အပိုင်း ၂၈၇-၂၈၈
Viewers 23k

Part 287


ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် သူ၏လက်ထောက်များကလည်း ကြောင်စီစီဖြစ်သွားကြပြီး လင်းလန်၏အမူအရးကိုကြည့်ပြီးပြောလိုက်သည်။


"မင်း အရိုးတွေယူမယ်ဆိုရင် အသားတစ်ကတ်တီစာနဲ့ အရိုးနှစ်ကတ်တီစာနဲ့လဲလို့ရတယ်..."


ဤနည်းဖြင့် လင်းလန်က ဝက်နံရိုးခြောက်ကတ်တီ၊ ဝက်ဗိုက်သားခြောက်ကတ်တီနှင့် ဝက်နားရွက်၊ ဝက်လျှာ၊ ဝက်ခြေထောက်တို့ကိုကတ်တီတစ်ဝက်စီယူပြီး ဝက်သွေး အိုးသေးတစ်အိုးပါယူခဲ့သည်။


အဆီပေါပေါဝက်သားက ဝက်ဆီထုတ်၍ရပြီး အခြားအသီးအရွက်များနှင့်လည်း ရောနှော၍ကြော်၍ရကာ မွှေးပျံ့သောကြောင့် လူတိုင်းကကြိုက်ကြသည်။


သို့သော် ဝက်နားရွက်၊ ဝက်နံရိုးနှင့် ဝက်သွေးတို့က ချက်ပြုတ်စားသောက်၍မလွယ်သလို တစ်နပ်စားပြီးသည်နှင့်ကုန်သွားမည်ဖြစ်၍ လူအများကမကြိုက်ကြပေ။


မည်သူကမှ လင်းလန်က ထိုအသုံးမဝင်သော အစိတ်အပိုင်းများကို လိုချင်ပြီးချက်စားချင်မည်ဟု မထင်ခဲ့ကြပေ။ သူတို့က ဝက်သားရလျှင် ဝက်ဆီရအောင်ထုတ်မည်ဖြစ်ပြီး အိုးထဲထည့်ကာ ဟင်းတစ်ခါချက်လျှင်တစ်ဇွန်းယူသုံးကြမည်ဖြစ်သည်။


ဤတစ်ကြိမ်အသားခွဲဝေပြီးလျှင် နှစ်သစ်ကူးရောက်မှနောက်တစ်ကြိမ်စားနိုင်မည်ဖြစ်သည်။


အခြားသူများက ဝက်သားနှင့်အခြားအရာများ များစွာရသည်ကိုမြင်လျှင် အချို့လူများက မနက်လုံးများနီရဲနေအောင် မနာလိုဖြစ်ကြသည်။


"အဲ့လူတွေကိုကြည့်ပါဦး.... ပြီးတော့ ကလေးတွေတစ်အုပ်ကြီးနဲ့ အဘွားအိုကြီးလေ... ဘယ်လိုလုပ်ဒီလောက်ရနေရတာလဲ...."


"ရှင့်ကိုဘယ်သူကများ မိန်းမထဘီနားခိုစားခိုင်းလို့လဲ...."


သူ့ယောက်ျားပြောနေသည်ကိုကြားသော အမျိုးသမီးတစ်ယောက်ကပြောလိုက်သည်။


"တခြားလူတွေကိုကြည့်မနေနဲ့..... ခေါင်းဆော ဟန် မိန်းမကိုပဲကြည့်...."


ဟန်ကျင်းယုက အဘွားကြီးဟန်နှင့်အတူ အသားဝေစုယူရန်လိုက်လာခဲ့သည်။ နှစ်ယောက်သားက အစ်မဟန်နှင့် အခြားလူများက အသားများခိုးဝှက်ထားကြမည်ကိုကြောက်၍ အသားလာယူကြချိန်တွင် အရာရာတိုင်းကိုမျက်စိဒေါက်ထောက်ကြည့်ကြလေသည်။


လင်းလန်က ကလေးများကိုခေါ်ပြီးသူမကိုယ်တိုင်လာသည်ကို မြင်ချိန်တွင် ဟန်ကျင်းယုက မျက်လုံးလှန်လိုက်ပြီး စိုက်ကြည့်နေလေသည်။


ဟန်ကျင်းယုကပြောလိုက်သည်။

"အမေ... သူ့ကိုကြည့်လိုက်စမ်းပါဦး...."


အဘွားကြီးဟန်လည်း ဒေါသထွက်သွားရသည်။


ယုဝူဇီက ယခုတွင် သူမနှင့်အတူတူလောက်ပင် မနာလိုမရှုစိမ့်ဖြစ်နေကြပြီး ဟန်ချင်စုန့်နှင့်လင်းလန်ကို သေအောင်သတ်ပစ်ချင်နေကြသည်။


"သူကငါတို့နဲ့မတူဘူး.... သူက သူ့ယောက္ခမကိုတောင် မျက်လုံးထဲထည့်တာမဟုတ်ဘူးလေ...."


အဘွားကြီးဟန်က နှာခေါင်းရှုံ့လိုက်သည်။ ဤနေ့များတွင် သူမက သေလုနီးပါးအေးခဲနေရပြီး   ချွေးမဖြစ်သူက သူမကိုအသားတစ်စိပင်မပေးလာ၍ သတ်ပစ်ရန်ပင် ကြောက်မနေခဲ့ပေ။


လင်းလန်က ကလေးများကိုခေါ်ကာ အိမ်သို့အသားပြန်ထားရန်ပြင်လိုက်သည်။ သူမထွက်သွားချိန်တွင် တုန်ဟွိုင်ဟွကိုနှုတ်ဆက်ခဲ့သော်လည်း အဘွားကြီးဟန်ကို မနှုတ်ဆက်ခဲ့ပေ။


အချင်းချင်းမုန်းနေကြသည့်လူများ တစ်နေရာတည်းတွင်ဆုံမိပါက မကြည့်မိအောင်ပင် အတတ်နိုင်ဆုံးနေမည်မှာ သာမန်သာဖြစ်သည်။


အဘွားကြီးဟန်က မျက်နှာမော်ချီနေရင်း လင်းလန်သူ့ကိုနှုတ်ဆက်လာသည်ကိုစောင့်နေပြီး မျက်လုံးလှန်ကာ လင်းလန်ကို မဖက်မတန်သလိုကြည့်လိုက်သည်။ သို့သော် သူမ မသိလိုက်ခင်တွင် လင်းလန်ကထွက်သွားပြီဖြစ်သည်။


အဘွားကြီးဟန်:"ယဉ်ကျေးမှုမရှိတဲ့ မိန်းမ..."

...


လင်းလန်နှင့်ကလေးများက အသားများသယ်သာ အိမ်သို့ပြန်ပြီး မှိုများကိုရေစိမ်ကာ လက်နှစ်ဆုပ်စာလောက်ယူပြီး မိုင်စွေ့ကို တုန်ဟွိုင်ဟွနှင့် ရှုယွမ်အမေအဆီသွားပို့ခိုင်းလိုက်သညိ။


သူမက အားဝမ်ကို အသားများကို ကိုင်တွယ်ရန်ကူညီခိုင်းလိုက်သည်။


ကတ်တီပေါင်းများစွာရှိသော အသားများကို တစ်ထိုင်တည်းစားရန်မဖြစ်နိုင်ပေ။ အိမ်တွင်ရေခဲသေတ္တာလည်းမရှိ၍ အချိန်အကြာကြီးလည်းထား၍မရချေ။


ကံကောင်းစွာဖြင့် ဆောင်းရာသီတွင်အသားများက လွယ်လွယ်မပုတ်သိုးတတ်၍တော်သေးသည်။


မကြာခင်တွင် မိုင်စွေ့က တည်သီးအချို့နှင့် ခေါက်ဆွဲအနည်းငယ်နှင့်ပြန်လာခဲ့သည်။


"မာမား... တည်သီးတွေက ဒါရိုက်တာကပေးလိုက်တာ... ပြီးတော့ ခေါက်ဆွဲတွေကတော့ အစ်မရှုယွမ်ကပေးလိုက်တာရယ်...."


လင်းလန်က ခေါက်ဆွဲများကိုယူ၍သိမ်းလိုက်ပြီး ကလေးများကို တည်သီးများအတူတူစားကြရန်ပြောလိုက်သည်။ အနည်းငယ်သာရှိ၍ တစ်လုံးကို နှစ်ယောက်စားရသည်။


မိုင်စွေ့က တစ်ကိုက်အပြည့်စားပြီး လင်းလန်ကို တစ်ကိုက်ကျွေးလိုက်သည်။ လင်းလန်က ခေါင်းငြိမ့်ပြလိုက်သည်။


"အရမ်းချိုတာပဲ..."


တည်သီးများအားလုံးက မှည့်ပြီဖြစ်သည်။ အကုန်လုံးက လိမ္မော်နီရောင်လေးသမ်းနေကြပြီး တစ်ကိုက်ကိုက်လိုက်သည်နှင့် အရည်ရွှမ်းနေမည်ဖြစ်သည်။ တစ်လုံးချင်းစီက ချိုမြမြလေးဖြစ်ပြီး ချည်ခြင်းဖန်ခြင်းမရှိ၍ အတော်လေးအရသာရှိလေသည်။


အားဝမ်နှင့် ရှောင်ဝမ်က အတူတူစားကြရပြီစ နှစ်ယောက်သားက ဖြေးဖြေးချင်းစားကြကာ တစ်ကိုက်ကိုက်ပြီးသည်နှင့် နှုတ်ခမ်းထောင့်များကို လက်ကိုင်ပုဝါဖြင့်သုတ်လေသည်။


တဝမ်က စန်းဝမ်နှင့်အတူစားရပြီး စန်းဝမ်၏ဝါထိန်နေပြီဖြစ်သော မျက်နှာကိုရွံ့ရှာစွာကြည့်နေရသည်။


"ထပ်မစားနဲ့တော့...."


စန်းဝမ်က ရေပုံးထဲသို့ ငုံ့ကြည့်ကာ သူ့ပုံသူမြင်ပြီးအော်လိုက်သည်။

"ဘာဖြစ်သွားတာလဲ...."


လူတိုင်းက အံ့အားသင့်သွားပြီး သူ့ကိုဘာဖြစ်သလဲမေးလာကြသည်။


စန်းဝမ်က သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်သည်။

"ကြည့်လိုက်လေ.... သားကို အရူးပုံပေါက်အောင် ဘယ်သူလုပ်သွားတာလဲ...."


"......"


တစ်အိမ်လုံးတိတ်ကျသွားပြီး အကုန်လုံးက သူ့ကိုစိုက်ကြည့်လာကြသည်။


မိုင်စွေ့က ရုတ်တရက်ကြီး တည်သီးများကပင် မချိုတော့ဟုခံစားလိုက်ရသည်။


"စန်းဝမ်...."

သူမ တည်သီးကိုဘေးချပြီး သူ့ကိုရိုက်ရန်ပြင်တော့သည်။


စန်းဝမ်က ခုန်ဆွခုန်ဆွပတ်ပြေးလေသည်။

"သားက ပြန်ရန်မဖြစ်နိုင်ဘူးလေ..."


လင်းလန်လည်းအော်လိုက်သည်။

"နာနာလေးရိုက်... သူပေါက်ကရတွေဆက်မပြောအောင် အမေ့အတွက်ပါပိုရိုက်လိုက်..."


ကလေးတစ်အုပ်က ဆူညံပွက်လောရိုက်နေချိန်တွင် လင်းလန်က ဝက်ဗိုက်သားများကို အတုံးလေးများတုံးကာ ချက်ပြုတ်ရန်လုပ်လေသည်။


နံရိုးများကိုတော့ နှစ်ပိုင်းပိုင်းကာ ဝက်ဗိုက်သားနှစ်တုံးလည်းထည့်ပြီး ပြောင်းရွက်ဖြင့်ထုတ်ကာ ဘူးသီးတစ်စိတ် မှိုလက်တစ်ဆုပ်ပါထည့်ကာ အကုန်လုံးကို ခြင်းထဲထည့်လိုက်သည်။


"တဝမ်... သားအဘွားအိမ်ကို ဒါသွားပေးချေ..."


လင်းလန်နှင့် တတိယအစ်မက တည့်သွားကတည်းက မိဘအိမ်ကိုပြန်သည်က ပုံမှန်ဖြစ်လာသည် အချင်းချင်းလည်းမယှဉ်ပြိုင်ကြတော့၍ အမေလင်းအတော်လေး စိတ်သက်သာရာရသွားခဲ့ရသည်။


ကောက်ရိတ်သိမ်းချန်တွင် မိသားစုများစွာက လုံ့လဝီရိယရှိရှိကြိုးစားခဲ့ကြသည်။


အမေလင်းက လင်းလန်တို့အိမ်ကို သူ့မြေးလေးကို တစ်ခုခုသွားပို့ခိုင်းလေ့ရှိပြီး လင်းလန်ကလည်း သူမကိုပစ္စည်းအချို့ပြန်ပို့ပေး၍ ကလေးများက တဖြေးဖြေးရင်းနှီးလာကြသည်။


မူလကိုယ်၏ အလိုလိုက်ခံရသော တူလေးက အရင်က သူ့သားများအပေါ်ကောင်းကောင်းမဆက်ဆံခဲ့၍ တဝမ်ကလည်းသူ့အပေါ်အမြင်မကြည်ပေ။ နောက်ပိုင်းတွင် လင်းလန်က ကောင်းမွန်စွာပြောင်းလဲလာခဲ့သည်။ မိသားစုက အိမ်အသစ်ဆောက်ရာတွင် ဦးလေးနှင့် အဘိုးက ကူညီပေးပြီး အစားအသောက်များလည်းထောက်ပံ့ပေးခဲ့၍ တဝမ်ကလည်း တဖြေးဖြေးအမြင်ကြည်လာခဲ့သည်။


လင်းလန်က သူ့ကိုတစ်ခုခုသွားပို့ခိုင်းလျှင် သူကမငြင်းတော့ပေ။ သူ့အဘွားကတစ်ခုခုပြန်ယူသွားခိုင်းလျှင်လည်း သူက ပြန်ယူရန်မငြင်းတော့ပေ။


တဝမ်က ခြင်းတောင်းကိုမပြီးသွားရန်ပြင်ချိန်တွင် စန်းဝမ်ကအော်လေသည်။


"အစ်ကိုကြီး.... သားလည်းလိုက်မယ်...."


တဝမ်က သူ၏ဝါထိန်ထိန်မျက်နှာကိုကြည့်ပြီး အဖက်မတန်သလိုငြင်းလိုက်သည်။


"မလိုက်နဲ့...."


Xxxx

Part 288


တဝမ်ထွက်သွားပြီးချိန်တွင် စန်းဝမ်က သက်ပြင်းတချချဖြင့်ကျန်ခဲ့သည်။


"အကုန်ပြီးသွားပြီ... သားတော့ အကြီးဆုံးအစ်ကိုရဲ့ ယုံကြည်မှုကိုဆုံးရှုံးသွားပြီ...."


လင်းလန်က သူ့ခေါင်းလေးကိုထိလိုက်သည်။


"အရူးလေးရေ... သားရဲ့အစ်ကိုက သားကိုအအေးမိမှာစိုးရိမ်လို့ပါ...."


ရှောင်ဝမ် :"ယုံကြည်မှုဆိုတာဘာလဲဟင်...."


အားဝမ်:"အစ်ကိုကြီးက မကောင်းတာတွေလုပ်တဲ့အချိန်မှာ သူ့ညီလေးကိုခေါ်သွားတယ်လေ.... သူ့ညီလေးက သူ့ကိုသစ္စာဖောက်ပြီး တိုင်လိုက်တယ်လေ... အဲ့ဒါကို ယုံကြည်မှုနဲ့သစ္စာဖောက်မှုလို့ခေါ်တယ်...."


ရှောင်ဝမ်က ခေါင်းငြိမ့်ပြသည်။


"သားနားလည်ပြီ... ကြက်မကသားတို့အတွက် နေ့တိုင်းကြက်ဥ ဥပေးပေမဲ့ သားတို့က သူ့ကို အသားစားဖို့သတ်လိုက်တယ်... အဲ့ဒါက ယုံကြည်မှုနဲ့သစ္စာဖောက်မှုပဲ...."


လူတိုင်း:"...."


အခုပြောနေတာနဲ့ဆိုင်လို့လားဟယ်... သူပြောတာနဲ့ ငါတို့မှာကြက်သားတောင် ထပ်မစားရဲတော့ရင်ဘယ်လိုလုပ်ကြမလဲ... အပြောအဆိုက စန်းဝမ်ထက်တောင် အကြင်အနာကင်းမဲ့သေးတယ်....


လင်းလန်လည်း အံ့အားသင့်သွားရသည်။ ရှောင်ဝမ်တွင် မတူကွဲပြားသော အာရုံခံစားမှုရှိသည်။ သူ၏ခံစားချက်များက ပုံမှန်မဟုတ်လောက်အောင် နူးညံ့ပျော့ပြောင်းပြီး အလွန်အမင်းသနားကြင်နာတတ်လေသည်။


သူမတွင် ကလေးပြုစုပျိုးထောင်ဖူးသည့် အတွေ့အကြုံများစွာမရှိသော်လည်း သူ့ကို အဆက်မပြတ်လမ်းညွှန်ပေးကာ အဆိုးမြင်ပြီး စိတ်ဓာတ်ကျလွယ်သော စိတ်ဓာတ်မျိုးမဖြစ်အောင် ပြောင်းလဲပေးမှဖြစ်မည်ဟုသိပေသည်။


သူမက ပြုံးပြုံးလေးဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏လက်များကိုပွတ်သပ်ကာ ရှောင်ဝမ်၏ မျက်နှာလေးကို အားပါးတရဆွဲလေသည်။


"အမေ့ကလေးလေးရေ.. ယုံကြည်မှုနဲ့သစ္စာဖောက်မှုဆိုတာတကယ်တော့ ခံစားချက်တွေအကြောင်းကို အဓိကပြောတာလေကွယ်..."


ရှောင်ဝမ်က အနည်းငယ် နားလည်သလိုလိုရှိလာသည်။


"ခံစားချက်ဆိုတာဘာလဲဟင်...."


သူက သိချင်စိတ်ပြင်းထန်သော အခြေအနေထဲရောက်သွားခဲ့လေပြီ။


အရင်ကဆိုလျှင် သူကအမြဲပျင်းနေ၍ နားထောင်ပြီးလျှင် ကိုယ့်ဘာသာတစ်ယောက်တည်းတွေးနေမည်ဖြစ်သော်လည်း ယခုတွင် သူ၏သိချင်စိတ်တို့က မုန်တိုင်းထန်နေလေသည်။


လင်းလန်က ခဏမျှတွေးလိုက်သည်။


"ပြောရမယ်ဆိုရင်... သားက အမေ့ရဲ့ကလေးဆိုတော့ အမေကသားကိုချစ်တယ်... အမေကသားရဲ့ အမေဆိုတော့ သားကလည်း အမေ့ကိုချစ်တယ်... အဲ့ဒါကခံစားချက်တွေပဲ... ဟန်တန်အာကသားကိုရိုက်ရင် အမေကသူ့ကိုမုန်းတယ်... အမေကသူ့ကိုပြန် လုပ်တော့ သူ့အမေက အမေ့ကိုမုန်းတယ်... ဒါကလည်း ခံစားချက်တွေပဲ... အမေ့မှာ အရသာရှိတာတွေရှိတယ် ပျော်စရာတွေရှိတယ်... သားမှာစိတ်ပျက်ရတာတွေရ.. မပျော်ရတာတွေကို အမေ့ကိုပြောပြတာက ယုံကြည်မှုပဲ... . အမေတို့မှာ အချစ်ဆိုတဲ့ခံစားချက်လည်းရှိသေးတယ်... အကယ်၍ အမေကသားကို လျှို့ဝှက်ချက်တစ်ခုပြောပြလိုက်တဲ့အချိန် သားက ဟန်တန်အာကိုပြန်ပြောပြလိုက်ရင် အမေ့ကိုသစ္စာဖောက်တာဖြစ်သွားပြီ...."


ရှောင်ဝမ်က ချက်ချင်းခေါင်းခါပြသည်။


"သား မာမားကို ဘယ်တော့မှသစ္စာမဖောက်ပါဘူး...."


လင်းလန်က မျက်လုံးထောင့်များပင် ကွေးညွသွားအောင်ပြုံးလိုက်သည်။


"လိမ္မာလိုက်တဲ့သားလေး.... အမေသိတာပေါ့ ဒါကဥပမာပြောတာနော်... ဒါပေမဲ့ အမေက လျှိုချွန်းဖန်ရဲ့ လျှို့ဝှက်ချက်ကို တခြားသူတွေကိုပြောပြတာကြတော့ သစ္စာဖောက်တာမဟုတ်တော့ဘူး... ဘာလို့ဆို အမေတို့က အချင်းချင်း ချစ်လည်းမချစ်ကြဘူး ယုံလည်းမယုံကြဘူးလေ...."


ရှောင်ဝမ်ခေါင်းငြိမ့်လိုက်သည်။


"သားနားလည်သွားပြီ.... ကျေးဇူးတင်ပါတယ် မာမား...."


လင်းလန်က သူ၏မျက်နှာလေးကိုထိလိုက်သည်။


"ပြီးတော့ ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေ၊ ကျွဲနွားတွေန် သိုးတွေကကြတော့ အမေတို့စားသောက်ဖို့မွေးထားတာလေ... သူတို့က ဥတွေဥပေးတယ်.... အသားတွေထောက်ပံ့ပေးတယ် ပြီးတော့ အမေတို့ရဲ့အလုပ်တွေကိုကူညီလုပ်ကိုင်ပေးကြတယ်... အဲ့ဒါကဘာနဲ့တူလဲဆိုတော့ စပါးတွေစိုက်ချိန်မှာ စပါးတွေကို ကောင်းကောင်းဆက်ဆံသလိုပေါ့... နောက်ကျရင်ရိတ်သိမ်းပြီး အမေတို့ရဲ့ ဗိုက်ကိုဖြည့်ကြရတယ်လေ... ကြက်တွေဆိုတာအဲ့လိုပဲ.. အမေတို့က သူတို့ကိုကောင်းကောင်းကျွေးရင် အမေတို့က ဥတွေအသားတွေစားလို့ရတာပေါ့... သူတို့ကို ကောင်းကောင်းကျွေးမွေးပြီး သတ်ပြီးစားသောက်ရင် သစ္စာဖောက်တယ်လို့မခေါ်ဘူး...."


လင်းလန် သူ၏စကားများက ငယ်ရွယ်သည့် ရှောင်ဝမ်လေး၏ စိတ်ထဲတွင် မည်သည့်နေရာတွင်ယူသွားလဲမသိခဲ့ပေ။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် နာမည်ကြီး အနုပညာရှင် မစ္စတာဟန်က သူ၏ဖန်တီမှုများ၏ မြစ်ဖျားခံရာ မူလဘူတအကြောင်းပြောပြချိန်တွင် ဤသို့ပြောလာခဲ့သည်။


"ဒါတွေအားလုံးက ကျွန်တော့်အမေကိုကျေးဇူးတင်ရမှာပါ... သူက သာမန်အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပေါ့ဗျာ... သူကကျောင်းကို တစ်ရက်လေးတောင်မတက်ခဲ့ဖူးဘူးဆိုပေမဲ့ ကိုယ့်ဘာသာသင်ယူနိုင်ခဲ့ပြီး ဗဟုသုတကလည်းကြွယ်လှတယ်... ပြီးတော့ သူကပဲ ကျွန်တော့်ကို ဘဝရဲ့ နိယာမတွေအကြောင်းပြောပြခဲ့တာ...."


ဤအချိန်တွင် ရှောင်ဝမ်က ယုံကြည်မှုနှင့် သစ္စာဖောက်မှုဟူသော မှော်ဆန်ဆန်စကားနှစ်လုံးကို နားလည်အောင်ကြိုးစားနေပြီး ထိုစာလုံးများက သူ့ကိုဆန်းကျယ်ပြီး မရှင်းပြတတ်သောခံစားချက်တို့ကိုပေးစွမ်းနေသည်။


၎င်းက အရင်က သူတစ်ခါနားမလည်ခဲ့သည့်အရာမျိုးဖြစ်သည်။


ထို့ကြောင့် သူနောက်ထပ်တစ်ကြိမ် အတွေးနယ်လွန်သွားရပြန်သည်။


လင်းလန်က ထိုကလေးခဏမျှ ကြောင်ငေးငေးဖြစ်သွားရသည်မျိုးကို ကျင့်သားရနေပြီဖြစ်၍ သူ့ကိုမနှောင့်ယှက်ဘဲ သူ့ဘာသာတွေးစေသည်


အသားများကို ကိုင်တွယ်ပြီးချိန်တွင် လင်းလန်က နေ့လည်စာ စပြင်တော့သည်။


ဝက်သွေးများက စားလို့ရပြီဖြစ်သည်။ မှိုများနှင့် ဝက်သွေးများကိုရောချက်ခဲ့သည်။ အခြား ဝက်နားရွက်၊ လျှာနှင့် ဝက်ခြေထောက်များကိုက ပြုတ်ထားလိုက်သည်။ ကျက်သွားပါက ထုတ်ယူကာ ဖြေးဖြေးချင်းစား၍ရပေသည်


ဟင်းတစ်ခွက်ချက်ပြီးချိန်တွင် ထင်းများကိုမဖြုန်းတီးချင်၍ ဆားစိမ်ဘဲဥများကိုထည့်ကာ ချက်ပြုတ်ပြီး ပြန်သိမ်းလေသည်။


နာရီဝက်ကြာပြီးချိန်တွင် ပန်ကိတ်များပေါ်တွင် ပန်ကိတ်များပေါ်တွင် ခေါက်ဆွဲအနည်းငယ်တင်ကာ ကြွပ်ရွနေအောင်ဖုတ်ပြီး ရနံ့လေးကမွှေးပျံ့လှ၍ ကလေးများအကြိုက်ပင်။


ချက်ပြုတ်ပြီးချိန်တွင် ဟန်ချင်းစုန့်နှင့် တဝမ်က အပြင်မှအတူတူပြန်ဝင်လာကြသည်။


ဟန်ချင်းစုန့်က လင်းလန်ကို အိတ်အကြီးတစ်လုံးပေးလိုက်သည်။

"မင်းအတွက်...."


လင်းလန်က ထိုအိတ်ကိုကြည့်ပြီးမေးလိုက်သည်။

"ဘာကြီးလဲ...."


စန်းဝမ်၏ နှာခေါင်းကကောင်းလှသည်။

"ဘယ်လိုအနံ့ကြီးလဲ..."


လင်းလန် အနံ့ခံကြည့်လိုက်ချိန်တွင် တိုင်းရင်းဆေးများဖြစ်ကြောင်းသိလိုက်သည်။


"ကျွန်မအတွက် တိုင်းရင်းဆေးတွေဝယ်လာတာလား... ဘယ်ကဝယ်လာတာလဲ...."


သူက သမားတော်ရှုပေးထားသည့်အာမခံဆေးစာရွက်ကိုမတွေ့ပေ။ ၎င်းတို့ကိုမလိုချင်တော့သလို အလေးအနက်လည်းမထားလိုက်သော်လည်း ဟန်ချင်စုန့်က စိုးရိမ်လာသည်။


ဟန်ချင်းစုန့်ပြောလိုက်သည်။

"ခရိုင်မြို့က ရဲဘော်ရဲဘက်တွေက အကူအညီပေးလိုက်တာရယ်..."


လင်းလန်က သူအညိုရောင်သံဘူးကိုကိုင်ထားကြောင်းတွေ့လိုက်ရသည်။ ၎င်းကဘာလဲ သူမ မသိပေ။ သူမ ကိုင်လိုက်ချင်သော်လည်း ဟန်ချင်စုန့်က အိမ်ထဲကိုသယ်လာပေးခဲ့သည်။


သူမဘာမှ မမေးလိုက်တော့ပေ။


Xxxxx