Part 269
ထို့အပြင် လင်းလန် သူကတဝမ်၏ရန်ပွဲကို ကျေနပ်နိုင်လိမ့်မည်ဟု မထင်ဘဲ ပြဿနာများကို လက်သီးများဖြင့် ဖြေရှင်းနိုင်မည်ဟု တွေးမှာစိုးရသည့်အတွက် ဆုလာဘ်များနှင့် ပြစ်ဒဏ်များကို ခွဲခြားထားသင့်သည်။
သူမ ဟန်ချင်စုန့်နှင့် ဆွေးနွေးပြီး ကလေးကို တရုတ်ဆီးသီးချိုချိုများနှင့် တုတ်ကြီးတစ်ချောင်းပေးခဲ့ကာ ဟန်ချင်စုန့်ကလည်း ထုံးစံအတိုင်း သူမစကားကို နားထောင်ခဲ့၏။
သူ ဗီလိန်အဖြစ်တာဝန်ယူပြီး တင်းမာသောမျက်နှာဖြင့်ပြောလေသည်။
"မင်းတို့ကိုဘာပြောထားလဲ... ကိစ္စတွေကို အရင်စကားနဲ့ပြော... တိုက်ရိုက်မလုပ်နဲ့... ရန်ပွဲတွေက ပဋိပက္ခကို ပြင်းထန်လာရုံတင်မကဘူး ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ပြောခဲ့တယ်လေ"
ဟန်ချင်စုန့်မှာ မျက်နှာထားတင်းမာမနေချိန်တွင်ပင် စူးရှသောမျက်လုံးများနှင့် ဘာကိုမှစိတ်မဝင်စားသည့်မျက်နှာရှိလေရာ တမင်တကာ မျက်နှာတင်းတင်းလုပ်ထားသည့်အခါ ကလေးများ ဘာသံမှမထွက်ရဲကြပေ။
တဝမ်က လက်မခံသော်လည်း ပညာရှိစွာဖြင့် ပြန်မပြောပေ။
ဟန်ချင်စုန့်: "မင်းကို အပြစ်ပေးမယ်....."
တဝမ် စိတ်တွေ လှုပ်ရှားလာပေမဲ့ သူ့မှာ အချိန်ကောင်းရထားပြီး အရိုက်ခံရသည်က လည်း လုံလောက်၏။ နာကျင်နေသော်လည်း ဘာအကျိုးသက်ရောက်မှုမှမရှိပါချေ။စာတွေ ကူးရေးစရမည်သို့မဟုတ် တခြားတစ်ခုခုကမှ ကြောက်စရာကောင်းလွန်းပေလိမ့်မည်။
ဟန်ချင်စုန့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တင်းမာသည့်အမူအရာကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း နဖူးကနေ ချွေးတွေ စီးကျနေသည်ကို တွေ့လိုက်ရသောအခါ သူကပြောလိုက်၏။
"မနက်ခင်း နှစ်ပတ် ထပ်ပြေးဖို့ အပြစ်ဒဏ်အပေးခံရမယ်"
ကြီးလေးသည့်ကိစ္စတွေကလွဲ၍ ဟန်ချင်စုန့် ဘာမှလုပ်မှာမဟုတ်ပေ။
ယခု တဝမ်က ရွာတစ်ဝိုက်တွင်ပတ်ကာ နံနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်နေဆဲဖြစ် သည်။ယခင်က နံနက်တိုင်း နှစ်ပတ်ပြေးခဲ့ပြီး ယခုတွင် နှစ်ပတ်ပိုလာပြီဖြစ်သည်။
တဝမ်က အံကြိတ်ကာ သည်းခံလိုက်၏။
လင်းလန်က ကြင်နာတတ်သည့် အမေအိုတစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ထွက်လာခဲ့သည်။ သူမ မျက်လုံးလွှာချကာတိုးတိုးလေးပြောလိုက်၏။
"ရန်ဖြစ်တာက မမှန်ဘူးလေ... မင်းရဲ့မိဘတွေက မင်းကို ရန်ဖြစ်ဖို့အားမပေးဘူး... တစ်ဖက်သားက လုံခြုံရေးကို အကျိုးအကြောင်းမဆီလျော်ဘဲ ခြိမ်းခြောက်နေမှပဲ... တရား၀င်ပြန်တိုက်ခိုက်ရမယ်...ဒါပေါ့ ညီအစ်ကိုအချင်းချင်း မးကာကွယ်ရမှာပေါ့... ဒါကို ညီအစ်ကို အချင်းချင်းလေးစားမှုလို့ခေါ်ပြီး ချီးကျူးထိုက်တယ်...အဲဒါကြောင့် မင်းအဖေနဲ့ ငါ ဆွေးနွေးခဲ့တယ်...မနက်ဖြန် မင်းကျောင်းပိတ်ရက်ဆိုတော့ ငါတို့ မင်းတို့ကို ခရိုင်မြို့တစ်ရက် ခေါ်သွားမယ်"
အားလပ်သည့်အချိန်များတွင် ကျောင်းက အလုပ်သွားစရာမလိုသော်လည်း အတန်းလည်းမရှိသောကြောင့် ဟန်ချင်းဖျင်က သူတို့ကို တစ်ပတ်လျှင် တစ်ရက်အားလပ်ရက်ပေးထားသည်။
"ဝိုး... တကယ်လားးးး..."
ကလေးတွေက သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။
ခရိုင်မြို့ကို တစ်ရက်သွားရမယ်...
ဘယ်တော့မှ ကောင်းကောင်းမတွေးရဲခဲ့ဖူးဘူး...
လင်းလန်က ပြုံးပြီးပြောသည်။
"ဟုတ်တယ်... မိဘတွေက မင်းတို့ကို ဘယ်တော့မှ မလှည့်စားဘူး"
စန်းဝမ်က တဝမ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်၍ ဆို၏။
"အစ်ကိုကြီး... အကုန်လုံး အစ်ကိုကြီးကိုကျေးဇူးတင်ရမှာပဲ..."
အားဝမ်နှင့်မိုင်စွေ့ကလည်း နောက်ကနေတပြိုင်တည်းလိုက်ပြောကြသည်။
" ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."
ရှောင်ဝမ်က ခရိုင်ကိုသွားလည်ရသည့် ပျော်ရွှင်မှုကို နားမလည်နိုင်သေးသော်လည်း အစ်ကိုဖြစ်သူက သူ့အတွက် ရန်ဖြစ်ခဲ့သောအခါတွင် သူ အလွန်ပျော်နေခဲ့၏။ သူကထပြီး လင်းလန်ကို ပွေ့ဖက်ထားသလိုမျိုး အစ်ကိုဖြစ်သူ၏ ခြေထောက်ကို ပွေ့ဖက်ထားလိုက်သည်။
တဝမ်က တင်းမာသောမျက်နှာရှိနေမြဲဖြစ် သော်လည်း၊ အနည်းငယ်နီမြန်းနေသော ပါးနှင့် ပါးစပ်ထောင့်စွန်းများက ယခုအချိန်ရှိ သူ၏စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ပြသနေသည်။
ယခင်က ခရိုင်ကို အကြိမ်များစွာ ရောက်ဖူးပေမဲ့ ဤတစ်ကြိမ်က သူ့မိဘတွေ၏ဆုလာဘ်ပါပင်။
မတူဘူးးးး...
တဝမ်က မှုန်ကုပ်ကုပ်ပုံစံနှင့်ပင် လှည့်ထွက်သွား၏။
လင်းလန်: "မှောင်လာပြီ...ထမင်းစားချင်လား... ဘယ်သွားမလို့လဲ"
တဝမ်က အပြင်ရှိ အမှောင်ထုကိုလျစ်လျူရှုကာ ပြေးထွက်သွားပြီး စန်းဝမ်က သူ့နောက်ကနေ အလျင်အမြန်လိုက်သွားလေသည်။
"အစ်ကိုကြီး ဘယ်သွားမှာလဲ"
တဝမ်က မြေကြီးပေါ်ကနေ ရုတ်တရက် ထခုန်လိုက်ပြီး ရှေ့ကို ငုံ့ကာ ရှေ့ကို တခဏချင်း ရှေ့ကျွမ်းပစ်လိုက်၏။
"ဝိုးးးး..."
စန်းဝမ် အံသြသွားပြီး အတန်ကြာမှပြန်အသိဝင်လာကာ အားကြိုးမာန်တက်လက်ခုပ် ဩဘာပေးလိုက်သည်။
"အစ်ကိုကြီး...အစ်ကိုကြီးက မိုက်လိုက်တာ..."
ဒီအကွက်က အရမ်းမိုက်တယ်...
တဝမ်က လက်သီး ဆုပ်ကာ ဝှေ့ယမ်းလိုက်၏။
သူ ယခင်က ရှေ့ကျွမ်း၊နောက်ကျွမ်းပစ်ခြင်းများကို အပြန်ပြန်အလှန်လှန် လေ့ကျင့်ခဲ့သော်လည်း ခွန်အားကို မကျွမ်းကျင်ဘဲ အကြိမ်ပေါင်းများစွာလဲကျခဲ့သည်။ ယနေ့တွင် ရုတ်တရက် ချောချောမောမော ကျွမ်းပစ်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
ပြီးပြည့်စုံတယ်...ဟုတ်ပြီကွ...
သူက သူ့ဘေးနားရှိခေါင်းစွပ်ဦးထုပ်လေးကို လှမ်းကြည့်လိုက်သော်လည်း မှောင်နေသဖြင့် အခြားလူတွေ မမြင်လိုက်ရသည်ကား သနားစရာပင်။
သို့ပေမဲ့ အရေးမကြီးပါချေ။သူသိပြီးပြီဖြစ်သဖြင့် ပြရန် အခွင့်အရေးတွေအများကြီးရှိပါ၏။
ဒုတိယနေ့တွင် ဟန်ချင်စုန့်က သူ့ကတိကို ဖြည့်ဆည်းပေးပြီး ဇနီးနှင့် သားသမီးများကို ခရိုင်မြို့သို့ အလည်အပတ် ခေါ်သွားခဲ့သည်။
ကလေးတွေက မနေ့ညနေကတည်းက စပြီး စိတ်လှုပ်ရှားနေကြ၏။
မိုင်စွေ့က သူမ၏ ပဝါနှင့် ပိတ်ကျဲစကို အချိန်အတော်ကြာ ပွတ်သပ်နေခဲ့ပြီး နောက်ဆုံးတွင် ကြည့်ကောင်းသည့် ပိတ်ကျဲစကိုသာ ဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။
လင်းလန်က သူမကိုဖြောင့်ဖြလိုက်၏။
“ပဝါအပြင်မှာ ပိတ်ကျဲပဝါကို ပတ်ထားရင် လှတယ်လေ...မဟုတ်ရင်အေးလွန်းလို့ စက်ဘီးစီးတာနဲ့ နားရွက်တွေ အေးခဲသွားလိမ့်မယ်”
မိုင်စွေ့ နောက်ဆုံး သူမမားမား၏စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့ မနက်စောစော အိပ်ယာထသည့်အခါ ချမ်းအေးသည့်လေက အရိုးခိုက်အောင် အေးစိမ့်နေပြီး လတ်ဆတ်ပြီးရေခဲတမျှ အေးစက်နေသောလေကို ရူသွင်းရသည်မှာ လန်းဆန်းသွားစေ၏။
ကလေးတွေက ဝမ်းသာအားရ အော်ဟစ်နေကြသည်။
လင်းလန်က ကလေးတွေကို ထမင်းချက်ခိုင်းနေစဥ်မှာ ဟန်ချင်စုန့်က စက်ဘီးတွေကို စစ်ဆေးနေ၏။ တစ်စီးတည်းနှင့် မလုံလောက်ပါချေ။သူ မနေ့ညက ဟန်ချင်းယွမ်၏ စက်ဘီးကိုလည်း ငှားခဲ့သည်။
မနက်စာ အလျင်အမြန်စားပြီးနောက် လင်းလန်က ကလေးများ ကျောပိုးရန် စစ်ရေနွေးအိုးကို ထုပ်ပိုးကာ ဂျုံပန်ကိတ်နှင့်အသီးအရွက်ချဥ် ထမင်းဘူးနှစ်ဗူးကိုပါ ထုပ်ပိုးထားသောကြောင့် ဗိုက်ဆာသူတိုင်း စားနိုင်မည်ဖြစ်၏။
အပြင်ထွက်ခါနီးမှာ ဟန်ကျင်းယုက ပြေးလာသည်။
သူတို့မိသားစုက စက်ဘီးတွန်းထုတ်သည်ကိုမြင်သောအခါ သူမက ခဏလောက် အေးခဲသွားပြီး မပျော်မရွှင်ဆို၏။
"အပြင်ထွက်မလို့လား"
ဟန်ချင်စုန့်က အင်းဟုအသံပြုပြီး စက်ဘီးကို တွန်းသွားလေသည်။ မူလက ဟန်ချင်စုန့်သည် စန်းဝမ်ကိုရှေ့မှာထိုင်ခိုင်းပြီး လင်းလန်က ရှောင်၀မ်ကို ပွေ့၍ သူ့နောက်မှာ ထိုင်ခိုင်းစေချင်ခဲ့သည်။
xxxxxx
Part 270
သို့သော် လင်းလန်က မွေးချင်းအငယ် နှစ်ယောက်ကို တဝမ်ကမနိုင်မည် စိုးရိမ်သဖြင့် သူမက နှစ်ယောက်ကို စက်ဘီးဖြင့် တင်နင်းရန် တာဝန်ယူခဲ့ပြီး ဟန်ချင်စုန့်က သုံးယောက်ကိုတင်ရမည်ဖြစ်သည်။
ဟန်ကျင်းယုက လင်းလန်ဆီသွားပြီးမေး၏။
"ဘယ်သွားမလို့လဲ"
လေသံက မကျေနပ်မှုတွေအပြည့်နှင့်ဖြစ်နေသည်။
လင်းလန် : "ခရိုင်မြို့...နောက်မှပြောရအောင်"
"ငါစက်ဘီးသုံးချင်တယ်..."
ဟန်ကျင်းယုက ဒေါသအလွန်ထွက်နေပြီး
"ငါလည်း ခရိုင်ကိုသွားစရာရှိတယ်...ဘာလို့ နင်တို့က လူတွေအများကြီးသွားနေရတာလဲ...ငါ့ကို စက်ဘီးတစ်စီးပေး..."
သူမ မည်မျှ ဗိုလ်ကျနေသည် မြင်လိုက်ရသောအခါ သူမက အတိတ်မှာပဲ ရှင်သန်နေဆဲဖြစ်ကြောင်းသိလိုက်ရသည်။
အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူမဘာလို့များမသိရတာလဲ...
လင်းလန်က ဖြောင့်ဖြန်ရန် အလုပ်ရှုပ်ခံမနေပေ။
“စိတ်မကောင်းပါဘူး ... ငါတို့ ခုနစ်ယောက်က နင်ကို ခေါ်မသွားနိုင်ဘူး”
သူမ ခုနစ်ယောက်နှင့်ပင် စက်ဘီးနှစ်စီးက ပြည့်လျှံနေသောကြောင် သူမကို ခေါ်သွားရန် မဖြစ်နိုင်ပေ။ ထို့အပြင် ခေါ်နိုင်လျှင်ပင် လင်းလန်ကမခေါ်ချင်ပါချေ။မြင်ရသည်နှင့်ပင် စိတ်ရှုပ်စရာကောင်း၏။
အတိက်ရန်ငြိုးတွေက လေနဲ့လွင့်ပါသွားလိမ့်မယ်များထင်နေလား...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
လင်းလန် သူမ၏အာဃာတများအားလုံးကို မှတ်မိသည်။ သူမက ရန်ငြိုးထားသည့်နေရာမှာတော်၏။
ဟန်ကျင်းယု စိတ်ဆိုးသွားပြီး မိုင်စွေ့၏ ပဝါလှလှလေးကို လှမ်းကိုင်လိုက်ပြီးပြောလေသည်။
"ဒါကို ငါ့အတွက် ထုတ်ပေး"
မိုင်စွေ့က ပြန်ဆွဲယူလိုက်ပြီး
"ဘာလို့လဲ...သမီးမိဘတွေက သမီးအတွက် ဝယ်ပေးထားတာ"
သူမကချက်ချန်း ဟန်ချင်စုန့်၏ရှေ့ရှိ ဘားတန်းပေါ်မှာပြေးထိုင်လိုက်၏။
ဟန်ချင်စုန့်က ကလေးနှစ်ယောက်ကိုမနိုင်ပါက လဲသွားမည်ကို စိုးရိမ်သဖြင့် လင်းလန်ကို ဆင်းရန် အချက်ပြခဲ့ပြီး တဝမ်ကို အချိန်မရွေး ထိပ်ကိုတက်ခိုင်းရန် အသင့်ဖြစ်နေလေသည်။
လင်းလန်က သူ့ကို ရွှတ်နောက်နောက်လေး ပြုံးပြလိုက်၏။
ကျွန်မကို အထင်သေးတယ်ပေါ့လေ...
စက်ဘီးလေးပဲဟာကို...
အဆုံးမှာမူ သူမ အနှီ28စက်ဘီး၏ စွမ်းအားကို လျှော့တွက်မိခဲ့သည်။ အရှေ့မှာစန်းဝမ်ရှိပြီး အနောက်မှာ အားဝမ်ထိုင်၏။ ယင်းက တကယ်ကို... အနည်းငယ် ထိန်းချုပ်ရခက်သည်။(28ဘီးဆိုတာက ရှေ့မှာဘားတန်းနဲ့ ယောကျာ်းစီးဘီးအမြင့်)
“သွားကြစို့”
ကလေးတွေက ကြွေးကြော်လိုက်သဖြင့် အနီးနားက ကလေးတွေက ထွက်လာကြည့်ကုန်ကြ၏။သူတို့က အားကျစွာကြည့်နေကြရင်း ခရိုင်မြို့ကို သွားကစားမည်ဟုပြောကြလေရာ သူတို့ မိဘတွေ၏ စိုက်ကြည့်ခြင်းနှင့် ဆူပူကြိမ်းမောင်းခြင်းကို မလွဲမသွေ ခံခဲ့ကြရသည်။
ဟန်ကျင်းယုက ဒေါသတကြီးဖြင့် ခြေဆောင့်ကာ မကျေနပ်မှုကြောင့် မျက်လုံးများ နီရဲလာပြီး အော်ပြောလေ၏။
"ငါလည်း ခရိုင်ကိုလည်း သွားမှာလို့..."
လင်းလန်တို့မိသားစု ခုနစ်ယောက် လမ်းမပေါ်တွင် စက်ဘီးစီးနေသောနေရာက သဘာဝပသာဒနေရာလေး ဖြစ်နေသည်။ရှေ့ကကလေးများက ခေါင်းလောင်းတီးရန် တာဝန်ယူထားကြ၏။ ခေါင်းလောင်းသံများအပြင် သီချင်းဆိုသံ၊မြူးထူးသံများကလည်း ဝါဒဖြန့်ရေးအဖွဲ့ အပြင်ထွက်သည့်အတိုင်း အသက်ဝင်နေသည်။
လင်းလန်က မိုင်စွေ့နှင့်အားဝမ်ကိုသတိပေးလိုက်၏။
“ရှေ့ကလူ ပါးစပ်ကိုပိတ်ထား...လေစိမ်းဝင်ပြီးဗိုက်နာလိမ့်မယ်”
စန်းဝမ်း သူ့ပါးစပ်နှင့် လက်နှစ်ဖက်ကိုဖွင့်ပြီး လေ တိုက်ခံချင်နေသဖြင့် လင်းလန်က ဒူးနှင့် သူ့ဖင်ကိုတိုက်ပြီး ကောင်းကောင်းနေရန်ပြောလိုက်သည်။
အောက်တိုဘာလတွင် မြောက်လေ တိုက်ခတ်လာသဖြင့် ပေါ့ပလာပင်နှင့် ကျိုင်းပင်တို့၏ အရွက်များသည် မိုးကဲ့သို့ ကြွေကျနေ၏။ လယ်ကွင်းများတွင် ကောက်ပဲသီးနှံများ မရှိတော့သည့်အတွက် အတားအဆီးမရှိသော ကောင်းကင်ပြာပြာကြီးက ပေါ်လွင်နေပြီး လူများကို အထူးတလည်ပျော်ရွှင်စေသည်။
သူမတို့မိသားစုက စကားပြောလိုက် ရယ်လိုက်လုပ်နေကြ၏။
လင်းလန် ပင်ပန်းနေသဖြင့် ဟန်ချင်စုန့်က တဝမ် ကို အစားထိုးခိုင်းသည်။
တဝမ်က အတော်လေး ပျော်သွား၏။ သူ့အဖေနောက်မှာ ထိုင်ရသည်က အဆင်မပြေပေ။
ရှောင်ဝမ်ကိုသာ ပွေ့ထားစရာမလိုရင် နောက်ကနေပဲ ပြေးလိုက်ပစ်မှာ...
တဝမ်က လင်းလန်နှင့် လူလဲခဲ့ပြီး သူစက်ဘီးပေါ်တက်သည်နှင့် စက်ဘီးက ချက်ချင်း ခုန်သွားတော့သည်။
စက်ဘီးက မြင့်ပြီး သူ့ ခြေထောက်များက လုံလောက်အောင် မရှည်သောကြောင့် မလွဲမသွေ ကွေ့ရမည့် စက်ဘီးနင်းသည့်အခါ မတ်တပ်ရပ်ရန် လိုအပ်လေ၏။
သူကနင်းသည်က မြန်လွန်း၍ အားဝမ် အတော်လေး ထိတ်လန့်သွားသောကြောင့် ထိုင်ခုံကို ကိုင်ထားရင်းပြောလိုက်ရသည်။
"အစ်ကို... အရှိန်လျှော့...အရှိန်လျှော့..."
သို့ရာတွင် စန်းဝမ်က အော်ဟစ်လိုက်၏။
"အစ်ကိုကြီး... မြန်မြန်... သူတို့တွေကို ကျော်တက်..."
မိုင်စွေ့ကလည်း စိတ်လှုပ်ရှားနေပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"အဖေ...အစ်ကိုကြီးကို ဂုဏ်ယူမခံနဲ့..."
အဆုံး၌ကား တဝမ်က သူ့စက်ဘီးကို လိမ်ဖယ်လိမ်ဖယ်နင်းကာ ဟန်ချင်စုန့်နှင့် ဘယ်သူက ပိုမြန်သလဲဆိုသည်ကို ပြိုင်ပါတော့၏။
လင်းလန်က ဟန်ချင်စုန့်၏အဝတ်အစားများကို ဆွဲကာ အရှိန်လျှော့ပြီး ကလေးကို အနိုင်ပေးရန်အချက်ပြလိုက်သည်။
တဝမ်က ရှေ့ကိုထိုးထက်သွားပြီး တယောက်ပြီး တယောက် အားပေးနေကြသည်ကို တွေ့ရသောအခါ လင်းလန်လည်း အတော်လေး ပျော်သွား၏။ကလေးတွေက ဤမြင်ကွင်းကို သူတို့တစ်သက်တာလုံမှတ်မိနေကြပေလိမ့်မည်။
ခရိုင်မြို့လေးကိုရောက်သည့်အခါ စောနေသေးသဖြင့် ကလေးတွေက ဘယ်သွားမလဲ ငြင်းကြခုံကြ၏။ မိုင်စွေ့ နှင့်အားဝမ်က စာအုပ်ဆိုင်ကို သွားချင်ပေမဲ့ တဝမ်က စာအုပ်ဆိုင်က ပျင်းစရာအကောင်းဆုံးနေရာဟုပြောသဖြင့် သူတို့ ပြဇာတ်ရုံ၊ သမဝါယမများနှင့် စက်ရုံများသို့သွားရတော့သည်။
နောက်ဆုံးတွင် သူတို့ နှုတ်ဆက်ပြီး လမ်းခွဲသွားဖို့ဆုံးဖြတ်လိုက်၏
လင်းလန်က ခဏလောက်စဉ်းစားပြီး သူတို့ကိုထိန်းချုပ်တော့ဘဲ ယွမ်နှစ်ယွမ်ကို ထုတ်ကာ တဝမ်ကို ပေးလိုက်သည်။
"ဒါက မင်းနဲ့ စန်းဝမ်အတွက်ပဲ... "
အနောက်ကောင်းကင်ယံ၏အလယ်မှာ နေရောက်ရှိချိန်တွင် ရုပ်ရှင်နှင့် ပြဇာတ်ရုံအဝင်ဝမှာ စုဝေးရန်လည်း သဘောတူခဲ့ကြ၏။
တဝမ်က ခေါင်းညိတ်ပြပြီး သူ့အိတ်ကပ်ထဲ ပိုက်ဆံထည့်ကာ စန်းဝမ်ကို ခေါ်ပြီးပျော်စရာသွားရှာတော့သည်။
မျက်နှာမည်းအဖေ ထွက်သွားပြီးနောက် လှိုင်းလုံးတွေမဆိုထားနှင့် ၊ နေရာတိုင်းမှာ လွတ်လပ်မှုရှိ၏။
ထောင့်တစ်နေရာကိုဖြတ်သွားပြီးနောက် တဝမ်က သူ့ညီကို ဘေးခေါ်ပြီးပြောလိုက်သည်။
"ငါ မင်းကစားဖို့နေရာရှာလိုက်မယ်... ငါခေါ်ရင် အတူတူပြန်လာမယ်ဟုတ်ပြီလား... "
စန်းဝမ် အံ့အားသင့်သွားပြီး ပြောလိုက်၏။
"အစ်ကိုကြီး...ကျွန်တော့်ကို မခေါ်ဘူးလား"
တဝမ်: "ငါ့မှာ လုပ်စရာရှိတယ်"
"ကျွန်တော် လိုက်ချင်တယ်လို့... "
စန်းဝမ်က ချက်ချင်းဆိုသလို သူ့အဝတ်အစားတွေကို ဆွဲကိုင်လိုက်သည်။
တဝမ် : "ငါ မင်းကို သကြားလုံးဝယ်ကျွေးမယ် "
စန်းဝမ်: "အစ်ကိုကြီးမှာ လက်မှတ်မရှိဘူးလေ " သကြားလုံးဝယ်ဖို့ အစားအသောက်လက်မှတ်တွေ လိုအပ်တယ်ဆိုတာ သူမသိဘူးလို့ မထင်လိုက်ပါနဲ့...
တဝမ်က "လာ" ဟုဆောင့်ပြောလိုက်ပြီး စန်းဝမ်ကို လမ်းကြားတစ်ခုသို့ ခေါ်သွားခဲ့၏။
Xxxxx,