အပိုင်း ၃၆၃-၃၆၄
Viewers 23k

Part 363


ထိုလူငယ်လေးသည် သူမရှိရာသို့ အပြေးလာနေသဖြင့် လင်းလန်ရပ်ကာ သူ့အား ပြုံ၍ ကြည့်နေမိသည်။ 


အရမ်းချောတာပဲ ....


လင်းလန်က အပြုံးမပျက်ဘဲ " အစ်ကိုကြီးက အရမ်းချောတာပဲနော် " ဟုဆိုလိုက်သည်။ 


ဟန်ချင်စုန့် : " ....... " 


ဟန်ချင်စုန့် ရှေ့တိုးကာ လင်းလန်အား ပွေ့ဖက်လိုက်သည်။ 


လင်းလန်သည် အမြင်များ မသဲကွဲတော့သော်လည်း စနောက်ရန်ကို မမေ့သေးပေ။ 


" ဘာလုပ်နေတာလဲ ကျွန်မမှာ ယောက်ျားရှိတယ် "


ဟန်ချင်စုန့် :  " ! " 


လင်းလန် ဟန်ချင်စုန့်၏ လည်ပင်းအား သိုင်းဖက်လိုက်ကာ နူးနူးညံ့ညံ့လေးဖြင့် " ယောက်ျားရေ  ကျွန်မ ခေါင်းမူးနေတယ် " ဟူ၍ ပြောလေသည်။ 


ဟန်ချင်စုန့်က လင်းလန်ကို ကောက်ပွေ့လိုက်ကာ ရွာထဲသို့ ပြန်ခေါ်သွားပေးလေသည်။


........


ယနေ့မနက်က သူမ ခေါင်းမူးနေသော်လည်း အလုပ်ကိုသွားလိုက်သေးသည်

ဟန်ချင်စုန့်ကလည်း ဗျုရိုသို့ သွားရလေသည်။ စိုက်ပျိုးရာသီချိန် ပြီးသွားပြီဖြစ်သဖြင့် လုပ်စရာတော့ အများကြီးမရှိပါ။ နောင်အတွက် အလုပ်များကို ကြိုတင်ပြင်ဆင်ထားရုံသာ ရှိသဖြင့် အိမ်သို့ပြန်ကာ လင်းလန်အား လုပ်ခရအောင် ကူညီပေးမည်ဟု တွေးထားလေသည်။ 


ဗျူရိုမှ ၀န်ထမ်းများသည် ကျေးလက်သို့သွား၍ စိုက်ပျိုးရေးလုပ်ရမည်ကို ဂုဏ်ယူနေကြကာ ဘယ်သူကမှ ပျက်ကွက်ခွင့်အကြောင်း မပြောကြ။ 


ခေါင်းဆောင်များမှစကာ ၀န်ထမ်းများအဆုံး လက်ခံကြလေသည်။ 


ပြောရရင် အလုပ်မလုပ်ချင်သူသာ ရှိကာ အလုပ်လုပ်ချင်သူကတော့ ရှားတယ်မဟုတ်ပါလား။ 


ဟန်ချင်စုန့် အိမ်သို့ ပြန်ရောက်သည့်အခါ လင်းလန်က အိမ်တွင်မရှိ၍ မြက်ရိပ်သည့်စုဝေးရာနေရာသို့ လိုက်သွားခြင်းဖြစ်သည်။ 


တုန်ဟွိုင်ဟွက လင်းလန်သည် ရွာပြင်ရှိ အဖွဲ့အစည်းမှ ဖိတ်ခေါ်ထား၍ ညကြမှ ပြန်ရောက်လာလောက်သည်ဟု ဆိုသည်။ 


ဟန်ချင်စုန့် လိုက်သွားရန် ကြံစည်လိုက်သော်လည်း လင်းလန်သည် ပြန်လာနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမလမ်းလျှောက်နေပုံမှာ အမူးသမားတစ်ယောက်သကဲ့သို့ပင် ဖြစ်နေကာ ချွေးများလည်း စိုရွှဲနေလေသည်။ 


ဟန်ချင်စုန့် မျက်မှောင်ကြုံ့လိုက်မိကာ သူမလေးအား ပွေ့ချီလိုက်သည်။ သူ့ကိုရော မှတ်မိရဲ့လား ။ တစ်ခြားတစ်ယောက်လို့ ထင်နေတာများလား။ 


ထားလိုက်ပါတော့ ။ သူမက နေမကောင်းနေလို့ မျက်လုံးတွေလည်း ၀ါးနေတာနေမှာပါလေ ။ ခွင့်လွှတ်ပေးလိုက်တာပေါ့ ။ 


အဖျားရှိနေ၍ လင်းလန်၏ ခန္ဓာကိုယ်များမှာ ကိုက်ခဲနေ၍ ဟန်ချင်စုန့်၏ ရင်ခွင်ထဲတွင် ညည်းညူနေရလေသည်။ 


ဟန်ချင်စုန့် လင်းလန်၏ ကျောအားပွေ့ထားရင်း စမ်းကြည့်သည့်အခါ အင်္ကျီများသည် အေးစက်နေသော်လည်း ကျောပြင်ကတော့ ပူခြစ်နေလေသည်။စက်ဘီးမယူလာခဲ့မိသည်ကို ဟန်ချင်စုန့် နောင်တရမိသည် ။ 


အိမ်ပြန်လမ်းတွင် လူအများသည် သူတို့နှစ်ယောက်အား လိုက်ကြည့်နေကြသော်လည်း ဟန်ချင်စုန့်သည် မျက်နှာတစ်ချက်မပျက် ဂရုမစိုက်ဘဲ အိမ်သို့သာ ပြန်လာလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ လင်းလန်အား ခုတင်ပေါ်သို့ ချပေးလိုက်ကာ အ၀တ်များကို ချွတ်ပေးရန် ပြင်လိုက်သည်။ 


လင်းလန် လန့်သွားတော့သည် ။ " ဘာ ... ဘာလုပ်နေတာလဲ။ "


ဟန်ချင်စုန့် : " .....တစ်ကိုယ်လုံး ချွေးတွေရွှဲနေတော့ အ၀တ်တွေလဲပေးမလို့လေ "


လင်းလန် အ၀တ်များကို လျင်မြန်စွာ ချွတ်ပစ်လိုက်သည့်အခါ ဟန်ချင်စုန့်သည် သူမအား စောင်ခြုံပေးခဲ့ပြီးနောက် သူမ၏ အ၀တ်စိုများကို အခြောက်ခံလိုက်သည်။


ထို့နောက် " ကိုယ် ​​ဆေးမှုးကို သွားခေါ်လိုက်ဦးမယ် " ဟုဆိုကာ ဟန်ချင်စုန့်သည် ထွက်သွားမည်လုပ်လေသည်။ 


လင်းလန် : " မခေါ်နဲ့တော့ ခေါ်လည်း ဘာမှမထူးဘူး အအေးမိပြီး ဖျားရုံလေးပဲဟာ ချွေးထွက်သွားအောင် အန်နာဂျင် ( အဖျားကျဆေး ) လေးပဲ ပေး "


လင်းလန်သည် ဆေးက ဘာဖြစ်တယ် ညာဖြစ်တယ်ဟူ၍ ထပ်မပြောတော့ ။ 


ကျေးလက်များသည် ခေတ်နောက်ကျ၍ ဆေး၀ါးများ လုံလုံလောက်လောက်မရှိပါ။ ဖျားလျှင် အန်နာဂျင်သောက်ကြကာ အစာအိမ်နှင့် ရောင်ရမ်းကိုက်ခဲခြင်းများအတွက်ကို အောက်ဆီတက်ထရွာဆိုက်ကလင်းကိုသာ သုံးကြလေသည်။ 


အိုင်ဘူပရိုဖန်ပင် မရှိပေ။ 


[ Analgin - ရောင်ရမ်းကိုက်ခဲခြင်းများတွင်သုံး ၊ အဖျားကျရန်လည်း သုံးနိုင်


Oxytetracycline - အသက်ရှုလမ်းကြောင်း ၊ ဆီးလမ်းကြောင်း ၊ ကိုယ်တွင်းအင်္ဂါများနှင့် အရေပြား ပိုး၀င် ၊ ကူစက်ခြင်းများတွင်သုံးကြ ၊ ဘတ်တီးရီးယားပိုး၀င်ခြင်း ၊ မေးခိုင်ပိုး၀င်ခြင်းနှင့် ပိုး၀င်ကာ သွေးမလျှောက်တော့သည့်အနာများအတွက်လည်း အစားထိုးဆေးအဖြစ်သုံးနိုင်


ibuprofen - အကိုက်အခဲပျောက်ဆေး ] source fr. GG


ဟန်ချင်စုန့်သည် စိုးရိမ်နေသေးသဖြင့် ဆေးမှုးကို ခေါ်ပေးလေသည်။ 


ဆေးမှုးသည် လင်းလန်အား ဘာဖြစ်သလဲဆိုသည်ကို မေးရင်းဖြင့် သူမ၏ ကယ်တင်မှုအကြောင်းကို သိသွားကာ အရေးပေါ်အသက်ကယ်နည်းအကြောင်းကို ဆွေးနွေးရင်း လင်းလန်ကို ချီုးကျူးစကားပြော၏။


အဆုံးတွင် လင်းလန် ပြောခဲ့သည့်အတိုင်းပင် ဆိုလေသည်။


 " အဆင်ပြေပါတယ်၊ ချင်း (ဂျင်း)ပြုတ်ရည်လေးပဲ သောက်လိုက်ရင် ရပါပြီ ။ သေခြင်းရှင်ခြင်းဆိုတာ ဒွန်တွဲနေတာပဲလေ ၊ ကြွယ်၀ခြင်းနဲ့ ဂုဏ်ဆိုတာတွေကတော့ မိုးပေါ်မှာ...."

 

" ဟုတ်ကဲ့ပါ ပြန်ကြရအောင်" ဟန်ချင်စုန့် ဆေးမှုးအား ပြန်လိုက်ပို့ပေးလိုက်သည်။


ရွာမှ ဆေးမှုးများဆိုသည်ကား သာမန်ဆေးပညာအသိသာ ရှိကြသူများဖြစ်ကာ စာတတ်သူများဆိုသည်ထက် မပိုပေ။ ခရိုင်ဆေးရုံသို့ သွားကာ သင်တန်းတက်ပြီးနောက် ရွာသို့ပြန်လာကာ ခေါင်းကိုက်ဖျားနာ အစရှိသည့် ရောဂါများလောက်က်ိုသာ ကုနိုင်သူများ ဖြစ်သည်။ 


ဆရာ၀န်ဖြစ်ဖို့ရန်အတွက် စိတ်ရှည်ရန် လိုအပ်ပေသည်။ ရွာမှဆေးမှုးဆိုသူသည် တက်တက်ကြွကြွမရှိသော်လည်း ဒေါသထွက်လွယ်သူ မဟုတ်သည့်အတွက် ရွာမှ သူ့အားရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။ 


သို့သော်လည်း ထိုဆေးမှုးသည် တကယ်ကို တက်တက်ကြွကြွမရှိဘဲ အချိန်ဆွဲတတ်သူဖြစ်သဖြင့် သေရေးရှင်ရေးအခြေအနေများတွင်တောင် အီးလေးဆွဲနေသဖြင့် လူနာရှင်များကို စိုးရိမ်ရအောင် လုပ်တတ်လေသည်။ 


ဟန်ချင်စုန့်က ပြန်ရောက်သည့်အခါ မီးဖို၍ ရေနွေးအိုးတည်သည်။ အ၀တ်များကိုလည်း အ​ခြောက်ခံကာ ချင်းပြုတ်ရည်ကို ပြုတ်သည်။ ရေနွေးဆူသည့်အခါ ခပ်လိုက်ပြီး သဘက်ကိုထည့်စိမ်ကာ ရေညှစ်လိုက်ပြီး လင်းလန်အား ရေပတ်၀တ်တိုက်ပေးလေသည်။ 


လင်းလန်က ဇိမ်ခံနေလေသည်။ ဟန်ချင်စုန့်၏ လက်ဖ၀ါးကြီးများသည် နွေးနေ၍ သက်သောင့်သက်သာရှိလှသည်။ ကြမ်းနေသည့် လက်ဖ၀ါးများနှင့် လက်ထိပ်များကို ထည့်မတွက်ပါက တကယ်ကို ကောင်းမွန်သည့် ဇိမ်ခံရခြင်းပင် ဖြစ်၏။


ရေပတ်၀တ်တိုက်ပြီးသည့်အခါ ဟန်ချင်စုန့်သည် ချင်းပြုတ်ရည်ကို ယူလာကာ လင်းလန်အား သောက်စေ၏။


လင်းလန်က တစ်ငုံလောက်သောက်ပြီးသည်နှင့် ညည်းညူလိုက်သည်


" အရမ်းစပ်တာပဲ " 


ဟန်ချင်စုန့်က သကြားခဲသုံးခဲက်ိုယူလာပေးကာ သူမလေးအား ကျွေးလိုက်၏။


လင်းလန်က သကြားခဲအား စားလျက် ပြုံး၍ ပြောသည်။ " အေးမှပဲ သောက်တော့မယ် အခုက ပူသေးတယ် "


" ချင်းပြုတ်ရည်က ပူတုန်းသောက်ရတာ အေးသွားရင် အသုံးမ၀င်တော့ဘူး "


 ဟန်ချင်စုန့်က သရုပ်ပြဟန်ဖြင့် တစ်ငုံသောက်ပြ၏။ မပူတော့ကြောင်းကို သိစေချင်တာဖြစ်သည်။ 


Xxxxxxx

Part 364


လင်းလန် ဟန်ချင်စုန့်၏ နှုတ်ခမ်းများက ရဲနေသည်ကိုတွေ့သဖြင့် ပြန်၍ပြောမိသည်။


 " ရှင်မသိလို့ အရမ်းပူတာတွေက မစားသင့်ဘူး မဟုတ်ရင် အစာရေမျိုပြွန် ကင်ဆာဖြစ်လိမ့်မယ် "


ဟန်ချင်စုန့် : " အစာရေမျိုပြွန် ကင်ဆာ...."


လင်းလန် ပြုံးပြလိုက်သည်။ " အဲ့ဒါက ရောဂါတစ်မျိပဲ ဆေးရုံက ဒေါတ်တာပြောတာပဲ "


ဟန်ချင်စုန့်၏ မျက်၀န်းများမှာ နက်မှောင်လာသည်။ " ဒေါက်တာယန် ပြောတာလား "


" မဟုတ်ဘူး ဆရာ၀န်ကြီးလျိုပြောတာ " လင်းလန် ရယ်လေသည်။ "ရှင်က ကျွန်မကို ဒေါက်တာ ယန်ဖန်းဖန်းနဲ့ ဒေါက်တာကျွမ်းကိုပဲ သိတယ်ထင်နေတာလား "


စကားများဆိုနေပြီးနောက် ချင်းပြုတ်ရည်မှာ မပူတော့သော်လည်း လင်းလန် မသောက်ချင်။


ဟန်ချင်စုန့် လင်းလန်အားကြည့်ကာ သူ့ဘာသာပဲ တစ်ငုံငုံလိုက်ပြီး လင်းလန်၏ မေးကိုကိုင်ကာ နှုတ်ခမ်းချင်းတေ့၍ တိုက်လာသဖြင့် လင်းလန်မှာ ရုန်းချိန်မရလိုက်။ 


လင်းလန် : " ကလေး ဆန်မနေနဲ့...ကျွန်မဘာသာပဲ သောက်မယ် "


ထိုအခါမှ ဟန်ချင်စုန့် လင်းလန်အား အောင်မြင်စွာ တိုက်နိုင်လေသည်။ ပူတယ် စပ်တယ် ဘာမှမပြောနိုင်ဘဲ လင်းလန်မှာ တစ်ခါတည်းသောက်ပစ်လိုက်ရပြီး သကြားခဲများကို ချက်ချင်းငုံပစ်လိုက်ရသည်။ 


ဟန်ချင်စုန့်သည် လင်းလန်အား အိပ်ရာထဲတွင် လှဲစေကာ စောင်ခြုံပေး၍ သူမလက်ထဲမှ စာအုပ်ကိုလည်း သိမ်းသွားလေသည်။ " မဖတ်နဲ့တော့ "


လင်းလန် :  " ဒါဆိုလည်း ဖတ်ပြ "


ဟန်ချင်စုန့် စာဖတ်ပြသည်အား လင်းလန် နှစ်ခြိုက်သည်။ တည်တည်တံ့တံ့မျက်နှာဖြင့် သြရှရှအသံကို သုံးကာ သံနေသံထားမှန်မှန် ကာရံမိမိ ဖတ်ပြခြင်းမှာ အရမ်းကို နားထောင်၍ ကောင်း၍ဖြစ်သည်။ 


တစ်ခုတည်းသော ပြဿနာမှာ စာလုံးများ၏ အသံထွက်များသည် များစွာကွဲပြားနေခြင်းသာ ဖြစ်၏။


ဥပမာအားဖြင့် ဟန်ချင်စုန့်မှ ရွေးချယ်ခြင်းဟု ​ဖတ်ပြသည်ကို လင်းလန်သည် " မင်းက ငါ့ကိုရွေး... ငါက မင်းကိုရွေးမယ် ...ငါတို့ တစ်ယောက်ကို တစ်ယောက်ရွေးမယ် " ဟုတွေးမိကာ ရယ်လေသည်။ 


ဟန်ချင်စုန့် : " မရယ်နဲ့လေ "


လင်းလန်၏ ရဲနေသည့် ပါးလေးများ ၊ ပျင်းတိပျင်းတွဲ ကိုယ်နေဟန်ထားနှင့် မှေးစင်းနေသည့် မျက်၀န်းများကို ကြည့်ကာ ဟန်ချင်စုန့် တစ်မျိုးတစ်မည် ခံစားနေရပြီး အနေအထားမှာ ဒွိဟဖြစ်စရာပင်။ 


ညဘက်ရောက်နေပြီဖြစ်သဖြင့် သူမ၏ မျက်နှာလေးသည် လရောင်အောက်ရှိ ပန်းလေးတစ်ပွင့်နှယ် ဆွဲဆောင်မှုရှိလှသည်။ 


ဟန်ချင်စုန့် သူမအား ပွေ့ဖက်ကာ နမ်းရှုံ့ပစ်လိုက်ချင်သည်။ 


ခဏအကြာတွင် အခန်းပြင်မှ ကလေးများ၏ ခြေသံကို ကြားလိုက်ကြရသည်။ 


" မားမား မားမားက တော်လိုက်တာ "


လင်းလန် အ၀တ်များကို ပြန်၀တ်ကာ ဟန်မပျက်နေလိုက်ရပြီး ဟန်ချင်စုန့်အား သူမနဲ့ ဝေးမှောနေရန် မှာလိုက်သည်။ သို့မှသာ ကလေးများ ဘာမှမပြောကြတော့မှာပင် ။ 


စန်း၀မ်က အရင်ဆုံး ပြေး၀င်လာသည်။ "  မားမား သူများရေထဲပြုတ်ကျသွားတာကို ဘာလို့ ဆင်းကယ်တာလဲ ဘာလို့ သားကိုခေါ်ပြီး မကယ်ခိုင်းတာလဲ သား..."


ဟန်ချင်စုန့်က စန်း၀မ်အား အနောက်သို့ ပြန်ဆွဲကာ လင်းလန်ကို ထပ်အအေးမိအောင် မလုပ်နဲ့ဟု ဆိုရင်း လင်းလန်အား စောင်ပြန်ခြုံပေးသည်။ 


ကလေးများသည် လင်းလန်က ရေနစ်သည့် အမျိုးသမီးတစ်ယောက်အား ကယ်လိုက်သည်ဆိုသည်အား အလွန်အမင်း အံ့သြနေကြလေသည်။ 


လင်းလန် : " မားမား ဆင်းကယ်တာ မဟုတ်ပါဘူး ရေနစ်နေလို့ သတိမေ့နေတာကို သတိပြန်ရအောင်ပဲ လုပ်ပေးလိုက်တာ "


ဆေးမှုးမှ ထိုကိစ္စအား အားလုံးသိအောင် ဖြန့်ပစ်လိုက်မည်ဟု လင်းလန် မမျှော်လင့်ထားခဲ့ ။ ဆေးကုတာကတော့ သာမန်ပဲဆိုပေမယ့် ပါးစပ်ဖွာတာကတော့ သာမန်မဟုတ်တဲ့ပုံပဲ။ 


ဆေးမှုးသာ ၀ါဒဖြန့်တဲ့ အသင်းထဲ၀င်လိုက်ရင် ကွတ်တိပဲနေမှာဟု လင်းလန်တွေးမိသည်။ 


ရှောင်၀မ်က အရပ်ပုသေးသဖြင့် ခုတင်ပေါ်သို့ မတက်နိုင်သေးသဖြင့် ခုန်ဆွခုန်ဆွလုပ်နေ၍ တ၀မ် ချီ၍ ခုတင်ပေါ် တင်ပေးလိုက်ရသည်။ 


ရှောင်၀မ် ဖိနပ်များကို ချွတ်ပစ်လိုက်ကာ လင်းလန်ဘေးသို့သွား၍ နဖူးကို သူ့လက်လေးများဖြင့် ကိုင်၍ စမ်းကြည့်နေလေ၏။ 


လင်းလန် တားလိုက်ရသည်။ " အဖျားကူးမယ် " 


မိုင်စွေ့က လက်ကိုင်ပု၀ါလေးထုတ်ကာ လင်းလန်၏ မျပ်နှာအား ဖွဖွ သုတ်ပေးလေသည်။ 


အား၀မ် : " မားမားကမှ ရွာထဲကဆေးမှုးထက် တော်ဦးမယ် သူဆိုရင် ရေနွေးများများသောက် ခြေထောက်ကို ရေစိမ်ဆိုတာနဲ့ သေခြင်းနဲ့ ရှင်ခြင်းက ဒွန်တွဲနေတာ ဘာညာပဲ ပြောနေမှာ "


အားလုံး ရယ်လိုက်ကြမိသည်။ 


စန်း၀မ်က ထိုဟာသအား စိတ်မ၀င်စား ။ " အသက်ရှုပေးတယ်ဆိုတာက ဘာလဲ မားမား ဘယ်လိုသိတာလဲ "


ဆေးမှုးသည် ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြန်ပြောပြကာ လျှိုချွန်းချိုက်ကလည်း စပ်စုမေးမြန်းရင်း သရုပ်ပါဖော်ပြသည်ကို စန်း၀မ်သည် စိတ်ပါ၀င်စားစွာကြည့်နေခဲ့ကာ အဲ့လိုလုပ်တာက ဘယ်လိုလုပ်ပြီး အသက်ကယ်နိုင်တာလဲဟု တွေးနေခဲ့တာ ဖြစ်လေသည်။ 


အဖေ အဲ့လိုလုပ်ရတာကို ကြိုက်နေတာ မထူးဆန်းတော့ဘူး ။ မားမားကို အသက်ကယ်ပေးနေတာကိုး ။ 


စန်း၀မ် ရှောင်၀မ်အား ခုတင်ပေါ်တွင် လှဲချစေလိုက်ကာ အရေးပေါ် အသက်ကယ်နည်းဖြစ်သည့် နှုတ်ခမ်းချင်းတေ့ကာ လေမှုတ်ပေးခြင်းကို လုပ်ပြနေသဖြင့် ဟန်ချင်စုန့် စန်း၀မ်ကို ဆွဲမကာ ဖယ်ပစ်လိုက်ရသည်။ 


ရှောင်၀မ် : " ဘာတွေ စားထားတာလဲ ခါးလိုက်တာ "


စန်း၀မ်သည် အခြားကလေးများနှင့် ပြိုင်ကာ ပြာမှုန့်များ ၊ စမှုန်စပါး နှင့် ငရုတ်သီးများကို အစားပြိုင်ခဲ့တာ ဖြစ်သည်။ စန်း၀မ်က အခြားသူများထက် ပို၍ သတ္တိရှိကြောင်းကို ပြချင်ကာ အရှုံးမပေးချင်သဖြင့် အကုန်စားခဲ့တာဖြစ်သည်။ 


လင်းလန် ရယ်လိုက်မိသည် ။ " အဲ့ဒါကို အသက်ရှုနိုင်အောင် ကူညီပေးတာလို့ ခေါ်တယ် လိုက်မလုပ်ကြနဲ့ "


စန်း၀မ် : " ၀ိုးးးးး " စန်း၀မ်က ရှောင်၀မ်အား ထပ်လှဲချကာ ခုနကလို ထပ်လုပ်မည်လုပ်သည့်အခါ ရှောင်၀မ်သည် ထွက်ပြေးကာ အ​​ဖေဖြစ်သူနောက်သို့ ၀င်ပုန်းလေသည်။ 


ကလေးများသည် လင်းလန် ထိုအရာအား ဘယ်မှာ သင်ခဲ့ရတာလဲဆိုသည်ကို သိချင်နေကြလေသည်။ 


လင်းလန်လည်း အဖြေကို စဥ်းစားထားပြီးပြီဖြစ်သည်။ 


လင်းလန် : " ဆေးရုံမှာ သင်ခဲ့တာပေါ့ ဆေးမှုးရေးထားတဲ့ စာအုပ်ကိုရော မဖတ်ဖူးဘူးလား အဲ့ထဲမှာ ပါတယ်လေ "


မိုင်စွေ့က စာအုပ်ကိုယူချင်သော်လည်း တ၀မ်သည် စာအုပ်အားယူကာ ခုတင်ပေါ်သို့ ပစ်တင်လိုက်လေသည်။ 


စန်း၀မ် ကောက်ယူကာ ဖွင့်ဖတ်မည် အလုပ်တွင် ဟန်ချင်စုန့်က လက်ဖြန့်ကာ " ဒီကိုယူခဲ့ " ဟုတောင်းလေသည်။ 


စန်း၀မ် နာနာခံခံဖြင့် အဖေဖြစ်သူ၏ လက်ထဲသို့ ထည့်ပေးလိုက်ရသည်။


ဟန်ချင်စုန့် ထိုစာအုပ်အား ယခင်ကဖတ်ဖူးသည်။ အရေးပေါ်အသက်ကယ်နည်း လမ်းညွှန်သည် တကယ်ပါတာဖြစ်သည်။ သို့သော် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ဆိုင်သည့် ရုပ်ပုံများလည်းပါကာ တစ်ချို့ပုံများသည် ဒဲ့တိုးဆန်လွန်း၍ ကလေးများအား မကြည့်စေချင်သဖြင့် ပြတင်းပေါက်ဘောင်နားမှ ၀ါးညှပ်လေးကို ယူကာ ထိုစာရွက်များအား ညှပ်ထားလိုက်သည်။ ပြီးမှ အား၀မ်ကိုပေးကာ 


" ညှပ်ထားတဲ့ အပိုင်းကို မကြည့်ရဘူး " 


လင်းလန် : ....သူတို့ကို ပိုသိချင်အောင် လုပ်လိုက်ပြီးတော့မှလေ ။ 


အဟုတ်ကိုပင် ၊ ကလေးများသည် ၀ါးညှပ်ဖြင့် ညှပ်ထားသည့် အပိုင်းကို ကြည့်ကာ မျက်လုံးအရောင်များ တောက်လာကြတော့သည်။ 


လင်းလန် အမြန်ရှင်းပြလိုက်ရသည်။


 " အဲ့ဒါတွေက နောက်ကျရင် ကြည့်ရမှာပဲလေ ကြိုမကြည့်ချင်ကြနဲ့ "


Xxxxxxx