အပိုင်း ၃၆၁-၃၆၂
Viewers 21k

Part 361


အဆုံးတွင် စန်း၀မ်အား တ၀မ်နှင့် အား၀မ်က ကူညီလိုက်ရသည်။ ရေအရင်ချိုးစေကာ ရေချိုးခန်းကို မသုံးစေဘဲ အိမ်ပြင်တွင်သာ ချိုးစေလေသည်။ ပြီးမှ အ၀တ်ဖြင့် ပတ်ကာ အိမ်ထဲသို့ သယ်သွားပေးကြလေသည်။


တ၀မ်သည် အ၀တ်များအား ပစ်ပေးကာ ပြောလိုက်သည်" ကိုယ့်ဘာသာလျှော် " 


ယခင်က အိမ်တွင် လင်းလန်က အ၀တ်များလျှော်ပေးသူဖြစ်သော်လည်း ဆောင်းတွင်းရောက်သည့်အခါ ဟန်ချင်စုန့်သည် လျှော်ခွင့်မပေးဘဲ ကလေးများကို ကိုယ်တိုင်သာ လျှော်ခိုင်းလေသည်။


မိုင်စွေ့သည် ကိုယ့်ဘာသာလျှော်ကာ လင်းလန်နှင့် ဟန်ချင်စုန့်က အတူလျှော်ကြပြီး ရှောင်၀မ်၏ အ၀တ်များကိုတော့ တ၀မ်နှင့် အား၀မ်တို့ အလှည့်ကျလျှော်ကြလေသည်။


ယခုအလှည့်သည် တ၀မ်အလှည့်ဖြစ်သည်။


စန်း၀မ်တွင် ၀တ်စရာမရှိတော့၍ ရှောင်၀မ်၀တ်ရန် ပေးလိုက်သည့် အနွေးထည်ကိုသာ ပြန်၀တ်ထားရလေသည်။ ကလေးတုန်းက ၀တ်ခဲ့သည့် အင်္ကျီဖြစ်၍ စန်း၀မ်ပြန်၀တ်သည့်အခါ ရယ်ချင်ဖွယ်ဖြစ်နေတော့သည်။


ဆန်မုန့်လုံးများစားကြသည့်အခါ အားလုံးသည် အရသာရှိကြသည်ဟု ထင်လေသည်။ အနှစ်များ ပေါက်ထွက်သွားသော်လည်း ကျေးရွာမှ မစားဖူးသူများဖြစ်၍ စားကောင်းနေကြဆဲပင် ။


လင်းလန် အနှစ်မပေါက်သည့် မုန့်လုံးအနည်းငယ်ကို ရွေးကာ ပထမချွေးမဟန်ဖို့ ကုမိန်နှင့်အတူ ထည့်ပေးလိုက်သည်။


စန်း၀မ်က အထွန့်တက်ချင်သော်လည်း ဖခင်ဖြစ်သူ၏ အကြည့်များကြောင့် အထွန့်မတက်ရဲဘဲ ပြောင်းဖူးပေါင်မုန့်က်ိုသာ စားနေရလေသည်။


" မြောက်လေသွေးလို့ နှင်းတွေဝေ ~ သူများတွေက ယွမ်ရှောင်းစားနေပေးမယ့် တစ်ယောက်ကတော့ ပြောင်ဖူးပေါင်မုန့်ကိုပဲ စားနေရတယ် "


ရှောင်၀မ်က သီချင်းဆိုကာ စလေသည်။ 


ဟန်ချင်စုန့်  စန်း၀မ်အား တံခါးရှေ့တွင် ထိုင်စားရန် ညွှန်ပြလိုက်သည်။ အပြစ်ပေးထားသော်လည်း အကြာကြီးတော့ မရပ်ခိုင်း။


စန်း၀မ် ရင်နာနာဖြင့် ပြောင်းဖူးပေါင်မုန့်ကိုသာ ထိုင်စားနေရတော့သည်။


လင်းလန် : " စန်း၀မ် နှစ်ကူးပြီးသွားမှ ဘာလို့ လူဆိုးကောင်လေးဖြစ်လာရတာလဲ အရိုက်ခံရတာ မမှတ်သေးဘူးလား "


စန်း၀မ် : " ....... " လိမ္မာရင်ကြ စန်း၀မ်တဲ့ ၊ မလိမ္မာရင်ကြ လူဆိုးကောင်တဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား။


မီးပုံပွဲတော်ကျင်းပပြီးသည့်နောက်တွင် အားလုံး အလုပ်များလာကြသည်။ စိုက်ပျိုးရာသီတွင် မိန်းကလေးများသည်လည်း အလုပ်များနေနိုင်သဖြင့် မြတ်ရိတ်သည့် စုဝေးခြင်းကိုသာ လုပ်ရန် လင်းလန် စဥ်းစားထားသည်။ ရင်းနှီးမှုယူရင်း စိုက်ပျိုးချိန်ပြီးသွားသည့် အချိန်မှသာ အသ်ိပညာပေးချင်သည်များကို ပြောပြရမည်ဟုလည်း တွေးထားသည်။ 


သို့သော် ခရိုင်မှစ တစ်နိုင်ငံလုံးသည် ကွန်မြူနတီတိုးတက်ရေးအတွက် ၀ါဒဖြန့်ဆောင်ရွက်ကြရမည်ဟု အမိန့်ထုတ်လိုက်ပြီး ခရိုင်ဆေးရုံကိုပါ လေ့ကျင့်ရေးဆင်းလာစေလေသည်။ ဘယ်လောက်ပဲ အလုပ်များနေပါစေ ဆောင်ရွက်ကြရမည်ဟုဆို၏။ သို့သော်လည်း ရွာသားများသည် အလုပ်များနေကြ၍ အချိန်မပေးလိုကြ ။ သို့ဖြစ်၍ ဆောင်ရွက်ရန် လူထုအင်အားများ လိုအပ်နေတော့သည်။ 


ထို့ကြောင့် အဖွဲ့အစည်းများစွာသည် ကျဥ်းထဲကြပ်တဲရောက်သွားကြကာ အငြင်းပွားမှုများလည်း ဖြစ်ပေါ်လာကြပြီး ဆောင်ရွက်ရန် ခက်ခဲနေကြလေသည်။ ၄င်းအပြင် ၀ါဒဖြန့်ဆောင်ရွက်ရမည့် လုပ်သားများနှင့် ထုတ်လုပ်ရေးအဖွဲ့မှ လုပ်သားများသည် ကွန်မြူနတီအတွက် အဖွဲ့သားအဖြစ် မည်သူကဆောင်ရွက်ရမည်ကို အချင်းများနေကြလေသည်။ 


ရှန်ရွေ့ရွာမှ တုန်ဟွိုင်ဟွသည်လည်း အကျပ်အတည်းဖြစ်နေရှာသည်။ 


တုန်ဟွိုင်ဟွသည် အဖွဲ့ခေါင်းဆောင်နှင့် ယှဥ်ပြိုင်လိုစိတ်မရှိဘဲ ညဘက်မှသာ လူထုအင်အားစုမည်ဟု စဥ်းစားမိသော်လည်း နွေဦးတွင် ထွန်ယက်စိုက်ပျိုးခြင်းများကို တစ်နေ့တာလုံး ဆောင်ရွက်နေရ၍ ညဘက်သို့ ရောက်သည့်အခါ အလွန်ပင်ပန်းနေကြပြီဖြစ်သဖြင့် ထိုအချိန်တွင် အင်အားစုဆောင်းခြင်းမှာလည်း မဖြစ်နိုင်ချေ။ 


ယခုအကြိမ်တွင် စောင့်ကြည့်စစ်ဆေးနေသူလည်း ရှိမည်ဖြစ်ကာ တက်ရောက်သည့် လူဦးရေကိုလည်း မှတ်သားထားမည်ဖြစ်သဖြင့် စာရင်းအားလိမ်လည်ထား၍လည်း မဖြစ်လောက်ပါ။ 


တုန်ဟွိုင်ဟွသည် စဥ်းစားရလွန်းသဖြင့် ဆံပင်များဖြူလာပြီဟူ၍ပင် ထင်မိကာ လင်းလန်အား အကြံဉာဏ်တောင်းမိသည်။


 " လင်းလန် ညီမရော ဘယ်လိုထင်လဲ "


လင်းလန်က ပြုံးပြကာ " လွယ်တော့ မလွယ်လောက်ဘူး...အလုပ်မသွားခင်မှာ ခေါင်းဆောင်ကို ဟောပြောခိုင်းပြီး အလုပ်ကြိုးစားဖို့ ပြောခိုင်းရင်ရော ဘယ်လိုလဲ "


တုန်ဟွိုင်ဟွ : " ဒါပေမယ့် ခေါင်းဆောင်က အဲ့လိုပြောတတ်ဆိုတတ်ပါ့မလား "


" ခေါင်းဆောင်ကို ပြောတတ်သလိုပဲ ပြောခိုင်းလိုက်ပါ အလုပ်သမားတွေလည်းရှိနေမှာဆိုတော့ စောင့်ကြည့်ဖို့ လာတဲ့သူလည်း ဘာမှပြောလို့ ရမှာမဟုတ်တော့ဘူးလေ "


" ဪ အဲ့လိုလည်း ဟုတ်တာပဲ " တုန်ဟွိုင်ဟွ အားတက်သွားမိသည်။ " အလုပ်မလုပ်ခင် ဆေးလိပ်လေးဘာလေးသောက်ပြီး ပွဲလေးဘာလေးလည်း ကြည့်ခိုင်းလိုက်ကြတာပေါ့ အလုပ်ပြီးလို့ အားတက်အောင် လုပ်ပေးလိုက်ရင် အဆင်ပြေသွားပြီပဲ "


လင်းလန်က မျက်လုံးလှန်ပြရင်း " နားတာလေးကတော့ မပါမဖြစ်ပဲမလား " ဟုဆိုသည်။ 


သို့ဖြစ်၍ အလုပ်များနေကြသည့် စိုက်ပျိုးရာသီတွင် ဆောင်ရွက်ရန် ခဲယဥ်းသည့် ၀ါဒဖြန့်ချီရေးလှုပ်ရှားမှုအား ရှန်ရွေ့ရွာသည် လွယ်ကူစွာ ဖြေရှင်းသွားနိုင်လေသည်။ ၀ါဒဖြန့်ဆောင်ရွက်ရမည့် လုပ်သားများနှင့် ထုတ်လုပ်ရေးအဖွဲ့မှ လုပ်သားများသည်လည်း အငြင်းပွားနေခြင်း မရှိတော့။ ထို့အတွက် ကွန်မြူနတီသည် ထိုသို့ဆောင်ရွက်လိုက်ခြင်းကို သဘောကျသွားကာ တစ်နိုင်ငံလုံးတွင် ထိုအတိုင်း လိုက်၍ ဆောင်ရွက်စေလေသည်။ 


ထို့နောက်တွင် ညွှန်မှုးကျားအား ခရိုင်မှ ဆင့်ခေါ်ကာ ရှန်ရွေ့ရွာ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို အခြားသောရွာများကို သင်ပေးစေသည်။ 


ညွှန်မှုးကျားက အလွန်အမင်း ၀မ်းသာအားရကာ ရှန်ရွေ့ရွာသားများအား ချီးမွမ်း၍ အသိအမှတ်ပြုလက်မှတ်များနှင့် ဆုများပေးလေသည်။ 


ဆုသည် ငါးယွမ်တန်ကြေးရှိ ဘောပင်ဖြစ်ကာ တုန်ဟွိုင်ဟွက လင်းလန်အား ပြန်ပေးလေသည်။ လင်းလန်သည် ကျောင်းမတက်ဖူးသဖြင့် စာရေးရာတွင် အမှားများစွာရှိကာ ဘယ်လက်ဖြင့်သာ ရေးတတ်သော်လည်း ကြိုးစားလေ့လာ၍ ယခုဆို လက်ရေးသည် အတော်လေးလှပသပ်ရပ်​နေပြီဖြစ်၍ တုန်ဟွိုင်ဟွက လင်းလန်ကို လေးစားနေလေသည်။ ပြီးတော့ လင်းလန်ကြောင့်သာ မဟုတ်ရင် သူမက ဘယ်လိုလုပ် အဆင့်မြင့်အလုပ်သမား ဖြစ်လာနိုင်မှာလဲ။ 


ထိုကိစ္စကြောင့် အဖွဲ့အစည်းမှလူများသည်လည်း လင်းလန်ကို ပို၍အကောင်းမြင်လာကြသည်။ ထိုလူများသည် အရေးပါသည့် အလုပ်သမားများမဟုတ်ကြသော်လည်း အဖွဲ့အစည်းထဲ၌ ရာထူးတစ်နေရာတော့ ရှိကြသူများပင် ဖြစ်သည်။ 


မိန်းကလေးများအား အသိပညာပေးသည့် စုဝေးပွဲမှာလည်း ကောင်းမွန်စွာ ဆက်သွားနေလေသည်။ ယခုဆို မိန်းကလေးများသည် မြတ်များရိတ်ရင်း လုပ်အားခလည်းရကာ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမည် ဟူသည်များကိုလည်း နားလည်နေကြပြီဖြစ်သည်။ 


အချို့မိန်းကလေးများက အစပိုင်းတွင် ရှက်ရွံ့ကာ ကြောက်နေကြသော်လည်း အသုံး၀င်သည်ကို နောက်ပိုင်းတွင် သိလာကြသည်။


အထူးသဖြင့် အစ်ကိုများနှင့် မောင်လေးများစွာ ရှိသည့် မိသားစုမှ မိန်းကလေးများဖြစ်ကြသည်။ အစ်ကိုကြီးများသည် စိတ်ကြီး၀င်ကာ ဂရုမထားကြဘဲ ပညာလည်း မတက်ကြ၍ ညီမများအပေါ် ဆိုးဆိုး၀ါး၀ါးဆက်ဆံတက်ကြသဖြင့် ယင်းမိန်းကလေးများသည် ယခုဆို ခုခံပြောဆ်ိုတတ်နေကြပြီဖြစ်သည်။


ခဏနားနေစဥ်တွင် လင်းလန်က အိမ်မှဖျော်လာသည့် ဟောသွန်းဖျော်ရည်အား လည်ချောင်းရှင်းရန် သောက်နေလေသည်။


Xxxxxxxx

Part 362


အလုပ် ခဏနားနေစဥ်တွင် လင်းလန်က အိမ်မှဖျော်လာသည့် ဟောသွန်းဖျော်ရည်အား လည်ချောင်းရှင်းရန် သောက်နေလေသည်။


ချိုက်ဟွားသည် လင်းလန်ထံသို့ ​ပြုံးလျက် ပြေးလာသည်။ " အန်တီလင်း ပြောသွားတာတွေက အရမ်းကောင်းတာပဲ သမီး သေချာလိုက်နားထောင်ထားတယ် "


လင်းလန် ပြန်၍ ပြုံးပြလိုက်သည်။ " အသုံး၀င်တယ်ဆိုရင်တော့ ပြောရတာ အလကားမဖြစ်တော့ဘူးပေါ့ "


ချိုက်ဟွားက မေးခွန်းများ ထပ်မေးကာ စကားတွေလည်း ပြောနေရင်းဖြင့် လင်းလန်သည် ဘယ်လိုဖြစ်၍ ဤသို့သော အကြံများအား ရလာသလဲဟူသည်ကိုပါ မေးလေသည်။


 " တစ်ခြားလူတွေက ဒါတွေကို ဂရုမစိုက်ကြပေမယ့် အန်တီပြောတာကကြ အရမ်းကောင်းလို့ပါ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ကြလို့ ကောင်းတယ်လေ "


လင်းလန် သူမလေးကို ပြန်ကြည့်လိုက်သည်။ 


ချိုက်ဟွားသည် ရုပ်ရည်ချောမောသည့်ထဲမပါဘဲ ရွက်ကြမ်းရည်ကျိုသာဖြစ်ကာ အသားအရည်သည်လည်း ကြမ်းတမ်းပြီး ဆံပင်များသည်လည်း ၀ါညစ်ညစ်ဖြင့်ရှိကာ ပိန်ပါးသူလည်း ဖြစ်လေသည်။ ယခုကဲ့သို့ ချစ်ခင်ဖွယ် ပြုမူနေသော်လည်း လင်းလန် သူမလေး၏ မျက်၀န်းများထဲမှ လိမ္မာပါးနပ်မှုများကို မြင်နေရ၍ ထူးဆန်းနေမိသည်။ 


တုန်ဟွိုင်ဟွသည်လည်း ချိုက်ဟွား၏ အမေးကို ကြားသွား၍ ၀င်ပြောလာ၏။ 


" ရွာထဲမှာက အရွယ်ရောက်ပြီးသား ယောက်ျားလေးတွေ အများကြိီးရှိတဲ့အပြင် မိန်းကလေးတွေ ရေချိုးတာကို ချောင်းကြည့်ရတာ ကြိုက်တဲ့ တေလေကြမ်းပိုးတွေလည်း ရှိတယ်လေ။ ပြီးတော့ ကလေးတွေကို ရိုင်းစိုင်းတဲ့စကားတွေ သင်ပေးနေတဲ့ လူတွေလည်းရှိလို့ ကြိုတင် ကာကွယ်နိုင်ကြအောင်လို့လေ ။ သမီးတို့လို လောကကြီးအကြောင်း ဘာမှမသိတဲ့ ကလေးတွေဆိုလည်း သကြားလုံးကျွေးပြီး ဆွဲဆောင်ခံရလို့ ပါသွားရင် ဘယ်လိုလုပ်မလဲ ။ အဲ့ဒါတွေကို လူကြီးတွေက ကြိုတွေးပြီး ကာကွယ်ပေးရမှာပေါ့။ "


တုန်ဟွိုင်ဟွသည် ယခင်က လင်းလန်ပြောပြဖူးသည်များကို  စိတ်၀င်စားဖွယ် ပြန်ပြောပြနေ၍ လင်းလန်မှာ နားထောင်ရင်း ပြုံးနေမိသည်။ တုန်ဟွိုင်ဟွကမှ သူမထက်ပိုပြီး အချိန်ကူးပြောင်းလာသူနဲ့ တူသေးတယ်။ 


တုန်ဟွိုင်ဟွသည် နဂိုကတည်းက ခေတ်မှီသူဖြစ်ပြီး ယောက်ျားသားများမှ အနိုင်ကျင့်နေသည်ကို သည်းမခံတက်သည့် ခေတ်သစ်မှ အမျိုးသမီးများကဲ့သို့ စိတ်ရှိသူဖြစ်လေသည်။ 


ထို့အပြင် နှစ်ပေါင်းများစွာ ပညာသင်လာခဲ့သူလည်းဖြစ်သဖြင့် တုန်ဟွိုင်ဟွသည် အစည်းအဝေးများကို ဦးဆောင်ကျင်းပ၍ ချက်ကျလက်ကျ ပြောနိုင်သူလည်း ဖြစ်ပေသည်။ 


၄င်းအပြင် လင်းလန်သည်လည်း ပြည်သူ့လုံခြုံရေးဗျူရိုမှ ညွှန်မှုးတစ်ယောက်၏ ဇနီးဖြစ်သဖြင့် သူမ၏ အပြုအမူ ၊ အပြောအဆို ၊ အနေအထိုင်များကို ဆင်ခြင်ခဲ့သူလည်းဖြစ်သည်။ သို့ဖြစ်၍ ပိုးသတ်ဆေးသောက်ပြီးနောက် ကလေးများအပေါ်တွင် ဆက်ဆံပုံများ ပြောင်းလဲလာသည်ကို တစ်ဦးတစ်ယောက်ကမှ သူမအား သံသယမ၀င်ကြတာဖြစ်သည်။


အများစုသည် သေဘေးမှ လွတ်မြောက်လာ၍ ပြောင်းလဲသွားတာပဲဖြစ်မည်ဟု ပြောကြလေသည်။ 


လင်းလန် : " သမီးကို အနိုင်ကျင့်ချင်တဲ့ မသင်္ကာစရာ ယောက်ျားကြီးရှိတယ်ဆိုရင် ကြောက်မနေဘဲ အန်တီတို့ကို ပြောနော်။ အန်တီတို့ သူ့ကို ဖမ်းပေမယ်။ "


ချိုက်ဟွားက လင်းလန်အား အမှန်တကယ် လေးစားသွားသည့်ဟန်ဖြင့် " မားမားပြောတာ ကောင်းတယ်။ " ဟုဆိုသည်။ 


လင်းလန် : .....ငါက ဘာလို့ မားမားဖြစ်လာပြန်တာလဲ။ အန်တီလင်းဆိုရင် ရပြီလေ။ 


ရွာထဲသို့ နောက်မှပြောင်းရွှေ့လာကြသူများသည် ရွာရှိလူရင်းများအား လေးစားသောအနေဖြင့် ရွာလူကြီးအား ပါးပါး သို့မဟုတ် ရွာလူကြီးမိသားစုမှ လူများအား လောင်ရှိီးဟု ခေါ်လေ့ရှိကြလေသည်။ 


ချိုက်ဟွား၏ မျိုးရိုးနာမည်မှာ ဟယ် ဖြစ်၍ နောက်မှ ပြောင်းရွှေ့လာသူဖြစ်လေသည်။ 


ချိုက်ဟွားက လင်းလန်နှင့် စကားများ ထပ်ပြောနေကာ ယန်ယန်လာခေါ်မှသာ ပြန်သွားလေသည်။ 


လင်းလန် ချိုက်ဟွားဆိုသည့် ကလေးမလေးအား သတိထားနေမိသည်။ ထိုကလေးမလေးသည် ဇာတ်လိုက်မဟုတ်ပါဘဲ တောရွာမှ ကလေးမလေးတစ်ယောက်သာဖြစ်သော်လည်း သူမနှင့် ဇာတ်လိုက်ကြားရှိ ရင်းနှီးမှုနှင့် ပါးနပ်မှုများသည် လင်းလန်အား သတိအနေအထားတွင် ရှိနေစေသည်။ 


သို့သော်လည်း သူခိုးအလုပ်အား ရက်တစ်ထောင်ကြာအောင် လုပ်နိုင်သော်ငြား သူခိုးဖမ်းရန်တော့ ဘယ်သူကမှ ရက်တစ်ထောင်ကြာအောင် မစောင့်ကြည့်နိုင်သဖြင့် လင်းလန်လည်း လျစ်လျူရှုထားလိုက်သည်။


 ဘာပဲဖြစ်ဖြစ် ကိုယ်ကောင်းကောင်းနေရင် ပြီးတာပဲမဟုတ်ဘူးလား။ တစ်ဖက်လူက ဘာမှ အထူးတလည်လုပ်နေတာလည်း မဟုတ်ပဲနဲ့ဟာ။ ဒီအတိုင်း ပိုးသတ်ဆေးသောက်ပြီးနောက် ပြောင်းလဲသွားတဲ့ အဒေါ်ကြီးတစ်ယောက်ရဲ့ အကြောင်းမို့ ပိုသိချင်နေတာလည်း ဖြစ်နိုင်တာပဲလေ ။ 


 * * *


ဖေဖော်၀ါရီလတွင် နှင်းများနှင့် ရေခဲများက အရည်ပျော်လာပြီဖြစ်သော်လည်း အေးတော့အေးနေဆဲပင်။ 


အေးမြနေသေးသည့် နွေဦးရောက်ချိန်တွင် လူအများသည် ဖျားနာတက်ကြကာ လင်းလန်လည်း အနည်းငယ် ညောင်းကိုက်၍ မူးနောက်နောက် ဖြစ်နေလေသည်။ သို့သော်လည်း သူမအား ဖိတ်ခေါ်ထားသည့် အဖွဲ့အစည်းများရှိနေ၍ အနားမယူနိုင်ဖြစ်လို့နေသည်။ 


ယနေ့တွင်လည်း ရွာပြင်မှ အဖွဲ့အစည်းသည် သူမအား သင်ကြားပေးရန်အတွက် နေ့တစ်ပိုင်းခေါ်ထားလေသည်။ လင်းလန်က တူးမြောင်းဘေးမှနေ အိမ်သို့ ပြန်နေတာဖြစ်သည်။ 


သူမသည် လျှောက်နေရင်းဖြင့် အရှေ့အနားမှ တစ်စုံတစ်ယောက်၏ အော်သံကြားလိုက်ရသည်နှင့်အတူ ခြေချော်၍ ရေထဲသို့ ပြုတ်ကျသွားသည်ကိုပါ လှမ်းတွေ့လိုက်ရသည်။ 


လင်းလန်လည်း အမြန်သွားကြည့်လိုက်သည်။


အလုပ်မှပြန်လာသည့် အမျိုးသမီးတစ်ဦးသည် ခြေချော်သွားသဖြင့် တူးမြောင်းထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်။ 


ခဏအကြာတွင် လူတစ်ယောက်သည် အမျိုးသမီးအား ဆယ်လိုက်နိုင်လေသည်။ အမျိုးသမီးကြီးမှာ စိုရွှဲနေကာ ရာသီဥတုသည်လည်း အေးလွန်းနေ၍ နှုတ်ခမ်းများပြာကာ တုန်ယင်နေပြီး သတိလည်းမေ့နေတော့သည်။ 


တစ်စုံတစ်ယောက်သည် ထိုအမျိုးသမီးကြီးကို ကူညီပေးသဖြင့် ရေအနည်းငယ် အန်ထွက်လာသော်လည်း သူမသည် သတိရမလာသေးပေ။ 


အသက်ရှုကြပ်၍ မေ့မြောနေခြင်းဖြစ်သည်ကို လင်းလန်သိ၍ အရေးပေါ်အသက်ကယ်နည်းဖြင့် ကူညီရန် အမြန်လုပ်လိုက်သည်။ 


လူအုပ်ကြီးအား ဖယ်ခိုင်းလိုက်ကာ သူမသည် ပြည်သူ့လုံခြုံရေးဗျူရိုမှ ဆရာတစ်ယောက်ဖြစ်ကြောင်းပြောပြကာ အသက်ကယ်နည်းကိုလည်း သိသဖြင့် ကူညီပေးရန်အတွက် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ 


ယခင်ဘ၀တုန်းက လင်းလန်သည် တက္ကသိုလ်တက်ရင်းဖြင့် အရေးပေါ်အသက်ကယ်နည်း သင်တန်းများ တက်ထားကာ နောက်ပိုင်းတွင်လည်း ဘေးဒုက္ခကယ်ဆယ်ရေးအသင်းများတွင် လုပ်အားပေးအနေဖြင့် လုပ်ခဲ့ဖူး၍ အတွေ့အကြုံရှိ၏။


လင်းလန် အမျိုးသမီးကြီးအား ပါးစပ်ဖြင့်တေ့ကာ လေမှုတ်ပေးလိုက်သည်။ ရင်ဘတ်ကိုလည်း အသက်ကယ်နည်းလမ်းအတိုင်း လုပ်ပေးနေရ၍ ချွေးများထွက်လာလေသည်။ 


အမျိုးသမီးသည် ရေများကို အန်ထုတ်လိုက်ကာ သတိရလာသည်။ သို့သော်လည်း အန်ထုတ်လိုက်သည်က လင်းလန်၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ ဖြစ်သဖြင့် လင်းလန်မှာ ရွှဲရွှဲစိုသွားလေသည်။ 


အမျိုးသမီး သတိပြန်ရလာသည့်အခါ လင်းလန်က သူမအား အိမ်ကို အမြန်ပြန်ပို့ပေးရန် အခြားသူတစ်ဦးအား အကူအညီတောင်းလိုက်သည်။ 


အားလုံးသည် အမျိုးသမီးကြိိးကိုသာ အာရုံစိုက်နေကြ၍ လင်းလန်အား မေ့သွားကြသည်။ လင်းလန် မျက်နှာနှင့် ခန္ဓာက်ိုယ်ပေါ်မှ ရေများကို သပ်ချလိုက်ရင်း အိမ်သို့ ဆက်၍ ပြန်လာလိုက်သည်။ 


ညနေခင်းလေသည် အေးမြသဖြင့် ယခင်က ချွေးများရွှဲနေခဲ့သည့် လင်းလန်မှာ နှာချေလာတော့သည်။ 


ခဏမျှ လျှောက်ပြီးနောက်တွင် လင်းလန် အတော်လေး မူးဝေလာကာ ချွေးများလည်း ထွက်လာပြီး လှဲအိပ်ပစ်လိုက်ချင်နေပြီဟု တွေးနေ၏။


ဆက်လျှောက်နေရင်းဖြင့် ရင်းနှီးနေသည့် ပုံရိပ်အား သူမရှေ့မှ ခပ်လှမ်းလှမ်းတွင် လင်းလန် မြင်လိုက်ရသည်။ ဒီလူငယ်လေးက အတော်လေးချောတာပဲဟု လင်းလန် ထင်မိသည်။ သူမတို့ အိမ်က ဟန်ချင်စုန့်နဲ့တောင် ခပ်ဆင်ဆင် ထင်ရသည်။ 


Xxxxxxx