Part 353
" လုပ်အားခအကြောင်း ပြောနေတုန်းပဲလား...သူ့မှာလည်း မိန်းမတွေ ကလေးတွေနဲ့လေ...အကုန် နင်တို့ပဲ သိမ်းကျုံးယူနေလို့ ရမလား..."
ညီညီမျှမျှဖြစ်အောင်တော့ ခွဲဝေပေးရဦးမယ်လေ။
ဟန်ရုံဖန်သည် ပထမတူလေးအား ညီမဖြစ်သူကိုပါ ကျွေးမွေးစောင့်ရှောက်ခိုင်းမည်မဟုတ်ပါ။
သို့ဖြစ်၍ အမွေခွဲဝေမှုအကြောင်းများကို သေချာစေရန် တစ်ခေါက်ထပ်ပြောလိုက်ပြန်သည်။
အနည်းဆုံးတော့ သူရှိနေသေးသ၍ တိတိကျကျ သေသေချာချာ ခွဲပေးမှ ဖြစ်မည်။
အဖွားကြီးဟန်ကတော့ သားဖြစ်သူ၏ လစာများအား ခွဲမပေးချင်သော်လည်း သားဖြစ်သူကိုပါ သူမဘေးမှ ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်နေ၍ ရွေးချယ်စရာမရှိဘဲ လောဘများကို ထိန်းချုပ်လိုက်ရသည်။
ဟန်ရုံဖန် အသက်ရှိနေသေးသ၍ ဆုံးဖြတ်ပိုင်ခွင့်သည် သူ့လက်ထဲတွင်သာ ရှိနေသဖြင့် သူမသာ ဆက်၍ ငြင်းဆိုနေပါက ဟန်ရုံဖန်အား မျက်နှာဖြတ်ရိုက်သလို ဖြစ်သွားကာ သူမတို့အား နောင်တွင် အကူအညီ မပေးတော့ပါက ခက်ရချည်သေးရဲ့။
ဟန်ရုံဖန်သည် ဆုံးဖြတ်ထားသည်များကို နောက်တစ်ခေါက် ထပ်ပြောပြသည်။ ဒုတိယသားသည် အိမ်သစ်ဆောက်နေစဥ်တွင် အိမ်အရှေ့ခန်းတွင်ပဲ နေဦးမည်ဖြစ်ကာ ဟောင်ထျန်းသည်လည်း အတူတူပင်ဖြစ်သည်။
ခုနက ဆွေးနွေးထားသည့်အတိုင်း ရိက္ခာခြောက်များ ၊ ထင်းများနှင့် အိမ်သုံးပစ္စည်းများကိုတော့ ခွဲဝေမည်ဖြစ်ကာ ကိုယ်သုံးနေကြ အသုံးအဆောင်များကိုတော့ ကိုယ့်ဘာသာပဲ ယူကြရမည်ဖြစ်သည်။
ဟန်ချင်စုန့်နှင့်တော့ ယှဥ်၍ မရနိုင်သော်လည်း ဒုတိယသားနှင့် ဟောင်ထျန်းတို့သည် ချိန်ခွင်ငှားကာ ချိန်တွယ်၍ လိုချင်သလောက် ခွဲဝေယူကြဟု ဆုံးဖြတ်ပေးခြင်း ခံလိုက်ရသည်။
ဟန်ရုံဖန်သည် ရှိနေသေးသည့် ဘုံငွေထဲမှ ပိုက်ဆံကို ယူသုံးပြီး ဒယ်အိုးအသစ်၀ယ်ရန် အဖွားကြီးဟန်အား ပြောဆိုလိုက်ပြီး အိမ်ရှိ ဒယ်အိုးအဟောင်းကိုတော့ ဒုတိယသားအား ပေးလိုက်ရန် ပြောလေသည်။
အစ်ကိုကြီးဟန်ကိုလည်း ဒုတိယသားတို့ နေမည့် အိမ်ရှေ့ခန်းတွင် မီးဖိုနှင့် ဒယ်အိုးများအား နေရာကူချပေးရန် ပြောလိုက်ပြီးနောက် ကိုယ်စီ လုပ်စရာရှိသည်များ စလုပ်ကြလေသည်။
အဖွားကြီးဟန်နှင့် ဟန်ကျင်းယုအတွက် ခက်ခဲသည့် အချိန်များ စတင်ပြီဖြစ်သည်။
ယခင်က အိမ်တွင် အိမ်မှုကိစ္စများ ဆောင်ရွက်ပေးမည့် ချွေးမသုံးယောက်ရှိကာ ၀ိုင်းကူပေးမည့် တူမလေးတစ်ယောက်ပါ ရှိနေခဲ့သော်လည်း အိမ်ခွဲကာ နေကြသည့်အခါတွင်တော့ အဖွားကြီးဟန်သည် ကိုယ့်ဘာသာချက်ပြုတ်ရကာ ကိုယ့်ဘာသာပဲ လျှော်ဖွပ်ရလေသည်။ ပထမချွေးမဟန်သည်လည်း ကုမိန်ကို ခေါ်သွားမည်ဖြစ်၍ သူမလေးသည်လည်း ၀ိုင်းကူလုပ်ပေးတော့မည် မဟုတ်ပါ။
သို့ဖြစ်၍ အိမ်မှုကိစ္စအားလုံးသည် အဖွားကြီးဟန်နှင့် ဟန်ကျင်းယု၏ ခေါင်းပေါ်သို့သာ ကျသွားလေသည်။
ဟန်မိသားစုမှ ယောက်ျားသားများအား မီးဖိုချောင်၀င်ခွင့်မပြုဟု အဖွားကြီးဟန်ကိုယ်တိုင် စည်းကမ်းထုတ်ထားခဲ့တာဖြစ်၍ ယခုအခါ အဖွားကြီးဟန်နှင့် ဟန်ကျင်းယုတို့သည် ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်ခြင်းကို ခံစားရတော့သည်။
စည်းကမ်းထုတ်ထားခြင်း မရှိခဲ့လျှင်တောင် စိုက်ပျိုးရာသီရောက်နေပြီဖြစ်၍ အဖိုးကြီးဟန်နှင့် အစ်ကိုကြီးဟန်သည် မအားလပ်၍ ချက်ပြုတ်လျှော်ဖွပ်ရာတွင် ကူညီပေးနိုင်မည် မဟုတ်။
ကူညီပေးနိုင်လျှင်တောင် ကူညီကြမည်လည်း မဟုတ်ချေ။
အဖွားကြီးဟန်အတွက် သိပ်မခက်ခဲပေ ။ အကြောင်းမှာ သူမသည်လည်း တစ်ချိန်တုန်းက ချွေးမဖြစ်ခဲ့သည့်အတွက်ပင် ။ အိမ်မှုကိစ္စများမလုပ်ရတော့သည်မှာ နှစ်နှစ်ဆယ်ကြာပြီဖြစ်သော်လည်း သူမ မလုပ်တက်တော့တာ မဟုတ်ပေ။
ဟန်ကျင်းယုကတော့ အဖွားကြီးဟန်နှင့် မတူ ။ မွေးကတည်းက ခြေမွေးမီးမလောင် လက်မမွေးမီးမလောင် နေခဲ့ရ၍ သူမကိုသူမ သခင်မလေးတစ်ယောက်နှယ် ထင်နေခဲ့သူဖြစ်လေသည်။
ယခုအခါမှ တစ်မိသားစုလုံးအတွက် ချက်ပြုတ်ရမည်ဆိုတော့ လုပ်တက်ပါ့မလား။
အစကတော့ ကောင်းလျန့်အား လုပ်ခိုင်းသော်လည်း ကောင်းလျန့်သည် စကားနားမထောင်သည့်အပြင် ဒုတိယချွေးမဟန်သည် ခိုင်းရမလားဟု ပြန်၍ဆူပူသွားလေသည်။
" ကိုယ့်ကိုယ်ကို တကယ့်သခင်မလေးလို့များ ထင်နေတာလား...အခု အိမ်ခွဲနေမှတော့ ဘာအကြောင်းနဲ့ လုပ်ပေးနေစရာ လိုတော့မှာလဲ..."
သို့ဖြစ်၍ ဟန်ကျင်းယုမှာ ရွေးချယ်စရာ မရှိတော့ ။ အဖွားကြီးဟန်အား တိုင်လျှင်လည်း သူမသာ အဆူခံရမည်ဖြစ်၍ လက်လျှော့လိုက်ရသည်။
ဒုတိယအစ်ကိုဟန်သည် အစ်ကိုကြီးဟန်လောက် ရိုးသားကာ တုံးအသူမဟုတ်။ မိန်းမဖြစ်သူကသာ ပြေးလို့ပြောလျှင် ယုန်ထက်မြန်အောင်ပင် ပြေးပြမည့်လူစားမျိုး ဖြစ်လေသည်။
လင်းလန်နှင့် ပထမချွေးမဟန်သည်လည်း စံပြအနေဖြင့် ရှိနေ၍ ဒုတိယချွေးမဟန်နှင့် သူ့သမီးအား ဟန်ကျင်းယုသည် အနိုင်ကျင့်ချင်သလို ကျင့်၍ မဖြစ််နိုင်တော့ပါ။
ကိုယ့်ဘာသာ လုပ်နိုင်နိုင် မလုပ်နိုင်နိုင် လုပ်ကိုလုပ်ရတော့မည်သာ။
အဖွားကြီးဟန်သည် မကျေမချမ်းဟန်ဖြင့် သက်ပြင်းချကာ မျက်ရည်များကို သုတ်ရင်း ညည်းတွားလေသည်။
" ငါ့ဘ၀ကြီးက ဆိုးလိုက်တာ...သားသုံးယောက်ရှိတာတောင် ပြုစုမယ့်သူမရှိဘူး...အခု ကိုယ့်ဘာသာပဲ ချက်ပြုတ်စားပြီး ကိုယ့်ဘာသာပဲ လျှော်ရဖွပ်ရတော့မယ်...ဆိုးလိုက်တဲ့ ဘ၀..."
ဟန်ကျင်းယုသည် လက်ထပ်ကာ အိမ်မှထွက်သွားချင်နေလေသည်။ တောင်ယာလည်း မလုပ်ရဘဲ ပိုက်ဆံရှိသည့် မိသားစုကောင်းတစ်ခုနှင့် အမြန်ဆုံး လက်ထပ်ကာ မိဘအိမ်မှ ထွက်သွားချင်နေခြင်းပင်။
ဘယ်လိုပဲဖြစ်ဖြစ် သူမသာ ထိုသို့လုပ်ချင်ပါက ဟန်ချင်စုန့်၏ အကူအညီကို လိုအပ်လေသည်။
ဟန်ချင်စုန့်သည် ဖိအားပေးကာ ခိုင်းစေခံရသည်ကို မုန်းသူဖြစ်၍ သူမကိုယ်သူမ နှိမ့်ချကာ တောင်းဆိုမှ ရပေမည်။
ထိုသည်ကို သဘောပေါက်သွားသည့်အခါ ဟန်ကျင်းယုသည် ၀မ်းနည်းတကြီး ငိုလေသည်။ ငိုပြီးနောက်တွင် စိတ်ဆုံးဖြတ်လိုက်သည်ကား လင်းလန်သည် သူမအား စိတ်ကြီး၀င်ကာ မောက်မာပြနေလည်း ရို့ကျိုးကာ တောင်းဆိုမည် ဟူ၍ပင်။
လင်းလန်က ဟန်ကျင်းယုအား ဂရုစိုက်နေနိုင်သည်အထိ အားလပ်မနေပေ။
နှစ်ကူးပြီး ပထမဆုံးလ၏ ဆယ့်ငါးရက်နေ့သို့ ရောက်သည့်အခါ ကျောင်းများလည်း ပြန်ဖွင့်ကာ လုပ်ငန်းခွင်များလည်း ပြန်စကြလေသည်။ စိုက်ပျိုးချိန်လည်း ရောက်ပြီဖြစ်၍ လူတိုင်းလူတိုင်း အလုပ်ရှုပ်နေကြသည်။
ဟန်ကျင်းယုက ကြင်ယာရှာနေသည်ကို ဘယ်သူက ဂရုစိုက်အားပါ့မလဲ ။
အသက်ပဲ ဘယ်လောက်ရှိနေပြီလဲ ။ ကိုယ့်ဘာသာ ကြည့်လုပ်တော့ပေါ့။
ဆယ့်လေးရက်နေ့မြောက်တွင် ဟန်ချင်စုန့်သည် တပ်ထဲမှ မြင်းလှည်းကိုငှားပြီး မိသားစု၀င်များအား ခရိုင်စျေးသို့ လိုက်ပို့ပေးလေသည်။ လင်းလန်အတွက် အပ်ချုပ်စက်၀ယ်ပေးကာ ကလေးများကိုလည်း အပြင်တွင် လျှောက်လည်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် လိုက်ပို့ပေးခြင်းပင်။
မိုင်ဆွေ့နှင့် အား၀မ်သည် စာအုပ်ဆိုင်သို့ တန်းတန်းမတ်မတ်၀င်သွားကြလေသည်။ နှစ်ကူးမုန့်ဖိုးများ ရထားကြသည်မို့ စာအုပ်များ၀ယ်ကြရန် ဖြစ်သည်။
စန်း၀မ်သည် မိုင်ဆွေ့အား အရင်တစ်ခါက ဖျက်စီးလိုက်မိသည့် စာအုပ်ဖိုးအတွက် ပြန်လျော်သည့် အနေဖြင့် ငါးပြားပေးလေသည်။
မိုင်ဆွေ့က မောင်ဖြစ်သူ၏ ပါးလေးအား ညှစ်လိုက်ကာ ငြင်းသည်။ " ထားလိုက်တော့ ။ နောက်တစ်ခါသာ အဲ့လိုမဖြစ်စေနဲ့။ "
စန်း၀မ်သည် ငွေငါးပြားအား ပျော်ရွှင်စွာ ပြန်သိမ်းသွားတော့သည်။
ပထမဆုံးအနေဖြင့် ရှောင်၀မ်သည် လင်းလန်အား ကပ်မနေဘဲ စန်း၀မ်နှင့်သာ လိုက်သွားမည်ဟု ဆိုလာလေသည်။
Xxxxxx
Part 354
ရှောင်၀မ်မှာ မနှစ်ကထက် ပို၍အရွယ်ရောက်လာသည်ဟု လင်းလန်ထင်မိသည်။ ပို၍လည်း တက်တက်ကြွကြွဖြစ်လာကာ အစ်ကိုတွေ အစ်မတွေနှင့် လိုက်ပါကစားတတ်နေပြီဖြစ်သည်။
ရှောင်၀မ်အား ပြားနှစ်ဆယ်ပေးလိုက်ကာ မုန့်၀ယ်စားဟု လင်းလန်က မှာသည်။
စန်း၀မ်သည် ရှောင်၀မ်အား လက်ဆွဲကာ ခေါ်သွားလေသည်။ ရှောင်၀မ်က သူ့အား လင်းလန်ပေးလိုက်သည့် ပြားနှစ်ဆယ်အား စန်း၀မ်ကို ပေးလိုက်သည်။
စန်း၀မ် : " ဒီလောက်လေးပဲလား..." မားမားက ရှောင်၀မ်ကို သူတ်ို့ ညီအစ်ကိုတွေလောက်တောင် မုန့်ဖ်ိုးမပေး၍ စန်း၀မ်သည် " ငါ့ကို ပေးသလောက်တောင် မရှိဘူး...ကြည့်ရတာ မားမားက မင်းကို မချစ်ဘူးနဲ့ တူတယ်...မင်းကို လမ်းဘေးက ကောက်လာတာနေမှာ..."ဟု ခပ်တိုးတိုးရေရွတ်နေလေသည်။
ရှောင်၀မ်က မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်သာလုပ်နေကာ စန်း၀မ်ဘာကိုဆိုလိုချင်သည်အား နားမလည်ဖြစ်နေ၏။
စန်း၀မ် ပိုက်ဆံကို ယူလိုက်ကာ ရှောင်း၀မ်၏ လက်ကိုဆွဲ၍ ထွက်သွားလေသည်။
" အစ်ကိုကြီးနဲ့ သွားဆော့ကြရအောင်..."
တ၀မ်သည် အရိုက်ခံရပြီးပြီဖြစ်၍ ညီငယ်လေးနှစ်ယောက်အား မဟုတ်သည့်နေရာများကို ခေါ်သွားရဲမည်ဟု မထင်၍ မှာစရာရှိသည်များကို မှာကာ လင်းလန် ခွင့်ပြုပေးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ခရိုင်က အကျယ်ကြီးမှ မဟုတ်တာ ။ ရှောင်၀မ်လည်း လျှောက်ပြေးလွှားနေမည် မဟုတ်၍ တ၀မ်အား ထိန်းခိုင်းထားလို့ ဖြစ်လောက်ပါသည်။
တ၀မ် ညီငယ်နှစ်ယောက်ကိုခေါ်ကာ စျေးထဲသို့ လျှောက်သွားလိုက်သည်။ သူတို့က စာဖတ်ရတာ မကြိုက်မှတော့ ပိုက်ဆံရှိလည်း စာအုပ်တွေ ၀ယ်မည့်အစား ရုပ်ရှင်ကြည့်မယ် ၊ အရုပ်၀ယ်မယ် ၊ သကြားလုံးတွေ ၀ယ်စားပစ်မယ် ဟုသာ တွေးထားလေသည်။
ရုပ်ရှင်ကြည့်မည့်အခါတွင် သဘောထားကွဲလွဲမှုများ ရှိလာလေသည်။ စန်း၀မ်က " ဥမင်တိုက်ပွဲ " ဟူသည့်ဇာတ်လမ်းအား ကြည့်ချင်ကာ ရှောင်၀မ်ကတော့ " မားမားက ရုပ်ရှင်ကြည့်တာက မျက်လုံးထိခိုက်မယ်လို့ ပြောတယ်...ပြဇာတ်ပဲ ကြည့်ကြမယ်လေ..." ဟုဆို၏။
ရှောင်၀မ်က ရုပ်ရှင်ရုံနှင့် ဆန့်ကျင်ဘက်ရှိ ပြဇာတ်ရုံကို ညွှန်ပြရင်း ပြောလေသည်။
စန်း၀မ်သည် ရေဒီယိုမှ သရဲကားများ ၊ ခွေးအူသံများက်ို နားထောင်သော်လည်း ပြဇာတ်များကိုတော့ မကြည့်ချင်ပါ။ လူတွေ စင်ပေါ်တက်ကာ ဆိုကြ ၊ ကကြ ၊ စကားပြောနေကြသည်ကို ကြည့်ရသည်မှာ သူ့အတွက်တော့ စ်ိတ်မရှည်ချင်သည့် ကိစ္စပင်ဖြစ်သည်။
စစ်တိုက်တဲ့ ရုပ်ရှင်တွေရှိနေတဲ့ဟာကို ဘယ်သူတွေက ပြဇာတ်ကို ကြည့်ချင်မှာလဲလို့။
တ၀မ် ရှောင်၀မ်နှင့် စန်း၀မ်ကို ကြည့်ကာ ဗျာများနေရတော့သည်။
ရှောင်၀မ် အစ်ကိုကြီးဖြစ်သူအား ချစ်စဖွယ်မျက်နှာလေးဖြင့် မော့ကြည့်လိုက်သည်။
" အစ်ကိုကြီးရော ဘာကြည့်ချင်လဲ... "
တ၀မ် : " ....... " ဘာကြည့်ရမှာလဲ ။ မင်းတို့က တစ်ယောက်တစ်မျိုး ပြောနေကြပြီးတော့။
တ၀မ် တစ်ဖက်တွင်ရှ်ိသည့် ရုပ်ရှင်ပိုစတာများက်ို မျက်နှာလွှဲလိုက်ကာ " ပြဇာတ်ပဲ ကြည့်ကြတာပေါ့..." ဟုဆိုလိုက်သည်။
ငါလည်း ရွေးရခက်နေပါတယ်ကွာ။
ရှောင်၀မ် ပျော်သွားကာ ခုန်ပေါက်ရင်း လက်ခုပ်များတီးလေသည်။
" ၀ါး...ကောင်းလိုက်တာ...လက်မှတ်သွား၀ယ်ကြမယ်လေ..."
ရုပ်ရှင်ရော ပြဇာတ်ပါ ကြည့်ရန် ပိုက်ဆံအလုံအလောက်ရှိသော်လည်း အချိန်ကတော့ မလောက်သည့်အပြင် အရုပ်များ၀ယ်လိုပါက ပိုက်ဆံချန်ထားရဦးပေမည်။လက်မှတ်၀ယ်သည့်အခါ လက်မှတ်ရောင်းသူသည် ရှေ့ရှိ ကောင်လေးသုံးယောက်အား မျက်မှောင်ကြုံ့ကာ ကြည်နေလေသည်။ ဒ်ိီလောက် အသက်အရွယ်လေးနဲ့ ကောင်လေးတွေက ပြဇာတ်လာကြည့်တာလား။
များသောအားဖြင့် ပြဇာတ်မျိုးကို ချစ်သူစုံတွဲများ ၊ မိဘများနှင့် ကလေးများသာ လာကြည့်တက်ကြလေသည်။ ယခုက အစ်ကိုဖြစ်သူက ညီလေးများအား ပြဇာတ်လိုက်ပြပေးခြင်း ဖြစ်ဟန်တူသည်။
တ၀မ် : " ကျွန်တော်တို့ မိဘတွေက အထဲကို ရောက်နေကြပြီ..."
လက်မှတ်ရောင်းသူသည် မူလက တွေဝေနေသော်လည်း အထဲတွင် မိဘများရှိသည်ဆို၍ လက်မှတ်ရောင်းပေးလိုက်လေသည်။
တရုတ်နှစ်သစ်ကူးမတိုင်ခင်ကနေ ယခုအချိန်ထိ ရုပ်ရှင်ကားများ ပြဇာတ်များကို အလှည့်ကျပြသနေခဲ့ကာ လာကြည့်သူ အများစုသည် မြို့မှဖြစ်ပြီး တောမှလာသူက နည်းပါးလေသည်။ ယခုအချိန်တွင်တော့ လက်မှတ်များကို ရရန်မခဲယဥ်းတော့ပေ။
အရပ်အရှည်ဆုံးဖြစ်သည့် တ၀မ်သည် လက်မှတ်ကို ၀ယ်ပေးရတော့သည်။ ကောင်တာပေါ်သို့ မှီရန် စန်း၀မ်သည် ခြေဖျားထောက်ထားရကာ ရှောင်၀မ်ကတော့ ခြေဖျားထောက်လျှင်တောင် မမီသည့်အပြင် ခုန်ဆွခုန်ဆွလုပ်ကာ ကြည့်လျှင်တောင် ကောင်တာ၏ အမြင့်သို့ မရောက်။ သို့ဖြစ်၍ ညီအစ်ကိုသုံးဦးသည် လက်မှတ်တစ်စောင်တည်းဖြင့် အထဲသို့ ၀င်ခွင့်ရလေသည်။
စန်း၀မ်က သိပ်၍ မကျေနပ်သေးပေ။ " အစ်ကိုကြီး ကျွန်တော့်ဘာသာ ကျွန်တော် ရုပ်ရှင်သွားကြည့်လို့ မရဘူးလား..."
တ၀မ် : " မရဘူး ..."
စန်း၀မ် ဘာမှ ထပ်မပြောရဲတော့၍ ရှောင်၀မ်၏ နောက်မှ မလိုက်ချင်လိုက်ချင်ဖြင့် လိုက်ပါရတော့သည်။
မားမားကို ပြန်ခံပြောကာ အစ်မဖြစ်သူကို အနိုင်ကျင့်ပြီး ညီငယ်လေးအား ပညာပြရဲသော်လည်း အစ်ကိုကြီးကိုတော့ အထွန့်မတက်ရဲပါ။ အစ်ကိုကြီးက ပြဇာတ်ပဲကြည့်မည်ဆိုလျှင် သူလည်း ပြဇာတ်ပဲ ကြည့်ရမည်သာ။
အထူးသဖြင့် တရုတ်နှစ်ကူးတုန်းက ဦးလေးချင်းယွင်အား မားမားရဲ့ကောင်လေးဖြစ်ချင်လားဟု မေးခဲ့မိ၍ ညရောက်သည့်အခါ အစ်ကိုကြီးထံမှ အရိုက်ခံခဲ့ရပြီး နောက်ပိုင်းတွင် ပို၍နာခံတတ်လာသည်။
အဲ့တုန်းကဆို တင်းပါးက နာလွန်းလို့ တစ်ညလုံး အိပ်လို့တောင်မရဘူး။
အရိုက်ခံပြီးမှသာ စန်း၀မ် အဓိပ္ပာယ်ကို သေချာသဘောပေါက်သွားသည်။ မားမားရဲ့ ယောက်ျားပဲဖြစ်ဖြစ် ကောင်လေးပဲဖြစ်ဖြစ် အဖေတစ်ယောက်တည်းသာ ဖြစ်ရမည်ဆိုသည်ကိုပင်။
ထိုသို့တွေးရင်း စန်း၀မ် သက်ပြင်းချမိသည်။
ဤတစ်ခေါက်ကြည့်မည့် ပြဇာတ်မှာ '' ဆံဖြူရှင်မိန်းကလေး " ဖြစ်သည်။
စန်း၀မ် : " ဘာလို့ ယန်ဇီရုန်လဲ.. ဘာဖြစ်လို့ ဟောင်ရှီယန် မဟုတ်တာလဲ "
တ၀မ် လက်ဆန့်ထုတ်ကာ စန်း၀မ်၏ ခေါင်းကို ပုတ်၍ တိုးတိုးနေရန် အချက်ပြလိုက်သည်။ ငါအိပ်မလို့ မနှောင့်ယှက်နဲ့ ။
ပြဇာတ်ကသူက " မြောက်လေသွေးလို့ နှင်းတွေဝေ~" ဟူ၍ ဆိုပြန်သည့်အခါတွင်လည်း စန်း၀မ်သည် အထွန့်တက်ပြန်သည်။
" အားချင်သာဆိုရင် ပြန်ရိုက်လိုက်လို့ ဆံပင်တွေ လေထဲဝေ့နေမှာ "
ရှေ့ခုံမှ လူသည် လှည့်ကြည့်လာလေသည်။
ရှောင်၀မ်သည် ရှုးတိုးတိုးဟု လက်ညှိုးလေးထောင်ကာ လုပ်ပြလေသည်။
စန်း၀မ် : "......." ထိုင်ရတာ ဖင်တွေတောင် နာလာပြီ။ အတန်းတက်ရတာထက်တောင် ဆိုးသေးတယ်။
ဒီလိုဖြစ်မယ်မှန်းသာ သိရင် ပြားနှစ်ဆယ်ကို မက်ပြီး ရှောင်၀မ်ကို အတူလိုက်လာခိုင်းခဲ့မှာ မဟုတ်ဘူး။ အခုတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေရပြီ။
ရှောင်၀မ်ကတော့ ပြဇာတ်ကြည့်ရသည်ကို အလွန်သဘောကျနေလေသည်။ ပုပုလေးသာရှိ၍ ထရပ်ကာ လက်ဟန်ခြေဟန်များပါ လုပ်ပြီး အားပေးနေသော်လည်း ဘယ်သူမှ ဘာမှမပြောကြ။
စန်း၀မ် အကြံတစ်ခုရသွားသည်။ သူက ရုပ်ရှင်သွားကြည့်ကာ ရှောင်၀မ်အား ပြဇာတ်ကြည့်စေပြီး အစ်ကိုကြီးက ရှောင်၀မ်ကို ထိန်း၍ နေခဲ့ရန်ဖြစ်လေသည်။ သူက လျှောက်သွားနေမှာလည်း မဟုတ်၍ အားလုံးပြီးရင် အတူပြန်ဆုံကြလို့ ရတာပဲမဟုတ်ဘူးလား။
ထိုသို့တွေးကာ တ့၀မ်၏ လက်မောင်းအားဆွဲ၍ အနားကပ်ကာ သူ့အကြံအား တိုးတ်ိုးပြောမည် ကြံလိုက်သော်လည်း တ၀မ်သည် သူ့အား တွန်းထုတ်ကာ နေရာတွင်ပဲ ထိုင်နေစေလေသည်။
Xxxxxxx