အပိုင်း ၂၄၉-၂၅၀
Viewers 23k

Part 249


ထို့နောက် အုပ်ချုပ်ရေးမှုးက လက်ထဲမှ ကြာပွတ်ကို အသံမြည်အောင် ပွတ်ဆွဲလိုက်ရင်း ပြောလိုက်သည်။


 "ချန်ဇီချင်း...မင်းကိုယ်မင်း ဂရုစိုက်မှရမယ်... ဒီနေ့ မင်းလက်ထပ်ရင် မင်း ရှန်ရွေ့ ရွာမှာပဲ အခြေချရတော့မှာ...  ဘယ်တော့မှ မြို့ကို  ပြန်မရနိုင်တော့ဘူး... မင်း ဒီမှာ နေထိုင်ပြီး တည်ငြိမ်တဲ့ဘဝကို ဖြတ်သန်းနိုင်တယ်...မင်းရှုယွမ်ကို အနိုင်ကျင့်ဝံ့ရင် ငါတို့ ရှန်ရွေ့ရွာက လူကြီးလူငယ်တွေက မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး...”


 ထို့နောက် လူတိုင်းက စကားအနည်းငယ်ပြောပြီး ရှုယွမ်၏အမေက လူငယ်စုံတွယ်အား  လူတိုင်းကို ဦးညွှတ်ခိုင်းလိုက်၏။


ချန်ဇီချင်းအနေဖြင့်  ဘာမှအတင်းအကြပ် အခိုင်းမခံရသော်လည်း  သူ နှလုံးသားထဲတွင် စိတ်ပျက်မှု၊ အေးစက်မှုများနှင့် ပြည့်နှက်နေသည် သူ မြို့ကို ဘယ်တော့မှ ပြန်မသွားနိုင်ဘဲ  ဆင်းရဲနွမ်းပါးပြီး ခေတ် နောက်ကျကျန်ခဲ့သော ဤရွာလေးတွင် တစ်သက်လုံးနေရတော့မည်ဟု တွေးနေမိသည်။


 သူရုတ်တရက်ပြိုလဲသွားကာ အပြစ်ကင်းစင်သော၊ ကြင်နာတတ်သော ၊ လှပပြီး ချစ်စဖွယ်ကောင်းသော လျှိုရှုယွမ်ကိုကြည့်ကာ မုန်းတီးနေပုံရ၏။

(အစောကတည်းက လော်မသရမ်းနဲ့လေ ခွေးမျိုး)


 သူမ ဘာကြောင့် ဒီလောက် ရက်စက်ရတာလဲ...

 သိသိသာသာကို သူထွက်သွားပြီးနေပြီဖြစ်ကာ  သူမကလည်း သူမဘာသာသူမ  ခံနိုင်ရည်ရှိလျင် သူက နောက်ကျရင် ပြန်လာ၍ သူမနှင့်ကလေးကိုလာခေါ်မည်ဟု ကတိပေးထားခဲ့သည်။


 သူမ ဘာလို့သည်းမခံနိုင်ရတာလဲ...


 သူမကို ဒီမှာပဲတစ်ယောက်တည်းထားခဲ့ရင်ကောင်းမလား...


 သူမ၏ဘိုးဘေးများက မျိုးဆက်ပေါင်းများစွာ လယ်သမားများဖြစ်၍ မြို့သို့ပြန်ရန် မျှော်လင့်ချက်မရှိပေ။


 သူစိတ်ကုန်လွန်း၍ ရှုယွမ်၏လက်ကိုပင် မကိုင်ချင်ပေ။


 လူတိုင်းက သူ့ကိုကြည့်လာကြသည် အထူးသဖြင့် ဟန်ချင်စုန့်၏မျက်လုံးများက အေးစက်ကာ စူးရှပြီး သူ့ကို ထိန်းမရအောင် ကြောက်စိတ်မွှန် သွားစေသည်။


ချန်ဇီချင်းအနေဖြင့်   ရှုယွမ်၏လက်ကို စိတ်ပျက်လက်ပျက်ဖြင့် ကိုင်ထားရန်မှတပါး ရွေးချယ်စရာမရှိတော့ဘဲ ငိုသည်ထက် ပိုရုပ်ဆိုးသည့်  အပြုံးတစ်ခု ဖျစ်ညစ်ထုတ်ကာပြောလိုက်၏။


 "ရှုယွမ် ကြည့်... လူတိုင်းက ငါတို့ကို ကောင်းချီးပေးတယ်... အနာဂတ်မှာ ဘဝကို ကောင်းကောင်းနေထိုင်ကြမယ်နော်... မင်းလည်း ကျေနပ်မှာပါ"


    

ရုတ်တရက် ရှုယွမ်က သူ့လက်ကို ခါချလိုက်ပြီး “ဖြန်း ဖြန်း"ဟူသောအသံဖြင့် သူ့ကို အားပြင်းပြင်း ပါးရိုက်လိုက်သည်။ 


 ချန်ဇီချင်း ကြက်သေ​သေသွားပြီး  သူမကို မယုံကြည်နိုင်စွာကြည့်လိုက်ကာ ပြော၏။


 "မင်း...မင်း ငါ့ကို ရိုက်လိုက်တယ်... "


 လျှိုရှုယွမ်ကဲ့သို့  အားနည်းပြီး ရှက်တတ်သည့် မိန်းကလေးက သူ့ကို ရိုက်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။


 လျှိုရှုယွမ်က   ရေခဲကဲ့သို့ အေးစက်နေပြီး သူမအသံ ရေခဲနှင့်ကျောက်စိမ်းပဲ့ကဲ့သို့ အေးစက်နေကာ နားနှင့် နှလုံးသားကို ဖောက်ထွင်း၍ ထွက်ပေါ်လာခဲ့သည်။


 "လက်ထပ်ရမယ်....အိပ်မက်မက်နေတာလား...ငါက ဘာလို့ နင့်လို လူယုတ်မာတစ်ယောက်ကို လက်ထပ်ပြီး ကိုယ့်ကိုကိုယ် ဖျက်ဆီးရမှာလဲ"


ရှုယွမ်၏အမေက စိုးရိမ်တကြီးပြောလိုက်၏။

 "ရှုယွမ် သမီးဘာလုပ်နေတာလဲ ...ချန်ဇီချင်းက လက်ထပ်ဖို့ သဘောတူထားပြီးသား။"


လျှိုရှုယွမ်က   သူမမိဘတွေကို ဒူးထောက်ပြီး ငိုကာပြောသည်။

 "ဖေဖေ မေမေ...သမီးမှားခဲ့တယ်...အရင်က သမီးမှားခဲ့တယ်...မေမေတို့က သမီးကို ကြင်ကြင်နာနာ ကျွေးမွေးပြုစုခဲ့ပြီး သမီးကအခုလို အရှက်ရစေခဲ့အတွက် တောင်းပန်ပါတယ်...သမီး သမီးရဲ့မိသားစု အစ်ကိုတွေ၊ယောက်မတွေကို အရှက်ရစေခဲ့တယ်... အကုန်လုံး  သမီးအပြစ်ပါ...မေမေတို  သမီးကို ရိုက်နှက်ပြီး ဆူပူကြိမ်းမောင်းရင်တောင် သမီးမညည်းညူပါဘူး...သမီးမှားမှန်းသိပါတယ်....သမီး မေမေတို့ကို  ဘယ်တော့မှ ထပ်ပြီး အရှက်ရစေတော့မှာ မဟုတ်ပါဘူး"


လင်းလန်က စိတ်သက်သာရာရသွာပုံစံကို ပြသလိုက်၏။


 မှန်တယ်... ဒီလူယုတ်မာကို လက်ထပ်ရဦးမယ်ဆိုရင် သူ့အတွက်  ဘယ်လောက်စျေးပေါလို​က်မလဲ... 


 သူမက ပျော်နေချိန်တွင် မရယ်နိုင်ဘဲမနေနိုင်သဖြင့်  ရင်ဘတ်ကို လက်သီးဆုပ်နှစ်ခုဖြင့် ဖိလိုက်သည်။


ဟန်ချင်စုန့် သူမကို ချက်ချင်းကြည့်လှမ်းလိုက်ရာသူမ၏လက်သီးက ကြောင်လက်သည်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ဆီသို့ လက်ယက်ခေါ်လာ သည်။


 ဟန်ချင်စုန့် : ...


 တုန်ဟွိုင်ဟွကလည်း ရေရွတ်လိုက်၏။

 "အင်း... နင်သူ့ကို လက်မထပ်ရင် နင်ဘာလုပ်နိုင်မှာလဲ"


 ရှုယွမ်၏အမေ: "ရှုယွမ် သမီးဘာတွေပြောနေတာလဲ...သမီး သူ့ကိုလက်မထပ်ရင် သမီးဗိုက်ထဲက …”


    

“မေမေ...သမီးဆုံးဖြတ်ပြီးပြီ” 


ရှုယွမ်၏မျက်နှာက ဖြူဖျော့နေသော်လည်း  သူမမျက်လုံးတွေက အလွန် ခိုင်မာနေသည်။


 "သမီးအရင်က တုံးအလွန်းခဲ့တယ်...သမီးအဒေါ်ပြောတဲ့ဟာကို ဒီနှစ်ရက်အတွင်းစဥ်းစားပြီးပြီ...

 အဒေါ်ပြောတာမှန်တယ်... ဒီလိုလူယုတ်မာကို သမီးက ဘာလို့ လက်ထပ်ချင်ရမှာလဲ...သမီး သူ့ဆီကလှည့်စားခံလိုက်တာလိုက်ရတာနဲ့တင် ကံဆိုးဖို့လုံလောက်နေပါပြီ...သမီး ဘယ်လိုလုပ် ကိုယ့်ကိုကိုယ် မထီမဲ့မြင်ပြုနိုင်မှာလဲ...သမီးသူ့ကိုလက်ထပ်မှာမဟုတ်ဘူး... သူ့ကိုကြည့်ရတာတောင် ရွံနေပြီ"


ချန်ဇီချင်းက သူမကို ထိတ်လန့်စွာ  စိုက်ကြည့်ရင်း ပြောလေ၏။


 "ရှုယွမ်... မင်း...မင်း ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ"


 လျှိုရှုယွမ်က    အေးစက်စွာ နှာခေါင်းရှုံ့ပြီး 

" ငါက ရက်စက်တယ်တဲ့လား...နင်ငါ့ကို လုပ်ခဲ့တာက အကြိမ်တစ်ရာမက ပိုရက်စက်တယ်... ငါ့ဘဝမှာ  နင်လိုလူယုတ်မာနဲ့ လက်ထပ်ဖို့ထက် မြစ်ထဲကို ခုန်ချပြီး သေရတာ ပိုကောင်းတယ်..."


ချန်ဇီချင်း သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားများ ကုန်ဆုံးသွားကာ နေရာတွင်ပင် လဲကျသွားသည်။


ရှုယွမ်အမေ စပြီးစိတ်ပူလာ၏။သူမ၏သမီး ချန်ဇီချင်းကိုလက်မထပ်ပါက သူမသမီးကို နောင်မှာ မည်သူမှလက်ထပ်ရဲကြတော့မည်မဟုတ်ပေ။သူမ ဘာလုပ်သင့်သနည်း။


သူမက လင်းလန်ကို အကူအညီတောင်းသည့်အကြည့် ကြည့်လိုက်ပြန်သည်။


 လင်းလန်: "ကျွန်မ ရှုယွမ်ကို ထောက်ခံပါတယ်... နောက်ပြီး ဒီကိစ္စက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး...အိမ်ထောင်ရေးလည်း မဆွေးနွေးရသေးဘူး... ရှုယွမ်က အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်... သူက ငယ်ပါသေးတယ်...အခုဆို လူ့အဖွဲ့အစည်းက အရမ်းတိုးတက်နေပြီ...နှစ်နှစ်လောက်နေ  တစ်ယောက်မှ ပြောမှာမဟုတ်တော့ဘူး...လက်ထပ်သည်ဖြစ်စေ လက်မထပ်သည်ဖြစ်စေ ကိစ္စမရှိပါဘူး"


တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော လျှိုကွေ့ဖာက  ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်ကာ ဆို၏။

 "သူက ငါ့သမီး...သူ လက်မထပ်ရင်တောင် ငါ သူ့ကို တစ်သက်လုံး ပြုစုပျိုးထောင်ပေးမယ်" 


ထိုနေရာတွင်ရှိနေသည့် လျှိုမိသားစု၏ဒုတိယချွေးမအနေဖြင့် အနည်းငယ် မပျော်မရွှင်ဖြစ်မိပေမဲ့ ယခုလိုအချိန်မျိုးမှာ အားလုံးက ဩဇာရှိသူတွေချည်းဖြစ်သဖြင့်   စကားတစ်ခွန်းမှ မဝင်ပြောရဲပေ။


ဟန်ချင်စုန့်၏ ဓားနှင့်တူသော မျက်လုံးများကို မဆိုထားနှင့်  ဟန်ရုံဖန်၏ ကြာပွတ်ကိုပင် သူမအတော်လေး ကြောက်လန့်နေမိသည်။


 

Xxxxxx

Part 250


သူမ၏မိသားစုဝင်တွေ သဘောတူသည်ကိုမြင်သောအခါ လျှိုရှုယွမ်က ထပြီး ချန်ဇီချင်းကို လက်ညိုးထိုးကာဆိုလိုက်၏။


 "ညွှန်မှူးဦးလေး... ကျွန်မ ဒီအမှုကို သတင်းပို့ချင်လို့ပါ... သူက ကျွန်မကို လှည့်ဖြားပြီး အတင်းအကြပ် လုပ်ခဲ့တာ... ကျွန်မ...ကျွန်မဆန္ဒမပါဝင်ခဲ့ဘူး..."


"ရှုယွမ် မင်း ဒီလောက်ကြီးနှလုံးသားမမဲ့ပါနဲ့ကွာ... " 

ချန်ဇီချင်း ရုတ်တရက် လဲကျသွားပြီး ဒူးထောက်ကာ  သူမ၏ခြေထောက်ဆီသို့ တွားသွား၍ပွေ့ဖက်လိုက်ရင်း  သူ့မျက်နှာပေါ် မျက်ရည်များ စီးကျလာသည်။


 လျှိုရှုယွမ်က ရွံရှာစွာ ရှောင်တိမ်းလိုက်ပြီး ...


"နင်ငါ့ကို သွေးဆောင်တုန်းက အစမှာ ငါ နင့်ကို စကားလုံးဝမပြောချင်ခဲ့ဘူး...နင်က ငါ့ကို အကြိမ်ကြိမ် လမ်းပိတ်ခဲ့တယ်... ငါ့ကို အတင်းပွေ့ဖက်ပြီး  မလိုက်ဘူးဆိုရင်  ငါအဓမ္မပြုကျင့်ခံရတာကို လူတွေသိအောင်တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်လို့ပြောခဲ့တယ်...နင်က ဖက်ပြီး ထိတွေ့လိုက်ရင် နင်နဲ့ငါ လုပ်ပြီးနေပြီလို့ လူတိုင်းက ယုံကြလိမ့်မယ်တဲ့...ငါ....." 


သူမက ခေတ္တရပ်ကာ အံကြိတ်ပြီး ပြောသည်။


"ငါက တုံးအလွန်းလို့ နင့်ရဲ့လှည့်ကွက်ထဲကျသွားခဲ့တယ်"


 ထိုစဥ်က  အဖေနှင့်အမေကိုပြောခဲ့ပါလျှင်  ယခုလိုဖြစ်လာမှာမဟုတ်ပေ။


    

ရလဒ်အနေနှင့် နောက်ပိုင်းမှာ သူမ သူ့ဆီကနေ သွေးဆောင်ဖြားယောင်းခံလိုက်ရပြီး တဖြည်းဖြည်းနှင့် သူ့ကို ချစ်လာခဲ့ကာ  သူ့ကို မိုက်မဲစွာ ပေးဆပ်ရင်း ဖုံးကွယ်ထားမိခဲ့သည်။


ချန်ဇီချင်း သူမကို သူ မသိသည့်လူလိုမျိုး  စိုက်ကြည့်နေမိသည်။ တုံးအကာ ပျော့ညံ့သော မိန်းကလေးက အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားပြီး လူတို့၏ အသက်ကို အဆိပ်ပင်လို သိမ်းယူချင်နေသည်ကို နားမလည်နိုင်ဖြစ်နေ၏။


    

"မဟုတ်ဘူး... မင်းမလုပ်နိုင်ဘူး... မင်းမလုပ်နိုင်ဘူး... မင်းက ဆန္ဒအလျောက်လုပ်ခဲ့တာ...ဆန္ဒအလျောက်လုပ်ခဲ့တာ..."


 သူရုတ်တရက် လဲပြိုကျလာပြီး ဟန်ချင်စုန့်နှင့်ဟန်ရုံဖန်တို့ကို စတင်၍ ထပ်မံတောင်းပန်တော့ငည်။


 "ကျေးဇူးပြုပြီး ကျွန်တော့် ကိုယုံပါ ...ရှုယွမ်က စိတ်လိုလက်ရလုပ်ခဲ့တာ...သူက ကျွန်တော့ကိုအစပျိုးပြီး ချဉ်းကပ်တဲ့သူပဲ...ကျွန်တော်က အစတုန်းကတော့ သူ့ကို မကြိုက်ပါဘူး... သူကကျွန်တော့်ကို မြူဆွယ်ပြီးလုပ်ခဲ့တာ ...လက်မထပ်ရင်တောင် ခင်ဗျားတို့ ကျွန်တော့်ကိုဖမ်းလို့မရဘူး... ခင်ဗျားတို့ ဖမ်းလို့မရဘူး...  လက်လျှော့ပြီး လက်မထပ်တဲ့သူက သူလေ ...သူက....."


ရွာက ကေဒါတွေက လျှိုရှုယွမ်ကို မျက်နှာသာပေးမှာကို ကြောက်ပြီး သူ သူမဆီကနေ  လှည့်ဖြားခံရမှာကို ကြောက်သည့်အတွက် သူတာဝန်ကို ခေါင်းရှောင်၊ အဖြစ်မှန်ကို လိမ်လည်လှည့်ဖြားပြီး သူ့ကိုယ်သူ ကယောင်ကတမ်း ရေရွတ်နေမိသည်။


အသူရာ ချောက်နက်ထဲသို့ တွန်းချခံရပြီး ပြန်မတက်နိုင်တော့မည်ကို သူကြောက်၏။  ထိုအကြောက်တရား၏ သိမ်းပိုက်ခြင်းခံရပြီး အလင်းရောင်ကို ဘယ်သောအခါမှ မမြင်ရတော့မှာကို သူကြောက်သည်။


သူက သူ့ကိုယ်သူ မာနကြီးပြီး ချုပ်ခြယ်သူဟုမယူဆပဲ ဆန့်ကျင်ဘက်အနေဖြင့် ညင်သာနူးညံ့သော၊ပြုံးပျော်တတ်သော၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်ပါးပါးနေတတ်သောသူဟုခံယူထား၏။ သူက အထီးကျန်မှုကို သည်းမနိုင်ဘဲ မိန်းမများကို အခွင့်ကောင်းယူရသည်ကိုကြိုက်ပြီး အခြားသူများနှင့် ပရောပရည်လုပ်ရသည်ကို နှစ်သက်ရုံသာဖြစ်သည်။


အဲ့လိုဆိုရင်တောင် သူမှားလို့လား...

သူ့ကို ဒီလိုဆက်ဆံသင့်လို့လား...

ဘုရားသခင်က တရားမျှတမှုမရှိဟုသာ သူခံစားရ၏။ ၎င်းကို ပိုတွေးလေလေ ပိုစိတ်ပျက်လေလေဖြစ်ပြီး မနေနိုင်တော့ဘဲ သူ၏ဝမ်းနည်းစရာကောင်းသော ကံကြမ္မာအတွက် ငိုယိုပြီးရင်း ငိုတော့သည်။


ဟန်ချင်စုန့်က မတ်တပ်ထရပ်လိုက်ပြီး ပြီးခဲ့သည့်အတွင်း သူ စကားတစ်ခွန်းမှမပြောခဲ့သော်လည်း သူ၏အရှိန်အဝါ က ပရိသတ်ကို လွှမ်းခြုံနေခဲ့၏။ "ရှုယွမ်...နင်ဆုံးဖြတ်ပြီးပြီလား" 


လျှိုရှုယွမ်က ခိုင်ခိုင်မာမာဆိုလေသည်။

 "ဦးလေး... ကျွန်မ ဆုံးဖြတ်ပြီးပြီ" 


 ဟန်ချင်စုန့်က   ခေါင်းညိတ်ကာ

 "ချင်းယွမ်...မင်းက လော့ဟိုင်ချန်ဆီ စောင့်ကြပ်လိုက်ပို့ဖို့တာဝန်ယူ"


အပြင်ဘက်မှာ ယောင်လည်လည်လုပ်နေသော ဟန်ချင်းယွမ်က မထိန်းနိုင်တော့ဘဲ ပြေးဝင်ကာ မြေကြီးပေါ်ရှိ ချန်ဇီချင်းကို ကန်ကျောက်ပြီးဆိုလိုက်၏။


 "သွားစမ်း..."


ချန်ဇီချင်းက  မလှုပ်မယက်ပဲရှိနေမြဲဖြစ်ပြီးဘောင်းဘီထဲ သေးပေါက်ချပြန်လေသည်။


ချန်ဇီချင်း  ဤကဲ့သို့ ဖမ်းဆီးထောင်ချပြီး စီရင်ချက်ချမည်ကို မခံလိုပေ။ သူ့ကို ပြည်သူ့လုံခြုံရေးဗျူရိုသို့ ပို့လိုက်လျှင် ကောင်းသည့်အရာ ဘာတစ်ခုမှဖြစ်လာမည်မဟုတ်ကြောင်း သူသိသည်။


လက်ရှိအချိန်တွင် ရမ်းကားမှုနှင့် ေဖာက်ပြန်မှုရာဇ၀တ်မှုများအားလုံးသည်  အဆုံးသတ်ကောင်းနိုင်မည်မဟုတ်ပေ။


ကြောက်စရာကောင်းတယ်...ပစ်သတ်ခံရနိုင်ခြေ ရှိတယ်...


သူက တံခါးဘောင်ကို ကိုင်လျက်

"လျှိုရှုယွမ်... မင်း ဒီလောက် နှလုံးသားမဲ့လို့မရဘူး... မင်း *မြစ်ကို ဖြတ်ပြီး တံတားကို ဖြိုလို့ မရဘူး... မင်းအတွက် *သဖန်းရွက်အဖြစ် ထမ်းဆောင်ဖို့ ငါပြန်လာခဲ့တယ်လေ... မင်းဘာလို့ ဒီလောက် ရက်စက်ရတာလဲ..."

(T/N-1.ဘုရားပြီးငြမ်းဖျက်...

2.အရှက်မရအောင်ကာကွယ်ရန်

အာဒမ်နဲ့ဧဝက တားမြစ်သစ်သီးကိုစားပြီးတဲ့နောက်မှာ သူတို့ရဲ့အရှက်တွေကို သဖန်းရွက်နဲ့ဖုံးခဲ့ကြတယ်ဆိုတဲ့အယူအဆကနေလာတာပါ)


သူက  ယခုအချိန်ထိ သောက်ရေးမပါသည့်လှည့်ကွက်တွေ  ကစားဝံ့ဦးမည်ဟု ဟန်ချင်းယွမ် မမျှော်လင့်ထားခဲ့ပေ။  အကယ်၍ သူသာ ချန်ဇီချင်းကို ခေါ်ထုတ်မသွားနိုင်ပါက တတိယအစ်ကိုရှေ့တွင် ရှက်စရာမဟုတ်ပါလော။


သူက ချန်ဇီချင်း၏ခြေထောက်ကို တည့်တည့်ကန်ပြီး ဒေါသတကြီးပြောလိုက်သည်။


 "မသွားသေးဘူးလား"


ချန်ဇီချင်းက ပွက်ပွက်ဆူနေသောရေနွေးကို မကြောက်သည့် ဝက်သေတစ်ကောင်လိုဖြစ်နေဟန်ပင်။


"မှန်တယ်...ကျွန်တော်  မှန်တယ်...လျှိုရှုယွမ်က ကျွန်တော့်ကို အရင် မြူဆွယ်ခဲ့တာ...ကျွန်တော် တို့ အချင်းချင်း ချစ်နေကြတာ...ကျွန်တော် လူရမ်းကားလုပ်တာမဟုတ်ရပါဘူး"


 လင်းလန်က လျှောက်လာပြီး သူ့ကို ကြိုးတစ်ချောင်း ပစ်ပေးကာဆိုလိုက်၏။

 "သူ မသွားချင်ရင် သယ်သွားလို့ရတယ်လေ "


 ဟန်ချင်းယွမ်  ဝမ်းသာသွားသည်။ 

"မရီးမှာ နည်းလမ်းရှိတာပဲ"


သူက ချန်ဇီချင်း  လက်တွေ ခြေထောက်တွေကို ချက်ချင်းချည်ပြီး လူငယ်တစ်ယောက်ကို တုတ်တစ်ချောင်းယူလာခိုင်းကာ  သူတို့နှစ်ယောက် ချန်ဇီချင်းကို ဝက်တစ်ကောင်လို မလိုက်ကြ၏။


 ချန်ဇီချင်း   စိုးရိမ်တကြီးဖြစ်သွားပြီး အားသွန်ခွန်စိုက်ရုန်းကန်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။  နောက်ဆုံးတွင် တပ်မဟာက ပညာတတ်လူငယ်များကို အနိုင်ကျင့်ရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း ပြောတော့၏။


လင်းလန် ခြံဝင်းအတွင်းရှိ နံရံတွင် လှန်းထားသော ကလေး၏ အနှီးစုတ်များကို မြင်လိုက်သောကြောင့်  ၎င်းတို့ကို ဆွဲထုတ်ကာ သူ့ပါးစပ်ထဲသို့ ထည့်ပြီးဆိုလိုက်သည်။

 "ကောင်းပြီ... မြန်မြန်လုပ်...အလုပ်ကြမ်းစခန်းက စားစရာတွေက အရမ်း အရသာရှိတာနော်..."


ဟန်ချင်းယွမ်က  လက်ကို ဝှေ့ယမ်းကာ

"သွားကြစို့”


လျှိုရှုယွမ် ၊ဟန်ချင်စုန့် နှင့် အခြား ကေဒါများကလည်း ထိုဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။မည်သို့ပင်ဖြစ်စေ  ချန်ဇီချင်းက ရွာ၏ သဟဇာတ ဖြစ်မှုကိုဖျက်စီးပစ်ခဲ့သည်ဖြစ်ရာ သူတို့လည်း  မုန်းတီးနေမိ၏။


Xxxxxx