Ch 7
Viewers 505

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း 


အပိုင်း ၇ - လင်းရှင်းယောင် အစွန့်ပစ်ခံရခြင်း





"ပြန်လာပြီ၊ ဦးလေးသုံး ပြန်လာပြီ!" လင်းမိသားစု၏ ဒုတိယအိမ်ခွဲမှ အငယ်ဆုံးသားလေး၏ အော်ဟစ်သံကြောင့် ငိုက်မြည်းနေကြသော လင်းမိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။



"ရှင်းယောင်ကော။ ရှင်းယောင် ပြန်ရောက်ပြီလား" 



သခင်မကြီးလင်းသည် သူမ၏ အငယ်ဆုံးသမီးလေး အပြင်ထွက်သွားသည်မှာ ကြာပြီဖြစ်ကြောင်း သတိရသွားသည်။ ဘာကြောင့် အခုထိ ပြန်မလာသေးတာလဲ၊ ဘာဘေးအန္တရာယ်မှ မဖြစ်ပါစေနဲ့ဟုသာ သူမ ဆုတောင်းနေမိတော့သည်။



"အကြီးဆုံးဒေါ်လေး၊ ဝမ်းကွဲ ရှင်းယောင် ပြန်မလာသေးဘူး" 



လင်းဟောက်ယွီသည် ရှင်းယောင် ထွက်သွားကတည်းက အိမ်အဝင်ဝကိုသာ မျှော်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူ့အမေက တားမထားလျှင် သူကိုယ်တိုင် အပြင်ထွက်ရှာနေသည်မှာ ကြာလှပါပြီ။



အိမ်ထောင်ဦးစီး သခင်ကြီးလင်းနှင့် သခင်ကြီးသုံးတို့ အိမ်ထဲဝင်လာသည်နှင့် သခင်မကြီးလင်းသည် သခင်ကြီးလင်း၏ လက်မောင်းကို အတင်းဆွဲကိုင်ကာ တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်သည်။"ရှင်... ရှင်းယောင်လေး တစ်ခုခု ဖြစ်နေပြီ ထင်တယ်" 



နံရံကပ်နာရီကို ကြည့်လိုက်မိသော သခင်မကြီးလင်း၏ မျက်နှာသည် ပို၍ပင် ဖြူလျော်သွားသည်။ 



"ရှင်းယောင်က သူ့သူငယ်ချင်း လီရန်ပင်းဆီ သွားမယ်လို့ ပြောသွားတာ။ အခု နှစ်နာရီတောင် ရှိသွားပြီ၊ သူပြန်မလာသေးဘူး"



"ဝမ်းကွဲ ရှင်း‌ယောင်ကို ကျွန်တော် သွားရှာလိုက်မယ်" လင်းဟောက်ယွီ ခြေလှမ်းတစ်လှမ်းမျှပင် မလှမ်းရသေးမီမှာပင် သူ့အမေက ဆွဲတားလိုက်သည်။



"ဘယ်ကိုသွားမလို့လဲ။ ငါတို့မိသားစုမှာ လူကြီးတွေအများကြီးရှိတာပဲ၊ ကလေးတစ်ယောက် လျှောက်သွားစရာ မလိုပါဘူး။ ရှင်းယောင်ကိုလည်း မတွေ့၊ နင့်ကိုပါ ထပ်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။" ဟု ငေါက်လိုက်သည်။



ထိုအချိန်တွင် လျှို့ဝှက်ရတနာတိုက်တစ်ခုလုံး အလုခံလိုက်ရသည့် လင်းမိသားစုဝင်များသည် စိတ်သောကများ ရောက်နေကြသည်။ လေတိုက်၍ သစ်ရွက်လှုပ်သည်ကိုပင် လန့်နေကြသည့်အထိ စိတ်ခြောက်ခြားနေကြခြင်း ဖြစ်သည်။



"သားကြီး၊ လီအိမ်ကို အမြန်သွားပြီး နင့်ညီမအကြောင်း စုံစမ်းစမ်း" 



ရှင်းယောင်၏ အစ်ကိုကြီးသည် မသွားချင်သော်လည်း အဖေဖြစ်သူ၏ အမိန့်မို့ မလွှဲမရှောင်သာ သွားခဲ့ရပါသည်။ သခင်မကြီးလင်းကမူ လင်းဟောက်ယွီအမေ၏ အတ္တဆန်မှုကို မကျေမနပ်ဖြစ်ကာ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။



သိပ်မကြာခင်မှာပင် အစ်ကိုကြီးဖြစ်သူ မောကြီးပန်းကြီးဖြင့် ပြန်ရောက်လာပြီး ခေါင်းခါပြလိုက်ကာ အသက်အရင် ဝအောင်ရှုလိုက်သည်။ 



"ရှင်းယောင်က လီရန်ပင်းဆီ တကယ်ရောက်ခဲ့တယ်တဲ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နာရီကတည်းက အိမ်နောက်ဖေးတံခါးအထိ လိုက်ပို့ပေးခဲ့တယ်လို့ ပြောတယ်။ သူ အိမ်ထဲဝင်သွားတာကို မျက်မြင်မတွေ့ပေမဲ့ တံခါးတွန်းဖွင့်သံကိုတော့ ကြားလိုက်ရတယ်တဲ့"



"လင်းစုယွီ လုပ်တာလားမသိဘူး။ ငါတို့မိသားစုထဲမှာ အိမ်နောက်ဖေး အစေခံတန်းလျားမှာ နေတဲ့ လင်းစုယွီကလွဲရင် အားလုံးက ကိုယ့်လူတွေချည်းပဲ။ ကျွန်တော် သွားမေးမယ်၊ သူများ ရှင်းယောင်ကို ဝှက်ထားတာလား မသိဘူး"



လင်းဟောက်ယွီကမူ ရိုးရိုးပင်တွေးပြီး သူအမုန်းဆုံးလူကို အပြစ်ပုံချလိုက်ခြင်းဖြစ်သည်။ ဒါပေမဲ့ သခင်မကြီးလင်းကတော့ လင်းစုယွီ မဟုတ်မှန်း သိနေပါသည်။



"လင်းစုယွီ မဟုတ်နိုင်ပါဘူး။ သူ အခုချိန် အခန်းထဲမှာ အိပ်ပျော်နေလောက်ပြီ၊ မိုးကြိုးပစ်လျှင်တောင် နိုးမှာမဟုတ်ဘူး"



ဘာကြောင့်လဲဆိုတော့ သူမနှင့် သမီးဖြစ်သူတို့ကိုယ်တိုင် လင်းစုယွီကို ဆေးခတ်ခဲ့ခြင်း မဟုတ်ပါလား။ ပဲဟင်းရည်သောက်ပြီး အိပ်ပျော်သွားသည်ကို မျက်မြင်တွေ့ခဲ့ခြင်းဖြစ်၍ လင်းစုယွီ နိုးလာရန်မှာ မဖြစ်နိုင်ကြောင်း ယုံကြည်နေခြင်းဖြစ်သည်။



သခင်မကြီးလင်း၏ ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေခြင်းသည် လင်းစုစု (လင်းစုယွီ) အတွက်မူ လမ်းပွင့်သွားစေခဲ့သည်။ လင်းဟောက်ယွီက သံသယဝင်သော်လည်း သခင်မကြီးလင်းကိုယ်တိုင်က အာမခံပေးလိုက်ခြင်းဖြစ်၍ ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲ။



သခင်မကြီးလင်းက မကောင်းသောစိတ်ဖြင့် ပဲဟင်းရည် လာတိုက်စဉ်က လင်းစုစုသည် တစ်စက်ကလေးမျှ မသောက်ဘဲ သူမ၏ နေရာလွတ် ထဲသို့ အကုန်လောင်းထည့်လိုက်ခြင်း ဖြစ်သည်။



"အစ်ကိုကြီး၊ အပြင်ကလူတွေ လောနေပြီ။ အခုချက်ချင်း ထွက်မှရမယ်" သခင်သုံးက တိုက်တွန်းလာသည်။ 



ဒါကိုကြားသောအခါ သခင်မကြီးလင်းက အသံစူးစူးဖြင့် အော်တော့သည်။"မသွားဘူး! ငါ့သမီး ရှင်းယောင်ကို မတွေ့သေးဘဲ ဘယ်မှမသွားဘူး။ သူ့ကို ဒီအတိုင်း ပစ်မထားခဲ့ကြနဲ့!" 



"ယောက်မ... လူပေါင်း ဒါဇင်နှင့်ချီတဲ့ လင်းမိသားစု၏ ခရီးစဉ်ကို ဒီအတိုင်းကြီး ရပ်လိုက်လို့ ဖြစ်မလား။ ဒီနေ့အခွင့်အရေး လက်လွှတ်သွားရင် နောက်ကိုရော ထွက်ခွာခွင့်ရပါဦးမလား။ လူတစ်ယောက်တည်းအတွက်နှင့် အားလုံးကို ဒုက္ခမပေးပါနဲ့။" လင်းဟောက်ယွီ၏ အမေကမူ အတ္တဆန်စွာဖြင့် ပွင့်ပွင့်လင်းလင်း ပြောချလိုက်တော့သည်။



"ဟုတ်တယ်! မရီး... အခုက စိတ်ခံစားမှု ရှေ့တန်းတင်ရမည့်အချိန် မဟုတ်ဘူး" 



အစီအစဉ်များကို တာဝန်ယူထားသော သခင်ကြီးသုံးကလည်း ထောက်ခံသည်။ အကူအညီပေးသူက အန္တရာယ်ကြားမှ ကူညီနေခြင်းဖြစ်၍ နောက်တစ်ကြိမ်ဆိုသည်မှာ ရှိလာပါဦးမည်လား။



"ဦးကြီး ပြောထားတာပဲ၊ ဘယ်သူမှ အပြင်မထွက်ရဘူးလို့။ ရှင်းယောင်က ဘာလို့ အလိုက်မသိရတာလဲ။ သူလျှောက်သွားလို့ တစ်ခုခုဖြစ်ရင် တစ်မိသားစုလုံးကို ဆွဲချရာ ရောက်မှာပေါ့"



အကျိုးစီးပွားနှင့် ထိပ်တိုက်တွေ့လာသောအခါ ဝေဖန်သံများ ဆူညံလာသည်။ သခင်ကြီးလင်း ကိုယ်တိုင်လည်း ရှင်းယောင်ကို ရှာချင်သော်လည်း တစ်မိသားစုလုံး၏ အနာဂတ်ကို ငဲ့ကွက်နေရသည်။



"ပါးစပ်ပိတ်ထား! ငါ့သမီးကို ပစ်ထားခဲ့မယ်ဆိုရင် နင်တို့အားလုံးလည်း ဘယ်မှမသွားရအောင် ငါလုပ်ပစ်မယ်" သခင်မကြီးလင်းက ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။



"မရီး... တစ်ခုပဲရှိတယ်။ မရီးပါ ဒီမှာနေပြီး ရှင်းယောင်ကို စောင့်မလား၊ နောက်မှ တစ်နည်းနည်းနဲ့ လိုက်လာခဲ့ပေါ့။ မစောင့်နိုင်လို့တော့ အပြစ်မတင်နဲ့တော့။" ဤစကားကြောင့် အိမ်တော်တစ်ခုလုံး စကားများသံများဖြင့် ဆူညံသွားသည်။



"အဖေ... ရှင်းယောင်ကို ဒီမှာစောင့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဦးလေးဝမ်ကို အကူအညီတောင်းခဲ့ရအောင်။ သူ့ကိုတွေ့ရင် ကျွန်တော်တို့ဆီ ပို့ပေးဖို့ပေါ့။ ကျွန်တော်တို့ ဟောင်ကောင်မှာ အရင်စောင့်နေမယ်လေ" 



သားကြီးဖြစ်သူမှာ သူပါ ဤနေရာတွင် အပစ်ခံရမည်ကို ကြောက်သောကြောင့် အကြံပေးလိုက်ခြင်းဖြစ်သည်။ သူ ညီမဖြစ်သူကို ချစ်ပြနေသည်မှာ ဟန်ဆောင်မှုသက်သက်ပင်။



"ဟုတ်ပါတယ် ယောက္ခမကြီးရယ်၊ စိတ်မပူပါနဲ့။ ရှင်းယောင်က တစ်ခုခုကြောင့် နောက်ကျနေတာ ဖြစ်မှာပါ။ ဦးလေးဝမ်ရဲ့ လူတွေကို ငွေနဲ့လက်ဆောင်တွေပေးခဲ့ရင် သူတို့ ရှင်းယောင်ကို လိုက်ပို့ပေးမှာပါ" 



သားကြီး၏ ဇနီးကလည်း သူမယောက်ျား ကျန်နေခဲ့မည်စိုး၍ ဝင်ထောက်ခံရှာသည်။



သခင်ကြီးလင်းက ဆုံးဖြတ်ချက်ချလိုက်သည်။ ဤထွက်ခွာနိုင်မည့် အခွင့်အရေးသည် လက်ဆောင်ပဏ္ဍာများစွာ ပေးထားကာ ရသည့်အခွင့်အရေးမှန်းလည်း သူသိသည်။ 



"မင်း မောင်လေးဆီ စာအမြန်ရေး၊ ရှောင်ဝမ် လူတွေကတစ်ဆင့် ပေးခိုင်းလိုက်မယ်။ မင်းမောင် ရှိနေတာပဲ၊ ရှင်းယောင် ဘာမှမဖြစ်ပါဘူး" သူ့ကိုယ်သူ နှစ်သိမ့်ရင်း ဇနီးဖြစ်သူကို ပြောလိုက်သည်။



"ရှင်းယောင်ကိုသာ မတွေ့ရင်... ကျွန်မလည်း အသက်မရှင်တော့ဘူး။ ရှင် ကျွန်မကို ကတိပေးပါ၊ ရှင်းယောင် ရောက်လာတဲ့အထိ ကျွန်မတို့ ဟောင်ကောင်ကနေ ဘယ်မှမသွားဘူးလို့။" သခင်မကြီးလင်းသည် ကြိတ်မနိုင်ခဲမရ ပြောလိုက်သည်။



နောက်ဆုံးတော့ လင်းမိသားစုဝင်များ ထွက်ခွာသွားကြပါပြီ။ လင်းစုစုသည် အပြင်ပန်းတွင် အိပ်ပျော်နေသလို ထင်ရသော်လည်း တကယ်တော့ သူမ၏ စိတ်အာရုံသည် နေရာလွတ်ထဲတွင် စိုက်ပျိုးရေး လုပ်နေခဲ့ခြင်းဖြစ်သည်။



လင်းမိသားစု ထွက်သွားပြီးနောက် နာရီဝက်မပြည့်ခင်မှာပင် သူမသည် အခန်းထဲမှ ထွက်လာကာ နီးစပ်ရာမှ စတင်ပြီး တတိယအိမ်ခွဲမှ ပထမအိမ်ခွဲအထိ တွေ့သမျှပစ္စည်းများကို အကုန်သိမ်းဆည်းတော့သည်။



တန်ဖိုးကြီး သစ်သားပရိဘောဂများ၊ အလှဆင်ပစ္စည်းများတင်မကဘဲ နံရံကပ်နာရီများအထိ အကုန်လုံးကို သူမ၏ နေရာလွတ်ထဲ ထည့်ပစ်လိုက်သည်။ အိမ်ကြီးတစ်ခုလုံးကို အကြီးစား သန့်ရှင်းရေး လုပ်ပေးနေသလိုပင် ဖြစ်သည်။



ပရိဘောဂများအပြင် အခြောက်အခြမ်းများ၊ ဆေးလိပ်၊ အရက် စသည့် ရိက္ခာများကိုလည်း မချန်ပေ။ မီးဖိုချောင်ထဲမှ ရေစည်များ၊ ဆန်အိုးများ၊ သံဒယ်အိုးကြီးများကအစ မီးမွှေးသည့် ပစ္စည်းများအထိ အကုန်လုံးကို သူမ သိမ်းကျုံးယူလိုက်တော့သည်။