတော့လား…


အဲ့ဒါက ထန်ထန်တစ်ယောက် ကုယန်ရန်ရဲ့ ခံစားချက်တွေကို သိသွားပြီထင်တယ်။


ကျီယွဲ့က ခြုံပုတ်ကိုရိုက်မနေတော့ပဲ တိုက်ရိုက်မေးလိုက်တော့တယ်


 ‘’ ထန်ထန်… ရှင် ကုယန်ရန်ကို သဘောမကျဘူး မဟုတ်လား.. ကျွန်မကို မလိမ်နဲ့ …. ကျွန်မအမှန်အတိုင်းသိချင်တယ်’’


မျက်ခုံးတွန့်သည်အထိ အချိန်အတော်ကြာ တုန့်ဆိုင်းနေပြီးမှ ထန်ထန် ခေါင်းငြိမ့်လိုက်တယ်။


ကျိယွဲ့ သက်ပြင်းချလိုက်တယ် “ ရှင်သိသွားပြီပဲ… ဟုတ်တယ်မလား’’ 


အကြောင်းပြချက်တချို့ကြောင့် ကျိယွဲ့ပြောတာကို ထန်ထန် နားလည်လိုက်တယ်။ သူမ ပန်းကန်လုံးနဲ့တူကို အောက်သို့ချလိုက်ပြီး အစားအစာတွေကလဲ ရုတ်တရက်အရသာမရှိတော့ပေ


 ‘’ ကျီယွဲ့… ကျိယန်နဲ့ကုယန်ရန်အကြောင်း အကုန်လုံးသိလား’’ 


ထန်ထန်ပြောစကားကို ကျီယွဲ့ကြားတဲ့အခါမှာတော့ နားလည်မှုလွဲနေတယ်ဆိုတာ ချက်ချင်းသိသွားတယ်။ ကျီယွဲ့က ချက်ချင်းပဲရှင်းပြတော့တယ် 


“ ကျွန်မအရင်ရှင်းပြပါရစေဦး… ကျိယန်နဲ့ ကုယန်ရန်ကြားထဲမှာ ငယ်သူငယ်ချင်းဆိုတာကလွဲပြီး တခြားဘာမှ မရှိဘူးနော်’’


‘’အာ…’’ ထန်ထန် စိတ်ထဲဗလာဖြစ်သွားတယ်။


ကျီယွဲ့က မေးလိုက်တယ်


 “ ကုယန်ရန် က ကျိယန်ကို သဘောကျနေတယ်ဆိုတာ ရှင်သိသွားတာလား’’


ထန်ထန် ခေါင်းငြိမ့်ပြလိုက်တယ်။


‘’ အိုကေ… ဒါပေမယ့် ကျွန်မပြောချင်တာက ကုယန်ရန် ကျိယန်ကို သဘောကျနေတယ်ဆိုတာတော့ အမှန်ပဲ.. ဒါပေမယ့် ကျိယန်က ကုယန်ရန်ကို သဘောမကျဘူးနော်… တကယ်တော့ ကုယန်ရန် သူ့ကိုသဘောကျနေတယ်ဆိုတာတောင် သိတာမဟုတ်ဘူး… ဒီအုပ်စုထဲမှာ အားလုံးကလဲ အဲ့လိုပဲထင်နေကြတာ… သူတို့အားလုံး ကုယန်ရန်က ကျိယန်ကိုသဘောကျတယ်ဆိုတာ မသိကြဘူး… သူတို့တွေက ကုယန်ရန်ကို ညီမလေးတစ်ယောက်လိုပဲ ပြုမူဆက်ဆံကြတာ… ကျွန်မပဲ … သိလွယ်တဲ့အမျိုးသမီးဖြစ်တဲ့ ကျွန်မတစ်ယောက်ပဲ အဲ့ဒါကိုသိတာ… အခုတော့ ရှင်လဲသိသွားပြီပေါ့’’


ထန်ထန် မျက်တောင်ခတ်လိုက်တယ်။ ဒီသတင်းတွေကို လက်ခံနိုင်ဖို့ သူမ အချိန်တစ်ချို့ယူလိုက်ရတယ်။ ခဏအတွင်းမှာပဲ သူမရင်ထဲမှ ပျော်ရွှင်မှုပူဖောင်းလေးတွေ ထွက်ပေါ်လာတယ်။ မသိလိုက်ဘာသာပဲ သူမ နှုတ်ခမ်းထောင့်က မြင့်တက်လို့သွားတော့တယ်။


ထန်ထန်ရဲ့ ပြုံးနေတဲ့ အမူအယာကိုကြည့်ပြီး ကျိယွဲ့က သူမပါးကိုဆွဲညှစ်လိုက်ကာ


 ‘’ ကျိယန်နဲ့ ကုယန်ရန်ကို ရှင်အထင်လွဲနေတာမဟုတ်လား’’


ရှက်ရွံ့စွာနဲ့ ထန်ထန် ခေါင်းငြိမ့်လိုက်တယ်


 ‘’ ကျွန်မ နားလည်မှုလွဲသွားတာပါ… အဖွားကျိုးမွေးနေ့တုန်းက ကုယန်ရန်ကပြောခဲ့တယ် ကျွန်မကြောင့်သာမဟုတ်ရင် သူမက ကျိယန်ဇနီးဖြစ်နေပြီတဲ့လေ… ပြီးတော့ အဖိုးကျိကလဲ သူမကို မြေးချွေးမအဖြစ် လိုချင်နေတာတဲ့’’


ဒီစကားတွေကို ကြားလိုက်ရတဲ့ ကျီယွဲ့က ရွဲ့ကာရယ်လိုက်ပြီး လှောင်ပြောင်တဲ့လေသံနဲ့ 


‘’ ထန်ထန်… ကုယန်ရန်က ရူးသွားပြီ… သူမပြောတာတွေကို မယုံနဲ့… ကျိယန်ဇနီးဖြစ်ဖို့လား… အဲ့ဒါ မဖြစ်နိုင်ဘူး… ကျိယန်က သူမကို ကြိုက်ကိုမကြိုက်တာ… အဲ့ဒါကို ဘယ်လိုလုပ် သူမကိုလက်ထပ်မှာလဲ… အဖိုးကျိကတော့ ဟုတ်တယ်… သူကတကယ်တော့ ကုမိသားစုနဲ့ လက်ထပ်တဲ့ ဆက်ဆံရေးရှိချင်ခဲ့တာပဲ ပြီးတော့ ကုမိသားစုဘက်က သမီးတစ်ယောက်ကို ကျိယန်အတွက်လိုချင်ခဲ့တာတော့မှန်ပေမယ့် အဲ့ဒါက ကုယန်ရန် လို့ပြောခဲ့တာမဟုတ်ဘူး… ကုမိသားစုမှာ သမီးမိန်းကလေးတွေ အများကြီးရှိတယ်… အဲ့ဒါသူမဖြစ်ရမယ်လို့ မသေချာဘူးလေ… နောက်တော့ ကျိယန်က ရှင်နဲ့လက်ထပ်လိုက်တယ် ပြီးတော့ လူတိုင်းက အဲ့ဒါကိုဟာသအနေနဲမှတ်လိုက်ပြီး ဘယ်သူမှ အစပြန်မဖော်တော့ဘူး’’


ရုတ်တရက်ပဲ ထန်ထန် ဘာပြောရမှန်း မသိတော့ပေ။ အဲ့ဒါဆို သူမအထင်လွဲနေမိတာပေါ့။ အမှန်တရားက ဒီလိုပေါ့လေ…


‘’ အမှန်အတိုင်းပြောရရင်… ကျွန်မက ကုယန်ရန်နဲ့ သမီးယောင်းမ တော်ပေမယ့် သူက ကျွန်မကိုသဘောမကျသလို ကျွန်မကလဲသူ့ကို သဘောမကျဘူး… စိတ်ထဲက တကယ်ပဲသဘောမကျပေမယ့် အပြင်မှာတော့ အဆင်ပြေချင်ယောင် ဆောင်နေကြတာပဲ… ကုယန်ရန်လို လူမျိုးကို ကျွန်မ သဘောမကျဘူး… သူမ က အရှက်မရှိဘူးလား… သူများမိသားစုကြားထဲကို ဝင်ဖို့ကြိုးစားနေတယ်… သူမက အယောင်ဆောင်တာလဲ တော်လွန်းတယ်… သူမက ကျိယန်ကို သဘောကျနေတဲ့အမူအယာ လုံးဝမပြဖူးဘူး… အဲ့ဒါကြောင့် ကျိယန်အပါအဝင် အဖွဲ့ထဲက ယောကျာ်းတွေက မသိကြတာပေါ့… ကျိယန်ကလဲ သတိမထားမိပဲ သူမကို ညီမတစ်ယောက်လိုပဲဆက်ဆံနေတာ’’


ထန်ထန် စိတ်ပျက်သွားတယ်


 ‘’ သူတို့က မသိဘူးလား… ကျွန်မစိတ်ထင် သိသာနေတာပဲကို… ကျွန်မလို တုံးအတဲ့သူတောင် အဲ့အကြောင်းသိတယ်’’


‘’ မိန်းမနဲ့ ယောကျာ်းက ကွာတယ်။ ကျွန်မတို့ မိန်းမသားတွေကျ ဒီလိုအရာမျိုးကို အလိုလိုသိနေကြပြီး အဲ့အမျိုးသားတွေကတော့ ဒီအချက်ကိုမသိဘူးလေ… ပြီးတော့ ကုယန်ရန်ကလဲ ဟန်ဆောင်ကောင်းလွန်းတယ်… အဲ့ဒါအပြင် ကျိယန် တက္ကသိုလ်တက်တော့ ကုယန်ရန်နဲ့ မတွေ့ဖြစ်တော့ဘူးလေ… အဲ့ဒါကြောင့် သူ မသိတာ ပုံမှန်ပါပဲ’’


ဒါပေမယ့် ထန်ထန် နားမလည်နိုင်တာ ကျန်နေသေးတယ်


 ‘’ သူမက ဒီလောက်ထိ ကျိယန်ကိုကြိုက်နေမှတော့ ဘာလို့ ဘာမှမပြောတာလဲ… သူတို့အတူတူကြီးပြင်းလာတာပဲကို… သူမ ဆီမှာအခွင့်အလမ်းတွေ အများကြီး ရှိခဲ့မှာပဲလေ…’’


ကျိယွဲ့ ရယ်လိုက်ကာ


 ‘’ အဲ့ဒါသူမရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့်ပဲလေ…. သူမလို ဂုဏ်မောက်နေတဲ့မင်းသမီးက ဘယ်လိုလုပ်ပြီး ယောကျားတစ်ယောက်ကို စပြီးမြူဆွယ်မှာလဲ…. အမျိုးသားတွေကပဲ သူမနောက်ကို လိုက်ရမှာလေ… အဲ့ဒါကြောင့် သူမက ဘာမှမပြောတာပေါ့… ကျိယန်ကလဲ သူမအတွက်ပဲလို့ အသေအချာ တွက်ထားခဲ့တာပဲလေ… နောက်တော့ ကျိယန်က ရှင်နဲ့လက်ထပ်လိုက်တယ်... အဲ့မှာ သူမ မျက်နှာကိုဖြတ်ရိုက်လိုက်သလိုဖြစ်သွားတာပေါ့… ဒါပေမယ့်လဲ ရှင်နဲ့ကျိယန်ကြားဆက်ဆံရေးကလဲမကောင်းခဲ့ဘူးလေ အဲ့ဒါကြောင့် သူက ရှင့်ကိုမျက်စိထဲ မထည်ခဲ့ဘူး… အခုတော့ ရှင်တို့ဆက်ဆံရေးက ပိုကောင်းလာတဲ့အတွက် သူမ စပြီး စိုးရိမ်လာတယ်လေ…. အဲ့ဒါနဲ့ အိမ်အထိလာပြီး တွန်းအားပေးတော့တာပဲ… ကျွန်မပြောတာ မှန်တယ်ဟုတ်…တခြားရက်တွေတုန်းကလဲ သူမ ရှင့်ကိုအနှောက်အယှက်ပေးသေးလား….


ထန်ထန်က ‘’ အာ…’’ အသံထွက်သွားပြီးနောက် အဖွားကျိုးမွေးနေ့တုန်းက ကုယန်ရန်ရဲ့ ပြောစကားတွေကို ကျီယွဲ့အား ပြောပြလိုက်တော့တယ်။


နားထောင်ပြီးတဲ့နောက် ကျီယွဲ့ က စိတ်ဆိုးလာကာ အတွင်းစိတ်ကိုမဖုံးပဲ အားပါးတရ ကုယန်ရန်ကို ကျိန်ဆဲပါတော့တယ်။ အဲ့လောက်ထိ မောက်မာလွန်းတဲ့ လူမျိုးကိုသူမ တစ်ခါမှမမြင်ဖူးပေ။


 ‘’ သူမကို လစ်လျူရှုထားလိုက်… သူပြောတာတွေ စိတ်ထဲထားမနေနဲ့… အဓိကအချက်က  ကျိယန်ဆီမှာ အဲ့အတွေးတွေ လုံးဝမရှိတာကြောင့် ရှင် ကျိယန်ကိုယုံဖို့လိုတယ် … သူက အသက် ၃၀ ကျော်ပေမယ့် သူ့မှာ အချစ်ဦးဆိုတာမရှိသလို အီစီကလီဆက်ဆံရေးတောင်မရှိဖူးဘူး… ဒါကြောင့် ရှင်က သူရဲ့ ပထမဆုံး အချစ်နဲ့ဇနီးပဲ… ရှင်နားလည်လား… ရှင့်ဆီမှာ သာတဲ့အချက်တွေ အများကြီးရှိတယ်’’


ဒါဆို သူ့နှလုံးသားထဲမှာ ဘယ်သူမှ မရှိဘူးပေါ့ ပြီးတော့ သူက ကုယန်ရန်နဲ့လဲ ဟိုလိုဆက်ဆံရေးမရှိဘူးပေါ့…  အဲ့ဒါက ထန်ထန် နှလုံးသားကို အခုန်မြန်လာစေတယ်။ သူမ နှလုံးသားက နှင်းဆီပန်းလေးလို ဖူးပွင့်လာတဲ့အပြင့် ပျော်ရွှင်မှုပူဖောင်းလေးတွေ အပြည့်နဲ့ ဖြစ်နေတော့တယ်။


ဒီနေ့ ကျီယွဲ့ လာရတဲ့အကြောင်းအရင်းက ကျိယန်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲဖြစ်တယ်။ အဲ့ဒါက ဖြေရှင်းပြီးပြီဆိုတော့ ပြီးပြည့်စုံတဲ့မစ်ရှင်နဲ့အတူ သူမ ပြန်ဖို့ပဲရှိတော့တယ်။ ဒါကြောင့် နေ့လည်စာစားပြီးတာနဲ့ ကျီယွဲ့က ထန်ထန်လုပ်ပေးတဲ့ အောင်းချွမ် နဲ့ မုန့်တွေကို ယူကာ ယုံကြည်ချက်ရှိစွာနဲ့ ပြန်သွားတော့တယ်။ ဒါပေမယ့် သူမ မပြန်ခင်မှာတော့ ကျိယန်ဆီသို့ဖုန်းခေါ်ပြီး ကုယန်ရန်ရဲ့ ခံစားချက် အကြောင်းအပါအဝင် အားလုံးကိုရှင်းပြလိုက်တယ်။


တကယ်တော့ သူမအနေနဲ့ ကုယန်ရန်အကြောင်းမပြောချင်ပေမယ့်လဲ ကုယန်ရန်ဘက်မှ ထန်ထန်ကို အတိအလင်း အနိုင်ကျင့်လာပြီဖြစ်တယ်။ အဲ့ဒါက တိတ်တဆိတ်ငြိမ်ခံနေလို့ရတဲ့ အရာမဟုတ်ပေ။ နောက်တစ်ခေါက်သာဆို ဘယ်လိုလုပ်မလဲ… ဒီကိစ္စကို ကျိယန် သေသေချာချာ ကိုင်တွယ်နိုင်မယ်လို့လဲ ကျိယွဲ့ ယုံကြည်တယ်။


ကုယန်ရန်ဘက်မှ သူ့အပေါ် ဒီလိုခံစားချက်တွေ ရှိနေမယ်လို့ ကျိယန်လုံးဝ မတွေးမိဖူးပေ။ သူ သူမကို ညီမလေးတစ်ယောက်လိုပဲ အမြဲတမ်းသတ်မှတ်ခဲ့တာဖြစ်တယ်။ ပြီးတော့ ကုယန်ရန်ကလဲ သူ့အပေါ်ထူးထူးခြားခြား ပြုမူတာမျိုးမရှိခဲ့ဘူး။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ…


ရုံးခန်းထဲမှာထိုင်ရင်း ကျိယန် စီးကရက်သောက်နေမိတယ်။ ဆေးလိပ်မီးခို့ငွေ့တွေက တဝဲလည်လည်နဲ့ လေထဲမှာမျောလွင့်နေရင်း သူ့အတွေးများကလဲ လတ်တလော ဖြစ်ရပ်များကို ပြန်သုံးသပ်နေတယ်။ အဖွားကျိုးမွေးနေ့မှ ပြန်လာကတည်းက ထန်ထန်စိတ်ခံစားချက်တွေက  ဆိုးရွားနေခဲ့တယ်။ သူမအပေါ် သူဘက်မှ ကောင်းကောင်းမွန်မွန် မဆက်ဆံပေးမိတဲ့အတွက်လို့သာ သူတွေးထင်ခဲ့မိတယ်။ ဒါကြောင့် သူမ စိတ်ပျော်ရွှင်စေဖို့အတွက် လက်ဆောင်တွေဝယ်ပေးခဲ့သေးတယ်။ အဲ့ဒါကြောင့် အခြေအနေတွေ ပြန်ကောင်းလာတဲ့အချိန်မှာမှ ကုယန်ရန်ရောက်လာပြီးနောက် သူ့နဲ့ပတ်သတ်ပြီး ထန်ထန် စိတ်ခံစားချက် တွေ ဆိုးရွားသွားပြန်တယ်။


သူနဲ့ ကုယန်ရန်ကြားထဲမှာ တစ်ခုခုရှိနေတယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်… အဲ့လိုသာ တွေးနေတယ်ဆိုရင် ဘာလို့သူ့ကိုမမေးပဲ စိတ်ထဲမှာထားပြီးခံစားနေရတာလဲ… မိန်းကလေးတွေ အားလုံးက ဒီလိုရိုးရှင်းနေတာတွေကို ရှုပ်ထွေးအောင်လုပ်ရတာကို သဘောကျတာလား…


ကျိယန် ခါးသက်စွာနဲ့ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်တယ်။ ထန်ထန်ကို မိုက်မဲတယ်လို့ တွေးမိလိုက်သလို့ သူ့ကိုယ်သူလဲ အတော်လေးတုံးအတယ်လို့ တွေးလိုက်မိတယ်။ ဒီလိုကိစ္စတွေကို တခြားသူပြောမှ သိရတယ်လို့…


တိတ်ဆိတ်စွာနဲ့ စီးကရက်သောက်ပြီးချိန်မှာတော့ ကျိယန် က ကုကျန်းအန်ကို ဖုန်းခေါ်လိုက်တော့တယ်။ ညီမဖြစ်သူရဲ့ ခံစားချက်တွေအဆုံးသတ်ဖို့ကို ကုကျန်းအန်ကိုယ်တိုင် ညှိနှိုင်းတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်တယ်။ ဒီနည်းလမ်းကပဲ လူတိုင်းအတွက် အကောင်းဆုံးဖြစ်တယ်။ မဟုတ်ရင် သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးဟာလဲ အဆုံးသတ်သွားနိုင်တယ်။ ကုကျန်းအန် တစ်ယောက် ဒီကိစ္စကို ကိုင်တွယ်နိင်ပါစေလို့ပဲ မျှော်လင့်မိတယ်။


အခုချိန်ကစပြီး သူနဲ့ ကုယန်ရန်က အရင်တုန်းကလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတော့မှာ မဟုတ်ပေ။


ဖုန်းပြောပြီးတဲ့နောက် ကျိယန်က အိမ်ကိုချက်ချင်းပဲပြန်လိုက်တယ်။ ထန်ထန်က မီးဖိုချောင်ထဲမှာ ညစာချက်နေတုန်းဖြစ်တယ်။ သူမက ပိန်ပြီးအားနည်းနေတာ အသိသာကြီးကို ညအထိ အိမ်အလုပ်တွေနဲ့ ရှုပ်နေဆဲဖြစ်တယ်။ ဒီလောက်များတဲ့ အားအင်တွေဘယ်ကရလဲဆိုတာ သူ မသိတော့ပေ။


ကျိယန် သူမအနောက်သို့လမ်းလျောက်လာတာကို ထန်ထန် သတိမထားမိပေ။ သူ့ဘက်က အသံပြုမှသာ သတိထားမိသွားပြီး ထိတ်လန့်သွားတဲ့ ယုန်လေးလို လှည့်ကြည့်လာတယ်။


ကျိယန်က လေးနက်တဲ့အသံနဲ့. ‘’ အမ်း…’’ … ထန်ထန်က တဖက်သို့လှည့်ပြီး ဟင်းပြန်ချက်ဖို့ပြင်လိုက်တယ် ။ 


‘’ ထန်ထန်… ကိုယ်နဲ့ ကုယန်ရန်ကြားမှာ ဘာမှမဖြစ်ခဲ့ဘူး… ကိုယ်သူ့ကို ငယ်ငယ်ကတည်းက တူတူကြီးပြင်းလာတဲ့ ညီမလေးတစ်ယောက်လိုပဲ သဘောထားတာ’’


ထန်ထန်က နေရာမှာတင်အေးခဲသွားပြီး သူ့ကိုပြန်ကြည့်ကာ 


‘’ ရှင်… ရှင် သိတယ်လား’’


‘’ အင်း… ကျီယွဲ့ ကိုယ့်ကိုပြောတယ်… တောင်းပန်ပါတယ်… ကုယန်ရန်က အဲ့လိုမျိုးတွေ မင်းကိုပြောတယ်ဆိုတာ ကိုယ်မသိလိုက်ဘူး’’


‘’ … အဲ့ဒါက ရှင့်ကို အပြစ်တင်လို့မရပါဘူး… ကျွန်မကသာ နားလည်မှုလွဲသွားတာပါ’’ အဲ့ဒါ သူမ အမှားပဲလေ။ သူမ သူ့ကိုမေးဖို့ သူရဲဘောကြောင်နေခဲ့လို့ပေါ့…


ကျိယန်က ထန်ထန် ပုခုံးကိုကိုင်ရင်း စူးစိုက်ကြည့်ကာ


 ‘’ နောက်ဆို တစ်ခုခုသိချင်တာရှိရင် ကိုယ့်ကိုတန်းမေးနော်… ကိုယ်အကုန်ဖြေပေးမယ် … စိတ်ထဲမှာ ဘာမှမထားနဲ့…’’


ထန်ထန် ခေါင်းငြိမ့်ပြလိုက်တယ်။ သူမ မေးဖို့သတ္တိမရှိခဲ့လို ဒီလိုတွေဖြစ်ရတာပဲ။ သူမသာ သူ့ကိုတိုက်ရိုက်တန်းမေးခဲ့မယ်ဆိုရင် ဒီလိုတွေဖြစ်လာစရာမရှိဘူး။ နောက်ဆို သူမ လုံးဝကိုမေးတော့မှာဖြစ်တယ်။


 ကိစ္စအားလုံး ထုတ်ပြောပြီးဖြစ်တဲ့အတွက် အရာအားလုံးက အဆင်ပြေသွားပြီဖြစ်တယ်။ ဒါကြောင့် သူမ ဟင်းဆက်ချက်ရန် ပြင်လိုက်တယ်။ ဒါပေမယ့် ကျိယန်က အခန်းထဲမှ ထွက်မသွားသေးပဲ သူမ နားမှာရပ်နေဆဲဖြစ်တယ်။ သူမက သူ့ကိုတွန်းရင်း


 ‘’ ရှောင်ကျိုးကို လက်သွားဆေးပေးလိုက်ဦး… ဒီမှာ မီးခိုးငွေ့တွေအများကြီးပဲလေ… ပြီးတော့ ကျွန်မဟင်းချက်တာလဲပြီးတော့မယ် …’’


ကျိယန်က နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး မတ်တပ်ရပ်နေဆဲဖြစ်တယ်။


ထန်ထန်က သူ့ကို ပဟေဋိဖြစ်စွာကြည့်လိုက်ပြီး ‘’ ဘာဖြစ်လို့လဲ’’


ကျိယန်က လည်ချောင်းရှင်းလိုက်ကာ ခါတိုင်းလိုပဲ ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ပြောလိုက်တယ် ဒါပေမယ့် သူ့လေသံကတော့ အနည်းငယ်ကွာခြားနေတယ်


 ‘’ ဒါဆို… ဒီည… ခြေထောက်ဆေးပေးဖို့ကကော..."


‘’…..’’ 


ထန်ထန် ရုတ်တရက် ရယ်ချင်လာမိတယ်။ ဒါပေမယ့် ကျိယန်ရဲ့ အမူအယာကြောင် သူမကိုယ်သူမ ထိန်းသိမ်းလိုက်ပြီး လေးနက်စွာနဲ့


 ‘’ အင်း… ဒီနေ့ည ခြေထောက်ဆေးတာရှိမယ်’’


ကျိယန်က ဘာအမူအယာမှမရှိပဲ မီးဖိုချောင်မှ တဖက်သို့လှည့်ထွက်သွားပေမယ့် သူ့နောက်ကျောပုံရိပ်က ပျော်ရွှင်နေတယ်ဆိုတာကို ပြသနေတယ်။ 


အဲ့ဒီညမှာပဲ ထန်ထန် ကျိယန်ရဲ့ခြေထောက်ကို ဆေးရေစိမ်ပေးတာက အကျိုးရှိတယ်လို့ ယူဆမိတယ်။ ကျိယန်က ရက်အတော်ကြာ မလုပ်ဖြစ်တဲ့ ခြေထောက်ဆေးရေစိမ်ပြီးတဲ့နောက် တိတ်တဆိတ်ပဲ သက်သောင့်သက်သာဖြစ်စွာနဲ့ သက်ပြင်းထုတ်မိတယ်။ ဒီခံစားချက်ကာ ရှင်းပြရခက်ပေမယ့်လဲ အတော်လေး နေထိုင်လို့ကောင်းသွားတယ်လို့ ခံစားမိတယ်။


ခြေထောက်မဆေးမိတဲ့ ရက်အနည်းငယ်အတွင်း သူအတော်လေးထူးဆန်းတယ်လို့ ခံစားမိတယ်။ နေ့လည်ခင်းလေ့ကျင့်ခန်းလုပ်ချိန်ဆို အားအင်မရှိသလို ညဘက်အိမ်တဲ့အခါမှာလဲ ကောင်းကောင်းအိပ်မပျော်ပြန်ဘူး။ ဒီခြေထောက်ဆေးတာကို စွဲလမ်းနေမယ်လို့ ဘယ်သူထင်မှာလဲ…


နောက်ဆုံးတော့…. အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီပဲ…


မိန်းမတွေကို စိတ်ဆိုးအောင်မလုပ်ရဘူးလို့ ယောကျားတွေပြောတာ အံ့ဩစရာမရှိတော့ပါဘူးလေ။ သူတို့ပြောတာ တကယ်မှန်တယ်။


တဖက်မှာတော့ လေထုက သက်သောင့်သက်သာနဲ့ သဟဇာတဖြစ်စွာ နွေးထွေးနေပြီး တခြားတဖက်မှာတော့ အခြေအတင် စကားများနေကြပြီဖြစ်တယ်။