Ch 5
Viewers 501

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း 


အပိုင်း  ၅ - မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအသစ်




လင်းဟောက်ယွီသည် လင်းစုယွီတစ်ယောက် သခင်ကြီးလင်းကို တားဆီးခဲ့တဲ့အကြောင်းကို လင်းရှင်းယောင်အား အပြေးအလွှား သွားပြောပြလိုက်သည်။



"စုယွီ... နင် ဘာလို့ ငါ့အဖေဆီ သွားတာလဲ။ အခက်အနေရှိရင် ငါ့ကိုပြောပါ၊ ငါ ကူညီစဉ်းစားပေးမှာပေါ့"



"အစ်မကြီး... ကျွန်မ ကျောင်းတက်ချင်လို့ပါ။ အထိန်းတော်လင်း မသွားခင်က ကျွန်မကို ပြောခဲ့ဖူးတယ်၊ ခေတ်သစ်က အမျိုးသမီးတွေဟာ အသိပညာ ဗဟုသုတရှိပြီး ယဉ်ကျေးပျူငှာရမယ်တဲ့။ အခွင့်အရေးရရင် ကျောင်းတက်ဖြစ်အောင် တက်ပါလို့ မှာသွားခဲ့လို့ပါ"



ထိုစကားကို ကြားကြားချင်း လင်းဟောက်ယွီက ကြားဖြတ်ထွက်လာပြီး လင်းစုစုကို အေးစက်စက် လှောင်ပြောင်တော့သည်။



"ဒါလေးအတွက်နဲ့ ဦးလေးကို တားရဲတယ်ပေါ့လေ။ ဟာသပဲ! နင်က ကိုယ်လုပ်တော်ကမွေးတဲ့ အောက်ခြေလူတန်းစားပဲဟာ၊ ငါတို့လို ကျောင်းတက်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"



"ဟောက်ယွီ... စုယွီကို အဲဒီလို မပြောရဘူးလေ။ စုယွီ ကျောင်းတက်ချင်တာ ကောင်းတဲ့ကိစ္စပဲဟာ" 



လင်းရှင်းယောင်က လင်းဟောက်ယွီကို ဟန်ပြလောက်သာ ခပ်ပေါ့ပေါ့လေး အပြစ်တင်လိုက်သည်။ ထို့နောက် သူမသည် လင်းစုယွီ၏ မျက်နှာအမူအရာကို သေချာအကဲခတ်နေပြီး ထူးခြားမှုမရှိမှသာ စိတ်အေးသွားတော့သည်။



"စုယွီ... စိတ်မပူပါနဲ့။ နင် ကျောင်းတက်ဖို့ အခွင့်အရေး ရလာမှာပါ။ အဲဒီအချိန်ကျရင် ငါ အဖေ့ကို ဝိုင်းပြောပေးမယ်လေ။ အခု ရေထဲကျပြီးဖျားတာ သက်သာသွားပြီမလား။ အထိန်းတော်လင်းတို့လည်း မရှိတော့ဘူးဆိုတော့ အိမ်အလုပ်တွေကို နင်ပဲ တစ်ယောက်တည်း လုပ်ရတော့မယ်။ မီးဖိုချောင်အလုပ်တွေကို ပိုပြီး ဂရုစိုက်ပေးဦးနော် စုယွီ.."



ထုံးစံအတိုင်းပင် ခိုင်းစရာရှိလျှင် လင်းမိသားစုက စုယွီရှိမှန်း ချက်ချင်းသတိရတတ်သော်လည်း ကောင်းတာလေးတွေ ဝေစုခွဲလျှင်တော့ သူမကို အမှတ်တမဲ့ မေ့လျော့ထားတတ်ကြသည်။



"ကြားတယ်မလား လင်းစုယွီ။ မီးဖိုချောင်အလုပ်တွေကို ခိုဖို့ မစဉ်းစားနဲ့၊ မဟုတ်ရင်တော့ နင့်ကို သေအောင် ဆူပစ်မှာ။ တော်ပါပြီလေ၊ နောက်ဆို ကိုယ့်ဘာသာကိုယ်ပဲ ကြည့်ကြပ်လုပ်တော့" 



သူတို့ မကြာခင် ထွက်ခွာရတော့မည်ကို သတိရသွား၍လားမသိ၊ လင်းဟောက်ယွီက ဆက်ပြီး ဆဲဆိုမနေတော့ပေ။



"ဝမ်းကွဲအစ်မ... သွားရအောင်! အပြင်မှာပဲ တစ်ခုခု ဝယ်စားရအောင်လေ။ မဟုတ်ရင် လင်းစုယွီ ချက်တာကို စောင့်ရင်း ဗိုက်ဆာပြီး သေကုန်ဦးမယ်" 



သူတို့ ထွက်ပြေးရတော့မည်ဖြစ်၍ ကျန်ရှိနေသော ငွေနှင့် ရိက္ခာကူပွန်များကို ချွေတာနေစရာ မလိုတော့ဟု လင်းဟောက်ယွီက တွေးလိုက်သည်။ မသွားခင် အကုန်သုံးပစ်တာကမှ ပိုကောင်းဦးမည်။



ဤအတွေးမှာ လင်းရှင်းယောင်၏ အကြံနှင့် ထပ်တူကျနေသည်။ ထို့ကြောင့် နှစ်ယောက်သား လင်းစုစုကို ပစ်ပယ်ကာ အနီးအနားရှိ နိုင်ငံပိုင် စားသောက်ဆိုင်သို့ ဦးတည်ထွက်ခွာသွားကြသည်။ လင်းစုစုမှာ ထွက်ခွာသွားသော သူတို့ကျောပြင်ကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။



"တကယ့် စိတ်ပျက်စရာ မောင်နှမတွေပဲ၊ ငယ်ငယ်ကတည်းက ကောင်းတာ တစ်ခုမှ မလုပ်ဘဲ ဒီခန္ဓာကိုယ်ပိုင်ရှင်ကိုပဲ နှိပ်စက်နေခဲ့တာ"



ဘယ်သူမှ မရှိတော့သည့်အချိန်တွင် လင်းစုစုသည် အထိန်းတော်လင်း ထားရစ်ခဲ့သော မျိုးစေ့များနှင့် ကိရိယာများကို ယူဆောင်ကာ သူမ၏ သီးသန့် နေရာလွတ် ထဲသို့ ဝင်လိုက်သည်။ အထိန်းတော်လင်းမှာ အိမ်ထောင်မှုကို ကျွမ်းကျင်စွာ စီမံတတ်သူဖြစ်သဖြင့် လင်းစုစု များစွာ ကျေးဇူးတင်နေမိသည်။



လင်းအိမ်တော်ဝင်းမှာ ကျယ်ဝန်းလှသဖြင့် အထိန်းတော်လင်းသည် နောက်ဖေးခြံစည်းရိုးတစ်လျှောက် မြေကွက်များဖော်ကာ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စိုက်ပျိုးခဲ့သည်။ ယခုအခါ ၎င်းတို့မှာ လင်းစုစုအတွက် အကျိုးကျေးဇူး ဖြစ်လာတော့သည်။ အမှန်အတိုင်းပြောရလျှင် လင်းစုစုသည် စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဗဟုသုတမရှိဘဲ အွန်လိုင်းဗီဒီယိုများ ကြည့်ဖူးသည့် စာတွေ့အဆင့်သာ ရှိသေးသည်။



သူမသည် မြေဆွခြင်း၊ ကျင်းတူးခြင်း၊ မျိုးစေ့ချခြင်းနှင့် ရေလောင်းခြင်းတို့ကို လုပ်ဆောင်လိုက်သည်။ ခဏတာ အလုပ်ရှုပ်သွားပြီးနောက် လက်ထဲရှိ မျိုးစေ့များကို မြေကွက်ပေါ်သို့ ညီညာစွာ ဖြန့်ကြဲလိုက်သည်။ တွင်းရေဖြင့် လောင်းပေးထားသဖြင့် ဤမျိုးစေ့များ ကောင်းမွန်စွာ ရှင်သန်လာလိမ့်မည်ဟု သူမ မျှော်လင့်မိသည်။



ညတာမှာ အေးအေးချမ်းချမ်း ကုန်ဆုံးသွားသည်။ ထွက်ခွာရတော့မည်ကို စိုးရိမ်ပြီး အိပ်မပျော်ဖြစ်နေသော လင်းမိသားစုဝင်များနှင့် မတူဘဲ လင်းစုစုမှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ အထိန်းတော်လင်း၏ နှိုးစက်မရှိတော့သဖြင့် နေမြင့်သည်အထိ အိပ်လိုက်ပြီး စိတ်ချမ်းသာစွာ နိုးထလာခဲ့သည်။



သို့သော် မီးဖိုချောင်သို့ အစားအစာပြင်ရန်အသွားတွင် လင်းဟောက်ယွီက အချိန်ကိုက် ပေါ်လာပြီး သူမ၏ စိတ်အခြေအနေကို ဖျက်ဆီးတော့သည်။ 



"နင်က အစေခံတန်းလျားမှာ မနေဘဲ ဒီအပြင်မှာ ဘာထွက်လုပ်နေတာလဲ။ တစ်ခုခု မကောင်းတာ ကြံစည်နေတာလား"



ထိုစကားကြောင့် ဘာအကြံအစည်မှ မရှိသော လင်းစုစုပင်လျှင် သူမကို စောင့်ကြည့်နေသလားဟု သံသယဝင်သွားသည်။ "ကျွန်မ မီးဖိုချောင်သွားပြီး စားစရာရှာမလို့ပါ။ အစ်ကိုက... ဘာလို့ ကျွန်မကို အဲဒီလို ပြောရတာလဲ"



သူမ၏ နုနယ်သိမ်မွေ့သော အမူအရာကြောင့် လင်းဟောက်ယွီ စိတ်အေးသွားပြီး "အေးပါ၊ အေးပါ... ကိစ္စမရှိရင် လျှောက်မသွားနဲ့" ဟု ဆိုကာ ထွက်သွားသည်။ လင်းစုစုက မီးဖိုချောင်ဘက်သို့ ဆက်လျှောက်ရင်း ထောင့်ချိုးအရောက်တွင် နောက်လှည့်ကြည့်လိုက်ရာ လင်းဟောင်ယွီသည် လူသွားစင်္ကြံ၌ ထိုင်နေသည်ကို မြင်လိုက်ရသည်။



'ဒါ လင်းရှင်းယောင် ခိုင်းတာလား။ မဟုတ်ရင် လင်းဟောက်ယွီရဲ့ စရိုက်နဲ့ဆို လူတစ်ယောက်ကို စောင့်ကြည့်ဖို့ ဒီလောက် သည်းခံနိုင်မှာ မဟုတ်ဘူး။' လင်းစုစုသည် သူမ၏ လုပ်ရပ်များတွင် သံသယဖြစ်ဖွယ် ပါသွားလားဟု ပြန်စဉ်းစားကြည့်ရာ သခင်ကြီးလင်းကို တားခဲ့သည်မှလွဲ၍ အခြားကိစ္စ မရှိသည်ကို တွေ့လိုက်ရသည်။



ဘာအမှားအယွင်းမှ မရှိကြောင်း သေချာသွားမှ မီးဖိုချောင်သို့ ဆက်သွားလိုက်သည်။ ဆန်ပုံးထဲတွင် ပြောင်းဖူးမှုန့် အနည်းငယ်သာ ကျန်တော့သည်ကို တွေ့ရသဖြင့် အကုန်ထုတ်ယူကာ အရည်ကျိုသောက်ရန် ပြင်လိုက်သည်။ လင်းမိသားစုကတော့ တကယ့်လူတွေပဲ! ဆန်အိတ်ကြီး ၃ အိတ်လုံး ပြောင်အောင် ယူသွားကြပြီး သူမအတွက် ဘာမှ မချန်ခဲ့ကြဘူး။



မွန်းလွဲပိုင်းတွင် သခင်ကြီးလင်းက စုယွီကို ခေါ်ယူတွေ့ဆုံခဲ့သည်။ 



"စုယွီ... ငါ နင့်ကို နောက်ဆုံးတစ်ခေါက် မေးမယ်။ ငါတို့နဲ့ တကယ် မလိုက်ချင်ဘူးလား" 



စုယွီ ငိုယိုတောင်းပန်ခဲ့သည်ကို သတိရ၍လားမသိ၊ သခင်ကြီးလင်းထံမှ ဖခင်မေတ္တာ အရိပ်အယောင်လေး အနည်းငယ် ထွက်ပေါ်လာသည်။



"ဟုတ်ကဲ့၊ ကျွန်မ ဒီမှာပဲ နေခဲ့ချင်ပါတယ်" လင်းစုစုက ခိုင်ခိုင်မာမာ ပြန်ပြောလိုက်သည်။



"ဒါဆိုလည်း ကောင်းပြီလေ! နင့်ရဲ့ အိမ်ထောင်စုစာရင်းကို ငါတို့ရဲ့ အလုပ်သမားဟောင်း တစ်ယောက်ရဲ့ နာမည်အောက်မှာ သွင်းပေးထားပြီးပြီ။ စာရင်းထဲမှာ နင့်အဖေနာမည်က 'လင်းချောင်ရင်း' တဲ့။ သူက လင်းမိသားစုရဲ့ စာရင်းကိုင်ပေါ့။ မိဘမဲ့မို့လို့ ငါတို့ပဲ ကျွေးမွေးပြုစုခဲ့တာ၊ ၁၉၅၂ ခုနှစ်မှာ ရောဂါနဲ့ ဆုံးသွားခဲ့တယ်"



သခင်ကြီးလင်းသည် ညလုံးပေါက် စဉ်းစားကာ ဤအိမ်ထောင်စုစာရင်းရရှိရန် အစားအသောက် ရိက္ခာပိဿာ ၃၀၀ ဖိုး ပင် ပေးခဲ့ရသည်။ လင်းစုစု၏ ကျေနပ်နေသော မျက်နှာကို မြင်ရသောအခါ သူလည်း စိတ်သက်သာရာ ရသွားသည်။



"ကျေးဇူးတင်ပါတယ် အဖေ... အဖေ ပင်ပန်းသွားပါပြီ" 



သူမကို ကူညီပေးနေသည့်သူဖြစ်၍ လင်းစုစုကလည်း လေးစားသမှုဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။



"စုယွီ... သီးသန့်ခြံဝန်းလေးနဲ့ အိမ်သေးတစ်လုံးကိုလည်း နင့်နာမည်နဲ့ လွှဲပေးထားတယ်။ အဲဒီလိပ်စာကို ရပ်ကွက်ရုံးမှာ သွားပြီး မှတ်တမ်းတင်ဖို့ မမေ့နဲ့ဦး။ ပြီးတော့ ဒီစာအိတ်ကို သေချာသိမ်းထား။ အထဲမှာ နင့်အတွက် ကူပွန်တွေနဲ့ ငွေ ၅၀၀ ပါတယ်။ နောက်နောင်တော့ နင့်ဘာသာနင်ပဲ အားကိုးရတော့မယ်"



ထူထဲသော စာအိတ်ကြီးကို လက်ခံရရှိလိုက်ချိန်တွင် လင်းစုစုမှာ အံ့အားသင့်သွားသည်။ သခင်ကြီးလင်း၏ ဤနောက်ဆုံး စေတနာကြောင့် သူမ အလွန်ကျေနပ်သွားရသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ အသံထွက်မှ ဂရုစိုက်ခံရခြင်းဖြစ်သည်။ သူမက မိသားစုမေတ္တာကို ငတ်မွတ်နေသယောင် ဟန်ဆောင်လိုက်ရုံဖြင့် သခင်ကြီးလင်းက ဤမျှအကျိုးကျေးဇူးများ စီစဉ်ပေးခဲ့သည်။



"သမီးအပေါ် ထားတဲ့ အဖေ့ရဲ့ မေတ္တာအတွက် ကျေးဇူးတင်ပါတယ်။ သမီး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ့မယ်။ အဖေလည်း နောင်အနာဂတ်မှာ အရာရာ ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်..." 



ကောင်းသောစကားများ ပြောရသည်မှာ ဘာမှမကုန်ကျသဖြင့် လင်းစုစု၏ ဆုတောင်းစကားများကြောင့် သခင်ကြီးလင်းမှာ များစွာ ဝမ်းသာသွားသည်။ ထို့နောက် သူက လင်းစုစုအား လူတစ်ဦး၏ အမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ပေးလိုက်သည်။



"ဒီလူက ငါ့အပေါ် ကျေးဇူးအကြွေး အများကြီး ရှိခဲ့တာ။ နောက်နောင် နင် မဖြေရှင်းနိုင်တဲ့ ပြဿနာကြီးတွေနဲ့ ကြုံလာရင် သူ့ကို သွားရှာလိုက်ပါ။ ဒါဟာ 'ထျန်းကျင်း လင်းမိသားစု' ရဲ့ နောက်ဆုံးတောင်းဆိုချက်လို့ ပြောလိုက်ရင် သူ နင့်ကို ကူညီပါလိမ့်မယ်။ ဒါပေမဲ့ မှတ်ထားပါ၊ ဒီအကူအညီက တစ်ကြိမ်ပဲ ရမှာ။ အသက်အန္တရာယ် ကြုံမှသာ သုံးပါ"



အဆက်အသွယ်ကောင်းတစ်ခုပါ ရရှိလိုက်သဖြင့် လင်းစုစုမှာ ပို၍ ပျော်သွားသည်။ သူမက ဖခင်မေတ္တာကို အသုံးချပြီး ထပ်မံချွဲနွဲ့ရန် ကြံရွယ်နေသေးသော်လည်း သခင်ကြီးလင်းမှာတော့ နားထောင်ရန် အချိန်မရှိတော့ပေ။



"ကဲ စုယွီ... အိမ်ကိစ္စကို အမြန်ဆုံး သွားလုပ်လိုက်တော့! ရပ်ကွက်ရုံးကို တိုက်ရိုက်သွားပြီး ဒါရိုက်တာဝမ်ကို ရှာလိုက်။"



မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် သခင်ကြီးလင်းသည် ဒုတိယသခင်ကြီးနှင့်အတူ အလောတကြီး ထွက်သွားခဲ့သည်။ လင်းစုစုသည် နှမြောတသဖြစ်ဟန်ဆောင်ရင်း အိမ်ထောင်စုစာရင်းနှင့် စာအိတ်ကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်သည်။



အပြင်သို့ ထွက်လိုက်သည်နှင့် လင်းဟောက်ယွီ၏ အရိပ်ကို မြင်လိုက်ရပြန်သည်။ သူကတော့ တကယ့်ကို မခွာတမ်း လိုက်နှောင့်ယှက်နေသည့် တစ္ဆေတစ်ကောင်လိုပင်။ တစ်ယောက်ယောက်က စောင့်ကြည့်နေလျှင် အလုပ်လုပ်ရသည်မှာ ခက်ခဲလှသည်။ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ!