အပိုင်း ၂၉၇-၂၉၈
Viewers 20k

Part 297


လင်းလန် မှတ်မိသွားလေပြီ။ 


ထိုကောင်လေးပင်။ ယနေ့တွင်သူက ချက်ချင်းမင်္ဂလာဆောင်တော့မည့်ပုံဝတ်ထားပြီး အဝေးမှုန်နေသည့်နှယ် မျက်မှန်တပ်ထားသဖြင့် သူမ မမှတ်မိလုနီးပါးဖြစ်သွားရသည်။


ဟန်ကျင်းယုက သူ့ကို သေချာစိုက်ကြည့်ပြီးပြောလိုက်သည်။


"စွန်းကော...."


စွန်းယောင်ဝူကချက်ချင်းနားလည်သွားပြီး လင်းလန်လက်ထဲကို လက်ဆောင်ထုတ်ကို  ပြုံးပြုံးကြီးထည့် ပေးလေသည်။


လင်းလန်က လက်မခံချေ။


"ကျွန်မတို့မိသားစုက ခေါင်းဆောင်ဟန်က လက်ဆောင်တွေ လုံးဝလက်မခံပါဘူး... ဒီတော့ ပြန်ယူပေးပါ...."


အတိတ်တုန်းက ဟန်ချင်စုန့်ကိုလက်ဆောင်ပေးရန် အိမ်သို့လာသူများရှိသည်။ သူတို့က အကူအညီလိုချင်၍လာသည်ဖြစ်လျှင် ဟန်ချင်စုန့်က တိုက်ရိုက်သာငြင်းဆိုလေသည်။ သူ၏တရားဝင်လစာဖြင့်ပင် သူ့မိသားစုကိုထောက်ပံ့နိုင်သည်။


လက်ဆောင်ပေးသူက အော်ကြီးဟစ်ကျယ်လုပ်ပါလျှင်လည်း လုံးဝဂရုမစိုက်ပဲနေ၍ မည်သူကမှ ခေါင်းဆောင် ဟန်ကို လက်ဆောင်ပေးရန် မလာရဲတော့ချေ။


စွန်းယောင်ဝူက နည်းလမ်းကိုသိနေဟန်ပြုံးလိုက်သည်။


"နားလည်ပါတယ်.. ကျွန်တော်နားလည်ပါတယ်ဗျာ.... ဒါက ခေါင်းဆောင် ဟန်အတွက်လက်ဆောင်မဟုတ်ပါဘူး... မရီးအတွက်ပါ...ဟားဟား....အိမ်ကိုပထမဆုံးလာလည်တာမလို့ လေးစားသမှုနဲ့ပေးတာမျိုးပါ...." 


လင်းလန်က မျက်ခုံးပင့်လိုက်သည်။ သူမက သူတို့ အိမ်ကိုလောကဝတ်အနေဖြင့်လာသည်ဟုမထင်ပါချေ။ စွန်းယောင်ဝူနှင့် ဟန်ကျင်းယုတို့၏ အမူအရာအရ ပို၍ပင်မယုံကြည်ပေ။


ထို့အပြင် ဟန်ကျင်းယုနှင့်စွန်းယောင်ဝူတို့က အခြေမကျသေးသည်ဖြစ်၍ အိမ်သို့ လက်ဆောင်ဖြင့်လာသည်ကိုကပင် အတော်လေးမူမမှန်နေပေ။


"ရှင့်ရဲ့လက်ဆောင်အတွက်ကတော့ ရှင်ကြိုက်သလိုဆုံးဖြတ်ပါ ကျွန်မတို့ကတော့ လက်မခံပါဘူး...."


လင်းလန်က သူတို့ကို အနွေးကုတင်ပေါ်မခေါ်ပဲ စားပွဲတစ်ခုတွင်ဝိုင်းထိုင်ခိုင်းလိုက်သည်။


လူအများကြီးပါလာ၍ ဘက်တီးရီးယား မည်မျှပါလာမည်ကို မည်သူကသိမည်နည်း။ အနွေးကုတင်ဆိုသည်မှာ သီးသန့်နေရာဖြစ်လေပြီး ရင်းနှီးသောအမျိုးများနှင့် သူငယ်ချင်းမိတ်ဆွေများမှအပ လူတိုင်းကိုလာခွင့်မပေးနိုင်ချေ။


လင်းလန်က သူတို့ကို သူမနှင့် ရင်းနှီးသောလူများအဖြစ် မယူဆ၍ အနွေးကုတင်ပေါ်မဖိတ်ခြင်းဖြစ်သည်။


သူမ၏ စိမ်းကားသလိုပြုမူကာ ယဉ်ကျေးသမှုလုပ်နေပုံကိုကြည့်ပြီး အဒေါ်ဟန်နှင့် ဟန်ကျင်းယုတို့နှစ်ယောက်လုံး ကြည့်ရဆိုးသွားလေသည်။


အစ်မကြီးဟန်က ပြဿနာမီးမွှေးတော့သည်။


"ချင်းစုန့်မိန်းမရဲ့... ကျုပ်တို့က အပြင်လူတွေမှမဟုတ်တာကို ညည်းကဘာတွေလုပ်နေတာလဲ...."


လင်းလန်က သူတို့အတွက် ရေနွေးငှဲ့ပေးနေလေပြီး ထိုစကားကိုကြားသော်လည်း လက်ကမရပ်သွားပေ။


"အစ်မကြီးတို့ လုပ်စရာတစ်ခုခုများရှိလို့လာတာလား.... မဟုတ်ရင် ကျွန်မ အလုပ်ဆက်လုပ်တော့မလို့....."


ဧည့်သည့်နောက်မှ မပြောမဆိုလိုက်လာသောသူကို သူမဘက်ကလည်း မကြိုဆိုချင်ပါချေ။


ဟန်ကျင်းယုက သူမအမကြီး၏အင်္ကျီလက်ကို ဆွဲလိုက်ပြီး ဘာမှမပြောရန် အရိပ်ပြလိုက်သည်။ အစ်မကြီးဟန်က မခံမရပ်နိုင်ဖြစ်ကာ နှာမှုတ်ပြီး ထိုင်ချလိုက်လေသည်။


လင်းလန်ကဆက်ပြောသည်။


"ရှင်တို့တွေ ေခါင်းေဆာင်ဟန်ကိုလာရှာတာဆိုရင်တော့ သူအလုပ်မဆင်းသေးဘူးရယ်.... ဒါမှမဟုတ် ရှင်တို့မိဘတွေအိမ်ပြန်ပြီးစောင့်နေလိုက်ပါ့လား သူပြန်လာတာနဲ့ ရှင်တို့ဆီလာဖို့လွှတ်လိုက်ပါ့မယ်...."


တစ်ချက်ကြည့်ရုံဖြင့် စွန်းယောင်ဝူက ဟန်ချင်စုန့်ဆီအပြေးလာကြောင်း သူမပြောနိုင်သည်။ အစ်မကြီးဟန်ကလည်း သူ၏ခန္ဓာကိုယ်တစ်ဝက်မျှရှိသော သားကိုခေါ်လာသည်မှာ သူမကို လာနှုတ်ဆက်ရုံမျှမဟုတ်လောက်ဘဲ ဟန်ချင်စုန့်ဆီလာသည်သာဖြစ်ရပေမည်။


သူမကိုလာတွေ့တာမဟုတ်သော သူများကိုအယောင်ဆောင်ပြီးပင် ဧည့်ဝတ်မကျေချင်ပေ။


ဟန်ချင်းစုန့်အိမ်တွင်မရှိပဲ သူတို့ဘာကြောင့်ဤနေရာတွင်ရောက်နေရသလဲ သူမအနည်းငယ်မျှပဟေဠိဖြစ်ရသည်။


ဟန်ကျင်းယုက မကျေမနပ်ပြောလာသည်။


"နင်ဘာတွေပြောနေတာလဲ....."


ထို့နောက်တွင် အိမ်ကြီးသခင်လိုပြုမူကာ စွန်းယောင်ဝူကိုထိုင်ခိုင်းလိုက်သည်။


အစ်မကြီးဟန်ကလည်း လင်းလန်ကိုအပြစ်တင်ပြန်သည်။


"နင့်တူက သူ့ဦးလေးဆီလာတာလေ... နင်ကကြိုဆိုရမှာပေါ့... မုန့်လေးဘာလေးချ ရေလေးဘာလေးချပေးပါ့လား.... နင်ယဉ်ကျေးမှုတွေဘာတွေမသိဘူးလား...."


"အိုး... ရှင်သာမပြောရင် ဘယ်သူက ကျွန်မတူမှန်းတောင်သိဘူး.... သူကကျွန်မတူပေါ့လေ...."

လင်းလန်က လှောင်ပြောင်လိုက်သည်။ 


ငါ့တူလို့လည်းပြောသေးတယ် သူအဒေါ်ကိုမြင်မြင်ချင်းဘာလို့ အဒေါ်လို့မခေါ်ရတာလဲ... သူကမှမခေါ်တာ ငါကဘယ်လိုလုပ်သိမှာလဲ....ထိုကောင်လေးမှာ တက်ကြွသည့်လူမဟုတ်လောက်ပေ။ သူ့ပခုံးများကို အားပါးတရကြုံ့ထားပြီး နေနေသည်မှာ အတော်လေး စိတ်မချရသည့်ပုံပေါ်နေသည်။ သူက ခေါင်းကြီးငုံ့ပြီး အခြားလူများကို မျက်လုံးလှန်၍ ကြည့်နေလေသည်။


ထိုပုံမှာ လူများကို မျက်ဆံလှန်ပြီးစိုက်ကြည့်သည်နှင့် တူလေသည်။


လင်းလန်က တက်တက်ကြွကြွမရှိသော မြုံစိစိလူများကိုမကြိုက်ချေ။


အစ်မကြီးဟန်က သူမသားကိုပြောလိုက်သည်။

"သား သူ့ကိုဒေါ်လေးလို့ခေါ်လိုက်လေ....."


သူ့သားက လင်းလန်ကို မသဲမကွဲအသံလေးဖြင့်ခေါ်လာသည်။


အစ်မကြီးဟန်က လင်းလန်ကိုစိုက်ကြည့်လိုက်သည်။

"ညည်းတူကခေါ်နေတာမကြားဘူးလား...."


လင်းလန်က နှုတ်ခမ်းသာတွန့်လိုက်ပြီး အပြင်သို့သာထွက်သွားလိုက်ချင်သော်လည်း အိမ်ထဲတွင် ပစ္စည်းပေါင်းများစွာရှိ၍ သူတို့ကိုသာဒီအတိုင်းထားခဲ့ပါက သေချာပေါက်ယူသွားကြမည်မှန်းသိနေ၍ သည်းခံလိုက်သည်။


သူတို့သာ ခိုးဝှက်ရဲပါက သူမဘက်ကလည်း လက်တုံ့ပြန်ရဲသည်ဖြစ်သော်လည်း တပါးသူများက သူမအိမ်၏ပစ္စည်းများကိုဖျက်ဆီးကြမည်အား ကြည့်မနေနိုင်ပေ။


ထို့ကြောင့် သူမကသူတို့ကိုသာအဖော်ပြု၍နေနေလိုက်သည်။


အိမ်ထဲတွင် ကိုးယိုးကားယားလေထုကြီးဖြစ်တည်နေသည်။


ဟန်ကျင်းယုနှင့် အစ်မကြီးဟန်က သူမ၏အိမ်ထဲတွင်ထိုင်ပြီး အိမ်ပိုင်ရှင်ကိုဂရုမစိုက်ဘဲ ပြောချင်ရာပြောနိုင်နေသေးသည်။


လင်းလန်က သူတို့ပြောနေသည်ကိုကြည့်ပြီး တောင့်ခံနေသည်။


သူမတိုက်ရိုက်သာပြောလိုက်တော့သည်။

"ကျွန်မ သွားစရာရိသေးတယ်... ရှင်တို့က...."


"ဒါဆိုသွားလေ... စောစောပြန်လာပြီးငါတို့ဖို့ ချက်ပြုတ်ကျွေးစမ်းပါ...."


အစ်မကြီးဟန်က လင်းလန်ကိုအဖတ်မတန်သလိုပြောလိုက်သည်။


"အရင်နေ့အသားဝေတုန်းကငါတို့မရလိုက်ဘူး... ဒီတော့ စောစောသွားပြီးစောစောပြန်လာခဲ့... ငါတို့စားသောက်ပြီးတာနဲ့ ညည်းကိုပြောစရာရှိတယ်...."


ထို့နောက်တွင် သူမက လက်ဖက်ရည်အိုးကိုယူကာ သူ့ဘာသာငှဲ့သောက်လေသည်။ လင်းလန်တို့အိမ်က ဧည့်သည်ဆောင်သည်လာတတ်သည်ဖြစ်၍ လက်ဖက်ခြောက်များဆောင်ထားတတ်လေသည်။


အစ်မကြီးဟန်က စွန်းယောင်ဝူရှေ့တွင် သူမ၏အကြီးဆုံးအစ်မဟူသော အာဏာကိုပြချင်ပြီး သူမ၏အငယ်ဆုံးမောင်နှင့် ညီမတို့က သူမ၏အောက်တွင်သာရှိကြောင်း ပြချင်နေသည်။


သူက မြို့မှအရာရှိဖြစ်သော်လည်း ကျင်းယုကိုလက်ထပ်ချင်လျှင် ခေါင်းဆောင် ဟန်ကို မျက်နှာချိုသွေးရမည့်အပြင် သူမကိုလည်း အကြီးဆုံးအစ်မအဖြစ် လေးစားရမည်ဟုတွေးနေလေသည်။


သူမ၏မောင်က ခေါင်းဆောင် တစ်ယောက်ဖြစ်လေ၍ သူမကိုယ်သူမဂုဏ်မောက်နေပေသည်။


အတိတ်တွင် စွန်းယောင်ဝူကိုတွေ့ပါက တပ်သားလေးတစ်ယောက်သာဖြစ်သော်လည်း မြို့သားဖြစ်နေ၍ မျက်နှာချိုသွေးမည်ဖြစ်သည်။ သို့သော် ယခုတွင် သူမ၏မောင်လေးက ညွှန်မှူးတစ်ယောက်ဖြစ်နေပြီး သူမက ညွှန်မှူးအစ်မဟူသော ဂုဏ်ရှိ၍ သူမကိုယ်သူမ မြင့်မြတ်သူကြီးဟုခံစားနေရသည်။


အိမ်တွင် သူမ၏ယောက္ခမက သူမကိုမျက်နှာသာမပေး၍ တစ်ကျက်ကျက်စကားများရသည့်အပြင် ဘယ်သောအခါမှ မျက်နှာသာမရပေ။


ယခုအချိန်တွင် သူမက စွန်းယောင်ဝူရှေ့တွင် လင်းလန်ကိုနင်းချေပြီး သူမ၏ အဆင့်ကိုပြချင်နေသည်။


လင်းလန်က မည်ကဲ့သို့ငြိမ်နေနိုင်မည်နည်း။


လင်းလန်က ချက်ချင်း လက်ဖက်ရည်အိုးများခွက်များကို ထသိမ်းပြီး ပြောလေသည်။


"ကောင်းပြီလေ.... ရှင်တို့မြန်မြန်ပြန်တော့... ကျွန်မတံခါးသော့ခတ်တော့မယ်...."


အချို့လူများက တိုက်ရိုက်ပြောမှသာရှက်တတ်ပြီး မဟုတ်ပါက ရသလောက်တွယ်ကပ်နေမည်ဖြစ်ကြောင်း သူမသိလေသည်။


Xxxxx

Part 298


စွန်းယောင်ဝူကို ထိုစကားကိုကြားသည်နှင့် ချက်ချင်းထရပ်သော်လည်း ဟန်ကျင်းယုကပြန်ဆွဲ၍ထိုင်ခိုင်းလေသည်။


အစ်မကြီးဟန်ကလည်း လင်းလန်က အပြင်လူရှေ့တွင်ပင် သူမကို မျက်နှာသာမပေး၍ အတော်လေးအံ့ဩသွားသည်။


"ယောင်းမ..... ဘာတွေပြောနေတာလဲ...."


လင်းလန်က နှာမှုတ်လိုက်သည်။

"ကျွန်မဆီ ပိုက်ဆံလာချေးတာမလား...."


သူမဆီပိုက်ဆံလာချေးတာသေချာပေါက်ပဲ... ယောက္ခမနဲ့စကားများပြီး စိတ်ဆိုးနေရအောင် သူ့အသက်ကဘယ်လောက်မလို့လဲ...


လင်းလန်၏ အေးစက်နေသောအကြည့်များဖြင့် အကြည့်ခံလိုက်ရ၍ အစ်မဟန်က အမြှီးတက်နင်းခံရသလိုဖြစ်သွားပြီး လင်းလန်ကိုလေးလေးနက်နက်ကြီးပြောလာသည်။


"ယောင်းမ... စိတ်မလှုပ်ရှားပါနဲ့... လာပါထိုင်ပြီး စကားပြောရအောင်လေ... ငါတို့က မိသားစုတွေပဲမလား ယဉ်ကျေးမနေပါနဲ့... နင်က သန်မာတဲ့မိန်းမတစ်ယောက်လေ... ငါတို့နဲ့ဘယ်တူမလဲ... ငါတို့က နေ့တိုင်းသေမလားရှင်မလား မသိရဘဲ ကြောက်လန့်တကြားအသက်ရှင်နေရ တာ... နင့်ကြောင့်သာမဟုတ်ရင် ငါ့မောင်က အသက်ရှင်မှာမဟုတ်သလို... အခုလိုရာထူးကြီးကြီးလည်းရနေမှာမဟုတ်ပါဘူးဟာ... အခုတော့ ငါ့မောင်က ရာထူးကြီးကြီးရနေတော့ သူ့အစ်မဖြစ်တဲ့ငါက မျက်နှာပွင့်ရတယ်မလား...သူ့ တူတွေအတွက်အလုပ်စီစဉ်ပေးရလွယ်သလို...သူ့သားတွေအတွက်လည်း လွယ်သွားမယ်ဟုတ်တယ်မလား...  ပြီးတော့ ပြောချင်တာက ငါ့မောင်က ပိုက်ဆံအတော်လေးရှာနိုင်တယ်လေ...."


သူမက အိမ်ကိုတစ်ပတ်လှည့်ကြည့်လိုက်ပြီး မြင့်မားလှသည့်အိမ်၊ ကောင်းမွန်လှသည့် ပရိဘောဂများကိုသေချာကြည့်လေသည်။


ထို့နောက်တွင် မနာလိုဖြစ်စွာပြောလိုက်သည်။


"နင်တို့က သက်တောင့်သက်သာနဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေကိုဖြတ်ကျော်နေရတာပဲလေ... နင့်ယောက်ျားက ဝင်ငွေကောင်းကောင်းရှာနိုင်မှတော့ နင့်ရဲ့ အမျိုးတွေကို ဂရုစိုက်ပေးနိုင်တယ်လေ... ပြီးတော့ ကိုယ့်ရဲ့ အမျိုးတွေကိုချေးငှားရတာ ပေးကမ်းရတာက သဘာဝပဲမဟုတ်လား..."


သူမ၏လေသံကိုနားထောင်ပြီးနောက်တွင် သူမပြောချင်သည်မှာ "ဘာပဲဖြစ်ဖြစ် ငါက ဟန်ချင်စုန့် အစ်မလေ..."ဟူသောသဘောမျိုးပေါက်နေလေသည်။ သို့သော် လင်းလန်ကမူ အပြင်လူတစ်ယောက်သာဖြစ်၍ သူမပြောသည်ကို သည်းခံနေစရာအကြောင်းမရှိချေ။


လင်းလန်က အလွန်ဒေါသထွက်သွားပြီးရယ်မောလိုက်သည်။ ထို့နောက်တွင် သူမရှေ့တွင် မျောက်ပွဲကပြသလိုလာလုပ်နေသည်ကို ပျင်းရိနေဟန်ဖြင့် ဟန်ကျင်းယုကိုစိုက်ကြည့်ပြီးပြောလိုက်သည်။


"အခုတလော ငါ့ဘက်က ကြင်နာပေးနေတော့ ငါဘယ်လောက်ကောင်းခဲ့လဲဆိုတာ မေ့နေပြီထင်တယ်...."


သူမပြောပြီးသည်နှင့် အိမ်၏တောင်ဘက်ထောင့်တွင်ရှိသော စင်ပေါ်ရှိ ပုဆိန်နှင့် တောခုတ်ဓားကိုလှမ်းကြည့်ကာ ဘယ်ဟာကိုသုံးလျှင် ပိုအဆင်ပြေမလဲဟူသော ပုံဖြင့်ကြည့်နေလေသည်။


ဟန်ကျင်းယုက ကြောက်လွန်း၍ ချက်ချင်းအော်ပြောလာသည်။


"မလုပ်ပါနဲ့... ကောင်းကောင်းပြောလို့ရတယ်လေ...."


အစ်မဟန်မှာ ဘာတွေဖြစ်နေလဲမသိသေးပေ။ သူမက လင်းလန်ကို အစ်မကြီးဟူသော ရာထူးဖြင့်နှိပ်ကွပ်ရန် ဤနေရာသို့လိုက်လာခြင်းသာဖြစ်သည်။ သူမက လင်းလန်ကို ကိုယ့်အမျိုးအချင်းချင်း လေးစားရန်ပြောနေဆဲဖြစ်သည်။ ထိုအချိန်တွင် လင်းလန်က ဒလိမ့်တုံးကိုလှမ်းယူလိုက်လေသည်။


အစ်မကြီးဟန်မှာ မပြောပဲမနေနိုင်တော့ပေ။

"နင်.... နင်ဘာလုပ်နေတာလဲ...."


လင်းလန် အရင်တစ်ခေါက်က သူမကိုအော်ဟစ်ဆူပူဖူးသော်လည်း စကားအရသာပြောခြင်းဖြစ်ပြီး ဘာမှမလုပ်ခဲ့ချေ။


ထို့အပြင် အစ်မဟန်တွင် မေ့လွယ်ခြင်းဟူသော အထူးစွမ်းရည်လည်းရှိနေသေးသည်။ သူမက မည်သည့်အရာဖြစ်လာဖြစ်လာ မြန်မြန်သာမေ့သွားလေ့ရှိသည်။သူမ မည်မျှငိုခဲ့ရပါစေ ခံစားခဲ့ရပါစေ နောက်လှည့်လိုက်သည်နှင့် ချက်ချင်းမေ့ပြီး နည်းလမ်းဟောင်းကိုသာဆက်လုပ်နေဆဲဖြစ်သည်။


အရင်တစ်ခေါက်က သူမလင်းလန်ဆီမှ အဆူခံရချိန်တွင် ချော်လဲရုံသာဖြစ်ခဲ့သည်။ သို့သော် အိမ်သို့ပြန်ရောက်ချိန်တွင် မတရားဟုထင်၍ အဘွားကြီးဟန်ကိုပြန်တိုင်ကာ လင်းလန်ကိုဆူခိုင်းခဲ့သည်။


ရလဒ်အနေဖြင့် ဟန်ချင်စုန့်က သူ၏မိန်းမဘက်မှနေပေးပြီး လေးယောက်မြောက်ကလေးက အဖမ်းခံခဲ့ရသည်။


အစ်မဟန်က အိမ်ပြန်ချင်သော်လည်း သူမ၏ယောက္ခမက သူမကို အိမ်တွင်နေပြီး ကိုယ့်ကလေးကိုယ်ဂရုစိုက်ရန်နှင့် မိခင်ဘက်မှအိမ်ကိုခဏခဏ အပြေးမသွားရန်ဆူခဲ့သည်။


အစ်မကြီးဟန်သည် မူလက သူမယောက္ခမကိုကြောက်သော်လည်း သူမ သားယောက်ျားလေးမွေးပေးပြီးသည့် အချိန်နောက်ပိုင်းတွင် မကြောက်တော့ပေ။ ထို့ကြောင့် သူမ၏ယောက္ခမကိုပြန်အော်လေပြီး ရလဒ်အနေဖြင့် ယောက္ခမကြီးက ဒေါသကြောင့် နေမကောင်းဖြစ်သွားရသည်။ သူမ၏ယောက်ျားက ထိုသတင်းကိုကြားသည်နှင့် စိတ်လွတ်သွားကာသူမကို ပြင်းပြင်းထန်ထန်ရိုက်ခဲ့လေသည်။


သူမ အတော်လေးအရိုက်ခံခဲ့ရ၍ သူမ မိသားစုဘက်ကို မပြန်ရဲဖြစ်ခဲ့ရသည်။


လက်တလောတွင် သူမ၏ ယောက္ခမကြီကထပ်ဖျားလေပြီး သူမ မိသားစုအတွင်းရှိလေထုကလည်းအနည်းငယ် ပြေလည်နေလေသည်။ ထို့ကြောင့် သူမသာ သူမသားကိုခေါ်ပြီး မိသားစုအိမ်ကိုပြန်ပြီး တတိယဦးလေးကို သွားနှုတ်ဆက်မည်ဆိုပါက အလုပ်ရလာနိုင် မည်ဟုတွေးမိခဲ့သည်။


သူမက လင်းလန် တံမြက်စည်းစွဲပြီး သူမနောက်လိုက်ကာ ပြောခဲ့သည့်စကားများကိုပင်မေ့သွားခဲ့ပြီး လင်းလန်က သူမကို တကယ်မရိုက်ရဲဟုပင်တွေးခဲ့သည်။


လင်းလန်က ဒလိမ့်တုံးကြီးကိုကိုင်ကာ သူမဘက်ကိုထိုးပြသည်။

"အဲ့မှာထိုင်နေ...."


အစ်မဟန်မှာ တုန်ယင်သွားရပြီးချက်ချင်းထိုင်လိုက်သည်။


လင်းလန်ကပြောသည်။

"ကွေ့ဝိုက်မနေနဲ့... ရှင်တို့ရည်ရွယ်ချက်ကဘာလဲပြော...."


အစ်မဟန်က ခက်ခက်ခဲခဲပြောလိုက်သည်။

"ငါ့သားကို သူ့တတိယဦးလေးဆီခေါ်လာရုံပါ...."


လင်းလန်က ကြမ်းတမ်းစွာပြောလိုက်သည်။


"ကျွန်မပြောပြမယ်... ရှင်က သူ့ရဲ့တတိယဦးလေးဆီက အလုပ်စီစဉ်ပေးတာခံရဖို့လာတာဆိုရင်တော့ ပြန်လို့ရပြီပဲ... သူ့ရဲ့တတိယဦးလေးက ပြည်သူ့လုံခြုံရေးဗျူရိုက ညွှန်မှူးတစ်ယောက်... ဒါက လုံခြုံရေးအရာရှိနဲ့အတူတူပဲ... တွေ့တဲ့လူကို အလုပ်ထဲခေါ်သွင်းလို့မရဘူး... လူအသစ်စုဆောင်းရင်လည်း တော်လှန်ရေးကော်မတီကလူတွေကိုပဲ ခေါ်ကြတာ... "


"ဘာလို့မရရမှာလဲ... ဟန်ချင်းယွမ်တောင်ရသေးတာကို....."


ဟန်ကျင်းယုက လက်မခံနိုင်ချေ။


"နင့်မှာဦးနှောက်မရှိဘူးလား...."


လင်းလန်က သူမကိုလှောင်ပြောင်လိုက်သည်။


"ဟန်ချင်းယွမ်က အစကတည်းက ရွာရဲ့တပ်သားတွေရဲ့ခေါင်းဆောင်လေ... သူ့အဖေကဖြင့် တပ်ခွဲရဲ့ အတွင်းရေးလက်ထောက်ကို... သူ့က ကော်မတီထဲဝင်နိုင်ဖို့ နင့်ရဲ့တတိယအစ်ကိုထက် ပိုပြီး ခက်ခက်ခဲခဲကြိုးစားခဲ့ရတာ... နင့်ရဲ့တတိယအစ်ကိုက ခေါင်းဆောင်ဆိုပေမဲ့ သူတို့အားလုံးက ပုံမှန်အတိုင်းပဲလုပ်ဆောင်ကြမှာ... သွားလိုက်တော့... ကိုယ့်ဘာသာနည်းလမ်းရှာလိုက်ကြ...."


"နင်....."

ဟန်ကျင်းယုက ဒေါသထွက်ထွက်ဖြင့် ထရပ်လိုက်သည်။


စွန်းယောင်ဝူက သူမကို စိတ်ငြိမ်အောင် အောက်ပြန်ဆွဲချပြီး သူမယောင်းမနှင့် စိတ်ဝမ်းမကွဲရန် သူမယောင်းမကိုလေးစားရန် ပြောချင်နေသည်။


လင်းလန်က ဟန်ကျင်းယုပြောသည်နှင့် လုံးဝမတူကြောင်း သူသိခဲ့ရလေပြီ။ သူမက အပေါ်ယံသာဆက်ဆံပြီး လမ်းပေါ်တွင်အော်ဟစ် ငိုယိုကာ ပြဿနာရှာမည့် ကြမ်းတမ်းသည့် မိန်းမ မဖြစ်နိုင်ပေ။


ရုတ်တရက်ကြီး ကိုင်တွယ်ရခက်မည်ဟု ခံစားမိလိုက်ရသည်။


သူက ဟန်ချင်စုန့်အပေါ်အကောင်းမြင်စိတ်ရှိပြီး သူသာ ကောင်းကောင်းမွန်မွန်သဘောတူအောင်လုပ်နိုင်ခဲ့ပါက ပြည်သူ့လုံခြုံရေးဗျူရိုတွင် နေရာတစ်နေရာ ရမည်ဟုမျှော်လင့်ခဲ့သည်။


Xxxxxx