Part 237
ဤခေတ်တွင် လက်မထပ်ရသေးသောကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အနေအထိုင်စည်းမစောင့်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ဖိနပ်ပျက်များအဖြစ် နာမည်ဆိုးတပ်ခံရကာ မိန်းမပျက်အဖြစ် တိုက်ရိုက်သတ်မှတ်ခြင်းပင် ခံရပေဦးမည်။
နှစ်ယောက်သား ကိုယ်စီကိုယ်ငှထမင်းချက်ရန် အိမ်ပြန်ခဲ့ကြသည်။
လင်းလန် အိမ်ပြန်ရောက်သောအခါ အားဝမ် နှင့်မိုင်စွေ့တို့က ချက်ထားပြီးသားဖြစ်နေ၏။
တဝမ်က ခြံကို သန့်ရှင်းရေးလုပ်ရင်း ကြက်ချေးမြေဩဇာများကို ဟင်းသီး ဟင်းရွက်ခင်း ထဲသို့ကော်ထည့်နေသည်။
စန်းဝမ်က ရှောင်ဝမ်ဘာဂျာမှုတ်နေသည်ကို စိတ်ဝင်တစားကြည့်ရင်း ပုလွေကို ခဏလောက်ကိုင်လိုက်ပြီး စိတ်မရှည်စွာ ပစ်ထုတ်လိုက်ကာပြော၏။
"ဒီဟာက ထင်းချောင်းပဲ"
ရာသီဥတုက အေးနေပြီဖြစ်၍ စန်းဝမ် မြစ်ထဲမဆင်းနိုင်သည့်အတွက် လင်းလန် သူမ၏သတိကို ခေတ္တလျှော့ချထားလိုက်သည်။
စန်းဝမ်က ကျူးဇိကို အနိုင်ယူပြီးနောက် ကျူးဇီက အခြားကလေးများကိုနှိမ်နင်းခဲ့ပြီး ကလေးများကလည်း သူ့အား နာခံခဲ့၏။ယခု သူက ရှန်ရွေ့ ရွာတွင် ကလေးများ၏ ခေါင်းဆောင်အဖြစ် အခိုင်အမာ နေရာယူထားသည်။
သူ့အနေဖြင့် ကျောင်းတက်ရသည်ကို အနည်းငယ် မပျော်မရွှင်ဖြစ်နေသေးသည်က လွဲ၍ တခြားပြဿနာမရှိပေ။
မိုင်စွေ့က ထမင်းပွဲပြင် နေသော်လည်း အားဝမ်က သည် ဝမ်းနည်းနေဟန်ဖြင့် တွက်ချက်မှုများကို မှတ်စုစာအုပ်ထဲတွင်ရေးကာ ဘာလုပ်ရမှန်းမသိဖြစ်နေပုံရ၏။
လင်းလန်က အားဝမ်၏ပုခုံးကို ပုတ်လိုက်ပြီးမေးလိုက်သည်။
"သား...မင်းဘာတွေတွေးနေတာလဲ"
အားဝမ်က သက်ပြင်းချကာဖြင့်
"မားမား...ကျွန်တော်တို့မိသားစု ထမင်းငတ်တော့မှာလား"
လင်းလန်: ... အိမ်တော်ထိန်းကြီး အတန်းဖော် အားဝမ်ရေ... စိတ်မပူပါနဲ့ ...မိဘတွေကမင်းကို အငတ်ထားမှာမဟုတ်ပါဘူး...
"မားမား သတင်းကောင်းလေးတစ်ခု ပြောပြမယ်...မားမားက အမျိုးသမီးညွှန်မှူးနဲ့တွဲပြီး တစ်ကိုယ်ရေ သန့်ရှင်းရေး အသိပညာ မြှင့်တင်ရေးလုပ်မှာ... အဲဒီ့အချိန်ကစပြီး မားမားက နေ့တိုင်း 12 မှတ်လောက် ရနိုင်တယ်...ယောကျာ်းတွေထက်တောင်ပိုများတယ်"
"တကယ်လား"
အားဝမ် အံအားသင့်သွား၏။
ငါ့မားမားက ဘယ်လောက်လုပ်နိုင်စွမ်းရှိလိုက်သလဲလို့...
လင်းလန်က ခေါင်းညိတ်ပြပြီး သူတို့ကို ဆုံးမလိုက်သည်။
"ဒါကြောင့် မားမားက သားတို့ကို စာကြိုးစားစေချင်တာ... အသိပညာက စွမ်းအားပဲ...အသိပညာက ပိုက်ဆံပဲ... သားတို့လိုချင်တဲ့အရာတိုင်းက အသိပညာထဲမှာရှိတယ်"
အဆုံးနားတွင် သူမ သူမ၏အဟုန်ကို အားကောင်းစေရန် လက်သီးဝှေ့ယမ်းလိုက်၏။
အားဝမ် နှင့်မိုင်စွေ့တို့ သူမကို အလွန်လေးစားသဘောကျသွားသည်။ သူတို့မားမားက ကျောင်းမတက်ဖူးသော်လည်း သူ့တို့ထံမှ အနည်းငယ်သင်ယူပြီးနောက် ကွန်မြူနတီအဖွဲ့ဝင်များအတွက် ဝါဒဖြန့်ခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ခဲ့၏။
ဒါက ဘယ်လောက် အစွမ်းထက်လိုက်သလဲလို့...
"မားမား...မားမားက အရမ်းတော်တာပဲ... တကယ်ကိုတော်တယ်"
ကလေးနှစ်ယောက်က လင်းလန်၏လက်ကို ကိုင်ကာ စိတ်လှုပ်ရှားစွာပြောသည်။
လင်းလန်က ဂုဏ်ယူစွာပြောလိုက်၏။
"မှန်တယ်...မားမားက အဲဒီကျောင်းသားတွေထက် ပိုပြီး လေးလေးနက်နက် သင်ယူတာကို သားတို့သတိမထားမိဘူးလား... သားတို့ ပညာတတ်ရင် အလုပ်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ ပိုက်ဆံပိုရနိုင်တယ်"
သူမက တဝမ်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
မိမိဘာသာနေရင်း မျက်စောင်းအထိုးခံလိုက်ရသည့် တဝမ်: "..."
စန်းဝမ်က ရယ်ပြီးပြော၏။
" မားမားက ပညာတတ်တယ်... အဖေက သန်မာတယ်...ကျွန်တော်က ရေကူးတတ်တယ် "
ရှောင်ဝမ်က "တစ်နှစ်တစ်...တစ်နှစ်တစ်" ဟူသော တေးသွားကို မှုတ်လိုက်၏။
"သား မားမားအတွက် တေးသွားတီးပေးမယ်"
လင်းလန် သူ့ခေါင်းလေးကိုပုတ်ကာ ပြောလိုက်သည်။
"ရှောင်ဝမ်က အံ့သြစရာကောင်းလိုက်တာ...မားမားတို့ ဖျော်ဖြေပွဲအတွက် လိုအပ်တာကို သွားပြီး သတင်းလွှင့်လိုက်ဦးနယ်...ရှောင်ဝမ်က ဆရာမဟော်နဲ့ ဘာဂျာမှုတ်နေနော်...မားမားအချိန်ရရင် ဆရာမဟော်ကို သွားပြောပြီး သားကိုသင်ပေးခိုင်းလိုက်မယ်"
ရှောင်ဝမ်က အထဲတွင် ကြယ်များရှိနေသကဲ့သို့ တလက်လက်တောက်ပနေသော မျက်လုံးရွဲကြီးများဖြင့် လင်းလန်ကို မော့ကြည့်လိုက်သည်။
လင်းလန်က အခြားကလေးတွေကို သတိပေးလိုက်၏။
"မင်းတို့အဖေက ညစာပြန်မစားဘူး... ထမင်းစားပြီး အိမ်စာလုပ်တော့"
ဟန်ချင်စုန့်က အခုတလော အလုပ်များနေသောကြောင့် ညစာပြန်စား ,ခဲ,သဖြင့် သူတို့စောင့်စရာမလိုပေ။
သူတို့အဖေ အိမ်ပြန်မလာကြောင်း ကလေးတွေကြားသည့်အခါ အများစုက စိတ်သက်သာရာရကြပြီး ထမင်းစားနေရင်း စကားတွတ်ထိုးဝံ့ကြ၏။
အိမ်တွင်ကျားမရှိသည့်အခါ မျောက်ကဘုရင်ဖြစ်နေသည်ကို မြင်လိုက်ရာတွင် လင်းလန် အတော်လေးစိတ်တိုပြီး ရယ်စရာကောင်းသည်ဟုထင်မိသည်။
"ငါပြောမယ်...မင်းငါ့ကိုဘာလို့မကြောက်တာလဲ...ကျားက အိမ်မှာမရှိတော့ မျောက်က ဘုရင်ပဲပေါ့ဟုတ်လား"
တဝမ်က ရုတ်တရက် ဝါးလုံးကွဲရယ်မိသွားပြီး ယင်းက တစ်မိသားစုလုံး လန့်ဖျပ်သွားစေသည်။
သူက ရယ်တတ်သေးတာလား....
သူကမျက်နှာမည်းအဖေ ထက်တောင် ပိုမျက်နှာထားတင်းသေးတာကို...
လင်းလန်က သူ့ကို လက်ကိုင်ပုဝါတစ်ထည်အမြန်ပေးလိုက်သည်။
"ကြည့်စမ်း...ဆန်ပြုတ်တွေ အကုန်စင်ကုန်ပြီ"
မိုင်စွေ့ နှင့်အားဝမ်က တဝမ် နှင့်စန်းဝမ်တို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်ဖြစ်ရာ ဆန်ပြုတ်နှင့် အပက်လိုက်ကြရပြီး ချက်ချင်းပင် အော်ဟစ်ကြ၏။
စန်းဝမ်ကလည်း ရယ်ပြီးပြောလေသည်။
"မားမား အဲ့ဒါ အစ်ကိုကြီးက မားမားကို မျောက်လို့ ပြောတာ...အဖေက အိမ်မှာမရှိဘူး...မားမားက ဘုရင်ပဲ ဟားဟားဟား"
လင်းလန်: ...
သူတို့မျက်လုံးထဲမှာ သူမက မျောက်မတစ်ကောင်ဖြစ်ပြီး ကျားမတစ်ကောင်မဟုတ်သည့်အတွက် လုံးဝ မကြောက်ကြပေ။
သူမ ချက်ချင်း ခက်ထန်သောအမူအရာဖြင့် "ငါက ကျားမပဲ...ကြောက်လားပြော "
ရှောင်ဝမ်က နှုတ်ခမ်းစူကာ သူမကိုနမ်းလိုက်ပြီး ၎င်းနောက် လင်းလန်၏ မျက်နှာပေါ်ရှိ ပြောင်းဆန်စေ့များကို သေချာသုတ်လိုက်သည်။
လင်းလန်၏ နှလုံးသားလေး အရည်ပျော်သွားကာ ရှောင်ဝမ်ကို ပွေ့ဖက်ပြီးပြောလိုက်၏။
"အိုး... မားမားသားလေး"
ထို့နောက် သူမက တဝမ် နှင့်စန်းဝမ်ကို တစ်ချက်စိုက်ကြည့်ကာ
"မင်းတို့မှားတယ် ...မင်းတိုအဖေ အိမ်မှာရှိလည်း ငါက ဘုရင်ပဲ...အဲ့တော့ ငါက ကျား"
စန်းဝမ်က ချက်ချင်းဆိုလာသည်။
"ဒါဆို သားအဖေက မျောက်လား"
လင်းလန်က သူ့ခေါင်းကို တူနှင့် အသာအယာခေါက်လိုက်ပြီး
"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့တော့... မင်းက မှမျောက်"
" ဒါဆို မားမားနဲ့အဖေက နှစ်ယောက်လုံး ကျားတွေဆိုရင် ကျွန်တော်ကကျ ဘာလို့ ကျားရောမျောက်ရော မဟုတ်ရတာလဲ"
အားဝမ်က သူ့ကို ရယ်ကာ
" မင်းက ငါးသလဲထိုးလေ... ကျားနဲ့ မျောက်တွေက ရေဘယ်လိုကစားရမှန်းမသိဘူး"
မိုင်စွေကလည်း ရယ်ပြီးပြော၏။
" နဂါးရဲ့ သားကိုးယောက်လုံးက မတူကြဘူးလို့ ဆရာက ပြောတယ် ...အဖေက နဂါးတစ်ကောင် ဖြစ်ပြီး မားမား ကျားတစ်ကောင်ဖြစ်တာဖြစ်နိုင်တယ်... နင်ကကျ မျောက်တစ်ကောင်ပဲ...ဟားဟားဟား ...”
တဝမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာပြောလေသည်။
"နဂါးရဲ့သားကိုးယောက်လုံးက မတူကြဘူး... ဆိုလိုတာက သူ့မှာ မိန်းမကိုးယောက်ရှိတယ်"
မိုင်စွေ့ : ...
ဟားဟား...အရမ်းအေးစက်စက်နိုင်တာပဲ...နင်အရိုက်တောင်းနေတာကို ငါ့ကြည့်နေမယ်...
လင်းလန် : "ညစာစားပြီးရင် အိမ်စာလုပ်"
သူတို့အိမ်စာလုပ်နေစဉ် လင်းလန်ကလည်း သစ်တော်သီးနှစ်လုံးကို ဆေးကြော၍ အပိုင်းပိုင်းဖြတ်ကာ တူအပိုင်းအစများဖြင့်လုပ်ထားသော တုတ်ချောင်းများနှင့်ထိုးကာ စားခိုင်းလိုက်သည်။
Xxxxxxx
Part 238
စန်းဝမ်က လက်ကို ဆန့်လိုက်ပြီး ၎င်းကို ဆုပ်ကိုင်လိုက်သည်။ သူက တုတ်ဖြင့်ထိုးစားရန် လုံးဝ စိတ်မရှည်ပေ။
လင်းလန်က လူတိုင်း၏ မှတ်စုစာအုပ်များကို ကောက်ကိုင်လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။
မိုင်စွေ့၏ လက်ရေးက လှပသည်ဟု မဆိုနိုင်သော်လည်း ၎င်းသည် သပ်ရပ်ပြီး ရှင်းလင်းကာ ကြည့်ကောင်းစေရန် သူမ အကောင်းဆုံး ကြိုးစားထားသည်ကို တွေ့မြင်နိုင်သည်။
အားဝမ်၏လက်ရေးကလည်းကောင်းပြီး သိပ်မသပ်ရပ်သော်လည်း ပိုလှ၏။
တဝမ်၏ လက်ရေးက ရိုးရိုးရှင်းရှင်းကို သူ့အဖေအတိုင်းဖြစ်ပြီး ခက်ထန်နေသည်မှာပြောစရာပင်မလိုဘဲ ပုန်ကန်လိုမှုနှင့် ခေါင်းမာသောစိတ်ထားတို့ကိုလည်းဖော်ပြနေသည်။
စန်းဝမ်၏လက်ရေးကမူ မကြည့်ရဲလောက်အောင် ကြောက်စရာကောင်းသည်။ သူကို ငါးသလဲထိုးဟုဆိုခြင်းမှာ ချဲ့ကားပြောခြင်းမဟုတ်ပေ။
လင်းလန် : "စန်းဝမ်... မင်းစာအုပ်က ဘာလို့ဒီလောက်မည်းနေတာလဲ....စာလုံးတွေကို ဘာလို့ ဆက်ပွတ်နေတာလဲ"
ခဲတံနှင့်ရေးပြီးသည်နှင့် သူလက်ချောင်းတွေဖြင့် ပွတ်လိုက်သောအခါ စာအုပ်ကိို မည်းမှောင်လွန်း၍ အင်မတန် ကြောက်စရာကောင်းသွားစေသည်။
စန်းဝမ်က ယုံကြည်မှုရှိရှိ ပြော၏။
"ဆရာက ကျွန်တော့်ကို အမြဲတမ်း စာပိုရေးခိုင်းတယ်...သူ ကျွန်တော့်ကို အနိုင်ကျင့်တယ်..."
လင်းလန်အနေဖြင့် အတန်းဖော်စန်းဝမ်နှင့် ဘဝအကြောင်းပြောရတော့သည်။ တစ်လက်စတည်း နာခံမှုမရှိရင် အဖေဖြစ်သူ ပြန်လာပါက သူလုပ်ချင်သည့်ဟာကို မလုပ်ရတော့ဟု ခြိမ်းခြောက်လိုက်၏။ မလိမ္မာလျှင် အဖေဖြစ်သူက နောက်နှစ်နွေမှာ မြစ်ထဲဆင်းခွင့်ပေးမှာမဟုတ်ပေ။
အတန်းဖော်စန်းဝမ်က အဆုံးတွင် ချစ်စရာမကောင်းသောပုံစံဖြင့် အနွေးကုတင်ဆီသို့ သွားလေသည်။
"ရှောင်ဝမ်... မင်းဘယ်တော့ကြီးလာမှာလဲကွာ"
ရှောင်ဝမ် : "သားက အရွယ်ရောက်နေပြီ"
စန်းဝမ်: "ဒါဆို ဘယ်အချိန်ကျောင်းတက်မှာလဲ"
ရှောင်ဝမ် : " သားက ကျောင်းသွားတဲ့အခါ မားမားကို စိတ်ဆိုးအောင် မလုပ်ဘူး”
စန်းဝမ်: “...အေးပါကွာ အိပ်တော့”
အမေအိုကြီးလင်းလန် ကလေးတွေကို အိပ်ယာထဲ လွှတ်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် ပတ်ကြည့်ကာ ကောင်မလေးမိုင်စွေ့ကို အထူးဂရုစိုက်၍ ညဘက် စောင်ခြုံအိပ်ရန်ပြောလိုက်သည်။ စောင်ကောင်းတစ်ထည်က လေဒဏ်ကနေကာကွယ်နိုင်၏။
သူမ မားမားက အလွန်ဂရုစိုက်သောကြောင့် မိုင်စွေ့ သူမနှလုံးသားထဲမှာ နွေးထွေးမှုကိုခံစားရ၏။သူမမားမား၏ ဂရုစိုက်မှုကိုခံစားရင်း သူမ၏အိပ်စက်ခြင်းက အထူးတလည် ချိုမြန်နေတော့သည်။
ရှောင်ဝမ်ကို နေရာချပေးပြီးနောက် သူမကိုယ့်ကိုကိုယ် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ကာ အိပ်ရာထဲဝင်လိုက်၏။
ပထမဦးစွာ သူမ ဘယ်လက်ဖြင့် ဝါဒဖြန့်ရေး အစီအစဉ်တစ်ခုကို ရေးသားခဲ့ပြီး ၎င်းနောက် တဝမ်၏ ဘောင်းဘီကို ချုပ်ပေးခဲ့သည်။
တဝမ်က အခုတလော လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ပြီး သူ၏ တင်ပါးနှင့် ပေါင်များက အနည်းငယ် ကျပ်နေ၏။သူမအနေဖြင့် ဘောင်းဘီအသစ်ကို အချိန်အတော်ကြာသည့်တိုင် ပြုလုပ်နိုင်မှာမဟုတ်သောကြောင့် နှစ်ဖက်ကို ခွဲထုတ်ပြီး အပိုင်းတစ်ပိုင်း ထည့်လိုက်သည်။
ဤသည်က လူတိုင်းအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုလည်း ဖြစ်၏။
သို့သော် အခြားသူများ၏အိမ်များက အရောင်လိုက်ဖက်မှုကို ဂရုမစိုက်ကြဘဲ အထူးသဖြင့် ရုပ်ဆိုးအကျည်းတန်သည့် မည်သည့်အထည်မျိုးကိုမဆို သုံးစွဲကြသော်လည်း လင်းလန်ကမူ ထိုသို့ မလုပ်နိုင်သည့်အပြင် အရောင်အသွေးလိုက်ဖက်ရတ်အတွက်သာမကာ အလှအပဆိုင်ရာ ခံစားမှုအတွက်ပါ ကြိုးစားသည်။
အချိန်အတော်ကြာ အပ်ချုပ်ပြီးနောက် အပြင်ကို ကြည့်လိုက်ရာ မှောင်မဲနေပြီး လေထဲမှာ တဖြောက်ဖြောက်အသံ အနည်းငယ်ကြားနေရသဖြင့် မိုးရွှာနေခြင်းဖြစ်ရမည်။ သူ အစည်းအဝေးတက်နေသလား ၊အိမ်ပဲပြန်လာနေသလား သူမ မသိပါချေ။
ကိုးနာရီခွဲပြီးနောက် လင်းလန် တံခါးခေါက်သံကိုကြားရသဖြင့် ဟန်ချင်စုန့် ပြန်လာမှန်း သိလိုက်သည်။
သူမ ချက်ချင်းပင် မြေကြီးပေါ်ဆင်းလိုက်သည်။ မီးဖိုထဲတွင် မီးက တောက်လောင်နေဆဲဖြစ်သဖြင့် မြက်လက်တစ်ဆုပ်စာကိုထည့်၍ ဟင်းနွှေးနိုင်၏။
အိုးထဲမှာ ကြက်သီးနွေးရေတွေ ရှိနေသေးကာ ဟန်ချင်စုန့်က အအေးမမိအောင် ဆေးကြော၍ အအေးဓာတ်ဖျောက်ရန်အဆင်ပြေသည်။ အချိန်မီ ပြန်လာသဖြင့် သူမ တစ်လက်စတည်း သူ့အတွက် ထမင်းဟင်းပူပူလေးနွှေးလိုက်သည်။
ဟန်ချင်စုန့် သူ့စက်ဘီးကို ရပ်လိုက်ပြီး အပြင်ဘက်ကနေ ဝင်လာခဲ့၏။မိုးက ဖွဲဖွဲလေးသာကျသော်လည်း သူအဝတ်တွေကစိုနေသည်။
"အဝတ်တွေကို မြန်မြန် ချွတ်ပြီး ရေလျှော်လိုက်...ပြီးရင် အဝတ်သန့်တစ်စုံဝတ်"
လင်းလန်က သူ့အတွက် ရေလောင်းပေး ပြီး ထမင်းဘူးကို ယူကာ နွေးအောင် အိုးထဲ ထည့်လိုက်၏။
သူက ခရိုင်ကန်တင်းမှ အသားနှင့် အသီးအရွက် နှစ်ဘူးကို ပြန်ယူလာသေးသည်။
လင်းလန် သူ့ကို တစ်ဘူးစားခိုင်းပြီး မနက်ဖြန် အစားအသောက်ကို မြှင့်တင်ရန် နောက်တစ်ဘူး ချန်ထားလိုက်၏။
ဟန်ချင်စုန် ခရိုင်မှာ စားခဲ့ပေမဲ့ ငါးနာရီကျော်ကြာနေပြီဖြစ်၍ သူတကယ် ဗိုက်ဆာနေခဲ့သည်။
လင်းလန်က သူ့ကို ဗိုက်ဆာဆာနှင့် အိပ်ရာမဝင်စေချင်သည့်အတွက် အကြိမ်တိုင်း ပိုစားခိုင်း၏။
ကိုယ်လက်သန့်စင်လုပ်ပြီးနောက် ဟန်ချင်စုန့်က ထမင်းစားသည်။ ကောက်နှံအရောခေါက်ဆွဲ နှင့် ပေါင်းထားသော ပေါင်မုန့်များအပြင် လင်းလန် နှင့်အားဝမ်တို့ တီထွင်ထားသော ဟင်းသီးဟင်းရွက်ချဉ်မျိုးစုံလည်း ရှိသည်။ အမှန်မှာ ၎င်းတို့သည် လှီးဖြတ်ပြီး ငရုတ်ဆီနှင့် ရောစပ်ထားသော အချဉ်မျိုးစုံဖြစ်ပြီး အထူးသဖြင့် ထမင်းနှင့်အလွန်လိုက်၏။
လင်းလန်က တခြားဘူးကို သိမ်းလိုက်ပြီး ပျော်ရွင်စွာဆိုသည်။
"ရှင့်အတွက် တစ်နေကုန် ခရီးသွားရတာ မဆိုးပါဘူး... ကျွန်မတို့ရဲ့ အစားအသောက်တွေ ပိုကောင်းလာတာကို တွေ့ရတယ်လေ ... ဒါက ကြီးမားတဲ့ အထောက်အပံ့တစ်ခုပဲ"
တခြားမိသားစုတွေက တစ်နှစ်ပတ်လုံးနေ၍ အသားကို အကြိမ်ရေများစွာ မစားနိုင်ကြပေ။
ပွဲတော်တစ်ခု ရှိသောအခါမှသာစားနိုင်ကြ၏။ ယခု သူတို့မိသားစုကမူ တစ်လလျင် သုံးကြိမ်ကနေ ငါးကြိမ်စားနိုင်လေသည်။
အလွန်ကို ဇိမ်ရှိ၏။
ဟန်ချင်စုန့် သူမ၏တောက်ပလှသော အပြုံးကို မြင်လိုက်ရပြီး သူ့နှလုံးသားက နွေးထွေးလာကာ အလုပ်လုပ်ရသည်က ပိုအဓိပ္ပါယ်ရှိပြီး စိတ်အားထက်သန်လာသလို သူခံစားလိုက်ရသည်။
ထမင်းစားပြီးသည်နှင့် ဆေးကြောပြီး အနွေးကုတင်ပေါ်တက်၏။
လင်းလန်က သူ့ကို လျှိုရှုယွမ် အကြောင်း ပြန်ပြောပြလိုက်သည်။
"ချန်ဇီချင်းက အရမ်းရွံစရာကောင်းတာပဲ ... သူ့မှာ ငြင်းဖို့ အခွင့်ရှိလို့လား...ရှုယွမ်ကလည်း ပျော့ညံ့တယ်...သူက သူ့အတွက် ဖုံးကွယ်ထားဖို့ လာချော့ တယ်လေ...ညွှန်မှူးတုန်နဲ့ကျွန်မ ဒေါသထွက်လွန်းလို့ ရိုက်ပစ်ခဲ့တယ်"
ဟန်ချင်စုန့်က သူမခါးကို ညှစ်လိုက်ပြီး
"သူပြန်လုပ်သေးလား"
လင်းလန်က ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်သည်။
"ရှင်လိုလူနဲ့ဖက်ပြိုင်ဖို့ သူကဘယ်လိုလုပ်သတ္တိရှိမှာလဲ"
သူမစကား ကိုကြားသောအခါ ဟန်ချင်စုန့်က ခပ်ဟဟ ရယ်မောပြီး သူမနားရွက်ကို ညင်သာစွာပွတ်သပ်လေ၏။
“ဒီအကြောင်း ရှင့်ကို ပြောပြဖို့က ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ...ဒါပေမဲ့ ရွာမှာက အရမ်းလေးနက်နေပုံရတော့ လုံခြုံရေးညွှန်မှူးရဲ့ မိသားစုကို ကူညီရဦးမယ်လေ ”
သူက ဖြောင့်မတ်ပြီး ဂုဏ်သတင်းကြီး သော်လည်း သူ၏ရိုးသားဖြောင်မတ်မှုကြောင့် ရန်သူများစွာကို ဖန်တီးမိခဲ့ခြင်းဖြစ်သည်။
Xxxxxx