Part 259
သူမ အမှန်ကို လင်းလန်အတွက်တစ်ခုခုလုပ်ပေးချင်မိ၏။ လင်းလန်က တကယ့်ကို လူကောင်းတစ်ယောက်ဟု သူမအမြဲခံစားရသည်။ထိုကောင်မလေး ရှုယွမ်က ချန်ဇီချင်းကြောင့် အများကြီးနာကျင်ခဲ့ရပြီး ဘဝအဆုံးသတ်သွားမှာကို သူမကြောက်ခဲ့၏။
ယခုမူ လင်းလန် လမ်းညွှန်မှုနှင့်အတူ ထိုကောင်မလေးက ပိုပိုပြီး စိတ်အားထက်သန်လာခဲ့သည်။လက်ရှိတွင် သူမသည် နေ့တိုင်း အိမ်မှာ အချုပ်အလုပ်လုပ်၍ဖြစ်စေ၊ စာဖတ်သင်၍ဖြစ်စေ၊ သူမနှင့်တွဲပြီး ဝါဒဖြန့်ရန်လိုက်ပါသွား၍ဖြစ်စေ နေတတ်ပြီး သူမက ကေဒါတစ်ယောက်ထက်ပင် တစ်နေ့ကုန် အလုပ်များနေ၏။
ရှုယွမ်အမေ ဝမ်းသာနေသည်။
လင်းလန်က ကပျာကယာ ငြင်းဆိုလိုက်ပြီး "ယောက်မ...အိမ်ပဲပြန်ပါနော်... ကလေးပြန်လာမှ ငါ့ကို ကူညီပါ"ဟုဆိုလိုက်၏။
ရှုယွမ်အမေက တံခါးကို တွန်းဖွင့်ပြီး သူမကို နှုတ်ဆက်လိုက်သည်။
ရှုယွမ်အမေက ထွက်ခွာရန် အနည်းငယ် တွန့်ဆုတ်နေပြီး လင်းလန်ကို ဖိနပ်၊ ကုတ်အင်္ကျီ၊ ချည်သားဘောင်းဘီနှင့် စောင်များ ချုပ်လုပ်ချင်ပါက သူမကိုပဲ လာရှာပါဟုပြောကာ လက်ဝှေ့ယမ်းလိုက်သည်။
လင်းလန်က ချွေးများကို သုတ်ရင်း ရှုယွမ်အမေ ကို အနည်းငယ်ကြောက်လာ၏။ သူမက ခေတ်သစ်မှာဆိုလျှင် အမာခံဖန်တစ်ယောက်ဖြစ်နေသည်မှာ သေချာသော်လည်း သူမက အချုပ်အလုပ်မကျွမ်းကျင်သောကြောင့် ရွာတွင် တကယ်နာမည်ကြီးသည်။
သူမပြန်လာပြီး ချည်သားဖိနပ်တွေကို ကြည့်လိုက်သောအခါ သေးသည့်တစ်ရံက ထူကာ အကြီးတစ်ရံက သိပ်မထူဘဲ ပေါ့ပါး၏
တခြားသူတွေ၏ အချုပ်လုပ်ပညာကို ကြည့်ပြီး တစ်သက်လုံး စဉ်းစားနေစရာ မလိုပေ။
ထို့ကြောင့် သူမ သူမ၏ကြိုးစားအားထုတ်မှုကို စိတ်ချလက်ချ စွန့်လွှတ်လိုက်သည်။ ထိုအချိန်တွင် ဟန်ချင်စုန့် အိမ်ပြန်လာပြီး သူမ ချည်ဖိနပ်နှစ်ရံဖြင့် ပျော်ရွှင်စွာ ကစားနေသည်ကို တွေ့ရသောအခါ သူက အံ့သြဟန်ဆောင်ပြီးမေးလိုက်၏။
"မင်းလုပ်ထားတာလား..."
လင်းလန်က ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
"အမ်း...ညွှန်းမှူးဟန်အနေနဲ့ ရှင်နဲ့တော်မတော်ဝတ်ကြည့်ပေးလို့ရမလား"
ဟန်ချင်စုန့်က ခြေနှစ်လှမ်းတက်ကာ ဝတ်လိုက်ပြီး ခေါင်းညိတ်ကာဆိုလေ၏။
"လက်ရာက ကောင်းတယ်...ဝတ်ရတာ သက်တောင့်သက်သာရှိတယ်...နည်းနည်းတော့ ပူတယ်...အဲ့ဒါကြောင့် ကိုယ့်ကို တစ်ရံထပ်လုပ်ပေးပါ့လား "
လင်းလန် : ...
ရှင်တော့ သောချာပေါက်အနှက်ခံရပြီပဲ...
သူမက လူလည်ပြုံး ပြုံးလိုက်ပြီး
"ရပါတယ်... အထဲမှာ အပေါက်သေးသေးလေးတွေ ဖွင့်လိုက်မယ်... ပူရင် ချည်သားကို ထုတ်လိုက်... အေးနေတဲ့အချိန်မှာ ထည့်ထားလိုက်လေ "
ဟန်ချင်စုန့်: "..."
ငါမိန်းမက ဉာဏ်တအားရွှင်ပြီး ငါ့ကိုရောင်းဖို့ကြိုးစားနေမှာကို ငါကြောက်တယ်...
နှစ်ယောက်သား အချိန်အတော်ကြာ ပွတ်သီးပွတ်သပ်လုပ်နေပြီးနောက် လင်းလန် ဟန်ချင်စုန့်ကို တွန်းထုတ်လိုက်ပြီးပြောလိုက်သည်။
"လာ...ကျွန်မအတွက် အစာလှီးပေး... ဖက်ထုပ်လုပ်ရအောင်"
သူမက တရုတ်ဂေါ်ဖီထုပ်၊ မနက်တုန်းက စိမ်ထားသည့် မှိုတွေ၊ အသားတွေ၊ ပုစွန်ခြောက်တွေကို ရေဆေးပြီး သန့်ရှင်းအောင် ဆေးကြောကာ ဟန်ချင်စုန့်ကို အစာလှီးခိုင်းလိုက်၏။
သူမက ဂျုံဖြူ ထပ်သွားရှာယူခဲ့ပြီး ဟန်ချင်စုန့် ကို ပြုံးပြီးပြောသည်။
"ဒါ အရင်တစ်ခေါက် ရှင် တဝမ်ကို တွန်းခိုင်းဖို့ခေါ်သွားတုန်းကဟာ... အိမ်ထိန်းကြီးက စားဖို့ ဝန်လေးနေတော့ ကျန်နေတာ... မဟုတ်ရင် ကျွန်မဒီနေ့ပေါက်စီတွေစားနေရမှာ... ညသန်းခေါင်ကြီးတော့ ပေါက်စီ မစားနိုင်ဘူး"
အားဝမ်ကို ငွေစာရင်းနှင့်အစားအသောက် စီမံခန့်ခွဲရာမှာ ကူညီရန် သူမက အိမ်ထိန်းကြီးအဖြစ် ခန့်အပ်ထားသော်လည်း အိမ်ထိန်းကြီးက သူ့မားမား၏ ငွေရေးကြေးရေးနှင့် မိသားစု ဆာလောင်နေမည်ကို စိုးရိမ်နေခဲ့၏။
လင်းလန်အနေဖြင့် ဤသည်ကလည်း ကောင်းသည့်အရာဟုယူဆလိုက်သည်။ ခြွေတာမှုက အကျင့်ကောင်းတစ်ခုပင်။
သူမ ဂျုံနယ်ပြီးသည်နှင့် အဖုံး ဖုံး၍ ထလာပြီး ဟန်ချင်စုန့် အစာလှီးနေသည်ကို ကြည့်ကာ ညင်ညင်သာသာလှီးရန် သတိပေးလိုက်သည်။
သူက အားကောင်း လွန်းပြီး သူ့ကိုယ်ဟန်အနေအထားက စဥ်းနှီတုံးကိုပင် ကွဲသွားစေနိုင်၏။
ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်လာကြသည်။ အိမ်မှာ ဖက်ထုပ်လုပ်နေသည်ကိုမြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ပျော်ရွှင်စွာ အော်ဟစ်ကာ ဖက်ထုပ်ကူလုပ်ပေးချင်သည်ဟု ကျွတ်ကျွတ်ဆူအောင်တောင်းဆိုကြတော့သည်။
လင်းလန်က ဟန်ချင်စုန့်ကို အစာတွေ မွှေခိုင်းလိုက်၏။ဂေါ်ဖီထုပ် ၊ ဝက်သား နှင့် ပုဇွန်ခြောက် အစာသွပ်က တကယ့်ကို ရှားပါး၏။ ယင်းတွင် ဝက်သား၏မွှေးပျံ့သောရနံ့ ၊ ပုဇွန်ခြောက်၏ အချိုဓာတ်၊ မှိုနှင့်ဂေါ်ဖီထုပ်တို့၏လတ်ဆတ်သော အရသာပါရှိလေသည်။သူမက အစာထဲကို ကြက်ဥတစ်လုံးကိုလည်း ခွဲထည့်လိုက်ပြီး ဟန်ချင်စုန့်ကို ဦးတည်ဘက်တစ်ခုတည်းသို့ မွှေခိုင်းသည်။
သို့ရာတွင် အသားနည်းနည်းနှင့် အသီးအရွက်တွေ များများဖြစ်နေသည်။
မုန့်သားညက်ပြီးနောက် ဟန်ချင်စုန့်က မုန့်သားကို လှိမ့်ပေးပြီး လင်းလန်က ဖက်ထုပ်လုပ်သည်။
စန်းဝမ် မုန့်သားကိုလှမ်းယူသည်ကိုမြင်သောအခါ ဟန်ချင်စုန့်က စန်းဝမ်၏ လက်ကို လှိမ့်တုံးဖြင့်တားလိုက်၏။
"လက်ကိုဆေး"
ရှောင်ဝမ်က အပြေးလာကာ သူ့လက်လေးကို ဖြန့်ပြီးဆိုသည်။
"သားလက်ဆေးထားတယ်"
ဟန်ချင်စုန့်က "ဘာဂျာပဲမှုတ်...ဂျုံနဲ့လာမကစားနဲ့" ဆိုပြီး သူ့ကို တွန်းထုတ်လိုက်၏။
ရှောင်ဝမ် အတော်လေးစိတ်ပျက်သွားသည်။ သူက ဖက်ထုပ်လုပ်နည်းမသိသော်လည်း မားမားကိုကူညီနိုင်ရန် အပတ်တကုတ် ကြိုးစားခဲ့၏။
နောက်ပြီး သူတကယ်ကို ဂျုံနဲ့ကစားချင်တယ်...
ပျော့ပြောင်းပြီး လိမ်လိုက်ရင် ယုန်ဖြစ်သွားနိုင်တယ်လေ...
ကစားချင်တယ်...ကစားချင်တယ်...ကစားချင်တယ်...
လင်းလန် ကလေး၏လှပသော မျက်လုံးလေးတွေမှာ ကစားချင်စိတ်ပြင်းပြနေသည်ကိုတွေ့သောအခါ မရယ်ဘဲမနေနိုင်တော့ပဲ ဟန်ချင်စုန့်ကိုပြောလိုက်၏။
"ကျွန်မ သူ့ကို နည်းနည်းလောက် ပေးလိုက်မယ်... သူ့ကို ယုန်ငယ်လေး လုပ်ခိုင်းပြီး သူ့အတွက် ပြန် ချက်ပေးလိုက်ပါ..."
ရှောင်ဝမ်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများ တောက်ပနေကာဆိုလေသည်။
“ဟုတ်...ဟုတ်"
အားဝမ် နှင့်မိုင်စွေ့ တို့က လက်ဆေးပြီးပြီးချင်း သူတို့ကို ကူထုပ်ပေးရန် ရောက်ရှိလာကြ၏။
ရှောင်ဝမ်လည်း သူ၏ ဂျုံနှင့် ကစားချင်သည့်ဆန္ဒပြည့်ဝသွားသည်။
စန်းဝမ်ကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရန် လက်ကို ဆေးကြောခဲ့၏။
တဝမ်က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး အရှေ့ဘက်ခန်းထဲကို ဝင်သွားကာ သူ့အိမ်စာတွေ စလုပ်လေသည်။
လင်းလန်က တိတ်တိတ်လေး လှမ်းကြည့်လိုက်ပြီး အသံနှိမ့်ကာမေးလိုက်၏။
"အစ်ကိုကြီး ဘာဖြစ်နေတာလဲ"
အိမ်ပြန်ရောက်ရောက်ချင်း အိမ်စာလုပ်သည်က ပုံမှန်မဟုတ်ပေ။ တစ်ခုခုနှိုးဆော်ခံထားခြင်းဖြစ်ရမည်။
ကလေးအချို့က တခစ်ခစ်သာရယ်လာကြသည်။
စန်းဝမ် သူ့အသံကို လျှော့လိုက်ပေမဲ့ အရယ်မရပ်နိုင်ဆဲဖြစ်ကာပြောလိုက်၏။
"အစ်ကိုကြီးက ဒုတိယအစ်ကိုနဲ့ တခြားသူတွေကို အိမ်စာလုပ်ခိုင်းပေမဲ့ လက်ရေး က မတူတော့ အမှန်အတိုင်း ဖော်ထုတ်မိသွားတယ်... ဆရာမက သူ့ကို စာကိုဆယ်ကြိမ်ကူးဖို့ အပြစ်ပေးလိုက်တယ်... ဟားဟားဟား…”
လင်းလန်: “…”
သူမ အားဝမ် ကို ကြည့်လိုက်သည်။
အားဝမ်က ဖျစ်ညှစ်ပြုံးလိုက်ပြီး
"မားမား ကျွန်တော် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး...လွန်ခဲ့တဲ့ နှစ်ရက်က ဝါဒဖြန့်တာကို နားထောင်ဖို့ အရမ်း အလုပ်များနေတာကြောင့် အစ်ကိုကြီးအတွက် စာရေးတာကို ဂရုမစိုက်မိလိုက်တာ"
သူ ပွင့်ပွင့်လင်းလင်း ပြောပြ လိုက်သည်။
Xxxxxx
Part 260
လင်းလန်နှင့် အခြားသူများက ဝါဒဖြန့်နေကြပြီး လူကြီးများထံမှ တီးတိုးတီးတိုး(လူကြီးအကြောင်းအရာ) ပြောဆိုမှုများ ရှိ နေပါက ကလေးများအား ယေဘုယျအားဖြင့် နားထောင်ခွင့်မပြုပေ။ကလေးများကို ယနေ့ည လာခွင့်မပြုကြောင်း ကြိုတင် အသိပေးမည်ဖြစ်သည်။
ကလေးများကို မမျှမတမဖြစ်စေရန် ကလေးတွေကိုခေါ်လာနိုင်သော နေရာအချို့ကိုလည်း စီစဥ်မည်။ ကလေးများကိုသာ စည်းရုံးမည်ဖြစ်ပြီး လူကြီးများကနားထောင်ခွင့်ရှိမည်မဟုတ်သောကြောင့် ဝါဒဖြန့်ရေးအဖွဲ့ တရားမျှတပြီး လူကြီးများကို မျက်နှာသာမပေးကြောင်း ကလေးများအား ခံစားရစေမည်ဖြစ်သည်။
သို့ပေမဲ့ ယခုလိုမျိုး ကလေးတွေက အပြင်မှာ တိတ်တိတ်လေး ပုန်းပြီး နားထောင်နေလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
အားဝမ်နှင့်တဝမ်က အချိန်တိုင်းတွင် ကျန်မနေ သော်လည်း သူတို့က၎င်းကို လူကြီးများထံမှ လျှို့ဝှက်ထားသည်။
လင်းလန် : "အိုး... မင်းမှာ လျှို့ဝှက်ချက်တစ်ခု ရှိသေးတာပဲ"
အားဝမ်က ငယ်ရွယ်စဉ်တွင် ပိုင်ဆိုင်သော သန့်စင်ဖြူစင်သော စိတ်နေစိတ်ထားကို အသုံးပြု၍ သူ၏အမေအိုကြီးကို လွှမ်းမိုးရန် ကြိုးစားကာ တခစ်ခစ်ရယ်သည်။
လင်းလန်က နှာခေါင်းရှုံ့လ်ိက်ပြီး
"ဒီကိစ္စက အရမ်းပြင်းထန်လို့ ကြီးလေးတဲ့ အပြစ်ပေးရမယ်..."
ရှောင်ဝမ်က တုန်ယင်သွားပြီး ယုန်လေး၏ နားရွက်ကို ဆွဲဖြုတ်မိလိုက်ကာ သူ့မျက်နှာက ဖြူဖျော့နေလျက် ဆိုလာ၏။
"အလုပ်...အလုပ်ကြမ်း စခန်းကို ပို့မှာလား..."
ရွာသူရွာသားတွေက ကလေးတွေ နာခံမှုမရှိသည့်အခါ "ဟန်ချင်စုန့်က မင်းကို ဖမ်းပြီး အလုပ်ကြမ်း စခန်းကို ပို့လိမ့်မယ်"ဟုခြိမ်းခြောက်လေ့ရှိကြသည်။
ယင်းကိုကြားပြီးနောက် ရှောင်ဝမ်က ၎င်းကို အပြင်းထန်ဆုံး ပြစ်ဒဏ်အဖြစ် မှတ်ယူလိုက်သည်။
စန်းဝမ်က ရယ်ပြီး
" ရှောင်ဝမ် အရူး ..."
ဟန်ချင်စုန့်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူ့ရယ်သံတွေက ထိတ်လန့်တကြားနှင့် လည်ချောင်းထဲမှာ ကပ်သွားပြီး "ဟစ်...ဟစ်"ဖြစ်လာ၏။
(ကြို့ထိုးသွားတာပါ)
မိုင်စွေ့က ရယ်ပြီးပြောလိုက်သည်။
"ငါနင့်ကို ဖက်ထုပ်မစားဖို့ အပြစ်ပေးမယ်... ဟားဟား..."
သူ့အစ်ကိုကြီးကို ဆန့်ကျင်မိမှာကြောက်သည့်အတွက် တိုးတိုးလေး ပြောလိုက်၏။
" နည်းနည်းတော့ စားလို့ရတယ်..."
လင်းလန် : "စာတွေကို ကူးလိုက်တာ ပိုကောင်းတယ်"
သူမကကလေးတွေကို မည်သည့်အခါမှ အစားအသောက်နှင့်ပတ်သတ်ပြီးချုပ်တည်းမထားစေခဲ့ပေ။ သူမ တစ်ဖက်ခြမ်းက တံမြက်စည်းကိုလှမ်းကြည့်လိုက်သည်။ ၎င်းက တံမြက်စည်းကို တိုက်မိသည့်အသံဖြစ်ပြီး ဘယ်သူကိုမှမထိခိုက်သော်လည်း တံမြက်စည်းအကျိုးမခံနိုင်သဖြင့် သူမပြောလိုက်၏။
"အခုကနေစပြီး မင်းတို့အစ်ကိုကြီးက အိမ်စာတွေကို နှစ်ခေါက်ပြန်လုပ်ရမယ်...ဒါ သူ့မိဘတွေက သူ့ကိုပေးတဲ့အပြစ်ဒဏ်ပဲ"
သူမ ဟန်ချင်စုန့်ကို လှမ်းကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံနှင့်ပင် သူ့မှာကန့်ကွက်စရာမရှိကြောင်းတွေ့သဖြင့်ဆက်ပြောလိုက်သည်။
"မင်းတို့အားလုံး မှတ်ထားကြ... စာမကြိုးစားတဲ့သူက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်..."
ကလေးတွေက ချက်ချင်း လေးနက်စွာဖြင့် သံပြိုင်ဆိုကြ၏။
"သိပါပြီ..."
အဓိပ္ပါယ်မရှိတာ...မျက်နှာမည်းအဖေကဒီမှာရှိနေတာကို ဘယ်သူက လက်မခံဘဲနေရဲမှာလဲ...
အခန်းထဲရှိ တဝမ် ရုတ်တရက် သူ့မျက်လုံးရှေ့ မှာ မှောင်မိုက်သွားပြီး အဖမ်းခံလိုက်ရကာ အလုပ်ကြမ်းစခန်းသို့အပို့ခံရသည့် ခံစားချက်မျိုး သူ့နှလုံးသားအောက်ခြေမှ လွင့်ပျံလာသည်။
ဒီလို မှောင်မိုက်ပြီး သနားစရာကောင်းတဲ့ နေ့ရက်တွေက ဘယ်တော့မှ ကုန်ဆုံးမှာလဲ...
တဝမ်၏ နှလုံးသားက ရှုပ်ထွေးနေသော်လည်း သူ့မျက်နှာကမူ စဥ်းနှီတုန်းအတိုင်း မာကျောနေပြီး အမူအရာမဲ့နေ၏။ လင်းလန် သူ့ကို လှမ်းကြည့်လိုက်ရာ နေရာမှာ ထိုင်ပြီး ရေးခြစ်နေသည်ကိုတွေ့ရသဖြင့် ပြုံးပြီး ဖက်ထုပ်လုပ်နေလိုက်သည်။ထုပ်ပြီးခါနီးတွင် အားဝမ်က သူမီးမွှေး မည်ဟု ပြောလာ၏။။
လင်းလန်က ပြောလိုက်သည်။
"အိမ်စာသွားလုပ်ချေ... မင်းအဖေကိုမွှေးခိုင်းလိုက်"
စန်းဝမ်က ရှောင်ဝမ် ကိုခေါ်ပြီး ပြေးထွက်သွား၏။ ရှောင်ဝမ်က သူ၏ယုန်လေးကို ကိုင်ထားဆဲဖြစ်ပြီး ပြုတ်ကျမှာကြောက်သည့်အတွက် သူ့အနေဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရုံသာရှိလေသည်။ သို့ပေမဲ့ ယုန်လေးကို သေအောင်ထိကား ညှစ်သတ်မပစ်ရဲပါချေ။
သူထွက်လာသောအခါတွင် ဒုတိယမိသားစုမှ ရှောင်ဖူက အပြင်ဘက်တွင် ခေါင်းငိုက်စိုက်ကျနေသည်ကို တွေ့လိုက်ရသည်။
“မင်း ဘာလုပ်နေတာလဲ”
စန်းဝမ်က မေးလိုက်၏။
ရှောင်ဖူက စိတ်ရှုပ်ထွေးစွာဖြင့် လက်ညိုးထိုးကာမေးလာသည်။
"မင်းအသားစားရလား"
စန်းဝမ်: "အေးပေါ့... မင်းက မစားရဘူးလား"
ရှောင်ဖူက ခေါင်းခါပြ၏။
စန်းဝမ်: "ဖက်ထုပ်စားကြမှာ"
ရှောင်ဖူက စားချင်သည့်ဆန္ဒကို ပြသလာသည်။
စန်းဝမ်: "ဒါပေမဲ့ မရဘူး...အဖွားက မင်းတို့ကို
ငါတို့မိသားစုနဲ့ စကားပြောခွင့်မရှိဘူးလို့ပြောထားတယ်... မဟုတ်ရင် မင်းကို ငါကျွေးပါတယ်"
ရှောင်ဖူက ပါးစပ်ကို တင်းတင်းစေ့ပြီး ခြံတံခါးကနေအထဲကို စိတ်အားထက်သန်စွာ ကြည့်လိုက်သော်လည်း *အရိပ်နံရံကိုသာ သူ မြင်လိုက်ရသည်။
(T/N–အရိပ်နံရံဆိုတာက တံခါးဖွင့်ထားရင်တောင် တံခါးကနေအထဲကိုမမြင်ရအောင်
တံခါးအနောက်ဘက်မှာ ဆောက်ထားတဲ့နံရံပါ...)
သူလည်း ဖက်ထုပ်စားချင်၏။
စန်းဝမ်: "မင်း ငါ့မားမာနောက်ကွယ်မှာ ဂျုံပန်ကိတ်ကို ခိုးစားခဲ့တာ မှတ်မိသေးလား... မင်းကလည်း ငါတို့ကို ကန်စွန်းဥနဲ့ ပြောင်းမုန့်တွေ ပေးခဲ့တယ်လေ "
ရှောင်ဖူက ခေါင်းညိတ်သည်။
စန်းဝမ်: "အဲ့ဒါက တကယ်ဆိုးတယ်"
ရှောင်ဖူ : "ဆိုးတယ်ပေါ့ "
စန်းဝမ်က ဝမ်းသာအားရဖြင့်ပြောလိုက်၏။
"အိမ်ရှေ့ စောင့်နေ ငါမင်းအတွက်ယူခဲ့မယ် "
အိမ်ထဲ ပြန်လှည့်ပြေးဝင်ပြီး လင်းလန် မမြင်သည်ကို အခွင့်ကောင်းယူကာ ဖက်ထုပ်အစိမ်းသုံးခု ယူထွက်လာ၏။
ရှောင်ဖူက မြင်ရရန် စိတ်အားထက်သန်နေသည်။
စန်းဝမ်က သူ့ကို ဖက်ထုပ်ကို ပေးပြီးပြောလိုက်သည်။
" ဟေး ငါ့ကို ကပ်စေးနည်းတယ်လို့ မပြောနဲ့... မင်းကိုပေးလိုက်မယ်... ပြန်ယူ ပြီး အဒေါ်ကို ဟင်းချက်တဲ့အခါ ပေါင်းခိုင်းလိုက်"
ရှောင်ဖူက ခေါင်းညိတ်ပြပြီး အမြန်ယူကာ ပြေးထွက်သွား၏။
သူက သူ့ပါးစပ်ထဲကို ဖက်ထုပ်အစိမ်းထည့်လိုက်သည်ကိုကြည့်ပြီး ရှောင်ဝမ်ကမေးသည်။
"အစ်ကို...ဖက်ထုပ်တွေကို အစိမ်းစားလို့ရလား..."
စန်းဝမ်: "မရဘူးပေါ့ကွ... ဖက်ထုပ်အစိမ်းစားလို့မရဘူး... ဝမ်းလျှောလိမ့်မယ်"
ရှောင်ဝမ်က ထွက်ပြေးသွားသည့် ရှောင်ဖူကို လက်ညှိုးထိုးပြပြီးဆို၏။
"သူ..."
စန်းဝမ်က သူ့လက်ပုစိလေးကို ကိုင်ပြီး သက်ပြင်းချကာပြောလိုက်သည်။
"အိမ်ပြန်ကြရအောင်...သူက ဖက်ထုပ်တောင်းဖို့ ပဲ လာတာ... သူက ငါတို့နဲ့ ကစားမှာမဟုတ်ဘူး...သူ ငါတို့နဲ့ကစားတာကို မားမားသိသွားရင် ငါတို့ကိုရိုက်လိမ့်မယ်"
ရှောင်ဝမ်က သူ့အစ်ကိုနှင့်အတူ အိမ်ပြန်သွားခဲ့၏။
ဟန်ချင်စုန့်က မီးမွှေးပြီးနောက် လင်းလန်က စဥ်းနှီတုန်း၊ ဓားနှင့် တူများကို ပြုတ်၍ ဆေးကြောပြီး မကြာမီ ဖက်ထုပ်အတွက် ရေနွေးကျိုလိုက်သည်။
ဖြူဖွေးဖောင်းကားနေသော ဖက်ထုပ်များက ငန်းဖြူကြီးများကဲ့သို့ တန်းစီ၍ ရေထဲသို့ ခုန်ဆင်းသွားကြပြီး လှိုင်းလုံးများတဗွမ်းဗွမ်းထကာ ရနံ့များ ဖြန့်ကျက်လာ၏။
စန်းဝမ်က ရှောင်ဝမ်ကို သီချင်းဆိုနည်းကို စသင်ပေးခဲ့သည်။
"ဖက်ထုပ်အကြီးကြီး... ဖြူတယ် ဖြူတယ်... တစ်ဖက်တည့်တည့်မှာ...ရေကူးတတ်တယ်... အသားကြိုက်တယ် အသားကြိုက်တယ်... ခုန်ခုန် အရမ်းချစ်စရာကောင်းတယ်"
သီချင်းကဆိုရတာ ဆိုးလိုက်တာ...
ရှောင်ဝမ်ကလည်း အတူတူဆိုနေ၏။
အရမ်းကောင်းတယ်...
Xxxxxxx