Part 347
ပြန်လှည့်လိုက်သည့်အခါ ဟန်ချင်စုန့်၏ မျက်၀န်းများနှင့် အကြည့်ချင်းဆုံသွားတော့သည်။ လင်းလန် ပြုံးပြလိုက်ပြီးနောက် စန်း၀မ်အား သန့်ရှင်းပေးကာ အင်္ကျီလဲပေးလိုက်သည်။
ဟန်ချင်းယွမ် ပြန်သွားပြီးတာတောင် စန်း၀မ်သည် ဦးလေးဖြစ်သူ လုပ်ပြသွားသည်ကို အတုခိုးကာ လိုက်လုပ်နေသေးလေသည်။ လက်မောင်းတစ်ဖက်ကို မြှောက်ကာ ကျန်လက်တစ်ဖက်ဖြင့် ကိုင်ကြည့်ရင်း လင်းလန်အား နှုတ်ခမ်းဆူကာ မေးလေသည်။
" မားမား ၊ သားကိုကြည့် ။ သားက သန်မာလား မသန်မာဘူးလား။ သားရော မားမားရဲ့ ကောင်လေးဖြစ်လို့ ရလား။ "
ထိုအချိန်တွင် လင်းလန်က ဟန်ချင်စုန့်၏ နားရွက်ဖျားလေးများအား ကရင်မ်လိမ်းပေးနေတာဖြစ်လေသည်။ သူသည် အပြင်သွားလာတာဖြစ်ကာ မီးဖိုရှေ့တွင် ထိုင်နေ၍ အပူအအေးမမျှ ဖြစ်ကာ နားရွက်ဖျားများ နီရဲနေ၍ ဖြစ်လေသည်။ သွေးမလျှောက်တော့ဘဲ ရောင်လာမည်ကို စိုး၍ အစိုဓာတ်ရှိနေရန် ကရင်မ်လိမ်းပေးနေတာဖြစ်လေသည်။
သားဖြစ်သူ၏ စကားကြောင့် ဟန်ချင်စုန့်၏ နားဖျားလေးများမှာ ပို၍ ရဲလာကာ ပါးများပင် ရဲလာသော်လည်း မီးရောင်ကြောင့် သေချာမမြင်ရပေ။
လင်းလန် စန်း၀မ်၏ လက်မောင်းမှ ဆွဲ၍ လှမ်းခေါ်လိုက်ကာ နားရွက်တစ်ဖက်အား လိမ်ဆွဲရင်း ဆူလိုက်သည်။
" မင်းအဖေထက် ဆိုးနေတယ်ပေါ့လေ ! ငယ်ငယ်လေးနဲ့ ဘာတွေပြောနေတာလဲ။ နောက်ဆို ကောင်လေးဆိုတဲ့ စကားကို ပြောခွင့်မပြုဘူး။ "
" .... " ထိုမှသာ ဟန်ချင်စုန့်၏ မျက်နှာလည်း ပြန်ကြည်လာတော့သည်။
စန်း၀မ်သည် အဆူခံရ၍ ပြန်တောင်းပန်တော့သည်။
" မားမား ၊ သား မပြောတော့ဘူးလေနော် ။ ကောင်လေး...ဒါဆို အဲ့တာက ဘာပြောတာလဲပဲ ပြောပြလေနော်။ "
လင်းလန် : " ..... " ဟန်ချင်စုန့်အား အပြစ်ရှိသလို လှမ်းကြည့်လေသည်။
လင်းလန်သည်လည်း သူမ ထိုမေးခွန်းအား သေချာဖြေမှဖြစ်မည်ကို သိသည်။ မဟုတ်လျှင် ပြဿနာတက်မည့် မေးခွန်းဖြစ်နေသည်ကိုး ။
လင်းလန် လည်ချောင်းရှင်းကာ ပြန်ဖြေပေးလိုက်သည်။ " သားကို စာကျက်ဆိုတော့ စာကျမကျက်ဘဲနဲ့။ ဆရာမတွေ ပြောပြတာကို မသိဘူးလား။ ကောင်လေးဆိုတာ သူငယ်ချင်းပဲလေ ။ သူငယ်ချင်းဆိုတာက သားနဲ့ ဆက်ဆံရေးကောင်းတဲ့သူတွေကို ခေါ်တာလေ ၊တစ်ယောက် ဒုက္ခရောက်နေချိန်မှာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးကြတဲ့သူတွေပေါ့။ သားအဖေရဲ့ စစ်ထဲက ရဲဘော်တွေလိုပဲလေ။ "
မိုင်ဆွေ့သည်လည်း အမေဖြစ်သူ၏ စကားများကို ကြားသည့်အခါ " မားမား ဒါဆို ကောင်လေးဆိုတာက ယောက်ျားလေးသူငယ်ချင်းကို ပြောတာပေါ့နော်။ " ဟု၀င်မေးလာတော့သည်။
လင်းလန် ခေါင်းညိတ်ပြလိုက်သည်။ " အဲ့လိုပဲပေါ့။ ပုံမှန်ဆို သူငယ်ချင်းတွေလို့ပဲ ခေါ်ကြတာပေါ့။ ကောင်လေးတို့ ကောင်မလေးတို့ မခေါ်ရဘူးနော်။ ဥပမာပေးရရင် မားမားနဲ့ ညွှန်မှုးကျားရဲ့ မိန်းမနဲ့က သူငယ်ချင်းကောင်းတွေဖြစ်ပြီး သားတို့ကလည်း ဒေါက်တာယန်နဲ့ သူငယ်ချင်းကောင်းတွေပဲ မဟုတ်ဘူးလား။ ဒါပေမယ့်လည်း ကောင်လေးလို့တော့ မခေါ်ကြဘူးလေ ၊ ဟုတ်တယ်မလား။ "
ကလေးနှစ်ယောက်သည် ခေါင်းညိတ်ပြကာ နားလည်ပါပြီဟု ပြန်ဖြေကြသည်။
ဆိုတော့ ကောင်လေးဆိုတာက ယောက်ျားလေး သူငယ်ချင်းလို့ ပြောတာပေါ့လေ ။
စန်း၀မ်ကတော့ ကောင်လေးဆိုသည်က အင်အားကြီးကာ ကာကွယ်ပေးနိုင်သည့် ယောက်ျားလေးများကို ခေါ်တာဟု မှတ်ယူလိုက်တော့သည်။ မဟုတ်ရင် မားမားက မူးနေတုန်း အဖေ့ကို ကောင်လေးလိုချင်တယ်လို့ ဘာလို့ပြောမှာလဲ ၊ မဟုတ်ဘူးလား။
ကလေးများ ဆက်ကာ မေးမြန်းလာခြင်းမရှိတော့မှသာ လင်းလန်လည်း စိတ်သက်သာရာရသွားတော့သည်။ သို့သော်လည်း ဟန်ချင်စုန့်နှင့် အကြည့်ချင်းဆုံပြန်သည့်အခါတွင်တော့ မလုံမလဲ ခံစားရပြန်တော့သည်။
မနက်စာစားနေစဥ်တွင် နှစ်သစ်ကူးနှုတ်ဆက်ရန် လာကြသူများလည်းရှိကာ လူများသည် ၀င်လိုက်ထွက်လိုက်ဖြင့် စည်ကားနေလေသည်။စားသောက်ပြီးသည့်အခါတွင် ကလေးများသည်လည်း နှစ်သစ်ကူးအတွက် နှုတ်ဆက်စကားဆိုကြကာ ပြီးနောက် သူငယ်ချင်းများနှင့် ကစားရန် ထွက်သွားတော့သည်။
လင်းလန် ရှောင်း၀မ်အား အင်္ကျီလဲပေးကာ မျက်နှာချေ အနည်းငယ်ကိုပါ လိမ်းပေးထား၍ တွေ့သူတိုင်းသည် ချောလိုက်တာ ဟူ၍ ချီးမွမ်းကြလေသည်။
မိုင်ဆွေ့က ရှောင်း၀မ်အား ခေါ်ကာ နှုတ်ဆက်ဖို့ အတူလိုက်ပို့ပေးချင်သော်လည်း စန်း၀မ်ကတော့ တားလေသည်။
" မမ မလိုက်နဲ့တော့ ။ သားတို့ဘာသာ သွားမယ် ။" ဟုဆိုကာ ရှောင်း၀မ်၏ လက်အားဆွဲ၍ ကောင်လေးတစ်ယောက်၏ တာ၀န်များကို လုပ်ရင်း နှစ်သစ်ကူးမုန့်ဖိုးတောင်းရန် ထွက်သွားကြလေသည်။
စန်း၀မ်မှ ရှောင်း၀မ်အား ခေါ်ကာ ထွက်သွားသည်ကို တွေ့သည့်အခါ လင်းလန်ပြုံးလိုက်မိသည်။ ပါးပေါ်သို့ မျက်နှာချေမှုန့်အနည်းငယ် လူးကာ ကြက်သွေးရင့်ရောင် သိုးမွှေးလည်စီးအား ပတ်ရင်း နှစ်သစ်ကူးအတွက် လိုက်နှုတ်ဆက်ဖို့ အပြင်ထွက်ရန် ပြင်လိုက်သည်။
ထွက်ဖို့အပြင်မှာပဲ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ ဆွဲထည့်ခံလိုက်ရလေသည်။
ဟန်ချင်စုန့်သည် သူမအား ငုံ့ကြည့်ချိန်တွင် လည်စီးအားတွေ့သွားကာ သူ၀ယ်ပေးထားသည့် ပန်းရောင်လည်းစီးလေးက ပိုလှတာကို ဘာလို့ မ၀တ်ရတာလဲဟု တွေးနေလေသည်။
လင်းလန်သည် သူမ ဘယ်လိုဖြေရမည်မသိသည့် မေးခွန်းများအား မေးလာမည်စိုး၍ စိတ်လှုပ်ရှားနေလေသည်။ သို့ဖြစ်၍ ပြုံးပြကာ ပြန်ရုန်းလေသည်။
ငါ့ကို အသေသတ်ရင်တောင် မူးပြီး ပေါက်ကရတွေ ပြောမိတာကို ၀န်ခံမှာ မဟုတ်ဘူးနော် ! ဘာမှ မဖြစ်သလိုပဲ ဟန်ဆောင်နေလိုက်မှာ !
သို့သော်လည်း ဟန်ချင်စုန့်ကတော့ လွှတ်မပေး ။ သူမ၏ လက်အား လှမ်းဆွဲကာ ဖက်လိုက်ရင်း အ၀တ်ဗီရိုအား ကျောကပ်စေလိုက်လေသည်။
လက်နှစ်ဖက်အား သူမ၏ ပုခုံးတစ်ဖက်စီဘေးတွင် ထောက်ထားကာ တဖြည်းဖြည်းချင်း ခေါင်းငုံ့လာကာ သူမနှင့် အကြည့်ချင်းဆုံအောင် ကြည့်လေသည်။ လင်းလန်ကတော့ ပို၍တောင် ခေါင်းငုံ့သွားကာ နားဖျားလေးများလည်း ရဲလာတော့သည်။
လင်းလန် ရင်ခုန်လာတော့သည်။
ဟန်ချင်စုန့်က လင်းလန်၏ ခါးအား လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပွေ့လိုက်ပြီးနောက် ဗီရိုဘေးရှိ စားပွဲပေါ်သို့ ချီ၍ တင်ပေးလေသည်။ ယခုတွင် သူတို့နှစ်ဦး၏ အရပ်မှာ တပြေးညီတည်းလို ဖြစ်သွားလေသည်။
လင်းလန် သူ့အား ကြည့်ကာ စျေးဆစ်မိသည်။ " ပြန်လာမှ ပြောကြမယ်လေ ၊ မကောင်းဘူးလား။ "
ဟန်ချင်စုန့်သည် သူမ၏ ခါးအား သူ့၏ ကြီးမားသော လက်ကြီးများဖြင့် ပွေ့ထားဆဲဖြစ်ကာ သူမ၏ နှာခေါင်းထိပ်အား သူ့၏ နှာခေါင်းထိပ်ဖြင့် ပွတ်သပ်ရင်း ခပ်ရှရှသံဖြင့် ပြောလေသည်။
" ... စကား မပြောချင်ဘူးလား ၊ ကောင်လေးနဲ့လေ ။ "
လင်းလန်၏ မျက်နှာမှာ ရဲတက်သွားတော့သည်။ အလွန့်အလွန် နီးနီးကပ်ကပ် စိုက်ကြည့်ခံနေရ၍ မူးဝေလာတော့သည်။ သူ့အသံကြောင့်လည်း သူမ၏ နားဖျားလေးများမှာ တုန်ခါနေသလိုလို ။
ခေါင်းများလည်း မူလာသလိုလို ဖြစ်ချင်နေလေသည်။
ဘာကိုဆိုလိုချင်တာလဲ။ သူမကို သံသယ၀င်နေတာလား ၊ ဒါမှမဟုတ် တကယ်ပဲ သိချင်နေတာလား။
ဒီအကြောင်းကနေ ဘယ်လို စကားလမ်းကြောင်း လွှဲလို့ရမလဲ။
Xxxxx
Part 348
လင်းလန် ဟန်ချင်စုန့်၏ လည်ပင်းအား ဖက်လိုက်ကာ ရှေ့သို့တိုး၍ နမ်းမည် လုပ်သော်လည်း လက်မခံဘဲ သူမ၏ မျက်နှာလေးအား ကိုင်ကာ မျက်လုံးများကိုသာ စိုက်ကြည့်နေလေသည်။
" ဘယ်တစ်ယောက်ကို ကောင်လေးဖြစ်စေချင်နေတာလဲ ဟမ် "
လင်းလန်း : " ..... " ရူးချင်လာပြီနော်။
" ရှင်ရော မဖြစ်ချင်ဘူးလား။ " မေးခွန်းသာပြန်မေးကာ တိုက်စစ်ဆင်လိုက်တော့သည်။
ဟန်ချင်စုန့်က သူမအား ကောက်ပွေ့ကာ ချီလိုက်လေသည်။
ရုတ်တရက် လေထဲသို့ မြောက်သွား၍ လင်းလန်သည် လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ခြေထောက်များကိုလည်း ဟန်ချင်းစုန့်၏ ခါးတွင် ချိတ်လိုက်မိလေသည်။
" အပြင်မှာ လူတွေရှိတယ်လေ ။ "
တစ်ယောက်ယောက် ၀င်လာရင် ဘယ်လိုလုပ်မလဲ။
ဟန်ချင်စုန့်က လင်းလန်အား သူ့ကိုယ်ကိုသာ အမှီပြုထားနိုင်ရန် စားပွဲနှင့်ဝေးအောင် နောက်သို့ တစ်လှမ်းထပ်ဆုတ်လိုက်လေသည်။
" ကောင်လေးဆိုတာက ဘာလဲ။ "
လင်းလန် : ".... " ဆိုတော့ သူ မသိဘူးပေါ့လေ! ငါအလိမ်ခံလိုက်ရပြီ ။
" ..... အဲ့တာက "
ဟန်ချင်စုန့် : " ကိုယ့်ကို အရူးလုပ်ဖို့ မစဥ်းစားနဲ့နော်။ "
" အဲ့တာက .... အချင်းချင်း ချစ်ခင်ကြတဲ့ လူငယ်လေးနှစ်ယောက်ကိုပဲ ခေါ်တာ ၊ ဒါပေမယ့် လက်တော့ မထပ်ရသေးဘူး။ "
ဟန်ချင်စုန့်သည် မျက်မှောင်ကြုံ့လေသည်။
" လူငယ်လေးတွေ ၊ ချစ်ကြတယ် ၊ လက်မထပ်ရသေးဘူး ... "
ပြောရင်းဖြင့် စိတ်ဆိုးသည့် အမူအရာ ဖြစ်လာတော့သည်။
လင်းလန် သူ့အမူအရာကို ကြည့်ကာ လန့်နေမိသော်လည်း ပြုံးတော့ ပြုံးမိသွားသေးသည်။
" အဲ့တော့ မင်းက ကွာရှင်းချင်နေတာလား။ "
အသံသည်ပင် အေးစက်လာတော့သည်။
လင်းလန် အမြန် ပြန်ရှင်းပြရတော့သည်။ " မဟုတ်ဘူး ၊ မဟုတ်ဘူး ။ အထင်မလွဲပါနဲ့ ။ "
သူ့ကို ဘယ်လို ဦးနှောက်နဲ့ အဲ့လို ဖြေလိုက်ရတာလဲ ။
" ဒါဆို ကောင်လေးနဲ့ ဘာတွေ လုပ်ကြလဲ။ "
လင်းလန် မျက်စိစုံမှိတ်ကာ ပြန်ဖြေရတော့သည်။
" ချိန်းတွေ့တယ် ၊ စျေး၀ယ်ထွက်တယ် ၊ လမ်းအတူ လျှောက်ကြတယ် ၊ စားတယ် ၊ စကားပြောကြတယ် ၊ ခရီးထွက်ကြတယ် ...."
" အတူမအိပ်ဘူးလား " ဟန်ချင်စုန့်က ဖြတ်မေးလေသည်။
လင်းလန် : " !!! "
ဘာတွေ လာမေးနေတာလဲ ! အိပ်အိပ် မအိပ်အိပ်ပေါ့ ။လက်မထပ်လည်း အိပ်ကြတာပဲလို့ ပြန်ဖြေလိုက်ရင် ထသောင်းကျန်လောက်လားဟင် ။
ရှင်သန်လိုစိတ်ပြင်းပြနေ၍ လင်းလန်သည် ပြတ်ပြတ်သားသားကို ငြင်းပစ်လိုက်တော့သည်။
" သေချာပေါက် မအိပ်ဘူးပေါ့။ "
ဟန်ချင်စုန့်သည် ထိုအခါမှသာ မျက်နှာအမူအရာ ပြန်ကောင်းလာတော့သည်။
" အရင်ကရော ကောင်လေးရှိခဲ့ဖူးလား။ "
လင်းလန် နှလုံးခုန်မြန်လာပြန်တော့သည်။ ဘာကိုဆိုလိုတာလဲ ။ ဘာအဓိပ္ပာယ်နဲ့ မေးနေတာလဲ။ ဒါပေါ့ ၊ သူမမှာ ကောင်လေးရှိခဲ့တာပေါ့ ။ ပြန်မမွေးဖွားလာခင်ကလေ ။
လင်းလန်သည် ပြုံးပြကာ ငြင်းလိုက်သည်။
" မဟုတ်တာတွေ မပြောနဲ့လေ ။ ရှင်နဲ့ လက်ထပ်တုန်းက ကျွန်မက ဆယ့်ခြောက်နှစ်ပဲရှိသေးတာလေ ။ ဘာမှတောင် နားမလည်သေးတဲ့ အရွယ်ဟာကို ဘယ်ကကောင်လေးကရှိရမှာလဲ။ "
ဟန်ချင်စုန့်သည် သူမလေးအား သံသယ၀င်နေခြင်း မဟုတ်ပါဘဲ စရတာ ပျော်ဖို့ကောင်း၍ စနေခြင်းသာ ။
" ဟုတ်ပြီလေ ၊ လက်ခံပေးလိုက်မယ် ။ " ဟန်ချင်စုန့်သည် သူမအား စားပွဲပေါ်သို့ ပြန်ချပေးလိုက်သည်။ ထိုစကားလုံးအား ဘယ်ကနေ ဘယ်လိုသိလာခဲ့သည်ကိုတော့ မေးမနေတော့ ။
လင်းလန် သက်ပြင်းချလိုက်တော့သည်။
" နှုတ်ဆက်ဖို့ သွားတော့မယ်နော် ။ " ဟုဆိုကာ ခုန်ချရင်း ထွက်သွားမည် အလုပ် ဟန်ချင်စုန့်သည် သူမအား နမ်းလိုက်လေသည်။
အတော်လေး ကြာမှသာ သူမအား လွှတ်ပေးကာ သြရှရှသံဖြင့် ပြောလေသည်။
" အခုကစပြီး အိပ်ယာပေါ်မှာဆို ကိုယ်က မင်းယောက်ျားဖြစ်ပြီးတော့ အပြင်ထွက်ရင် မင်းရဲ့ ကောင်လေးဖြစ်ပေးမယ်။ "
လင်းလန် : " .... "
ထိုအချိန်မှာပဲ အပြင်မှ ခြေသံများကြားလိုက်ရ၍ လင်းလန် ဟန်ချင်စုန့်အား တွန်းထုတ်ကာ ဖယ်ခိုင်းတော့သည်။ ဟန်ချင်စုန့် သူမအား ပြန်ချပေးကာ အင်္ကျီနှင့် ဆံပင်များကို ပြန်ပြင်ပေးပြီး သူမ၏ ရောင်နေသော နှုတ်ခမ်းပါးအား လက်မဖြင့် ပွတ်ပေးနေလေသည်။
လင်းလန် : " .... "
ငရုတ်သီးစားထားလို့လို့ပဲ ပြောလိုက်ကြတာပေါ့လေ။
ရောက်လာကြသူများသည် တုန်ဟွိုင်ဟွ ၊ လျိုရှုယွင် ၊ ကျန်းချိုက်ဟုန်နှင့် အခြားသူများဖြစ်ကာ ဆယ်ယောက်ကျော်မျှ ရှိလေသည်။ ၀င်လာသူများသည် နှစ်ယောက်တည်းရှိနေသည်ကို မြင်သည့်အခါ ရယ်သူကရယ်ကြ စသူကစကြတော့သည်။
"ဘာလို့ ညွှန်မှူးဟန်က နှုတ်ဆက်ဖို့ မသွားသေးတာလဲ။ အိမ်ထဲမှာ ဘာစားကောင်းသောက်ဖွယ်တွေများ ဖွက်စားနေကြတာတုန်း ။ "
အနည်းငယ် ရှက်သွား၍ ဟန်ချင်စုန့် နှုတ်ဆက်စကားအနည်းငယ်သာ ပြန်ပြောလိုက်လေသည်။ ပြီးနောက် တုန်ဟွိုင်ဟွသည် လင်းလန်အား ဆွဲခေါ်သွားတော့သည်။
" သွားကြရအောင် သွားနှုတ်ဆက်ကြမယ် ။ ပြီးရင် လမ်းလျှောက်ရင်း စကားပြောကြတာပေါ့။ "
ဟန်ချင်စုန့်သည်လည်း သွားလေဟုဆိုကာ ခွင့်ပြု၍ မိန်းမသားတစ်စုသည် ထွက်သွားကြတော့သည်။ အဖွားကြီးဟန်၏ အိမ်အလှည့်သို့ ရောက်သည့်အခါ လင်းလန် တွေဝေနေလေသည်။
တုန်ဟွိုင်ဟွက သူမ ဘာတွေးနေသည်ကို နားလည်၍ သူမ၏ လက်အား ဆုပ်ကိုင်ပေးကာ အားပေးစကားဆိုလေသည်။
" သွားကြမယ်လေ ငါလည်း လိုက်ပေးမယ်။ နှစ်သစ်ကူးပဲဟာ ။ "
ပြီးနောက် လင်းလန် အပါအ၀င် လူတစ်စုသည် အိမ်ထဲသို့ ၀င်သွားကြတော့သည်။
အိမ်ထဲရှိ အခြေအနေသည် ခြောက်သွေ့ကာ ကသိကအောက်ဖြစ်နေသည့် အခြေအနေပင် ။ သူမ မလာခဲ့သင့်ဘူးဟု တွေးကာ တုန်ဟွိုင်ဟွသည် နောင်တရနေတော့သည်။
သို့သော်လည်း သူမသည် ဦးဆောင်ကာ အဖွားကြီးဟန်အား အရင် နှုတ်ဆက်လိုက်သည်။
အဖွားကြီးဟန်သည် အနွေးကုတင်ပေါ်တွင် လှဲနေဆဲဖြစ်ကာ စောင်ကြီးကိုပါ ခြုံလို့ထားပြီး နေမကောင်းချင်ယောင်ဆောင်နေလေသည်။ သူတို့ ၀င်လာသည်ကို မြင်သည့်အခါ ချောင်းတဟွတ်ဟွတ်ပင် ဆိုးပြလေသည်။ နှစ်သစ်ကူးအတွက် ဖက်ထုပ်ရော စားပြီးပြီလားဟု မေးသည့်အခါ အဖွားကြီးဟန်သည် မျက်ရည်လေးစမ်းစမ်း စမ်းစမ်း ဖြစ်လာတော့သည်။
" ဟင်းးးး " အဖွားကြီးဟန်သည် သက်ပြင်းရှည်ကြီး ချလေသည်။
လင်းလန်သည် စတင်၍ ငိုပြတော့မည်ကို သိ၍ အမြန်းကားစပြောလိုက်တော့သည်။
အသေအချာပင် ၊ အဖွားကြီးဟန်သည် မရှိသည့် မျက်ရည်များကို သုတ်ပြကာ ပြောလေသည်။ " ဘာကိုစားရမှာ .... "
လင်းလန် ဖြတ်ကာပြောလိုက်၏ ။ " အမေ ၊ ယောင်းမနဲ့ ကျွန်မနဲ့ ဖက်ထုပ်တွေ အများကြီးလုပ်ထားတာ ။ အမေ့ကိုတောင် တစ်ပွဲပို့ပေးလိုက်တယ်လေ ။ မစားရသေးဘူးလား။ "
ဖက်ထုပ်တွေကို မပို့ပေးတာ မဟုတ်ဘူးလေ ။
ဒါပေါ့ ငါစားပြီးပြီပေါ့ ။ အဖွားကြီးဟန်သည် ချွေးမဖြစ်သူအား အပြစ်ရှာချင်သည်ကို လင်းလန်က ၀င်ကာ ဟန့်တားလိုက်၍ သူမအား မျက်စောင်းထိုးလာတော့သည်။
လင်းလန်ကတော့ ဂရုစိုက်နေခြင်းမရှိပါ ။ အိမ်ထဲတွင်လည်း ဒုတိယအစ်ကိုဟန်တို့ မိသားစုကို မတွေ့ ။ နှုတ်ဆက်ရန် အပြင်ထွက်သွားကြတာ ဖြစ်လောက်သည်။
အဖိုးကြီးဟန်ကိုလည်း မတွေ့ရ ။ သူငယ်ချင်းတွေနဲ့ အပြင်တွင် ဆေးလိပ်သောက်ရန် သွားကြသည်ထင်ပါ့။
ပထမအစ်ကိုဟန်ကိုတော့ အိမ်အနောက်ဘက်တွင် ရှိနေသည်ကို လှမ်းတွေ့လိုက်လေသည်။ သူသည် မိန်းကလေးများနှင့် စကားပြောရသည်ကို မကြိုက်သူဖြစ်ကာ ယခုတော့ သူ့အား စကားလာပြောနေသည့် အမျိုးသမီးတစ်ယောက်ရှိနေ၍ စိတ်မကြည်နေသည့်ပုံပင် ။ ဧည့်သည် ရှိနေ၍ ပထမအစ်ကိုဟန်သည်လည်း ထွက်မလာနိုင်ဖြစ်နေလေသည်။
အဖွားကြီးဟန်သည် သူမကဲ့သို့ အကျင့်တူသည့် အမျိုးသမီးတစ်ယောက်လည်း ပါလာ၍ ထိုအမျိုးသမီးနှင့်အတူ သူမရဲ့ ချွေးမက ဘယ်လို ချွေးမ၀တ္တရား မကျေတာ ဟူ၍ လူစေ့အကုန်သိအောင် ပြောရန်ပြင်တော့သည်။
Xxxxxx