Chapter 5
"စစ်သူကြီး ဘာများအလိုရှိပါသလဲ”
တံခါးဝမှ အစောင့် နှစ်ဦးရုတ်တရက် ထွက်လာသည်။ သူတို့ ပေါ်လာပုံမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသဖြင့် ရှူကျစ်ယွီပင်လျှင် အံ့အားသင့်သွားမိသည်။
"ဒီလူက ဘာလို့ အကြောင်းမကြားဘဲ ငါ့တဲထဲကို ဝင်လာရတာလဲ!" ချီယွီရွှမ်းသည် အစောင့်နှစ်ဦးကို မကျေမနပ် စိုက်ကြည့်ကာ ရှင်းပြချက်ကို စောင့်ဆိုင်းနေသည်။
အစောင့်နှစ်ဦး၏ မျက်နှာများမှာ ဖြူလျော်သွားပြီး တစ်ယောက်က အလောတကြီး ရှင်းပြသည်မှာ - "စစ်သူကြီးချီ... ကျွန်တော်တို့ ခုနက ရုတ်တရက် ဝမ်းဗိုက်ထဲက မခံမရပ်နိုင်အောင် နာကျင်လာလို့ အပေါ့အပါး သွားလိုက်မိလို့ပါ... ခဏလေးပဲ သွားမိတာပါ တကယ်ပါ!"
ချီယွီရွှမ်း ဆွံ့အသွားရသည်။ သူသည် အကျိုးအကြောင်း မသိတတ်သူ မဟုတ်ပေ။ သဘာဝတရား၏ အလိုဆန္ဒအရ ရှောင်လွှဲမရသည့် ကိစ္စဖြစ်သဖြင့် တိုက်ဆိုင်မှုဟုသာ ဆိုရပေလိမ့်မည်။
သို့သော်လည်း တာဝန်ကျရာနေရာမှ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခဲ့သည့် အပြစ်မှတော့ မကင်းချေ။ ချီယွီရွှမ်း၏ မျက်နှာမှာ တည်တင်းသွားပြီး - "တစ်ယောက်ကို စစ်တပ်ရဲ့စည်းကမ်းအရ တုတ်နဲ့ ငါးချက်စီ အပြစ်ပေးခံရမယ်! သွားတော့!"
"ဟုတ်ကဲ့..." အစောင့်နှစ်ဦးမှာ ထပ်မံ ငြင်းဆန်ခြင်း မပြုတော့ဘဲ အမိန့်ကို နာခံကာ ထွက်ခွာရန် ပြင်လိုက်ကြသည်။
"ခဏလေးနေပြပါဦး" ရှူကျစ်ယွီက သူတို့ကို တားဆီးရန် လက်လှမ်းလိုက်သဖြင့် တဲအတွင်းရှိ အကြည့်အားလုံးမှာ သူ့ထံသို့ စုပြုံရောက်ရှိလာတော့သည်။
….
ဤသည်မှာ ချီယွီရွှမ်း အနေဖြင့် ရှူကျစ်ယွီ အပေါ် ပထမဆုံးအကြိမ် အာရုံစိုက်မိခြင်း ဖြစ်သည်။ ခုနက သူ သတိမထားမိခဲ့သော်လည်း ယခု အမှတ်မထင် ကြည့်လိုက်မိသောအခါ သူ၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
ရှူကျစ်ယွီသည် နက်ပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားရာ သူ၏ ဖြူဝင်းသော အသားအရေကို ပို၍ ပေါ်လွင်စေသည်။ အလောတကြီး လာခဲ့ရသဖြင့် နက်မှောင်သော ဆံနွယ်များကို အကြမ်းဖျင်းသာ ဖီးသင်ထားသည်မို့ နဖူးပြင်ပေါ်တွင် ဝဲကျနေသော ဆံစအချို့က သူ့ကို ပို၍ နူးညံ့သိမ်မွေ့သည့် အသွင်ကို ဆောင်စေသည်။
ဖြောင့်စင်းသော နှာတံ၊ ပါးလွှာသော နှုတ်ခမ်းအစုံနှင့်အတူ ဆွဲဆောင်မှုအပြည့်ရှိသော ဖီးနစ်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် ရှူကျစ်ယွီ၏ ရုပ်ရည်မှာ မိန်းကလေးဆန်ခြင်း လုံးဝမရှိဘဲ "လှပခန့်ညားခြင်း" ဆိုသည့် စကားလုံးနှင့် အလွန်ပင် ကိုက်ညီလှသည်။
စစ်သူကြီးတစ်ဦးအနေဖြင့် ချီယွီရွှမ်းသည် အလှအပနောက်သို့ လွယ်လွယ်ကူကူ ပါသွားမည့်သူ မဟုတ်ရာ သူ၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုမှာ ခဏချင်းပင် ပျောက်ကွယ်သွားပြီး တည်ငြိမ်မှု ပြန်လည်ရရှိသွားသည်။ သို့သော် သူ မည်မျှပင် ထိန်းချုပ်ထားပါစေ၊ ရှူကျစ်ယွီကတော့ ထိုအံ့အားသင့်သွားသည့် အခိုက်အတန့်လေးကို မိအောင် ဖမ်းလိုက်နိုင်သည်။ သူ၏ မျက်နှာထက်မှ အပြုံးမှာ ပို၍ပင် ဆွဲဆောင်မှု ရှိလာတော့သည်။ မိမိနှစ်သက်သည့် အမျိုးသားအပေါ် မိမိ၏ ရုပ်ရည်က လွှမ်းမိုးမှုရှိသည်ကို သိရခြင်းက သူ့ကို ပျော်ရွှင်စေသည်မဟုတ်ပါလား။
"မင်းမှာ ဘာကိစ္စရှိလို့လဲ" ချီယွီရွှမ်းက အသံသြသြဖြင့်(deep voice မေးလိုက်သည်။ သူ၏ စစ်သည်များမှာ အမိန့်ကို မကျေမနပ်ဖြစ်မည့်သူများ မဟုတ်ကြောင်း သူသိသော်လည်း၊ ယနေ့မနက်က သူကိုယ်တိုင် ကယ်တင်ခဲ့သည့် ဤအမျိုးသားသည် ညနေပိုင်းတွင် သူ၏ တဲအတွင်းသို့ ဘာရည်ရွယ်ချက်ဖြင့် ရောက်လာသနည်းဆိုသည်ကို သူ သိချင်နေမိသည်။
ရှူကျစ်ယွီက ပြုံးကာ - "ကျွန်တော်က ဒီစစ်စခန်းက စစ်ဘက်သမားတော် တစ်ယောက်ပါ။ ဒီစစ်သည်နှစ်ယောက်က ဝမ်းဗိုက်ထဲက ပြင်းပြင်းထန်ထန် နာကျင်နေတယ်လို့ ပြောနေကြတာကြောင့် သူတို့အတွက် ကျွန်တော် တစ်ချက်လောက် စမ်းသပ်ကြည့်ပေးချင်လို့ပါ"
ချီယွီရွှမ်းက မျက်ခုံးပင့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ တည်ငြိမ်နေသည်။ သာမန်လူဆိုလျှင် ဤသည်မှာ စစ်သူကြီး ဒေါသထွက်တော့မည့် အတိတ်နိမိတ်ဟု ထင်မှတ်ကြမည်ဖြစ်သော်လည်း၊ ရှူကျစ်ယွီကတော့ သူ ငြင်းဆိုခြင်းမပြုသရွေ့ သဘောတူသည်ဟုပင် မှတ်ယူလိုက်ကာ ကင်းစောင့်နှစ်ဦးထံသို့ အသာအယာ လက်ကမ်းလိုက်သည်။
ချန်ရိကျစ်မှာတော့ ဘေးမှနေ၍ စိုးရိမ်တကြီး ကြည့်နေမိသည်။ သူသည် စစ်သူကြီး၏ အစေအပါးအဖြစ် လုပ်ကိုင်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဤလူ၏ အကြောင်းကို "အတိုင်းအတာတစ်ခုထိ" နားလည်ထားသည်။ ချီယွီရွှမ်းသည် ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး တစ်ခုခုဆိုလျှင် လူကို ရိုက်နှက်ဖို့သာ ပြင်နေတတ်သည်။ သူကိုယ်တိုင် ရိုက်မခံရဖူးသော်လည်း ပြစ်ဒဏ်ပေးသည့် မြင်ကွင်းကိုတော့ မြင်ဖူးသည်။ ရိုက်နှက်ခံရသူ၏ ကျောပြင်နှင့် ခြေထောက်များမှ သွေးများ ဆက်တိုက်ထွက်နေသည်ကို မြင်ရသည်မှာ သူ့အတွက် ရက်အတော်ကြာသည်အထိ အိပ်မက်ဆိုးများ မက်စေခဲ့သည်။
ယခုအခါ ရှူကျစ်ယွီသည် စစ်သူကြီး၏ ခွင့်ပြုချက်မရဘဲ အစောင့်များကို စမ်းသပ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ချန်ရိကျစ်မှာ ထိတ်လန့်သွားပြီး ဤချောမောသော အမျိုးသားအား ဒေါသကြီးသည့် စစ်သူကြီး၏ အမျက်တော်မသင့်စေရန် ချက်ချင်း တားဆီးချင်နေမိသည်။ သို့သော် သူသည် သဘာဝအရ ကြောက်တတ်သူဖြစ်ရာ စိုးရိမ်နေသော်လည်း စကားပြောရန် မဝံ့ရဲဘဲ ရှူကျစ်ယွီကို သတိထားရန် မျက်ရိပ်မျက်ကဲဖြင့်သာ အသည်းအသန် အချက်ပြနေတော့သည်။
ရှူကျစ်ယွီကတော့ ချန်ရိကျစ်၏ အချက်ပြမှုများကို လုံးဝမမြင်ခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် မြင်လျှင်ပင် သူ ဂရုစိုက်မည်မဟုတ်ပါ။ "စက္ကူကျား" ဆိုတာမျိုးက... သူသည် ချီယွီရွှမ်း၏ အတွင်းသရုပ်ကို ထိုးဖောက်မြင်ပြီးသားဖြစ်သည်။ ဤလူသည် အပြင်ပန်းတွင်သာ အေးစက်စက်ဟန်ဆောင်နေခြင်းဖြစ်ပြီး အမှန်တကယ်တော့ သူ၏ စိတ်နှလုံးမှာ နူးညံ့လွန်းလှရာ သူ၏ ရုပ်ရည်နှင့် လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။
ဟုတ်ပါသည်၊ ထိုနူးညံ့မှုကို သူနှင့် အလွန်နီးစပ်သူများသာ ခံစားရနိုင်မည်ဖြစ်သည်။ အပြင်လူများအတွက်မူ သူ၏ အေးစက်ခက်ထန်သော အသွင်ကို မြင်ရရုံဖြင့် လုံလောက်နေပြီ။ ╮(╯▽╰)╭
ရှူကျစ်ယွီသည် ပင်းရှီးစစ်သူကြီး၏ ကျော်ကြားလှသော ဂုဏ်သတင်းများကို လုံးဝ လျစ်လျူရှုထားသည်။ မည်သို့ပင်ဖြစ်စေ ချီယွီရွှမ်း မည်မျှပင် အေးစက်တည်တင်းနေပါစေ၊ သူ၏ မျက်စိထဲတွင်တော့ ထိုအရာများမှာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်သည်။ မကြာမီမှာပင် ထိုဟန်ဆောင်မှု အခွံကို ခွာချပြီး အတွင်းမှ ချိုမြိန်သော အနှစ်သာရကို သူ ထုတ်ဖော်နိုင်လိမ့်မည်...။
အစောင့်နှစ်ဦးမှာတော့ သမားတော်က သူတို့၏ သွေးကြောကို စမ်းသပ်မည့်အပေါ် တွန့်ဆုတ်နေကြသည်။ ခုနက မခံမရပ်နိုင်အောင် ဗိုက်နာသည်ဆိုသည်မှာ ဆင်ခြေမဟုတ်ပေ၊ ယခုအထိလည်း သူတို့၏ ဝမ်းဗိုက်ထဲတွင် မအီမသာ ဖြစ်နေဆဲဖြစ်သည်။
သူတို့သည် စစ်သူကြီးကို ခိုးကြည့်လိုက်ရာ တစ်ဖက်မှ မျက်နှာသေနှင့်လူက ဘာမှမပြောသဖြင့် အနည်းငယ် ယုံကြည်မှု ရရှိသွားကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် စစ်သူကြီးနောက်တွင် နှစ်ရှည်လများ လိုက်ပါလာသူများဖြစ်ရာ စစ်သူကြီး၏ သဘာဝကို အနည်းငယ် သိထားကြသည်။
"ဒါဆိုရင် သမားတော်ကို ဒုက္ခပေးရတော့မှာပဲ..."
"ကျွန်တော့်မျိုးရိုးက ရှူ ပါ၊ နာမည်က ကျစ်ယွီ လို့ ခေါ်ပါတယ်" ရှူကျစ်ယွီက ချီယွီရွှမ်းကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး သူ၏ နာမည်ကို ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။
"ဒါဆိုရင် ဒုက္ခပေးရတော့မှာပဲ သမားတော်ရှူ" အစောင့်နှစ်ဦးမှာလည်း အားမနာတော့ဘဲ သူတို့၏ လက်များကို အမြန်ပင် ကမ်းပေးလိုက်ကြသည်။
ရှူကျစ်ယွီသည် သူတို့၏ လက်ကောက်ဝတ်များကို ခဏမျှ ကိုင်ထားပြီးနောက် သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတစ်ခု လက်ခနဲ ပေါ်လာကာ -
“ခင်ဗျားတို့ နှစ်ယောက် ဒီနေ့ ခါတိုင်းနဲ့ မတူတဲ့ အစားအစာတစ်ခုခုများ စားမိကြသေးလား?”
အစောင့်နှစ်ဦးမှာ မှင်တက်သွားပြီး ချီယွီရွှမ်း၏ မျက်ဝန်းများမှာလည်း အနည်းငယ် ကျုံ့သွားတော့သည်။
"သမားတော်ရှူ ဘာကို ဆိုလိုတာလဲ? သူတို့ အဆိပ်မိတာလား? တစ်ယောက်ယောက်က အဆိပ်ခတ်လိုက်တာလား?" ဝက်ဝံနှင့်တူသော အမျိုးသားကြီးက အနားသို့ တိုးလာပြီး အံ့အားသင့်စွာ မေးမြန်းလိုက်လေတော့သည်။
-5-