Ch 9
Viewers 54

🔥 အခန်း ၉



ထန်ဆောယန်က ထိုအထက်တန်းကျောင်းသား လူနာကို တာဝန်ယူထားရသည့်ဆရာဝန်ကို လှမ်းကြည့်လိုက်မိသည်။ ထိုသူမှာ တက္ကသိုလ်မှ မာစတာဘွဲ့ဖြင့် ကျောင်းဆင်းကာစ အလုပ်သင်ဆရာဝန်လေးတစ်ဦးဖြစ်၏။ သူက ထန်ဆောယန်ထံသို့ ချက်ချင်းရောက်ရှိလာပြီး လူနာ၏ အခြေအနေကို ရှင်းပြခဲ့သည်။ 


ထိုအထက်တန်းကျောင်းသားလေးမှာ ယနေ့နံနက်ပိုင်းတွင် စိတ်ပိုင်းဆိုင်ရာ ရုတ်တရက် ဖောက်ပြန်ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး လူနာဆောင်အတွင်း ဆူပူသောင်းကျန်းကာ သူ့ကိုယ်သူ နာကျင်အောင်ပြုလုပ်လိုသည့် အမူအရာများ ပြသခဲ့ခြင်းဖြစ်သည်။


“သူ့ရဲ့ စမ်းသပ်စစ်ဆေးမှု ရလဒ်တွေက ဘာလဲ” 

ထန်ဆောယယ်က မေးလိုက်၏။


“မျက်လုံးအတွင်းဖိအား(IOP)က 3.6mmHg ရှိပါတယ်... မျက်လုံးထဲမှာ အစက်အပြောက်တွေ မြင်နေရတဲ့အပြင် အမြင်အာရုံကြော အားနည်းပျက်စီးခြင်းရဲ့ အစပျိုးလက္ခဏာတွေလည်း တွေ့ရပါတယ်... ဒါပေမဲ့ အလင်းရောင်ကိုတော့ အာရုံခံနိုင်စွမ်း ရှိနေပါသေးတယ်... ဒီမနက် နောက်ဆုံး စစ်ဆေးချက်အရဆိုရင် IOP က နည်းနည်း ပြန်ကျသွားပါတယ်”  

အလုပ်သင်ဆရာဝန်လေးက ထန်ဆောယန်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောပြလေသည်။


ထန်ဆောယန်က ခေါင်းညိတ်ပြလိုက်၏။


ထိုကောင်လေး၏ မိခင်မှာ ငိုကြွေးနေဆဲပင်။ ထန်ဆောယန်က ဘာမှမပြောသေးဘဲ ဘေးပတ်ဝန်းကျင်ရှိ ဆရာဝန်များနှင့် သူနာပြုများကို ဆူညံခြင်းမပြုရန်နှင့် သူမအား သွားရောက်နှစ်သိမ့်ခြင်းမပြုရန် အချက်ပြလိုက်၏။ အချိန်အတန်ကြာပြီးနောက် သူမ၏ ဟစ်အော်ငိုကြွေးသံများမှာ တဖြည်းဖြည်းတိုးဝင်သွားကာ ရှိုက်သံလေးများအဖြစ်သို့ ပြောင်းလဲသွားပြီး ငြိမ်သက်သွားခဲ့တော့သည်။


ထန်ဆောယန်က ဘေးရှိသူနာပြုမလေးကို တစ်ချက်ကြည့်လိုက်၏။ သူမက တစ်ဖက်လူအား တစ်ရှူးတစ်ရွက် ကမ်းပေးလိုက်ပြီး တိုးညှင်းသောအသံဖြင့် အားပေးစကား ဆိုလိုက်သည်။


သူကား မိနစ်အနည်းငယ်ခန့် ထပ်မံ၍ တိတ်ဆိတ်နေခဲ့၏။ ထိုအချိန်တွင် ကောင်လေး၏ မိခင်မှာ သိသိသာသာ တည်ငြိမ်သွားခဲ့ပြီဖြစ်သလို တစ်ယောက်ယောက်ကလည်း သူ၏ရုံးခန်းထဲမှ ကုတ်အင်္ကျီအဖြူကို ထုတ်ယူလာပေးခဲ့သဖြင့် ခွဲစိတ်ခန်းသုံးဝတ်စုံနှင့် အပြင်တွင် ကြည့်ရဆိုးမနေတော့ပေ။ 


သူက အင်္ကျီကို လဲလှယ်ဝတ်ဆင်ရင်း မိခင်ဖြစ်သူအား  ပြောလိုက်သည်။ 


“မိဘဆိုတာ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ပိုက်ကွန်တစ်ခုပါပဲ... အန်တီ့သား ပြုတ်ကျတဲ့အခါ အန်တီက ဖမ်းပေးရမှာပါ... တကယ်လို့ အန်တီကိုယ်တိုင် လဲကျသွားမယ်ဆိုရင် သူလည်း လဲကျသွားပါလိမ့်မယ်... သူ့ရဲ့ အခြေအနေက ဒီလိုဖြစ်လာတာကို လက်ခံဖို့ ခက်ခဲလိမ့်မယ်ဆိုတာသိပေမဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ကတော့ ကျွန်တော့်လူနာတွေ အမြင်အာရုံ ဆုံးရှုံးသွားမှာကို တစ်ယောက်လေးတောင် မဖြစ်စေချင်ပါဘူး... သူတို့အားလုံး ပြန်ကောင်းလာဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်...”


သူ့ရှေ့ရှိ ကောင်လေး၏မိခင်မှာ ခေါင်းကို အဆက်မပြတ် ညိတ်ပြနေရှာသည်။ သူ၏ စကားများကြောင့် သူမမှာ မျက်ရည်များ ထပ်မံဝဲလာပြန်ပြီး မျက်ဝန်းများမှာလည်း နီရဲလာခဲ့၏။


ထန်ဆောယန်က ဆက်လက်၍ပင် ပြောလိုက်သည်။ 

“ဆေးရုံအနေနဲ့ လူနာတိုင်းကို အထူးဂရုစိုက်ပါတယ်... ဘယ်လူနာကိုမှ ကျွန်တော်တို့ လက်မလျှော့ပါဘူး... ပါမောက္ခရွှီက မနက်ဖြန်မနက် ပြန်ရောက်လာပါလိမ့်မယ်... အန်တီ့သားအတွက်လည်း မနက်ဖြန်မနက်မှာ သူနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ဆွဲထားပြီးသားပါ” 


မိခင်ဖြစ်သူ၏ မျက်နှာထက်တွင် မျှော်လင့်ချက်အရိပ်အယောင်လေး တစ်စွန်းတစ်စ ပေါ်ပေါက်လာသော်လည်း ထန်ဆောယန်က သူမကို စိုက်ကြည့်လျက် ထိုမျှော်လင့်ချက်ကို ပြန်လည်ရိုက်ချိုးလိုက်၏။ 


“ဒါပေမဲ့ လက်ရှိ ဆေးပညာနည်းပညာက ဘယ်အတိုင်းအတာအထိပဲ လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကိုတော့ အန်တီ့ကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပြပြီးသားပါ... ဒါကြောင့် နောင်တရစရာတွေ ရှိကောင်းရှိနိုင်ပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အစွမ်းကုန် ကြိုးစားပေးသွားမှာပါ”


သူမ၏မျက်နှာအမူအရာမှာ အေးခဲသွားပြီး ချက်ချင်းပင် တုံ့ပြန်ရန် မစွမ်းသာခဲ့ချေ။ ထန်ဆောယန်က သူမ၏အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်ပြီး သူ စကားပြောလိုက်သည့်အခါ အသံထဲတွင် ပြတ်သားသည့် အရိပ်အယောင်များ ပါဝင်နေ၏။ 


“မိခင်တစ်ယောက်အနေနဲ့ အန်တီက ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခုပါပဲ... အန်တီ့ရဲ့ ခံစားချက်တွေက သူ့ဆီကိုလည်း ကူးစက်သွားမှာပါ... သူ အန်တီ့ကို မမြင်ရရင်တောင်မှ အန်တီ အကြီးအကျယ်စိတ်ပျက်အားငယ်နေတာတွေ သူ့ကို မခံစားမိပါစေနဲ့... အန်တီကိုယ်တိုင်က လက်ခံနိုင်မှသာ သူကလည်း ဒါက လက်ခံလို့ရတဲ့အရာတစ်ခုလို့ ခံစားရမှာပါ... ကျွန်တော် ပြောတာကို နားလည်ရဲ့လား”


အချိန်အတော်ကြာပြီးမှ သူမက ခပ်တောင့်တောင့်ပင် ခေါင်းညိတ်ပြလိုက်၏။


ထန်ဆောယန် သူ၏ရုံးခန်းအတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်၏။


သူ့နောက်မှ လိုက်ပါလာသော အလုပ်သင်ဆရာဝန်လေးက တိုးတိုးလေး ဆိုသည်။ 

“ကျွန်မ မေးပါရစေဆရာ ခုနက စကားပြောတုန်းက ဘာလို့ ဒီထက်ပိုပြီး ပါးပါးနပ်နပ် မပြောခဲ့တာလဲဟင်... ဆရာ့ရဲ့ နောက်ဆက်တွဲစကားတွေကြောင့် သူ ထပ်ပြီး စိတ်ဓာတ်ကျသွားမှာကို ကျွန်မ တကယ် စိုးရိမ်မိလို့ပါ”


ထန်ဆောယန်က ဆိုသည်။

“မင်းက သူ့ကို မျှော်လင့်ချက်ပေးလိုက်ရင် သူ အရမ်းကို စိတ်လှုပ်ရှားနေပြီး ဒီညလည်း အိပ်ပျော်မှာ မဟုတ်ဘူး.. မနက်ဖြန်မနက်ကျရင် သူရဲ့ ခံစားရမှုက နှစ်ဆပိုဆိုးသွားလိမ့်မယ်... မဖြစ်နိုင်တဲ့ ရလဒ်တစ်ခုအတွက် သူ့ကို မျှော်လင့်ချက် မပေးသင့်ဘူး” 


“ဒါပေမဲ့ ဒီလိုလုပ်တာက နည်းနည်းတော့ ရက်စက်ရာကျသလိုပဲနော်” 


ဤဆရာဝန်မလေးမှာ အလုပ်သင်ဆရာဝန်ဘဝကို စတင်ခဲ့သည်မှာ သိပ်မကြာသေးဘဲ ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် များများစားစား မကြုံဖူးသေးချေ။ ထို့ကြောင့် သူမ၏ အမြင်တွင် ထန်ဆောယန်၏ စောစောက စကားလုံးများမှာ အလွန်အမင်းပွင့်လင်းလွန်းနေပြီး လူနာရှင်မိသားစုအတွက် လက်ခံနိုင်ရန် ခက်ခဲလိမ့်မည်ဟု ယူဆနေခြင်းသာ။


ထန်ဆောယန်က သူမကို ကြည့်လိုက်ပြီးဆိုသည်။ 

“တစ်ခါတည်းနဲ့ အပြတ်ပြောလိုက်တာက စိတ်ဒဏ်ရာကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းပဲ... တစ်ကြိမ်ပြီးတစ်ကြိမ် ဓားနဲ့မွှန်းသလိုမျိုး နာကျင်မှုတွေကို ထပ်ခါတလဲလဲ ပေးနေတာက ပိုပြီးတော့ပဲ ခံစားရစေတယ်” 


အလုပ်သင်ဆရာဝန်မလေးမှာ ကျောင်းသားဘဝမှ ခံစားချက်နုနယ်မှုများ ရှိနေဆဲပင်။ ဤအခြေအနေတွင် သူမက ပါရဂူထန်ကို အားကျကြည်ညိုသူဖြစ်လင့်ကစား သူ၏ လုပ်ဆောင်ပုံကိုမူ သဘောမတူနိုင်ခဲ့ချေ။ လူနာနှင့် လူနာရှင်များကို အချိန်ပေးသင့်ပြီး ထိုအချိန်အတွင်းမှတစ်ဆင့် အမှန်တရားကို တဖြည်းဖြည်းနှင့် ငြိမ်းချမ်းစွာ လက်ခံလာနိုင်အောင် ကူညီပေးသင့်သည်ဟု သူမက ယုံကြည်နေခြင်းဖြစ်သည်။


ခံယူချက်ချင်းမတူညီသည့်အခါတွင် တစ်ဖက်လူကို နားဝင်အောင် ပြောဆိုနေခြင်းမှာ အပိုအလုပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။


အမှန်စင်စစ် ထန်ဆောယန်မှာ မျက်စိထိခိုက်ဒဏ်ရာ ကုသရေးအဖွဲ့တွင် တရားဝင်တာဝန်ပေးအပ်ခြင်း ခံထားရသူ မဟုတ်ပေ။ သူနှင့် လောင်ရွှီတို့က သီးခြားအထူးပြုဘာသာရပ်တစ်ခုတည်းတွင် ကန့်သတ်မထားဘဲ မျက်စိအထူးကုပညာရပ်ဆိုင်ရာ ခွဲစိတ်မှုအားလုံးတွင် ကျွမ်းကျင်နှံ့စပ်သူများဖြစ်ကြ၏။ 


သူ့ထံသို့ ရောက်ရှိလာသော လူနာများထဲတွင် အသေးအဖွဲ ထိခိုက်ဒဏ်ရာရသူနှင့် သာမန်နေမကောင်းဖြစ်သူဟူ၍ အလွန်နည်းပါးလှ၏။ 


ပါမောက္ခရွှီ၏ လမ်းညွှန်မှုအောက်တွင် သူက ရှုပ်ထွေးသော နောက်ဆက်တွဲဝေဒနာများနှင့် ကုသရန် ခက်ခဲသော ရောဂါအခြေအနေရှိသည့် လူနာများကိုသာ အဓိက ကုသပေးလေ့ရှိသည်။ 


ထို့ကြောင့်လည်း ထန်ဆောယန်က ခက်ခဲနက်နဲသော ကိစ္စများတွင် အတွေ့အကြုံများစွာရှိနေပြီး ဤကဲ့သို့သော စိတ်ပျက်အားငယ်မှုနှင့် ကြေကွဲဝမ်းနည်းမှုပေါင်းများစွာကို မြင်တွေ့ခဲ့ပြီး ဖြစ်ပေသည်။


ဤလူနာအတွက် ခွဲစိတ်ကုသရမည့် လက္ခဏာရပ်များမှာ အားမကောင်းလှသလို ခွဲစိတ်မှုရလဒ်များမှာလည်း အားတက်စရာမရှိလှပေ။ သူ့အနေဖြင့် မျက်လုံးအတွင်းရှိ အစက်အပြောက်များကို ဖယ်ရှားရန်နှင့် မျက်လုံးအတွင်း ဖိအားကို လျှော့ချရန်အတွက် မှန်ကြည်ရည်ထုတ်ယူသည့်ခွဲစိတ်မှုပြုလုပ်ကာ ဆီလီကွန်ဆီထိုးသွင်းခြင်းကို ခံယူရမည်ဖြစ်သည်။ 


ဤလူနာအတွက် အကောင်းဆုံးရလဒ်မှာ ကျန်ရှိနေသေးသော အမြင်အာရုံကို ထိန်းသိမ်းထားနိုင်ရန်သာ။ သူ့အနေဖြင့် အလွန်တောက်ပသော အလင်းရောင်ကိုသာ အာရုံခံနိုင်တော့မည်ဖြစ်၏။ သို့မဟုတ်လျှင်လည်း အမြင်အာရုံ လုံးဝဆုံးရှုံးသွားနိုင်ခြေလည်း အလွန်များပြားနေသည်။



သို့သော်လည်း အလင်းရောင်ကို အာရုံခံနိုင်စွမ်း ရှိနေခြင်းမှာပင် မျှော်လင့်ချက်တစ်မျိုး ဖြစ်ပေသည်။ ထိုမှိန်ဖျဖျ အဖြူရောင်အစက်အပြောက်ကလေးများမှာ အရောင်အသွေး အနည်းငယ်ရှိနေသေးသဖြင့် ထာဝရအမှောင်ထုထဲတွင် ပိတ်မိနေခြင်းထက်စာလျှင် တစ်ဆင့်သာလွန်နေပါသေးသည်။


ဤအလင်းရောင် အစွန်းအစလေးများကို ချန်ထားပေးနိုင်ခြင်းမှာ ထန်ဆောယန် အစွမ်းကုန် လုပ်ဆောင်ပေးနိုင်သည့် အကောင်းဆုံးအရာပင်။


×××××


“ပြောပါဦး... မင်းက ဘာလို့ အခုတလော ဒီလောက်တောင် အလုပ်များနေရတာလဲ” 

ချန်လင်က ထမင်းဘူးတစ်ဘူးကို ကိုင်ဆောင်ကာ ထန်ဆောယန်၏အိမ်သို့ ရောက်ရှိလာပြီး တံခါးဝမှ ဝင်လာသည်နှင့်တစ်ပြိုင်နက် လှမ်းမေးလိုက်၏။


သူကား ထန်ဆောယန်၏ တက္ကသိုလ်ဘဝမှ အဆောင်ဖော်သူငယ်ချင်းတစ်ဦးဖြစ်ပြီး သူကိုယ်တိုင်ကလည်း ထူးချွန်သည့် မျက်စိအထူးကု ဆရာဝန်တစ်ဦးပင်။ သို့သော် သူကမူ အစိုးရကဏ္ဍတွင်ဆက်မနေဘဲ ကိုယ်ပိုင်မျက်စိဆေးခန်းတစ်ခုကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကာ ယခုအခါတွင် ဆေးရုံခွဲပေါင်းများစွာပင် ရှိနေပေပြီ။


အိမ်စီးဖိနပ်များကို မတွေ့ရသဖြင့် ချန်လင်က ဖိနပ်စင်ကိုဖွင့်ကာ ဖိနပ်တစ်စုံကို ထုတ်ယူလိုက်တော့သည်။


“ငါမအားတဲ့အချိန်လို့ရော ရှိဖူးလို့လား” 

ထန်ဆောယန်က အနားသို့ လျှောက်လာရင်း ဖိနပ်အသစ်တစ်စုံကို ကမ်းပေးလိုက်သည်။

“ဒါပဲ စီးလိုက်”


ချန်လင်က အိမ်စီးဖိနပ် လဲစီးပြီးနောက် အိမ်ထဲသို့ လှမ်းဝင်လာရင်းပြောလာသည်။

“မင်း ဘယ်တော့ ဆေးရုံက ထွက်ပြီး ငါ့ရဲ့ ကုသရေးလုပ်ငန်းတွေမှာ လာကူညီမှာလဲ... ဆေးရုံမှာ ဆရာဝန်အသေးစားလေးလုပ်နေတာက ဘာများ ကောင်းလို့လဲ... ငါနဲ့အတူတူ အပြင်ထွက်လုပ်ပါလား ပိုပြီးတော့ လွတ်လပ်တာပေါ့... ဆေးရုံတစ်ဝက်ကို မင်းကို ပေးမယ်လေ”


သူကား အခွင့်သာတိုင်း ထန်ဆောယန်ကို စည်းရုံးရန် စကားနာထိုးလေ့ရှိသော်လည်း ထန်ဆောယန်ကမူ နှစ်ပေါင်းများစွာအတွင်း တစ်ခါမျှ တုန်လှုပ်ခြင်းမရှိခဲ့ချေ။


ချန်လင်ကား မူလတွင် ထန်ဆောယန်၏အိမ်‌၌ ထမင်းကပ်စားရန် ကြံစည်ထားခြင်းဖြစ်သည်။ အပြန်လမ်းတွင် သူတို့၏ ကျောင်းဟောင်းနားမှ ဖြတ်လာခဲ့သဖြင့် သူတို့ အမြဲသွားနေကျ စားသောက်ဆိုင်တွင်သာ ထမင်းဘူးများ မှာယူခဲ့ကြ၏။


ညစာစားနေရင်း တစ်ဝက်လောက်ရောက်မှ ချန်လင်က သတိရပြီး မေးလိုက်သည်။

“ဒီနေ့ ထုံနင် ဂျူတီရှိလို့လား”


“သူ အိမ်က ဆင်းသွားပြီ”


“ဆင်းသွားပြီ ဟုတ်လား” 

ချန်လင်က မေးပြီးသည်နှင့်တစ်ပြိုင်နက် ရယ်မောလိုက်၏။ 

“မင်းတို့တွေ ထပ်ပြီး ရန်ဖြစ်ကြပြန်ပြီလား... မင်းတို့ကတော့ တကယ့်ကို ရယ်ရတယ်.... ဒီတစ်ခါရော ဘာဖြစ်ကြပြန်တာလဲ”


တစ်နေကုန် အပြင်းအထန် နေမကောင်းဖြစ်နေသည့် လူနာများကို ကုသပေးခဲ့ရသဖြင့် ထန်ဆောယန်၏ စိတ်အခြေအနေမှာ မူလကတည်းက မကောင်းလှပေ။ ယခု ချန်လင်၏ မေးခွန်းများကြောင့် သူ ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။ 


“မင်းလည်း အသက်သုံးဆယ်ကျော်နေပြီ... အတင်းပြောတာကို ရပ်လို့မရသေးဘူးလား”


ချန်လင်က မျက်တောင်တခတ်ခတ်ဖြင့် ရယ်မောရင်းလာပါ၏။

“တာ့ကော ကျွန်တော် နှစ်ခွန်းပဲ ပြောရသေးတယ်လေ ”


“ငါကတော့ တစ်ခွန်းမှ မကြားချင်ဘူး”  

ထန်ဆောယန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။


ချန်လင်ကမူ လက်မလျှော့သေးပေ။

“တကယ်ကြီးလား... ဒီတစ်ခါတကယ်လား”


ထန်ဆောယန်က သူ့ကို ပြန်မဖြေတော့ဘဲ ရေတစ်ခွက်ကိုသာ အေးအေးဆေးဆေး ငှဲ့သောက်နေလိုက်သည်။


“မင်းတို့နှစ်ယောက်က ကလေးတွေလား... အချိန်တွေ ဒီလောက်တောင်ကြာနေပြီကို ခုထိ အရှုပ်တွေလုပ်ပြီး လမ်းခွဲနေကြတုန်းပဲ... မင်းတို့ကတော့ တကယ်ကို ချစ်ဖို့ကောင်းတာပါကွာ... ငါနဲ့ ငါ့မိန်းမဆိုရင် အခုဆို ရန်တောင် မဖြစ်နိုင်တော့ဘူး... တစ်နေ့ကုန် အလုပ်လုပ်ရတာနဲ့တင် သေမတတ် ပင်ပန်းနေပြီ... ဘယ်မှာ ရန်ဖြစ်ဖို့ အားရှိတော့မှာလဲ” 


ချန်လင်က ရယ်မောရင်း ဆိုသည်။ သူငယ်ချင်းဟောင်းများပီပီ သူကား အားနာမနေဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောဆိုနေခဲ့၏။


ထန်ဆောယန်မှာ သူ့ကြောင့် အလွန်ပင်စိတ်အနှောင့်အယှက်ဖြစ်သွားရသဖြင့် အမြဲထိန်းသိမ်းထားလေ့ရှိသော သူ၏တည်ငြိမ်သည့် အရောင်အဝါပင် ပျက်ယွင်းသွားရ၏။ သူက အိမ်အဝင်ဝရှိစင်ပေါ်မှ အလှဆင်ပစ္စည်းတစ်ခုကို ကျပန်းကောက်ယူကာ စိတ်မရှည်သော မျက်နှာပေးဖြင့် ချန်လင်ထံသို့ လှမ်းပစ်လိုက်ရင်း ဆိုလိုက်၏။


“မင်းကို အခုချက်ချင်း အိမ်ပေါ်ကနေ မောင်းချချင်စိတ်ကို အတော်လေး ထိန်းနေရတယ်” 


ချန်လင်က သူ့ထံသို့ပျံသန်းရောက်ရှိလာသော ပစ္စည်းကို ဖမ်းယူလိုက်ပြီး ပြုံးစိစိမျက်နှာဖြင့်ပင် ဆို၏။ 


“ငါ့အမြင်မှာတော့ မင်းတို့နှစ်ယောက်က ဒီလို ကလေးကလားကိစ္စတွေအတွက် အားတွေရှိနေသေးတယ်ဆိုကတည်းက အလုပ်သိပ်မများကြသေးလို့ပဲ ဖြစ်ရမယ်” 


သူက ဆက်၍ပင် စနောက်နေသေးသည်။


သို့ပေသိ သူငယ်ချင်းဖြစ်သူကို စနောက်ပြီးနောက်တွင်မူ ချန်လင်၏အမူအရာက လေးနက်သွားကာ သူ၏ရင်ထဲရှိ စကားများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။ 


“နေဦး... ယန်ကော... တကယ်တော့ သူစိမ်းတစ်ယောက်အနေနဲ့ သူများရဲ့ ဆက်ဆံရေးကြားထဲ ဝင်မပါသင့်ဘူးဆိုတာ ငါသိပါတယ်... ဒါပေမဲ့ အခု ငါပြောနေတာက သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောတာ... ငါ့ကိုယ်ငါ သူစိမ်းလို့ မသတ်မှတ်တော့ဘူး”


သူက ထန်ဆောယန်ကို ဆက်ပြောသည်။ 


“မင်းက ရှောင်ထုံကို အလိုလိုက်လွန်းတယ်... သူ့မှာ ခြေဆုံးခေါင်းဆုံး အကျင့်ဆိုးတွေနဲ့ ပြည့်နေတာပဲ... ဘယ်သူ့ကိုမှ ဒီလောက်အထိ အလိုမလိုက်သင့်ဘူး... သူက ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်နေပါစေဦးတော့ ဒါက တကယ်ကို လွန်လွန်းတယ်.   á€žá€° အပြင်ထွက်ရင် လူတိုင်းရှေ့မှာ အပြစ်ပြောစရာမရှိတဲ့ လူတစ်ယောက်လို ပြုမူနေပေမဲ့ မင်းရဲ့ရှေ့မှာကျတော့ သူက တကယ်ကို ရိုင်းစိုင်းတဲ့သူတစ်ယောက်လို့ ငါထင်တယ်... သူက အရမ်းကို ကလေးဆန်လွန်းတယ်”


×××××


ထန်ဆောယန်အနေဖြင့် မည်မျှပင်ရင်းနှီးသည့်သူဖြစ်ပါစေ ဤကဲ့သို့သော ကိုယ်ရေးကိုယ်တာကိစ္စများကို အခြားသူများနှင့် ဆွေးနွေးလေ့မရှိသူပင်။ ထုံနင်က လူရှေ့သူရှေ့တွင် ထန်ဆောယန်အပေါ် စိတ်ပျက်မိကြောင်း ဗြောင်ကျကျ ပြသခဲ့သည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူး၏။


ရှေးရိုးစွဲယောက်ျားမြတ်စိတ်မျိုးရှိသူ ချန်လင်အတွက်မူ ထိုအပြုအမူမှာ ကလေးဆန်သည်ထက်ပင်ပိုသည်ဟု ယူဆထားသည်။ တံခါးပိတ်ထားသည့် အခန်းတွင်း၌ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦး၏ကိစ္စသာ ဖြစ်သော်လည်း လူအများရှေ့တွင် သိက္ခာချခံရခြင်းကိုမူ သူဘယ်လိုမှ လက်ခံနိုင်ချေ။


ထန်ဆောယန်ကား ထုံနင်၏နောက်ကွယ်တွင် အတင်းအဖျင်းပြောရန် အစီအစဉ်မရှိခဲ့ဖူးသလို ယခုလည်း ပြောဆိုမည်မဟုတ်ပေ။ ထို့ကြောင့် သူက ရိုးရှင်းစွာပင်ဆို၏။


“ဒီအကြောင်းကို ရပ်လိုက်လို့ရမလား... မင်းပါးစပ်ကို ငါ အပ်နဲ့လာချုပ်ပေးမှ ရပ်မှာလား”


ချန်လင်မှာ အရိပ်အကဲကို ခတ်မိသွားသဖြင့် ထိုအကြောင်းကို ကျော်သွားလိုက်ပြီး အလုပ်အကြောင်းသို့ ပြောင်းလဲပြောဆိုလိုက်သည်။


သူက ထန်ဆောယန်၏အမည်ကို အသုံးပြုကာ တစ်ပတ်လျှင်တစ်ရက်ခန့် သူ၏ကိုယ်ပိုင်ဆေးခန်းတွင် လာရောက်ပြသပေးရန် အဆိုပြုလိုခြင်းသာ။


ဤသို့ပြောခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ရာ ထန်ဆောယန်က သူ့ကို တည်ငြိမ်စွာပင် စိုက်ကြည့်လိုက်ရင်း မေးလိုက်၏။

“ငါ့မှာ အဲဒီလိုအချိန်ရှိတယ်လို့ မင်း တကယ်ထင်နေတာလား”


“ရှိတာပေါ့... မင်း စနေတနင်္ဂနွေတွေမှာ ဂျူတီမယူဘူးဆိုတာ ငါမသိဘူးလို့ ထင်နေတာလား”


ချန်လင်ကား ထန်ဆောယန်၏အချိန်ဇယားကို အလွတ်ရနေသူဖြစ်သည်။


“ပိတ်ရက် ဂျူတီလား”

ထန်ဆောယန်က ရယ်မောလိုက်၏။

“စနေနေ့မှာ ခွဲစိတ်မှု နှစ်ခုရှိတယ် တနင်္ဂနွေမှာ လေးခုရှိတယ်... ဂျူတီမရှိဘူးဆိုတာ စာရွက်ပေါ်မှာပဲ ရှိတာလေ... မင်းက ဆရာဝန်လုပ်တာ ပထမဆုံးရက်မို့လို့လား ဒါကို ငါက အသေးစိတ် ရှင်းပြနေရအောင်”


“ဘယ်သူက ဂရုစိုက်မှာလဲ”

ချန်လင်မှာ နောင်တရဟန်မရှိဘဲ ဆိုသည်။

“ငါက မင်းရဲ့ နာမည်ဂုဏ်သတင်းကိုပဲ လိုချင်တာပါ.. တကယ်လို့ မင်း မအားဘူးဆိုရင်လည်း မလာခဲ့ပါနဲ့... တစ်လမှ တစ်ခါလောက်ဆိုရင်တောင် အဆင်ပြေပါတယ်... ငါ အလိုချင်ဆုံးက ငါ့ဆေးရုံရဲ့ ဆရာဝန်စာရင်းမှာ ‘ထန်ဆောယန်’ ဆိုတဲ့ စကားလုံးသုံးလုံး ပါနေဖို့ပဲ”


ထန်ဆောယန်မှာ စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။

“အပြင်မှာ တော်တဲ့ ဆရာဝန်တွေ အများကြီး ရှိနေတာပဲ... ဘာလို့ ငါ့ကိုပဲ ဒီလောက်တောင် အတင်းခေါ်နေရတာလဲ”


“လျှောက်မပြောစမ်းပါနဲ့... ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား... ငါ့ဆေးရုံမှာ လာအလုပ်လုပ်ချင်တဲ့ ပါမောက္ခတွေ ဘယ်လောက်တောင်များလဲဆိုတာ မင်းမသိဘူးလား... ငါက မင်းကို အလွယ်တကူ ပိုက်ဆံရမယ့်လမ်းကို ပေးနေတာတောင် မင်းက တစ်ပြားတစ်ချပ်မှ မယူချင်ဘူး... မင်း ဆရာဝန်လုပ်ရင်းနဲ့ ဦးနှောက်တွေများ သံချေးတက်ကုန်ပြီလား ငါ့ညီအစ်ကိုရာ”


သို့သော်လည်း နောက်ဆုံးအထိ ထန်ဆောယန်က ထိုကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။


အမှန်အတိုင်းပြောရလျှင် သူ့တွင် ပြင်ပအလုပ် တစ်ခုအတွက် အချိန်ရောအားအင်ပါ မကျန်တော့ချေ။ တကယ်၍ သူက အပေါ်ယံလေးသာ လုပ်ပေးမည်ဆိုပါက ချန်လင်အပေါ် မရိုးသားရာ ကျပေလိမ့်မည်။ သူ၏အမည်မှာလည်း ဟန်ပြသက်သက်သာ ဖြစ်နေပေလိမ့်မည်။ ထို့အပြင် နာမည်ထည့်သွင်းရုံဖြင့် ကိစ္စက ပြီးသွားလိမ့်မည်မဟုတ်ချေ။ ချန်လင်ကို သူယုံကြည်သော်လည်း ထိုဆေးရုံတွင် သူ၏ကြီးကြပ်မှုအောက်တွင်ရှိမည့် ဆရာဝန်များ၏ အရည်အသွေးကိုမူ အာမခံရန်ခက်ခဲလှ၏။


တကယ်၍ တစ်စုံတစ်ရာသာ မှားယွင်းသွားပါက နာမည်အကြီးဆုံးဖြစ်သည့် သူ့ထံသို့သာ မြှားဦးလှည့်လာပေလိမ့်မည်။ ထန်ဆောယန်အနေဖြင့် စီမံခန့်ခွဲမှုတွင်မပါဝင်သော်လည်း တာဝန်ယူရမည်ကို မလိုလားပေ။


မည်သို့ပင်ကြည့်စေကာမူ သူ့အ‌နေဖြင့် သဘောမတူနိုင်ပေ။ ၎င်းမှာ သူ၏ဦးနှောက် သံချေးတက်နေ၍မဟုတ်ဘဲ သူက လက်တွေ့ကျလွန်းပြီး အရာရာကို အေးအေးဆေးဆေး စဉ်းစားတတ်လွန်းသောကြောင့်သာ။


×××××


ထန်ဆောယန်က နံနက် ၆ နာရီတွင် ဆေးရုံသို့ အရောက်သွားရသည်။ လူနာဆောင်များသို့ လှည့်လည်ကာ မကြည့်ရှုမီ တွေ့ဆုံဆွေးနွေးမှုများကို အပြီးသတ်ရမည်ဖြစ်သဖြင့် လောင်ရွှီမှာ သူ့ထက်ပင် စောစီးစွာ ရောက်ရှိနေခဲ့ပေပြီ။


ယနေ့တွင် တွေ့ဆုံဆွေးနွေးရမည့် လူနာခြောက်ဦးရှိပြီး တစ်ဦးချင်းစီ၏ ရောဂါအခြေအနေမှာ ခက်ခဲနေကြသည်သာ။ လူနာရှင်များကလည်း တံခါးဝတွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြပြီး ဆရာဝန်များ ထွက်လာချိန်တွင် သတင်းဦးသတင်းထူးကို ပထမဆုံး သိရှိရရန် အကောင်းဆုံးနေရာကို အလုအယက် နေရာယူထားကြသည်။


🔥🔥🔥