Ch 7
Viewers 48

🔥 အခန်း ၇



သို့သော်လည်း သူက ငြင်းဆန်ဟန်မပြခဲ့ဘဲ အလိုက်သင့်ပင် လိုက်ပါပေးခဲ့သည်။ ထို့ပြင် ထန်ဆောယန်က သူ့အား သာယာမှုပေးနိုင်စွမ်းရှိပြီး သူ၏ခုခံမှုများကို အရည်ပျော်ကျသွားအောင်လည်း ပြုလုပ်နိုင်ခဲ့သည်။ 


ထိုစဉ်ကမူ ထုံနင်မှာ ပုံမှန်အတိုင်းပင် ပြုမူခဲ့ပြီး ထန်ဆောယန် စိတ်ပါလာသည့်အချိန်တိုင်းတွင်လည်း လိုက်လျောပေးခဲ့၏။


သို့သော် မကြာသေးခင် နှစ်ပိုင်းများတွင်မူ သူ ထိုကဲ့သို့သောကိစ္စရပ်များအပေါ်  စိတ်ပါဝင်စားမှု လျော့နည်းလာခဲ့သည်။ များသောအားဖြင့် ပင်ပန်းသည်ဟူသော အကြောင်းပြချက်ဖြင့်သာ ရှောင်လွှဲတတ်၏။ ထိုသို့သော ကိစ္စများမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုအပေါ်တွင်သာ အခြေခံသဖြင့် တစ်ဦးတစ်ယောက်က စိတ်မပါပါက မည်သည့်သာယာမှုကိုမှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။


တကယ်တမ်းဆက်ဆံသည့်အခါမျိုး၌ ထုံနင်တစ်ယောက် သာယာမှုရရှိသည်မှာ ငြင်းမရသည့် အချက်ဖြစ်နေလျှင်ပင် ၎င်းက အရေးမကြီးတော့ပေ။ ထန်ဆောယန်ကမူ အရာရာကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရခြင်းကို သဘောကျသူ ဖြစ်သည်။ 


သူက ထုံနင်၏ ခန္ဓာကိုယ်အကြောင်းကို ကောင်းကောင်းသိရှိထားသဖြင့် သူတို့ကြားတွင် သဟဇာတမဖြစ်ခြင်းမျိုးဖြစ်ပေါ်ရန် မဖြစ်နိုင်သလောက်ပင်။ သို့သော်လည်း ထုံနင်ကမူ စက်ဆုပ်ရွံရှာသည်အထိ စိတ်မပါ ဖြစ်နေခဲ့ခြင်းဖြစ်သည်။


ယခုတစ်ကြိမ် သူတို့၏ရန်ပွဲမှာမူ ထန်ဆောယန်က လိင်ဆက်ဆံလိုသည့်ဆန္ဒရှိရာမှ စတင်ခဲ့ခြင်းဖြစ်၏။ ထုံနင်က အနည်းငယ် ငြင်းဆန်ဟန်ပြပြီးမှ လိုက်လျောပေးခဲ့၏။ သူက မလုပ်ဖို့ရာ အတိအလင်းမငြင်းဆိုခဲ့သကဲ့သို့ သူ၏ ခန္ဓာကိုယ်တုံ့ပြန်မှုများကလည်း သူစိတ်ကြွနေသည်ကို သိသာစေခဲ့သည်။


သို့သော်လည်း နောက်ဆုံးတွင်မူ သူက ထန်ဆောယန်ကို ရုတ်တရက် ဝုန်းခနဲ တွန်းထုတ်လိုက်မိတော့သည်။

“...ကျွန်တော် အဲဒါကို မလိုချင်တော့ဘူး” 


ထုံနင်က မျက်မှောင်ကြုတ်လျက် အကြည့်လွှဲကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။

ထန်ဆောယန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

 â€œá€˜á€Źá€–á€źá€…á€şá€œá€­á€Żá€ˇá€œá€˛â€ 


ထိုအချိန်တွင် သူတို့နှစ်ဦးလုံးမှာ အင်္ကျီများ ချွတ်ထားပြီးဖြစ်၏။ ထုံနင်က သူ၏အင်္ကျီကို ပြန်လည်ဝတ်ဆင်လိုက်ရင်း ခပ်တိုးတိုး ဆိုလိုက်၏။

 â€œá€˜á€Źá€™á€žá€™á€–á€źá€…á€şá€•á€Ťá€˜á€°á€¸... ကျွန်တော် ဒါကို မလုပ်ချင်ရုံတင်ပါ... ကျွန်တော့်လက်နဲ့ပဲ လုပ်ပေးရမလား”

 

ဤကဲ့သို့ ဖြစ်ပျက်ခဲ့သည်မှာ ယခုတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ။ ထုံနင်မှာ သဘာဝအတိုင်းဆက်ဆံရန် ငြင်းဆန်သော်လည်း ဒူးထောက်၍ အခြားသောနည်းလမ်းများဖြင့် ဖြေဖျောက်ပေးရန်ကိုမူ ငြင်းဆန်ခြင်းမရှိခဲ့ချေ။


ချစ်သူများကြားရှိ မည်သည့်အပေးအယူမတည့်ဖြစ်မှုမျိုးမဆို အမှန်တကယ်တွင် ထုတ်ဖော်ပြောဆိုရန် အလွန်ခက်ခဲလှ၏။ အထူးသဖြင့် နှစ်ဦးနှစ်ဖက်လုံးမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းနေကြသည့် အခါမျိုးတွင် ပို၍ပင်ခက်ခဲလှပေသည်။


ထို့ပြင် အကြိမ်တိုင်းတွင်လည်း ထုံနင်က သူ့အား တွန်းထုတ်သည့်အခါ၌ အလွန်အမင်း တင်းမာခက်ထန်လေ့ရှိ၏။ သူ၏ မျက်နှာထက်တွင် စက်ဆုပ်ရွံရှာမှုများ အထင်းသားပေါ်လွင်နေတတ်ပြီး ထိုရွံရှာမှုကိုမြင်တွေ့ရခြင်းမှာ သူ့စိတ်ကို ထိခိုက်နာကျင်စေသည်။


ထန်ဆောယန်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခဲ့၏။ သူကား ထုံနင်၏ ရှေ့မှောက်တွင် ဒေါသမထွက်ပြသလို မျက်နှာထားတင်းမာခြင်းမျိုးမှာလည်း မရှိသလောက်ပင်။  အကြောင်းမှာ ထုံနင်က သူ၏ ထိုကဲ့သို့သောပုံစံမျိုးကို မြင်တွေ့ရသည်ကို သဘောမကျသောကြောင့်ပင်။


“ကျွန်တော် ဒါကို မလုပ်ချင်ရုံတင်ပါ များများလုပ်လေလေ ပိုပြီးတော့မလိုချင်လေလေပဲ… တကယ်လို့ ကောအနေနဲ့ ဒါမပါဘဲ မနေနိုင်ဘူးလို့ ခံစားရတယ်ဆိုရင် ကျွန်တော်တို့ လမ်းခွဲကြစို့... ကျွန်တော် တကယ်ကိုမကြိုက်ဘူး” 


သူ၏ အသံထဲတွင် မည်သည့်နေရာမှ ရောက်လာသည်မသိသော စိတ်တိုဒေါသရိပ်အချို့ပင် စွန်းထင်နေခဲ့၏။


ထန်ဆောယန်အနေဖြင့် ထုံနင်အား မည်သည့်ကိစ္စတွင်မျှ အတင်းအကျပ် မပြုလုပ်ခဲ့ဖူးချေ။ ထုံနင်က မလိုချင်တော့ကြောင်း အတိအလင်း ပြောဆိုသည့်အခါတိုင်းတွင်လည်း ထန်ဆောယန်က ဆက်လက်၍ မကြိုးစားခဲ့ပေ။


သို့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးဖြင့် အစဉ်ထာဝရ ရှေ့ဆက်ရန်မှာ မဖြစ်နိုင်ကြောင်း သူနားလည်ထား၏။ ထန်ဆောယန် သူ၏ညဝတ်အင်္ကျီ ကြယ်သီးများကို တိတ်ဆိတ်စွာပင် တပ်လိုက်၏။ ထို့နောက် သူက ထုံနင်ကို ကြည့်ကာ ခပ်တိုးတိုး အသံဖြင့် ဆိုလိုက်သည်။

“ပြဿနာကို ဖြေရှင်းကြည့်ရအောင်... တစ်ခုခုဆိုတိုင်း လမ်းခွဲမယ်ဆိုတဲ့ စကားကိုပဲ အရင်မပြောနဲ့... အဲဒီစကားတွေက ဘာကိုမှ ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး”


ထုံနင်ကမူ ထန်ဆောယန် သူ့အား ဒေါသဖြင့် ပြောဆိုသည့်ပုံစံမျိုးကို သည်းမခံနိုင်ပေ။ 

“ဘာကို ဖြေရှင်းရမှာလဲ... ကျွန်တော်က ဒါကို မကြိုက်ရုံတင်ပါ... ကောနဲ့ အတူတူနေပေးမှပဲ ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာလား”


နောက်ဆုံးတွင်မူ သူတို့နှစ်ဦး စကားပြော၍ အဆင်မပြေခဲ့ကြချေ။ ထန်ဆောယန်၏ စိတ်အခြေအနေမှာ အလွန်ပင် ဆိုးရွားနေခဲ့သလို ထုံနင်၏စကားလုံးများမှာလည်း ဆူးများပမာ စူးနင့်နေခဲ့၏။ ထိုအချိန်မှစ၍ သူတို့နှစ်ဦးလုံးမှာ တစ်ဦးနှင့်တစ်ဦး အေးစက်စက်အမူအရာများဖြင့်သာ ဆက်ဆံခဲ့ကြတော့သည်။ ရက်အနည်းငယ်အကြာတွင်မူ ထုံနင်က အိမ်မှ ပြောင်းရွှေ့သွားခဲ့ပြီး ထန်ဆောယန်မှာလည်း အလုပ်များနေခဲ့၏။


သို့သော် ဤကိစ္စကို ထာဝရဘေးဖယ်ထားရန် မဖြစ်နိုင်ပေ။ အဆုံးစွန်၌မူ အငြင်းပွားမှုတစ်ခုမှာ အဖြေရှာရန် လိုအပ်သဖြင့် သူတို့စကားပြောသင့်သည်မှာ ကြာပေပပြီ။


သူတို့နှစ်ဦးလုံးကား စိတ်အေးသွားရန်အတွက် လုံလောက်သည့်အချိန်ကို ရရှိခဲ့ကြပြီးဖြစ်သည်။ သုံးလဆိုသည့် အချိန်ကာလမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် ဒေါသလျှော့ပြီး ပြဿနာကို တည်ငြိမ်ရင့်ကျက်သည့် နည်းလမ်းဖြင့် ဖြေရှင်းကာ ဆုံးဖြတ်ချက်တစ်ခုချရန်အတွက် လုံလောက်သော အချိန်ပင်။


ထုံနင်ကား ဆိုဖာပေါ်တွင် အတော်လေးကြာအောင် တိတ်ဆိတ်စွာထိုင်နေခဲ့သဖြင့် ရပ်ကွက်အတွင်းရှိ ခွေးလမ်းလျှောက်ထွက်သူများပင် အိမ်သို့ ပြန်ရောက်ကုန်ကြပြီဖြစ်သည်။ သူ စတင်စကားပြောလိုက်သည့်အချိန်တွင်မူ မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံ၏ ပြတင်းပေါက်များမှ မီးရောင်များမှာ လင်းထိန်နေခဲ့ပြီ။


ဤကဲ့သို့ ရှည်လျားလှသည့် တိတ်ဆိတ်မှုမှာ ထုတ်ပြောရန်ခက်ခဲလှသည့် စကားလုံးများအတွက် နိဒါန်းပျိုးခြင်းသာဖြစ်ပေလိမ့်မည်။


သူ ထန်ဆောယန်ကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းအိမ်များမှာ နီရဲနေခဲ့ပြီး အသံမှာလည်း တိမ်ဝင်နေခဲ့၏။ 


“ကျွန်တော် ဒီတစ်ခါ စိတ်မဆိုးပါဘူး... ဒေါသနဲ့ ပြောနေတာလည်း မဟုတ်ဘူး... ကျွန်တော် တကယ်ပဲ... လမ်းခွဲချင်တာ”


×××××


ထုံနင်မှ လမ်းခွဲလိုကြောင်း ဆိုလိုက်သည့်အချိန်၌ သူ၏အသံမှာ တိမ်ဝင်လျက်ရှိနေ၏။ သူ၏အကြည့်များမှာ နာကျင်ကြေကွဲမှုများဖြင့် ပြည့်နှက်နေသော်လည်း ပြောပြီးသည့်စကားကို ပြန်လည်ရုပ်သိမ်းမည့်အမူအရာ တစ်စွန်းတစ်စပင် မပြခဲ့ချေ။


ထန်ဆောယန်ကမူ သူ့ကို အလွန်တည်ငြိမ်စွာဖြင့် ကြည့်ရှုနေ၏။

“ဘာဖြစ်လို့လဲ... မင်း ဒါကို လက်မခံနိုင်လို့လား”


ထုံနင်က ခေါင်းခါပြလိုက်၏။ သူ၏လက်ချောင်းများမှာ ဘောင်းဘီရှည် အသားကို ဆွဲပွတ်နေမိသည်။

“ယန်ကော... ကျွန်တော် ဒီအခြေအနေတွေကို တော်တော်လေး ငြီးငွေ့နေပြီလို့ ခံစားရတယ်... ကျွန်တော်တို့ အတူတူဖြတ်သန်းနေတဲ့ ဘဝကြီးက အနှစ်သာရမရှိတဲ့ အခွံသက်သက်ကြီးလိုပဲ”


“ဘယ်အပိုင်းကို ပြောတာလဲ”

ထန်ဆောယန်က တည့်တိုးပင် မေးလိုက်၏။

ထုံနင်ကမူ သူ့ကို မကြည့်ဘဲ အကြည့်ကိုအောက်သို့သာ လွှဲထား၏။


“အရာအားလုံးပါပဲ”


“ဥပမာတစ်ခုလောက် ပေးစမ်းပါ”


“ခင်များရော ဒါကို မခံစားမိဘူးလား”

ထုံနင်က ပြန်မေး၏။

“ဥပမာအားဖြင့်... ကျွန်တော်တို့ ဒီလောက်အကြာကြီး ဝေးကွာနေခဲ့ကြတာတောင်မှ ကျွန်တော်တို့ ဘာကြောင့်ရန်ဖြစ်ခဲ့ကြတယ်ဆိုတာကို ကော မေ့နေခဲ့တယ်... ဒါက ချစ်သူတွေကြားမှာရှိသင့်တဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ ကျွန်တော်ထင်တာပဲ... ကျွန်တော်တို့ရဲ့ စိတ်တွေက အရင်လိုမှ လတ်ဆတ်မနေကြတဲ့ဟာ”


ထန်ဆောယန်ကမူ နှာတံကို လက်ချောင်းများဖြင့် ဖိညှစ်လိုက်သော်လည်း မည်သည့် ခုခံချေပစကားမျှ မဆိုခဲ့ချေ။


“အရင်တုန်းက ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး ရှိခဲ့သလဲဆိုတာကိုတောင် ကျွန်တော် သေချာမမှတ်မိတော့ဘူး... အခုလိုမျိုးပဲလားဆိုတာလည်း ကျွန်တော်မသိတော့ဘူး”


ထုံနင်က သက်ပြင်းရှည်ကြီးတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။

“ကျွန်တော် ကောကို‌ တွေ့တောင်မတွေ့ချင်တော့ဘူး... ဖိအားတွေ ခံစားနေရတယ်... ကောက ကျွန်တော်နဲ့ အဲဒီလိုမျိုး ကိစ္စတွေ လုပ်ချင်လာမှာကို ကျွန်တော်ကြောက်နေမိတယ်... ကျွန်တော်က မလုပ်ဖို့မငြင်းပေမဲ့ တကယ်တမ်းကျတော့... အဲဒါကို တကယ်ကြီး စက်ဆုပ်ရွံရှာနေမိတာ... ဒီအရာတွေအားလုံးက ကျွန်တော့်ကို ပင်ပန်းနွမ်းနယ်စေတယ် ကောကိုရှောင်ရင်း တွေ့ရမှာကို ကြောက်နေရရင်းနဲ့ပဲ နေ့တိုင်း စိုးရိမ်တကြီး ဖြတ်သန်းနေရတယ်”


ထန်ဆောယန်က ရုတ်တရက်ပြုံးလိုက်၏။ သူက ဆိုဖာနောက်မှီသို့ မှီချလိုက်ပြီး မိမိကိုယ်ကိုယ် လှောင်ပြောင်သလိုမျိုး ရယ်မောလိုက်ကာဆိုသည်။

“မင်းပြောပုံအရဆိုရင် ငါက ကရမ္မက်ကြီးတဲ့သူတစ်ယောက်လိုဖြစ်နေပြီပဲ”


သူတို့နှစ်ဦး အတူတူမနေဖြစ်ခဲ့ကြသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ပတ်လုံးတွင် သူတို့ လိင်ဆက်ဆံခဲ့သည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေလိမ့်မည်။ ထုံနင်ကား ထန်ဆောယန်ထက် နှစ်နှစ်ခန့် ငယ်၏။ နှစ်ပေါင်းများစွာအတွင်း၌ ထန်ဆောယန်မှာ သူ့အလိုကျ တစ်ဆင့်ပြီးတစ်ဆင့် လိုက်လျောပေးခဲ့ပြီး သူဖြစ်ချင်သမျှကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။


ထို့ပြင် ထန်ဆောယန်မှာ အလုပ်များသူတစ်ဦးဖြစ်သဖြင့် သူတို့နှစ်ဦး အတူတကွ ရှိနေသည့်အချိန်မှာလည်း အလွန်နည်းပါးလှ၏။ ထုံနင်က ထိုကိစ္စကို မနှစ်သက်သဖြင့် သူတို့၏ ဆက်ဆံရေးမှာ အခြားသောချစ်သူစုံတွဲများထက် အကြိမ်အရေအတွက် များစွာလျော့နည်းနေခဲ့ခြင်းဖြစ်သည်။


“ဒါက ကောကြောင့်ဖြစ်နေတဲ့ ပြဿနာမဟုတ်မှန်း ကျွန်တော်သိပါတယ်... လိင်စိတ်ဆန္ဒရှိတာက ပုံမှန်ပါပဲ... ဒါက ကျွန်တော့်ဘက်က ဖြစ်နေတာပါ”


ထုံနင်မှာ စကားလုံးများကို ခက်ခက်ခဲခဲ ထုတ်ဖော်ပြောဆိုနေရဆဲဖြစ်ပြီး သူ၏ဘောင်းဘီစကိုသာ ဆွဲပွတ်နေမိ၏။ 

“ဒါပေမဲ့ ကျွန်တော် ဒါကို မထိန်းချုပ်နိုင်ဘူး”


ထန်ဆောယန်သည်လည်း ယနေ့တွင် အလျှော့ပေးခြင်းမရှိဘဲ အခြေအနေအရပ်ရပ်ကို အရှိအတိုင်းပင် ပြောဆိုလိုက်၏။

“မင်းကိုယ်တိုင်လည်း စိတ်ကြွလာတာပဲ မဟုတ်လား”


ထုံနင်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်... ကျွန်တော့်ခန္ဓာကိုယ်က တုံ့ပြန်ပါတယ်... ဒါပေမဲ့ ကျွန်တော့်စိတ်ကတော့ ဒါကို လက်မခံနိုင်ဘူး”


“ဘယ်အရာကို လက်မခံနိုင်တာလဲ... ဘယ်အဆင့်ကိုလဲ”

ထန်ဆောယန်က သူ့ကို သေချာစိုက်ကြည့်ရင်း တည်ငြိမ်သောအမူအရာဖြင့် မေးလိုက်၏။


“အဆင့်တိုင်းပဲ”


ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်တွဲလာခဲ့ကြသည့် သက်တမ်းရင့် ချစ်သူသက်တမ်းရှိသူနှစ်ဦးက ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ထိုင်၍ ဆွေးနွေးနေကြသည်မှာ ရယ်ချင်စရာပင် ကောင်းလှ၏။ သို့သော် ထိုထက်ပို၍ အဓိပ္ပာယ်မဲ့သည်မှာ သူတို့ကား တစ်ဦးကိုတစ်ဦး အပြန်အလှန်နားလည်မှုရှိသည်ဟု ယူဆရသော လက်တွဲဖော်များ ဖြစ်နေကြခြင်းပင်။


ထန်ဆောယန်က ထုံနင်အား စိတ်ပညာရှင်နှင့် တွေ့ဆုံကြည့်ရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့သော်လည်း ထုံနင်ကမူ ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာမဟုတ်ဟု အခိုင်အမာ ငြင်းဆိုခဲ့၏။


ထိုသို့ ပြုမူဆက်ဆံရခြင်းမှာ ရွံရှာဖွယ်ကောင်းပြီး အရှက်သိက္ခာကင်းမဲ့လှသည်ဟု သူ ခံစားနေရခြင်းသာ။ ၎င်းမှာ လူသားတို့၏ အနိမ့်ကျဆုံးသော သာယာမှုကိုရှာဖွေခြင်းသာဖြစ်ပြီး လူနှစ်ဦး အဝတ်အစားမပါဘဲ တိရစ္ဆာန်များကဲ့သို့ ကာမစပ်ယှက်နေကြသည်ကို သူမုန်းတီးလှ၏။

ထို့နောက်တွင်မူ ထန်ဆောယန်က သူ၏ စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပြီလားဟု ထပ်မံမေးမြန်းလာပြန်သည်။


ထုံနင်က မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်၏။


ထန်ဆောယန်က ထိုအချက်ကို ခေါင်းညိတ်၍ပင် အသိအမှတ်ပြုလိုက်၏။ ထုံနင်ကမူ သူ ဒေါသတကြီး တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူက ထိုသို့ မပြုလုပ်ခဲ့ချေ။ သူက တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်သည်။


“ထုံနင်... ငါတို့ အသက်လေးဆယ်တောင် ပြည့်တော့မယ်... ဒါပေမဲ့ မင်းကတော့ အသက်နှစ်ဆယ်အရွယ်မှာပဲ ရပ်တန့်နေတုန်းပဲလို့ ငါခံစားရတယ်... ဒါက ငါကပဲ မင်းကို အလိုလိုက်လွန်းလို့လား ဒါမှမဟုတ် မင်းကပဲ အစကတည်းက ဒီလိုမျိုး ဖြစ်နေတာလားဆိုတာ ငါ မသိတော့ဘူး...”


ထန်ဆောယန်က မတ်မတ်ထိုင်ကာ ထုံနင်၏ နီရဲနေသောမျက်ဝန်းများကို စိုက်ကြည့်လိုက်၏။

“ငါတို့ကြားမှာ ပြဿနာတစ်ခုခု ကြုံလာတိုင်း မင်း အရင်ဆုံးစဉ်းစားမိတာက လမ်းခွဲဖို့ပဲ... ပြီးရင် အဲဒီပြဿနာအားလုံးကို ငါ့ဆီပစ်ချထားပြီး ငါ့ကိုပဲ ဖြေရှင်းခိုင်းတယ်... လိင်တူချစ်သူတွေရဲ့ ဆက်ဆံရေးအပေါ် မင်းဘယ်လိုမြင်သလဲဆိုတာ ငါမသိပေမဲ့ ငါ့အမြင်မှာတော့ ငါတို့က တခြားလင်မယားတွေ အိမ်ထောင်သည်တွေနဲ့ ဘာမှမကွာခြားဘူး”


ထန်ဆောယန်၏အသံမှာ နားထောင်၍ ကောင်းလှ၏။ သူ စကားပြောလိုက်သည့် အခါတိုင်း ထွက်ပေါ်လာသော အသံဩဩလေးမှာ ဆွဲဆောင်မှုရှိလှသဖြင့် နားထဲတွင် တစိမ့်စိမ့် ခံစားရစေ၏။ သို့သော် ယနေ့တွင်မူ သူ၏ နှုတ်ထွက်စကားများမှာ စိတ်နှလုံးကို လှုပ်ခတ်စေမည့် ချိုသာသော စကားလုံးများ မဟုတ်ခဲ့ချေ။


“လမ်းခွဲစကားဆိုတာ မင်းအတွက်တော့ ဘာမှမဟုတ်သလို အလွယ်တကူ ထွက်လာတာပဲ... အရင်တုန်းက မင်း စိတ်ကောက်တာဒေါသထွက်တာတွေကို မင်းရဲ့ အသက်အရွယ်ကြောင့်လို့ပဲ ငါ သဘောထားခဲ့တာ... ငါကပဲ ချော့ပြီး မင်းအလိုအတိုင်းလည်း လိုက်လျောပေးခဲ့တယ်... ဒါပေမဲ့ ငါတို့က မင်းရဲ့စိတ်အခြေအနေပေါ် မူတည်ပြီး အသက်ရှစ်ဆယ်အထိ ဒီလိုမျိုး လမ်းခွဲလိုက်ပြန်တွဲလိုက်နဲ့ အပြန်အလှန်ကစားနေလို့ မရဘူး... ဒီလို သံသရာလည်နေတာကို မင်းက ထုံထိုင်းသွားပြီလို့ပြောတယ်.... မင်း နာကျင်နေသေးလားဆိုတာ ငါမသိဘူး... ငါ သိတာတစ်ခုကတော့ အခုအချိန်အထိ မင်းရဲ့ ဒီလိုကစားပွဲမျိုးကို ငါအသားမကျသေးဘူးဆိုတာပဲ... အဲဒါက ငါ့ကို သေတော့မလို နာကျင်စေတယ်...”


ထုံနင်ကမူ ကြားဖြတ်နှောင့်ယှက်ခြင်းမပြုဘဲ ထန်ဆောယန်၏စကားများကို တိတ်ဆိတ်စွာ နားထောင်နေ၏။ ထန်ဆောယန်က သူ၏ နာကျင်မှုကို ထုတ်ပြောလာသည့်အခါ ထုံနင် အကြည့်ချင်းဆုံရန် မော့ကြည့်လိုက်မိသည်။


ထန်ဆောယန်၏ မျက်ဝန်းအိမ်ထဲမှ ပြင်းပြလှသောခံစားချက်တို့က သူ့ကို တုန်လှုပ်သွားစေ၏။ သူ၏အကြည့်ကို ချက်ချင်းပင် ငုံ့ချလိုက်မိသည်အထိပင်။


“ဒီတစ်ခါတော့ မင်းပြောလိုက်တဲ့ စကားတွေကို ပြန်ရုပ်သိမ်းဖို့ အခွင့်အရေးပေးမယ် ထုံနင်”


ထန်ဆောယန်မှာ ပုံမှန်အားဖြင့် သူ့ကို ရှောင်နင်ဟုသာ ခေါ်လေ့ရှိပြီး အမည်တိုက်ရိုက်ခေါ်ခြင်းမျိုး မရှိခဲ့ဖူးချေ။ သို့သော် ယနေ့တွင်မူ တစ်ကြိမ်ပြီးတစ်ကြိမ် ထုံနင်ဟုသာ တိတိကျကျ ခေါ်ဆိုနေ၏။


“ထုံနင်...”

သူက ထပ်မံခေါ်လိုက်ပြန်သည်။ သူကား ထိုသူ၏ မျက်နှာကို မလွှဲမဖယ် စိုက်ကြည့်နေ၏။ 

“စကားမပြောခင် သေချာစဉ်းစား... အာမခံရဲတာတစ်ခုကတော့ တကယ်လို့ ဒီတစ်ခါ မင်း လမ်းခွဲမယ်ဆိုရင် ငါ့ဘက်က ဒုတိယအကြိမ် အခွင့်အရေး ထပ်ပေးမှာ မဟုတ်ဘူး... ငါတို့ အတူဖြတ်သန်းခဲ့တဲ့ နှစ်တွေနဲ့ ငါ့ကို မင်းနှလုံးသားရဲ့ ဘယ်နေရာမှာ ထားသလဲဆိုတာ ငါမသိဘူး... သိတာတစ်ခုကတော့ မင်း ငါ့အပေါ် ဂရုစိုက်တာကို ငါ မမြင်ရဘူး... မင်းက ဒီဆက်ဆံရေးနဲ့ ငါ့ကို မင်းရဲ့ စိတ်တိုင်းကျ ပစ်ပယ်နေတာပဲ”


ထုံနင်က စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ ကြားဖြတ်မပြောနိုင်မီမှာပင် ထန်ဆောယန်က ဆက်လက်ပြောလိုက်၏။

“မင်း နိုင်ငံထဲကို ပြန်ရောက်လာကတည်းက အများကြီး ပြောင်းလဲသွားတယ်... မင်း ပြန်မလာချင်ဘူးဆိုတာလည်း ငါသိပါတယ်... ငါကတော့ မင်းကို အလိုလိုက်ဖို့ မင်းစိတ်ကောက်ရင် ချော့ဖို့ ဝန်မလေးပါဘူး... အဲဒါတွေ အားလုံးကို ငါလုပ်ပေးနိုင်တယ်... ဒါပေမဲ့ အဲဒီလိုလုပ်ဖို့အတွက် ပထမဆုံး အခြေခံအချက်ကတော့ မင်းအနေနဲ့ အဲဒါကို သဘောကျပြီးလိုအပ်ဖို့ပဲ... အခုတော့ မင်းက ဒီလောက်တောင် မုန်းတီးနေမှတော့ ထားလိုက်ပါတော့... လမ်းခွဲကြရအောင်... အဲဒါက မင်းရဲ့ စကားပဲလေ... တကယ်တော့ အဲဒီစကားက အတော်လေးထိရောက်ပါတယ်...”


ထန်ဆောယန်ကား စကားပြောပြီးသည်နှင့် အခန်းထဲသို့ ဝင်သွားခဲ့၏။ သူက ဧည့်သည်အိပ်ခန်းထဲတွင်သာ အိပ်စက်အနားယူခဲ့ပြီး အဓိကအိပ်ခန်းကြီးကိုမူ ထုံနင်အတွက် ချန်ထားပေးခဲ့သည်။ ထုံနင်၏ ညဝတ်အင်္ကျီများမှာ ထိုနေရာတွင်ရှိနေဆဲဖြစ်သော်လည်း သူကမူ လဲလှယ်ဝတ်ဆင်ခြင်း မပြုခဲ့ချေ။


ထုံနင်က သန်းခေါင်ယံအချိန်တွင် အိမ်မှ ထွက်ခွာသွားခဲ့ပြီး ထန်ဆောယန်ကလည်း ထိုအချိန်ကို အတိအကျ သိရှိနေခဲ့၏။


ထန်ဆောယန် အိပ်ပျော်မနေခဲ့ချေ။ ထုံနင် ဆိုဖာပေါ်တွင် ဆက်လက်ထိုင်နေခဲ့သည်ကို သူသိသကဲ့သို့ တံခါးပိတ်သံ ကြားလိုက်ရသည့်တိုင်အောင်လည်း သူ၏မျက်လုံးများကို ဖွင့်ကြည့်ခြင်းမပြုခဲ့ပေ။


သူက လက်မောင်းတစ်ဖက်ကို နဖူးပေါ်တင်ထားလျက် ထိုကဲ့သို့ပင် အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ရှိနေခဲ့၏။


🔥🔥🔥