Chapter 3
Viewers 83

Chapter 3


မနေ့ညကတင် သူဖတ်ပြီးသွားခဲ့သည့် စာအုပ်ထဲက ပထမတန်းစား ဇာတ်ပို့မင်းသား၊ သူအနှစ်သက်ဆုံး အမျိုးသားပဲ! ဒါဆို သူက တကယ်ပဲ စာအုပ်ထဲကို ဝိညာဉ်ကူးပြောင်း ရောက်ရှိလာတာပေါ့?

သူသည် စာအုပ်ပါ အကြောင်းအရာများကို အစွမ်းကုန် ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုစာအုပ်ကို မနေ့ကမှ ဖတ်ထားခဲ့ခြင်းဖြစ်၍ တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက ဤကဲ့သို့ ယုတ်မာလှသည့် အဓိကဇာတ်လိုက်နှင့် သူအမြတ်နိုးဆုံး ဇာတ်ပို့မင်းသားကို သေအောင် ရေးသားထားသည့် ဇာတ်လမ်းမျိုးကို သူ သေချာပေါက် စိတ်ထဲမှ ဖျက်ထုတ်ပစ်မိမှာ အသေအချာပင်။

ပြောရလျှင် ရှောင်ကျန်းရှို့သည် ချီယွီရွှမ်း၏ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်စဉ်က စစ်ဘက်ဆရာဝန်တစ်ဦးကို ကယ်တင်ခဲ့ဖူးကြောင်းနှင့် ထိုစဉ်က အအေးမိဝေဒနာ အနည်းငယ် ခံစားခဲ့ရကြောင်း ပါရှိသည်။ ထိုအချိန်တွင် ရှောင်ကျန်းရှို့က သူ့အတွက် အအေးမိပျောက်ဆေးရည်တစ်ခွက် ယူဆောင်လာပေးခဲ့ရာ ၎င်းကပင် သူ့ကို အနည်းငယ် ရင်ခုန်လှုပ်ရှားသွားစေခဲ့ခြင်း ဖြစ်သည်။

"မဖြစ်ဘူး!"

ရှူကျစ်ယွီသည် အခန်းထဲမှ ရုတ်တရက် ဝုန်းကနဲ ထရပ်လိုက်သည်။ ထိုအခါ ခေါင်းထဲတွင် ရုတ်ချည်း မူးဝေသွားပြီး လဲကျလုနီးပါး ဖြစ်သွား၏။ သူသည် သွားကို တင်းတင်းကြုတ်ကာ ခေါင်းကို အားရပါးရ ခါယမ်းလိုက်ပြီး စိတ်ကို ပြန်လည်ကြည်လင်အောင် ကြိုးစားလိုက်သည်။ ချီယွီရွှမ်း၏ မျက်နှာသာပေးမှုကို ရှောင်ကျန်းရှို့အား လုံးဝအပိုင်ပေး၍ မဖြစ်ချေ။ ဤမျှ ကောင်းမြတ်လှသည့် အမျိုးသားတစ်ဦးကို ရှောင်ကျန်းရှို့အား လက်လွှတ်ပေးလိုက်ရမည်ဆိုသည်မှာ အလွန်ပင် နှမြောစရာကောင်းလှသည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် ထိုအမျိုးသားကို အချစ်တွေ ပေးဆပ်ရတော့မည်!

သူ မှတ်မိသလောက်ဆိုလျှင် မနေ့ညကပင် ထိုအမျိုးသားကို ကြင်နာယုယပေးချင်ကြောင်း သူ တတွတ်တွတ် ရေရွတ်နေခဲ့သေးသည်။ ပြောရလျှင်... ဤမျှ ကောင်းမြတ်သော အမျိုးသားတစ်ဦး အနှိပ်စက်ခံနေရသည်ကို ဘုရားသခင်ကပင် မကြည့်ရက်နိုင်တော့သဖြင့် ချီယွီရွှမ်းနှင့် ဖူးစာဆုံစေရန် သူ့ကို အထူးပင် ဖန်တီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယခင်က ဤသူသည် စာအုပ်ထဲမှ ဇာတ်ကောင်တစ်ဦးမျှသာ ဖြစ်သဖြင့် ရှူကျစ်ယွီအနေဖြင့် မည်မျှပင် သဘောကျခဲ့ပါစေ၊ ဝတ္ထုထဲမှလူကို ချစ်မိရန်မှာ မဖြစ်နိုင်ခဲ့ပေ။ သို့သော် ယခုမူ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီ။ သူသည် ဤဝတ္ထုကမ္ဘာထဲသို့ တကယ်တမ်း ရောက်ရှိလာပြီဖြစ်ရာ ချီယွီရွှမ်းသည် စာအုပ်ထဲမှ သနားစရာ ဇာတ်ပို့တစ်ဦး မဟုတ်တော့ဘဲ အသွေးအသား၊ အသက်ဝိညာဉ်တို့ဖြင့် တည်ရှိနေသော လူသားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ ရှူကျစ်ယွီက သူ့ကို သဘောကျမိပြီဖြစ်ရာ မူလကံကြမ္မာလမ်းကြောင်းအတိုင်း အဆုံးသတ်သွားရန် သူ လုံးဝခွင့်မပြုနိုင်တော့ပေ။

စိတ်ကူးယဉ်နေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။

ယခုမူ ရှူကျစ်ယွီသည် ပန်းတိုင်ကို ပြတ်ပြတ်သားသား သတ်မှတ်ပြီးပြီ ဖြစ်ရာ စတင်လှုပ်ရှားရတော့မည်။ ပထမဆုံး လုပ်ရမည့်အရာမှာ ချီယွီရွှမ်းနှင့် ထို ရှောင်ကျန်းရှို့ တို့အကြား ဆက်သွယ်မှုမှန်သမျှကို အမြစ်ပြတ်ဖြတ်တောက်ရန်ပင်။ ကျွန်တော့်ရဲ့ "ရှောက်ရွှမ်းရွှမ်း" ဆီက မျက်နှာသာရဖို့ ကြိုးစားချင်တာလား? ကျွန်တော့်သဘောတူညီချက် ရမရဆိုတာပေါ်မှာပဲ မူတည်တယ်နော်!

သူသည် ကုတင်ပေါ်မှ ထရပ်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်သည်။ ဤကမ္ဘာမှ ရှူကျစ်ယွီသည် စိတ်ဓာတ်ပျော့ညံ့ရုံသာမကဘဲ ခန္ဓာကိုယ်ကပါ အားနည်းလွန်းနေသဖြင့် သူ တော်တော်လေး စိတ်ပျက်မိသွားသည်။

သူသည် ခန္ဓာကိုယ်ကို အနိုင်နိုင် လှုပ်ရှားလိုက်ပြီးနောက် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်ရန်ကိုပါ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့ နုနယ်လှသော ခန္ဓာကိုယ်ဖြင့်ဆိုလျှင် "ရှောက်ရွှမ်းရွှမ်း" ကို သိမ်းပိုက်ဖို့ နေနေသာသာ၊ နောက်ထပ် အနှစ် ၂၀ အသက်ရှည်ရှည် နေနိုင်ပါ့မလားဆိုသည်မှာပင် မေးခွန်းထုတ်စရာ။ သူသည် "ရှောက်ရွှမ်းရွှမ်း" နှင့်အတူ အိုအောင်မင်းအောင် ပေါင်းသင်းသွားရန် ရည်ရွယ်ထားရာ "ရှောက်ရွှမ်းရွှမ်း" ကို လမ်းခုလတ်တွင် မုဆိုးဖိုဘဝဖြင့် တစ်ယောက်တည်း ကျန်ရစ်စေမည့်အဖြစ်မျိုးကိုမူ သူ လုံးဝ အဖြစ်မခံနိုင်ပါ။

မြေပြင်ပေါ်တွင် အခေါက်အနည်းငယ် လမ်းလျှောက်လိုက်ပြီးနောက် ခေါင်းမူးဝေမှုမှာ အနည်းငယ် သက်သာသွားရာ ရှူကျစ်ယွီသည် ဆေးစပ်ခန်းသို့ အမြန်သွားလိုက်သည်။ သူသည် ခေတ်သစ်တွင် တရုတ်တိုင်းရင်းဆေးပညာကို လေ့လာခဲ့သူဖြစ်ရာ ထိုဆေးမြစ်ဆေးပင်များနှင့် မစိမ်းလှပေ။ ဆေးသေတ္တာထဲမှ ဆေးမြစ်အချို့ကို ရွေးချယ်လိုက်ပြီးနောက် အအေးမိပျောက်ဆေးရည်အတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များကို ချက်ချင်းပင် ရှာတွေ့သွားတော့သည်။

"ကျစ်ယွီ... မင်း ဘာလို့ ထလာတာလဲ?" ဆေးလာယူသည့် သမားတော်လျှို သည် ဆေးအိုးကို ငေးကြည့်နေသော ရှူကျစ်ယွီကို မြင်သောအခါ အံ့အားသင့်စွာ မေးလိုက်သည်။

"အာ... သမားတော်လျှို ၊ ကျွန်တော် အခု နေကောင်းသွားပါပြီ။" ရှူကျစ်ယွီက ပြုံး၍ ပြန်ပြောလိုက်သည်။ သူ၏ ချောမောသော မျက်နှာထက်တွင် ယခင်ကကဲ့သို့ စိတ်ညစ်ညူးနေသည့် အရိပ်အယောင်များ လုံးဝမရှိတော့ချေ။

သမားတော်လျှို သည် ရှူကျစ်ယွီကို အံ့သြတကြီး ငေးကြည့်နေမိသည်။ မနက်ပိုင်းကတင် မြစ်ထဲသို့ အသက်စွန့်ခုန်ချခဲ့သော သူသည် အပြင်းဖျားနေရာမှ နိုးလာသည့်အခါ ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည်သက်သာလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ အင်း... လူငယ်တွေရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းကပဲ ကောင်းတာလားပေါ့။

ယခင်က ရှူကျစ်ယွီမှာ နေ့စဉ်ရက်ဆက် စကားနည်းပြီး ပျင်းစရာကောင်းသည့် "ဘူးသီးငုံ" တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သော်လည်း သမားတော်လျှို မှာ ဝါရင့်သူတစ်ဦးဖြစ်ရာ သူ၏ မူမမှန်သော အပြုအမူများကို ရိပ်မိပြီးသားဖြစ်သည်။ သံယောဇဉ်ရေးရာ ကိစ္စများတွင် သမားတော်လျှို အနေဖြင့် ဘာမှမတတ်နိုင်သော်လည်း သူက အနည်းငယ် ဖျောင်းဖျခဲ့သေးသည်။ သို့သော် ထိုစဉ်က ရှူကျစ်ယွီမှာ ကိုယ့်ကိုယ်ကိုယ် သနားသည့် စိတ်အိုင်ထဲတွင်သာ နစ်မွန်းနေခဲ့ပြီး ဘာကိုမှ နားမဝင်ခဲ့ချေ။

(ဘူးသီးငုံ - စကားသိပ်မပြောဘဲ အမြဲတမ်း ငြိမ်ကုပ်နေတတ်တဲ့သူ)

သမားတော်လျှို သည် ဤရှက်တတ်ပြီး အေးဆေးသည့် လူငယ်လေးအပေါ်တွင် စေတနာရှိသူဖြစ်သည်။ သူသည် အခွင့်သာလျှင် ထိုလူငယ်ကို ကောင်းကောင်းမွန်မွန် စကားပြောဆိုပြီး အကြံပေးရန် ရည်ရွယ်ထားခဲ့သော်လည်း မူလ ရှူကျစ်ယွီမှာ ထိုမျှပင် စိတ်အားငယ်သွားပြီး မြစ်ထဲခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။

"မင်း..." သမားတော်လျှို သည် စကားကို ဘယ်ကစပြောရမှန်းမသိဘဲ တုံ့ဆိုင်းနေမိသည်။ သူက ဖျောင်းဖျပြောဆိုချင်သော်လည်း ရှူကျစ်ယွီ၏ စိတ်ဒဏ်ရာကို ပြန်လည်ဆွမိမည်ကို စိုးရိမ်နေမိသည်။

"စိတ်မပူပါနဲ့သမားတော်လျှို၊ ကျွန်တော် တစ်ခါ သေဖူးသွားပြီပဲ၊ ဘာကိုများ ထပ်ပြီး တွေးတောနေဦးမှာလဲ။" သမားတော်လျှို ၏ မျက်ဝန်းထဲမှ စိုးရိမ်မှုများကို မြင်သောအခါ ရှူကျစ်ယွီက ပြုံးလျက် ညင်သာစွာ ပြောလိုက်သည်။ ထိုအခါမှ ဆရာဝန်လျိုသည် သက်ပြင်းတစ်ချက် ချနိုင်တော့ပြီး ရှူကျစ်ယွီ၏ ပခုံးကို ပုတ်ကာ "ကျစ်ယွီ... မင်း ဒီလို စိတ်ထားနိုင်တာ ကောင်းပါတယ်။ မင်းက ငယ်ပါသေးတယ်၊ နောင်တစ်ချိန်မှာ မင်းနဲ့ တကယ်ထိုက်တန်တဲ့သူနဲ့ တွေ့မှာပါ" ဟု အားပေးလိုက်သည်။

"ဟုတ်ကဲ့။" ရှူကျစ်ယွီ၏ နူးညံ့သော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းသွားပြီး နေဝင်ချိန် အလင်းတန်းများက သူ၏ မျက်နှာပေါ်သို့ ကျရောက်နေကာ ဖြူစင်သော အလင်းရောင်တစ်ခုကို ခြံရံထားသကဲ့သို့ ရှိနေသည်။ သမားတော်လျှို သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် စိတ်ထဲမှ တိတ်တိတ်ကလေး သက်ပြင်းချမိသည်။ "ဒါဟာ တကယ်ကို အပြစ်တစ်ခုပါပဲ၊ ကျစ်ယွီက ဒီလောက် ချောတာကို ဘယ်လို မျက်စိကန်းတဲ့သူက သူ့ကို စွန့်ပစ်ရတာလဲ" ဟု တွေးနေမိတော့သည်။



သမားတော်လျှို ဘာတွေတွေးနေသည်ကိုသာ ရှူကျစ်ယွီ သိသွားခဲ့လျှင် သူ သေချာပေါက် ဟားတိုက်ရယ်မောမိမှာ အသေအချာပင်။ ယခင်က ရှူကျစ်ယွီသည် ကြောက်တတ်ပြီး သူရဲဘောကြောင်သူ ဖြစ်သော်လည်း မျက်မှောက်က ရှူကျစ်ယွီမှာမူ ခေတ်သစ်မှ လာသူဖြစ်ရာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ထက်မြက်သူဖြစ်သည်။ ဤကဲ့သို့ ကြီးမားသော ခြားနားမှုက လူများကို အံ့အားသင့်စေသည်မှာ မဆန်းပေ။ ယခု သူ၏ အပြုံးမှာလည်း သူ၏ အနာဂတ်ချစ်သူကို မြူစွယ်ရန်အတွက် အချိန်အတော်ကြာ လေ့ကျင့်ထားသည့် အပြုံးမျိုးပင် ဖြစ်လေသည်...။ (:з"∠)

စကားပြောနေရင်းပင် အအေးမိပျောက် ဆေးရည်မှာ ကျိုပြီးသွားခဲ့ပြီ ဖြစ်သည်။ ဤဆေးရည်မှာ စစ်သူကြီးချီအတွက် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသောအခါ သမားတော်လျှို က ရှူကျစ်ယွီကို အမြန်ပင် သွားရောက်ပို့ဆောင်ခိုင်းလိုက်သည်။ သူက ဆက်လက်၍ "စစ်သူကြီးက နေ့စဉ်ရက်ဆက် တင်းမာပြီး အေးစက်နေတယ်လို့ မထင်နဲ့ဦး၊ သူက တကယ်တော့ စိတ်ထားကောင်းတဲ့သူပါ" ဟုပင် ဖျောင်းဖျပြောဆိုနေသေးသည်။



-၃-