Part 349
လင်းလန်သည် နောက်သို့ဆုတ်ကာ စကားများ လွန်မလာခင် ပြန်ရန် ပြင်လိုက်တော့သည်။ တုန်ဟွိုင်ဟွသည်လည်း သူမ၏ အကြံကို ရိပ်မိလေသည်။
" အဒေါ်ဟန်ရေ ၊ မနှုတ်ဆက်ရသေးတဲ့ အိမ်တွေကျန်သေးလို့ ကျွန်မတို့ ပြန်တော့မယ်နော်။ "
ပြီးနောက် အဖွားကြီးဟန်နှင့် အတူ အတင်းတုပ်တော့မည့် အမျိုးသမီးအား ဆွဲခေါ်ကာ ပြန်ထွက်သွားလေသည်။
အဆုံးတွင် အဖွားကြီးဟန်သည် အပီအပြင် ငိုပြတော့မည်အလုပ်တွင် အကုန် ထပြန်သွားကြ၍ ဘာလုပ်ရမည်မသိဖြစ်ကာ တောင့်တောင့်ကြီးကျန်ခဲ့တော့သည်။
နောက်ဆုံးတွင် အမျိုးသမီးဆယ်ယောက်ကျော်သည် လင်းလန်၏ အိမ်သို့သာ ပြန်ရောက်လာကြတော့သည်။
ယခင်နှစ်များတွင် တုန်ဟွိုင်ဟွ၏ အိမ်သို့သွားလေ့ရှိတာဖြစ်သော်ငြား ယခုနှစ်တွင်တော့ လင်းလန်၏ အိမ်တွင် နေကြကာ ရေဒီယိုနားထောင်ကာ ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောကြမည်ဟု ဆုံဖြတ်ထားကြလေသည်။
လင်းလန်သည်လည်း လက်ခံကာ အိမ်ရှင်ပီပီ ရေနွေးကြမ်း နှင့် ဖရဲစေ့များ ၊ မြေပဲလှော်များကို ချကာ ဧည့်ခံရန် ပြင်ဆင်ထားသည်။
အိမ်တွင် ဟန်ချင်စုန့်သည် ဟန်ချင်းယွမ် ၊ဟန်ချင်းဖျင် တို့နှင့် အတူ စကားပြောနေကာ ကလေးများကတော့ အိမ်တွင် မရှိပေ ။
တ၀မ်က စန်း၀မ်ကို ခေါ်ကာ ကျူးဇီတို့နှင့် ကစားဖို့ ထွက်သွားပြီး မိုင်ဆွေ့ကတော့ ရှောင်၀မ်ကိုခေါ်ကာ မိန်းကလေး သူငယ်ချင်းများနှင့် ကစားရန် ထွက်သွားလေသည်။ အား၀မ်ကတော့ ကျူးဇီတို့သည် ကစားရာတွင် ကြမ်းတမ်းသည်ဟုဆိုကာ မကစားချင်၍ မိုင်ဆွေ့နှင့်သာ လိုက်သွားလေသည်။ ရွာထဲမှ ကလေးမလေးများသည်လည်း အား၀မ်အား သဘောကျကြလေသည်။ အား၀မ်သည် ချောမောရုံသာမကပဲ ညင်ညင်သာသာ နူးနူးညံ့ညံ့ရှိကာ တခြားသူများကိုလည်း ဂရုစိုက်ပေးတက်သည်ကိုး ။
အမျိုးသမီးတစ်စု ပြန်လာသည်ကို မြင်သည့်အခါ ဟန်ချင်စုန့် သူတို့ထံ ထွက်လာတော့သည်။
အမျိုးသမီး တစ်ဦးသည် စနောက်တော့သည်။ " ညွှန်မှူးဟန် ဘယ်မှ မသွားဘူးလား ၊ အိမ်မှာပဲ နေတော့မှာလား ။ "
ထိုသည်ကို တွေ့သည့်အခါ ဟန်ချင်းယွမ်သည် သူ့အား မျက်စိတစ်ဖက် မှိတ်ပြလေသည်။ ဒီမိန်းမကြီးက ရွာထဲက နာမည်အကြီးဆုံး အတင်းပြောတဲ့သူပဲ ၊ သတိထား !
ဟန်ချင်စုန့်က သတိထားကာ ပြန်ဖြေပေးလိုက်သည်။
" ကျွန်တော် အိမ်မှာပဲနေရင် အစ်မကြီးတို့တွေကို အနှောင့်အယှက် ဖြစ်နေပါဦးမယ် ။ " ဟုဖြေကာ လင်းလန်အား ပြောလေသည်။ " ကိုယ် အစ်ကိုကြိိီးဆီ သွားလိုက်ဦးမယ်။ "
လင်းလန်သည် ပြုံးပြလိုက်ကာ " သွားလေ " ဟုဆိုလိုက်သည်။ ခြံထဲသို့ ဟန်ချင်းစုန့် ရောက်လာမှသာ လင်းလန်သည် လှမ်းခေါ်ကာ ထပ်ပြောလိုက်သည်။ " ခဏလေး ၊ အိတ်ထဲမှာ အကြွေနည်းနည်းပါးပါး ထည့်သွားဦးလေ ။ လမ်းမှာ ကလေးတွေက နှုတ်ဆက်ရင် မုန့်ဖိုးပေးရဦးမယ်လေ ။ "
အိတ်ထဲမှ အကြွေများကို ထုတ်ကာ လင်းလန် ပေးလိုက်သည်။
အိမ်ထဲ၀င်သွားကြသောအမျိုးသမီးတစ်စုသည် ပြတင်းပေါက်မှနေကာသူတို့နှစ်ဥိီးကိုလှမ်းကြည့်နေကြလေသည်။တချို့မိန်းမကြီးများက ဒီအတိုင်းကြည့်နေကြတာဖြစ်သော်ငြား တချို့ကတော့ စပ်စုချင်၍ကြည့်နေကြတာဖြစ်လေသည်။ဟန်ချင်းစုန့်နှင့်လင်းလန်ကြား ဆက်ဆံရေးအကြောင်းကို ပိုသိချင်ကြကာ သူတို့၏ စကား၀ိုင်းများတွင် ပြောစရာရလာစေရန်ဖြစ်လေသည်။
မနေ့ညက အဖွားကြီးဟန်အိမ်တွင် ဖြစ်ပျက်ခဲ့သည်များသည် အတောင်ပံပါသကဲ့သို့ တစ်ဆင့်စကားတစ်ဆင့်ဖြင့် အကုန်ပျံ့သွားပြီးပြီဖြစ်လေသည်။
ကာယကံရှင်များရှေ့တွင်တော့ ထုတ်မပြောကြသော်လည်း သူတို့သည် တိတ်တခိုးတော့ စပ်စုကာ အတင်းပြောချင်နေကြတာဖြစ်သည်။
လင်းလန်၏ အိမ်သို့ ရောက်နေမှတော့ သူတို့ သိလိုသည်များ သိရအောင် လုပ်သွားကြရပေမည်။
ပထမဆုံး ၀င်လာတုန်းကတော့ ဟန်ချင်စုန့်သည် လင်းလန်အပေါ်တွင် အေးတိအေးစက်နိုင်ကာ ဂရုမထားသလိုဟန်ကို တွေ့ခဲ့ရ၍ ဟန်ချင်စုန့်က မိန်းမကို တအားချစ်တာဟူသော သတင်းများသည် အမှားသာဖြစ်လောက်သည်။
ထိုအချိန်မှာပဲ လင်းလန်သည် သူ့အိတ်ထဲမှ ပိုက်ဆံထုတ်ပေးသည်ကို တွေ့သွားကြသည့် မိန်းမကြီးများသည် မနာလိုဖြစ်သွားကြတော့သည်။တစ်ရွာလုံးပတ်ကြည့်လိုက်စမ်းပါ ။ ပိုက်ဆံကို ကိုင်တာက ယောက္ခမ ဖြစ်ရင်ဖြစ် မဖြစ်ရင် ယောက်ျားဖြစ်သူသာ ဖြစ်လေသည်။ဘယ်သူကမှ မိန်းမများကို ပိုက်ဆံကိုင်ခွင့်ပေးမထားကြ။
အိမ်ပြင်တွင်တော့ ဟန်ချင်စုန့်သည် လင်းလန်ပေးသည့် ပိုက်ဆံများကို ယူထားလိုက်လေသည်။
လင်းလန်၏ အနားတွင် လေအေးတစ်ချက် ဖြတ်တိုက်သွား၍ ဆံပင်ဝဲကာ ကျလာသည်ကို ဟန်ချင်စုန့်သည် လက်မြှောက်ကာ နားနောက်သို့ ပြန်သိမ်းပေးလိုက်ပြီး သူမ၏ ပါးလေးအား လက်ဖြင့် ကိုင်ရင်း " အေးတယ် ၊ အထဲ၀င်တော့ ။ " ဟုပြောလေသည်။
၀ါး !
အိမ်ထဲမှ အမျိုးသမီးများသည် ဒီစုံတွဲက တကယ်ကို ပူးကပ်နေကာ အရှက်မရှိကြတာပဲဟု တွေးနေကြတော့သည်။
လင်းလန် အိမ်ထဲသို့ ၀င်လာသည့်အခါ တချို့သည် လင်းလန်တို့ ဆက်ဆံရေးအကြောင်းကို မေးမြန်းစပ်စုချင်ကြတော့သည်။
တချို့ဆို ထေ့ငေါ့စကားများပင် ဆိုကြလေသည်။ တုန်ဟွိုင်ဟွသည် ဟန့်ကာဖြေကာဖြင့် ထိန်းနေရ၏။ သူမက ခေါင်းဆောင်ဖြစ်သော်လည်း သည်းခံနေမည် မဟုတ်။
ထို့ေနာက် လျှိုရှုယွမ်၏ အလှည့်လည်း ရောက်လာလေသည်။ သူမအကြောင်းများအား သိလိုကြသူများလည်းရှိကာ ရည်းစားရှိနေပြီလား ၊ လက်ထပ်တော့မှာလား အစရှိသဖြင့် အစုံမေးကြလေသည်။
လင်းလန်နှင့် တုန်ဟွိုင်ဟွသည် စကားလမ်းကြောင်းလွှဲကာ ဇာတ်ကားများအကြောင်း ၊ ပြဇာတ်များအကြောင်းကိုသာ ပြောလေသည်။
စပ်စုရန် လာကြသူများသည် လင်းလန်နှင့် တုန်ဟွိုင်ဟွက သူတို့အား မကြိုဆိုသည်ကို သိ၍ အကြောင်းပြချက်များပေးကာ ပြန်သွားကြတော့သည်။
ထိုသူများပြန်သွားပြီးသည့်အခါမှသာ လင်းလန်သည် သကြားလုံးများ ၊ ဖရဲစေ့များကို ထုတ်ကာ ကျန်နေခဲ့သူများကို ဧည့်ခံလေသည်။
ခဏအကြာတွင် အားလုံး ပြန်သွားကြသည့်အချိန်၌ ကျန်းချိုက်ဟုန်က မေးလေသည်။ " ဟော့ထို့က ခြေကုလားမ လျှောက်ပြကြတဲ့ဟာလေ ၊ ကြည့်ချင်ကြလား။ "
တုန်ဟွိုင်ဟွ : " သူတို့ကို ရွာကို လာခိုင်းလိုက်မယ်လေ ။ သွာကြည့်စရာမလိုပါဘူး။ ကြည့်ချင်ရင် ငါ စီစဥ်ပေးမယ်လေ ။ လျှိုချွန်းချိုက်ကလည်း သူလည်းကြည့်ချင်နေတာတဲ့လေ ။ "
လင်းလန်သည် ပြုံးလျက် ပြန်ပြောလိုက်သည်။ " ဒါဆိုလည်း ခေါ်လိုက်လေ ။ နောက်နှစ်ရက်လောက်ဆိုရင် ရတယ်မလား။ "
တောရွာများရှိ ဖျော်ဖြေမှုများဟူသည်ကား
ခြေကုလားမ လမ်းလျှောက်ပြခြင်း ၊ ရိုးရာအကကခြင်း၊ ပြဇာတ်ကပြခြင်း ၊ အားဟူတီးခြင်း အစရှိသဖြင့်သာရှိကာ တခြားသော အနုပညာပြကွက်များတော့ မရှိပေ ။ ကျေးရွာများရှိ နှစ်သစ်ကူးပွဲတော်သည် ထိုမျှလောက်သာ ရှိပေသည်။
***
နှစ်သစ်ကူး အားလပ်ရက်တွင် ဆွေမျိုးများထံ ပြန်ကြခြင်းသော်လည်းကောင်း ၊ မိဘများထံ ပြန်ကြခြင်းသော်လည်းကောင်း လုပ်လေ့ရှိကြလေသည်။
အကြမ်းအားဖြင့် အများစုသည် မိဘအိမ်သို့ ပြန်ကြတာဖြစ်လေသည်။ သို့မှသာ မိန်းကလေးများသည် မိခင်များနှင့် အချိန်ဖြုန်းခွင့်ရကာ အမေများသည်လည်း သမီးဖြစ်သူများအား ကောင်းကောင်းဂရုစိုက်နိုင်မှာဖြစ်လေသည်။
ဟန်ချင်စုန့်သည်လည်း ဤအခွင့်အရေးကို ယူကာ လင်းလန်နှင့် ကလေးများက်ို ခေါ်ကာ လင်းရွာ (လင်းမိသားစုအိမ်)သို့ ပြန်ကြလေသည်။
လင်းမိသားစုမှ ပထမချွေးမ ၊ ၀မ်လျန်ယင်း သည် မိဘအိမ်သို့ မပြန်ဘဲ အဖွားကြီးလင်းကို ကူညီရန် လင်းအိမ်တွင်သာ နေခဲ့လေသည်။ လင်းမိသားစု၏ ဒုတိယချွေးမ ၊ ထန်ဟဲဟွကတော့ မကူညီချင်၍ ကလေးများကိုခေါ်ကာ မိဘအိမ်သို့သာ ပြန်သွားလေသည်။
Xxxxx
Part 350
မကြာခင် လင်းမိသားစုမှ သမီးဖြစ်သူများသည်လည်း ခင်ပွန်းများနှင့် ကလေးများကို ခေါ်ကာ ရောက်လာကြတော့သည်။
သားမက်များသည် ပုံမှန်အားဖြင့် အလုပ်လုပ်နေကြရ၍ အထူးတလည် အားလပ်ရက်မျိုး ရမှသာ ယောက္ခမအိမ်သို့ လာလည်နိုင်ကြတာဖြစ်သည်။ တရုတ်နှစ်သစ်ကူးတွင် တစ်ဦးတစ်ယောက်မျှ အလုပ်မလုပ်ရ၍ သားမက်များက ယောက္ခမများအား ဘယ်လိုပဲ သဘောထားပါစေ ၊ နှစ်ကူးတွင်တော့ လာရောက် နှုတ်ဆက်ကြရလေသည်။
ဤသည်ကလည်း ရိုးရုာယဥ်ကျေးမှုတစ်ခုပင် ဖြစ်လေသည်။
ဟန်ချင်စုန့်သည်လည်း ယခုနှစ်တွင် ရောက်လာ၍ သားမက်များအားလုံး လူစုံသွားတော့သည်။ မြေးများသည်လည်း အကုန်လာကြလေသည်။
အဖွားကြီးလင်းက ဟန်ချင်စုန့်လာမည်ကို သိ၍ မနေ့တည်းက သူမ၏ မိဘအိမ်သို့ ကြိုပြန်ထားပြိီးပြီဖြစ်သည်။
ဧည့်သည်အများကြီးအား ဧည့်ခံရသည်မှာ ပင်ပန်းသော်လည်း ဤသည်က ရင်းနှီးမှုတည်ဆောက်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်မို့ တန်ပါသည်။ လာလည်တာ အကြိမ်ရေများလာလျှင် ပို၍ ရင်းနှီးလာကြပေမည်။
လင်းလန်က တူ ၊ တူမများအတွက် လက်ဆောင်များ ပြင်လာလေသည်။ အထွေအထူး မဟုတ်ပဲ အကြွေအနည်းငယ်နှင့် သကြားလုံး အနည်းငယ်သာဖြစ်လေသည်။
ကလေးများသည် မည်သည်ကိုရရ ပျော်ရွှင်သွားကြသည်သာ မဟုတ်ပါလား။
တ၀မ်နှင့် ၀မ်းကွဲ လင်းရှီသည် အတော်လေး ရင်းနှီးနေကြပြီဖြစ်၍ တွေ့ကြသည်နှင့် မြစ်ထဲတွင် ငါးမျှားရန်ဟုဆိုကာ ထွက်သွားကြတော့သည်။ ဆောင်းရာသီတွင် မြစ်ထဲတွင် ရေများခဲနေ၍ ရေခဲများကိုခွဲကာ ငါးမျှားရခြင်းသည် ပျော်ဖို့ ကောင်းလှပေသည်။
ပထမချွေးမလင်းသည် သားဖြစ်သူအား ပိုက်ဆံပေးကာ ညီတွေ ညီမလေးတွေကိုပါ ခေါ်သွားပြီး ငါးသွား၀ယ်ခဲ့ဟု ခိုင်းလိုက်သည်။ အဒေါ်ဖြစ်သူတွေ ပြန်လျှင် ထည့်ပေးလိုက်ရန်အတွက်ဟု ဆိုလေသည်။
ကလေးများ ပြန်ရောက်လာသည့်အခါတွင် အခန်းထဲတွင် လူကြီးများသည် စကားလက်ဆုံကြနေကြဆဲဖြစ်သည် ။
ယောက်ျားသားများက အလုပ်ကိစ္စများ ပြောနေကြကာ ဟန်ချင်စုန့်ကိုလည်း သူ့အလုပ်များအကြောင်း မေးမြန်းနေကြလေသည်။
မိန်းမသားတစ်စုကတော့ ယောက္ခမများအကြောင်း ၊ အမျိုးသားများ၏ အကြောင်းနှင့် ကလေးများ၏ အကြောင်းများကို အပြန်အလှန်ပြောပြနေကြလေသည်။
အစ်မကြီးလင်းတို့၏ မိသားစုသည် ပုံမှန်တွေ့နေ ကြားနေကြရသည့် မိသားစုများအတိုင်း ကောင်းတစ်ခါ ဆိုးတစ်လှည့်ဖြင့် ထူးဆန်းနေတာမျိုးမရှိပေ ။
လင်းမိန်၏ မိသားစုကတော့ အနည်းငယ် ထူးခြားပေသည်။ သူမ၏ ခင်ပွန်းသည် အတော်လေး ချောမောကာ နူညံ့ကြင်နာသူဖြစ်လေသည်။
အတိတ်တုန်းကတော့ လင်းလန်သည် သူမက ပိုချောမောကာ သူမ၏ ခင်ပွန်းကလည်း ခဲအိုထက် ပို၍ အလုပ်ကောင်းသည်ဟုဆိုကာ ဘ၀င်မြင့်နေခဲ့တာဖြစ်လေသည်။
နောက်တွင် လင်းမိန်သည် ကျန်းမိသားစုမှ သားဖြစ်သူ နှင့် လက်ထပ်လိုက်သည့်အခါတွင်တော့ အခြေအနေများ ကွဲပြားသွားတော့သည်။ကျန့်ယောင်ကျူးသည် အသားဖြူ၍ ပိန်ပါးကာ နူးညံ့ကြင်နာတက်သယောင်ထင်ရပြီး စာပေလေ့လာသူဖြစ်လေသည်။ သို့သော်လည်း ထူးချွန်နေသည်တော့ မဟုတ်။ စာပေကိုသာ စိတ်၀င်စားကာ ကိုယ့်ကိုယ်ကို ဂရုမစိုက်တက်သူဖြစ်၍ မိခင်ဖြစ်သူသည် သူမ သေသွားလျှင် သားဖြစ်သူအား စောင့်ရှောက်မည့်သူမရှိ ဖြစ်မည်ကို စိုးရိမ်နေခဲ့လေသည်။
သို့ဖြစ်၍ ငယ်ရွယ်ကာ အိမ်မှုကိစ္စနိုင်နင်းသည့် မိန်းကလေးနှင့် သားဖြစ်သူအား လက်ထပ်ပေးချင်ခဲ့တာဖြစ်သည်။
လင်းမိန်ကတော့ ကျန်းမိသားစုသည် ချမ်းသာကာ အကြီးအကဲနှစ်ဦးသည်လည်း စိတ်သဘောထား ပွင့်လင်းကြသူများဖြစ်၍ ကြင်ဖက်တွေ့ရန် သဘောတူခဲ့တာဖြစ်သည်။
လက်ထပ်ပြီးသွားကြသည့်အခါတွင် ယောက္ခမဖြစ်သူသည် လင်းမိန်အား အိမ်ထောင်ရှင်မအဖြစ် စီမံခွင့်ပေးကာ မြေးဖြစ်သူများကိုလည်း ကူကာ ထိန်းပေးလေသည်။
ဤသို့ဖြင့် လင်းမိန်သည် အလုပ်လည်း လုပ်နိုင်လေသည်။ သို့သော်လည်း လင်းမိန်သည် အလုပ်လုပ်ရရုံဖြင့် မကျေနပ်သေး၍ အကြံထုတ်ပြန်လေသည်။
သူမတို့ ရွာတွင် ရှေးကတည်းက ၀ါဂွမ်းများ စိုက်ကြသည်မို့ အိမ်တိုင်းလိုလိုတွင် ရက်ကန်းစင်များရှိကြလေသည်။ သို့ဖြစ်၍ လင်းမိန်သည် ရက်ကန်းရက်ကာ အ၀တ်များရောင်းချတော့သည်။
စလုပ်ခါစတွင်တော့ ခက်ခဲသော်လည်း နောက်ပိုင်းတွင် ရွာထဲမှ အမျိုးသမီးများကိုပါ ခေါ်ယူကာ အလုပ်ပေးခိုင်းစေလေသည်။
သူမသည် ထို့ကြောင့်ပင် ထိန်းသိမ်းခံခဲ့ရသေးသည်။ သူမ၏ ခင်ပွန်းသည် အသုံးမကျသော်လည်း ယောက္ခမဖြစ်သူသည် အာဏာရှိ၍ သူမအား ပြန်ထုတ်ပေးနိုင်ခဲ့၍သာတော်တော့သည်။
နောက်ပိုင်းတွင် ပြည်သူ့လုံခြုံရေးဌာနသည်လည်း မျက်စိစုံမှိတ်ကာ မသိချင်ယောင်ဆောင်ပေးတော့သည်။ ယခုအချိန်တွင် ရှန်ရွေ့ကွန်မြူနတီတစ်ခုလုံးတွင် သူမ၏ စီးပွားရေးလုပ်ငန်းများ ရှိနေပြီဖြစ်ကာ ဟန်ချင်စုန့်နှင့်လည်း ပတ်သက်နေ၍ သူမအား အပြစ်မလုပ်ရဲကြတော့ပေ။
လင်းမိန်သည်လည်း ကျေးဇူးတင်၍ သူမ၏ ကလေးများကို လွှတ်ကာ လင်းလန်ထံ ပစ္စည်းများ လက်ဆောင်ပို့ပေးတက်လေသည်။
နှုတ်ဆက်စကားဆိုနေကြစဥ်တွင် သူမသည် ဟန်ချင်စုန့်အား စနောက်သေးလေသည်။
ဟန်ချင်စုန့် : "ကျွန်တော်က အခု ဆိုးသွမ်းသူတွေကို ဖမ်းဖို့ဆီးဖို့ကိုပဲ အာရုံစိုက်ပါတယ်ဗျာ ။ စီးပွားရေးတော့ လုပ်ဖို့ စိတ်ကူးမရှိသေးပါဘူး။ "
စီးပွားရေးလုပ်ငန်းများသည် စျေးကွက်ထိန်းချုပ်ရေးဌာနအောက်တွင်သာ ရှိကာ ပြည်သူ့လုံခြုံရေးဗျုရိုအောက်တွင် မဟုတ်။ တော်လှန်ရေးကော်မတီသည် သူတို့အား ကူညီပေးစေချင်သော်လည်း ဟန်ချင်စုန့်သည် ငြင်းခဲ့တာဖြစ်လေသည်။
သူ့အကြောင်းပြချက်က စျေးကစားခြင်း အလုပ်မျိုးသည် မိတ်ဆွေများနှင့်လည်း သဘောထားကွဲလွဲတက်တာမျိုးရှိကာ သူစိတ်၀င်စားတာကတော့ ရန်သူများနှင့် သဘောထားကွဲလွဲရသည်ကိုသာ ဖြစ်သည်ဟုပင် ။
လင်းမိန်က လင်းလန် သူမပေးထားသည့် လည်စီးအား ၀တ်လာသည်ကို တွေ့သည့်အခါ ပျော်သွားလေသည်။
" ကြည့်ပါလား ၊ ငါ လင်းလန်အတွက် ထိုးပေးထားတဲ့ လည်စီးလေ ၊ လှတယ်မလား။ "
သူမက ရယ်ကာ ဆက်ပြောလေသည်။ " အမေ့ဆီကနေ ရတဲ့ ပိုက်ဆံနဲ့ ချည်၀ယ်ပြီး ထိုးထားတာလေ ။ ငါတို့က ညီအစ်မတွေဆိုတော့ လင်းလန်နဲ့ ငါက အမေ့ဗိုက်ထဲမှာထဲက ရန်သတ်လာကြတာလေ ။ အခုလိုကျ တစ်မျိုးလေးတော့ ခံစားရတာပေါ့လေ။ "
အားလုံးသည်လည်း သူမနှင့်အတူ လိုက်ရယ်ကြတော့သည်။ ပြီးနောက် သူမ စီးပွားရေးလုပ်ရာတွင် ကြုံရသည့် စိတ်၀င်စားဖွယ်အကြောင်းများကို ဆွေးနွေးကြရင်း စကားပြောနေကြတော့သည်။
လင်းမိန်သည် လင်းလန်လောက် စကားပြောမကောင်းသော်လည်း သူမပြောသော အကြောင်းအရာများကြောင့် စိတ်၀င်စားစရာတော့ ကောင်းလေသည်။
ဥပမာအားဖြင့် လယ်ကွင်းထဲတွင် ပြေးတမ်းလိုက်တမ်းကစားနေသည်က သူမ ပြောပြလျှင် ဥမင်ထဲတွင် ပြေးလွှားနေရသကဲ့သို့ ဖြစ်သွားအောင် စိတ်၀င်စားဖွယ် ပြောပြတာဖြစ်လေသည်။
ကလေးများသည်ပင် စိတ်၀င်တစား လာနားထောင်ကြတော့သည်။
အိမ်ပြန်လမ်းတွင် စန်း၀မ်သည် သူ့အဒေါ် ပြောပြသည်များကို ပြန်ပြောပြနေသေးသည်။
လင်းမိန်တို့သည်လည်း ပြန်ကြသည့်အခါတွင် ကျန့်ယောင်ကျူးသည် မိန်းမဖြစ်သူအား ပြောလေသည်။ " လင်းမိန် ၊ ဘာလို့ ခယ်မလေးက ရုတ်တရက် ပြောင်းလဲသွားတာလဲ။ အရင်ကနဲ့ လုံး၀ မတူတော့ဘူးနော် ။ အရင်တုန်းကဆို အဲ့လို မဟုတ်ဘူးလားလို့ ။ "
Xxxxxxx