အပိုင်း ၃၅၇-၃၅၈
Viewers 23k

Part 357


ဟန်ချင်စုန့်က လင်းလန်၏ မျက်နှာပေါ်တွင် နှမ်းစေ့များကပ်နေသည်ကို မြင်၍ ဖယ်ပေးလေသည်။ 


လင်းလန်က အိမ်တွင် ကလေးများနှင့် သူစိမ်းများရှိနေ၍ ရှက်သဖြင့် တွန်းထုတ်ကာ အနေအထိုင်ဆင်ခြင်ဖို့ ဆူမိသည်။ 


ဟန်ချင်စုန့်ကတော့ လင်းလန်၏ လက်အား ဆုပ်ကိုင်ထားကာ ဖယ်လိုက်သည့် နှမ်းစေ့လေးအား ပါးစပ်ထဲသို့ထည့်၍ စားပြလေသည်။ 


လင်းလန် : " ....... "


သူမ လှည့်ကြည့်လိုက်သည့်အခါ မျက်၀န်းတစ်စုံနှင့် စုံလိုက်ရသည်။ 


ချိုက်ဟွားက သူမတို့နှစ်ဦးအား စိတ်၀င်တစားကြည့်နေလေသည်။ 


လင်းလန် ဟန်ချင်စုန့်အား ရိုက်ကာ ကလေးများကို အတတ်ကောင်းများ သင်ပေးသလိုဖြစ်နေ၍ ဆူတော့သည်။ ဟန်ချင်စုန့်က ဘာမှ မလုပ်ထားသည့်အတိုင်း မျက်နှာငယ်လေး လုပ်ပြလေသည်။ 


ချိုက်ဟွားက ဟန်ချင်စုန့်အား တိတ်တခိုး လိုက်ကြည့်နေကာ ယန်ယန်မှ " ပြန်ကြမယ်လေ " ဟုလာခေါ်မှသာ အကြည့်လွှဲသွားလေသည်။ 


အိမ်ရှင်များ အလုပ်ရှုပ်နေ၍ အကြာကြီးနေရန် မသင့်တော်သဖြင့် ချိုက်ဟွားသည် မိုင်စွေ့အား နှုတ်ဆက်ကာ ပြန်လေသည်။ မပြန်ခင်တွင် ဟန်ချင်စုန့်ကိုပါ နှုတ်ဆက်သွားသေးသည်။ 


ဟန်ချင်စုန့်ကတော့ ဂရုမထားဘဲ လုပ်စရာရှိသည်များကို လုပ်ရင်း ပြန်နှုတ်ဆက်ပေးလိုက်သည်။ 


လင်းလန်က ကျန်နေသည့်မြေပဲများကို ကလေးမလေးနှစ်ယောက်အား ပေးလေသည်။ " နည်းနည်းလောက် ယူသွားကြဦး "


ယန်ယန်က သူမအတွက် လက်တစ်ဆုပ်ယူကာ ချိုက်ဟွားအတွက်လည်း ယူပေးလိုက်ပြီး လင်းလန်အား " ဒေါ်ဒေါ်က ချောလိုက်တာ " ဟုဆိုလေသည်။ 


လင်းလန်သည် သူမအား ကလေးမလေးက ချီးမွမ်းလာမည်မထင်၍ အံ့အားသင့်သွားလေသည်။ " သမီးက ပိုချောပါတယ် ။ ပန်းလေးကြနေရောပဲ။ "


ချိုက်ဟွားသည် ဟန်ချင်စုန့်ကိုသာ ကြည့်နေကာ ယန်ယန်က သူမအား ဆွဲခေါ်မှသာ ပြန်သွားတော့သည်။ 


ပြန်သွားကြသည့် ကလေးမလေးနှစ်ယောက်အား ကြည့်ကာ ဘာအကြောင်းကြောင့်ရယ် မသ်ိသော်ငြား လင်းလန်ရင်ထဲတွင် မသက်မသာဖြစ်နေမိသည်။


ထိုသည်ကို မြင်သည့်အခါ မိုင်စွေ့သည်  " မားမား မမှတ်မိဘူးလား သမီး သူတို့အကြောင်း ပြောဖူးတယ်လေ "ဟုဆိုသည်။လင်းလန် ထိုအခါမှ မှတ်မိသွားတော့သည်။ စန်း၀မ်၏ ဂျိုးအကြီးကြီး မတော်တဆဖြစ်ခဲ့စဥ်အခါတုန်းက မိုင်စွေ့သည် ကောက်ရိုးပုံများထားသည့် နေရာတွင် ထူးဆန်းသည်များ လုပ်နေခဲ့ကြသည်ကို တွေ့ခဲ့၍ အိမ်ပြန်ရောက်လာသည့်အခါတွင် လင်းလန်အား မေးခဲ့ဖူးလေသည်။ 


ထိုသည်ကိုတွေးကာ လင်းလန် မျက်မှောင်များကြုံ့လိုက်မိသည်။ သမီးဖြစ်သူအား ယင်းကလေးမနှစ်ဦးနှင့် မကစားစေလိုတော့ ။ 


သို့သော်လည်း မိုင်စွေ့သည် ယင်းကလေးမလေးများအား ခင်တွယ်နေသည့်ဟန်ရှိသည်မို့ လင်းလန်လည်း ဘေးမှသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 


ယခုဆို ရွာသားအများစုနှင့် ရင်းနှီးနေပြီဖြစ်၍ မျက်မှန်းတန်းနေမိသော်လည်း ထိုကလေးမလေး နှစ်ယောက်ကို မမှတ်မိရခြင်းမှာ အိမ်သို့ တစ်ခါမှ လာလည်ဖူးခြင်းမရှိ၍ ဖြစ်ရမည်။ 


မဟုတ်ပါက သူမ ဘာလို့ မမှတ်မိဘဲ နေပါလိမ့်မလဲ။


လင်းလန် ယခုမှ ပြဿနာရှိနေသည်ကို သတိရသွားတော့သည်။ သူမဘ၀သည် သာယာလွန်းနေ၍ သူမသည် ကူးပြောင်းလာသည့် ၀တ္ထုထဲမှ အရံဇာတ်ကောင်လေးတစ်ယောက်သာ ဖြစ်သည်ကို မေ့လုနီးနီးပင်။ 


ကူးပြောင်းလာသည့်အတွက် သူမ၌ မူလကိုယ်၏ မှတ်ဉာဏ်များရှိနေကာ ထို့အတွက်ပင် သူမထင်မိသည်က သူမနှင့် ၀တ္ထုထဲမှ ဇာတ်ကောင်သည် မတူညီသည့် လောကမှ တူည်ီသည့်လူနှစ်ယောက်ဟုပင်။ 


မူလကိုယ်၏ မှတ်ဉာဏ်များရှိနေ၍ လင်းလန်သည် သူမ၏ မိသားစု၀င်များ ၀မ်းနည်းဖွယ်အဆုံးသတ်များဖြင့် သေဆုံးသွားရမည်ကို သိနေခြင်းပင်။ 


သူမလို မထင်မရှား ဇာတ်ရံလေးတစ်ယောက်၏ မိသားစု၀င်များသည် အရေးမပါလှ၍ စာအုပ်ထဲတွင်တော့ အဆုံးသတ်များအား အကျယ်တ၀ံ့မဖော်ပြထား။ 


ဇာတ်​ကြောင်းအရဆိုလျှင် စာအုပ်ထဲမှ ဇာတ်လိုက်သည် ဆင်းရဲနွမ်းပါးသည့် မိသားစုမှ ကလေးမလေးဖြစ်ပြီး ဖခင်ဖြစ်သူသေသွားပြီးနောက်တွင် အဖွားနှင့် မိခင်ဖြစ်သူသည် သားယောက်ျားလေးများကိုသာ အလေးပေး၍ ကံဆိုးရှာသူလေးဖြစ်လေသည်။


သူမ၏ ချစ်သူမှာ ရွာသို့ လာလည်သည့် ပညာတတ်လူငယ်လေးတစ်ယောက်ဖြစ်၏။ ဇာတ်လိုက်မ၏ အိမ်တွင် တည်းခိုကာ တစ်ယောက်ကို တစ်ယောက်ကူညီရင်း ခံစားချက်များ တိုးပွားလာကြတာဖြစ်သည်။ 


ပညာတတ်လူငယ်လေးသည် ချောမောကြင်နာကာ ကြိုးစားရိုးသားသူဖြစ်၍ မိုင်စွေ့အပါအ၀င် ရွာမှ မိန်းကလေးများ သဘောကျကြလေသည်။ 


နောင်တွင် မိုင်စွေ့သည် ဇာတ်လိုက်မနှင့် ဇာတ်လိုက်ကြား အနှောင့်အယှက်ပေးမည့် သူဖြစ်လာပေမည်။ တုံးအကာ ရုပ်ရည်ကလွဲ ဘာမှမရှိသည့် ဇာတ်ရံဗီလိန်တစ်ယောက်ဖြစ်လာလိမ့်ပေမည်။ 


လင်းလန်သည် စာအုပ်ထဲရှိ ဖြစ်စဥ်များဖြစ်မလာသေးခင် နှစ်အနည်းငယ်စောကာ ကူးပြောင်းလာခဲ့တာဖြစ်သည်။ မိုင်စွေ့သည် ဇာတ်လိုက်အပေါ် ကြွေဆင်းသွားမည့် ဗီလိန်ဖြစ်ချိန်တွင် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ကာ ယခုအခါ မိုင်စွေ့သည် ကိုးနှစ်သာရှိသေး၍ သူမကူးပြောင်းခဲ့သည်မှာ နှစ်အနည်းငယ် စောနေသည်မှာ အတိအကျပင်။ 


သူမက မိသားစုအတွက်ကိုသာ တွေးနေ၍ စာအုပ်အကြောင်းကို ​မေ့နေခဲ့တာဖြစ်သည်။ 


ပညာတတ်လူငယ်လေးက ရွာကိုရောက်နေပြီလား သိချင်မိသား။ 


ရွာရှိ လူငယ်များကို ပြန်စဥ်းစားကြည့်သည့်အခါ အငယ်ဆုံးသည် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်သာ ရှိကြ၍ ဇာတ်လိုက်မဟုတ်နိုင်။ 


မြို့ပေါ်ရှိ မိဘများသည် လူငယ်လေးများအား ရွာသို့ ပို့လေ့မရှိကြဘဲ အသက်အရွယ် အနည်းငယ် ကြီးသူများကိုသာ ပို့ပေးတတ်ကြလေသည်။ 


ရှန်ရွေ့ရွာမှ လူငယ်လေးသည် ဆယ့်ခြောက်နှစ်ရှိကာ အကြီးဆုံးမှာ ဆယ့်ရှစ်နှစ်သာရှိသည်။ 


ဟုတ်တယ် ၊ ဇာတ်လိုက်က ရောက်မလာသေးဘူး။


ဇာတ်လိုက်က မရောက်သေးရင် ဇာတ်လိုက်မကရော ...


စာအုပ်ထဲရှိ မူလဇာတ်လိုက်မမှာ ချန်မင်ယန်ဖြစ်ကာ ဇာတ်လိုက်သည် ရှန်းယွီဖြစ်သည်။


ယန်ယန်သည် ဇာတ်လိုက်မဖြစ်နိုင်သော်ငြား မျိုးရိုးသည် လျို ဖြစ်ကာ ဖခင်ဖြစ်သူကလည်း သက်ရှိထင်ရှားရှိနေသေးပေသည်။ ဒါဆို ချိုက်ဟွားကရော...


ငယ်ရွယ်ကာ ထက်မြက်သည့် မျက်လုံးအကြည့်များအရ ချိုက်ဟွားကသာ ဇာတ်လိုက်မနဲ့ တူနေသလိုပင်။


" ဘာတွေ တွေးနေတာလဲ " ဟန်ချင်စုန့်သည် အခန်းထဲတွင် ငေးငိုင်ကာ ရပ်နေသည့် လင်းလန်၏ လက်အားဆုပ်ကိုင်လိုက်ရင်း မေးလေသည်။ 


လင်းလန် : " အစောကြီး ပြန်လာတာလား "


" ကလေးတွေကို သွားကြိတ်ခိုင်းလိုက်တယ် " ဟန်ချင်စုန့်က လင်းလန်အား စိုးရိမ်နေသလို ကြည့်လေသည်။ 


ဟန်ချင်စုန့်၏ စိုးရိမ်နေသည့် မျက်၀န်းများကြောင့် လင်းလန် ပြန်ပြုံးပြလိုက်သည်။ ဇာတ်လိုက်မက ဘယ်လိုဖြစ်ဖြစ် ချိုက်ဟွားက ဘယ်သူပဲဖြစ်နေပါစေ မေ့ထားလိုက်တော့မည်။ သူမဘ၀တွင်တော့ သူမမိသားစုသည်သာ ဇာတ်လိုက်ဖြစ်သည်။ ဇာတ်လိုက်နှင့် ဇာတ်လိုက်မ၏ ဘ၀များအား ၀င်နှောင့်ယှက်လိုသည့် ဆန္ဒလည်းမရှိပါ။ 


သမီးဖြစ်သူအား စာအုပ်ထဲကလို အမှားအား လုပ်ခိုင်းမည်မဟုတ်ဘဲ တခြားလူ၏ ကြင်ဖက်ကိုလည်း မျက်စိကျခွင့်ပေးမည်မဟုတ်။ 


ချိုက်ဟွားသည် ယန်ယန်အား လင်းလန်တို့အိမ်မှ ဆွဲခေါ်လာလေသည်။ " ငါပြောတာကို နားထောင် နင်က နောင်ဆို သူတို့ထက်တောင် သာသွားမှာ "


ယန်ယန်သည် မယုံ ။ " မဖြစ်နိုင်ပါဘူးဟာ "


" ငါ့ကို မယုံဘူးလား ငါပြောတာကိုပဲ နားထောင်စမ်းပါ "


အိမ်တွင် ယန်ယန်သည် အဖေအမေထံမှ အချစ်မခံရကာ အဖွားကလည်း ဆူလိုက်ရိုက်လိုက်ဖြင့် ရှိနေတတ်ပြီး အစ်ကိုများကလည်း အနိုင်ကျင့်ကြလေသည်။ ချိုက်ဟွားသည်သာ သူမအား ဂရုစိုက်ပေးသူဖြစ်လေသည်။


Xxxxxx

Part 358


ချိုက်ဟွားသည် သူမအား နှစ်သိမ့်ပေးကာ အကြံဉာဏ်ပေးပြီး ကူညီပေးတတ်၍ အိမ်တွင်လည်း ယခင်ကထက် နေရတာအဆင်ပြေလာလေသည်။ 


သို့ဖြစ်၍ ယန်ယန်သည် ချိုက်ဟွားအား ယုံကြည်အားကိုးလေသည်။ 


ညစာစားချိန်တွင် ပထမချွေးမဟန်သည် ကုမိန်အား ကြက်ဥနှင့် ပုစွန်မွှေ​ငါးပိအား လင်းလန်ထံ ပို့ပေးခိုင်းလိုက်ကာ ငှားထားသည့် ဓားမကိုလည်း ပြန်ပေးခိုင်းလိုက်သည်။ 


အိမ်ခွဲနေပြီးနောက်တွင် ပထမချွေးမဟန်သည် အားလပ်နေလေသည်။ အားအင်အပြည့်ဖြင့် ဖြစ်ကာ တစ်နေ့လုံး ပျော်ရွှင်နေလေသည်။ 


လင်းလန်ထံမှ သင်ယူလိုသည်များလည်း ရှိနေလေသည်။ သို့မှသာ အဖွားကြီးဟန်နှင့် ယောက်ျားဖြစ်သူအား သူမ ဘယ်လောက်ကောင်းကောင်းနေနေရလဲဆိုသည်ကို ပြနိုင်ပေမည်။ 


ယခုအခါတွင် ပထမချွေးမဟန်သည် သေချာလေး ချက်ပြုတ်၍ ယခင်နှင့် ကွာခြားကာ ကောင်းမွန်နေ၍ ခင်ပွန်းဖြစ်သူကလည်း ပျော်နေလေသည်။ 


ပထမချွေးမဟန်က သမီးဖြစ်သူနှင့် မိုင်စွေ့ကိုလည်း ရင်းနှီးစေချင်လေသည်။ 


ကုမိန်သည် ယခင်တုန်းက သူမသည် လင်းလန်အား အပြစ်ပြုထားမိသည်ဖြစ်၍ သူမအား တတိယအဒေါ်သည် သဘောမကျလောက်တော့ဟု ဆိုလေသည်။ 


လင်းလန်က ထိုကဲ့သို့ အငြှိုးထားတက်သူမဟုတ်သည်ကို သိ၍ ပထမချွေးမဟန်သည် မနာလိုဖြစ်မိသည်။ ဘာလို့ အဲ့လောက် စိတ်ထားကောင်းနေရတာလဲ။ 


သို့ဖြစ်၍ သမီးဖြစ်သူအား တတိယအဒေါ်သည် ကြင်နာတက်သူဖြစ်၍ သဘောမကျဘဲနေမည်မဟုတ်ကြောင်း ရှင်းပြလိုက်သည်။


 " တတိယအဒေါ်က သဘောထားကြီးတဲ့သူပဲဟာ တမင်လုပ်တာ မဟုတ်မှန်းသိရင် ခွင့်လွှတ်ပေးမှာပါ "


လင်းလန်သည် ပိုးသတ်ဆေးသောက်ပြီးကတည်းက ပြောင်းလဲသွားသည်ကိုလည်း သိသည်။ သူမ၏ ကလေးများကို အနိုင်ကျင့်တာမျိုး ၊ သူမ၏ နောက်ဆုံးစည်းကို ကျော်မိတာမျိုးဆိုလျှင် ဓားဆွဲကာ ပြဿနာရှာနိုင်သော်လည်း လင်းလန်သည် အသေးအဖွဲကိစ္စလေးများကို ဂရုစိုက်မည့်သူမဟုတ်ပါ။ 


အရင်ကတော့ မနာလိုဖြစ်ကာ အမှားလုပ်ခဲ့မိသည်များ ရှိသော်လည်း ယခုအခါ အိမ်ခွဲပြီး နေနေပြီဖြစ်၍ ပဋိပက္ခများ ရှိမနေစေချင်တော့။ ယောက်ျားဖြစ်သူအား စိတ်ဆိုးနေသေးသော်လည်း အခြားသူများအပေါ်သို့ ပုံချမည်မဟုတ်ပါ။ 


မိဘအိမ်မှ ပြန်လာသည့်အခါတွင် ပထမချွေးမဟန်သည် လင်းလန်အား တောင်းပန်ချင်လေသည်။ သို့မှသာ လင်းလန်နှင့် တွေ့သည့်အခါ ရှက်မနေရဘဲ အကြွေးတင်နေသလို မခံစားရတော့မှာ ဖြစ်သည်။ 


ပထမချွေးမဟန် စကားစလိုက်သည်နှင့် လင်းလန်သည်  စကားလမ်းကြောင်းလွှဲကာ စကားဆက်မည်ကို တားလိုက်သည်။ 


သူမသာ အစဖော်မလာပါက လင်းလန်သည် မသိချင်ယောင်ဆောင်ပေးနေမည်ဖြစ်ကာ ပထမချွေးမဟန်လည်း ရှက်နေစရာမလိုလောက်ပေ။ 


လူတွေ၏ စိတ်သည် အမြဲတစေပြောင်းလဲနေတက်၍ ပါးစပ်အပြောလေးတစ်ခုကြောင့်နဲ့တော့ လင်းလန်သည် လူတိုင်းကို အကဲဖြတ်လိုက်မည် မဟုတ်။ တကယ့် သရုပ်မှန်သည် ပေါင်းကြည့်လျှင် ပေါ်လာမှာပဲ မဟုတ်လား။


တစ်အိမ်တည်းနေလျှင် မတည့်နိုင်ကြသော်လည်း ခွဲခွာကြရလျှင်တော့ ဆက်ဆံရေးများ တိုးတက်လာတတ်ကြလေသည်။ သို့ဖြစ်၍ လူများအကြားတွင် အကွာအဝေးတစ်ခုလောက်ထားထားသင့်ပေသည်။ မိသားစုများတွင် ပို၍ သိသာလေသည်။ အိမ်တစ်အိမ်၏ အိမ်ရှင်မသည် တစ်ယောက်သာဖြစ်နိုင်ကာ ဂူတစ်ဂူထဲတွင် ကျားနှစ်ကောင် မအောင်းနိုင်ပေ။ 


လင်းလန်၏ အပြုအမူကြောင့် ပထမချွေးမဟန်သည်  စိတ်သက်သာရာရသွားတော့သည်။ လင်းလန်နှင့် ဆက်ဆံရေးကောင်းလိုလျှင် ကုမိန်အား ပစ္စည်းများငှားတစ်ခါ ပို့တစ်လှည့်လုပ်ခိုင်းရမည်ဟု တွေးထားသည်။ အဲ့လိုသာဆို အဆက်အသွယ်လည်း မပြတ်ဘဲ ဆက်ဆံရေးလည်း ပိုကောင်းလာတော့မှာ မဟုတ်ဘူးလား။ 


လင်းလန်ကလည်း ကူညီပေးဖို့ အသင့်ပင်။ အိမ်ခွဲနေကာစမို့ ပစ္စည်းအစုံအလင်မရှိသေးသဖြင့် တစ်ဦးကို တစ်ဦး ငှားပေးခြင်းသည် လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ 


ကုမိန် : " တတိယဒေါ်လေး ဒါက အိမ်က ပုစွန်ငါးပိလေ  ငန်ငန်လေးဆိုတော့ ပေါက်စီနဲ့ တွဲစားလို့ကောင်းတယ် "


လင်းလန်လည်း ပြန်ပြုံးပြရင်း လက်ခံလိုက်သည်။ " ငန်တော့ ကောင်းတာပေါ့ အရိုးတွေအတွက်လည်း ကောင်းတယ် "


ပြီးနောက် မိုင်စွေ့သည် ကုမိန်အား ခေါ်ကာ အပ်ချုပ်စက်ကို ပြပေးလေသည်။ 


အပ်ချုပ်စက်၀ယ်ပြီးကတည်းက မိုင်စွေ့သည် အိမ်ပြင်ထွက်ကာပင် ကစားခြင်းမပြု။ 


သင်ချင်သော်လည်း ခြေထောက်များသည် တိုသေး၍ ခြေနင်းကို မမီသဖြင့် အပ်ချုပ်တိုင်းသာ ဆော့နေလေ့ရှိလေသည်။


" မမ ဒီမှာကြည့် အခုဆို ခြေနင်းကို မီနေပြီ " 


မိုင်စွေ့ လက်ထဲတွင် လမ်းညွှန်စာအုပ်ကို ကိုင်ထားကာ တစ်ဖက်ကတော့ အပ်ချုပ်စက်အဖုံးကို ဖယ်ပြလေသည်။ 


ကုမိန်လည်း စိတ်၀င်စားသွားသည်။ " ဒါကိုသုံးပြီး တကယ် အ၀တ်တွေချုပ်လို့ရတာလား "


မိုင်စွေ့က အပ်ချုပ်နည်းစာအုပ်ကို ထုတ်လာကာ ပြချင်သည့် စာမျက်နှာအား လှန်ပြလိုက်သည်။ " ကြည့်ကြည့်ဦး ဒါတွေက နွေရာသီ၀တ်ဖို့ အ၀တ်တွေလေ အတွန့်လေးတွေပါတဲ့ စကတ်ချုပ်လို့ရတယ် ဂါ၀န်မဟုတ်ဘဲ စကတ်လေ ဂါ၀န်ချုပ်ဖို့ကျ ပိတ်စက စျေးကြီးလွန်းတယ် စကတ်တစ်ထည်ကိုကျ အပေါ်အင်္ကျီတွေအများကြီးနဲ့ တွဲ၀တ်လို့ရတယ်လေ "


ကုမိန်သည် သူမတွင် လက်ပြတ်အင်္ကျီလေးလည်းရှိကာ ချည်ထည်အင်္ကျီလည်းရှိပြီး အနွေးဂျတ်ကတ်လေးလည်းရှိ၍ ဘာနှင့်ဖြစ်ဖြစ် တွဲ၀တ်လို့ရတာပဲလေ ဟုတွေးနေလေသည်။


လင်းလန်သည် အိမ်ရှေ့မှ လှမ်းအော်သည်။ " ကုမိန် အိမ်မှာ ယွမ်ရှောင်းလုပ်မှာ လာဦးမလား "


ကုမိန် : " ဒေါ်လေး ယွမ်ရှောင်းက ဘာလဲဟင် "


လင်းလန် ပြန်၍ ရှင်းပြလိုက်သည့်အခါ ကုမိန် စိတ်၀င်စားသွားလေသည်။ 


တ၀မ်တို့တစ်စု ပြန်လာသည့်အခါတွင် လင်းလန်၏ ညစာသည် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ 


ကုမိန်ကိုလည်း ညစာစားရန် ဖိတ်သော်လည်း ကုမိန်က ငြင်းလေသည်။ " တတိယဒေါ်လေး အိမ်မှာလည်း ညစာပြင်ထားလောက်တော့ အိမ်ပဲ ပြန်စားလိုက်ပါတော့မယ် "


လင်းလန်လည်း ထပ်မခေါ်တော့ ။ ချက်ထားသည့် ကြာဇံနှင့် ဂေါ်ဖီဟင်းကိုသာ ထည့်ပေးလိုက်တော့သည်။ " ဒီနေ့ တတိယဒေါ်လေးက ရိုးရိုးရှင်းရှင်းလေးပဲ ချက်ထားတာလေ "


ကုမိန်သည် ဟင်းထဲတွင် ၀က်သားများကိုတွေ့၍ " ဒေါ်လေးက ဒါကို ရိုးရိုးရှင်းရှင်းလို့ ခေါ်တာလား နှစ်သစ်ကူးမှာစားရတဲ့ ဟင်းကျနေတာပဲဟာကို "


လင်းလန် : " ဘာဖြစ်လဲ ဘယ်အချိန်ပဲဖြစ်ဖြစ် စားလို့ရတာပဲလေ "


ကုမိန်သည် ပျော်ရွှင်စွာ ပြန်သွားလေသည်။


မိသားစု ၀ိုင်းဖွဲ့ကာ ညစာစားနေရင်း လင်းလန်က စန်း၀မ်အား ကားကို လက်ထဲမှချပြီး ရှောင်း၀မ်ကို မစဘဲ ညစာပဲစားရန် ဆူလေသည်။ 


မိုင်စွေ့က ပြောသည်။ " မားမား အိမ်ခွဲနေပြီးတော့ ပထမအဒေါ်နဲ့ အစ်မကုမိန်တို့က ပိုပြီး အဆင်ပြေလာသလိုပဲနော် ကြည့်လိုက်ရင် ပြုံးပျော်နေတာပဲ " 


လင်းလန် : " ပတ်၀န်းကျင်ကြောင့်လေ အနားယူလို့ရပြီး သက်သောင့်သက်သာရှိတဲ့ ပတ်၀န်းကျင်မှာ နေရတော့ လူတွေလည်း ပိုပြီး စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်နေကြတာပေါ့ စိတ်ဓာတ်ကျစရာနေရာမှနေရရင် စိတ်ညစ်ပြီး နှာဘူးဖြစ်ချင်လည်း ဖြစ်လာမှာပေါ့ "


Xxxxx