Ch 6
Viewers 506

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း 


အပိုင်း  ၆- လင်းမိသားစု၏ ထွက်ခွာခြင်း




"အကိုကြီး၊ ကျုပ်တို့မိသားစု ထွက်ခွာမယ့်သတင်း ပေါက်ကြားသွားပြီလားမသိဘူး။ အပြင်ထွက်တော့ တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေတာ သတိထားမိတယ်။ ပြီးတော့ လျှို့ဝှက်တိုက်ခန်းထဲက သေတ္တာတွေလည်း ထူးထူးဆန်းဆန်း ပျောက်သွားသေးတယ်၊ အခုထိလည်း ဘာခြေရာလက်ရာမှ ရှာမတွေ့သေးဘူး"



မထွက်ခွာမီအချိန်တွင် အထူးဂရုစိုက်ရန် အရေးကြီးလှရာ လတ်တလောဖြစ်ရပ်များက သူ့ကို မတင်မကျ ဖြစ်စေသည်။ လင်းမိသားစုက လိုအပ်သမျှ ကြိုတင်စီစဉ်ထားသော်လည်း တစ်ခုခုတော့ လွဲချော်နေပြီး တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံနေရသလို ခံစားနေရသည်။



"ညီလေး... မင်း အတွေးလွန်နေတာ မဟုတ်လား။ မိသားစုပစ္စည်းတွေ အားလုံး ထုပ်ပိုးပြီးပြီလား။ တတိယညီလေး ဆက်သွယ်ရမယ့်သူတွေကိုရော ဆက်သွယ်ပြီးပြီလား"



"အားလုံး ထုပ်ပိုးပြီးပါပြီ။ ယူသွားမယ့်ပစ္စည်းတွေကို ကြိမ်သေတ္တာတွေထဲမှာ သော့ခတ်ထည့်ထားပါတယ်။ အကိုကြီးမှာထားတဲ့ ခါးပတ်တွေကိုလည်း အဆင်သင့် လုပ်ထားပြီးပါပြီ"



လင်းအိမ်တော်၏ သခင်မကြီးက ဤကိစ္စကို တာဝန်ယူထားခြင်းဖြစ်သည်။ မိသားစု၏ အဖိုးတန်ပစ္စည်းများကို စနစ်တကျ စုစည်းပြီး သိမ်းဆည်းထားကာ၊ ဆွေမျိုးတစ်စုချင်းစီကိုလည်း ကိုယ်ပိုင်ပစ္စည်းများကို ကြိမ်သေတ္တာ တစ်လုံးစီတွင်သာ ထည့်ရန် အမိန့်ထုတ်ထားသည်။



"အင်းးး" သခင်ကြီးလင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 



"တတိယညီလေး၊ လူတွေကို သွားအကြောင်းကြားလိုက်တော့။ ငါတို့ ဒီည သန်းခေါင်ယံမှာ စောစောစီးစီး ထွက်ကြမယ်"



အချိန်ဆွဲနေပါက ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်။ ကြီးကျယ်ချမ်းသာသော လင်းမိသားစုကို တစ်စုံတစ်ယောက်က ချောင်းမြောင်းနေနိုင်သော်လည်း၊ သူက လမ်းခရီးအတွက် အစောင့်အရှောက်များ စီစဉ်ပြီးသားဖြစ်၍ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဟု တွေးမိသည်။



ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာများမှလွဲ၍ လင်းမိသားစုသည် ၎င်းတို့၏ စက်ရုံနှင့် ဆိုင်အားလုံးကို လှူဒါန်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ထံတွင် ကျန်ရှိနေသော ရွှေနှင့် ငွေများကပင် သူတပါး၏ အာရုံစိုက်မှုကို ဆွဲဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။



"ကောင်းပါပြီ အကိုကြီး" တတိယသခင်လင်းက ကိစ္စရပ်များကို လုပ်ဆောင်ရန် ထွက်သွားသော်လည်း၊ ဒုတိယသခင်လင်းကမူ ပျောက်ဆုံးသွားသော ရတနာများအတွက် စိုးရိမ်မကင်း ဖြစ်နေဆဲပင်။



"အကိုကြီး၊ ကျုပ်တို့မိသားစုရဲ့ ပျောက်သွားတဲ့ ရတနာတွေကို ထပ်မရှာတော့ဘူးလား"



သူသည် ထိုပစ္စည်းများကို လက်လွှတ်ရန် ဝန်လေးနေပြီး ဆက်ရှာဖွေချင်နေသေးသည်။ အကယ်၍သာ ရှာတွေ့ခဲ့ပါက မျိုးဆက်သုံးဆက်စာလောက် သက်သောင့်သက်သက်သာ နေနိုင်မည်ဖြစ်သည်။ (တရုတ်ပြည်မကြီးတွင် နေနိုင်မည် မဟုတ်သည်မှာတော့ သေချာသလောက်ပင်။)



"ပိုက်ဆံနဲ့ အသက်၊ ဘယ်ဟာက ပိုအရေးကြီးလဲ"

အသက်နှင့်ပတ်သက်လာလျှင် သခင်ကြီးလင်းက ပြတ်သားသည်။ ငွေကုန်လျှင် ပြန်ရှာနိုင်သော်လည်း လူမရှိတော့လျှင် ငွေဘယ်လောက်ရှိရှိ အချည်းနှီးသာ ဖြစ်သည်ဟု သူခံယူထားသည်။



အမှန်တော့ သခင်ကြီးလင်းသည် နိုင်ငံရပ်ခြားတွင် မိသားစုပိုင် ငွေအမြောက်အမြားကို အပ်နှံထားကြောင်း သိထားသည်။ သူတို့ ထွက်သွားနိုင်သည်နှင့်တစ်ပြိုင်နက် အထောက်အထားများပြကာ ထိုငွေများကို ထုတ်ယူနိုင်မည်ဖြစ်သည်။



ဤငွေများသည် သူ၏ကွယ်လွန်သူဖခင်က တော်လှန်ရေးမတိုင်မီကပင် စက်ရုံပို့ကုန်လုပ်ငန်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေများကို ခွဲဝေစုဆောင်းသည့်အနေဖြင့် ပြည်ပတွင် သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။



ကျောက်ဆောင်ဥယျာဉ်ထဲတွင် ဝှက်ထားသော ပစ္စည်းများ ပျောက်ဆုံးသွားခြင်းအတွက် စိတ်မကောင်းဖြစ်ရသော်လည်း၊ သူ၌ အရန်ငွေကြေးနှင့် အားကိုးစရာ ရှိနေသောကြောင့်သာ ထိုပစ္စည်းများကို ဆက်မရှာတော့ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခြင်း ဖြစ်သည်။



ဒုတိယသခင်လင်းမှာ အကိုကြီးဖြစ်သူ၏ ငေါက်ငန်းခြင်းကို ခံရသဖြင့် လက်လျှော့လိုက်ရတော့သည်။ လင်းအိမ်တော်ကြီးသည် တစ်ဖန်ပြန်၍ အလုပ်ရှုပ်သွားကာ၊ သခင်မကြီးကိုယ်တိုင် ခါးပတ်များနှင့် ကြိမ်သေတ္တာများကို မိသားစုဝင်များထံ ဝေငှပေးနေတော့သည်။



"မှတ်ထားကြ၊ ဒီခါးပတ်တွေနဲ့ ကြိမ်သေတ္တာတွေကို သေသေချာချာ စောင့်ရှောက်ရမယ်။ သင်္ဘောပေါ်မတက်မချင်း လူနဲ့မကွာ ထားကြ"



ဤအဖိုးတန်ပစ္စည်းများသည် လင်းမိသားစု၏ အခြေခံအုတ်မြစ်များ ဖြစ်သည်။ ဤအရာများကို ယူဆောင်သွားနိုင်မှသာ တိုင်းတစ်ပါးတွင် အခြေတကျ နေထိုင်ရပ်တည်နိုင်မည်ဖြစ်သည်။



လင်းမိသားစုဝင်အားလုံး စုဝေးကာ တတိယသခင်ကြီးလင်း၏ သတင်းစကားကို စောင့်ဆိုင်းနေကြသည်။ သူပြန်လာသည်နှင့် သူတို့အားလုံး အတူတူ ထွက်ခွာကြမည်ဖြစ်သည်။



ထိုအချိန်တွင် လင်းရှင်းယောင်ကမူ အပြင်ထွက်ရန် ကြံစည်နေသည်။ ထွက်ခွာမည့်အချိန်ကို စောလိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ လုပ်စရာတစ်ခု ကျန်နေသေးသည်။ အကယ်၍ ထိုအလုပ်ကို မလုပ်ရလျှင် သူမတစ်သက်လုံး စိတ်အနှောင့်အယှက် ဖြစ်နေပေလိမ့်မည်။



"မေမေ၊ တတိယဦးလေးလည်း ပြန်မလာသေးဘူး။ သမီး အပြင်ခဏသွားစရာရှိလို့၊ ချက်ချင်းပြန်လာခဲ့ပါ့မယ်"



လင်းရှင်းယောင်သည် သခင်မကြီးထံသွားကာ တိုးတိုးလေး ပြောလိုက်သည်။ ဤကဲ့သို့ အရေးကြီးသော အချိန်၌ သမီးအငယ်ဆုံးလေး အပြင်ထွက်ချင်သည်ကို ကြားသောအခါ သခင်မကြီးက ချက်ချင်း ငြင်းဆန်တော့သည်။



"မေမေရယ်၊ သမီး ချက်ချင်းပြန်လာမှာပါ။ နောက်လမ်းက လီမိသားစုအိမ်ကိုသွားပြီး လီရန်ပင်းနဲ့ သူ့ညီမကို နှုတ်ဆက်ရုံတင်ပါ၊ နောက်ဖေးတံခါးကနေဆိုရင် ခဏလေးပဲဟာ"



လင်းအိမ်တော်၏ နောက်ဖေးတံခါးသည် တခြားလမ်းတစ်ခုသို့ တိုက်ရိုက်ပေါက်နေပြီး လီမိသားစု၏ခြံမှာလည်း မီတာတစ်ရာပင် မဝေးပေ။ သခင်မကြီးသည် သူမသမီးလေး၏ ချော့မော့ပြောဆိုမှုကို မလွန်ဆန်နိုင်ဘဲ နောက်ဆုံးတွင် ခွင့်ပြုလိုက်ရသည်။



အမှန်တော့ လင်းရှင်းယောင်သည် လီမောင်နှမကို နှုတ်ဆက်ရန် သွားခြင်းမဟုတ်ဘဲ၊ နောင်တွင် လင်းစုယွီကို စောင့်ကြည့်ထားရန်နှင့် ဖြစ်နိုင်လျှင် ဒုက္ခပေးရန် မှာကြားလိုခြင်း ဖြစ်သည်။



"ဟဲဟဲ၊ ရှင်းယောင် စိတ်မပူနဲ့။ ကိုယ် လင်းစုယွီကို မျက်ခြေမပြတ် စောင့်ကြည့်ထားပေးမယ်။ အခွင့်အရေးရတာနဲ့ သူ့ကို ပညာပေးလိုက်မယ်"



လီရန်ပင်းသည် လင်းရှင်းယောင်ကို ကြိုက်နေသူဖြစ်ရာ သူမပြောသမျှကို မြေဝယ်မကျ နားထောင်သူဖြစ်သည်။ ထို့ပြင် ဤတစ်ကြိမ်တွင် လင်းရှင်းယောင်က သူ့ကို လက်ဆောင်ပါ ပေးထားသဖြင့် သူက လေးလေးနက်နက် ကတိပေးနေတော့သည်။



"ကောင်းပြီ။ တို့မိသားစုက ပြောင်းတော့မှာ။ အခွင့်သာရင် နောက်မှ စာရေးလိုက်မယ်။ တို့ကိုပေးထားတဲ့ ကတိကိုတော့ မမေ့နဲ့နော်"



ကိုယ့်အပေါ် ရူးသွပ်နေသူတစ်ယောက်ကို မည်သို့ ကြိုးကိုင်ရမည်ဆိုသည်မှာ လင်းရှင်းယောင် ငယ်စဉ်ကတည်းက တတ်မြောက်ထားသော ပညာရပ်တစ်ခုဖြစ်သည်။ စကားအနည်းငယ် ပြောလိုက်ရုံဖြင့် လီရန်ပင်းကို သူမလက်ခုပ်ထဲက ရေဖြစ်အောင် လုပ်နိုင်ရန် မျှော်လင့်ချက်များပေးပြီး နောင်တစ်ချိန် ပြန်ဆုံနိုင်သည်ဟု အရိပ်အမြွက် ပြောဆိုနိုင်ခဲ့သည်။



"ရှင်းယောင်၊ စာကို မဖြစ်မနေ ရေးရမယ်နော်။ မင်းပြောတာတွေကို ငါ သေချာပေါက် လုပ်ပေးမှာပါ"



"လီရန်ပင်း၊ စာကို ကြိုးစားနော်။ နောက်ကျရင် မြို့တော်က တက္ကသိုလ်တစ်ခုမှာ ငါတို့အတူတူ တက်ရအောင်။ အဲဒီကျရင် ပြန်ဆုံကြတာပေါ့"



လင်းမိသားစုဝင်တွေ သေတ္တာတွေသယ်ပြီး အိမ်ရှေ့ခြံဝင်းထဲ စုရုံးနေကြတာကို လင်းစုစု တွေ့လိုက်ရကတည်းက သူတို့ ဒီည ထွက်သွားကြတော့မှာကို သိလိုက်သည်။ သူတို့ ထွက်သွားပြီးနောက် ကျန်ရှိနေမည့် ပစ္စည်းများကို အရှုပ်အထွေးကြားထဲက ခိုးယူရန် ကြံစည်နေစဉ်မှာပင် လင်းရှင်းယောင် နောက်ဖေးတံခါးဆီသို့ အပြေးအလွှား သွားနေသည်ကို သူမ တွေ့လိုက်ရသည်။



လင်းစုစု ဝမ်းသာသွားကာ "ဒါ အခွင့်ကောင်းပဲ" ဟု သူမ ရေရွတ်လိုက်သည်။ လင်းမိသားစု ထွက်မသွားခင် လင်းရှင်းယောင်ကို "မတော်တဆမှု" တစ်ခုခု ဖြစ်အောင်လုပ်ရန် သူမ အမြဲ ကြံစည်နေခဲ့သည်။ မူလကိုယ် ရေနစ်သေဆုံးရတာတောင် မတော်တဆဖြစ်နိုင်သေးရင်၊ သူမ လင်းစုစုကရော လင်းရှင်းယောင်အတွက် မတော်တဆမှုတစ်ခု ဘာလို့ မဖန်တီးပေးနိုင်ရမှာလဲ။



သူမသည် လင်းရှင်းယောင် နောက်သို့ တိတ်တဆိတ် လိုက်သွားသော်လည်း၊ ကံဆိုးသည်မှာ နောက်ဖေးတံခါးအပြင်ဘက်တွင် ပုန်းစရာနေရာ မရှိခြင်းပင်။ ထို့ကြောင့် လင်းစုစုသည် အလွန်နီးကပ်စွာ မလိုက်ရဲဘဲ နောက်ဖေးတံခါးနားတွင်သာ စောင့်နေလိုက်သည်။



လီရန်ပင်းက လင်းရှင်းယောင်ကို ပြန်လိုက်ပို့စဉ် လမ်းပေါ်တွင် လူမရှိသဖြင့် သူတို့နှစ်ဦးမှာ စကားသံကို မထိန်းကြချေ။ ထို့ကြောင့် တံခါးနောက်ကွယ်တွင် ပုန်းနေသော လင်းစုစုမှာ သူတို့ပြောသမျှကို အကုန်ကြားလိုက်ရတော့သည်။



"ကျွတ်... ကျွတ်... နဂျီကောင်ရဲ့ အဆိပ်က အမြီးမှာရှိပြီး၊ လှပတဲ့ မိန်းမတစ်ယောက်ရဲ့ အဆိပ်ကတော့ နှလုံးသားထဲမှာ ရှိတာပဲ။ လင်းစုယွီက လင်းရှင်းယောင်ကို ဘာများလုပ်ထားလို့၊ သူက ထွက်သွားခါနီးတောင် လူငှားပြီး စောင့်ကြည့် ခိုင်းရတာလဲ။"



တံခါးဖွင့်သံ ကြားလိုက်ရသည်နှင့် လင်းစုစုသည် မီးဖိုချောင်မှ ယူလာသော မီးမွှေသည့် သံချောင်းကို ကိုင်ကာ သူမ၏ နေရာလွတ် ထဲသို့ အမြန်ဝင်ပုန်းလိုက်သည်။



 "ခဏနေရင်တော့ ဒီသံချောင်းနဲ့ လင်းရှင်းယောင်ကို ရိုက်ပြီး မေ့သွားအောင် လုပ်ရမယ်။ အာ... ငါ့ကို သူ မြင်သွားလို့တော့ မဖြစ်ဘူး။ ရုပ်ဖျက်ထားလိုက်ရမလား"



ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလာခဲ့သော အဘွားကြီး လင်းစုစုသည် တစ်ခါမျှ ရန်မဖြစ်ဖူးသလို လူကိုလည်း မေ့သွားသည်အထိ ရိုက်နှက်ဖူးခြင်းမရှိပေ။ အကယ်၍ အားပျော့သွားပါက သူမ ရိုက်လိုက်မှန်း သိသွားပြီး အရှက်ကွဲမည်ကိုလည်း သူမ စိုးရိမ်နေမိသည်။



ထို့ကြောင့် လင်းစုစုသည် သူမ၏ ဆံပင်ကျစ်ဆံမြီးကို ဖြည်ချကာ အရူးတစ်ယောက်ကဲ့သို့ ဖရိုဖရဲဖြစ်အောင် ဖွလိုက်ပြီး၊ မီးမွှေသည့် သံချောင်းမှ မီးခိုးမည်းများကို မျက်နှာတွင် ပွတ်လိုက်သည်။



ရေတွင်းထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်ရာ၊ အရူးမတစ်ယောက်ကဲ့သို့ မျက်နှာတစ်ခုလုံး ပေပွနေသဖြင့် မည်သူမျှ မှတ်မိနိုင်မည် မဟုတ်တော့ချေ။



လင်းရှင်းယောင် ခြံထဲဝင်လာပြီး နောက်ဖေးတံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းစုစုသည် နေရာလွတ်ထဲမှ ဝုန်းကနဲ ထွက်လာကာ သူမ၏ ဦးခေါင်းအနောက်ဘက်ကို အားကုန်လွှဲရိုက်လိုက်ပြီး နေရာလွတ် ထဲသို့ ချက်ချင်း ပြန်ဝင်လိုက်သည်။



နေရာလွတ် ထဲမှနေ၍ ကြည့်လိုက်ရာ၊ လင်းရှင်းယောင် မေ့လဲမသွားမီ လှည့်ကြည့်လိုက်သည်ကို တွေ့ရသည်။ လင်းစုစု သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူမ၏ နေရာလွတ်ကို သုံးပြီး အမြန်ပုန်းလိုက်နိုင်သဖြင့်သာ လင်းရှင်းယောင် သူမကို မမြင်သွားခြင်း ဖြစ်သည်။



ခဏမျှ စောင့်ကြည့်ပြီး လင်းရှင်းယောင် တကယ် မေ့သွားပြီဟု အတည်ပြုနိုင်မှ၊ သူမကိုလည်း နေရာလွတ်ထဲ ဆွဲသွင်းလိုက်ကာ ကြိုးနှင့်တုပ်၊ မျက်စိပိတ်၊ ပါးစပ်ပိတ် စသည့် အလုပ်များကို ကျွမ်းကျင်စွာ လုပ်ဆောင်လိုက်ပြီးနောက် အပြင်သို့ ပြန်ထွက်လာခဲ့သည်။



သူမကို လင်းမိသားစု ချက်ချင်း ရှာမတွေ့နိုင်မည့် လူသူကင်းဝေးသော နေရာတစ်ခုတွင် သွားပစ်ထားရမည်။ 



"ဟုတ်ပြီ... နောက်ဘက် နှစ်လမ်းကျော်မှာ မီးလောင်ထားတဲ့ အိမ်အိုကြီးတစ်လုံး ရှိတယ်။ အဲဒီအိမ်ကို ဘယ်သူမှ မပြင်ဘဲ ပစ်ထားတာဆိုတော့ လူသူမရှိဘူး။ အဲဒီမှာ သွားထားရင် အကောင်းဆုံးပဲ"



"ဟိဟိ... ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရတာ တကယ် စိတ်လှုပ်ရှားစရာပဲ။" 



ဘဝက ဘယ်လိုပဲ ခက်ခဲပင်ပန်းနေပါစေဦး၊ လင်းစုစု၏ ပြဿနာရှာပြီး ပွဲကြည့်ချင်သည့် စိတ်က လျော့မသွားခဲ့ပေ။