အပိုင်း (၄၅)
Viewers 12k

Part 45


ကုကျန်းအန်တစ်ယောက် သူ့ညီမအရင်းက သူ့သူငယ်ချင်းကောင်းအပေါ်မှာ တစ်ချိန်လုံး ခံစားချက်တွေရှိနေမယ်လို့ လုံးဝမထင်ထားမိ‌ပေ။ အရင်ကဆို ကျိယွဲက အဲ့အကြောင်းအကြိမ်များစွာ သူ့ကိုပြောပေမယ့်လဲ သူမ အတွေးလွန်နေတာလို့ပဲ သူထင်ခဲ့မိတယ်။ တကယ်တမ်းကျတော့ ကျိယွဲ မှန်နေမယ်လို့ ဘယ်သူကထင်မှာလဲ။


‘’ကုယန်ရန်… ကျိယန်က လက်ထပ်ထားတဲ့ယောကျာ်းတစ်ယောက်၊ နင်သဘောကျရမယ့်သူ မဟုတ်ဘူး… အဲ့အတွေးတွေကို ရပ်လိုက်စမ်း… ကျိယန်ကို အကိုကြီးတစ်ယောက်လိုပဲ သတ်မှတ်လို့ရမယ်’’ 


တကယ်လို့ ကျိယန်သာ လက်မထပ်ထားဘူးဆိုရင် သူတကယ်ကိုပဲ လက်ခံပေးမှာဖြစ်ပေမယ့် အခုတော့ ကျိယန်က သားနဲ့ဇနီးနဲ့ဖြစ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကုယန်ရန် ဒီအတွေးတွေကို အဆုံးသတ်မှဖြစ်မယ်။


ကုယန်ရန် လက်သီးဆုပ်လိုက်မိပြီး သူမ မျက်လုံးတွေက အနီရောင်သို့ပြောင်းလဲသွားကာ


 ‘’ ဘာကိုကြည့်ပြီးပြောတာလဲ… ညီမ ကျိယန်ကို ငယ်ငယ်လေးကတည်းက သဘောကျလာခဲ့တာ… ထန်ထန်က တတိယလူပဲလေ… တကယ်လို့ သူမ ကြောင့်သာမဟုတ်ရင် ကျိယန်က ညီမအပိုင်ဖြစ်နေပြီ’’


ကုကျန်းအန် စိတ်ဆိုးလာပြီး


 ‘’ ဘယ်လို အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ… တကယ်လို့ ထန်ထန် မဟုတ်ဘူးဆိုရင်တောင် ကျိယန်က နင့်ကိုကြိုက်မှာမဟုတ်ဘူး… သူက နင့်ကို ညီမလေးတစ်ယောက်လိုပဲ တွေးထားတာ’’


‘’အကို လိမ်နေတာ… အဖိုးကျိက ညီမတို့ကုမိသားစုနဲ့ လက်ထပ်ပွဲလုပ်ချင်နေတာကို ကျိယန်က လက်ခံတယ်ဆိုကတည်းက သူလဲ ညီမအပေါ်ခံစားချက်ရှိနေတယ်ဆိုတာ အသိသာကြီးပဲ…’’


သူ့ညီမရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေကြောင့် ဒေါသထွက်လွန်းလို့ ရယ်မိမတတ်ဖြစ်လာတယ်


 ‘’ ကုယန်ရန်… အဖိုးကျိက ငါတို့ကုမိသားစုနဲ့ မိသားစုချင်းပေါင်းစည်းချင်တာ အမှန်ပဲ.. ဒါပေမယ့် ငါတို့မိသားစုမှာ သင့်တော်တဲ့အသက်အရွယ်ရောက်နေတဲ့ မိန်းကလေးတွေ အများကြီးပဲရှိတယ်… နင့်ကိုရွေးပါတယ်လို့လဲ ဘယ်တုန်းကမှ မပြောဖူးဘူး… ကျိယန် လက်ထပ်သွားတာကြောင့် နင်အများကြီး အတွေးလွန်သွားတာပဲ ဖြစ်မယ်’’


‘’ အကိုကြီး… ညီမတို့ မျိုးဆက်မှာ ဘယ်သူက အထူးချွန်ဆုံးလဲ… အဲ့ဒါ ညီမပဲလေ.. ညီမပဲ… ညီမက အားလုံးထဲမှာ အသာဆုံးနဲ့ အတော်ဆုံးပဲ… ပြီးတော့ ညီမတို့ရဲ့အဖေကလဲ ကုမိသားစုထဲမှာ သားအကြီးဆုံးပဲမဟုတ်လား… အဲ့ဒါကြောင့် အဖိုးကျိက အထူးချွန်ဆုံးဖြစ်တဲ့သူကို ကျိယန်ကိုကူညီနိုင်အောင်လို့ ရွေးချယ်မှာပဲလေ… ညီမတစ်ယောက်တည်းကသာ ကျိယန်အတွက် အသင့်တော်ဆုံးသူပဲ .. အဖိုးကျိကလဲအဆိုးဆုံးတွေထဲက အကောင်းဆုံးကိုပဲ ရွေးမှာမဟုတ်လား…’’


‘’နင်…’’ သူမ အရမ်းကိုယုံကြည်မှုလွန်ကဲနေတာလား ဒါမှမဟုတ် စိတ်ကြီးဝင်နေတာလားဆိုတာ ကုကျန်းအန် မသိတော့ပေ။ 


‘’ဟုတ်တယ်… နင်က စွမ်းဆောင်ရည်ပိုင်း၊ ပညာရေး ၊ အလုပ်အကိုင်တွေ အားလုံးမှာ အရမ်းကိုထူးချွန်နေပြီးသား ဒါပေမယ့် နင့်ရဲ့အကျင့်စရိုက်နဲ့ ပတ်သတ်လာရင်တော့ နင်က ကျိယန်အတွက် အကောင်းဆုံးသူ မဟုတ်ဘူး… အဖိုးကျိက ကျိယန်ကို ဂရုစိုက်ပေးနိုင်မယ် နူးညံသိမ်မွေ့တဲ့ မြေးချွေးမကို အမြဲလိုချင်ခဲ့တာ… နားလည်ပေးတတ်တဲ့ ဇနီးမှသာ သူ့ကိုဂရုစိုက်ပြီးချစ်ပေးနိုင်မှာ… အဖိုးကျိက နင့်ကိုဘယ်တုန်းကမှ အဲ့နေရာအတွက် မစဉ်းစားဖူးဘူး’’


ကုယန်ရန် သူ့အကိုကို မယုံပေ 


‘’ အဲ့ဒါ မဟုတ်ဘူး အကို… အကိုက ညီမကို လိမ်နေတာပဲ’’


သူ့စကားတွေကို သူမ မယုံတာမြင်ရတဲ့အတွက် သူ့မှာရွေးချယ်စရာမရှိတော့ပေ


 ‘’ ဒါဆို ငါရှင်းရှင်းလင်းလင်းပြောမယ်… အဖိုးကျိ မြေးချွေးမအဖြစ်လိုချင်နေခဲ့တဲ့သူက တတိယဉီးလေးရဲ့ သမီး ယိရိ ပဲ...  သူက အစကတည်းက နင့်ကိုလုံးဝမစဉ်းစားခဲ့တာ’’


ချက်ချင်းပဲ ကုယန်ရန်က အေးခဲသွားခါ သူမခေါင်းကိုစွတ်ယမ်းနေတော့တယ်


 ‘’ မဟုတ်ဘူး… အဲ့ဒါ အမှန်မဟုတ်ဘူး… ကုယိရိ က သာမန်မူကြိုဆရာမ တစ်ယောက်ပဲ… သူမ ရဲ့ ပညာရေး၊ ရုပ်ရည် နဲ့ လစာတွေ အားလုံးက ညီမထက်ဆိုးရွားနေတာ… သူမက လူကြားထဲမှာတောင် စကားကောင်းကောင်းပြောနိုင်တာ မဟုတ်ဘူး… အဖိုးကျိက သူမကို သင့်တော်တယ်လို့ ဘယ်လိုတွေးနိုင်ရတာလဲ’’


‘’ ဘာလို့လဲဆိုတော့ အဖိုးကျိက ကျိယန်ကို ဂရုစိုက်တယ်လေ… သူက ပညာရေး၊ ရုပ်ရည်နဲ့ လစာတွေကို မကြည့်ဘူး… သူက ယိရိရဲ့ အကျင့်စရိုက်ကိုပဲ ကြည့်ခဲ့တာ… ယိရိက အပြုအမူကောင်းတယ် စိတ်ရှည်တယ် နူးညံ့တယ် နားလည်ပေးတတ်တယ် ပြီးတော့ သူမက ကလေးတွေကိုလဲ သဘောကျတယ်… သူမက ကျိယန်အတွက်ပိုသင့်တော်တယ်… အဲ့ဒါကြောင့် အဖိုးကျိ သူ့ကိုရွေးတာ ဘာမှားလို့လဲ… တဖက်ကကြည့်ရင်လဲ နင်က မောက်မာတယ်.. သန်မာတယ် ပြီးတော့ စိတ်မရှည်တတ်ဘူး… နင်နဲ့ ကျိယန်က ဘယ်လိုမှ မသင့်တော်ဘူး… ကျိယန်ကလဲ နင့်အပေါ်မှာ တခြားအတွေးတွေ လုံးဝမရှိခဲ့ဘူး’’


ကုယန်ရန်က သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။ သူမက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတယ်

 အဲ့လိုမဟုတ်ဘူး… ကျိယန်က ငါ့အပေါ်မှာ ခံစားချက်တွေ ရှိတယ်...


ကုကျန်းအန် တစ်ယောက်စိတ်မရှည်တော့ပေ


 ‘’ ဘယ်လိုပဲဖြစ်ဖြစ် နင်နဲ့ကျိယန်က မဖြစ်နိင်ဘူး… နင့်ရဲ့ ခံစားချက်တွေကို မြန်မြန်အဆုံးသတ်လိုက်ရင် ကောင်းမယ်… မဟုတ်ရင်… ငါတို့မိဘတွေက နင်သူများမိသားစုကို ဖျက်စီးဖို့ကြံနေတာသိသွားရင် ဘာဖြစ်လာမယ်ထင်လဲ… နင် သေသေချာချာစဉ်းစားသင့်တယ်’’


အဲ့စကားကြားလိုက်ရတာနဲ့ ကုယန်ရန် မျက်နှာဖြူဖျော့သွားတယ် ။ သူမက ကုကျန်းအန် လက်ကိုကိုင်ကာ တောင်းပန်တော့တယ်


 ‘’ အကိုကြီး… ညီမ တောင်းပန်ပါတယ်… အမေနဲ့အဖေ့ကို မပြောပါနဲ့နော်.. ညီမမှားတာသိပါပြီ… ဒီကိစ္စကိုအဆင်ပြေအောင် ညီမလုပ်ပါ့မယ်’’ တကယ်လို့ သူတို့မိဘတွေသာ ဒီကိစ္စကို သိသွားရင် သူမကိုတစ်စုံတစ်ယောက်နဲ့ အိမ်ထောင်ချပေးမှာ အသေအချာပဲဖြစ်တယ်။ သူမ အဲ့လိုမဖြစ်ချင်ပေ။


သူမရဲ့ တုန့်ပြန်မှု့ကိုကြည့်ပြီး ကုကျန်းအန် နှလုံးသားနူးညံ့လို့သွားပြန်တယ်။ နောက်ဆုံးတော့လဲ သူမက သူငယ်ငယ်လေးကတည်းက စောင့်ရှောက်ခဲ့ရတဲ့ သူ့ညီမလေးပါပဲ။ သူမကို ခက်ခဲအောင် မလုပ်နိုင်တဲ့အတွက်


 ‘’  ကောင်းပြီ… ဒါပေမယ့် နင် ကျိယန်အပေါ် အဲ့ခံစားချက်တွေ ထပ်ရှိလို့မရဘူးနော်.. ဟုတ်ပြီလား…’’


သူမခေါင်းကိုနိမ့်ချပြီး ကုယန်ရန်ပြောလိုက်တယ် ‘’ အင်း ‘’ … ဒါပေမယ့် သူမမျက်လုံးထဲက အမူအယာကိုတော့ ဘယ်သူမှ မမြင်လိုက်ပေ။


တဖက်မှာတော့… အစကတည်းက ပစ္စည်းတွေ ထုတ်ပိုးနေတဲ့ ကျီယွဲ့တစ်ယောက် သူမ မျက်လုံးတွေကိုလှိမ့်လိုက်မိတယ်။ ကုကျန်းအန် … အဲ့ငတုံးကတော့… သူ့ညီမရဲ့စကားတွေကို တကယ်ပဲ ယုံကြည်နေတော့တာပဲ… ကုယန်ရန် ဒီလိုမျိုးအလွယ်တကူ လက်လျော့လိုက်တာကမှ ထူးဆန်းနေတာ… သူမ တစ်ခုခုကို  ကြံစည်နေမှာ အသေအချာပဲ…


ထန်ထန်ရဲ့ ရိုးအတဲ့အကျင့်နဲ့ဆိုရင် ကုယန်ရန်အနိုင်ကျင့်တာကို ခံရဖို့အသေအချာပဲ။ ကျီယွဲ့ တွေးလိုက်မိပြီး ထန်ထန်အတွက် စိတ်ပူလာတယ်။


မဟုတ်သေးဘူး.. အဲ့လိုမဖြစ်ရဘူး… ကျိယွဲ့အနေနဲ့ ကျိယန်ကို အနားမှာဆွဲခေါ်ထားနိုင်မယ့် လျှို့ဝှက်နည်းလမ်းတွေကို ထန်ထန်ကို ပေးမှဖြစ်တော့မယ်။ ကျိယန် နှလုံးသားသာ ထန်ထန်ဆီမှာရှိနေမယ်ဆိုရင် ကုယန်ရန် ဘယ်လောက်ပဲ ကြိုးစားနေပါစေ အသုံးဝင်မှာ မဟုတ်ပေ။


အဲ့လိုနဲ့ပဲ နောက်နေ့ညမှာတော့... ကျီယွဲပို့ပေးလိုက်တဲ့ လျှို့ဝှက်ပါဆယ်ထုတ်ကို ထန်ထန်လက်ခံရရှိပါတော့တယ်။ အထုတ်က တင်းကြပ်စွာပတ်ထားပြီး အထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူမှမပြောနိုင်ပေ။


ထန်ထန်က ပဟေဋိဖြစ်စွာနဲ့ တီးတိုးရေရွတ်လိုက်မိတယ်


 ‘’ ပါဆယ်ကို ဘာလို့ ညဘက်မှပို့တာလဲမသိဘူး… ပုံမှန်ဆို နေ့ဘက်ပို့တာမဟုတ်လား’’


ကျိယန်က သူမကိုမေးလိုက်တယ်


 ‘’ ကျီယွဲ့ကို တခုခုဝယ်ပေးဖို့များ ပြောထားသေးလား’’


ထန်ထန် ခေါင်းကိုယမ်းလိုက်ပြီး ‘’ မပြောထားပါဘူး… ဒါပေမယ့် စကင်ကဲ တွေပို့လိုက်တာပဲနေမယ်… အခုတလော ကျိယွဲ့က ကျွန်မကို အဲ့ဒါတွေပို့နေကျလေ… ကျွန်မ လက်ခံရတာ အားနာလိုက်တာ’’


ကျိယန်က ပြုံးလိုက်ပြီး


 ‘’ အားနာဖို့မလိုပါဘူး… နောက်မှ သူ့ကိုတနပ်စာ ဝယ်ကျွေးလိုက်တာပေါ့’’


‘’အိုကေ…’’ ထန်ထန်က ချိုမြိန်စွာနဲ့ ပြန်ဖြေလိုက်တယ်။ သူမ ကတ်ကြေးနဲ့ ပါဆယ်ထုတ်ကို ဖောက်ဖို့ပြင်နေစဉ်မှာပဲ အထုတ်တွေဖောက်တာသဘောကျတဲ့ ကျိရှောင်ကျိုးက ကတ်ကြေးယူပြီးဖြစ်နေတယ်


 ‘’ ဒီမှာ … မာမီ’’


ကတ်ကြေးနဲ့ဖြတ်တာတောင်မှ အထုတ်ကိုဖြေဖို့အတွက် ထန်ထန် အချိန်ယူလိုက်ရတယ်။ စိတ်မရှည်ဖြစ်နေတဲ့ ကျိရှောင်ကျိုးက မေးတော့တယ်


 ‘’ မာမီ.. အထဲမှာ ဘာတွေပါလဲ…’’ ကြီးမားတဲ့လျှိုဝှက်ချက်မှသာ ဒီလောက်အထိ ထုတ်ပိုးထားတာနေမယ်…


ထန်ထန်လဲ စိတ်ဝင်စားစွာနဲ့ အထုတ်ကိုဖြေနေတယ်။ နောက်ဆုံးမှာတော့ အဲ့ဒါက ဗူးတစ်ဗူးနဲ့ ပုလင်းလေးတစ်ပုလင်းသာဖြစ်တယ်… ဒီဗူးနဲ့ပုလင်းက ဘာတွေထူးခြားနေလို့လဲ..


ပုလင်းကိုကြည့်ရင်း ထန်ထန်တွေးပြီးတဲ့နောက် သူမ မခန့်မှန်းတတ်တော့ပေ။ ဒါကြောင့် သူမက ကျိယန်ဆီသို့ပေးကာ


 ‘’ ယောကျာ်း.. ဒါဘာတွေလဲသိလား…’’


ကျိယန်က ပုလင်းကိုကြည့်ရင်း ခေါင်းကိုခါလိုက်ကာ


 ‘’ ကိုယ်လဲမသိဘူး… ကျီယွဲ့ပို့ပေးတာဆိုတော့ သူ့ကိုပဲဖုန်းဆက်မေးလိုက်ပါလား"


ထန်ထန် ခေါင်းငြိမ့်လိုက်ကာ ကျိယွဲ့ဆီသို့ ဖုန်းခေါ်ရန်ပြင်လိုက်စဉ်မှာပဲ ကျိရှောင်ကျိုးက


 ‘’ မာမီ.. ဒါဘာလေးလဲ.. ကြည့်ရတာ ထူးဆန်းလိုက်တာ’’


ကျိယန်နဲ့ ထန်ထန် နှစ်ယောက်လုံးလှည့်ကြည့်လိုက်ချိန်မှာတော့ ရှောင်ကျိုးက ဗူးလေးကိုဖွင့်နှင့်နေပြီဖြစ်တယ်။ သူက ဘရာတစ်ထည်ကို ကိုင်ထားတာဖြစ်ပြီး အဲ့ဒါက ဆက်ဆီကျတဲ့ ခရမ်းရောင်ဇာဘရာ တစ်ထည်ဖြစ်နေတယ်။


ထန်ထန်ခေါင်းထဲ သွေးဆောင့်တတ်သွားပြီး သူမမျက်နှာဟာလဲ မျောက်ဖင်နီလို ရဲတွတ်သွားတယ်။ ကျိယန်လဲ အခြေအနေ သိပ်မကွာပေ။ သူ့နားရွက်တွေက အနီရောင်သို့သန်းသွားပြီး ထန်ထန်ထက်တော့ တည်ငြိမ်နေကာ ချက်ချင်းပဲ အော်ဟစ်လိုက်တော့တယ်


 ‘’ ရှောင်ကျိုး .. အဲ့ဒါကို အခုချချင်း အောက်ချလိုက်…’’


ကျိရှောင်ကျိုးကတော့ နားမလည်စွာနဲ့ အဲ့ဒါကိုဆက်ကြည့်နေပြီ


 ‘’ ဒယ်ဒီ… သားကို ဒီဟာဘာလဲဆိုတာ မပြောသေးပဲနဲ့ … ဒါပေမယ့် ဒါလေးက တော်တော်လှတယ်နော်…’’


ထန်ထန် တကယ်ပဲ တွင်းတစ်တွင်းတူးပြီး ပုန်းနေလိုက်ချင်တယ်။ ကျိယန်ရှိနေတဲ့အချိန်မှာမှ သူမသားက ဒီလိုအရာမျိုးကို မြင်တွေ့လိုက်ရတယ်ဆိုကတည်းက သူမ အရမ်းကိုရှက်ရွံ့နေပြီဖြစ်တယ်။ အား.. အား.. အား…  သူမ သူ့ကို လုံးဝမကြည့်ရဲတော့ပေ။


ဒီတကြိမ်မှာတော့ ကျိရှောင်ကျိုးရဲ့ စူးစမ်းချင်စိတ်က ကျိယန်အတွက် ခေါင်းကိုက်လာစေတယ်။ ဒါကြောင့် သူ ရှောင်ကျိုးကို ဒီတစ်ကြိမ်တော့ ပြန်မဖြေဖို့ ဆုံးဖြတ်လိုက်တယ်။ ကျိယန်က ရှောင်ကျိုးလက်ထဲမှဘရာကို ဆွဲယူလိုက်ပြီး ဗူးထဲသို့ ပြန်ထည့်လိုက်တယ်။ သူက ဗူးကို ကြိုးနဲ့သေချာပြန်စည်းလိုက်ပြီး မျက်နှာတစ်ခုလုံးနီရဲနေတဲ့ ထန်ထန်ကို ပေးလိုက်တယ်။ သူ့အသံက အနည်းငယ်ကွဲအက်နေပြီး


 ‘’ ဆင်ပြေသလိုသာ သိမ်းလိုက်ပါ’’


ဗူးကိုဖက်လိုက်ရင်း ထန်ထန် အိပ်ခန်းထဲသို့ ဝင်ပြေးသွားတော့တယ်။ သူမက အခန်းတံခါးကို အထဲမှလော့ခ်ချလိုက်ပြီး အိပ်ယာပေါ်သို့ လဲကျသွားကာ စောင်ကိုတိတ်တဆိတ် ထုနေမိတယ်။ အရမ်းရှက်ဖို့ကောင်းတာပဲ… အား… အဲ့ဒါအားလုံး ကျီယွဲ့အမှားတွေပဲ.. ဒီလိုအရာတွေကို ကျိယန်မြင်သွားရတယ်လို့.. ဘာလို့ ဒါတွေ သူမဆီကိုပို့ရတာလဲ…


ဒီအခြေအနေကို ဖြစ်စေခဲ့တဲ့ ကျိယွဲ့ ကိုသတိရသွားပြီး သူမဖုန်းခေါ်လိုက်တယ်။ ကျိယွဲ့က လျင်မြန်စွာနဲ့ဖုန်းကိုင်လိုက်ကာ စိတ်လှုပ်ရှားတဲ့ လေသံနဲ့ 


‘’ ထန်ထန် … ဘာကိစ္စ ရှိလို့လဲ..’’


ကောင်းမွန်တဲ့ရည်ရွယ်ချက်မရှိတဲ့ ကျီယွဲ့ရဲ့ လေသံကိုနားထောင်လိုက်ပြီး ထန်ထန် ကြေကွဲစွာနဲ့ပြောလိုက်တယ်


 ‘’ ဘာလို့အဲ့ဒါတွေ ကျွန်မဆီကို ပို့လိုက်တာလဲ…’’


‘’ဘယ်ဟာလဲ… ဘာတွေလဲ…’’


‘’ မသိချင်ယောင် ဆောင်မနေပါနဲ့… ကျွန်မ ဘာပြောလဲဆိုတာ ရှင်သိပါတယ်… ဘာလို့ အဲ့ဒါတွေ ပို့လိုက်တာလဲ’’


ရယ်သံနဲ့တုန်ပြန်လာသံကြောင့် ထန်ထန်ရင်ထဲ မလွယ်ကူဘူးလို့ ခံစားလိုက်မိတယ်။


‘’အာယာ… အဲ့ဒါ ရှင်ကောင်းဖို့အတွက်ပဲလေ… ရှင့်ရင်သားတွေ သေးနေတယ်လို့ မထင်ဘူးလား.. အဲ့ဒါကြောင့် ကျွန်မက အတွင်းခံ နှစ်စုံပို့ပေးလိုက်တာပဲ… ပြောပါရစေဉီး အဲ့ဒါတွေက ရိုးရိုးအတွင်းခံတွေမဟုတ်ဘူးနော်… အဲ့ဒါတွေဝတ်လိုက်ရင် ပြားနေတဲ့ရင်သားကို ပိုကြီးလာပုံပေါ်စေတယ်… ပြီးတော့ အဲ့ဒီအတွင်းခံတွေက ဆွဲ့ဆန့်ခံနိုင်တယ်သိလား… အဲ့ဒါတွေကိုသာ ကြာကြာဝတ်မယ်ဆိုရင် ရင်သားလဲပိုကြီးလာလိမ့်မယ်… အတူတူထည့်ပေးလိုက်တဲ့ ပုလင်းထဲက ခရင်ကိုလဲ နေတိုင်းရင်သားကိုလူးပေးမယ်ဆိုရင် သိပ်မကြာခင်ပဲ အဲ့ဒါတွေက ကြီးထွားလာလိမ့်မယ်.. အရင်လိုပြားကပ်ကပ် ဖြစ်မနေတော့ဘူးနော်…’’


 ဒါဆို ပုလင်းထဲကဟာတွေက ရင်သားကြီးစေတဲ့ခရင်တွေပေါ့… ကျိယွဲ့ရဲ့ ရင်သားတွေကို ထန်ထန်သတိရသွားတယ်… တရက်ကျရင် သူမလဲ အဲ့လိုမျိုးဖြစ်ချင်တယ်လို့ စိတ်ကူးမိဖူးတယ်… အဟာဟား… အဲ့အတွေးတွေကို ချက်ချင်းရပ်လိုက်စမ်း… ထန်ထန် … နင်ဘာတွေ တွေးနေတာလဲ…


သူမမျက်နှာကို အုပ်လိုက်ပြီး ထန်ထန် အထွန့်တက်လိုက်တယ်


 ‘’ အဲ့ဒါအဆင်ပြေပါတယ် ဒါပေမယ့် ဘာလို့ ညဘက်မှပို့လိုက်တာလဲ… ခါတိုင်းနေ့လည်ပိုင်းတွေ ပို့ပေးတာမဟုတ်ဘူးလား’’… ကျိယန် ဒါတွေကိုတွေ့သွားရတာ ကျီယွဲ့အမှားပဲလေ။ သူမ တမင်လုပ်နေတယ်လို့ ထန်ထန် ခံစားလိုက်မိတယ်။


ဖုန်းထဲမှ ကျီယွဲ့က ကြိုသိသလိုလေသံနဲ့ ‘’ အိုး…’’ ထို့နောက်


 ‘’ ဟေး… အဲ့ဒါ ဘာဖြစ်လဲ.. ကျိယန်ကော အဲ့ဒါတွေ့ပြီးပြီလား… ဆက်ဆီကျတယ်လို့ သူကော မထင်ဘူးလား… အဲ့ဒါတွေကို ချက်ချင်းဝတ်ကြည့်ဖို့ သူ ရှင့်ကိုမပြောဘူးလား…’’


‘’ အကျင့်မကောင်းတဲ့ ကျီယွဲ့… ရှင်ဘာတွေပြောနေတာလဲ… ကျိယန်ကတည်ကြည်တဲ့သူပဲ သူက အဲ့လိုတွေပြောစရာလား…’’


 ထန်ထန် တကယ်ပဲ ကျီယွဲ့ပါးစပ်ကို အပြေးပိတ်ပေးလိုက်ချင်မိတယ်။


‘’ချီ… ဘယ်ယောကျာ်းမှ မတည်ကြည်ဘူး… သူမင်းကို လေးလေးစားစားဆက်ဆံနေရင် ရှင့်အပေါ်မှာ ဘာဆန္ဒမှ မရှိဘူးဆိုတာသေချာတယ် ပြီးတော့ အဲ့ဒါက ကောင်းတဲ့အရာမဟုတ်ဘူး… နောက်ပြီး ယောကျာ်းတွေက မိန်းမတွေရဲ့ ရင်သားကြီးတာတွေကိုကြိုက်တယ်.. ရှင့်ရင်သားတွေသာ ကြီးလာမယ်ဆိုရင် ကျိယန်တစ်ယောက် ရှင့်ကို မထိပဲမနေနိုင်ဘူးဆိုတာ ကျွန်မ အာမခံတယ်’’


‘ကျီယွဲ့ဘာတွေပြောနေတာလဲ… သူမကို မထိပဲမနေနိုင်ဘူးလား…’ သူမသာ ကျိယွဲ့နဲ့ဆက်ပြီးပြောနေမယ်ဆိုရင် အငွေ့ပျံသွားနိုင်တဲ့အတွက် အမြန်ပဲဖုန်းကိုအဆုံးသတ်လိုက်တယ်။


သူမတို့ ဖုန်းမချခင်မှာပဲ ကျိယွဲ့ကအလျင်အမြန်နဲ့ အော်လိုက်တယ်


 ‘’ အဲ့ဒါတွေကို သုံးဖို့သတိရနော်… လုံးဝကြီးလာမှာ အသေအချာပဲ’’


' ငါသုံးမှာ မဟုတ်ဘူး’ ဗူးကိုကြည့်ရင်း သူမကိုယ်သူမ တီးတီးရေရွတ်လိုက်မိတယ်။ ဒါပေမယ့် အဲ့အရာတွေကိုကြည့်ရင်း အစတုန်းကလောက် သူမ ရှက်ရွံ့မှုကို မခံစားရတော့ပေ။ အဲ့ပစ္စည်းတွေကို သူမတကယ်ပဲ စိတ်ဝင်စားမိတယ်… သူမဝတ်ထားတဲ့ အတွင်းခံက နဂိခန္ဓာကိုယ်ပိုင်ရှင် ဝယ်ထားတာတွေဖြစ်တယ်။ အဲ့ဒါတွေက ဘာမှမပါပဲ အရမ်းရိုးရှင်းတဲ့အဆင်တွေဖြစ်တဲ့ အနက်ရောင်တွေသာဖြစ်တယ်။ ဒါကြောင့် ထန်ထန် ဒီလိုမျိုး အလှအပအဆင်တွေ ပါတာကို မမြင်ဖူးပေ။


ဖြေးငြင်းစွာနဲ့ ထန်ထန် ဗူးကိုဖွင့်လိုက်တယ်။ နူးညံ့တဲ့အတွင်းခံနှစ်စုံက ဗူးထဲမှာရှိလို့နေတယ်။ တစ်စုံက ခရမ်းရောင်ဖြစ်ပြီး နောက်တစ်စုံက အနက်ရောင်ဖြစ်တယ်။ ဘရာက အတွင်းဖက်မှ ဇာလေးတွေနဲ့ ပိုလှအောင် ဒီဇိုင်းဖော်ထားတာဖြစ်တယ်။ အလယ်မှာတော့ ကြိုးတစ်ချောင်းရှိနေတယ်။ အဲ့ဒါက အရမ်းကိုလှပနေတယ်။ ရှေးခေတ်ကလာတဲ့ ထန်ထန်လို အတွင်းခံအကြောင်းသိပ်နားမလည်တဲ့ သူမလိုလူမျိုးတောင်မှ အဲ့ဒါတွေကို ဆွဲဆောင်မှုရှိမှန်းသိနိုင်တယ်။ သူမ အဲ့ဒါတွေကို ဝတ်ချင်တယ်။


'တကယ်ကော ကြီးလာမှာလား’


ထန်ထန် ငုံ့ပြီး သူမရင်ဘတ်ကို  ထိလိုက်မိတယ်။ အဲ့ဒါဝတ်လိုက်ရင် တကယ်ပဲကြီးလာမှာလား… သူမ ဝတ်ကြည့်သင့်တယ် ထင်တယ်…


အဆုံးမှာတော့ ထန်ထန်တစ်ယောက် မြူဆွယ်မှုကို တောင့်မခံနိုင်တော့ပဲ ခရမ်းရောင်တစ်ဆက်ကိုယူကာ  ရေချိုးခန်းထဲသို့ဝင်သွားတော့တယ်။ ထန်ထန် အတွင်းခံအသစ်ကိုလဲပြီးတဲ့နောက် ခွက်နေရာကထူနေတာကို သတိထားလိုက်မိတယ်။ ပြီးတော့ ပုံစံကလဲ အတော်လေးထူးဆန်းတယ်.. ဘရာဝတ်ပြီးတဲ့နောက် သူမရဲ့သေးငယ်နေတဲ့ရင်သားက အပေါ်သို့ထွက်ပေါ်လာတယ်။ တဖက်မှကြည့်ရင် အကွေးလေးနဲ့ ပိုကြီးလာပုံပေါ်တယ်။


ထန်ထန် ရပ်တန့်သွားတယ်။ မျှော်လင့်ထားသလိုပဲ ကျီယွဲ့က မလိမ်ဘူးပဲ။ အဲ့ဒါတွေက တကယ်ကြီးလာတာပဲ… အပေါ်မှအကျီထပ်ဝတ်လိုက်မယ်ဆိုရင် သူမရင်သားပြားနေတာကို ဘယ်သူမှခန့်မှန်းနိုင်မှာ မဟုတ်တော့ပေ။


ဘုရားရေ… လူတွေက ဘယ်လောက်တောင်မှကျွမ်းကျင်လာကြတာလဲ… သူတို့က ဒါတွေကိုတောင်လုပ်နိုင်ကြတယ်… အတွင်းခံရဲ့ သက်သောင့်သက်သာ ဖြစ်မှုကိုလဲ သူမ ခံစားမိတယ်။ ဒါတွေကို မချွတ်ချင်တော့ဘူး… အသားနဲ့ငါးကိုစားဖူးမှတော့ ဘယ်သူကမှ ဆန်ပြုတ်နဲ့အသီးအရွက်ကို စားချင်တော့မှာလဲ။


ဒါပေမယ့် သူမ ရေချိုးခန်းထဲက ထွက်ပြီးချိန်မှာတော့ ကျိယန်ကို မကြည့်ရဲပေ။ ဆက်ဆီကျတဲ့ အတွင်းခံကို သူမဝတ်ထားကြောင်း ကျိယန်သိသွားမှာကို စိုးရိမ်မိလို့ဖြစ်တယ်။ ကံကောင်းစွာနဲ့ပဲ ကျိယန်ရဲ့အပြုအမူ‌တွေက မပြောင်းလဲပေ။ ကြည့်ရတာ သူ သတိမထားမိဘူးထင်တယ်။ နောက်ဆုံးမှာတော့ ထန်ထန် စိတ်သက်သာရာ ရသွားတော့တယ်။


ကျိယန် ဘယ်လိုလုပ်ပြီး မသိပဲနေမှာလဲ… တကယ်တော့ သူမရေချိုးခန်းထဲက ထွက်လာကတည်းက သူမရင်ဘတ်နေရာကို မသိလိုက်ဘာသာပဲ  လှမ်းကြည့်ပြီးဖြစ်တယ်။ အဲ့ဒါတွေက ကြီးမားလာတာကို သူချက်ချင်း သတိထားမိတယ်။ သူတမင်သက်သက် ကြည့်တာမဟုတ်ပေမယ့် အထူးတပ်ဖွဲ့ထဲက လူတွေက အသေးစိတ်ကအစ သတိထားမိတတ်ကြတယ်။ ဒါကြောင့် ထန်ထန်ရဲ့ ပြောင်းလဲမှုသေးသေးလေးကအစ သူ့မျက်လုံးထဲက ပြေးမလွတ်နိုင်တာဖြစ်တယ်။


သူ့စိတ်ထဲ မသိလိုက်ဘာသာပဲ အခုလေးတင်တွေ့ခဲ့ရတဲ့ ခရမ်းရောင်အတွင်းခံကို သတိရသွားမိတယ်။ ထို့နောက် ထန်ထန်သာ အဲ့ခရမ်းရောင်လေးဝတ်ထားမယ်ဆိုရင် ဘယ်လိုနေမလဲလို့ တွေးလိုက်မိတယ်။ အဲ့အချက်ကိုတွေးလိုက်မိရင်း သူ့ဝမ်းဗိုက်အောက်ခြေမှ ပူလောင်လာသလိုခံစားလိုက်မိတယ်။ အမျိုးသားတိုင်း ရင်းနှီးနေတဲ့ အရေးကြီးကိစ္စက သူ့ကိုအလောတကြီးဖြစ်လာစေတယ်။


ကျိယန် အမူအယာက မပြောင်းလဲပေ။ ဒီခံစားချက်ကို ကျိယန် လူပျိုဖော်ဝင်ကတည်းက ယောကျာ်းတွေရဲ့သဘာဝမှန်းသိပြီးဖြစ်တယ်။ သူက သူ့ခံစားချက်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ မတော်တဆနဲ့ ကျိရှောင်ကျိုးရှိလာတဲ့ ကိစ္စက လွဲလို့ပေါ့… သူမရှေ့မှာ သူဘယ်တုန်းကမှ ဒါမျိုး မခံစားဖူးပေ။


ဒီနေ့မှ ဘာတွေဖြစ်နေတာလဲ…


ကျိယန်ရဲ့ ပြောင်းလဲသွားတဲ့ အမူအယာ သေးသေးလေးကိုကြည့်ရင်း ထန်ထန်သတိထားမိကာ စိတ်ပူစွာနဲ့


 ‘’ ဘာဖြစ်လို့လဲ … ရှင့်ကြည့်ရတာ သိပ်နေမကောင်းသလိုပဲ’’


‘’ အဲ့ဒါ ဘာမှ မဟုတ်ပါဘူး… ကိုယ် ရေအရင်ချိုးလိုက်ဉီးမယ်.. ပြီးမှပဲအိပ်တော့မယ်’’


ကျိယန်က ခေါင်းကိုယမ်းပြီး မျက်နှာကလဲ ခပ်တင်းတင်းဖြစ်နေတယ်။ သူက ချက်ချင်းပဲ ရေချိုးခန်းထဲသို့ဝင်ကာ ခါတိုင်းထက်တံခါးကို လေးကန်စွာနဲ့ ပိတ်လိုက်တယ်။


နားမလည်စွာနဲ့ ထန်ထန်က ကျိရှောင်ကျိုးကို မေးလိုက်တယ်


 ‘’ သားဒယ်ဒီ ဘာတွေ အလျင်လိုနေတာလဲ’’


ကျိရှောင်ကျိုးက လက်ထိပ်လေးတွေကိုအချင်းချင်းထိပြီး ခန့်မှန်းလိုက်တယ်


 ‘’ သားတော့ ဒယ်ဒီ ရှူးပေါက်ချင်နေတယ် ထင်တာပဲ… ရေချိုးဖို့တော့ မဟုတ်လောက်ဘူး’’ 


ဘာလို့လဲဆိုတော့ သူ ရှုးပေါက်ချင်တိုင်း သူ့ဒယ်ဒီလိုမျိုးပဲ အလောတကြီး ရေချိုးခန်းထဲ ပြေးဝင်နေကျဖြစ်တယ်။


ထန်ထန်က ရေချိုးခန်းဆီသို စိုးရိမ်တဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး 


‘’ အိမ်သာ သုံးဖို့အတွက်က အဲ့လောက် အလောတကြီးလုပ်ဖို့မလိုပါဘူး… မဟုတ်မှလွဲရော အစားတွေကြောင့် ဗိုက်နာသွားတာပဲနေမယ်"


ရေချိုးခန်းထဲက ထွက်လာမှပဲ မေးလိုက်မယ်လို့ သူမတွေးလိုက်မိတယ်။ ကံကောင်းလို့ ဗိုက်နာတာမဖြစ်ပါစေနဲ့… ဒါပေမယ့်လဲ အချိန်အတော်ကြာအထိ ကျိယန်ထွက်မလာသေးပေ။ ပုံမှန်ကျိယန်ရေချိုးရင် ငါးမိနစ်ခန့်ပဲကြာတာဖြစ်တဲ့အတွက် သူမ ပိုသေချာသွားတော့တယ်။ 


ပုံမှန် အိမ်သာသုံးမယ်ဆိုရင်လဲ ဒီလောက်ထိ ကြာဖို့မှ မလိုတာ… သူ့အစာအိမ်မကောင်းတာပဲ ဖြစ်ရမယ်.. ဒါပေမယ့် အဲ့ဒါကို ဘာလို့ သူမကို မပြောရတာလဲ…


ဒါကြောင့် သူမ ချက်ချင်းပဲ ဆေးသေတ္တာထဲမှ အစာအိမ်ဆေးကိုရှာကာ ရေနွေးတစ်ခွက်ပါထည့်ထားလိုက်တယ်။ ရေချိုးခန်းထဲမှ ကျိယန်ထွက်လာချိန်မှာတော့ ထန်ထန်က သူ့လက်မောင်းကိုဆွဲကာ သူမလက်ထဲမှ ဆေးကိုပြရင်း


 ‘’ ရှင့်အစာအိမ် အဆင်ပြေရဲ့လား… ဆေးသောက်ချင်လား’’


‘’ ဟမ်… အဟွတ်..’’ ကျိယန် ချောင်းဆိုးလိုက်တယ်။ ရေအေးတွေကြောင့်တည်ငြိမ်သွားတဲ့သူ့စိတ်တွေက ထန်ထန်မေးခွန်းကြားလိုက်ရပြီးနောက် သူ့မျက်နှာကို အနီရောင်ထပ်ပြောင်းသွားစေတယ်။ အကူအညီမဲ့သလိုခံစားနေရတာလား ရှက်နေတာလားဆိုတာ သူ့ကိုယ်သူ မသိတော့ပေ။ သူ ရေချိုးခန်းထဲမှာ အကြာကြီးနေမိတာက ထန်ထန်ကို သူ့အစာအိမ်နာနေတယ်လို့ တွေးမိစေတာဖြစ်မယ်။ ဒါပေမယ့်လဲ သူ ရှင်းပြလို့မရပေ။ ကျိယန်က ခေါင်းကိုယမ်းက ပြန်ဖြေလိုက်တယ်


 ‘’ ကိုယ့် အစာအိမ်ကအဆင်ပြေပါတယ်… ဆေးသောက်ဖို့ မလိုပါဘူး’’


ထန်ထန်က မယုံသေးပဲ သူ့နဖူးကို လက်နဲ့စမ်းလိုက်ပြီး 


‘’ ဒါပေမယ့် ရှင်အကြာကြီးအဲ့မှာနေခဲ့တာပဲ ပြီးတော့ မျက်နှာကလဲ နီရဲနေတာ … ကျွန်မကို မလိမ်နဲ့နော်… ရှင်နေမကောင်းရင် ကျွန်မကိုပြောလို့ရပါတယ်.. ရှင့်အတွက် ဆေးယူပေးမှာပေါ့’’


မသက်မသာခံစားလိုက်ရပြီး သူ့နဖူးပေါ်မှ သေးသွယ်တဲ့လက်ကို ကျိယန်ဆွဲယူလိုက်ကာ 


‘’ ကိုယ် တကယ်အဆင်ပြေပါတယ်… တခုခုဖြစ်ရင် ကိုယ်မင်းကိုပြောမယ်လေ… အိုကေ…’’


‘’ရှင်တကယ်အဆင်ပြေတယ်နော်’’


‘’ကိုယ် အဆင်ပြေပါတယ်’’


ထန်ထန်က စိတ်သက်သာရာရသလို သက်ပြင်းချလိုက်ပြီး ဆေးတွေကို တဖက်သို့ပို့လိုက်တော့တယ်။ ကျိယ်ယန် နဖူးကိုလက်နဲ့ထောက်လိုက်ပြီး ခေါင်းကိုက်လာသလို ခံစားလိုက်မိတယ်။ ဒီနေ့တော့ တစ်ခုခုမှားနေတယ်လို့ပဲ သူတွေးလိုက်မိတယ်။ အဲ့လိုပဲဖြစ်မှာပါ…


ထန်ထန် ခါတိုင်းလိုပဲကျိယန်ကို ခြေထောက်ဆေးပေးနေတယ်။ သူမရဲ့ အကျီကော်လာက အတော်လေးကြီးနေတဲ့အတွက် သူမငုံတဲ့အခါ အောက်သို့လျောကျသွားတယ်။ သူမက အရမ်းပိန်တာပဲ ပြီးတော့ သူမရဲ့ ညဝတ်အကျီကလဲ ကြီးနေသေးတယ်။ သူမအကျီအတွင်းမှ မြင်ကွင်းကလဲ ကျိယန်မျက်လုံးထဲသို့ သတိပေးခြင်းမရှိ ဝင်ရောက်လာတယ်။ အတွင်းမှ တောင်ပို့နှစ်လုံးကို သေချာရစ်ပတ်ထားတဲ့ ခရမ်းရောင်ဇာအတွင်းခံကို ကျိယန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ အလယ်မှာ ခွဲကြောင်းရာလေး တစ်ခုတောင်ရှိနေသေးတယ်။


ကျိယန် ခန္ဓာကိုယ်တောင့်တင်းသွားတယ်။


သူမလက်ထဲမှ ခြေထောက်တွေ တောင့်တင်းသွားတာကိုသတိထားမိတဲ့ထန်ထန်က မော့ကြည့်လိုက်မိတယ်။ ကျိယန်အမူအယာက ထူးဆန်းနေပြီး သူ့အကြည့်က တစ်နေရာတည်းကို ငေးနေတာ သူမတွေ့လိုက်ရတယ်။ သူ့အကြည့်ကြောင့် ထန်ထန် အေးခဲသွားတယ်။ သူ သူမရင်ဘတ်ကို ကြည့်နေတာပဲ။


သူငေးတာကို ထန်ထန် ချက်ချင်းပဲ သိသွားတယ်။ သူမ မျက်နှာကလဲ မျောက်ဖင်နီတစ်ကောင်လို ရဲတွတ်သွားပြီး ချက်ချင်းပဲ အကျီကော်လာကိုဆွဲစေ့လိုက်ကာ ရှက်ရွံ့စွာနဲ့ ကျိယန်ကိုစိုက်ကြည့်လိုက်မိပြီး ‘’ ရှင်… ရှင်… ရှင်… ‘’ ဘာစကားလုံးမှ ထွက်မလာတော့ပေ။


ကျိယန်က ချောင်းတစ်ချက်ဆိုးလိုက်ပြီး အကြည့်လွှဲလိုက်တယ်။ သူရှင်းပြချင်ပေမယ့်လဲ ဘာအသံမှ ထွက်မလာပေ။ သူပြောသင့်တယ် မဟုတ်လား ’ ကိုယ်တောင်းပန်ပါတယ်… ကိုယ် တမင်ကြည့်တာမဟုတ်ပါဘူး လို့ ပေါ့


အတော်လေးနေရခက်နေတဲ့ နှစ်ယောက်အကြား ဖုန်းမြည်သံက ဝင်ရောက်လာတယ်။ အဲ့ဒါက မသက်မသာဖြစ်နေတဲ့ လေထုကို ဖြိုခွဲလိုက်တယ်။