Part 309
လင်းလန်က ရေနွေးခပ်ပေးပြီး သူတို့ကိုလက်နှင့်မျက်နှာများဆေးကြောရန်ပေးလိုက်သည်။ ယောက်ျားလေးများတွင် ဆံပင်တိုတိုများရှိသာလေရာ ခေါင်းပါတစ်ခါတည်းလျော်လိုက်၍လည်း ကိစ္စမရှိပါချေ။ မည်သို့ပင်ဆိုစေ ဆံပင်များတွင် ဖုန်နှင့်မြက်ပင်များကပ်နေလေသည်။
ကောင်းကောင်းဆေးကြောပြီးနောက်တွင် တစ်မိသားစုလုံး နှစ်သစ်ကူးညစာ စားပွဲတွင်ဝိုင်းထိုင်ကြကာ စားပွဲပေါ်တွင် အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်လှသော ဟင်းပွဲတို့က အငွေ့တထောင်းထောင်းဖြင့် ပူပူနွေးနွေးရှိနေကြသည်။
ဟင်းပွဲများအပြင် လင်းလန်က ကန်စွန်းဥယိုထိုးထားသည် ကန်စွန်းဥယိုမှာ လိမ္မော်နီရောင်သန်းနေလျက်ရှိကာ သကြားညိုကိုစမ်းထားသဖြင့် အလင်းရောင်ထဲတွင် တလက်လက်ဖြစ်နေပြီး အလွန်လှပကာဆွဲဆောင်မှုရှိလှပေသည်။
စန်းဝမ်က ကန်စွန်းဥယိုပန်းကန်ရှေ့တွင် အသားတုံးကြီးကို ကြည့်နေသည်ဟန်ဖြင့် သွားရည်ယိုနေလေသည်။
လင်းလန်လည်း သူမသိမ်းထားသော မုယောစပါးဝိုင်ကိုထုတ်ကာ ဟန်ချင်စုန့်အတွက်တစ်ခွက် သူမအတွက်လည်းတစ်ခွက်ထည့်လိုက်သည်။
စန်းဝမ်: "မာမား သားလည်းမြည်းကြည့်မယ်...."
လင်းလန်: "ကလေးတွေက အရက်သောက်လို့မရဘူး... သားကအရွယ်မရောက်သေးဘူး... အရက်သောက်ရင် သားကိုအရူးလိုဖြစ်စေလိမ့်မယ်... သကြားရည်ပဲသောက်...."
ကလေးများက ထိုအရာကိုသောက်ရသည်ကို သဘောကျနှစ်ခြိုက်ကြသည်။ ၎င်းက လင်းလန်ကိုယ်တိုင်ကြိုထားသော ဟောသွန်းသကာရည်ဖြစ်ပြီး ချိုချဉ်အရသာလေးဖြစ်သည်။
လင်းလန်က သူမ၏ဝိုင်ခွက်ကိုမြှောက်ကာပြောလိုက်သည်။
"ခေါင်းဆောင်ဟန် အောင်မြင်ပါစေ...."
ကလေးများကလည်း သူတို့၏သကြားရည်ပန်းကန်များမြောက်ကာ ရယ်မောရင်းပြောကြသည်။
"ခေါင်းဆောင်ဟန် အောင်မြင်ပါစေ...."
စန်းဝမ်က အကျယ်ဆုံးဖြစ်ပြီး သူ့အရပ်ကိုရှည်သွားအောင် ထိုင်ခုံပေါ်ပင်ရပ်လိုက်သေးသည်။
ဟန်ချင်စုန့်က ခပ်ဖွဖွလေးပြုံးလိုက်ပြီး လင်းလန်၏ဝိုင်ခွက်လေးကို သူ့ဝိုင်ခွက်ဖြင့်ထိကပ်လိုက်သည်။
"ကျွန်တော်တို့ မိန့်ခွန်းပြောတဲ့အလုပ်ကို ရဲဘော်လင်းလန်အတွက်ထားခဲ့ပါ့မယ်...."
အားဝမ်ကရယ်မောလေသည်။
"လက်ထောင်ခေါင်းဆောင်လင်း ကျေးဇူးပြုပြီး မိန့်ခွန်းပြောပေးပါ..."
လင်းလန် ကိုယ့်တံတွေးဖြင့်ကိုယ်သီးသွားပြီး အတင်းလက်ခါလေသည်။
"အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့...."
"ဝါဒဖြန့်အဖွဲ့ခေါင်းဆောင်လင်း...."
မိုင်စွေ့က ထပ်ပြောင်းခေါ်လေသည်။
စန်းဝမ်က အော်ဟစ်ရယ်မောပြီး လက်ခုပ်တီးလိုက်သည်။
"ကြိုဆိုပါတယ် ကြိုဆိုပါတယ်...."
ရှောင်ဝမ်က သူ၏လက်သီးလေးများကိုမြှောက်လိုက်သည်။
"မင်္ဂလာပါ ခေါင်းဆောင်လင်း...."
လင်းလန်က သူတို့၏မြှောက်ပင့်မှုကြောင့် တက်ကြွလာကာ လည်ချောင်းရှင်းလိုက်သည်။
"ဒီလိုလိုမှတော့ ကျွန်မစကားနည်းနည်းပြောရတော့မှာပဲ...ပထမဆုံး ဒါရိုက်တာဟန်ရဲ့ အလုပ်ကြိုးစားမှုကြောင့် ကျေးဇူးတင်ပါတယ်...ရှင့်ရဲ့လစာနဲ့ ကလေးတွေကိုကျောင်းထားနိုင်ပြီး ကျွန်မတို့အတွက်အစားအသောက် အဝတ်အထည်ဝယ်နိုင်တာပါ....ဒုတိယကတော့ ညီငယ်၊ ညီမငယ်လေးတွေကိုစောင့်ရှောက်ပေးပြီး မိသားစုအတွက် အလုပ်ရမှတ်တွေယူဆောင်ပေးတဲ့ တဝမ်ကိုကျေးဇူးတင်ပါတယ်... တတိယအနေနဲ့ကတော့ စာကြိုးစားလေ့လာရင်း အိမ်ရဲ့ဂုဏ်ကိုမြှင်ပေးတဲ့ ကျွန်မကိုအိမ်အလုပ်တွေမှာဝန်ပေါ့အောင်ကူညီလုပ်ကိုင်ပေးတဲ့ မမလေးမိုင်စွေ့နဲ့ သခင်လေးအားဝမ်ကိုကျေးဇူးတင်ပါတယ်..."
သူမ တစ်ယောက်အကြောင်းပြောပြီးသည်နှင့် ထိုတစ်ယောက်၏ပန်းကန်လုံးနှင့် သူမ၏ဝိုင်ခွက်လေးကိုထိလေသည်။
တဝမ်က သူမကိုမြန်မြန်ကြည့်လာပြီး သူ့ပန်းကန်လုံးသူငုံ့ကြည့်ကာ ရှက်နေလေသည်။
အားဝမ်နှင့် မိုင်စွေ့က လင်းလန်နှင့်အကြည့်ချင်းဖလှယ်ပြီးရယ်လေသည်။
စန်းဝမ်က လင်းလန်၏ချီးကျူးနေမှုများကို မျက်လုံးတောက်တောက်လေးများဖြင့်ကြည့်ပြီး သူ၏ပန်းကန်လုံးလေးကို လက်နှစ်ဖက်ဖြင့်သေချာကိုင်ထားလေသည်။
လင်းလန်က သူ့ကိုစချင်၍ သူ့ဘေးရှိရှောင်ဝမ်ဖြင့်ခွက်ချင်းတိုက်လိုက်သည်။
"ရှောင်ဝမ်လေးရဲ့ အကောင်းမြင်စိတ်အတွက်လည်းကျေးဇူးတင်ပါတယ်.... သူ့မျက်လုံးတွေက ပိုပိုကောင်းလာပြီး သူကသီချင်းလည်းဆိုနိုင်သလို ဘာဂျာကိုလည်းကောင်းကောင်းမှုတ်နိုင်ပြီး အံ့အားသင့်ဖွယ်အကောင်းဆုံး တေးဂီတကို ကျွန်မတို့အတွက်ယူဆောင်ပေးခဲ့ပါတယ်...."
ရှောင်ဝမ်၏မျက်နှာလေးက ရဲခနဲဖြစ်သွားပြီး လင်းလန်ကိုပျော်ရွှင်စွာကြည့်လာခဲ့သည်။ သူ၏လက်သေးသေးလေးများက ပန်းကန်လုံးကြီးကိုမရန်မနိုင်၍ ခေါင်းလေးငုံ့ကာ လက်သာဆန့်ထုတ်လိုက်သည်။
ထို့နောက်တွင်မှ လင်းလန်ကစန်းဝမ်ကိုကြည့်လိုက်သည်။
စန်းဝမ်၏မျက်လုံးထဲမှအလင်းများက အပြင်သို့လျှံထွက်လုနီးနီးဖြစ်နေပြီး ခေါင်မိုးကိုပင်အပေါက်ဖောက်လုနီးနေလေပြီ။
လင်းလန်က သူ၏ခေါင်းလေးကိုလှမ်းကိုင်လိုက်သည်။
"တတိယအစ်ကိုလေးကတော့ ကျွန်မတို့မိသားစုရဲ့ ဆည်းလည်လေးပေါ့ရှင်... သူ့ရဲ့အနစ်နာခံတတ်တဲ့စိတ်ဓာတ်၊ အဆက်မပြတ်ဖျော်ဖြေပေးနိုင်မှုနဲ့ ကျွန်မတို့အိမ်လေးကို ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးလို့ ကျေးဇူးတင်ပါတယ်...."
စန်းဝမ်က ပျော်ပျော်ကြီးရယ်တော့သည်။
"မာမား.... သားပြောပါတယ်... မာမားသာသားကို လစာပေးရင် သားကအများကြီးရယ်အောင်လုပ်ပေးနိုင်ပါတယ်ဆို...."
လင်းလန်: ...ငါနင့်ကို ဂုဏ်မောက်ခွင့်ကိုမပေးခဲ့သင့်တာ...
"ကဲကဲ...လူတိုင်း စားနိုင်သောက်နိုင်ကြပါပြီ..."
ဟန်ချင်းစုန့်က သူ့လက်ကိုဆန့်ကာ ဝိုင်ခွက်ကိုမြှောက်ပြီး လင်းလန်ကလည်း သူမ၏ဝိုင်ခွက်လေးကိုမြှောက်ကာ ခွက်နှစ်ခုတိုက်လိုက်သည်။ စန်းဝမ်က ချက်ချင်းလက်ငင်း သူ့ပန်းကန်လုံးကိုမကာ သူတို့နှင့်လာတိုက်လေသည်။
ကောင်လေးများက လူကြီးများလို ဝိုင်သောက်ချင်နေကြသည်။
"မထိနဲ့... ဒါနဲ့ အသီးအရွက်တွေထဲ သကြားရည်နည်းနည်းဖြူးထားတယ်နော်...."
လင်းလန်က စန်းဝမ်ကိုသတိပေးလိုက်သည်။
ထို့ကြောငိ့ ကလေးများက အသီးအရွက်ပန်းကန်ထဲခေါင်းမြုပ်မတတ်စားကြတော့သည်။ နံရိုးချိုချဉ်၊ ကန်စွန်းဥယိုနှင့် ကြက်ဥမွှေကြော်တို့က နာမည်အကြီးဆုံးဖြစ်သည်။ ဟန်ချင်းစုန့်က ဝက်သားကြော်ကို ငရုပ်သီးဆော့စ်နှင့်စားရသည်ကို သဘောကျသည်။ အသားအပြင် ရှောင်ဝမ်နှင့် မိုင်စွေ့တို့ကတို့ဟူး ဟင်းနုနွယ်ကြော်ကို ကြိုက်ကြသည်။
နံရိုးချိုချိူချဉ်ကြော်က အရသာရှိလွန်းပြီး အသားများက နူးညံ့အိစက်ကာ အရသာကလည်း စိမ့်ဝင်နေသည်။ လင်းလန်ကိုယ်တိုင်ပင် သူမချက်ဖူးသမျှ နံရိုးချိုချဉ်ကြော်ထဲတွင် အရသာအရှိဆုံးဟုထင်နေမိသည်။
သင်ကြိုးစားနေသမျှကာလပတ်လုံး စားမကောင်းသည့် အိမ်ချက်ဟင်းလျာဟူ၍မရှိချေ။
သူမက ဝိုင်တစ်ငုံသာသောက်ရသေးသော်လည်း မျက်နှာများနီရဲလာကာ ရှောင်ဝမ်ကိုသွားစလေသည်။
"ကလေးလေး သောက်မလား...."
ရှောင်ဝမ်က ပြုံးပြရင်းခေါင်းခါသည်။
စန်းဝမ်က စိတ်လှုပ်ရှားလာတော့သည်။
"မားမား....သားသောက်မယ် သားသောက်မယ်...."
လင်းလန်က သူ့ကိုခြောက်လှန့်ရန် ပုံပြင်များလျောက်ပြောတော့သည်။
တစ်ခါက ဝိုင်သောက်ရတာကြိုက်တဲ့ လူကြီးတစ်ယောက်ရှိလေသည်။ ထိုလူကြီးက သူဝိုင်သောက်တိုင်းသူ၏မြေးလေးကို တုတ်ချောင်းကိုဝိုင်ခွက်ထဲနှစ်၍ အရသာခံခိုင်းလေ့ရှိသည်။ ထို့နောက်ပိုင်းတွင် သူ့မြေးလေး လေးငါးနှစ်အရွယ်တွင် ခွက်အသေးလေးတစ်ခွက်ပင်တိုက်သေးသည်။
"ရလဒ်အနေနဲ့ကတော့... သူက ကောင်ကလေးကို အရက်သမားကြီးဖြစ်သွားစေတော့တာပဲ.... ကောင်လေးက အရပ်ရှည်မလာတော့သလို တုံးအသွားတော့ လက်တောင်မထပ်နိုင်ဖြစ်သွားရတော့တယ်...."
Xxxxxx
Part 310
ကလေးများကရယ်မောပြီး မိုင်စွေ့ကပြောသည်။
"မာမား... သူ့ကိုတိုက်ကြည့်လိုက်ပါ.. မူးပြီးအိပ်သွားရင် ဘာမှမမှတ်မိတော့ဘဲနေလိမ့်မယ်...."
စန်းဝမ်ကလည်း မခံနိုင်၍ပြန်ပက်သည်။
"လက်မထပ်နိုင်ဘူးတဲ့လား... သားတို့အိမ်သာလာကြည့်စမ်းပါ... အသားတွေမြင်တာနဲ့ မပြန်ချင်တော့ဘူးဖြစ်သွားမယ်...."
လူတိုင်းရယ်မောတော့သည်။
လင်းလန်: "သားဒါကိုသောက်လို့မရဘူး....အနည်းဆုံး အထက်တန်းအောင်တဲ့အချိန်အထိစောင့်ပေါ့လေ...."
စန်းဝမ်က သူ့လက်ချောင်းများကိုထုတ်၍ရေတွက်လေသည်။
"ဘယ်နှနှစ်ကျန်သေးလဲ... သွားပါပြီ ငါတော့တစ်ဘဝလုံးမသောက်ရတော့ဘူး...."
လူတိုင်း သူ့ကိုလှောင်ရယ်တော့သည်။
လင်းလန်ကိုယ်တိုင်လည်း ဘိုင်ဂျူအပြင်းစားကိုမသောက်နိုင်၍ ဟန်ချင်စုန့်ကိုကမ်းပေးလိုက်သည်။
ဟန်ချင်စုန့်က ရှေ့သို့ကိုင်းပြီး ဝိုင်ခွက်ကိုမော့သောက်ကာဘေးသို့ချလိုက်သည်။
စန်းဝမ်၏မျက်လုံးများက တောက်ပသွားပြီးအလွန်သောက်ချင်သွားသည်။
ညစာစား၍ပြီးချိန်တွင် ကိုးနာရီခွဲပင်ရှိပြီဖြစ်ပြီး ဆေးကြောကြတော့လေသည်။
ကံကောင်းစွာဖြင့် မနက်ဖြန် အတန်းမရှိသလိုအိမ်စာလည်းမရှိချေ။
စန်းဝမ်: "အဖေ...မနက်ဖြန်ကောမနက်ခင်းလေ့ကျင့်ခန်းရှိလား... အားလပ်ရက်လား...."
ဟန်ချင်စုန့်: "မနက်ခင်းလေ့ကျင့်ခန်းဆိုတာ တစ်ဘဝလုံးစာအတွက်ပဲ... အားလပ်ရက်မရှိဘူး...."
"ဟားဟားဟား...."
မိုင်စွေ့က အကျယ်ကြီးထရယ်လေသည်။
ကလေးများ အိပ်သွားချိန်မှ လင်းလန်နှင့်ဟန်ချင်းစုန့်က အနွေးကုတင်ပေါ်တက်တော့သည်။
ဟန်ချင်စုန့်က အနည်းငယ်မူးနေပြီး သူ့ကိုယ်တွင်းကပူနေ၍ အနွေးထည်ကိုချွတ်ကာ အတွင်းဝတ်ဆွယ်တာကိုသာ ဝတ်ဆင်ထားသည်။
အအေးဓာတ်ကရှိနေသေးသည်ဖြစ်၍ သူ၏ပါးပြင်တို့က နီနီရဲနေပြီး သူ၏မျက်လုံးနက်နက်များကမူ ဝိုင်ငွေ့ကြောင့် အခိုးရိုက်ရင်းတလက်လက်တောက်ပနေသည်။ ယခုတွင် သူကအနွေးကုတင်ပေါ်တွင် နူးနူးညံ့ညံ့ပျင်းပျင်းရိရိဖြင့် လှဲနေပြီး အတော်လေး သိမ်မွေ့နေလေရာပုံမှန်အေးစက်မာကျောသည့် ခေါင်းဆောင်ဟန်နှင့် လားလားမျှတူမနေချေ။
ဤသည်က လင်းလန်အတွက် သူ့ကိုဤသို့ပုံမျိုးဖြင့် မြင်ရသည့်ပထမဆုံးပုံဖြစ်၍ သူမလက်ကိုမြှောက်ပြီးစလေသည်။
"အိုး.... ဒီလူချောလေးကဘယ်သူပါလိမ့်.... လမ်းမှားလာတာများလားနော်...."
ဟန်ချင်စုန့်က သူမ၏လက်ကိုကိုင်ကာ ဆွဲချလိုက်ပြီး နှုတ်ခမ်းများကိုနမ်းရှိုက်ကာ သူမ၏လက်ကိုတင်းတင်းကိုင်လိုက်သည်။ သူတို့၏မျက်လုံးများ ဆုံသွားသည့်အခိုက်တွင် သူ့ဘက်က လေးလံအက်ရှသောအသံဖြင့်မေးလာသည်။
"ဘယ်သူ့လို့ထင်လဲ...."
လင်းလန်၏နားများက သူ၏အသံကြောင့်နီရဲသွားကာ နူးညံ့သောအသံလေးဖြင့်ဖြေလာသည်။
"ဟန်ချင်စုန့်... ခေါင်းဆောင်ဟန်... တတိယအစ်ကို... ချင်စုန့်ကောကော..."
သူမ၏အမြင်အာရုံတို့ ပြောင်းပြန်ဖြစ်သွားရပြီး အနွေးကုတင်ပေါ်သို့ဖိချခံလိုက်ရသည်။ သူမ၏နှုတ်ခမ်းများအပေါ် သူ၏နှုတ်ခမ်းတို့ထပ်တူကျသွားသည့်အချိန်တွင် သူမ၏စိတ်ထဲ၌ ပုံမှန်တွင်အေးစက်သည့်လူများက အရက်သောက်ပြီးနောက်တွင် လုံးဝလုံးဝဟာသမဟုတ်ကြောင်းအတွေးသာကျန်ရှိတော့သည်။
…
လင်းလန်တစ်ယောက် နောက်ထပ်သင်ခန်းစာတစ်ခုထပ်ရလာသည်။ ပုံမှန်ဆိုလျှင်အေးစက်နေတတ်သည့် ယောက်ျားများကို မမူးတစ်ဝက်မူးတစ်ဝက်အခြေအနေတွင် လုံးဝကလူ၏သို့မြူ၏သို့မလုပ်သင့်ကြောင်းနှင့် လုပ်ခဲ့ပါက သေချာပေါက်ခါးနာရမည်ဖြစ်ကြောင်းကိုပင်။
နောက်တစ်နေ့တွင် သူမအိပ်ရာထနောက်ကျတော့သည်။ ကံကောင်းစွာဖြင့် ကလေးများက ကျောင်းသွားရန်မလိုအပ်ပေ။ ဟန်ချင်စုန့်ကသူတို့ကို မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန်ခေါ်ထုတ်သွားသည်။ မိုင်စွေ့က မနက်စာချက်နေသည်။
ယနေ့က အတော်လေးသာယာလေသည်။
သူမ အိပ်ရာထနောက်ကျသော်လည်း ကလေးများက သူမ အခုတလောအလုပ်များနေခဲ့၍ပင်ပန်းသွားသည်ဟုသာ တွေးကြသည်။
လင်းလန်ကလည်း ရှင်းပြရန်ရှက်နေခဲ့သည့်အပြင်သူမကိုယ်တိုင်လည်း တကယ်ပင်ပန်းနေခဲ့သည်။
မနက်စာစားပြီးနောက်တွင် တဝမ်နှင့် အားဝမ်က စန်းဝမ်ကိုခေါ်ကာ ထင်းသွားခုတ်ကြသည်။
အားဝမ်က အမြဲတမ်း အစားအသောက်များမရှိတော့မည်၊ ထင်းများမရှိတော့မည်ကိုကြောက်နေသူဖြစ်သည်။
သူ့ဆင်းရဲသည့်တောင်သူလယ်သမားများထံမှ ကြားဖူးသည်မှာ အချို့လူများက ဆောင်းရာသီတွင် ထင်းမရှိ၍ အေးခဲပြီးသေသွားကြသည်ဟူ၍ပင်။ အချို့လူများက ကန်စွန်းဥခြောက်များကိုပြုတ်စားရပြီး အချို့ကထင်းအဖြစ် ကိုယ့်အိမ်ကိုယ်ခုတ်ရလေသည်။
တွေးကြည့်ရုံဖြင့် ကြောက်စရာကောင်းလှသည်။
အားဝမ်က ထိုသို့လုံးဝမကြုံတွေ့ချင်ပေ။ ထို့ကြောင့် မြက်ခြောက်ရိတ်ရန်နေရာတွေ့သည်နှင့်အသော့နှင်တော့လေသည်။
လင်းလန်ကလည်းသူ့ကိုမတားပေ။ ကလေးများအတွက် အကြံဉာဏ်များရသည်မှာကောင်းမွန်ပြီး လုပ်ချင်ရာလုပ်ခွင့်ပြုရပေမည်။
အိမ်သန့်ရှင်းရေးလုပ်ရန်အတွက် သူမက ကလေးများကို လုပ်ခိုင်းခဲ့သည်။
အသစ်ဆောက်ကာစအိမ်များက သန့်ရှင်းရေးလုပ်စရာဟူသည် ဘာမှမရှိသော်လည်း အနည်းငယ်ဖုန်သုတ်ရန်တော့လိုသည်။
ရလဒ်အနေဖြင့် တုန်ဟွိုင်ဟွက သူမဆီထပ်ရောက်လာပြီး ကော်မတီထဲတွင် အစည်းအဝေးရှိပြီး လင်းလန်ကိုအတူသွားမလားဟုမေးခဲ့သည်။
"ကြေငြာစရာတစ်ခုရှိတယ်လို့ ငါကြားထားတယ်...."
လင်းလန်က ကြေငြာစရာရှိသည်ဟု ကြားသည်နှင့် ချက်ချင်းလက်သုတ်ကာ မိုင်စွေ့ကို သူမ၏မောင်လေးများကိုကြည့်ထားရန်ပြောပြီး အစည်းအဝေးကိုသွားတော့သည်။
မနက်ခင်းအစည်းအဝေးပွဲတွင် မနက်စာစားပြီး အဖြူရောင်ဂွမ်းခြေအိတ်နှင့် တဘတ်တစ်ထည်ရလာခဲ့သည်။
လင်းလန်က ဝမ်းသာနေခဲ့သည်။ ကလေးမလေးက ခြေအိတ်အသစ်လိုချင်နေသည်မှာ ကြာလှပြီဖြစ်ပြီး သူမကလည်း နှစ်ကူးလက်ဆောင်အဖြစ်ပေးလို့ရသွားသည်။
၎င်းက အနည်းငယ်ကြီးသော်လည်းမိုင်စွေ့က ကြိုက်လောက်သည်။
လင်းလန်နှင့် တုန်ဟွိုင်ဟွတို့ အစည်းအဝေးပြီး၍ အိမ်ပြန်ခါနီးတွင် ဟန်ချင်စုန့်နှင့်တိုးခဲ့သည်။
စကားအနည်းငယ်ပြောပြီးနောက်တွင် ဟန်ချင်စုန့်ကပြောလာသည်။
"အတူတူပြန်လာကြတာပဲ...."
"ရှင်ရော ဘယ်ကပြန်လာတာလဲ...."
"လယ်ထဲသွားပြီး မီးသွေးတစ်လှည်းသွားယူလာတာ..."
"တကယ်လား...."
လင်းလန်က လက်ကိုင်ပုဝါနှင့်ခြေအိတ်ကြောင့်ပျော်နေပြီဖြစ်သော်လည်း ယခုတွင်ပိုပျော်သွားရသည်။
"ဒါဆို အားဝမ်တော့ပျော်သွားမှာပဲ...."
တုန်ဟွိုင်ဟွက လင်းလန်၏အိမ်တွင် မီးရှို့ရန်မြက်မကျန်တော့ကြောင်းကြား၍ အံ့ဩသွားရသည်။
"နင်တို့က ဒီလောက်များတဲ့မြက်တွေဘယ်လိုတောင်သုံးလဲ...."
လင်းလန်က ရှက်ပြုံးလေးဖြင့်ပြောသည်။
"တကယ်တော့ ငါတို့အိမ်ကအားဝမ်က မြက်ခြောက်မလောက်မှာစိုးနေတာ... ဒါကြောင့်သူတို့က သွားသွားရိတ်နေတာပေါ့..."
တုန်ဟွိုင်ဟွက မနာလိုဖြစ်စွာပြောလိုက်သည်။
"လင်းလန်ရယ်.... နင့်ကလေးတွေအကုန်လုံးတကယ်လိမ္မာကြတာပဲ... ငါ့အိမ်ကအရှုပ်ထုတ်တွေကိုကြည့်ပါဦး... အသက်လေး နည်းနည်းကြီးလာတော့ စားမယ်သောက်မယ် အိပ်မယ်ပဲသိတယ်...."
လင်းလန်ကပြုံးပြီးပြောသည်။
"အဓိပ္ပါယ်မရှိတာတွေ... နင့်အိမ်က ကလေးတွေက တစ်နေ့လုံး အလုပ်အမှတ်ရဖို့ပဲတွေးနေကြတာပါ... သူတို့ဘယ်လောက်တောင် လိမ္မာလဲ....."
နှစ်ယောက်သားအချင်းချင်း ကြည့်၍ရယ်မောကြပြီး ဟန်ချင်စုန့်၏ လှည်းပေါ်တက်ကာ အတူအိမ်ပြန်ကြတော့သည်။
လင်းလန်က မီးသွေးများစွာကိုမြင်သည်နှင့် စိတ်လှုပ်ရှားသွားပြီး သူမ၏ကလေးများကိုအသားကင်ကျွေးချင်သွားသည်။
ရွာလယ်လောက်တွင် တုန်ဟွိုင်ဟွကလှည်းပေါ်မှခုန်ဆင်းပြီး နှုတ်ဆက်၍အိမ်ပြန်လေသည်။
ဟန်ချင်စုန့်က လှည်းကိုအိမ်သို့သာတိုက်ရိုက်မောင်းတော့သည်။
Xxxxxx