Ch 8
Viewers 47

🔥 အခန်း ၈



ထောင်ရှောင်တုန်းတွင် ဆိုင်ခွဲစုစုပေါင်း သုံးဆိုင်ရှိသော်လည်း သူကမူ ဆိုင်သစ်တွင်သာ အချိန်အများစုကို ကုန်ဆုံးလေ့ရှိ၏။ ထိုဆိုင်မှာ အကြီးဆုံးဖြစ်ပြီး တက်တူးပညာရှင်များမပါဝင်ဘဲ ဝန်ထမ်းအင်အား တစ်ဒါဇင်ကျော်ခန့်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။


ထိုဆိုင်ကိုတာဝန်ယူအုပ်ချုပ်သူ အကြီးအကဲနှစ်ဦးမှာ ထောင်ရှောင်တုန်းနှင့် ဟွမ်ယိတာတို့ပင်။

ဟွမ်ယိတာမှာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသန်မာသူဖြစ်ပြီး အဆီထက် ကြွက်သားပိုများကာ လက်ဖက်ရည်သောက်ရခြင်းကို အလွန်နှစ်သက်သူဖြစ်သည်။ သူက အသက်လေးဆယ်အရွယ်ဖြစ်ပြီး ထောင်ရှောင်တုန်းနှင့် စီးပွားဖက်ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်၏။


စတင်တည်ထောင်စအချိန်က ထောင်ရှောင်တုန်းတွင် အရည်အချင်းသာရှိပြီး အရင်းအနှီးမရှိခဲ့ချေ။ ဟွမ်ယိတာကသာ သူ့အတွက် စတူဒီယိုတစ်ခု ဖွင့်လှစ်ပေးပြီး ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုစတင်နိုင်ရန် ငွေကြေးထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။


ဤသို့ သွေးသောက်ညီအစ်ကိုများကဲ့သို့ ခင်မင်လာခဲ့ကြသည့် နှစ်များတစ်လျှောက်တွင် သူတို့သည် တစ်ကြိမ်တစ်ခါလေးပင် စိတ်ဝမ်းကွဲခြင်းမရှိခဲ့သလို ငွေကြေးကိစ္စနှင့်ပတ်သက်၍လည်း မျက်နှာပျက်စရာ မကြုံခဲ့ဖူးချေ။ ယခုအခါတွင်မူ ထောင်ရှောင်တုန်း၌ အရာအားလုံး ရှိနေပြီဖြစ်၏။ သူ့တွင် ကျော်ကြားမှုရော ငွေကြေးပါ ပိုင်ဆိုင်နေပြီဖြစ်သည်။


ယခင်က ဟွမ်ယိတာရင်းနှီးမြှုပ်နှံပေးခဲ့သည့် ငွေကြေးမှာ ယခု သူပိုင်ဆိုင်ထားသည်များနှင့် ယှဉ်လျှင် အသေးအဖွဲမျှသာ။ သို့သော်လည်း ထောင်ရှောင်တုန်းက ထိုအကြောင်းကို တစ်ခွန်းမျှ မဟခဲ့သည့်အပြင် ဟွမ်ယိတာက စီးပွားဖက်အဖြစ်မှနုတ်ထွက်မည့်အကြောင်း ပြောလာသည့်အခါ၌ပင် သူ့ကို အကြီးအကျယ် ငြင်းဆိုလွှတ်ခဲ့သေးသည်။


“မိသားစုဝင်တွေကြားမှာ သူစိမ်းတွေလို စကားမပြောစမ်းပါနဲ့”

ထောင်ရှောင်တုန်းက ထိုသို့သာ အမြဲဆိုလေ့ရှိ၏။


ဆိုင်ရှိ လူငယ်များက ဟွမ်ယိတာကို ယိတာ့ရှုးဟုသာ ခေါ်ကြပြီး လူကြီးပိုင်းများကမူ တာ့ဟွမ်ဟု ခေါ်ဆိုကြသည်။


ထောင်ရှောင်တုန်းအနေဖြင့် နောက်လတွင် နိုင်ငံရပ်ခြားသို့ သွားရောက်မည်ဖြစ်ပြီး နှစ်လခန့် ကြာမြင့်လိမ့်မည်။ သူက သူပညာသင်ယူလိုသည့် တက်တူးပညာရှင်များထံသို့ အမြဲတမ်း သွားရောက်လေ့ရှိ၏။ လေ့လာစရာများမှာလည်း ကုန်ဆုံးသွားသည်ဟူ၍ မရှိချေ။ ကမ္ဘာပေါ်တွင် ကိုယ့်ထက်တော်သူများ အမြဲရှိနေတတ်သလို အနုပညာဖန်တီးမှုများမှာလည်း အကန့်အသတ်မရှိပေ။


သူ အပြင်သို့ထွက်သည့်အခါတိုင်း ဆိုင်ရှိ လုပ်ငန်းကိစ္စအဝဝကို ဟွမ်ယိတာအပေါ်၌သာ ပုံချထားခဲ့လေ့ရှိ၏။ အမှန်စင်စစ်တွင် ထောင်ရှောင်တုန်းသည် ဟွမ်ယိတာအပေါ် အတော်လေး မှိီခိုနေခြင်းလည်းဖြစ်သည်။ တာ့ဟွမ်ကား နှစ်ပေါင်းများစွာအတွင်း သူ့အား လွတ်လပ်ခွင့်များစွာပေးထားခဲ့ပြီး သူသွားလိုသည့်အခါ သွားနိုင်ရန်နှင့် သူပြုလုပ်လိုသည့်အတိုင်း လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးထားခဲ့၏။


သူကား လေနှင်ရာသို့လွင့်ပါတတ်သည့် လွတ်လပ်သော ဝိညာဉ်တစ်ခုကဲ့သို့ပင်။ ထိုသို့ဖြစ်လင့်ကစား ဟွမ်ယိတာက သူ့ကို တစ်ခါလေးပင် အပြစ်မတင်ခဲ့ချေ။ သူ၏ စကားအရဆိုလျှင် “မင်း ဘာလုပ်ချင်လဲသာပြောပါ... ငါတို့ အဆင်ပြေအောင် လုပ်ပေးပါ့မယ်” ဟူ၍ပင်။


ဆိုင်သစ်မှာ စတုရန်းပေတစ်ထောင်ကျော်ကျယ်ဝန်းသည့် အဆောက်အအုံငယ်လေးတစ်ခုအတွင်း၌တည်ရှိပြီး မြေတစ်လက်မလျှင် ရွှေတစ်လက်မတန်ဖိုးရှိသော အဆင့်မြင့် စီးပွားရေးဇုန်တစ်ခုတွင် တည်ရှိသည်။ တာ့ဟွမ်ကား ထိုနေရာကို ငှားရမ်းခဲ့ခြင်းမဟုတ်ဘဲ တိုက်ရိုက်ပင် ဝယ်ယူခဲ့ခြင်းဖြစ်၏။


ထိုစဉ်က ထောင်ရှောင်တုန်း၏ လက်ထဲတွင် ငွေကြေးအလုံအလောက် မရှိခဲ့ချေ။ တာ့ဟွမ်ကမူ ကြိုတင်ပြင်ဆင်ချိန်ပင်မယူဘဲ သူပိုင်ဆိုင်သမျှ လက်ငင်းငွေသားနှင့် အခြားပိုင်ဆိုင်မှုအားလုံးကို ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်း၌ ပုံအောထည့်သွင်းခဲ့ခြင်းဖြစ်သည်။


ထောင်ရှောင်တုန်းမှာ အနည်းငယ်တုံ့ဆိုင်းနေခဲ့သော်လည်း တာ့ဟွမ်ကမူ “လုပ်မယ်ဆိုရင် အကြီးကြီးပဲလုပ်ကြရအောင်” ဟုဆိုကာ အရာအားလုံးကို အဆင်ပြေအောင် စီမံပေးခဲ့သည်။


တာ့ဟွမ်ကား အလုပ်လုပ်ရာတွင် မြန်ဆန်ပြတ်သားပြီး လက်တွေ့အကောင်အထည်ဖော်တတ်သူတစ်ဦးဖြစ်၏။ ထောင်ရှောင်တုန်းအနေဖြင့် ကျေးဇူးတင်စကား တစ်ခွန်းမျှပင်မဆိုခဲ့သလို အမှန်တကယ်အားဖြင့်လည်း ဆိုရန်မလိုအပ်ပေ။ ထိုသို့ပြောဆိုခြင်းမှာ သူတို့နှစ်ဦးကြားတွင် လူစိမ်းဆန်သလို ဖြစ်သွားစေနိုင်သောကြောင့်။


“ရှောင်တုန်း ရန်ရှန့်စီစဉ်နေတဲ့ ကွမ်ကျိုးပွဲကို တက်မှာလား... မနေ့က သူတို့ရဲ့ ဝေ့ပေါ်မှာ ခင်ဗျား အကြောင်း တင်ထားတာ တွေ့လိုက်တယ်... ခင်ဗျား သွားမယ်လို့ သူတို့ကို ပြောထားတာရှိလား”

ဟွမ်ကောက ယနေ့ ဆိုင်ထဲသို့ ထောင်ရှောင်တုန်း ဝင်လာသည်နှင့်တစ်ပြိုင်နက် လှမ်းမေးလိုက်၏။


[ T/N - ဟွမ်ကောက တစ်ယောက်သက်သက်နော် ဟွမ်ယိတာ မဟုတ်ဘူး❤️ ]


ထောင်ရှောင်တုန်းက မျက်ခုံးပင့်လိုက်ရင်းဆိုသည်။

“သူတို့ ငါ့ကို တစ်ခွန်းမှ မပြောရသေးဘူး... နောက်လဆိုရင် ငါ အားမှာမဟုတ်ဘူး ခရီးထွက်နေမှာ”


“ဟင်... ဒါပေမဲ့ သူတို့ လူစာရင်းမှာ ကျွန်တော်တို့ကို အတည်ပြုပြီးသားပုံစံမျိုး ပြထားတာ... ခဏနေရင် ယိတာ့ရှူးကို မေးကြည့်လိုက်ဦးမယ်”


ဟွမ်ကော၏အလုပ်မှာ လူမှုကွန်ရက် စာမျက်နှာအသီးသီးရှိ ဆိုင်၏ တရားဝင်အကောင့်များကို စီမံခန့်ခွဲရန်ပင်။ သူကား တက္ကသိုလ်တွင် ရုပ်သံထုတ်လွှင့်မှုနှင့် မီဒီယာလုပ်ငန်းပညာရပ်ကို သင်ယူခဲ့ပြီး ဘွဲ့ရပြီးမကြာမီမှာပင် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ယခုဆိုလျှင် သူ ဤနေရာ၌ အလုပ်လုပ်ကိုင်ခဲ့သည်မှာ သုံးနှစ်နီးပါး ရှိတော့မည်။


“ငါ့ကို ဘာမေးမလို့လဲ”

ဟွမ်ကော စကားပြောနေစဉ်မှာပင် ဟွမ်ယိတာက အနောက်မှရောက်လာပြီး မေးလိုက်၏။


ဟွမ်ကောက လှည့်မကြည့်မိချေ။ ထောင်ရှောင်တုန်းက ပခုံးပေါ်မှ ကျော်၍ ညွှန်ပြလိုက်မှသာ သူက လှည့်ကြည့်မိပြီး “အာ...” ဟု ရေရွတ်ကာ အကြောင်းစုံကို ပြန်လည်ရှင်းပြလာ၏။


ဟွမ်ယိတာမှာလည်း အံ့အားသင့်သွားပြီးဆို၏။

“ဒီလိုမျိုး တစ်ခါမှမရှိခဲ့ပါဘူး... သူတို့ ငါ့ဆီလည်း မလာကြဘူး... ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူက ငါတို့ကို အတော်လေးစိတ်ကောက်နေတာ မဟုတ်လား... အဲဒီကတည်းက ငါ့ဆီ ဖုန်းတစ်ခွန်းမှ မဆက်တော့တာ”


ဇဝေဇဝါဖြစ်သွားသော ဟွမ်ကောက မေးလိုက်၏။

“ဒါဆို ကျွန်ဝောာ်တို့ သွားကြမှာလား... အဲဒီဝေ့ပေါ်ပို့စ်ကိုရော ပြန်Shareလိုက်ရမလား”


ထောင်ရှောင်တုန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ဟွမ်ယိတာကို မေးလိုက်သည်။

“ကျွန်တော်ကတော့ သေချာပေါက်မအားဘူး... အစ်ကိုရော ဘယ်လိုလဲ သွားချင်လား”


ဟွမ်ယိတာက စိတ်တိုသွားဟန်ဖြင့်ဆို၏။

“တကယ်လို့ ငါတို့ ပွဲမတက်ဘဲ နေလိုက်မယ်ဆိုရင် ဟိုဘက်ကလူတွေက ငါတို့ကပဲ သူတို့ကို တမင်သက်သက် သိက္ခာချနေတယ်လို့ ထင်ပြီး စိတ်ကောက်ကြဦးမှာ... ငါပဲ သွားလိုက်ပါ့မယ်... သူတို့ဘက်က အခုလိုမျိုး လူသိရှင်ကြား ကြေညာထားပြီးမှတော့ ငါတို့ မသွားလို့ မဖြစ်တော့ဘူးလေ”


ထောင်ရှောင်တုန်းက ရယ်မောလိုက်ရင်း ဆိုလိုက်တော့၏။

“ရန်ရှန့်ကတော့ အရင်အတိုင်း သဘောထားသေးချက်ပဲ”


ထောင်ရှောင်တုန်းအတွက် လူမှုဆက်ဆံရေးပြေပြစ်ခြင်းက အားသာချက်တစ်ခု ဖြစ်သော်လည်း အားနည်းချက်တစ်ခုလည်းရှိနေပြန်သည်။ ယင်းမှာ လူတိုင်းက သူတို့နှင့်သူ အလွန်ရင်းနှီးသည်ဟု ထင်မှတ်နေကြခြင်းပင် ဖြစ်၏။ တစ်စုံတစ်ခုလိုအပ်သည့်အခါတိုင်း သူ့ထံမှ အကူအညီရရန် မျှော်လင့်နေတတ်ကြပြီး သူပေါ်မလာလျှင်လည်း သူတို့၏ ခင်မင်မှုကို တန်ဖိုးမထားသကဲ့သို့ ထင်မြင်သွားကြသဖြင့် အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှ၏။


အမှန်စင်စစ် ထောင်ရှောင်တုန်းတွင် ထိုမျှလောက် အချိန်ပိုမရှိချေ။ ရန်ရှန့်မှာမူ အခြားမြို့တစ်မြို့မှ ထူးချွန်သည့် တက်တူးပညာရှင်တစ်ဦးဖြစ်ပြီး သူ့အမည်ဖြင့်ပင် ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ထားသူဖြစ်သည်။ ထောင်ရှောင်တုန်းက ထိုသူနှင့် ဟိုးယခင်ကတည်းက သိကျွမ်းခဲ့ခြင်းဖြစ်၏။ ထိုလူမှာ ဒေါသထွက်လွယ်ပြီး အသေးအဖွဲကိစ္စလေးများမှအစ အပြစ်ရှာတတ်သူလည်း ဖြစ်သည်။


မေးမြန်းပြီးနောက် ဟွမ်ကောက တစ်ဖက်သို့သွား၍ စာကြည့်နေလေသည်။ သူကား ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေခြင်းဖြစ်၏။ ဆိုင်ရှိဝန်ထမ်းများအတွက် အလုပ်ဝန်ထုတ်ဝန်ပိုးမှာ သိပ်မကြီးလှပေ။ သူတို့၏ တာဝန်များပြီးဆုံးသွားပါက သူတို့ဝါသနာပါရာကို လွတ်လပ်စွာလုပ်ဆောင်နိုင်ကြသည်။


ကိုယ်ပိုင်အလုပ်များကို လုပ်နိုင်သကဲ့သို့ ဆိုင်ရှိ တက်တူးပညာရှင်များထံမှ ပညာရပ်ကိုလည်း လေ့လာသင်ယူနိုင်ကြ၏။


စတူဒီယိုတွင် အချိန်ပြည့်လုပ်ကိုင်နေသည့် တက်တူးပညာရှင်ဆယ်ဦးခန့်ရှိသည်။ အများစုမှာ ထောင်ရှောင်တုန်းနောက်သို့ လိုက်ပါလာကြသည်မှာ ကြာပြီဖြစ်ပြီး အသစ်ဆုံးလူသစ်များမှာပင် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ရောက်ရှိနေသူများ ဖြစ်ကြသည်။


တစ်ဦးချင်းစီတွင် ကိုယ်ပိုင်ဟန်များရှိကြပြီး သူတို့ကဏ္ဍအလိုက် ထူးချွန်သည့် အနုပညာရှင်များ ဖြစ်ကြ၏။ သူတို့ထဲတွင် ဥရောပတိုက်သား နှစ်ဦးနှင့် ဂျပန်လူမျိုးတစ်ဦးလည်း ပါဝင်သည်။


ထောင်ရှောင်တုန်းကို ဖယ်လိုက်လျှင် သူတို့က အလုပ်အများဆုံးသူများ ဖြစ်ကြ၏။


ထောင်ရှောင်တုန်းက ခရီးမထွက်မီ လက်ကျန်အလုပ်များကို အပြီးသတ်ရမည်ဖြစ်သဖြင့် ယခုရက်ပိုင်းအတွင်း အချိန်ကို အလုအယက် အသုံးချနေရသည်။


ယနေ့အတွက် အလုပ်မှာ ကျောပြင်တစ်ခုလုံး အပြည့်တက်တူးထိုးရန်ဖြစ်၏။ ထောင်ရှောင်တုန်းက အပိုင်းအစလေးများကို ထိုးပေးလေ့မရှိဘဲ ဧရိယာအကျယ်အဝန်းကြီးမားသည့် အလုပ်များကိုသာ လက်ခံလေ့ရှိသည်။ ယနေ့ဖောက်သည်မှာ နာကျင်မှုကို သိပ်သည်းမခံနိုင်သည့် လူငယ်လေးတစ်ဦးဖြစ်ပြီး ရှေ့တွင် မှောက်လျက်အိပ်နေရင်း တရှူးရှူးတရှဲရှဲဖြင့် ညည်းညူနေရှာသည်။


နေလယ်စာအတွက် ဘာစားချင်လဲဟု ထောင်ရှောင်တုန်းက မေးလိုက်ပြီး အောက်ထပ်မှ မှာပေးမည်ဟုဆိုလိုက်၏။


ဖောက်သည်ကပြောလာသည်။

“ကျွန်တော် အခု ဘာမှစားလို့မဝင်ပါဘူး... ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့... နာတာ သက်သာသွားအောင် အအေးတစ်ဘူးလောက်ပဲ ပေးပါ... အဆင်ပြေပါတယ်”


“တစ်ခုခုတော့ စားသင့်တယ် မဟုတ်ရင် မင်း ခံနိုင်မှာမဟုတ်ဘူး... ညနေအထိ ဆက်လုပ်ရဦးမှာလေ”

ထောင်ရှောင်တုန်းက ပြောလိုက်သည်။


ဖောက်သည်က သက်ပြင်းချလိုက်ရင်း ဆို၏။

“ဒါဆိုရင်တော့ ကြိုက်တာတစ်ခုခုသာ မှာပေးလိုက်ပါတော့”


“ထမင်းဘူးပဲ မှာလိုက်ပါ... ဒီက ထမင်းဘူးတွေက တကယ်ကို အရသာရှိတာ”

ဘေးနားရှိ အခြားဖောက်သည်တစ်ဦးက ဝင်ရောက်ပြောဆိုတော့သည်။


အောက်ထပ်တွင် စားချင်စဖွယ် ဟင်းလျာများကို ဖောက်သည်တစ်ဦးချင်းစီအတွက် အချိုးအစားကျကျ ပြင်ဆင်ပေးပြီး အခန်းအရောက် ပို့ဆောင်ပေးသည့် မီးဖိုချောင်တစ်ခု ရှိသည်။ ဆိုင်မှ အမျိုးသမီးငယ်တစ်ဦးက ထမင်းဘူးများကို လင်ဗန်းကြီးတစ်ခုပေါ်တွင် ဆင့်လျက်တင်ဆောင်ကာ အပေါ်ထပ်သို့ ယူဆောင်လာခဲ့၏။


“ညီမလေး... ရေခဲရှိလား”

ဖောက်သည်က မေးလိုက်သည်။

“ရေခဲတစ်ခွက်လောက် အပေါ်ကို ပို့ပေးလို့ ရမလားဟင်”


သူမက သူ့ကို တစ်ချက်မျှပင်လှည့်မကြည့်ဘဲ ထမင်းဘူးကို ကမ်းပေးပြီးသည်နှင့် ချက်ချင်းပင် လှည့်ထွက်သွားခဲ့၏။


“ညီမလေး...”

ဖောက်သည်က သူမကို လှမ်းအော်ခေါ်လိုက်သည်။

“ရေခဲလို့ ပြောနေတယ်လေ”


သူမကမူ သူ့ကို လုံးဝဂရုမစိုက်ပေ။ တစ်ချက်ကလေးပင် စောင်းငဲ့မကြည့်ဘဲ ဆက်လက်ထွက်ခွာသွားခဲ့၏။


သူကား ဤဆိုင်ရှိဝန်ထမ်းများ၏ မာနကြီးလှသောအမူအရာကို အံ့အားသင့်သွားပြီး ထောင်ရှောင်တုန်းကို လှမ်းကြည့်လိုက်မိသည်။ ထောင်ရှောင်တုန်းသည် သူ၏အကြည့်ကို မြင်လိုက်ရသဖြင့်ပြောလိုက်သည်။

“တစ်ယောက်ယောက် လာပို့ပေးပါလိမ့်မယ်”


“အာ... ကျေးဇူးပါပဲ”

ဖောက်သည်သည်လည်း ပြန်လည်မှောက်အိပ်လိုက်သည်။


စကားပြောပြီး မကြာမီမှာပင် ရေခဲလာပို့သည့် လူငယ်လေးတစ်ဦး ရောက်ရှိလာခဲ့သည်။ သူက ရေခဲခွက်ကို ဖောက်သည်၏ဘေးရှိ စင်ပေါ်တွင် တင်ပေးလိုက်ပြီး သူ့ကို ပြုံးပြလိုက်၏။ ဖောက်သည်ကလည်း ယဉ်ကျေးစွာပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။


သို့သော် ထိုလူငယ်ကမူ မည်သည့်စကားမျှ ပြန်မပြောဘဲ ထွက်ခွာသွားခဲ့၏။ ဤတွင် ဖောက်သည်က မအောင့်နိုင်ဘဲ လွှတ်ခနဲ မေးမိတော့သည်။

“ဟင်... ရှောင်တုန်းကော ဒီဆိုင်က အလုပ်လုပ်တဲ့သူတွေ အားလုံးက ဒီလိုပဲ ကိုယ်ပိုင်စတိုင်တွေနဲ့ ချေနေကြတာလား”


ထောင်ရှောင်တုန်းကား နှာခေါင်းစည်းအောက်မှနေ၍ သူ့ကို ပြုံးပြလိုက်မိ၏။ သူ၏ မျက်ဝန်းများသည် အမြဲတမ်းပင် ရယ်မောခြင်း အရိပ်အယောင်များဖြင့် တောက်ပနေတတ်၏။


သူက ယခုလေးတင်ထွက်သွားသည့် လူငယ်လေးရှိရာသို့ မေးဆတ်ပြလိုက်ရင်း ဆိုသည်။

“အထင်မလွဲပါနဲ့... သူက စကားမပြောတတ်လို့ပါ”


ဖောက်သည်ဖြစ်သူမှာ မျက်တောင်တခတ်ခတ်ဖြင့် ကြောင်ကြည့်နေမိ၏။ သူက သူ၏လည်ပင်းကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

“စကားမပြောချင်တာလား... ဒါမှမဟုတ်... ပြောလို့မရတာလား”


“သူက ဆွံ့အနေတာပါ”

ဖောက်သည်မှာ အံ့အားသင့်သွားပြီး ထပ်၍ဆိုလာသည်။

“ဒါဆို... စောစောက ချောချောလှလှ ကောင်မလေးကရော...”


ထောင်ရှောင်တုန်းက အပ်လဲနေသည့် လက်ဖြင့်ပင် သူ၏နားကို ညွှန်ပြလိုက်ရင်း ဆိုလိုက်လေသည်။

“သူကတော့ နားမကြားသူပါ”


×××××


တစ်ဦးက နားမကြားသလို နောက်တစ်ဦးက စကားမပြောနိုင်ပေ။


ထောင်ရှောင်တုန်းက ဤသူနှစ်ဦးကို အလုပ်ခန့်ထားသည်ကို သိလိုက်ရသောအခါ ဖောက်သည်ဖြစ်သူမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။


အပ်လဲပြီးနောက် ထောင်ရှောင်တုန်းက ဆို၏။

“အရင်ဆုံး နေလယ်စာ စားလိုက်ပါဦး... ကျွန်တော်လည်း အောက်ထပ်ဆင်းပြီး စားလိုက်ဦးမယ်... တစ်ခုခု လိုအပ်ရင်တော့ လှမ်းအော်ပြောလိုက်ပါ” 


“ဟုတ်ကဲ့ပါ” 

ဖောက်သည်က ခေါင်းညိတ်ပြလိုက်သည်။

ဟွမ်ယိတာက သူမီးဖိုချောင်ထဲသို့ ဝင်လာသည်ကိုမြင်သောအခါ သူ့အတွက် ပန်းကန်လုံးတစ်လုံး ယူပေးလိုက်၏။


ထောင်ရှောင်တုန်းက ပြောလိုက်သည်။

“ထမင်း အပြည့်ထည့်ပေးပါ... အသားကို အပေါ်ကပဲ တင်ပေးလိုက်ပါ” 


ဟွမ်ယိတာက ပန်းကန်လုံးအစား ပန်းကန်ပြားဖြင့် လဲလှယ်ပေးလိုက်ရင်း ဆို၏။

“ဖြည်းဖြည်းစားပါ... အလောတကြီး လုပ်စရာမလိုပါဘူး” 


ထောင်ရှောင်တုန်းမှာ အလုပ်လုပ်နေသည့်အချိန်ဆိုလျှင် ထမင်းကို အငမ်းမရစားတတ်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ပန်းကန်ပြောင်အောင် စားပစ်လေ့ရှိသည်။ သူက ထောင့်တစ်နေရာရှိ ထိုင်ခုံပုလေးတစ်လုံးပေါ်တွင်ထိုင်ကာ ထမင်းကို အမြန်ဆုံး အပြီးသတ်လိုက်၏။ ထို့နောက် ပန်းသီးတစ်လုံးကို ယူကာ ကိုက်စားရင်း အပေါ်ထပ်သို့ ပြန်တက်သွားခဲ့တော့သည်။


“ရှောင်တုန်းကော ထမင်းစားတာ တကယ်ကို ကြောက်စရာကြီးပဲနော်” 

ဝန်ထမ်းငယ်တစ်ဦးက ဘေးမှ ဆို၏။


“သူက အချိန်လုနေလို့ပါ” 

ဟွမ်ယိတာသည်လည်း သူ၏နေ့လယ်စာကို အပြီးသတ်လိုက်ပြီး ဖန်ခွက်အကြီးကြီးဖြင့် လက်ဖက်ရည် စတင်နှပ်လိုက်ရင်း ဆို၏။

 

“ငါ သူ့ကို စသိကတည်းက သူက ဒီအတိုင်းပဲ... ဒါက အလုပ်ကရတဲ့ ဖိအားတွေကြောင့်ဖြစ်မယ်” 


၎င်းမှာ အမှန်ပင်။ ထောင်ရှောင်တုန်းကား အမြဲတမ်း ဤသို့ပင်ရှိခဲ့၏။ လက်ထဲတွင် မပြီးပြတ်သေးသည့် အလုပ်များရှိနေသရွေ့ သူက ဤသို့ပင် စားသောက်လေ့ရှိသည်။ ယခုအခါတွင်မူ ၎င်းမှာ သူ၏ အလေ့အကျင့်တစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်။


ဟွမ်ယိတာက နေလယ်ပိုင်းတွင် စီးပွားဖက်တစ်ဦးနှင့် လုပ်ငန်းကိစ္စဆွေးနွေးရန် အပြင်သို့ ခဏထွက်သွားခဲ့သည်။ သူ ပြန်ရောက်လာသည့်အချိန်တွင်မူ ထောင်ရှောင်တုန်းမှာ အလုပ်လုပ်နေဆဲ ဖြစ်သော်လည်း ဖောက်သည်မှာမူ နာကျင်မှုကို ထုံသွားခြင်းကြောင့်ပေလား အလွန်အမင်း ပင်ပန်းသွားခြင်းကြောင့်ပေလား မသိရဘဲ မှောက်လျက်သားပင် အိပ်ပျော်နေခဲ့လေပြီ။


ဟွမ်ယိတာက ထိုင်ခုံပုလေးတစ်လုံးကို ထောင်ရှောင်တုန်း၏ဘေးသို့ ဆွဲယူကာ ထိုင်လိုက်ရင်း မေးလိုက်သည်။


“မင်း အရင်က ပြောခဲ့တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး စီမံကိန်းလေ... ဒုတိယအဆင့်ကိုရော မင်းဆက်ပြီး ကူညီပေးချင်သေးလား”


ထောင်ရှောင်တုန်းက သူ့ဘက်သို့ မျက်နှာမူလိုက်၏။

 â€œá€˜á€šá€şá€á€…်ခုကို ပြောတာလဲ”


“အမှတ်၃ဆေးရုံ(စန်းဆေးရုံ)က စီမံကိန်းလေ...”


“အင်း... ဟုတ်တာပေါ့” 

ထောင်ရှောင်တုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဆိုလိုက်သည်။

“သေချာပေါက် ကူညီမှာပါ”


“ဟုတ်ပါပြီ” 

ဟွမ်ယိတာက ခေါင်းညိတ်ပြ၏။


တက်တူးကို ဆေးရောင်ခြယ်ရင်း ထောင်ရှောင်တုန်းက ခေါင်းငုံ့လျက်ပင် ဆိုလိုက်သည်။

“အဲဒီစရိတ်ကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကောင့်ထဲကပဲ နှုတ်လိုက်ပါ”


“မင်း ဘာတွေ လာပြောနေတာလဲ...”


“ပိုက်ဆံက ပိုက်ဆံပဲလေ” 

ထောင်ရှောင်တုန်းက ပြတ်သားစွာ ဆို၏။ 

“တာ့ဟွမ်... ဒါက တစ်ကြိမ်တည်းနဲ့ ပြီးသွားမယ့် ကိစ္စမျိုး မဟုတ်ဘူး...”


“တော်စမ်းပါကွာ...” 

ဤကိစ္စနှင့် ပတ်သက်၍ သူ့ကို အထွန့်တက်ရန် ပျင်းရိလှသဖြင့် ဟွမ်ယိတာကား ထရပ်ကာ ထွက်ခွာသွားခဲ့တော့၏။


****


အမှတ် (၃) ဆေးရုံ၊ မျက်စိအထူးကုဌာနတွင်။



လွန်ခဲ့သော တရုတ်နှစ်သစ်ကူးအကြိုညက ထန်ဆောယန် ခွဲစိတ်ကုသပေးခဲ့သည့် အထက်တန်းကျောင်းသားလေး၏ မိခင်က သူ့ရုံးခန်းအပြင်ဘက်တွင် ဒူးထောက်ကာ ငိုယိုလျက် သားဖြစ်သူကို ကယ်တင်ပေးရန် အသနားခံ တောင်းပန်နေသည်။


မျက်စိအထူးကုဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကလည်း သူမကို ဝိုင်းဝန်းဖေးမ၍ စိတ်အေးအေးထားရန် ဖျောင်းဖျနေကြသည်။


“ဒေါက်တာထန်… ကျွန်မကလေးကို ကယ်ပေးပါဦး…  ကျွန်မ တောင်းပန်ပါတယ်…သူ့ကို ကယ်တင်ပေးပါ... ကျေးဇူးပြုပြီး ကယ်ပေးပါ... ကျွန်မ ဘာမဆို လုပ်ပါ့မယ်” 


ထိုမိခင်က ထန်ဆောယန်၏ ရှေ့မှောက်တွင် ရူးသွပ်မတတ် အသည်းအသန် တောင်းပန်နေပြီး သူမ၏ ငိုကြွေးအော်ဟစ်သံများက လူတိုင်း၏ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းနေသကဲ့သို့ ရှိနေသည်။

ထန်ဆောယန်က သူမကို ထူမပေးလိုက်ပြီး ပြောလိုက်သည်။

“မငိုပါနဲ့… အရင်ဆုံး ကျွန်တော့်စကားကို နားထောင်ပါဦး”


"ကျွန်မနားထောင်နေပါတယ်… နားထောင်နေပါတယ်… ကျွန်မ ဆရာပြောတာ အကုန်နားထောင်ပါမယ်… ကျွန်မကလေးကိုပဲ ကယ်ပေးပါ…"

သူမက စိတ်ဖောက်ပြန်လုနီးနီးဖြစ်နေသည်။

" ကျွန်မကလေးက အသက်မရှင်ချင်တော့ဘူးလို့ပြောနေတယ်… ဒေါက်တာထန်က ပြန်ကောင်းအောင်ကုပေးနိုင်မှာ… သူ့မျက်လုံးတွေ ပြန်ကောင်းလာ‌မယ်လို့ ကျွန်မက လိမ်ထားတာ… သူ့ကို ကယ်ပေးပါဦး… ကျွန်မသားလေး အရမ်းနာကျင်နေရတာ… ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးပါ…"


မျက်လုံးအတွင်းရှိမှန်ရည်ကြည်များအား ဖယ်ထုတ်ကာ မြင်လွှာပြတ်တောက်မှုကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်မှုက ယခုမှပြီးစီးသွားခြင်းဖြစ်သဖြင့် ထန်ဆောယန်မှာ အာရုံကြောများ တင်းမာနေဆဲပင်။ သူက ခွဲစိတ်ခန်းသုံးဝတ်စုံကိုပင် မလဲရသေးချေ။ သူ၏ ရုံးခန်းတံခါးဝ၌ ထိုကျောင်းသား၏မိခင်ထံမှ ပိတ်ဆို့တားဆီးခြင်း ခံလိုက်ရသည်။


(T/N - Vitrectomyကို မျက်စိအတွင်းမှန်ကြည်ရည်ထုတ်ခြင်းလို့ ဘာသာပြန်လိုက်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အရ ဘယ်လိုခေါ်သလဲမသိပေမဲ့ googleခေါက်ကြည့်ရသလောက် သူက မျက်စိမှန်ဘီလူးနောက်ပိုင်းမှာရှိတဲ့ အရည်ကြည်တွေက ကြည်လင်နေရမဲ့အစား ဂျယ်လီလို ခဲနေတဲ့အခါခွဲစိတ်ရတာပါ။ အနောက်ပိုင်းကိုခွဲထုတ်တာမလို့ မျက်လုံးနောက်ခန်းခွဲတယ်လို့လည်း ခေါ်ကြပါတယ်တဲ့)


“အန်တီ အရင်ဆုံး စိတ်အေးအေးထားပါ... အခုလို အရမ်းလှုပ်ရှားနေရင် ကျွန်တော်ပြောတာကို နားထောင်နိုင်မှာ မဟုတ်ဘူး... ဒီလိုလုပ်ရအောင်... ကျွန်တော် အင်္ကျီလဲဖို့ ငါးမိနစ်လောက် အချိန်ပေးပါ... အဲဒီအချိန်အတွင်းမှာ အန်တီလည်း စိတ်ကို တည်ငြိမ်အောင်ထားပါ ပြီးမှ ကျွန်တော်တို့ စကားပြောကြတာပေါ့...”


သို့သော်လည်း တစ်ဖက်လူကမူ သူ အကြောင်းပြချက်ပေး၍ ရှောင်ထွက်သွားမည်ကို စိုးရိမ်သဖြင့် သူ့အား ထွက်ခွာခွင့်မပေးဘဲ ငြင်းဆန်နေခဲ့၏။


ဆေးရုံဟူသည်မှာ လူနာရှင်များ၏ စိတ်ပျက်အားငယ်စွာ ငိုကြွေးသံများဖြင့် နေ့စဉ် ပြည့်နှက်နေသော နေရာတစ်ခုပင်။ ၎င်းက လူတို့ကို မျှော်လင့်ချက်ပေးနိုင်သကဲ့သို့ ထိုမျှော်လင့်ချက်များကိုပင် ပြန်လည်ရိုက်ချိုးပစ်နိုင်သော နေရာတစ်ခုလည်းဖြစ်၏။


🔥🔥🔥