Part 339
"ပါးစပ်ပိတ်ထားစမ်း... "
လင်းလန်က ဂေါ်ဖီဖက်ထုပ်တစ်ခုကို ယူပြီး စန်းဝမ်ပါးစပ်ထဲထိုးထည့်လိုက်သည်။
သူမ တဝမ်နှင့်စန်းဝမ်ကို ပြုစုစောင့်ရှောက်ရန်အတွက် ဂေါ်ဖီတစ်အိုးနှင့်ဝက်သားဖက်ထုပ်တစ်အိုးကိုလည်း ပြင်ဆင်ခဲ့၏။
ဖက်ထုပ်များကို ပြောင်းရိုးများဖြင့်သီကာ ပန်းကန်ပြားပေါ်တွင် တင်ထားသောကြောင့် အမြန်အအေးသွားစေပြီး ကလေးများ
စိတ်မရှည်ဘဲ ပါးစပ်ကိုအပူလောင်မှာမစိုးရိမ်ရပေ။
လင်းလန် ထခါနီးမှာ ဟန်ချင်စုန့်က ယူသွားသည်။
လင်းလန်က အနွေးကုတင်ဆီသွားရန်အတွက် ကလေးတွေကို နှုတ်ဆက်လိုက်၏။
"အသားဖက်ထုပ်ထဲမှာ ပိုက်ဆံမပါဘူး...ကောင်းချီးဖက်ထုပ်ထဲမှာပဲပါတယ်... စားတဲ့သူကို ရေတွက်မယ်"
တို့ဟူး ဖက်ထုပ်တွေမှာ ငွေတစ်ပြား၊တရုတ်ဆီးသီးနှင့် သကြားညိုတွေ ပါလေသည်။ ပိုက်ဆံကို စားမိပါက နှစ်သစ်မှာ ချမ်းသာလိမ့်မည်။တရုတ်ဆီးသီးကို စားမိပါက နှစ်သစ်မှာ ပျော်ရွှင်ရလိမ့်မည်။ သကြားကိုစားမိပါက သန်မာသည့် သတို့သမီးလေးရလိမ့်မည်ဖြစ်ပြီး တို့ဟူးကိုစားမိပါက ကောင်းချီးအပေးခံလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အဓိပ္ပါယ်ကောင်းများပါရှိပေသည်။
လင်းလန်၏ အကြွေစေ့များအားလုံးက ပြုတ်ပြီး ပိုးသတ်ထားပြီးသားဖြစ်ကာ အားလုံး သန့်ရှင်းနေ၏။
စန်းဝမ်က ၎င်းကိုကြားသည်နှင့် အနွေးကုတင် ဆီကို အမြန်ပြေးသွားပြီး ကောင်းချီးဖက်ထုပ်တစ်ထုပ်ကို ကောက်ယူကာ စားလေသည်။
"ဝိုး အရသာရှိတယ် အစ်ကိုကြီး... မြန်မြန်လေး စားလိုက်... အရသာရှိလိုက်တာ"
အထဲရှိ အစာကို ဝက်ဆီနှင့်ကြော်ထားပြီး အစိုဓာတ်ကို တိုဟူးထဲမှာသိုလှောင်ထား၏။
ကြာဇံထဲမှာ ရေအပိုမပါသော်လည်း အစာပြည့်လျှမ်းပြီး အရည်ရွှမ်းကာ အရသာကလည်း ကောင်းလေသည်။
စန်းဝမ်က တောက်ပသည့် မျက်လုံးတွေနှင့်စားလိုက်၏။
တဝမ်မြည်းကြည့်လိုက်ရာ သူ့မျက်လုံးတွေလည်း လင်းလက်လာသည်။တကယ်ကို အရသာရှိ၏။
ကလေးတွေက အစားအအသောက်အတွက် ချီးကျူးစကားဆိုကြပြီး အားလုံးက လင်းလန်၏ အရသာရှိသည့် ချက်ပြုတ်မှုကို ချီးကျူးခဲ့ကြသည်။
သူတို့အားလုံး ကြိုက်ကြသည် မြင်သောအခါ လင်းလန် မျက်မှောင်ကြုတ်လိုက်သည်။အလုပ်သမားတွေအတွက် သူတို့လုပ်အား၏ အသီးအပွင့်တွေကို တခြားသူတွေက တန်ဖိုးထားလျှင် အပျော်ဆုံးပါပင်။
“ဒါက ဒုတိယအစ်ကိုကြောင့်ပါ... သူက ငါတို့အတွက် အရသာရှိတဲ့ အစားအစာတွေကို နေ့တိုင်းပြင်ဆင်ပေးတယ်”
ကလေးတွေအားလုံးက အားဝမ်ကို ကျေးဇူးတင်ပြီး အရသာရှိသည့် အစားအသောက်တွေအတွက် သူ့ကို ချီးကျူးခဲ့ကြ၏။
အားဝမ် အလွန်ပျော်ရွှင်နေပြီး သူ့ခန္ဓာကိုယ်တွင် ခွန်အားများပြည့်နေသလို ခံစားခဲ့ရသည် ယခင်ကြိုးစားမှုကလည်း ထိုက်တန်လှသည်။
ပိုက်ဆံရှာရန်အတွက် အသားမစားသည့်စန်းဝမ်တစ်ယောက် သက်သတ်လွတ် ဖက်ထုပ်ကိုစားပြီး ဗိုက်ပြည့်နေ၏။
တရုတ်ဆီးသီးတို့ သကြားလုံးတို့ စားမိသော်လည်း ပိုက်ဆံကားမရပေ။
"မားမား... ပိုက်ဆံဘယ်လောက်ထုပ်လိုက်တာလဲ"
လင်းလန်က ပြုံးလိုက်ပြီး
"အားလုံးက ကိုး...ကိုးဆယ့်ကိုး ရှည်လျားတဲ့ အရင်းအမြစ်ပဲ"
ဟန်ချင်စုန့်က ဖက်ထုပ်ကို ကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်ရာ အကြွေစေ့တစ်ခုကို ကိုက်မိသွားသည်။
လင်းလန်က ပြုံးပြီးပြော၏။
"ညွှန်းမှူးဟန်က ချမ်းသာခြင်းပဲ .. ပထမဆုံးအကိုက်မှာ ပိုက်ဆံကိုစားမိတာ ကံကောင်းလိုက်တာ"
သူမလက်ဆန့်လိုက်ပြီး ဟန်ချင်စုန့်က အကြွေစေ့ သူ့မလက်ထဲ ထည့်ပေးလေသည်။
ခဏအကြာတွင် တဝမ်ကလည်း "ဂျစ်" ခနဲမြည်ကာ အကြွေစေ့တစ်ပြားကို ထုတ်လိုက်ပြန်ပြီး အားလုံးက ချက်ချင်းပင် ချီးကျုးကြ၏။
အားဝမ်က ၎င်းကိုကြည့်ကာ ဖြတ်သွားသည့်ပန်းကန်ထဲမှ တစ်ခုကို ကောက်ယူလိုက်ပြီးဆိုလေသည်။
"ဟားဟား... ဒီဟာကလည်း ချမ်းသာခြင်းပဲ"
သူက ကိုက်ကြည့်လိုက်၏။ သေချာသည်ပင်၊ မာနေပြီး အကြွေစေ့ဖြစ်သည်။
မိုင်စွေ့ကလည်း သူ၏လှည့်ကွက်ကို လေ့လာခဲ့ပြီး အကြွေစေ့ပါပုံရသော ဖက်ထုပ်များကို ချက်ချင်းရှာဖွေခဲ့သည်။
စန်းဝမ်လည်း စတင်သင်ယူလိုက်ရာ တရုတ်ဆီးသီးနှင့်သကြားညိုအချို့ကို တွေ့ရှိခဲ့သော်လည်း ပိုက်ဆံရှာမရသည့်အတွက် ပျာယာခတ်နေ၏။
ဗိုက်ကပြည့်နေပြီလေးးးး...
ရှောင်ဝမ်က တူကိုင်နည်း သင်ယူနေပြီး လွတ်ကျမှာ ကြောက်သောကြောင့် ဂရုတစိုက်ကိုင်လိုက်သည်။ မတော်တဆ သူ ဖက်ထုပ်ကို ရုတ်ချည်း ဆုတ်ဖြဲမိလိုက်ပြီး အဖြူရောင်အကြွေစေ့ပေါ်လာ၏။
"ဝိုး...ရှောင်ဝမ်တော့ချမ်းသာပြီ"
ယင်းကိုမြင်သော် မိုင်စွေ့က သူ့ကို အမြန်သတိပေးလေသည်။
ရှောင်ဝမ်က အကြွေစေ့ကို ဝမ်းသာအားရ ထုတ်ယူပြီး စန်းဝမ်ကို ပေးလိုက်၏။
"ဒီမှာ"
စန်းဝမ်: "..."
"အကုန်လုံး စားပြီးပြီ... ဒါပေမဲ့ ငါမစားရသေးဘူး"
သူ နည်းနည်း စိတ်ဓာတ်ကျနေသော်လည်း သူ့ဗိုက်က မခံနိုင်တော့ပေ။
လင်းလန်က သူ့ကိုဆွလိုက်သည်။
"ညီလေး... ငါလည်း မရဘူးလေး "
စန်းဝမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး
"ဒါပေမဲ့ မားမားရဲ့ယောက်ျား၊ မားမားရဲ့သားနဲ့ သမီးတွေ အကုန်လုံးရကြတယ်လေ...သူတို့ ချမ်းသာရင် မားမားချမ်းသာတယ်လို့ ဆိုလိုတာပဲမဟုတ်ဘူးလား "
အားလုံးက ရယ်ကြ၏။
မိုင်စွေ့က ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ...ငါ့မှာ ပိုက်ဆံရှိရင်လည်း နင့်မှာ ပိုက်ဆံရှိတာပါပဲ...ငါ ပိုက်ဆံရှာရင် နင့်ကို မုန့်ဖိုးပေးမယ်"
စန်းဝမ်က ချက်ချင်းလက်ဆန့်ကာ ပြော၏။
"ကလေးတွေကို မလိမ်ပါနဲ့.
...ကလေးတွေကို ကြာကြာလိမ်လေလေ ရုပ်ပိုဆိုးလေလေပဲ"
မိုင်စွေ့ : "..."
ငါ နင့်ကို ချော့ရုံချော့တာလေ... နင့်ထောင်ချောက်ထဲကျသွားတယ်...
သူမက သူ့လက်ကိုဆန့်ကာ စန်းဝမ်လက်နှင့်ချိတ်ပြီးပြောလိုက်သည်။
"ငါနင့်ကိုမလိမ်ဘူး"
စန်းဝမ် ချက်ချင်းစိတ်လှုပ်ရှားသွားပြီး ဖက်ထုပ်တွေကို မိုင်စွေ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
"အစ်မ...ဒါက ချမ်းသာခြင်းဖြစ်ရမယ်"
မိုင်စွေ့က သူ့ဗိုက်ကိုပွတ်လိုက်ပြီး
"ဘာလို့ ကိုယ့်ဘာကိုယ် မစားတာလဲ"
"မစားနိုင်တော့တော့ဘူး...ငါကနင့်ထက် ပိုစားထားတယ်"
သူက ဘောင်းဘီခါးပတ်ကို ကြယ်သီးဖြုတ်ပြီး ဖောင်းကားနေသော ဗိုက်ကို ပြလိုက်သည်။
လင်းလန်က သူ့အတွက် တီးပေးလိုက်၏။
ဘန်း...ဘန်း
"ပြီးပြီ..."
ဟန်ချင်စုန့်က စန်းဝမ် ပန်းကန်ထဲကို တစ်ခုထည့်ပေးလိုက်သည်။
စန်းဝမ်၏ မျက်လုံးများ တောက်ပလာ၏။ "အဖေ တကယ်လား"
ဟန်ချင်စုန့်:"စားကြည့်"
စန်းဝမ် သူ့အဖေကို ယုံကြည်သည့်အတွက် ကောက်စားလိုက်သည်။
"ဂျစ်..."
သူက ဝမ်းသာအားရ ရယ်မောရင်း
"ဟုတ်တယ်...ချမ်းသာခြင်းပဲ... အစ်ကိုကြီးစန်းဝမ်က ချမ်းသာတယ်...ဝမ်ဝမ်ဝမ်..."
လူတိုင်းက ရယ်မောကြပြီး လင်းလန်က သူတို့ကို မသီးအောင် စကားမပြောခင် မျိုချရန် သတိပေးရင်း အလုပ်ရှုပ်နေ၏။
လင်းလန်က အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။
"နှစ်သစ်မှာ ချမ်းသာကြစို့...ဝမ်ဝမ်ဝမ်... မဆိုးဘူး"
(T/N–Wang=ကြီးပွားချမ်းသာခြင်း)
ဝမ်ဝမ်က အောက်ကနေ"ဝုတ်"ခနဲ့ တုန့်ပြန်လာ၏။
တဝမ်က ကောင်းချီးဖက်ထုပ်ကို ဝမ်ဝမ်အား ဆုချလိုက်ပြီး ဝမ်ဝမ်က စားပြီးသည်နှင့် တဝမ်၏ခြေထောက်ကို ချက်ခြင်း နမ်းလိုက်သည်။
ကလေးတွေက ဗိုက်တွေလုံးနေအောင်စားကြပြီးနောက် အနွေးကုတင်ပေါ်မှာ ဗိုက်ကိုလက်နှင့်ကိုင်ကာ လူးလိမ့်နေကြ၏။ ရေဒီယိုက နှစ်သစ်ကူးပွဲအစီအစဥ်တွေကို နားထောင်ရင်း ဒီနှစ်က တကယ်တကယ်ကို ပျော်စရာကောင်းသည်ဟု သူတို့ခံစားလိုက်ကြရသည်။
Xxxxxx
Part 340
ဟန်ချင်စုန့် ကလေးများဗိုက်ပြည့်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်နေတာကို ဆက် စားလိုက်၏။
လင်းလန်က သူ ဖက်ထုပ်တွေ ကောက်ယူနေသည်ကို မြင်သောအခါ သူ့ကို ချက်ချင်း တားလိုက်ပြီးပြောလေသည်။
"ဒါတွေ ဒါတွေအားလုံး အရင်စားပြီး... ဒီတစ်ခု ကြော်ဖို့ သိမ်းထားလိုက်"
တရုတ်နှစ်သစ်ကူးမှာ မဂ်လာရှိသောစကားလုံးတွေ ပြောကြ၏။ ဖက်ထုပ်တွေ ကျွေးသည့်အခါ “ဖက်ထုပ်ကို ထိမိသလား” ဟုမေးပြီး ဖက်ထုပ်ဆယ်သည့်သူက “ထိမိတယ်”ဟု အော်ကြလိမ့်မည်။ယင်းလည်း စိတ်ဝင်စားစရာ ကောင်းသည်။
ဟန်ချင်စုန့်က သူမကို ရုတ်တရက်ကြည့်လိုက်ပြီး ပုလင်းကို ကောက်ကိုင်ကာမေး၏။
"သောက်မလား"
လင်းလန်: "ရှင်သောက်...ကျွန်မမသောက်ဘူး...ကျွန်မ သောက်ရတာ မကြိုက်ဘူး"
ဟန်ချင်စုန့်က သူမအနားသို့ အနည်းငယ် တိုးလာပြီးဆိုလေသည်။
"... မင်းက အများကြီး မသောက်နိုင်ဘူး"
လင်းလန်က ခေါင်းကို အမြန်ငုံ့ပြီး ဖက်ထုပ်စွပ်ပြုတ် သောက်ဟန်ဆောင်လိုက်၏။
ဟန်ချင်စုန့်က သူမနားထဲကို တိုးတိုးလေးပြောပြန်သည်။
"အဆင်ပြေပါတယ်... အမူးသမားနဲ့ မတူပါဘူး"
လင်းလန်က လည်ချောင်း ရှင်းလိုက်ပြီး မသိချင်ယောင်ဆောင်ကာ"ရှင်ဘာတွေပြောနေတာလဲ...ကျွန်မ မသိဘူး"ပြောလိုက်၏။
ဟန်ချင်စုန့် သူမနားရွက်တွေနှင့် လည်ပင်းတစ်ခြမ်းက နီရဲနေသည်ကိုတွေ့သောအခါ ဘာမှ ထပ်မပြောတော့ပေ။
လင်းလန်က သူ့အတွက် ဂေါ်ဖီထုပ်နှင့် ဝက်သားအစာသွပ်ထားသောဖက်ထုပ်ပန်းကန်းတစ်ခုကို အမြန်ယူကာ သူပါးစပ်ထဲကို ဖက်ထုပ်များထည့်ရန် ကြံရွယ်လိုက်သည်။
ဟန်ချင်စုန့်က စစ်တပ်တွင် နေခဲ့သည်ဖြစ်ရာ သူက လေ့ကျင့်ခန်းများစွာ လုပ်ပြီး ဇီဝဖြစ်ပျက်မှု မြန်ဆန်သောကြောင့် အလွန်စားနိုင်၏။
အများအားဖြင့် သူ 70% ပြည့်အောင် စားလေ့ရှိသည်။ နောက်ပိုင်းတွင် မိသားစုထဲမှာ ကလေးတွေအများကြီးရှိပြီး ဟင်းကောင်းကောင်းချက်ရန် မလုံလောက်ပါချေ။
သို့သော် နှစ်သစ်ကူး အစားအစာက ဗိုက်ပြည့်ရမည်ဖြစ်ပြီး ယင်းက လာမည့်နှစ်တွင် စပါးအထွက်ကောင်းမည်ဟု ညွှန်ပြနေကာ လင်းလန်လုပ်ထားသော ဖက်ထုပ်များကလည်း စားရန် လုံလောက်သောကြောင့် သူပွင့်ပွင့်လင်းလင်း စားမည်ဖြစ်သည်။
သူက အစားစားရာတွင် နှေးကွေးခြင်းမရှိသော်လည်း ယဥ်ကျေးမှုမရှိသူမဟုတ်သည့်အပြင် တူအမြှောက်၊တူအချတို့တွင် ခမ်းနားတင့်တယ်သော အသရေတမျိုးရှိနေ၏။
သူမက ပြုံးပြီး ပြောလိုက်သည်။
"ရှင်တို့စစ်တပ်မှာ အစားအသောက်အတွက် မတိုက်ခိုက်ကြ ဘူးလား"
သူက ထိုသို့သော အနေအထားကို ထိန်းထားနိုင်ဆဲပင်။
ဟန်ချင်စုန့်က ခေတ္တရပ်လိုက်ပြီး
"ပထမနှစ်နှစ်မှာ ကိုယ်လက်နဲ့ လုခဲ့တယ်"
တူနှင့်လု၍မရပေ။
“နောက်တော့ ကိုယ့်ဆီကနေ ဘယ်သူမှ မလုနိုင်တော့ဘူး”
သူ့မျက်လုံးထဲမှာ အပြုံးတစ်ခုရှိနေသည်။
လင်းလန်က သူ့ကို ပြုံးပြပြီး နောက်ထပ်တစ်ပန်းကန် ထပ်ကျွေးလိုက်၏။
"မပူပါနဲ့... အစာကြေလွယ်အောင် နည်းနည်းချင်းဝါး"
သူမက ကလေးတစ်ယောက်ကို ချော့နေသလိုမျိုး သူ့ကို ထပ်ပြီးပြောဆိုလာပြန်သည်။ သူမမျက်လုံးတွေက ပျားရည်လို နူးညံ့နေပြီး တစ်စုံတစ်ယောက်ကို နစ်မြုပ်သွားစေနိုင်သည်။
ဟန်ချင်စုန့် သူ့တူများကို ရပ်တန့်လိုက်၏။ သူတကိုယ်လုံး ပူလောင်နေကာ သည်းမခံနိုင်တော့ပေ။သူမကို နမ်းချင်လာသည်။
သို့ပေမဲ့ သူမက ရှက်ရွံ့သွားမှန်း သိသာပြီး သူ့ အကြည့်တွေကနေ ရှောင်ကာ သူ့ကို ခိုးကြည့်နေ၏
ဟန်ချင်စုန့် သူမကို နင့်နင့်နဲနဲကြည့်ပြီးနောက် ပန်းကန်လုံးတွေကို ရုတ်တရက်ချထားလိုက်ပြီး သူမလက်ကို သူနှုတ်ခမ်းဆီသို့ဆွဲယူကာ နမ်းလိုက်သည်။
သူ့ဘေးမှာ ကလေးတွေသာမရှိပါက သူမ အသက်မရှူနိုင်တော့သည်အထိ၊ သူ့ကို ယခုလိုထပ်ပြီး မကြည့်ရဲတော့သည့်အထိ နှုတ်ခမ်းကို တိုက်ရိုက်နမ်းပစ်မှာဖြစ်၏။
လင်းလန် လန့်ပြီးအသံထွက်သွားသည်။
"အိုး..."
စန်းဝမ်က ချက်ချင်း ချဲ့ကားပြီးအော်လိုက်၏။
"အဖေက မားမားရဲ့လက်ကို စားနေတယ်... ဟားဟား..."
သူက တဝမ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကိုက်လိုက်သည်။
သူက ရေဒီယို နားထောင်နေပေမဲ့ သူ့မျက်လုံးတွေက ရံဖန်ရံခါ စောင့်ကြည့်နေသောကြောင့် မျှော်လင့်ထားသည့်အတိုင်း လက်ပူးလက်ကြပ်မိခဲ့၏။
တဝမ် နာကျင်မှုကြောင့် သူ့ကို တွန်းလွှတ်လိုက်ပြီး ရွံရှာစွာ ရိုက်နှက်ပစ်ချင်မိသည်။
သူက ရှောင်ဝမ်ကို ချက်ချင်းဆွဲခေါ်လိုက်ပြီး ရှောင်ဝမ်က သူ့၏နူးညံ့သော လက်ဖဝါးလေးကို မြှောက်ကာဆို၏။
"အစ်ကို မင်းအတွက် ငါ့စားမယ်"
မိုင်စွေ့က ရှောင်ဝမ်၏လက်ကို ဆုပ်ကိုင်ကာ နမ်းလိုက်ပြီး
"အရသာရှိလိုက်တာ"
ရှောင်ဝမ်က ထိုဟာကို အတည်ယူပြီး သူ့လက်တွေကို တစ်ခုပြီးတစ်ခုစားကာ ၎င်းနောက် ဒုတိယအစ်ကိုကို ပေးလိုက်သည်။အားဝမ်ကလည်း အများကြီးစားလိုက်၏။
စန်းဝမ်က ၎င်းကို ဖမ်းဆုပ်ပြီး ကိုက်ထားသော်လည်း ပြင်းပြင်းထန်ထန်မဟုတ်သလို အားလည်းမပါချေ။ ရှောင်ဝမ်က စန်းဝမ်ဆီကနေ အကိုက်ခံရသည့်အတွက် သူ့ပခုံး နာကျင်နေသည်ကို မှတ်မိနေဆဲဖြစ်သဖြင့် သူက ချက်ချင်း ခြေထောက်ကို ဆန့်လိုက်ပြီးဆိုလေသည်။
"အစ်ကို့ခြေထောက်ကို သားစားမယ်"
"အား...ကယ်ပါဦး..ငါကနံစော်နေတာ —”
စန်းဝမ်က မြေကြီးပေါ်မှာ ဟန်ဆောင်ကာ သေအောင် နံစော်နေပြီဟု ပြောတော့မည်ဖြစ်သော်လည်း လင်းလန်က တရုတ်နှစ်သစ်ကူးကာလတွင် သေကြောင်းကို ပြောခွင့်မပေးကြောင်း သတိရသဖြင့် သူ အဓိပ္ပါယ်မရှိသည့်ဟာတွေ လျှောက်ပြောနေတော့သည်။
“ဟားဟား…”
ကလေးများ အနွေးကုတင်ပေါ်တွင် ရှေ့တိုးနောက်ငင် ရယ်မောနေကြသည်။
လင်းလန် ပထမတွင် ရှက်သွားသော်လည်း ယခု သူမလည်း ပြုံးပြီး မျက်မှောင်ကြုတ်လိုက်၏။သူမကသွားကာ သူတို့ကို သုံးကြိမ်တိုင်တိုင် အော်ဟစ်စေခဲ့ပြီး ၎င်းနောက် ရှောင်ဝမ်က သူမအပိုင်ပါးပြင်လေးကို ထိုးပေးလာသည်။
လင်းလန် ရင်ခွင်ထဲမှ ကလေးများစွာနှင့် ဗရုတ်ကျနေတော့၏။
စန်းဝမ်က စိတ်အားငယ်မှုများဖြင့်ပြည့်နေပြီး လည်ချောင်းကို ဖျစ်ညစ်ကာ အသံထုတ်လိုက်သည်။
"မားမား...ကျွန်တော့်ကို ချစ်လား မချစ်ဘူးလား "
လင်းလန်:"...အိုင်းး...ငါက ချစ်စရာကောင်းတယ်လေ...မင်းကို ရိုက်မယ်ကွ"
သူမက သူ့ကို လိုက်ဖမ်းတော့မည်ကို မြင်သောအခါ စန်းဝမ် ချက်ချင်း ပြတင်းပေါက်ဘောင်တွင် ပြေးပုန်းတော့၏။
လင်းလန် နောက်ဆုံးတွင် စန်းဝမ်ကိုဆွဲချလိုက်ပြီး
အံကြိတ်ကာ ဆိုသည်။
"ရိုက်တာမဟုတ်ဘဲ စားတာဆိုတာကို မင်းမှတ်မိလား...ငါမင်းကို ကူညီပေးမယ်"
သူမက စန်းဝမ်၏ခြေအိတ်များကို ချွတ်ကာ ခြေဖဝါးများကို ကလိထိုးလေ၏။
ဤသည်က အဆုံးစွန်သော လူသတ်သမားပင်။
စန်းဝမ်က ချက်ချင်းပင် သနားညှာတာရန်တောင်းပန်တော့သည်။
"မလုပ်ရဲပါဘူး...ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူးဗျ..."
လင်းလန်က သူတို့နှင့်ကလေးတစ်ယောက်လို ရန်ဖြစ်နေကြသည်ကို မြင်သောအခါ ဟန်ချင်စုန့် မသိစိတ်ကနေ ပြုံးမိသွားပြီး သူ့အကြည့်တွေက နူးညံ့နေမှန်းသူကိုယ်တိုင်ပင်မသိခဲ့ချေ။
ခဏအကြာတွင် လင်းလန်နှင့်ကလေးတွေက မနေနိုင်တော့ဘဲ ကစားရင်း အိပ်ပျော်သွားကြပြီး အဝတ်အစားလဲရန်လည်း ဂရုမစိုက်တော့ပေ။
စန်းဝမ်က တဝမ်၏ ခြေထောက်များပေါ်တွင် အနားယူနေပြီး သူ့ခြေထောက်များက အားဝမ်၏ ရင်ဘတ်ပေါ်တွင်တင်ထား၏။ ရှောင်ဝမ်က လင်းလန်၏ ရင်ဘတ်ပေါ်တွင် ဖင်လေးထောင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
Xxxxxxxx