အပိုင်း ၂၈၃-၂၈၄
Viewers 23k

Part 283


တဝမ် အံကြိတ်ကာတောင့်ခံနေသည်ကိုကြည့်ပြီး ညဘက်တွင် လင်းလန်က ဟန်ချင်းစုန့်နားသွားကာ တီးတိုးပြောလေသည်။


"ရှင်ပြောကြည့်.... ကျွန်မတို့ အတော်လေး လွန်သွားလား...."


စိတ်ကျေနပ်နေသည့် ခေါင်းဆောင်ဟန်က သူ၏ဇနီးလေးကိုဖက်လိုက်သည်။


"အမှားလုပ်မိရင် အပြစ်ပေးခံရတာ ပုံမှန်ပဲလေ... ဘာမှ မှားမနေပါဘူး...."


သူမက စိတ်သစိတ်သဘောထားနူးညံ့သူဖြစ်သော်လည်း တဝမ်ကိုအပြစ်ပေးစဉ်က အပြစ်ရှိသလိုမခံစားခဲ့ရပေ။ သို့သော် ယခုတွင် သူမက နေ့တိုင်း အပြစ်ရှိသလိုခံစားနေရ၍ သူက သူမကိုချော့မော့ပေးရသည်ကိုပျော်နေမိသည်။

သို့သော် သူလည်း အနည်းငယ် မသေမချာဖြစ်နေသည်။


တဝမ်သာ မနက်ဖြန်မနက်မှာ သူ့ဘာသူ ဝန်ခံရင် သူလည်းတင်းမာသလိုနေရဦးမှာလား....


ထိုသို့သာဖြစ်သင့်သည်။ အဆုံးတွင် သူက စစ်တပ်ထဲတွင် ကိုယ့်လက်အားကိုယ်ချိန်ဆနိုင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရလေသည်။


နှစ်ယောက်သားက ခဏမျှပူးကပ်နေကြပြီးနောက်တွင် လင်းလန်က ထကာ သန့်ရှင်းရေးလုပ်ရန်ပြင်လိုက်သည်။


သူလည်း ထလာကာ သူမကိုသူ့ရင်ဘတ်ပေါ် ကပ်သွားအောင်ဆွဲလိုက်သည်။


"ကိုယ်လည်း သန့်ရှင်းရေးလုပ်ရမှာပဲဆိုတော့ ထပ်လုပ်ကြမယ်ဆိုရင်ကော...."


လင်းလန် : "မလုံလောက်သေးဘူးလား...."


‌"နှစ်ခုတောင်ကျန်သေးတယ်လေ.. ဘာပဲဖြစ်ဖြစ် ထပ်ဝယ်ရမှာဆိုတော့ အကုန်သုံးလိုက်ရအောင်...."


ခေါင်းဆောင်ဟန်က အခုတွင် အရည်ထူနေပြီဖြစ်သည်။


လင်းလန် : "!"


ထားပါတော့ ဘာပဲဖြစ်ဖြစ် ဝယ်ရမှာဆိုတော့ သုံးကြတာပေါ့....


တဝမ်က အရိုက်ခံရခြင်းနှင့် အဆုံးသတ်မသွားချေ။ နောက်ဆက်တွဲ အကျိုးဆက်များစွာက သူ့နောက်ကိုလိုက်နေဆဲဖြစ်သည်။ ဥပမာအားဖြင့် အသားအသစ်များထွက်လာချိန်တွင် အနာဖေးများက ကွာကျလာပြီး မခံမရပ်နိုင်အောင်ယားယံစေသည်။


ထိုင်မရထမရဖြစ်စေသည့်အပြင် ကုတ်ရသည်မှာလည်း ကြည့်ရအဆင်မပြေပေ။ အဆုံးတွင် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးမထားသည့်ကလေးများနှင့် လူကြီးအချို့မှလွဲ၍ မည်သူက သူတို့၏တင်ပါးကိုနေ့တိုင်းကုန်မည်နည်း။


ကြည့်ရဆိုးလှပေသည်။


အထူးသဖြင့် သူက အခြားသူများထက် ကိုယ့်ပုံရိပ်ကိုယ်အရေးထားသူဖြစ်နေလေသညခ။


၎င်းက နာကျင်နေရချိန်ထက်ပင် ပို၍ဆိုးဝါးလေသည်။


၎င်းက ကိုယ်ခန္ဓာညှင်းပန်းနှိပ်စက်မှုတင်မကဘဲ စိတ်ဝိဉာဉ်ကိုပါ ညှင်းပန်းနှိပ်စက်မှုဖြစ်သည်။


သူက သူ့အမေကိုသာအပြစ်တင်နေမိသည်။

 "ဘုရားရေ... ငါတကယ် ကုတ်မိရင် ဘယ်လိုလုပ်ရမလဲ... ဒါတွေအားလုံးအမေ့ရဲ့အမှားပဲ ငါကအသိမရှိခဲ့ဘူး... အနာဂတ်မှာ သေနတ်နဲ့အပစ်ခံရရင်တောင် ငါဘာများလုပ်နိုင်မှာလဲ...."


ယခုအချိန်တွင် သူ့နှလုံးသားကိုအပ်ဖြင့်ထိုးဆွနေသလိုခံစားရပြီး မခံစားနိုင်တော့ပေ။ 


ထို့အပြင် ရွာသားများကလည်း သူ့ကိုမြင်တိုင်း တစ်ချန်တည်းတွင် စပ်စုလိုစိတ်တို့ဖြင့်ကြည့်ကြလေ့ရှိသည်။


ထို့ကြောင့် ပို၍ဂရုတစိုက်ရှိလာကာ အမှားအယွင်းရှိနေသည့် အရိပ်အယောင်လေးပင် မပြမိအောင်ကြိုးစားလေသည်။


ဤတစ်ကြိမ်တွင် အမှားတစ်ခုပြုလုပ်မိခြင်း၏ တန်ဖိုးက အတော်လေးကိုမြင့်မားသည်ဟု ပြောနိုင်သွားပေသည်။ သူက အရိုက်ခံရမည်ကိုမကြောက်သော်လည်း အရိုက်ခံပြီးနောက်ပိုင်း အတွဲလိုက်လာသော အကျိုးဆက်များကိုကြောက်လေသည်။


တဝမ်က အနာဂတ်တွင် ဘယ်သောအခါမှ လူဆိုးသူခိုးတစ်ယောက်ဖြစ်မလာစေရဟု ကျိန်ဆိုခဲ့လိုက်တော့သည်။


သို့သော် တဝမ်အရိုက်ခံရခြင်းက သူထင်သလို အရှက်ရစရာဟုအထင်မခံနေရဘဲ လူများစွာက သူ့ကိုအစစ်အမှန်ယောက်ျားတစ်ယောက်အဖြစ် ရာထူးတိုးပေးနေကြခြင်းဖြစ်သည်။


ရွာထဲရှိ ဖုံးကွယ်ထားသော ရည်ရွယ်ချက်ရှိသော လူများက သူ့ကို ဖဲကစားပြီး ငါးယွမ်နိုင်အောင် ဘယ်လိုလုပ်သလဲဟုပင် တိတ်တိတ်လေးလာမေးကြသေးသည်။


တကယ်အရမ်းမိုက်တာပဲ... ဘယ်လိုများကစား လိုက်တာလဲ... သူတို့အရမ်းသိချင်နေကြသည်။


တဝမ်က လုံးဝမပြောပြဘဲ သေစေနိုင်သည့်မျက်စောင်းကြီးဖြင့်ကြည့်လေသည်။


"ဒါဆို ခေါင်းဆောင် ဟန်ကို ကြိမ်ဒဏ်သုံးဆယ်ပေးခိုင်းဖို့ အရင်ပြောပေးမယ်...."


ဘယ်သူများ လုပ်ရဲလဲ.... ဟား... ဟား..


သို့သော် တဝမ်ပြောသည့်အတိုင်းဆိုလျှင် ပြစ်မှုလုပ်ပြီး ပြစ်ဒဏ်က ကျိန်းသေပေါက်ခံရမည်ဖြစ်ကာ ဟန်ချင်စုန့်ပြောသည်က ဟာသလည်းပေါက်နေပုံမပေါ်၍ လူတိုင်း လာမမေးရဲကြတော့ချေ။


မနက်ခင်းတွင် အပြေးလေ့ကျင့်ပြီးချိန်၌ ဟန်ချင်စုန့်က အားဝမ်နှင့် စန်းဝမ်ကို အိမ်ထဲဝင်ခိုင်းလိုက်သော်လည်း တဝမ်ကို တောင်ဘက်ရှိတောအုပ်လေးထဲခေါ်သွားလိုက်သည်။


"စကားပြောကြရအောင်.... ရှင်းပြစရာတွေရှိသေးတယ်မလား...."


ဟန်ချင်စုန့်က တဝမ်၏လက်ကိုကိုင်ထားပြီး သူ၏မျက်လုံးနက်နက်များက နက်ရှိုင်းလှကာ သူ့သားကို သိန်းငှက်တစ်ကောင်လို စူးစူးရဲရဲစိုက်ကြည့်နေပြီး လုံးဝငြင်သာမှုရှိမနေချ။


တဝမ်က တန့်ခနဲဖြစ်သွားရကာ သူ့တင်ပါး၏ နာကျင်မှု၊ ထုန်ကျင်မှုနှင့် ယားယံမှုတို့ကိုပြန်လည်သတိရကာ သူ့စိတ်နာကျင်ရမှုနှင့် သူ့အမေ၏မျက်ရည်ဝဲနေသောမျက်လုံးလေးများကို ပြန်လည်အောက်မေ့မိလေပြီး အတိတ်နှင့် ထင်ရှားသည့်စည်းတစ်ခုဆွဲချလိုက်သည်။


"အဲ့ဒီ့လူတွေထဲမှာ... နည်းနည်းက ထူးခြားနေတယ်...."


သူပြောလိုက်သည်။


ဟန်ချင်းစုန့်က ပြောသည်။

"ဘာကြောင့်ထူးခြားနေတာလဲ...."


"သူတို့က လက်လှည့်ပညာကိုတတ်တယ်လေ..."


သူ မြေပြင်ပေါ်မှ ကျောက်ခဲအသေးလေးတစ်ခုကို ကောက်လိုက်ပြီး သူ့ညာလက်ကို အမူအရာပြလိုက်သည်။ ထို့နောက်တွင် ဟန်ချင်စုန့်၏အကြည့်အောက်၌ပင် ပျောက်ကွယ်သွားသည်။


ဟန်ချင်းစုန့်က သူ့ကိုအေးစက်စက်စိုက်ကြည့်ကာ သူ့ရင်ဘတ်ကိုလက်ညှိုးထိုးပြလိုက်သည်။


တဝမ် : "အဖေ ဘယ်လိုခန့်မှန်းလိုက်တာလဲ...."

လူအများစုက သူ၏ညာဘက် အင်္ကျီလက်ကိုသာ ကြည့်ကြလေ့ရှိသည်။


ဟန်ချင်စုန့် : "ငါမရှာနိုင်အောင်လုပ်ဖို့လား.... နောက်ဆယ်နှစ်လောက် ထပ်လေ့ကျင့်နေလိုက်ဦး...."


တဝမ် :.....


"ထပ်ရှိသေးလား..."


တဝမ် :"အမ်... သော့ဖျက်တာလား...."


သူ့အိတ်ကပ်ထဲမှ ဝိုင်ယာအခွေအသေးလေးတစ်ခုကိုထုတ်ကာ ဆန့်လိုက်ပြီး တစ်ဖက်ကိုကွေးလိုက်သည်။

"ဒါပဲ...."


ဟန်ချင်စုန့် :"ဒါတွေ ဘယ်တုန်းကသင်ခဲ့တာလဲ...."


"စတုတ္ထဦးလေးနောက် နှစ်နှစ်လောက်လိုက်ရင်း ကျောက်ကျန့်ရှယ်ဆီကနေ သင်ခဲ့တာ...."


တဝမ် ရိုးရိုးသားသားဝန်ခံလိုက်သည်။


သူငယ်ငယ်ကတည်းက စတုတ္ထဦးလေးနောက်ကိုလိုက်ခဲ့သည်။ နောက်ပိုင်းတွင် ဟန်ချင်းဟွက မြို့ထဲသွားကာ စာသွားသင်လေပြီး သူကလည်း ထိုသို့မကြာခဏသွားလေ့ရှိသည်။ ပထမတုန်းက သူ့ဦးလေးနှင့်လိုက်သည်ဖြစ်သော်လည်း နောက်ပိုင်းတွင် သူပါသွားချင်သွားသည်။


အထူးသဖြင့် ဟန်ချင်းဟွက ကျောက်ကျန့်ရှယ်နှင့်တွေ့ခဲ့ပြီး လူအသစ်များစွာနှင့်တွေ့ခဲ့လေတော့သည်။ ထိုလူအများစုက လူမိုက်များဖြစ်ကြသော်လည်း သူတို့တွင်ကိုယ်ပိုင်နည်းလမ်းများရှိပြီး ၎င်းတို့က အတော်လေးကောင်းမွန်ကြပေသည်။


Xxxx

Part 284


သူကဆက်ပြောသည်။


"အချို့လူတွေက ကတ်တစ်ခုပြီးတစ်ခုပြောင်းတယ်... ဒါပေမဲ့ သူတို့ဘယ်လောက်ပြောင်းပြောင်း တခြားလူတွေက လိမ်ထားတာကိုတွေ့မှာမဟုတ်ဘူး... အချို့လူတွေမှာ လက်ညှိုးနဲ့လက်ခလယ်ကအရှည်တူကြတယ်.... ဒါကြောင့်သူတို့ရဲ့လက်တွေကို လွယ်လွယ်နဲ့ မြန်မြန်လှုပ်ရှားနိုင်တာလေ... သူတို့က ရေပူထဲက ဆပ်ပြာတွေလိုပဲ လူတွေရဲ့အိတ်ကပ်ထဲက ပစ္စည်းတွေကို လှစ်ခနဲထုတ်လိုက်နိုင်တယ်... ထိလို့ထိမှန်းတောင် သိလိုက်မှာမပါဘူး... အရမ်းမိုက်တာ..တစ်ချို့လူတွေကြ ဝိုင်ယာလေးတစ်ခုနဲ့ နှစ်ကြိမ်သုံးကြိမ်လောက် အေးအေးဆေးဆေးသော့ဖျက်နိုင်တယ်... တစ်ချို့လူတွေက အတိတ်နဲ့အနာဂတ်ကို တိတိကျကျဟောပြောနိုင်တယ်... အဲ့လူက မထင်မှတ်ထားလောက်အောင် မှန်တာ... သူက သူ့အဘိုးက ပိုတောင်မှန်အောင်ပြောနိုင်သေးတယ်လို့ပြောပြသေးတယ်.... သူက သားကိုသူ့အဘိုးဆီတကယ်ခေါ်သွားပေးခဲ့သေးတယ်..."


"သားက သူတို့ကိုကောင်းတယ်လို့ထင်တာလား...."

ဟန်ချင်စုန့်ကမေးသည်။


"တကယ်တော့ တစ်ယောက်နှစ်ယောက်ပဲကောင်းတာပါ ကျန်တဲ့လူတွေက မကောင်းကြဘူး....."


သူ ငယ်စဉ်က သူတို့ကိုအလွန်အားကျခဲ့သည်။ သူ ထိုလှည့်ကွက်များကိုသင်ယူပြီးနောက်တွင် တခြားသူများထက် ပိုမိုကောင်းမွန်စွာ မြန်ဆန်စွာသင်ယူနိုင်ကြောင်း သိခဲ့ရသည်။


"အဲ့လူတွေကို ဘယ်လိုခံစားရလဲ.."


ဟန်ချင်းစုန့်က သူ့လေသံကိုနှိမ့်လိုက်သည်။

"သူ့ကိုကောင်းတယ်လို့တွေးလား...."


တဝမ်က အမှန်အတိုင်းပြောလေသည်။

"သားအဲ့လိုထင်ခဲ့တာ... ပြီးတော့ သားက သူတို့ထက်တော်တယ်လို့တွေးခဲ့တယ်..."


ထိုအချိန်က သူ့အဖေက အိမ်တွင်မရှိပေ။ အဘွားကလည်း ဘက်လိုက်တတ်သူဖြစ်၍ အမေကလည်း သေကြောင်းချည်းကြံနေပြီး အိမ်က ရှုပ်ထွေးနေလေရာ တစ်နေ့လုံး အပြင်တွင်သာနေချင်ခဲ့သည်။


သူက အပြင်လောကရှိထိုလူများကို အလွန်အားကျခဲ့ပြီး ထိုလူများကို သူ့ကိုအပြင်ခေါ်ထုတ်ရန်ပြောခဲ့သေးသည်။


သို့သော် ထိုလူများက ယခုတွင်မဖြစ်နိုင်သေးဟုသာပြောပြီး ဘာကြောင့်လဲဆိုတာမရှင်းပြခဲ့သောကြောင့် ထိုအချိန်က သူလုံးဝနားမလည်ခဲ့ချေ။


သူအသက်ကြီးလာလေလေ ၎င်းက မဖြစ်နိုင်လေလေမှန်းသိလာသည်။ ယခုအချိန်တွင် နေရာတိုင်း၌တိုက်ပွဲများဖြစ်နေလေသည်။ ထိုလူများက လူရှေ့သူရှေ့ပေါ်လာ၍မရချေ။ မဟုတ်ပါက ချက်ချင်းဖမ်းဆီးခံရခြင်း သို့မဟုတ် မကောင်းသည့်ဥပမာများအဖြစ် အသေပစ်သတ်ခံရပေလိမ့်မည်။ အရင်က သူတို့၏အဖွဲ့မှာ အတော်လေးကြီးမားသည်ဟုပြော၍ရသော်လည်း ကံဆိုးစွာဖြင့် ခေါင်းဆောင်အများစုက ပစ်သတ်ခံခဲ့ရပြီးဖြစ်သလို အချို့က အလုပ်သမားအဖွဲ့များမှ အထုတ်ခံလိုက်ရပြီဖြစ်သည်။


ယခုတွင် သူဖုန်းစားများလည်းမရှိတော့ပေ။ အကုန်လုံးက ကွန်မြူနစ်များဖြစ်ကြချိန်တွင် မည်သူ့ကိုမှ တောင်းရမ်းခွင့်မပြုတော့ချေ။


ထို့ကြောင့် ယခင်က သူဖုန်းစားအဖွဲ့မှာ ပျောက်ကွယ်သွားချေပြီ။


"အခုရောဘယ်လိုလဲ.... သူတို့ကိုဘယ်လိုထင်နေသေးလဲ...."

ဟန်ချင်းစုန့်မေးလိုက်သည်။


တဝမ်က ခဏမျှတွေးလိုက်သည်။


"မကောင်းဘူးလို့.... ထင်တာပဲ...."


သူတို့က ကောင်းသော်လည်း မမြင်ရတာကြာပြီဖြစ်၍ ဘာမှမဟုတ်သလိုသာထင်မိတော့သည်။


အဓိကအားဖြင့် သူ့အဖေပြန်ရောက်လာပြီး သူ့အမေကလည်း သူ့ကိုအတန်းလစ်ပြီးအခြားအရာများလုပ်မည်စိုး၍ တစ်နေကုန်မျက်စိဒေါက်ထောက်ကြည့်နေကာ သူကိုယ်တိုင်လည်း နေ့တိုင်းကျောင်းသွားနေရ၍ ထိုအကြောင်းစဉ်းစားရန်အချိန်မရှိတော့ချေ။


"ဒါဆို သူတို့က လူဆိုးလို့ထင်လား လူကောင်းလို့ထင်လား...."


ဟန်ချင်းစုန့် သူ့ကိုကြည့်လိုက်သည်။


တဝမ်က အနည်းငယ်ရှက်သွားပုံပင်။

"သူတို့တွေက အခု အန္တရာယ်မရှိတော့ပါဘူး...."


"အရင်ကရော... အနာဂတ်မှာရော.... တခြားသူတွေကို အန္တရာယ်ပြုဖို့ အစီအစဉ်ရှိလား...."


ဟန်ချင်စုန်၏အသံက အေးစက်ကာ တည်ငြိမ်နေပြီး တဝမ်ကို သက်သာရာရသွားသည်ဟူသော ခံစားချက်ကိုပေးနေသည်။


တဝမ် "သူတို့ကတော့ အခြေအနေပေါ်မူတည်တယ်လို့ပြောတာပဲ... အခု မူဝါဒကမကောင်းဘူးလေ... သူတို့ရဲ့ကမ္ဘာမှာ စောင့်ဆိုင်းတယ်ဆိုတာ အကောင်းဆုံးအရာတဲ့...."


"သူတို့က သားဘယ်သူလဲသိလား...."


"သိတယ်...."


"သူတို့ကိုလည်း သားကသိလား...."


"သိတယ်...."


"သားက အထူးလူတွေကိုသိလား..."


"အဲ့လိုတော့မသိဘူး...."


"အဲ့လူတွေကရော...."


တဝမ်က ခေါင်းခါလိုက်သည်။

"သူတို့က အရမ်းလျှို့ဝှက်ကြတယ်... သူတို့ကို ခေါင်းဆောင်သုံးယောက်လို့ခေါ်တယ်... ဒါပေမဲ့ သူတို့ဘယ်မှာနေလဲ ဘယ်သူမှမသိဘူးတဲ့လေ...."


ဟန်ချင်စုန့်က ထိုခေါင်းဆောင်သုံးယောက်ဆိုသည်က အဓိက ခေါင်းဆောင်များဖြစ်သည်ဟု ခန့်မှန်းမိလေပြီး ထိုအဘိုးဆိုသည်မှာလည်း အကြီးဆုံးခေါင်းဆောင်ကြီးဖြစ်သည်ဟု တွေးမိသည်။ သူတို့က အလွန်ဆန်းကျယ်လှပြီး အခြားလူများက သာမန် အညတရလူများကို စုဖွဲ့ထားသည်ဖြစ်သည်။ သူတို့က အတော်လေးဖုံးကွယ်နိုင်ပြီး ထောက်လှမ်း၍ပင်မရချေ။


ထို့အပြင် ထိုအဘိုးနှင့် ခေါင်းဆောင် ယခင်က လူထုထဲတွင်ကျက်စားခဲ့သော ဂိုဏ်းများမှလူများဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ပြောင်းလဲချိန်တွင် မည်သို့မည်ပုံ လွတ်အောင်ရှောင်သွားခဲ့လဲ မသိရပေ။


ထိုအချိန်က ပြည်သူများကြားတွင် ဟုန်ဂိုဏ်း၊ ချင်ဂိုဏ်း၊ ကောဂိုဏ်း၊ အားပေါင်၊ တောပုန်းဓားပြများ အစရှိသဖြင့်အဖွဲ့များစွာရှိခဲ့သည်။နယ်ခံနေရာတွင် ကျန်းတဟွမ်းကျဲက ခရီးသည်များကို ဓားပြတိုက်ခြင်းနှင့် လမ်းများတွင် အနုကြမ်းစီးခြင်းကြောင့် အလွန်အမင်းနာမည်ကြီးခဲ့သည်။ သူ့လက်အောက်တွင် လူများစွာပါဝင်သော အဖွဲ့ပင်ရှိနေသေးသည်။ နောက်ပိုင်းတွင် နယ်ခံအာဏာရှင်များ၊ မကောင်းသည့်အထက်တန်းလွှာများနှင့် ဆိုးယုတ်သည့်မြေပိုင်ရှင်များကို တိုက်ခိုက်ရာတွက် ကျန်းတဟွမ်းကျဲက အသေပစ်သတ်ခံလိုက်ရသည်။ သူ့လူအချို့ကလည်း ပစ်သတ်ခံရပြီး အချို့ကပစ်ဒဏ်ချမှတ်ခံရကာ ပြုပြင်ရေးစခန်းများသို့ပို့လွှတ်ခံရပြီး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရ၍ လူအများစုမှာ မွေးရပ်မြေသို့ပြန်၍ လယ်သာစိုက်ရတော့သည်။


ထိုအဖွဲ့များသာ ပြန်စုဝေးပြီး လူထုကြားထဲပုန်းအောင်းကာ လက်အောက်ငယ်သားများစုနေပါက ဟန်ချင်စုန့်က နူးညံ့နေမည်မဟုတ်တော့ပေ။ လျှို့ဝှက်စွာပုန်းအောင်းနေမည်ဆိုလျှင်တောင် ယခုလက်ရှိ အဆင့်မြင့် အိမ်တိုင်း မှတ်ပုံတင်ရပြီး ဗဟိုမှအုပ်ချုပ်နေသော နည်းလမ်းကြောင့် မတွေ့နိုင်မည့်လူမရှိပေ။


"ကောင်းပြီ... ဒီအကြောင်းတွေ သားအမေကိုမပြောနဲ့...ပြီးတော့ တခြားလူတွေကိုပါမပြောနဲ့...."


တဝမ် ခေါင်းငြိမ့်ပြလိုက်သည်။


"သူတို့ သားကိုဆက်သွယ်လာရင် အဖေ့ကိုအသိပေးချေ... အခုကစပြီး သားက သူတို့ကို တမင်တကာမဆက်သွယ်နဲ့တော့...."


တဝမ်ခေါင်းငြိမ့်ပြပြန်သည်။

"ဟုတ်ကဲ့...." 


ဟန်ချင်စုန့်က သူ့ကိုအများကြီးမပြောပြခဲ့ဘဲ တဝမ်ကို စာကောင်းကောင်းသင်ရန်၊ စာကြိုးစားရန်နှင့်အတန်းမလစ်ရန်သာ ပြောပြီး အိမ်ထဲပြန်ဝင်ခိုင်းလိုက်သည်။


ဤတစ်ခေါက်ကိစ္စပြီးနောက်တွင် တဝမ်က အတော်လေးပြောင်းလဲသွားခဲ့သည်။ သိသိသာသာကြီးပြောင်းလဲသွားသည်မဟုတ်ဘဲ သူနေ့တိုငိးကျောင်းသွားနေဆဲဖြစ်သော်လည်း သူ့စိတ်ဓာတ်ရေးရာက တဖြေးဖြေးပြောင်းလဲနေသည်။


မူလက ဂနာမငြိမ်ဖြစ်ကာ စကားနားမထောင်သူက တဖြေးဖြေးချင်းတည်ငြိမ်လာသည်။


ဟန်ချင်စုန့်က စိတ်သက်သာခြင်းမရှိသော်လည်း ကောင်တီကိုသွား၍ ထိူလူများကိုသွားဖမ်းရန် တိုက်ရိုက်မပြောလိုက်ပေ။ အဆုံးတွင် နာမည်နှင့် မျိုးရိုးနာမည်ရှိသော လူမိုက်များကိုဖမ်းရန်မှာ မခက်ခဲပေ။ အဓိကအချက်မှာ ခေါင်းဆောင်သုံးယောက်က အလွန်အမင်း သိုသိပ်လွန်း၍ဖြစ်သည်။ 


သူတို့က ရှန်ရွေ့ကော်မတီကို လောင်းကစားကို တင်းတင်းကြပ်ကြပ်စစ်ဆေးသည်နှင့်စလိုက်သည်။ မည်သည့် စစ်သားမဆို၊ မည်သည့်အထူးစစ်သားမဆို လောင်းကစားလုပ်သည်နှင့် ချက်ချင်းအပြစ်ပေးခံရသည်။


ထို့အပြင် သတင်းပေးလျှင်လည်း ဆုပေးသေးသည်။


သိပ်မကြာခင်တွင် တပ်ခွဲအများစုက လောင်းကစားကိစ္စနှင့်ပတ်သတ်၍ တိတ်တိတ်လေးသတင်းပေးကြလေတော့သည်။


,xxxxxx