Ch 10
Viewers 51

🔥 အခန်း ၁၀



ယမန်နေ့က အမြင်အာရုံကြော အားနည်းပျက်စီးသည့်ဖြစ်ရပ်မှာ ထိုနေ့အတွက် အဆိုးရွားဆုံး မဟုတ်သေးချေ။ အဆိုးရွားဆုံးမှာ ဦးနှောက်အကျိတ်က အမြင်အာရုံကြောကို ဖိမိနေသည့် လူနာတစ်ဦးပင်။ ထိုလူနာတွင် နှာခေါင်းနှင့် လည်ချောင်းကြားကင်ဆာဆဲလ်များက သွေးကြောများထဲသို့ ပျံ့နှံ့နေသည့်အပြင် မျက်လုံးရှေ့တွင်လည်း သွေးယိုစီးမှုများ ဖြစ်ပေါ်နေသည်။


အဆိုပါလူနာကို မူလက မျက်စိအထူးကုဌာနသို့ လွှဲပြောင်းပေးခဲ့သော်လည်း ထိုမှတစ်ဆင့် အာရုံကြောဌာနသို့ လွှဲပြောင်းခဲ့၏။ ယနေ့တွင်မူ ENT (နား၊ နှာခေါင်း၊ လည်ချောင်း) ဌာနသို့ ထပ်မံလွှဲပြောင်းပေးရမည်ဖြစ်သည်။


ဆေးရုံဌာနများကြားတွင် ဘောလုံးကဲ့သို့ အလွှဲအပြောင်းလုပ်ခံနေရသည့် လူနာနှင့် လူနာရှင်များ၏ စိတ်ပျက်အားငယ်မှုကို မှန်းဆကြည့်နိုင်ပေသည်။


သို့သော်လည်း မျက်စိအထူးကုဌာနအနေဖြင့် အမှန်တကယ်ပင် ဘာမှတတ်နိုင်စွမ်း မရှိတော့ချေ။ သူတို့၏ လက်များမှာ တုပ်နှောင်ခံထားရသည့်အတိုင်းပင်။ မျက်လုံးမှ သွေးထွက်ခြင်းမှာ ဦးနှောက်နှင့် နှာခေါင်းကင်ဆာအကျိတ်များ၏ ပြင်ပလက္ခဏာရပ်တစ်ခုသာ။ သူတို့အနေဖြင့် အမြင်အာရုံကြောကို ခွဲစိတ်၍မရသလို ကင်ဆာကြောင့်ဖြစ်သည့် မျက်လုံးသွေးယိုစီးမှုကိုလည်း ရပ်တန့်၍ မရနိုင်ချေ။


ယနေ့ တွေ့ဆုံဆွေးနွေးမှုမှလည်း ကြေကွဲနေသော လူနာရှင်မိသားစုအတွက် မည်သည့်မျှော်လင့်ချက်မျှ ပေးနိုင်ခြင်း မရှိပေ။


ယခုအပတ်အတွင်း ထန်ဆောယန်၏ အချိန်ဇယားမှာ ဆက်တိုက်ပင်ဖြစ်နေပြီး ခုနစ်ရက်လုံး ခွဲစိတ်မှုပေါင်းများစွာ စီစဉ်ထားသည်။ မကြာမီမှာပင် သူက အဖွဲ့ကိုဦးဆောင်ကာ ခရီးထွက်ရမည်ဖြစ်သဖြင့် နောက်အပတ်မှစ၍ မည်သည့်ခွဲစိတ်မှုကိုမျှ လက်ခံတော့မည်မဟုတ်ပေ။


လူနာအများအပြားက ထန်ဆောယန်ကိုယ်တိုင် ခွဲစိတ်ပေးသည်ကို ခံယူလိုသဖြင့် တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။


ထို့ကြောင့် သူ ခရီးမထွက်မီ ရွှေ့ဆိုင်း၍မရသော လူနာများကို ဦးစွာ ခွဲစိတ်ပေးရမည်ဖြစ်၏။


 á€†á€ąá€¸á€›á€Żá€śá€˜á€€á€şá€™á€žá€œá€Šá€şá€¸ သိပ်မစိုးရိမ်ရသည့် ခွဲစိတ်မှုများနှင့် နာတာရှည်မျက်စိရောဂါ ခွဲစိတ်မှုများကို အခြားဆရာဝန်များနှင့် စီစဉ်ပေးသော်လည်း အခြေအနေမစိုးရိမ်ရသည့် လူနာအချို့ကမူ ထန်ဆောယန်ကိုသာ ဆက်လက်စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။


အမြင်အာရုံကြော အားနည်းပျက်စီးနေသည့် အထက်တန်းကျောင်းသားလေးက နောက်ဆုံးတွင် မှန်ကြည်ရည်ထုတ်ယူသည့်ခွဲစိတ်မှုကို ခံယူရန် ဖြစ်လာခဲ့သည်။ ခွဲစိတ်မှုမစမီ ထုံဆေးသွင်းရန် စောင့်ဆိုင်းနေစဉ်အတွင်း ထိုကောင်လေးက ထန်ဆောယန်ကို တိုးညှင်းသောအသံဖြင့် လှမ်းပြောလိုက်သည်။

“ဒေါက်တာထန်... ကျွန်တော်လည်း တစ်ချိန်က ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တာ”


ထန်ဆောယန်က အင်းဟု အသိအမှတ်ပြုလိုက်၏။

“မင်းရဲ့ စာမေးပွဲအမှတ်တွေက တော်တော်ကောင်းတယ်လို့ ငါကြားထားတယ်”


“ဟုတ်ကဲ့ အမှတ်တွေကတော့ အတော်လေးကောင်းပါတယ်... စမ်းသပ်စစ်ဆေးမှုမှာ ၆၄၀ ရခဲ့တာပါ”


ယခုအခါတွင်မူ သူက ဤအကြောင်းကို တည်ငြိမ်စွာ ပြောဆိုနိုင်နေပေပြီ။

“ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဆေးတက္ကသိုလ်တက်ဖို့ပါ... အမှတ်ကတော့ ကျွန်တော် မှန်းထားသလောက် မရခဲ့ပေမဲ့ ဆေးကျောင်းတော့ သေချာပေါက် ဝင်ခွင့်ရမယ်လို့ ယုံကြည်ထားတာ”


ထန်ဆောယန်က ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ဆိုလိုက်ပါ၏။

“အင်း... ငါ့တုန်းကရခဲ့တဲ့ အမှတ်ထက်တော့ နည်းနည်းလေး လိုနေသေးတာပေါ့”


ထိုကောင်လေးက ပြုံးချင်သလို ဖြစ်သွား၏။ သူကား စိတ်လှုပ်ရှားနေ၍ ခွဲစိတ်မှုကို မထိခိုက်စေရန် သူ၏မျက်နှာကို တတ်နိုင်သမျှ ငြိမ်အောင် ထားနေရှာသည်။


“ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ခွင့်မရှိတော့ဘူး မဟုတ်လား”

ကောင်လေးက ဆိုသည်။

“ကျွန်တော့်အတွက်တော့ အခုချိန်မှာ ဒါက မဖြစ်နိုင်တော့ဘူးလေ”


“မဟုတ်ပါဘူး”

ထန်ဆောယန်က ပြန်ပြောလိုက်၏။


ကောင်လေးသည် အပြုံးကို ထိန်းထားဆဲပင်။ သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများမှာ မသိမသာလေး ကွေးတက်သွား၏။

“ကျွန်တော် ဒါကို လက်ခံလိုက်ပါပြီ... ဒေါက်တာ ကျွန်တော့်ကို နှစ်သိမ့်ပေးနေစရာ မလိုပါဘူး... ကျွန်တော်က မျက်စိကွယ်တော့မှာပဲလေ”


ကောင်လေး၏ မျက်နှာကို ပိုးသတ်ထားသော ဂွမ်းစများဖြင့် ဖုံးအုပ်ထားပြီး ခွဲစိတ်မည့် မျက်လုံးတစ်ဖက်ကိုသာ ဖော်ထားသည်။ ထုံဆေး အာနိသင် စတင်လာပြီဖြစ်ကြောင်း စစ်ဆေးပြီးနောက် ထန်ဆောယန်က သူ့ကို မေးလိုက်သည်။


“မင်းက ဘယ်လို ဆရာဝန်မျိုး ဖြစ်ချင်ခဲ့တာလဲ”


“ကျွန်တော်လည်း မသိဘူး.. အဲဒီလောက်အထိ အသေးစိတ် မစဉ်းစားဖြစ်ခဲ့ဘူး... ဆရာဝန်တစ်ယောက် ဖြစ်ရင်ပဲ ကောင်းနေပါပြီ”


ဂွမ်းစများအောက်မှ သူ စကားပြောလိုက်သည့်အခါ နှုတ်ခမ်းများမှာ လှုပ်ရုံမျှသာရှိတော့သည်။


ထန်ဆောယန်က နူးညံ့စွာပင် ဆိုလိုက်သည်။

“ငါက ဖြစ်နိုင်တယ်လို့ပြောရင် ဖြစ်နိုင်လို့ပဲ... ခွဲစိတ်မှုပြီးရင် ဒီကိစ္စကိုဆွေးနွေးဖို့ ငါ့ဆီ လာခဲ့ပါ... အမြင်အာရုံချို့ယွင်းနေပေမဲ့ အရည်အချင်းရှိတဲ့သူတွေ အများကြီးကို ငါသိတယ်... မင်းက သူတို့ထက် အများကြီး ပိုတော်ပါတယ်... ဘာလို့လဲဆိုတော့ သူတို့တောင် စာမေးပွဲမှာ ၆၄၀ မရနိုင်ကြဘူးလေ”


သူ၏လေသံမှာ အဆုံးတွင် အနည်းငယ် မြင့်တက်သွားပြီး အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလှသည်။ သာမန်စကားဝိုင်းတစ်ခုတွင် အေးအေးဆေးဆေး စကားစမြည် ပြောနေကြသကဲ့သို့ပင်။ ခွဲစိတ်မှုပြီးလျှင်လည်း သူ၏မျက်စိမှာ ကယ်တင်၍မရတော့မှန်း သိသဖြင့် ကောင်လေးမှာ မူလက စိတ်အခြေအနေ တင်းမာနေခဲ့သော်လည်း ထန်ဆောယန်၏ စကားအနည်းငယ်က သူ့ကို ထူးဆန်းစွာပင် တည်ငြိမ်သွားစေခဲ့သည်။


ခွဲစိတ်နေစဉ်အတွင်း လူနာ၏အခြေအနေကို အချိန်နှင့်အမျှ စစ်ဆေးရန်လိုအပ်သဖြင့် ထန်ဆောယန်က ရံဖန်ရံခါဆိုသလို စကားပြောပေးပြီး ပြန်လည်ဖြေကြားခိုင်းခြင်းဖြင့် လူနာ၏ စိတ်လှုပ်ရှားမှုကို လျှော့ချပေးနေခဲ့သည်။


ကောင်လေးသည်လည်း အလွန်ပင် လိုက်လျောညီထွေရှိပြီး ပူးပေါင်းဆောင်ရွက်နေ၏။ နောက်ပိုင်းတွင် ထုံဆေးအာနိသင် လျော့ပါးလာသည့်အခါ သူက တိုးတိုးလေး ဆိုသည်။

“ဒေါက်တာထန်... နည်းနည်း ပြန်နာလာပြီ”


မေ့ဆေးဆရာဝန် ရောက်လာပြီး ထပ်မံဆေးသွင်းပေးလိုက်သည်။ ထန်ဆောယန်က ဆို၏။

“ခဏလေးပဲနော် ပြီးတော့မှာပါ... နည်းနည်းလေး ထပ်သည်းခံထားပါဦး”


“ဟုတ်ကဲ့”

ထို့နောက် ကောင်လေးက ရုတ်တရက် မေးလိုက်သည်။

“ဒေါက်တာထန်... ဒေါက်တာရဲ့မျက်နှာက ဘယ်လိုမျိုးလဲဟင်”


စီလီကွန်ဆီထိုးသွင်းနေရင်း ထန်ဆောယန်က မပြောင်းမလဲပင် အသံပြုလိုက်၏။

“ဟင်...”


“ကျွန်တော် မမြင်ဖူးလို့ပါ... ဆရာက ဘယ်လိုပုံစံလဲ”


“ဆရာကလား”

ထန်ဆောယန် အပ်ကိုဆွဲထုတ်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ကောင်းတဲ့ အနေအထားမှာတော့ ရှိပါတယ်”


စက်ပစ္စည်းများကို ကိုင်တွယ်နေသော နာ့စ်မလေးကလည်း ဝင်ပြောလိုက်သည်။

"ပါရဂူထန်ကို ကျွန်မတို့ဆေးရုံမှာ အချောဆုံးလို့ အားလုံးက တညီတညွတ်တည်း သတ်မှတ်ထားကြတာနော်"


ကောင်လေးက ဆို၏။

"ဒါဆို ကျွန်တော် မမြင်လိုက်ရတာ တကယ်ကို နှမြောဖို့ကောင်းတာပဲနော်"


ခွဲစိတ်မှုက အဆုံးသတ်ကာနီးပြီဖြစ်သဖြင့် ကျန်ရှိသော အပိုင်းများမှာ ထန်ဆောယန် ကိုယ်တိုင်လုပ်ရန် မလိုတော့ချေ။ ထို့ကြောင့် သူက ဘေးသို့ ခေတ္တဖယ်ရပ်လိုက်သည်။

"ဘာလို့ နှမြောစရာကောင်းရမှာလဲ... မနက်ဖြန် လူနာဆောင်တွေ လှည့်ကြည့်တဲ့အခါကျရင် ငါ့မျက်နှာကို မင်းကို စမ်းကြည့်ခိုင်းမယ်လေ... ငါ့ရဲ့ မျက်ခုံးရိုးနဲ့ နှာတံကို စမ်းကြည့်လိုက်ရင်  ဘယ်လောက် ကြည့်ကောင်းလဲဆိုတာ မင်း ခံစားမိသွားမှာပါ"


သူ၏ဟာသကြောင့် အားလုံးက ရယ်မောလိုက်ကြပြီး ကောင်လေးသည်လည်း ဤတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် ပြုံးလိုက်မိတော့သည်။ ထန်ဆောယန်၏ အသံနှင့်လေသံမှာ အလွန်ပင် နူးညံ့လှသဖြင့် လူတို့ကို လုံခြုံမှုနှင့် တည်ငြိမ်မှု ခံစားချက်များကို ပေးစွမ်းနိုင်၏။ ထို့ပြင် ခွဲစိတ်မှုတစ်ခုလုံးမှာလည်း မည်သည့် အနှောင့်အယှက်မျှမရှိဘဲ ချောချောမွေ့မွေ့နှင့် အေးအေးဆေးဆေးပင် ပြီးဆုံးသွားခဲ့သည်။


"မနက်ဖြန်အထိ ဘာလို့ စောင့်နေမှာလဲ... ခွဲစိတ်မှုပြီးတာနဲ့ အခုပဲ သူ့ကို စမ်းခိုင်းလိုက်ပါလား"

မေ့ဆေးဆရာဝန်က ရယ်မောကာ ပြောလိုက်၏။


"ဒီနေ့တော့ မဖြစ်သေးဘူး... ခွဲစိတ်နေတုန်း သူ အရမ်းစိတ်လှုပ်ရှားနေတော့ လက်ဖဝါးတွေမှာ ချွေးတွေ စိုနေမှာပေါ့... မျက်နှာပေါ် လာသုတ်ခိုင်းလို့ မဖြစ်ဘူးလေ"


ကောင်လေး၏ ရယ်သံလေးထဲတွင် ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အရိပ်အယောင်လေး ပါဝင်နေသည်။

"တကယ်လည်း ကျွန်တော့်လက်တွေမှာ ချွေးတွေနဲ့ ရွှဲနေတာ"


"ဒါကတော့ သေချာတာပေါ့... မင်းက ကြောက်လည်း ကြောက်နေသလို နာလည်း နာနေတာကိုး"

ထန်ဆောယန်က ဆို၏။


ကောင်လေးက အံ့အားသင့်သွားသည်။

"ကျွန်တော် နာနေတာကို ဆရာ သိတာလားဟင်"


"အင်း..."

ထန်ဆောယန်က သူ့ကို တိုးညှင်းစွာ ပြန်ပြောလိုက်သည် ။

"မင်း နာနေတာကို ငါ သိတာပေါ့"


-❀-


“နာနေသေးလား”

ထောင်ရှောင်တုန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း သူ့ညီလေး၏ ခြေထောက်ကို စစ်ဆေးကြည့်လိုက်သည်။


ထောင်ဟွိုက်နန်၏ မျက်တောင်လေးများမှာ တုန်ခါသွားပြီး ပြန်ဖြေသည်။

“မနာတော့ပါဘူး” 


ထောင်ရှောင်တုန်းက ဆေးဂွမ်းလေးဖြင့် အနာကို အသာအယာ တို့ပေးနေသည့်တိုင် ထောင်ဟွိုက်နန်ကမူ တစ်ချက်လေးပင် မတွန့်သလို အသံပင် မထွက်ခဲ့ချေ။


“ခုကော ပြန်လာရင်တော့ စိတ်ဆိုးတော့မှာပဲ”

ထောင်ရှောင်တုန်းက ထိုသို့တွေးမိပြီး အနည်းငယ်ပင် သဘောကျနေပုံရ၏။ သူက ကော်ဇောပေါ်၌ တင်ပလ္လင်ခွေထိုင်ရင်း ထောင်ဟွိုက်နန်၏ခြေသလုံးတွင် စုပြုံနေသော ဒဏ်ရာအသေးလေးများစွာကို ဆေးကြောပေးနေခဲ့သည်။


“စောစောက သူကျွန်တော့်ကို စိတ်ဆိုးသွားတာလေ”

ထောင်ဟွိုက်နန်က ပြုံးလိုက်သည်။

“ခုကောရဲ့ အကျင့်က အရင်အတိုင်းပဲ ကျွန်တော့်ကြောင့်နဲ့ စိတ်ကောက်သွားတာ”


ထောင်ရှောင်တုန်းက သူ၏ ဒူးခေါင်းကို လက်ဖြင့် တောက်လိုက်ပြီးဆို၏။

“သူ့ကို အမြဲတမ်း သွားမစနဲ့လေ”


“ကျွန်တော်က ဘယ်လိုလုပ် လုပ်ရဲမှာလဲ”

ထောင်ဟွိုက်နန်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။

“ကျွန်တော်က တစ်ခွန်းလောက် ပြန်ပြောလိုက်တာနဲ့ သူက ချက်ချင်း ထွက်သွားတာပဲ... ကျွန်တော့်ကို ဂရုတောင် မစိုက်တော့ဘူး”


“သူ ဘယ်သွားတာလဲ”


“မသိဘူး တစ်နေရာရာ ထွက်သွားတာပဲ”

ထောင်ဟွိုက်နန်က ဒဏ်ရာမရထားသည့် ခြေထောက်ကို လှုပ်ရှားရင်း စဉ်းစားနေဟန်ဖြင့်ဆိုသည်။

“ကောအထင် သူ ပြန်လာပါ့မလား”


ထောင်ရှောင်တုန်းက ရယ်မောလိုက်သည်။

“ငါက ဘယ်လိုလုပ် သိမှာလဲ”


ထောင်ဟွိုက်နန်က သက်ပြင်းချလိုက်သည်။

“တကယ်ကိုစိတ်တိုလွယ်တာပဲ”


ဤညီအစ်ကိုနှစ်ယောက်၏ သဘာဝမှာ ငယ်စဉ်ကတည်းက ထိုအတိုင်းသာ။ ညီဖြစ်သူက ကြည့်ရသည်မှာ အေးဆေးလိမ္မာသယောင်ရှိပေသိ တကယ်တမ်းတွင် မြေခွေးပေါက်လေးလို လည်လှသူဖြစ်၏။ တစ်ဖက်မှာလည်း ချီချန်ကမူ ကြည့်လိုက်သည်နှင့် ခပ်ဆိုးဆိုးဖြင့် ဒေါသကြီးသူဖြစ်၏။ အနှီလူငယ်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တစ်ခါလေးပင် အလျှော့မပေးခဲ့ကြချေ။


ည ၁၀ နာရီလောက်၌ ချီချန် ပြန်ရောက်လာသည်။ ထောင်ရှောင်တုန်းနှင့်ထောင်ဟွိုက်နန်တို့က ဆိုဖာ တစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြပြီး ထောင်ဟွိုက်နန်၏ ခြေထောက်ကမူ ဆိုဖာပေါ်တင်ထားကာ အစ်ကိုဖြစ်သူက ပတ်တီးစည်းပေးထားပြီးဖြစ်၏။


ချီချန်၏ ကိုယ်နေဟန်ထားက တောင့်တင်းသွားသည်။ ဖိနပ်ပင် မချွတ်ရသေးမီမှာပင် သူ့အသံက အိမ်ထဲ၌ လွှမ်းမိုးသွား၏။

“မင်းခြေထောက် ဘာဖြစ်တာလဲ”


ထောင်ဟွိုက်နန်က ဆိုဖာပေါ်တွင် အေးအေးလူလူ လှဲနေရင်း ပြောလိုက်သည်။

“ခြေထောက် ကျိုးသွားပြီလေ”


ထောင်ရှောင်တုန်းက သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်၏။ သူကား စိတ်ထဲမှ ရယ်နေမိသည့်တိုင် ဘာတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်၍သာနေလိုက်သည်။


ချီချန်က အနားသို့အပြေးအလွှား ရောက်လာသော်လည်း ခြေထောက်ကိုမူ မထိရဲချေ။ သူက ထောင်ဟွိုက်နန်၏မျက်နှာလေးကို ဒေါသတိမ်တိုက်များ ဖုံးလွှမ်းနေသည့်အလား အလွန်ပင် ဆိုးရွားလှသည့်အမူအရာဖြင့် ကြာည့်လိုက်၏။

“ဘယ်လိုဖြစ်တာလဲ... တိတိကျကျပြော ဘယ်လိုဖြစ်တာလဲ”


ထောင်ဟွိုက်နန်က ထိုဘက်သို့ မျက်နှာမူလိုက်သည်။ တစ်ဖက်လူက တကယ်ပင် ဒေါသများ ပေါက်ကွဲတော့မည်ကို ခံစားမိပုံရ၏။ သူက လက်လှမ်းပြီး တစ်ဖက်လူ၏ လက်မောင်းကို ပုတ်ပေးလိုက်သည်။


“ငါ ခလုတ်တိုက်မိတာပါ... လှေကားထိပ်ကနေ အောက်ကို လေးထပ်လောက်အထိ လိမ့်ကျသွားတာ... အဆင်ပြေပါတယ် တကယ်ကြီး ခြေထောက် ကျိုးသွားတာတော့ မဟုတ်ပါဘူး”


ချီချန်က ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေဆဲပင်။ သူက ထောင်ဟွိုက်နန်၏ မျက်နှာကိုသာ စိုက်ကြည့်နေပြီး မေးရိုးများမှာလည်း တင်းမာနေ၏။

ထောင်ဟွိုက်နန်က သူ၏လက်မောင်းကို ထပ်မံပုတ်ပေးရင်း ထပ်ပြောလိုက်သည်။

“တကယ်ကြီး ခြေထောက်မကျိုးပါဘူးဆို”


ချီချန်၏ရင်ဘတ်မှာ ဒေါသကြောင့် သိသိသာသာပင် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ အခြေအနေအရပ်ရပ်ကို ဘေးမှကြည့်နေသော ထောင်ရှောင်တုန်းမှာ နောက်ဆုံးတွင် ဝင်ရောက်ဖျန်ဖြေရန် အခွင့်အရေးရသွားတော့သည်။


“ရန်မဖြစ်ကြပါနဲ့ဦး... ခုကော စိတ်အေးအေးထားပါဦး”


ထောင်ဟွိုက်နန်က အစ်ကိုဖြစ်သူဘက်သို့ မျက်နှာမူကာ ဆို၏။

“ဘယ်သူက ရန်ဖြစ်လို့လဲ... ကျွန်တော်နဲ့ ခုကောက အဆင်ပြေပါတယ်”


ထောင်ရှောင်တုန်းက ရယ်မောလိုက်ပြီး ရေချိုးရန် ထရပ်လိုက်တော့သည်။ 'တကယ့်ကို ကလေးတွေပဲ'ဟုသာ သူ တွေးမိသွား၏။ တစ်ယောက်က ၁၆ နှစ်ဖြစ်ကာ နောက်တစ်ယောက်က ၁၇ နှစ်ဖြစ်သည်။ ဒေါသထွက်ပုံများကလည်း ကလေးကလားဆန်လှသည်။


ဤကလေးနှစ်ဦးမှာ အတူတူ ကြီးပြင်းလာကြသော်လည်း ရံဖန်ရံခါဆိုသလို ပြဿနာတက်တတ်ကြသည်။ ထောင်ရှောင်တုန်းမှာမူ များသောအားဖြင့် သူတို့ကိစ္စတွင်ဝင်မပါဘဲ လွှတ်ထားလေ့ရှိ၏။ မကြာသေးမီနှစ်များအတွင်း အခြေအနေမှာ သိပ်မဆိုးလှတော့ပေ။


ချီချန်ငယ်စဉ်ကဆိုလျှင် ခဏခဏ ရန်ဖြစ်တတ်သော်လည်း သူမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ထောင်ရှောင်တုန်းက တစ်ခါလေးပင် ပြင်းပြင်းထန်ထန် မဆူပူခဲ့ဖူးချေ။


သူကား ကလေးများအပေါ်တွင် အလွန်ပင် သည်းခံတတ်ပြီး သူ့လက်အောက်ရှိ ကလေးများကိုလည်း အလိုလိုက်တတ်သူပင်။ ထောင်ရှောင်တုန်းတွင် ဤသို့သော ပျော့ကွက်လေးရှိသဖြင့် သူတို့အပေါ် သိပ်ပြီးစည်းကမ်းမကြီးခဲ့ခြင်းသာ။


သို့တိုင် ၎င်းမှာ သူ့အနေဖြင့် အေးဆေးသိမ်မွေ့လွန်းသူတစ်ဦးဟု မဆိုလိုပေ။ အမှန်စင်စစ် သူကား အခြားသူများ၏ကလေးများကိုမူ သိပ်ပြီး စိတ်မဝင်စားပါချေ။ အေးစက်စက်သာ ဆက်ဆံတတ်သူဖြစ်သည်။


ယနေ့တွင်လည်း ထောင်ရှောင်တုန်းက မပြောပလောက်သော ကမ်းလှမ်းချက်တစ်ခုကို ထပ်မံငြင်းပယ်လိုက်ပြန်သည်။ ဤဖြစ်ရပ်ကို ထိုအချိန်က ဆိုင်တွင် တက်တူးထိုးနေသော ဖောက်သည်တစ်ဦးက လူမှုကွန်ရက်ပေါ်တွင် အမည်မဖော်ဘဲ တင်လိုက်ရာမှတစ်ဆင့် ထောင်ရှောင်တုန်းမှာ အင်တာနက်ပေါ်တွင် ထပ်မံ၍ လှောင်ပြောင်ဝေဖန်မှုများကို ခံလိုက်ရပြန်သည်။


၎င်းမှာ ထောင်ရှောင်တုန်းကို အားပေးလာသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ပတ်သက်နေ၏။ သူက ထောင်ရှောင်တုန်းနှင့်ဆိုင်၏ ဝေ့ပေါ်အကောင့်များကို အမြဲစောင့်ကြည့်လေ့ရှိပြီး ထောင်ရှောင်တုန်း၏လက်ရာဖြစ်သည့် တက်တူးပုံမှန်သမျှကိုလည်း တက်ကြွစွာ ပြန်လည်မျှဝေလေ့ရှိသည်။


ထိုကျောင်းသားမှာ ပန်းချီအနုပညာကျောင်းသားတစ်ဦးဖြစ်ပြီး ထောင်ရှောင်တုန်းကို သူ၏ဘုရားသခင်ကဲ့သို့ပင် ကိုးကွယ်အားကျသူဖြစ်၏။


သူကား ဟွမ်ကောထံသို့ မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိပြီး ဟွမ်ကောကလည်း ဈေးနှုန်းများကို အကြိမ်ကြိမ် ပြောပြခဲ့ဖူးသည်။ တစ်ခါကမူ ထိုကျောင်းသားလေးထံမှ ‘စာရိုက်နေသည်...’ အမှတ်အသားလေးက အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် မေးလာခဲ့သည်။


“စတူဒီယိုမှာ ပွဲလေးတွေ ဘာလေးတွေ မရှိဘူးလားဟင်... ပရိုမိုးရှင်းတို့ ဘာတို့လေ”

ဟွမ်ကောကမူ သူတို့ဆိုင်တွင် ထိုသို့သော အစီအစဉ်မျိုး မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့လေသည်။


“ကောင်းပါပြီ”

တစ်ဖက်လူက ထိုသို့သာ ပြန်ပြောခဲ့ပြီးနောက် အချိန်အတော်ကြာသည်အထိ ထပ်မံမမေးမြန်းတော့ချေ။ ထောင်ရှောင်တုန်း၏ တစ်နာရီလျှင် ဂဏန်းငါးလုံးရှိသောဝန်ဆောင်ခမှာ ပညာသင်ကြားနေဆဲ ကျောင်းသားတစ်ဦးအတွက်မူ အလွန်ပင် အထက်တန်းဆန်(ဈေးကြီး)လှသည့် ပမာဏဖြစ်နေခဲ့၏။



ပြီးခဲ့သည့်ရက်တွင် သူက နောက်တစ်ကြိမ် လာရောက်မေးမြန်းပြန်သည်။ ယခင်အတိုင်းပင် ဟွမ်ကောက ခန့်မှန်းခြေဈေးနှုန်းကို ပြောပြလိုက်ရာ မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့တော့ပေ။


ဟွမ်ယိတာက ထိုအကြောင်းကို ကြားသိရသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ဒီကလေးက မင်းကို ဒီလောက်တောင် ကြိုက်နေတာ... သူ့ကို တက်တူးလေးတစ်ခုလောက် ထိုးပေးလိုက်ပါတော့ကွာ... ငါတောင် သူ့ကို သနားလာပြီ”


ဟွမ်ကောက ထောင်ရှောင်တုန်းကို လှမ်းကြည့်လိုက်သော်လည်း ဘာတစ်ခွန်းမှ မဟရဲချေ။ သူတို့၏ရှောင်တုန်းကောမှာ ပုံမှန်အားဖြင့် ဂဏန်းငါးလုံးတန်တက်တူးတစ်ခုကို ရာဂဏန်းမျှပင် လျှော့မပေးတတ်သူဖြစ်၏။


ဤအချက်ကြောင့်ပင် ပြင်ပလူများက ထောင်ရှောင်တုန်းကို 'ခြေဆုံးခေါင်းဆုံး ပိုက်ဆံပဲမက်သည့် လူမဆန်သော ကပ်စေးနှဲကြီး'ဟု ကဲ့ရဲ့ကြခြင်းသာ။ ထိုကျောင်းသားလိုချင်သည့် တက်တူးမှာ မကြီးမားလှသော်လည်း သူတို့၏ ရှောင်တုန်းကောက အလကားထိုးပေးမည်ဟု သဘောတူရန်မှာမူ မဖြစ်နိုင်ပေ။


မျှော်လင့်ထားသည့်အတိုင်းပင် ထောင်ရှောင်တုန်းက သဘောမတူဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ဘာလို့ သူ့ကို ကျွန်တော်က ထိုးပေးရမှာလဲ”


ဟွမ်ယိတာက နောက်တစ်ကြိမ် သက်ပြင်းချရင်း ဆုံးမလိုက်၏။

“ကလေးတစ်ယောက်နဲ့ မင်းက ဘာတွေလာတွက်ကပ်နေတာလဲ”


ထောင်ရှောင်တုန်းက ခေါင်းခါပြဆဲပင်။

“ကျွန်တော့်ရဲ့ တက်တူးတွေက အဲဒီလောက် တန်ဖိုးရှိတာပဲ... တစ်ပြားတစ်ချပ်မှ လျှော့လို့မရဘူး”


ဤကိစ္စနှင့် ပတ်သက်လျှင် ထောင်ရှောင်တုန်းက တစ်ခါပင် အလျှော့မပေးခဲ့ဖူးချေ။ သူက ‘မရဘူး’ ဟု ပြောလျှင် တကယ်ပင် မရခြင်း ဖြစ်သည်။


ထို့ကြောင့် ဟွမ်ယိတာက ဟွမ်ကောကို ပြုံးလျက် ပြောလိုက်သည်။

“ထားလိုက်ပါတော့ကွာ... မင်းတို့ ရှောင်တုန်းကောက သဘောမတူဘူးတဲ့”


ဤဖြစ်ရပ်ကြောင့်ပင် ထောင်ရှောင်တုန်းမှာ လုပ်ငန်းခွင်အတွင်း၌ တစ်ခါပြန်၍ လှောင်ပြောင်စရာဖြစ်ခဲ့ရပြန်သည်။ သူ၏ ကပ်စေးနှဲမှုမှာ တစ်ရက်နှစ်ရက်သာ မဟုတ်တော့ကြောင်းနှင့် ထိုကျောင်းသားအနေဖြင့်လည်း ပိုက်ဆံနံ့များလှိုင်နေသည့် ထောင်ရှောင်တုန်း၏တက်တူးများကို ကြိုက်နှစ်သက်နေခြင်းက အဆင့်မရှိလှကြောင်း သူတို့ကဆိုကြသည်။

ဟွမ်ကောမှာမူ သူ၏ရှောင်တုန်းကော အလှောင်ခံနေရသည်ကို မြင်သောအခါ အလွန်ပင် ဒေါသထွက်နေခဲ့၏။


ထောင်ရှောင်တုန်းက သူ့ညီလေး ဒေါသထွက်လွန်း၍ မျက်လုံးများ မကြာခဏဆိုသလို မှိတ်နေသည်ကိုမြင်သောအခါ အနားသို့ သွားပြီး ဦးခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။

ဟွမ်ကောက မော့ကြည့်လိုက်သည့်အခါ ထောင်ရှောင်တုန်းက မေးလိုက်၏။


“မင်း ဘာတွေ ဖတ်နေလို့ မျက်နှာက ဒီလောက်တောင် ဖြစ်ပျက်နေရတာလဲ”

ဟွမ်ကောက ခေါင်းကို စောင်းလိုက်ပြီး ထောင်ရှောင်တုန်းကို အားကိုးတကြီး ကြည့်လျက် ပြောလိုက်တော့သည်။


“ရှောင်တုန်းကော... သူတို့က အစ်ကို့ကို ဝိုင်းပြီး ဆဲနေကြတာ”


ထောင်ရှောင်တုန်းက အားရပါးရ ရယ်မောလိုက်သည်။

"မကြည့်ဘဲ နေလိုက်ရင် ပြီးတာပဲမလားကွာ"


ဟွမ်ကောက မျက်မှောင်ကြုတ်လျက် ပြန်ပြောသည်။

"ကျွန်တော် မနေနိုင်လို့ပါ"


ထောင်ရှောင်တုန်းက ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် သူ့ဆံပင်တွေကို ဖွပေးလိုက်ရင်း နှစ်သိမ့်လိုက်သည်။

"ကြည့်ချင်လည်း ကြည့်ပေါ့ကွာ... ကြည့်ပြီးရင်လည်း မေ့ပစ်လိုက်တော့... သူတို့က မင်းဒေါသထွက်ဖို့ မတန်ပါဘူး"


ဟွမ်ယိတာကမူ ထောင်ရှောင်တုန်းအား နာမည်ကောင်းရအောင် မလုပ်တတ်သူဟု ဆိုလာ၏။ ချီးမွမ်းခံရနိုင်သည့် ရိုးရှင်းသောလမ်းရှိပါလျက် သူကမူ ကဲ့ရဲ့ရှုတ်ချခံရမည့် လမ်းကိုသာ ရွေးချယ်ခဲ့သည်။ ထိုကလေးထံမှရမည့် တက်တူးဖိုးမှာနည်းပါးသည့်တိုင် ရနေဦးမည်သာ။ ဤမျှအထိ တွက်ကပ်နေစရာမလိုဟု သူက ယူဆသည်။


ထိုစကားကို ထောင်ရှောင်တုန်းက အေးအေးဆေးဆေးပင် ပြန်လည်တုံ့ပြန်လိုက်သည်။

"ကျွန်တော်က ဘာလို့ လျှော့ပေးရမှာလဲ... ပရဟိတသမားမှ မဟုတ်တာ"


🔥🔥🔥