Ch 6
Viewers 52

🔥 အခန်း ၆



သူတို့ကား တကယ်ကို လိုက်ဖက်လှပေ၏။


ထိုသူနှစ်ဦးအနက် တစ်ဦးမှာ မျက်စိအထူးကုဌာန၏ ဒုတိယ‌အကြီးဆုံးဖြစ်ပြီး ကျန်တစ်ဦးမှာမူ ထူးချွန်သည့် နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးပင်။ သူတို့နှစ်ဦးလုံးမှာ ထူးချွန်လှသူများဖြစ်ကြပြီး နေရာတိုင်း၌ တစ်ဦးနှင့်တစ်ဦး အလွန်ပင် လိုက်ဖက်ညီလှသည်။


ထောင်ရှောင်တုန်းကား ထျန်ယိမှတစ်ဆင့် ထန်ဆောယန်နှင့် စတင်တွေ့ဆုံသိကျွမ်းခဲ့ခြင်းဖြစ်ပြီး ထန်ဆောယန်မှာ ထျန်ယိ အမြဲတမ်း လေးစားအားကျခဲ့ရသည့် စီနီယာတစ်ဦးလည်းဖြစ်သည်။ ထန်ဆောယန် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာပြီး မကြာမီမှာပင် ထျန်ယိတစ်ယောက် ထောင်ဟွိုက်နန်ကို သူ၏ရုံးခန်းသို့ ကိုယ်တိုင်လိုက်၍ပို့ပေးကာ မိတ်ဆက်ပေးခဲ့၏။



ထန်ဆောယန် နိုင်ငံရပ်ခြား၌ရှိနေစဉ်က သုတေသနပြုလုပ်ခဲ့သည့်ခေါင်းစဉ်တစ်ခုမှာ ကမ္ဘာတစ်ဝှမ်းရှိပညာရှင်များစွာ ရင်ဆိုင်ဖြေရှင်းနေကြရသည့် မျိုးရိုးလိုက်သည့် မျက်မြင်လွှာဆဲလ်များ ပျက်စီးခြင်း(Retinitis Pigmentosa) အကြောင်းပင်။ ယခုအချိန်အထိ ဤမျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်အတွက် ထိရောက်သည့် ကုသမှုမျိုး မရှိသေးပေ။


ထိုစဉ်က ထောင်ဟွိုက်နန်မှာ အသက် ၁၂ နှစ်အရွယ်သာရှိသေးပြီး ဆေးရုံများတွင်သာရရှိလေ့ရှိသည့် စိတ်မသက်မသာဖြစ်ဖွယ် အနံ့အသက်များနှင့်အတူ ရှေ့မှလူသားထံမှ ထွက်ပေါ်လာသည့် လန်းဆန်းသော ပူဒီနာနံ့သင်းသင်းလေးကိုပါ ရှူရှိုက်မိခဲ့သည်။


ထိုအချိန်တွင် ထောင်ရှောင်တုန်းနှင့် ချီချန်တို့မှာ ဘေးနားတွင် ရှိမနေကြပေ။ ထောင်ဟွိုက်နန်ကား စိမ်းသက်နေသော ပတ်ဝန်းကျင်ကြောင့် စိတ်တည်ငြိမ်မနေဘဲ ထျန်ယိ၏အနားသို့ ပို၍ တိုးကပ်သွားခဲ့လေသည်။


သို့သော် ထန်ဆောယန်က လက်လှမ်း၍ သူ၏ခေါင်းကို အသာအယာ ပွတ်သပ်ပေးလာခဲ့သည်။ သူ၏ဦးခေါင်းထက်တွင် တင်ထားသည့် ထိုလက်ဖဝါးမှာ နွေးထွေးညင်သာလှပြီး ထိုလူက ထျန်ယိနှင့် စကားပြောဆိုနေစဉ်အတောအတွင်း၌ပင် ဖယ်ရှားခြင်းမရှိဘဲ ထိုအတိုင်းပင် ရှိနေပါ၏။


၎င်းမှာ သူ၏အစ်ကိုဖြစ်သူက အခြားသူများနှင့် စကားပြောဆိုနေစဉ် မသိစိတ်အရ ပြုမူတတ်သည့်အပြုအမူမျိုးနှင့် ဆင်တူနေသည်။


ထောင်ဟွိုက်နန်ကား အသက်လေးနှစ်အရွယ်ကတည်းက အမြင်အာရုံ ဆုံးရှုံးခဲ့ရသူဖြစ်သည်။ သူ၏အမြင်အာရုံထဲတွင် နောက်ဆုံးကျန်ရှိနေခဲ့သည့် မှတ်ဉာဏ်များမှာ ဝေဝါးဝါးပုံရိပ်အချို့သာ။ ယင်းတို့ကသာ သူ၏မျက်ဝန်းဖြင့် မြင်တွေ့ခဲ့ရဖူးသော ကမ္ဘာလောကကြီးဖြစ်ခဲ့သည်။


အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ထိုပုံရိပ်များကို ပြန်လည်အမှတ်ရရန် ခက်ခဲလာခဲ့ပြီး သူ၏အိပ်မက်များပင်လျှင် ဝေဝါးလာခဲ့ရသည်။ 


သူ၏မျက်ဝန်းရှေ့တွင်မူ မှိန်ဖျော့ပြီး အဓိပ္ပာယ်မရှိသည့် အလင်းစတို့ ရံဖန်ရံခါ ပြက်ခနဲလင်းလက်တတ်သည်မှလွဲ၍ ၎င်းတို့မှာ သူ၏အမြင်အာရုံအတွက် မည်သို့မျှ ထူးခြားမှုမရှိတော့ပေ။


သူကား မျက်မမြင်တစ်ဦးဖြစ်သည်။ ထောင်ဟွိုက်နန် ထိုအမှန်တရားကို လက်ခံနိုင်ခဲ့သည်မှာ ကြာပြီပင်။ 


ကိုယ်အင်္ဂါ ချို့ယွင်းသွားသူတစ်ဦး ဖြတ်သန်းရလေ့ရှိသည့် ဝမ်းနည်းပူဆွေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်ပြောင်းလဲမှု အဆင့်ဆင့်တို့ကိုလည်း သူ ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။


အထူးသဖြင့် ထိုစဉ်က သူ၏အသက်မှာ အလွန်ငယ်ရွယ်သေးသဖြင့် ဤအတားအဆီးကို ကျော်လွှားရန်မှာ မခက်ခဲခဲ့ပေ။  ငယ်စဉ်ကတည်းက မျက်စိကွယ်ခဲ့ရခြင်းကိုပင် သူဝမ်းသာနေမိသေးသည်။ အကြောင်းမှာ အရောင်အသွေးများနှင့်ပတ်သက်သည့် မှတ်ဉာဏ်များမှာ နက်နက်ရှိုင်းရှိုင်း မရှိခဲ့သောကြောင့်ပင်။


ထောင်ဟွိုက်နန်က သူ၏မျက်လုံးများနှင့် ပတ်သက်၍ ဘယ်သောအခါမှဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤထက်ပို၍ ဆိုးရွားသွားစရာ အကြောင်းမရှိတော့ဟု သူ ယူဆထားသည်။


သူ၏အခြေအနေမှာ မည်မျှပင် ဆက်လက်ဆိုးရွားသွားပါစေ သူမြင်တွေ့နေရသည့် ပုံစံမှာ ပြောင်းလဲသွားမည်မဟုတ်သဖြင့် သူ့အတွက် ဘာမှထူးခြားမည် မဟုတ်ပေ။


သို့သော်လည်း ထိုနေ့တွင် ဒေါက်တာထန်က ကိုယ်ကိုကိုင်းညွှတ်၍ သူ့အား ပြောခဲ့သည်။ 

"မင်းရဲ့ မျက်လုံးတွေကို အရှုံးမပေးလိုက်ပါနဲ့... သူတို့ကို သေချာကာကွယ်ထားရမယ်... ဘယ်သူကမှ မင်းကို အရှုံးမပေးထားကြဘူး... ကမ္ဘာပေါ်မှာ ဒီပြဿနာအတွက် အဖြေရှာဖို့ ကြိုးစားနေကြတဲ့ ထူးချွန်တဲ့ ဆရာဝန်တွေနဲ့ သုတေသီတွေ အများကြီး ရှိနေပါတယ်... မင်းရဲ့ မျက်လုံးတွေက အခြေအနေ ကောင်းနေပါသေးတယ်... သူတို့က ကျန်းမာနေဆဲဖြစ်သလို ကြံ့ကြံ့ခံပြီး အားတင်းထားကြတုန်းပဲ"


ထောင်ဟွိုက်နန် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ခေါင်းညိတ်ပြလိုက်သည်။


ထန်ဆောယန် ပြုံးလိုက်ပြီး သူ့နဖူးကို လက်ချောင်းလေးဖြင့် အသာအယာတောက်လိုက်သည်။ ထိုအသံလေးမှာ အလွန်ပင် တိုးညင်းလှ၏။ 


“ မင်းရဲ့မျက်လုံးလေးတွေက ဘယ်လောက်တောင် လှသလဲဆိုတာ မင်း မသိလောက်ဘူး ... သူတို့ကို သေချာဂရုစိုက်ပါ... အဲ့ဒီထူးချွန်တဲ့ ဆရာဝန်တွေကို ယုံကြည်လိုက်... ဆရာ့ကိုလည်း ယုံကြည်ပေးပါ... တစ်နေ့မှာ ဒီမျက်လုံးတွေကို ကုသပေးနိုင်မယ့် နည်းလမ်း ဆရာရှာတွေ့တဲ့အခါ... မင်းရဲ့မျက်လုံးတွေက အခုလိုမျိုးလှပနေဦးမယ်လို့ မျှော်လင့်ပါတယ်”


ထိုလူသားထံမှ ထွက်ပေါ်လာသည့် ပူဒီနာနံ့သင်းသင်းလေးမှာ ဖမ်းဆုပ်ရခက်လှသည်။ တစ်ခါတစ်ရံတွင် နှာခေါင်းဝ၌ ခပ်ဖျော့ဖျော့လေး ဝဲပျံနေတတ်ပြီး တစ်ခါတစ်ရံတွင်မူ ပျောက်ကွယ်သွားတတ်ပြန်သည်။


ထောင်ဟွိုက်နန် ထိုရနံ့ကို မှတ်ဉာဏ်ထဲတွင် စွဲမြဲနေစေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။


ထိုနေ့လယ်ခင်းအား ထောင်ဟွိုက်နန်အတွက် အံ့ဩစရာကောင်းလောက်အောင် ရှင်းလင်းပြတ်သားစွာ အမှတ်ရနေဆဲ ဖြစ်သည်။


သူ၏အစ်ကိုမှာ အပြင်သို့ရောက်နေချိန်ဖြစ်ပြီး ချီချန်မှာလည်း ကိစ္စတစ်ခုဖြင့် ထွက်သွားချိန်တွင် ထျန်ယိကောက သူ့ကို အလွန်ထူးချွန်သည့် ဆရာဝန်တစ်ဦးနှင့် တွေ့ပေးမည်ဟုဆိုကာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။


ယခင်ကလည်း သူ ဆရာဝန်ပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူ၏အစ်ကိုက သူ့ကို မျက်စိအထူးကု ဆရာဝန်များစွာထံ ခေါ်ဆောင်ပြသခဲ့ဖူးသည်။


သို့သော် ထိုနေ့နောက်ပိုင်းတွင်မူ ထောင်ဟွိုက်နန်အတွက် ဤဆရာဝန်တစ်ဦးတည်းသာ ရှိတော့သည်။ သူကား ထန်ဆောယန်ကို တကယ်ပင် သဘောကျမိသွား၏။


ထောင်ရှောင်တုန်းကမူ သဘာဝကျစွာပင် သူ၏ညီဖြစ်သူ သဘောကျသည့်အရာမှန်သမျှကို လိုက်၍ သဘောကျတတ်လေသည်။


ထန်ဆောယန်က ထောင်ရှောင်တုန်းအတွက်မူ အလွန်ပင် လေးစားအားကျရသဖြင့် အနားသို့ပင် တိုးကပ်ရန်မဝံ့ရဲသည့် ထူးချွန်သော ဆရာဝန်တစ်ဦးဖြစ်သည်။ အစပိုင်းတွင် ထောင်ဟွိုက်နန်၏မျက်စိအခြေအနေကို ဆွေးနွေးရန်အတွက်သာ သူတို့တစ်ကြိမ်တစ်ခါ အတူတူ ထမင်းစားခဲ့ဖူးသည်။ 


ထိုနောက်ပိုင်းတွင်မူ ထောင်ဟွိုက်နန်ကို မျက်စိပုံမှန်စစ်ဆေးရန် ခေါ်လာသည့် အခါတိုင်း၌သာ တွေ့ဆုံဖြစ်ကြပြီး ရိုးရိုးရှင်းရှင်း နှုတ်ဆက်ရုံမျှသာ ရှိခဲ့ကာ အခြားအပိုစကားများလည်း မပြောဖြစ်ခဲ့ကြပေ။


ထိုထက်ပို၍ ရင်းနှီးရန် ကြိုးစားခြင်းမှာ ထန်ဆောယန်အပေါ် မလျော်ကန်သလို ရိုသေမှုမရှိရာရောက်သည်ဟု ထောင်ရှောင်တုန်းက ယူဆထားသည်။ သူ၏အမြင်တွင်မူ သူတို့နှစ်ဦးကြားရှိ ဤကဲ့သို့သော အကွာအဝေးမှာ အနေရခက်ခြင်းမရှိဘဲ အလွန်ပင် သင့်တော်လှသည်။


ထိုသို့သော လေးစားမှုကြောင့်ပင် နောက်တစ်ကြိမ် ထုံနင်နှင့်တွေ့ဆုံသည့်အခါ ထောင်ရှောင်တုန်းမှာ ပို၍ပင် ဂရုတစိုက်ရှိလာခဲ့သည်။


နောက်ပိုင်းတွေ့ဆုံသည့် အကြိမ်တိုင်းတွင်လည်း သူက ထုံနင်ကို အနည်းငယ်ပို၍ ကြည့်ရှုစောင့်ရှောက်ပေးကာ ပိုမိုနွေးထွေးစွာ ဆက်ဆံခဲ့သည်။


တစ်ခါက ဆေးတက္ကသိုလ်ကျောင်းဆင်းဟောင်းများ အများစုပါဝင်သည့် လူမှုရေးပွဲတစ်ခုသို့ ထောင်ရှောင်တုန်းလည်း တက်ရောက်ခဲ့ရာ သူက ထုံနင်ကိုယ်စား အရက်အချို့ကို ဝင်ရောက်သောက်ပေးခဲ့သည်။ တစ်စုံတစ်ယောက်က သူတို့နှစ်ဦး၏ ဆက်ဆံရေးအပေါ် နောက်ပြောင်ကျီစယ်သောအခါ ထောင်ရှောင်တုန်းက အလျင်အမြန်ပင် လက်ကာပြလိုက်သည်။

“ဒီလိုမျိုး မနောက်မကြပါနဲ့...”


ရှားယွမ်က သူ့ကို သီးသန့်မေးလာခဲ့သည်။

“ရှောင်တုန်း... မင်း ထုံနင်အပေါ် စိတ်ဝင်စားနေတာများလား...”


ထောင်ရှောင်တုန်းက ချက်ချင်းပင် ခေါင်းခါလိုက်ပြီး  ပြန်ပြောလိုက်လေသည်။

“အဲ့လိုမျိုး လုံးဝမဟုတ်ဘူးနော်...” 


“ဒါဆို မင်း သူ့အပေါ်ဆက်ဆံတာက တခြားသူတွေနဲ့ မတူဘူးလို့ ငါဘာလို့ ခံစားနေရတာလဲ...” 

ရှားယွမ်က ထောင်ရှောင်တုန်း၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်ရင်း စောင်းငဲ့ကြည့်ကာ မေးလိုက်သည်။

“ဒါမှမဟုတ် ငါပဲ အမြင်မှားနေတာလား...”


“လျှောက်မတွေးစမ်းပါနဲ့... မင်းခေါင်းထဲမှာ ဘယ်လို အဓိပ္ပာယ်မရှိတာတွေနဲ့ပဲ ပြည့်နေတာလဲ...” 

ထောင်ရှောင်တုန်းက မျက်မှောင်ကြုတ်လိုက်သည်။ အခြား ဘာရည်ရွယ်ချက်မှ မရှိသဖြင့် သူက ဤအကြောင်းအရာကို ဆက်မပြောလိုတော့ပေ။


ရှားယွမ်က စေတနာဖြင့် အကြံပေးလေသည်။ 

“သူ့မှာ လူရှိပြီးသားနော် ... သူ့လက်တွဲဖော်ကိုလည်း မင်းသိတာပဲ မဟုတ်လား... သူများဆက်ဆံရေးကြား ဖျက်ဆီးတဲ့သူမဖြစ်စေနဲ့ဦး... လမ်းမှားမရောက်သွားစေနဲ့...”


ထောင်ရှောင်တုန်းက ဘေးနားရှိ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ ရှားယွမ်ကို လှမ်းထုလိုက်သည်။ သူသည် ဤစကားဝိုင်းကို အဆုံးသတ်ရန် မတ်တတ်ရပ်လိုက်လိုက်၏။

“တော်တော့... ဘာမှမရှိပါဘူးလို့ ငါပြောပြီးပြီပဲ... အဲ့ဒါကို ဆက်မပြောနဲ့တော့... မင်းပြောရတာ မပျင်းသေးဘူးလား...”


ထောင်ရှောင်တုန်းတွင် ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး တကယ်ကို မရှိခဲ့ချေ။ ထုံနင်တွင် လက်တွဲဖော် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထောင်ရှောင်တုန်းအတွက် ဘာမှအရေးမပါပေ။ ထို့ပြင် သူက ထုံနင်အပေါ် ဂရုစိုက်ပြခဲ့သည်မှာလည်း အစကတည်းက ထန်ဆောယန်အပေါ် ထားရှိသည့် လေးစားမှုကြောင့်သာ။ 


WeChat အကောင့်ချင်း ဖလှယ်ခဲ့ကြသော်လည်း သူနှင့် ထုံနင်တို့မှာ တစ်ဦးနှင့်တစ်ဦး စာတစ်စောင်မျှပင် အပြန်အလှန်ပို့ဖူးခြင်း မရှိကြပေ။


လူများက သူတို့နှစ်ဦးအကြောင်းကို ထိုသို့ ပြောဆိုနေကြသည်မှာ ထောင်ရှောင်တုန်းအတွက် ကျောချမ်းစရာပင် ကောင်းနေပြီး ဆက်လက်၍ သည်းမခံနိုင်တော့ပေ။


ထုံနင်ကား သိက္ခာရှိစွာ ထိန်းသိမ်းနေထိုင်တတ်သူတစ်ဦးဖြစ်သည်။ ထောင်ရှောင်တုန်းအနေဖြင့် ထုံနင်ကို ရှပ်အင်္ကျီအဖြူရောင်နှင့် ဘောင်းဘီရှည်ကိုသာ အမြဲဝတ်ဆင်ထားသည်ကို မြင်တွေ့ရလေ့ရှိပြီး သူ၏ အနေအထိုင်အပြုအမူမှာလည်း အစဉ်အမြဲပင် အပြစ်ပြောစရာမရှိအောင် သပ်ရပ်လှသည်။ 


သူပြောလိုက်သည့် စကားလုံးတိုင်းနှင့် ပြုံးလိုက်သည့် အပြုံးတိုင်းမှာ အခြေအနေနှင့် လိုက်လျောညီထွေရှိလှသဖြင့် သူ့ကို အနည်းငယ် စိမ်းသက်သူတစ်ဦးကဲ့သို့ ထင်မှတ်စေသည်။ ထိုကဲ့သို့သော အရှိန်အဝါမျိုးကြောင့်ပင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှားယွမ်ကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ မည်သူကမှ သူနှင့်နီးစပ်အောင် မချဉ်းကပ်နိုင်သကဲ့သို့ ခံစားရသော်လည်း မာနကြီးသူတစ်ဦးနှင့်မတူဘဲ တွေ့ဆုံဖူးသူတိုင်းအပေါ် စွဲထင်ကျန်ရစ်စေသည့်  အမှတ်တရမျိုးကိုသာ ပေးစွမ်းခဲ့သည်။


သူ့ကို ကောင်းကောင်းသိကြသူများကမူ ထုံနင်တွင် အထူးတလည်ရင်းနှီးသည့် သူငယ်ချင်းဟူ၍မရှိကြောင်း ပြောကြလိမ့်မည်။ သူကား လူတိုင်းအပေါ်တွင် အပေါ်ယံအဆင်ပြေရုံမျှသာ ဆက်ဆံတတ်ပြီး ၎င်းမှာ ဆေးရုံတွင် သူပုံမှန်ရှိနေတတ်သည့် ပုံစံမျိုးလည်းဖြစ်သည်။


သဘောကောင်းပြီး ယဉ်ကျေးသိမ်မွေ့သူ စကားနည်းသူဖြစ်ကာ ဒေါသထွက်လွယ်သူလည်း မဟုတ်ပေ။


ထိုကဲ့သို့သော လူမျိုးမှာ အရာရာတွင် ပြည့်စုံလွန်းနေသဖြင့် လက်တွေ့မဆန်သကဲ့သို့ပင် ခံစားရပေသည်။


ဖြစ်နိုင်သည်မှာ ထန်ဆောယန်၏ ရှေ့မှောက်တွင်သာ သူသည် သူ၏ အစစ်မှန်ဆုံးသော ပုံရိပ်ကို ပြသပေလိမ့်မည်။


ထုံနင် အလုပ်ဆင်းချိန်မတိုင်မီ တစ်နာရီခန့်ကတည်းက ထန်ဆောယန်၏ ကားမှာ အာ့ဆေးရုံရှေ့တွင် ရပ်နားထားပြီးဖြစ်သည်။ သူက သူ၏ကားကို ထုံနင်၏ကားအနီးတွင် ကပ်ရပ်လိုက်ပြီး ထုံနင်ချဉ်းကပ်လာသည်နှင့် ထန်ဆောယန်က ကားဟွန်းကို တီးလိုက်သည်။

( စန်းနဲ့အာ့က နံပါတ် ၃နဲ့၂ရဲ့စကားလုံးတွေထင်တယ်)


ထုံနင် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။

ထန်ဆောယန်က ဟွန်းကို နောက်တစ်ကြိမ် ထပ်တီးလိုက်ပြန်သည်။ ထိုအခါမှ ထုံနင်က လျှောက်လာပြီး ကားပေါ်သို့ တက်ထိုင်လိုက်လေသည်။


သူတို့နှစ်ဦး မတွေ့ဖြစ်ကြသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်သည်။ ထုံနင်က သူ့ကို ရှောင်ဖယ်နေခဲ့ခြင်းပင်။ နှစ်သစ်ကူးကာလမှ ယခုအချိန်အထိ သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုမှသာ သူတို့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သည်။ ထန်ဆောယန်က ဆိုသည်။

"ငါတို့ စကားပြောကြရအောင်" 


ဤအတိုင်း ဆက်သွားရန် မဖြစ်နိုင်တော့ကြောင်း သူတို့နှစ်ဦးလုံး ကောင်းကောင်းသိကြသည်။ ထုံနင်က တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။ 

"ကောင်းပါပြီ"


အခြားစကားတစ်လုံးမျှ ထပ်မဆိုတော့ဘဲ ထန်ဆောယန်က သူ့အိမ်ကို မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။ ထုံနင်မှာ သူ၏ပစ္စည်းအတော်များများကို ရွှေ့ပြောင်းပြီးဖြစ်သော်လည်း သူရှိခဲ့ဖူးသည့်အမှတ်အသားအချို့မှာ ကျန်ရှိနေဆဲပင်။ 


ကျန်ရစ်ခဲ့သည့်အရာများကိုလည်း ထန်ဆောယန်က တစ်ခုလေးပင် မထိတွေ့ဘဲ ထားထား၏။ ဤနေရာမှာ ထုံနင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် နေရာဖြစ်သဖြင့် သူ့အတွက် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။


သူ၏ အိမ်စီးဖိနပ်လေးမှာ ဖိနပ်ဗီရိုထဲတွင် ရှိနေဆဲပင်။ သူတို့နှစ်ဦးလုံး တိတ်ဆိတ်စွာပင် ဖိနပ်လဲလိုက်ကြပြီး တစ်ယောက်တစ်လှည့် ရေချိုးခန်းထဲသို့ဝင်ကာ သန့်စင်လိုက်ကြသည်။ နှစ်ပေါင်းများစွာ အတူတကွနေထိုင်လာခဲ့ရာမှ ဖြစ်တည်လာသော အလေ့အကျင့်များမှာ ယခုအခါတွင်မူ အလိုအလျောက်ပင် စွဲမြဲနေခဲ့ချေပြီ။


ထို့နောက်တွင်မူ သူတို့က မည်သူကမျှ စတင်ပြောဆိုခြင်းမရှိဘဲ ညစာကို အတူပြင်ဆင်ကြပြန်သည်။ ဟင်းသီးဟင်းရွက် ဆေးကြောခြင်းဖြစ်စေ ချက်ပြုတ်ခြင်းပင်ဖြစ်စေ သူတို့တွင် ကိုယ်စီတာဝန်များ ရှိနေကြပြီးဖြစ်၏။ ဤအရာအားလုံးကို တစ်ဦးနှင့်တစ်ဦး စကားတစ်လုံးမျှ ပြောဆိုရန်မလိုဘဲ ပြီးမြောက်အောင် ဆောင်ရွက်လိုက်ကြသည်။


ညစာစားပြီးနောက် သူတို့နှစ်ဦးလုံး ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။ ထန်ဆောယန်၏ လက်များမှာ ဆေးကြောထားကာစဖြစ်၍ အနည်းငယ် စိုစွတ်နေဆဲ။ သူက တစ်ရှူးတစ်ရွက်ဖြင့် လက်ကိုသုတ်လိုက်ရင်း ထုံနင်ကို စတင်စကားပြောလိုက်သည်။ 

"မင်း ဘယ်လိုတွေးထားလဲ...  ပြောပြပါဦး"


ငါ ဘယ်လိုတွေးထားတာလဲ..


ထန်ဆောယန်လှမ်းမေးလိုက်သည့် ဤမေးခွန်းကို ထုံနင်က ချက်ချင်းအဖြေမပေးနိုင်ခဲ့ပေ။ သူ၏ မေးရိုးများမှာ တင်းမာသွားသည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ သူက ထန်ဆောယန်ကို မေးခွန်းပြန်ထုတ်လိုက်သည်။ 

"ကျွန်တော်တို့ ဘာကြောင့် ရန်ဖြစ်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းရင်းကိုရော... ခင်များ သတိရပြီလား..."


ထန်ဆောယန်က ခေါင်းညိတ်ပြလိုက်လေသည်။


သူတို့ကြားရှိ ရန်ပွဲ မည်သို့စတင်ခဲ့သည်ကို သူ နောက်ဆုံးတွင် ပြန်လည်သတိရသွားခဲ့၏။ ၎င်းမှာ ထုံနင်က စိတ်ဆိုးသွားခြင်းကြောင့်မဟုတ်ဘဲ ထန်ဆောယန်က ဦးစွာ မျက်နှာလွှဲသွားခဲ့ခြင်းကြောင့်သာ။


ထိုအကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုရန်မှာ အနည်းငယ် ခက်ခဲလှ၏။ အထူးသဖြင့် သူတို့ကဲ့သို့ မာနကြီးသူများအတွက် ပို၍ပင် ခက်ခဲပေလိမ့်မည်။


ထုံနင်ကား အသားချင်းထိတွေ့ ဆက်ဆံရခြင်းကို ဘယ်သောအခါကမှ သဘောကျခဲ့သူမဟုတ်ပေ။ သူ့အနေဖြင့် လိင်ဆက်ဆံခြင်းအပေါ် တစ်နည်းတစ်ဖုံ စက်ဆုပ်ရွံရှာတတ်သူပင်။


သူတို့၏ အသက်နှစ်ဆယ်ကျော်အရွယ်များ၌လည်း ထုံနင်တွင် ထိုကဲ့သို့သော ပြင်းပြသည့်စိတ်ဆန္ဒမျိုး တစ်ခါလေးပင် မရှိခဲ့ဖူးချေ။ 


🔥🔥🔥