အပိုင်း ၃၀၇-၃၀၈
Viewers 20k

Part 307


ဤနည်းဖြင့် အိမ်တွင် အိုးနှစ်လုံးရှိလာမည်ဖြစ်ပြီး အနွေးကုတင်အတွက်မီးများထည့်ပေးရန်မလိုအပ်တော့သလို နေ့တိုင်းဒယ်အိုးနှင့်မီးဖိုများရွေ့ရမည့် ဒုက္ခမှကင်းဝေးမည်ဖြစ်သည်။


ဟန်ချင်းပေါင်ကလည်း သူ၏အဖွဲ့၏ဆွေးနွေးပြီးပြီဖြစ်ပြီး နှစ်သစ်ကူးနေ့များတွင်သူ၏နောက်ဆုံးစာမေးပွဲကိုဖြေဆိုပြီး နောက်ပိုင်းတွင်အနားယူမည်ဖြစ်သည်။ နှစ်ဆယ့်ငါးကြိမ်မြောက်နှစ်ပတ်လည်အထိန်းအမှတ်အနေဖြင့် ကျောင်းများကလည်းတရားဝင်ပိတ်ကြသည်။ ကျောင်းများက ပထမဆုံးလ၏ဆယ့်ငါးရက်နေ့တွင်ဖွင့်မည်ဖြစ်သည်။


ထို့ကြောင့် လူနာပြက္ခဒိန်၏ဆယ့်နှစ်လမြောက်ထဲဝင်ချိန်တွင် ကျောင်းများကလည်း ပေါ့ပေါ့ပါးပါးသာသင်ကြားတော့သည်။ နေ့တိုင်း ရှစ်နာရီမှသုံးနာရီအထိ သီချင်းဆိုခြင်း၊ ပုံပြင်ပြောခြင်းတို့ကဲ့သော အရာများကိုသင်ပေးလေတော့သည်။


နှစ်သစ်ကူးကိုလည်းပွဲတော်ကြီးတစ်ခုအဖြစ် သတ်မှတ်ကြလေသည်။ လင်းလန်ကသေချာပြင်ထားပြီး ဝက်နံရိုး၊ ဝက်သား၊ ဥစသည်ဖြင့် သူမစုဆောင်းထားသည့်အရာမှန်သမျှဖြင့် ပွဲတော်ကြီးတစ်ခုလိုချက်ပြုတ်ပြီး သူမ၏ကလေးများကို တည်ခင်းစေမည်။


နံရိုးချိုချဉ်၊ ဝက်သားကြော်၊ ဟင်းရွက်ချဉ်ကြက်ဥစွပ်ပြုတ်၊ ကြက်ဥနှင့်ကြက်သွန်မြိတ်ကြော်၊ တိုဟူးဟင်းနုနွယ်ကြော်၊ မှိုနှင့်ဝက်သားစတူး၊ ဂေါ်ဖီနှင့်ကြာဇံကြော်သည်ဖြင့် လင်းလန်က အိမ်တွင်အသားအများကြီးမရှိသော်လည်း ချက်စားနိုင်မည်ဟုထင်သော ဟင်းလျာများကို ကြိုးစားပမ်းစား ချရေးထားသည်။ အသားအများကြီးမရှိသော်လည်း ဟင်းပွဲအများကြီးရှိနေသ၍ ကလေးများကပျော်နေမည်ဖြစ်သည်။


ဟင်းချက်နည်းများကိုတွေးပြီးသည်နှင့် လင်းလန်က စာရေးကိရိယာအချို့ကိုဘူးလေးဖြင့်ပြင်ထားသည်။ ၎င်းတို့က ဟန်ချင်းပေါင်ကိုကျောင်းသို့ကျောင်းသားများ ပို့ပေးနိုင်သည်ဖြစ်၍ ရထားသည့်ဆုများဖြစ်ပြီး သူမက သူမ၏ကလေးများအတွက်အကောင်းဆုံးများကိုယူထားခြင်းဖြစ်သည်။


ဖောင်တိန်ကောင်းကောင်းတစ်ချောင်းနှင့် စစ်တပ်သုံးလွယ်အိတ်က ဟန်ချင်စုန့်ပြန်ယူလာသည့်အရာများဖြစ်သည်။ ဒိုင်ယာရီစာအုပ်၊ ရေးစာအုပ်များစွာနှင့် ခံတံများစွာလည်းရှိသေးသည်။


အရင်က သူမက ကလေးများကိုနောက်ဆုံးစာမေးပွဲကြီးပြီးသည်နှင့် ဆုများပေးမည်ဟုပြောထားခဲ့သည်။ ပထမဆုံး သူမက ၎င်းတို့ကိုထုတ်ပြပြီး ရလဒ်များကိုကြေငြာပေးမည်ဖြစ်သည်။


လင်းလန်က အလုပ်များနေချိန်တွင် ကလေးများက အိမ်ထဲဝင်လိုက်ထွက်လိုက်လုပ်နေသည်။


ဤအချိန်တွင်မိုင်စွေ့၊ အားဝမ်နှင့်ရှောင်ဝမ်တို့က တံခါးဝတွင်ရှိနေကြသည်။


လင်းလန်ကသူတို့ကိုနှုတ်ဆက်လိုက်ပြီး သူတို့နောက်တွင်ရှိနေသည့် စန်းဝမ်နှင့်တဝမ်ကိုကြည့်လိုက်သည်။ တဝမ်ကပုံမှန်အတိုင်းဖြစ်သော်လည်း စန်းဝမ်ကတော့မကြည်သာပေ။ သူ့ပုံလေးမှာ နေလောင်၍ရှုံ့တွနေသောခရမ်းသီးလေးတစ်လုံးနှယ်ဖြစ်နေသည်။


"အိုး.... အစ်ကိုတော်လေး အရိုက်ခံလာရတာများလားရှင်...."


လင်းလန်က ပြုံးလိုက်ပြီး စာမေးပွဲကမလွယ်ကူကြောင်းသိနေဟန်ပြောလိုက်သည်။


စန်းဝမ်က မျက်မှောင်ကြုတ်လိုက်သည်။


"မာမား... စာမေးပွဲကဘာလို့ဖြေရတာလဲဟင်... ကျောင်းသွားတာစာဖတ်ဖို့ စာသင်ဖို့ပဲမဟုတ်ဘူးလား... စာမေးပွဲဆိုတာဘာကြီးလဲ...စာမေးပွဲကိုဘယ်သူကတီထွင်တာလဲ... တကယ်မကောင်းဘူး... ဘာလုပ်ဖို့များဖြေခိုင်းတာလဲပဲ..."


လူတိုင်းသူ့ကိုရယ်ကြတော့သည်။


မိုင်စွေ့ကစလိုက်သည်။


"နင်သာစာမေးပွဲမှာ အဆင့်တစ်ရရင် ဒီလိုပြောမှာမပါဘူး... နင်စာမေးပွဲမဖြေဘူးပဲထား နင်စာကောင်းကောင်းလေ့လာခဲ့လားဘယ်သူသိမှာလဲ... ဖြေမှသိမှာပေါ့...."


စန်းဝမ်က သူမကိုပြူးတူးတူးပြန်ကြည့်သည်။


"ကိုယ်ဘယ်လောက်ကောင်းကောင်းလေ့လာခဲ့လဲ ပြတာက ကြွားတာပဲ...."


မိုင်စွေ့က ဂုဏ်ယူစွာပြောသည်။


"မာမားက ဆုတွေရှိတယ်ပြောတယ်... ငါကတော့သေချာပေါက်ရမှာပဲ...."


လင်းလန်က ဆုများကိုကြေငြာလေသည်။ ခဲတံများလွယ်အိတ်များအကြောင်းပြောပြီးနောက် ထပ်ပေါင်းပြောလာသည်။


"အခန်းထဲမှာ ထိပ်ဆုံးသုံးနေရာထဲဝင်ရင် ငါးဆယ်ဆင့်ရမယ်... ထိပ်ဆုံးငါးနေရာထဲဝင်ရင်တော့ နှစ်ဆယ်ဆင့်ပေါ့...."


ငါးဆယ်ဆင့်ဆိုသည်မှာ အလွန်များပြီး စာအုပ်နှစ်အုပ်ဝယ်၍ရလေသည်။ မိုင်စွေ့နှင့်အားဝမ်က တိတ်တိတ်လေးပျော်နေကြသည်။ အားဝမ်က မိုင်စွေ့လောက်မတော်သော်လည်း အခန်းထဲတွင်ထိပ်ဆုံးသုံးယောက်ထဲဝင်သည်ဖြစ်၍ ဆုရမည်မှာသေချာပေါက်ဖြစ်သည်။


တဝမ်က အပေါ်ယံတွင် မထီဟန်ဖြစ်နေသော်လည်း အနည်းငယ်ကွေးညွတ်နေသောနှုတ်ခမ်းပါးများက သူ့ကိုသစ္စာဖောက်နေသည်။


စန်းဝမ်က ပိုက်ဆံရောလွယ်အိတ်ရော ဘောပင်ရောအကုန်လိုချင်သည်။


မည်မျှခန့်ညားမည်မှန်းမသိသော်လည်း သူသာ၎င်းတို့ကိုအခန်းထဲတွင်ထုတ်ပြလိုက်လျှင် လူတိုင်း မနာလိုဖြစ်ကြပေလိမ့်မည်။


အလွန်လန်းနေပေလိမ့်မည်။


သူ၏အဆင့်များက သိပ်မကောင်းလှသည်မှာ နှမျောစရာပင်ဖြစ်ပြီး လက်သင့်မခံလို၍ လင်းလန်ကိုအထွန့်တက်ပါတော့သည်။


"မာမား...အခန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယဆိုတာရှိတယ်လေ... သူတို့ပြီးတော့ နောက်ပိုင်းကလည်းအဆင့်ကောင်းတာပဲကို..."


လင်းလန်က မျက်စိသာလှန်လိုက်သည်။

"အိုး... ပထမအတွက်ဆု၊ ဒုတိယအတွက်ဆု၊ တတိယအတွက်ဆုပဲရှိတော့ သားအတွက်ကမကျန်တော့ဘူးမလား...."


စန်းဝမ် : "ဒုတိယအတွက်နှစ်ယောက်၊ တတိယအတွက် သုံးယောက်ဆိုရင်ကော...."


အားဝမ်ကသူ့ကိုရယ်လေသည်။


"အတွေးကတော့မဆိုးပါဘူး... ဒါပေမဲ့ ငါတို့မိသားစုနဲ့တင်မလောက်လို့ ရှောင်ဝမ်ကိုပါထည့်တွက်ရလိမ့်မယ်နော်...."


အမြဲတိတ်နေတတ်သောရှောင်ဝမ်အပါအဝင် လူတိုင်းရယ်မောကြတော့သည်။


သူလည်း ယခုတွင်စာသင်နေပြီဖြစ်သည်။ ဟောက်ယွမ်ထံမှ ဂီတသင်ခြင်းမှလွဲ၍ သူက သူ၏အစ်မနှင့်အစ်ကိုကြားတွင်သွားထိုင်လေ့ရှိသည်။


သူကနောက်ကျပါသော်လည်း ပထမတန်းရှိတရုတ်နှင့် သင်္ချာကို သင်ယူနေပြီဖြစ်သည်။


မိုင်စွေ့၏စကားအရ သူက တတိယအစ်ကိုထက်ပိုတော်ပေသည်။


စန်းဝမ်က ကျောင်းသွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ဟာသလုပ်လေ့ရှိသည်။ လူတိုင်းက သူဘာကိုဆိုလိုကြောင်းသိသည်။ အဘယ်ကြောင့်ဆိုသော် သူကအငယ်ဆုံးဖြစ်ဖူး၍ပင်။ အမေကလည်း ထိုအကြောင်းကိုအလေးမနက်မထားပေ။ သို့သော် ယခုတွင် သူနှင့်နှိုင်းယှဉ်နိုင်သည့် ညီငယ်လေးရှိနေပြီဖြစ်၍ ရှက်စရာပင်ဖြစ်သည်။


ရှောင်ဝမ်က သူ့အစ်ကိုကို မည်သို့နှစ်သိမ့်ရမလဲသင်ထားပြီးဖြစ်သည်။


"သားက စာမရေးတတ်သေးပါဘူး...."


သို့သော် စန်းဝမ်ကတော့ လုံးဝစိတ်သက်သာရာမရပေ။


စန်းဝမ်က သူတို့အားလုံးပျော်နေသည်ကိုကြည့်ပြီး သူ့ကိုပါကူးစက်လာသည်။


"သားဆုမရနိုင်ဘူးလို့ မထင်လိုက်လေနဲ့... အစ်ကိုကြီးတို့နဲ့ မပြိုင်ရဲဘူးထင်နေလား.... ဒုတိယအစ်ကိုရော ဒုတိယအစ်မရောက အရမ်းလိုချင်နေတယ် ရှောင်ဝမ်ကလည်းလောဘကြီးတယ်.. သားနာမည်က ဇီးသီးကိုပေးတဲ့ခုန်ရုန်ပဲ...."


မိုင်စွေ့ :"သစ်တော်သီးပေးတဲ့ခုန်ရုန်ပါဟ.... ရှောင်ဝမ်ကိုမဟုတ်တာတွေသင်ပေးမနေနဲ့...."


စန်းဝမ် : "ခုန်ရုန်ကသစ်တော်သီးတွေပေးတာလို့သိပါတယ်... ဒါပေမဲ့ သားကခုန်ရုန်လိုသစ်တော်သီးမှမကြိုက်တာ...."


လူတိုင်း "....."


အားဝမ်: "သစ်တော်သီးနည်းနည်းကျန်သေးတယ်... သွားစားကြတာပေါ့...."


သူတို့အားလုံး သစ်တော်သီးတွေခူးလာကြပြီး စားကြကာ အခန်းထဲတွင်သူတို့၏ရယ်သံတို့ ပဲ့တင်ထပ်လာကြသည်။


လင်းလန်၏မျက်နှာပေါ်တွင် အမယ်အိုကြီးတစ်ယောက်၏ပီတိအပြုံးတစ်ခုထွက်ပေါ်လာသည်။ သူမတစ်ယောက်ထဲ အိမ်တွင်ရှိချိန်က အိမ်ကအလွန်ကြီးပြီး ဗလာဖြစ်နေသည်။ကလေးများ ပြန်ရောက်လာချိန်တွင်မူအိမ်က နေရာမလောက်ဖြစ်ကာ ဆူညံနေလေသည်။ ကလေးများ၏အိမ်၏ ဆည်းလည်းလေးများပင်။


Xxxxxx

Part 308


လင်းလန်က ကောင်းကင်ကိုမော့ကြည့်ပြီး တဝမ်ကိုလှမ်းခေါ်ကာ သူ့ညီလေးများနှင့်အတူ သီးနှံကြိတ်ခွဲစက်ကိုသွားခိုင်းပြီး မိုင်စွေ့ကိုသူမနှင့်အတူဟင်းကူချက်စေသည်။


"အမေ သားအဒေါ်ကိုတန်းစီဖို့ကူခိုင်းထားတယ်... အခုအမေတို့အလှည့်ပဲ သွားယူချေ...."


ယခုအချိန်တွင် ရွာထဲတွင် ဆန်စပါးတို့ကြိတ်ခွဲချိန်ရောက်ပြီဖြစ်ပြီး ရွာထဲရှိစက်ရုံရှေ့တွင် အိမ်တိုင်းမှလူများက တန်းစီကြရသည် အထူးသဖြင့် နှစ်ကုန်ခါနီးလည်းဖြစ်၍ လူတိုင်းတန်းစီနေကြသည်။ လင်းလန်က ကျန်းချိုက်ဟုန်လည်းတန်းစီနေကြောင်းတွေ့၍ သူမအတွက်ပါ တစ်နေရာတန်းစီပေးရန် ပြောခဲ့သည်။ ယခုတွင်အချိန်ကျပြီဖြစ်သည်။


မိုင်စွေ့ကပြောသည်။

"မာမား... ဒုတိယအစ်ကိုကိုသာ မာမားနဲ့အတူ ချက်ခိုင်းလိုက်...သမီးသွားလိုက်မယ်...."


လင်းလန်လည်းပြန်စဉ်းစားကာပြောလိုက်သည်။

"ဘယ်အဖွဲ့က မြည်းအားလည်းသွားကြည့်ခဲ့... ဆန်တွေသယ်ရအောင်မြည်းငှားခဲ့...."


စန်းဝမ်က ပြုံးပြီးပြောသည်။


"မာမား.... မာမားပဲ အကြီးဆုံးအစ်ကိုကို မြည်းဆိုပြီးတစ်နေကုန်ပြောနေတာမဟုတ်ဘူးလား... ဘာလို့သွားငှား... အား...ကယ်ကြပါဦး...."


သူ့စကားမဆုံးမီ တဝမ်၏ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်။


လင်းလန်နှင့် အားဝမ်က အိမ်တွင်ချက်ပြုတ်ရင်းအလုပ်များနေကြသည်။


အားဝမ်က ထင်းသွားယူသော်လည်း အတော်လေးအံအားသင့်သွားပြီး ပြန်လာ၍မေးသည်။


"မာမား... ထင်းတွေဘယ်ရောက်သွားလဲ..."


လင်းလန်: "....." နင့်အမေငါ မီးရှို့ပစ်တာလေ..


သူမက ပြောလိုက်သည်။


"အမေတို့မှာ အနွေးကုတင်နှစ်ခုတောင်ရှိတာမလား...."


ပြီးတော့ နေ့တိုင်း တစ်နေ့တစ်ကြိမ်ရေချိုးချင်ရင်ထင်းနဲ့ ရေနွေးအိုးတည်ရတာမဟုတ်ဘူးလား...


အားဝမ်: "ကြည့်ရတာထင်းတွေမလောက်တော့ဘူးထင်တယ်... သားချက်ပြီးရင် အကြီးဆုံးအစ်ကိုနဲ့ မြစ်ကမ်းဘက်သွားပြီး ထင်းနည်းနည်းသွားခုတ်လိုက်မယ်...."


လင်းလန်: "အမေ အဖွဲ့ဆီကို ဝယ်မယ်လို့်ပြောထားတယ်... အပြင်ထွက်မနေနဲ့တော့...."


မြစ်ကမ်းဘေးမှ ထင်းများကို အဖွဲ့မှလူများခုတ်ပြီး ခြင်းတောင်းကြီးများဖြငိ့ရောင်းချနေကြသည်။ ထို့ကြောင့် ပူစရာမလိုပေ။


အားဝမ်က သဘောမတူပေ။ ထင်းများဝယ်လျှင် သေချာပေါက်ငွေကုန်မည်ဖြစ်ပြီးဖြုန်းတီးရာ ကျပေမည်။ သစ်ကိုင်းကြီးများမရှိတော့လျှင်ပင် သစ်ကိုင်းခြောက်တို့ရှိဦးမည်ဖြစ်သည်။ ရွာထဲမှနေ၍လည်းသိပ်မဝေး၍ သွားကောက်၍လွယ်ပေသည်။


ယခုတွင် အိမ်၌ ဒယ်အိုးနှစ်လုံးရှိပြီဖြစ်၍ ချက်ပြုတ်ရာတွင် ပိုမိုလွယ်ကူနေလေပြီ။ တစ်ဖက်အိုးတွင် အသားပေါင်း၊ ပေါက်စီပေါင်းလုပ်ပြီး နောက်တစ်အိုးတွင်ချက်ပြုတ်၍ရပေသည်။ ကြော်လှော်သည့်ဟင်းများက ဟန်ချင်းစုန့်နှင့်ကလေးများ ပြန်လာချိန်တွင် အေးသွားမည်စိုးပါက အိုးအကြီးထဲတွင် အပူပေးရုံသာဖြစ်သည်။


ညမှောင်ချိန်တွင် တဝမ်တို့သုံးယောက်သားပြန်ရောက်လာသည်။ သူတို့အားလုံးက ဂျုံ၂၅ကီလိုကိုသယ်လာကြသည်။ လွန်ခဲ့သည့်နှစ်များတွင် ဟန်ချင်စုန့်က အိမ်သို့ နှံစားပြောင်းများနှင့် ပြောင်းဖူးမှုန့်များကိုသယ်လာခဲ့ရသည်။


ကန်စွန်းဥခြောက်ခေါက်ဆွဲက လင်းလန်၏အကြိုက်မဟုတ်ပေ။ ထို့ကြောင့် သူမတွင်အလုပ်ရမှတ်အများအပြားရပြီး အစားအသောက်ဖြင့်လဲလှယ်ရလျှင် ပြောင်းဖူး၊နှံစားပြောင်းနှင့် လူး၊ဆပ်တို့ကိုသာပိုယူပြီး ကန်စွန်းဥခြောက်ခေါက်ဆွဲကိုသိပ်မယူပေ။ သူမက ကန်စွန်းဥခြောက်ခေါက်ဆွဲအစား ရိုးရိုး ကန်စွန်းဥကိုသာပြုတ်စားလိုက်ပေမည်။ ၎င်းကအတော်လက်မခံနိုင်ဖွယ်ဖြစ်ပြီး ဝက်စာဟုပင်ပြောပစ်လိုက်ချင်သည်။


အားဝမ်က အချိန်ခဏအကြာတွင် မိုင်စွေ့ကိုလင်းလန်အားကူညီပေးရန်ပြောပြီး တဝမ်ဆီသွားပြောလေသည်။


"အစ်ကိုကြီး.. ထင်းနည်းနည်းသွားခုတ်ရအောင်.. အိမ်မှာထင်းမလောက်တော့ဘူး...."


တဝမ်က အများကြီးမပြောပေ။ ခြင်းတောင်း၊ကြိုးနှင့် တောခုတ်ဓားမတို့ကိုယူလိုက်ပြီး အလင်းရောင်ရရန် မီးအိမ်ပါယူလိုက်သည်။


လင်းလန်က စိတ်ပူနေဆဲပင်။


"မနက်ဖြန်မှသွားပါလား... ညဘက်ဆို မြစ်ဘက်က အန္တရာယ်များတယ်...."


အားဝမ်က မစောင့်နိုင်တော့ပေ။


"တခြားသူတွေရဲ့အိမ်တွေလည်း ထင်းပြတ်နေလောက်တယ်... သားတို့မနက်ဖြန်မှသွားလို့တော့မဖြစ်ဘူး...."


နှစ်သစ်ကူးပြီးနောကိတွင် အခြားလူများလည်း ထင်းကုန်သွားလောက်ပြီဖြစ်၍ သူမြန်မှရပေမည်။


ထို့အပြင် ထင်းခုတ်သည်နေရာမှာ မြစ်နှင့်နီးသော်လည်း မြစ်ကအတော်လေးတိမ်လှပေသည်။ ဆောင်းရာသီတွင် ရေအတော်များများခမ်းပြီး ရှိသည့်နည်းနည်းလည်း ခဲနေပြီဖြစ်၍ သူ မကြောက်ပါချေ။


လင်းလန်က သူတို့ကို အဖွဲ့မှလက်တွန်းလှည့်သွားငှားခိုင်းကာ သွားခိုင်းလိုက်ပြီး စန်းဝမ်ကိုမူပြဿနာရှာမည်စိုး၍မလိုက်ခိုင်းပေ။ 


ခဏအကြာတွင် ဟန်ချင်စုန့်က အပြင်မှပြန်လာပြီး သူ့စက်ဘီးပေါ်တွင် ခြင်းအဝိုင်းတစ်ခုသယ်လာကာအထဲတွင် ပစ္စည်းများရှိနေသည်။


လင်းလန်နှင့်ကလေးများက အပြေးလေးသွားကူသယ်လိုက်ပြီး လင်းလန်းက အံ့အားတသင့်မေးလေသည်။


"ဒါဘယ်ကရလာတာလဲ...."


ဟန်ချင်စုန့်ယူလာသည်မှာ အဖွဲ့မှဆုမဟုတ်သလို တခြားသူများပေးသည့် ကျေးဇူးတင်လက်ဆောင်လည်းမဟုတ်ရပေ။


သူက တစ်နေ့လုံးပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ကင်းလှည့်နေစဉ် လူတစ်ယောက်က ရေခဲအပေါက်ထဲကျသွားသည်ကိုမြင်ပြီးသွားကယ်ပေးခဲ့သည်။


ဟန်ချင်စုန်က ဝက်ခေါင်းတစ်ဝက်ကိုသူမဆီပေးလိုက်သည်။


"ဒါတွေအားလုံးက မြစ်ဝါတပ်ဖွဲ့က ကိုယ်တို့ပြည်သူ့လုံခြုံရေးဗျူရိုကိုကျေးဇူးတင်လို့ ပေးလိုက်ကြတာ... လူတိုင်းက အကုန်ခွဲဝေယူပြီး ကိုယ့်ကိုဝက်ခေါင်းတစ်ဝက်ပေးလိုက်တယ်လေ...."


သူတို့က မည်သည့်အရာကိုခွဲဝေသည်ဖြစ်စေ သူ့ကိုနှစ်ဆပေးကြသည်ဖြစ်ပြီး ၎င်းကလည်း ပုံမှန်လိုပင်။


လင်းလန်ကအလွန်ပျော်နေသော်လည်း သူမခင်ပွန်းလူရိုးလူဖြောင့်ကြီးက လက်ဆောင်များလက်ခံလာ၍ထူးဆန်းနေလေသည်။


သူမ ခြင်းထဲကိုမွှေနှောက်လိုက်ပြီး ခေါက်ဆွဲသုံးဆယ်ကတ်တီ၊ ဆန်သုံးဆယ်ကတ်တီ၊ နှံစားပြောင်းသုံးဆယ်ကတ်တီ၊ ကြက်ဖနှစ်ကောင်၊ ဝက်သားနှစ်ကတ်တီနှင့် နံရိုးလေးချောင်းတို့ကိုတွေ့လိုက်ရသည်။


"ဆန်တွေပါလား...."


သူမအတော်လေး အံ့ဩသွားသည်။


သူမ ဤနေရာတွင် ကောက်ညှင်းဆန်မှလွဲ၍  အခြားသောဆန်များမတွေ့ဖူးပေ။


ကလေးများကလည်း ဆန်နှင့်ကောက်ညှင်းဆန် ဘာကွာလဲသိချင်နေကြသည်။


စန်းဝမ်က စိတ်လှုပ်ရှားလာပြီး အနည်းငယ်ကိုလှမ်းယူကာ ပါးစပ်ထဲထည့်လိုက်ပြီး ဝါးလိုက်ကာ ဂျုံလောက်အရသာမရှိဟုတွေးလေသည်။


ဟန်ချင်းစုန့်က သူတို့ကိုရှင်းပြလာသည်။ မြစ်ဝါတပ်ဖွဲ့ကလူများက မြစ်နှင့်နီးပြီး ရေအရင်းအမြစ်လုံလောက်မှုရှိလေ၍ တော်လှန်ရေးအလွန် ကာလတွင် သူတို့က ဆန်စပါးစမ်းသပ်စိုက်ပျိုးရန် တာဝန်ပေးခြင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် အများစုက ဂျုံ၊ ပြောင်းတို့ကိုစိုက်ပျိုးကြသော်လည်း ဆန်စိုက်ပျိုးသူအနည်းငယ်လည်းရှိနေသေးပေသည်။


"သူတို့ကို ပြည်သူ့ရိက္ခာကပေးတာမဟုတ်ဘူး... သူတို့ဘာသာစားတဲ့ဟာတွေကို ကိုယ်တို့ကိုမြည်းစမ်းရအောင်ပေးလိုက်တာ...."


လင်းလန်က ပြုံးပြီးပြောသည်။


"ယာဂုလုပ်စားဖူးတယ်ဆိုမှတော့ တို့တွေထမင်းချက်စားကြတာပေါ့...."


ဟန်ချင်စုန့်က တဝန်နှင့် အားဝမ်တို့ကိုမမြင်၍ လင်းလန်ကိုမေးကြည့်လိုက်သည်။


"အားဝမ်က မနက်ဖြန်ရင် ထင်းတွေမရှိတော့မှာစိုးလို့ဆိုပြီး သွားတာလေ...."


ဟန်ချင်စုန့်က သူတို့ကိုသွားခေါ်မည်ဟုပြောပြလေသည်။


သူတို့အနားရှိ ရေအရင်းအမြစ်ကအကန့်အသတ်နှင့်ဖြစ်ပြီး မြစ်အနည်းငယ်သာရှိလေရာ မြစ်အများစုဘေးတွင် မြက်ပင်ရှည်နှင့် ရေညှိတို့သာရှိမှန်းလူတိုင်းသိကြသည်။ ထို့ကြောင့်သူက သူတို့ကိုဘယ်မှာရှာရမလဲသိပေသည်။


သူတို့ပြန်လာချိန်တွင် နောက်ကျနေလေပြီ။


Xxxxxx