အပိုင်း ၃၅၁-၃၅၂
Viewers 23k

Part 351


လင်းလန်သည် ယခင်ကဆိုလျှင် မထီမဲ့မြင်ဟန်ဖြင့် အမြဲတစေ ရှိနေတတ်သော်လည်း ယခုတော့ အမြဲလိုလို ပြုံးနေလေ၍ ကျန့်ယောင်ကျူးအတွက် ထူးဆန်းနေလေသည်။ 


ယခင်လိုပဲ ချောမောနေသော်ငြား ပို၍ ဆွဲဆောင်မှုရှိလာသလိုပင်။ 


လင်းမိန်သည် ယောကျ်ားဖြစ်သူအား မျက်စောင်းထိုးလိုက်လေသည်။ " ပါးစပ်ပိတ်ထားစမ်းပါ။ လင်းလန်က ဟန်ချင်စုန့်အတွက် လှနေရင် ပြီးပြီလေ ။ ရှင်နဲ့ ဘာဆိုင်လို့လဲ ။ " 


ကျန့်ယောင်ကျူး : " ငါက ပြောပြရုံပါ ။ ဟန်ချင်စုန့်ကလည်း တော်တော်လေး ချောတဲ့လူပဲ ။ ပြီးတော့ မင်းလည်း မင်းညီမအစားသာ ကြင်ဖက်သွားတွေ့ခဲ့ရင် အခုဆို ညွှန်မှူးကတော်ဖြစ်နေမှာလေ ။ နောင်တမရဘူးလား။  "


လင်းမိန်သည် ဒေါသထွက်လာတော့သည်။ 


" ပါးစပ်ပိတ်ထားစမ်းလို့ ။ အခုကျတော့ ခယ်မအလှည့်ဖြစ်သွားပြန်ပြီလား။ သူက ရှင့်ကို ယူတော့ရော ရှင် သူ့ကို ရှာကျွေးထားနိုင်မှာ မို့လို့လား။ ရှင့်လို လူကို ဘယ်သူက လက်ထပ်ရဲမှာမို့လို့လဲ ။ ရှင့်ကိုသာ လက်ထပ်ရင် ကျွန်မ ညီမက နှစ်နှစ်တောင် ခံနိုင်မှာမဟုတ်ဘူး။ "


လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဟန်ချင်စုန့်အိမ်မှာ မရှိချိန်တွင် လင်းလန်သည် ဘာတွေများ လုပ်နေခဲ့သလဲဆိုသည်ကို လင်းမိန် မသိသည်မဟုတ်။ လင်းလန်သာ ကျန့်ယောင်ကျူးကို လက်ထပ်ပါက နှစ်ယောက်လုံး ငတ်သေကြမှာ အသေအချာပင်။ 


အတိတ်တုန်းက အမွှာနှစ်ယောက်လုံးသည် ကြင်ဖက်တွေ့ရန် ပြင်ခဲ့ကြတာဖြစ်သည်။ တစ်ယောက်သည် ရှန်ရွေ့ရွာရှိ ဟန်မိသားစုမှ ဟန်ချင်စုန့်ဖြစ်ကာ တစ်ယောက်ကတော့ ကျန့်ကျားရွာမှ စာသင်သား ကျန့်ယောင်ကျူး ဖြစ်လေသည်။ 


လင်းလန်ကတော့ စစ်သားဖြစ်သူကိုသာ သဘောကျသည်ဟု ဆိုလေသည်။ စစ်သားနှင့် လက်ထပ်ကာ လစာကို ထိုင်သိမ်းပေးရင်း တပ်ထဲတွင် အေးအေးချမ်းချမ်းနေရမှာပဲဟုတွေးထား၍ ဖြစ်လေသည်။ 


လင်းမိန်သည်လည်း လင်းလန်ကဲ့သို့ပင် တွေးကာ အစကတော့ စစ်သားတစ်ယောက်နှင့် လက်ထပ်ချင်ခဲ့တာဖြစ်သည်။ 


သို့သော်လည်း ထိုအချိန်တုန်းက ဟန်ချင်စုန့်သည် အိမ်တွင်မရှိနေခဲ့၍ ကြင်ဖက်တွေ့ရန် မလာနိုင်ခဲ့ ။ 


ကျန့်ယောင်ကျူးသည်သာ မိခင်ဖြစ်သူနှင့်အတူ လင်းကျားထွင်သို့ရောက်လာခဲ့တာဖြစ်လေသည်။ လင်းလန်သည် ထိုလူက သာမန်ရုပ်ရည်ပဲ ရှိသည်ဟုဆိုကာ သဘောမကျသော်ငြား လင်းမိန်ကတော့ သဘောကျသွားခဲ့လေသည်။ 


သူမတို့နှစ်ဦးသည် အမွှာတွေဆိုသော်ငြား လင်းလန်သည် ချောမောလှပကာ လင်းမိန်ကတော့ ရွက်ကြမ်းရည်ကျိုသာရှိလေသည်။ 


သို့ဖြစ်၍လည်း လင်းမိန်သည် ကျန့်ယောင်ကျူးအား ကြည့်ကောင်းသူဟု ထင်ခဲ့တာဖြစ်နိုင်ပေသည်။ 


၄င်းအပြင် လင်းမိန်သည် ထိုအချိန်တုန်းက ငယ်ရွယ်သေးကာ ဆယ်ကျော်သက်အရွယ်သာရှိသေးသဖြင့် အလုပ်ကြမ်းမလုပ်ရဘဲ စာပဲကျက်နေရသည့် သခင်ငယ်လေးဖြစ်၍ ကြည့်ပျော်ရှုပျော် ရှိနေခဲ့သည့် ကျန့်ယောင်ကျူးအား သဘောကျသွားတာဖြစ်လေသည် ။ 


ယင်းအချက်များအပြင် သူ့အမေသည် ရက်ရောကာ စိတ်ထားကောင်းသူဖြစ်၍ ချွေးမဖြစ်သူအပေါ် ကောင်းမည့်သူဖြစ်နေသည်ကလည်း အဓိကအနေဖြင့် ပါ၀င်ပေသည်။ 


အရင်တုန်းက ရုပ်လေးပဲ ကြည့်ပြီး ယူခဲ့ရမလားဟု ကိုယ့်ကိုယ်ကို ဘယ်လောက်တောင် ရိုက်ပစ်ချင်နေသလဲဆိုတာကို လင်းမိန်သာ သိပေသည် ။ 


ထို့အပြင် ကျန့်ယောင်ကျူးသည် တစ်ခါတစ်ခါ လင်းမိန်သည် လင်းလန်လောက် မလှဟု စနောက်တတ်သေးလေသည်။ လင်းလန်နှင့် နှိုင်းကာ လင်းမိန်အား တုံးအသည်ဟုလည်း နှိမ်တတ်သေးသည်။ သူရေးသည့် ရည်းစားစာကို နားမလည်ရကောင်းလားဟူ၍လည်း အပြစ်တင်တတ်လေသည်။ 


လင်းမိန်သည် သည်းမခံနိုင်တော့၍ ထအော်တော့သည်။ " လမ်းကို ကြည့်လျှောက်လေ ၊ သုံးရက်လောက် အငတ်ထားလိုက်ရမလား ၊ ဟမ် ။ "


ကျန့်ယောင်ကျူး တိတ်သွားတော့သည်။ 


*** 


နှစ်သစ်ကူးချိန် ပြီးသွားလေပြီ ။ အချိန်များလည်း အကုန်မြန်ပေသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်သစ်ကူးပြီးတာ ကိုးရက်ကြာသွားပြီဖြစ်သည်။ ဟန်ရုံဖန်တို့သည် ရောက်လာကာ အဖိုးကြီးဟန် မိသားစု၏ ခွဲဝေခြင်းအမှုများကို လာရောက် ဆောင်ရွက်ပေးလေသည်။ 


ဧည့်ခန်းထဲရှိ စားပွဲတွင် ၀ိုင်းထိုင်ကြကာ ဘယ်လိုဘယ်ပုံ ခွဲဝေကြမည်ကို ဆွေးနွေးနေကြလေသည်။ 


အဖွားကြီးဟန်သည် သူမ၏ " နေမကောင်းခြင်း " မှ သက်သာလာသော်လည်း ခေါင်းတွင် အ၀တ်ဖြူစည်းထားသေးကာ ဟန်ချင်စုန့် ၀ယ်ပေးထားသည့် အနက်ရောင် ကတ္တီပါ ဦးထုပ်ကိုဆောင်းထားလေသည်။ 


ချိုင်းထောက်လည်း ကိုင်ထားသေးကာ စိတ်မလိုရင် မလိုသလို ကြမ်းပြင်အား တတောက်တောက် ခေါက်နေလေသည်။ 


ဟောင်ထျန်းသည်လည်း မမြင်ရလေ နားအေးလေ ဟူသောသဘောဖြင့် ထွက်သွားတော့သည်။ 


အဖွားကြီးဟန်သည် နှစ်သစ်ကူး ပထမနေ့တည်းက မိဘအိမ်ပြန်ပြီးပြီဖြစ်သည်။ မိဘအိမ်သို့ ဆန်များပြန်သယ်သွားကာ ငါးရက်ကြာပြီးမှ ပြန်လာခဲ့တာဖြစ်လေသည်။ ဒယ်အိုးပြားအသစ်တစ်ခုလည်း ပြန်ပါလာလေသည်။ 


လင်းလန်သည် ယခင်က အိမ်တွင် သုံးလက်စ ဟင်းချက်သည့်အိုးအား ငှားပေးထားတာဖြစ်ကာ စားစရာ သောက်စရာအချို့ကိုပါ ပို့ပေးထားတာဖြစ်လေသည်။ 


မိသားစုတွင်း ပြဿနာဖြစ်သည့် အချိန်တွင် အဖွားကြီးဟန်သည် အိမ်တွင်မရှိ၍ မသိလိုက်တာဖြစ်သည် ။ 


အဖွားကြီးဟန်က ပြောလေသည်။ " သူတို့ သုံးယောက်ကို အရင်ခွဲနေခိုင်းလိုက်လေ ။ ဒုတိယကလေးတွေ မိသားစုကတော့ ပြောင်းစရာ နေရာမရှိသေးတော့ နောက်မှ ပြောကြပေါ့ ။ " 


ပြောပြီးမှသာ အဖွားကြီးဟန်နှင့် ဟန်ကျင်းယုသည် တစ်ခုခုလွဲနေသည်ကို သတိထားမိသွားတော့သည်။ အဲ့လိုဆို အိမ်မှာ ချွေးမတစ်ယောက်မှ မရှိတော့ပဲ နေမှာပေါ့ ! 


ဒုတိယချွေးမဟန်ပါ ခွဲထွက်သွားပါက အိမ်တွင် သူတို့ သားမိနှစ်ယောက်ပဲ ကျန်ခဲ့တော့မှာ မဟုတ်ဘူးလား။ အဲ့လိုဆို ဘယ်သူက သူတို့ကို စောင့်ရှောက်ပေးမှာလဲ။ ဘယ်သူက အိမ်မှု ကိစ္စလုပ်ပေးမှာလဲ ။ 


ဟန်ကျင်းယုသည်လည်း မလုပ်ချင်ပါ ။ သူမသည် ငယ်စဥ်ကတည်းက အလိုလိုက်ခံထားရ၍ ဘာမှ မလုပ်ခဲ့ဖူး ။ အခုအရွယ်ရောက်တော့မှ ထိုအရာများအား မလုပ်လို။ အဲ့လိုဆိုမှတော့ ဒုတိယယောင်းမကိုသာ အပူကပ်ကာ လုပ်ခိုင်းရတော့မည် မဟုတ်လား ။


ဒုတိယချွေးမဟန်သည်လည်း သည်းခံတတ်သူမဟုတ်၍ အနိုင်ကျင့်မခံ ။ 


" အိမ်မှာပဲ နေရင်တောင် ခွဲနေကြမှာပဲလေ ။ အစ်ကိုကြီးနဲ့ တတိယမတ်လေးတို့လည်း လက်ခံကြမှာပါ ။ ကျွန်မတို့က အခွင့်အရေး ယူနေကြတာလည်း မဟုတ်ဘူးလေ ! " 


သူမသည် အခိုင်အမာ ပြောဆိုနေသည်မှာ တစ်ခါမှ အခွင့်အရေး မယူခဲ့ဖူးသည့်အလားပင် ။ 


အဖွားကြီးဟန်သည် အလွန် ဒေါသထွက်လာတော့သည်။ ယခင်တုန်းက သူမထံတွင် ပိုက်ဆံရှိတုန်းကကြ ဒုတိယချွေးမသည် ဘယ်တော့မှ ခွဲထွက်မနေဘဲ မိဘများအား စောင့်ရှောက်ကာ နေပါမည်ဟု ဆိုခဲ့လေသည်။ 


အရင်တုန်းကကျ လူကြီးနှစ်ဦးအား စောင့်ရှောက်မည်ဆိုကာ သူတို့အား ကပ်နေခဲ့ပြီး အခု သူတို့လက်ထဲတွင် ပိုက်ဆံမရှိတော့ ခွဲထွက်ချင်နေပြီတဲ့လေ ။ 


အဖွားကြီးဟန် ဒေါသမထွက်ပဲ နေနိုင်ပါ့မလား။ 


အရင်က သူမကိုယ်တိုင် ခွဲပေးမည်ဟု ပြောခဲ့တာဖြစ်၍ ပြန်လည်း မငြင်းနိုင်၍ အဖွားကြီးဟန်သည် ဒေါထွက်နေရုံသာ တက်နိုင်လေသည်။ 


အစ်ကိုကြီးဟန်သည် မကြည့်ရက်တော့၍ ၀င်ပြောတော့သည်။ " အမေ စိတ်မပူပါနဲ့ ။ "


အဖွားကြီးဟန်သည် ဒေါသတကြီး ပြန်ဆိုလေသည်။


 " ငါက ဘယ်မှာ စိတ်ပူနေလို့လဲ။ ခွဲနေကြတာလည်း ကောင်းတာပဲလေ ။ နားအေးတာပေါ့ ။ ခွဲချင်ရင် အကုန်ခွဲသွားကြ ။ ငါ့အတွက် နေရာပိုကျယ်တာပေါ့ ။ မဟုတ်ရင် နေမယ်ဆိုလည်း ငါ့ကို အိမ်ငှားခ ပေးကြ။  "


Xxxxxx

Part 352


ဘယ်လိုပဲဖြစ်ဖြစ် သုံးယောက်မြောက်သားက သူ့အိမ်နဲ့သူ ရှိပြီးသားပဲလေ ၊ ပထမသားကလည်း အိမ်မလိုချင်ဘူးလို့ ပြောနေတာပဲဟာ ။ 


ဒုတိယအစ်ကိုဟန်နှင့် ဒုတိယချွေးမဟန်တို့သည် ချက်ချင်း တက်ကြွလာတော့သည် ။ ဒုတ်ိယချွေးမဟန်သည် ယောက်ျားဖြစ်သူအား လက်တို့ပေးကာ ပြောစေလေသည်။ " အဲ့လိုဆို ပိုက်ဆံတွေက်ိုလည်း ခွဲရမှာပေါ့ ၊ အဲ့တုန်းက တတိယညီကို ယွမ်တစ်ရာပေးလိုက်သေးတယ်လေ ၊ ဟုတ်တယ်မလား။ " 


ဟန်ရုံဖန်သည်လည်း ထိုအကြောင်းအား သိထားသည်။ 


အဖိုးကြီးဟန်ကပြောလေသည်။ " ပိုက်ဆံတွေကိုတော့ တတိယကလေးကိုပဲ ပေးလိုက်ကြတာပေါ့ ။ အိမ်ကရသမျှက သူရှာပေးထားတာတွေချည်းပဲလေ ။ အဲ့တော့ သူပဲ ရသင့်တာပေါ့။ " 


'' အဖေတို့ကို စောင့်ရှောက်ဖို့ ပေးထားတဲ့ ပိုက်ဆံတွေကျတော့ရော ၊ အဲ့တာတွေကိုလည်း ပြန်ခွဲသင့်တာပေါ့။ " 


အဖွားကြီးဟန်သည် ဒေါသထွက်ကာ ချိုင်းထောက်ဖြင့် သားဖြစ်သူအား လှမ်းရိုက်တော့သည်။ 


ဟန်ရုံဖန် : " တော်တော့ " 


ထိုသို့ အပြောခံရသည့်အခါ ခဏတန့်သွားသော်လည်း အဖွားကြီးဟန်သည် နောက်ထပ်ရိုက်ပြန်လေသည်။ 


" ရှိသမျှ ပိုက်ဆံတွေ အကုန် လိုချင်နေကြတာလား။ " 


ဟန်ရုံဖန်သည် အဖိုးကြီးဟန်အား ပြောလေသည်။ " နှစ်သစ်ကူးတုန်းက ရတဲ့ပိုက်ဆံတွေကိုလည်း ခွဲပေးဖို့ စိတ်ကူးထားတယ်။ အဲ့တာတွေကို သုံးပုံပုံ ...." 


" ဘာလို့ သုံးပုံပဲလဲ ၊ ကျွန်မကရော ? " ဟန်ကျင်းယုသည် ဘေးခန်းမှနေကာ ထွက်မလာသော်လည်း နားစွင့်နေခဲ့တာဖြစ်လေသည်။ 


ဒုတိယချွေးမဟန်က ပြန်ပြောလေသည်။ " ညီမလေးမှာ ဘယ်တုန်းက ပိုက်ဆံတွေ ရှိလို့လဲ။ ရသမျှ ပိုက်ဆံကိုလည်း အကုန်သုံးပစ်နေတာပဲ မဟုတ်ဘူးလား ။ တတိယမတ်လေးကို တင်နေတဲ့ အကြွေးတွေကိုတောင် တခြားလူက ဆပ်ပေးထားရတဲ့ဟာကို " 


ထိုသို့ အပြောခံရသည့်အခါ ဟန်ကျင်းယုသည် ခြေဆောင့်ကာ ငိုတော့သည်။ 


အဖိုးကြီးဟန်နှင့် အဖွားကြီးဟန်မှ လွဲကာ အခြားသူများကတော့ သူမ ငိုငို မငိုငို ဂရုမစိုက်ကြဘဲ စိတ်မရှည်သာ ဖြစ်နေကြလေသည်။ 


အထူးသဖြင့် ဟန်ချင်စုန့်ဖြစ်သည်။ သို့သော်လည်း ဘာမှတော့ မပြောဖြစ်။ သူသည် လင်းလန်နှင့် လင်းမိန်တို့နှင့် ညီမဖြစ်သူအား ယှဥ်ကြည့်နေကာ ဟန်ကျင်းယုသည် တကယ်အသုံးမကျသူပဲဟု တွေးနေတော့သည်။ 


သူနှင့် လင်းလန်တို့ အိမ်တွင် မရှိလျှင် မိုင်ဆွေ့နှင့် အား၀မ်သည်ပင် အိမ်ကို သန့်ရှင်းရေး လုပ်ထားပေးတတ်ကြသော်လည်း ဟန်ကျင်းယုကတော့ ဘာမှကို မလုပ်တတ်တာဖြစ်လေသည်။ 


ဟန်ချင်စုန့်သည် ဘာမှ၀င်မပြောသော်လည်း သဘောကျနေတာတော့ မဟုတ်။ 


ဟန်ကျင်းယုသည် အဖွားကြီးဟန်၏ ဘေးတွင် သည်းကြိိီးမည်းကြီး ငိုနေတော့သည်။ 


အဖွားကြီးဟန်သည်လည်း သမီးဖြစ်သူအား နှစ်သိမ့်ပေးနေလေသည်။ 


" သွားတော့  ၊ အခန်းထဲ ပြန်၀င်တော့ ။ ဒီမှာက အေးတယ်။ "


နောက်ဆုံးတွင် အဖွားကြီးဟန်အား သေချာမေးကြည့်သည့်အခါ အိမ်တွင် ယွမ်နှစ်ရာလောက် ရှိသေးကြောင်း သိလိုက်ရသည်။ 


ဒုတိယသားသည် ယွမ်တစ်ရာကို တောင်းလေသည်။ " ကျွန်တော်တို့က အရမ်းကြီးလည်း မတောင်းချင်ပါဘူး ။ တတိယညီတောင် တစ်ရာရရင် ကျွန်တော်လည်း တစ်ရာလိုချင်ပါတယ်။ " 


ဟန်ရုံဖန်သည် ပြန်ပြောတော့သည်။ 


" စာရင်းစာအုပ်ယူပြီး ပြန်ပြရဦးမလား။ မင်းရှာတာက တစ်နှစ်မှ ဘယ်လောက်ရလို့လဲ။ မင်းတို့ မိသားစုသုံးတာတွေက်ို ပြန်နှုတ်ရင် ဘယ်လောက်ကျန်မယ်ထင်လို့လဲ။ " 


ထိုသို့ လုပ်လိုက်ပါက သူတို့သုံးထားသည်များက ပိုနေလျှင် ပြန်ရမည်ဖြစ်ကာ လိုနေလျှင်တော့ ထပ်ပေးရမည်ဖြစ်လေသည်။ တကယ့်တကယ်က သူတို့ရသည်က သူတို့၏ ကလေးများကို ကျွေးမွေးရန်ပင် မလုံလောက်ပါ။ 


ကျန်နေသည့် ပိုက်ဆံများသည် အစ်ကိုကြီးဟန်နှင့် ဟန်ချင်စုန့်တို့၏ လုပ်အားများကြောင့် ရလာသည်များသာဖြစ်လေသည်။ 


ဟန်ရုံဖန်သည် ခွဲကြမည်ဟေ့ ဆိုကတည်းက ကြိုတင်ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ 


ဒုတိယသားသည် ပျင်းလည်းပျင်းကာ လက်ကြောလည်းမတင်း၍ သူတို့ရှာထားသည်ဆိုသည်မှာ နှမ်းစေ့မျှသာဖြစ်လေသည်။ 


သို့ဖြစ်၍ ဒုတိယသားမိသားစုသည် တိတ်သွားတော့သည်။


" အဲ့လိုဆို မင်းတို့က  ယွမ်လေးဆယ်ပဲ ယူကြ။ "


ဒုတိယချွေးမဟန်သည် မကျေနပ်သော်လည်း သူမအတွက် အခွင့်မသာသည်ကိုသိ၍ မမျှတဘူးဟု မအထွန့်မတက်တော့။ 


ဟန်ရုံဖန်သည် ပြောပြန်သည်။ " ဟောင်ထျန်းတို့ကတော့ ငါးဆယ်ယူလိုက်ကြ ။ 


" ဘာလို့ သူတိူ့က ကျွန်မတို့ထက် များနေရတာလဲ။ " ဒုတိယချွေးမသည် မကျေမနပ်ဆိုလေသည်။


" အဲ့တာဆိုလည်း စာရင်းစာအုပ်ကို ပြန်ကြည့်ကြမလား။ " ဟန်ရုံဖန် ဒေါသထွက်လာတော့သည်။ ဆယ့်ငါးနှစ်အရွယ်တောင် မင်းတို့ထက် ပိုက်ဆံရှာနိုင်တယ်ကွ ။ သိရဲ့လား။ 


" အစ်ကိုကြီးလည်း ဘယ်မှ မသွားဘဲ အိမ်မှာပဲ နေနေတာ မဟုတ်ဘူးလား။ " ဒုတိယချွေးမသည် မကြားတကြား ပြန်ပြောလေသည်။ 


" မင်းတို့ အစ်ကိုကြီးက အိမ်မှာပဲ နေလည်း မိဘတွေကို သိတတ်တယ်ကွ ။ အဲ့တော့ ပိုရတာ ဖြစ်သင့်တာပဲလေ ။ " 


ပြောပြီးနောက် ပေသီးစက်တွင် မှတ်လိုက်လေသည်။ 


" ပိုက်ဆံကို အဲ့လိုခွဲပြီး ဆန်နဲ့ ရိက္ခာတွေက်ိုတော့ လုပ်အားအရပဲ ခွဲကြတာပေါ့။ အိမ်ကတော့ ခုနကပြောပြီးတဲ့ အတိုင်းပဲ ၊ ဒါပဲ ။ ပြီးပြီ။ " 


အားလုံးလည်း ထိုအတိုင်း လက်ခံကြရတော့သည်။ 


ဟောင်ထျန်းသည် " ဖိုးဖိုး ပြောတာကို ကျွန်တော်လည်း သဘောတူပါတယ်။ " ဟုဆိုသည်။ 


ဟန်ရုံဖန် : " အငြိမ်းစားလစာအကြောင်း ပြောကြတာပေါ့။ "


ရွာစည်းကမ်းအရ ကွန်မြူနတီမှ အဖွဲ့၀င်အားလုံးသည် အလုပ်ကြမ်းတွင် ၀င်ရောက်ကူညီကြရလေသည်။ အပြင်းအထန် နာမကျန်းဖြစ်နေတာ မလှုပ်နိုင်တော့မှသာ မလုပ်ရတာဖြစ်လေသည်။ ကိုယ်၀န်ဆောင်သည်များပင် မီးဖွားချိန်မှသာ အနားရကြတာဖြစ်သည်။ 


အလုပ်ကြမ်းစခန်းသည် အနားယူသူများကို မထောက်ပံ့ပေး ။ အလုပ်လုပ်နိုင်သရွေ့ လုပ်နေရမည်ဖြစ်၍ ဟန်ရုံဖန်မှာ အနားမယူနိုင်သေး ။ 


အလုပ်မလုပ်ပါက သူတို့သည် ရိက္ခာများ ဖြတ်ပစ်သဖြင့် ရွာထဲတွင် အနားယူရဲသူ မရှိကြ ။ 


အဖွားကြီးဟန်သည်လည်း ထိုသို့ပင် ဖြစ်လေသည်။


သူတို့ အသက်အရွယ်အရ ရသည့် လုပ်ခလစာမှာလည်း အစားစားနိုင်ရုံသာဖြစ်လေသည်။ သားသုံးယောက်သည်လည်း အလုပ်ကိုယ်စီရှိကြ၍ မိဘများ အလုပ်မလုပ်နိုင်တော့သည့်အခါတွင် ထောက်ပံ့ကြရမည်ဟူသော သဘောတူညီချက်ဖြင့် ပြီးသွားလေသည်။ 


အစ်ကိုကြီးဟန်သည် မိဘများနှင့် အတူနေသော်လည်းသူ့လစာအား အကုန်မပေးနိုင် ။ အဘယ်ကြောင့်ဆိုသော် မိန်းမဖြစ်သူနှင့် မကွာရှင်းရသေး၍ ထောက်ပံ့နေရဆဲဖြစ်၍ ဖြစ်လေသည်။


အဖွားကြီးဟန်သည် ထိုသို့ကြားသည့်အခါ သဘောမတူပြန် ။ 


" ဘာလို့ သူတို့ကိုရော ပေးနေရဦးမှာလဲ ။ သူက င့ါသားလေ ၊ ငါ့သား လုပ်အားခကို ဘာလို့ တခြားသူတွေနဲ့ ခွဲနေရဦးမှာလဲ ။ " 


အဖွားကြီးဟန်၏ စကားကြောင့် ဟောင်ထျန်းသည်လည်း စိတ်ဆ်ိုးသွားကာ ပြန်ခံပြောချင်သော်လည်း ဟန်ချင်စုန့်သည် ပုခုံးမှ ဆွဲထားကာ တားလေသည်။ 


သို့ဖြစ်၍ ဟောင်ထျန်းသည်လည်း ရေငုံနှုတ်ပိတ်၍သာ နေရတော့သည်။ 


ဟန်ရုံဖန် : " အဲ့လိုဆို ဒုတိယသားနဲ့ တတိယသားကလည်း ခွဲနေကြတော့မှာဆိုတော့ မင်းကို ထောက်ပံ့စရာ မလိုတော့ဘူးပေါ့၊ အဲ့လိုလား။ "  


ဟန်ရုံဖန်သည် သူ့စာအုပ်ကို လှန်ကာ အကုန်ချမှတ်တော့သည်။ အကြိိီးဆုံးသား၏ လစာများထဲမှ သူ့သုံးစားရိတ်များကို နှုတ်ကာ အဖိုးကြီးဟန်အား ကျန်သည်ကို ပေးမည်ဖြစ်သည်။ ဒုတိယသားနှင့် တိတယသားကလည်း ထောက်ပံ့မည်ဖြစ်သည် ။ အနည်းစုသည် အဖွားကြီးဟန်ကို ပေးမည်ဖြစ်သည်။ ဤသို့ဖြင့် အများဆုံးရမည့်သူမှာ ဟောင်ထျန်းဖြစ်သွားတော့သည်။ 


အဖွားကြီးဟန်သည် သည်းမခံနိုင်တော့ ။ " မဟုတ်ဘူး ! အဲ့လိုဆို ဘာမှမကျန်တော့ဘူးလေ ။  မဖြစ်ရဘူး ! "  


ဟန်ရုံဖန်သည် မျက်မှောင်ကြုံ့ကာ ဒေါသတကြီး ပြန်မေးတော့သည်။


 " ဒါဆိုလည်း ဘယ်လိုလုပ်ချင်တာလဲ ၊ ပြောစမ်းပါ ! "


Xxxxxx