အပိုင်း ၃၆၅-၃၆၆
Viewers 21k

Part 365


ကလေးများသည် နာခံကာ မကြည့်ချင်ကြတော့သော်ငြား ထိုအထဲတွင် စန်း၀မ်မပါ။ 


လင်းလန်က ကလေးများ သိချင်နေကြသည်ကို သိ၍ သေချာလေး သင်ပေးလိုက်သည်။ ဘယ်အချက်များက အရေးပါကာ ဘယ်လို လေမှုတ်ပေးရမယ် ၊ ရင်ဘတ်ကို ဘယ်လိုဖိရမယ် အစရှိသည်များကို သေချာသင်ပေးရင်း သတိပြုရမည်များကိုပါ မှာလိုက်သည်။ လူ့အသက်ကယ်ရန်ဖြစ်သည့်အတွက် ဆော့စရာမဟုတ်ပါ ။ အခြားသူများထင်သလို နမ်းရှုံ့ရုံသာမဟုတ်ပဲ အရေးကြီးသည့်အရာဖြစ်သည်။ 


လင်းလန်၏ ရှင်းပြမှုကြောင့် ကလေးများသည် ယင်း၏ အရေးပါမှုကို သဘောပေါက်သွားကာ သေချာသင်ယူကြလေသည်။ စန်း၀မ်သည်လည်း အသေအချာ သင်ယူလေသည်။ 


လင်းလန် အိပ်ခါနီးတွင် ဟန်ချင်စုန့်က မေးခွန်းထုတ်လာသည်။ 


" ဘယ်သူ့ဆီကနေ သင်ထားတာလဲ။ "


လင်းလန် ယခင်ဘ၀မှ အတန်းဖော်များထဲမှ စာကြမ်းပိုးတစ်ယောက်ကို ပြန်အမှတ်ရသွားမိသည်။ " ဒေါက်တာတစ်ယောက်ဆီက " 


ယခင်ဘ၀တုန်းက တက္ကသိုလ် တက်နေစဥ်တွင် လင်းလန် သင်ယူထားခဲ့တာ ဖြစ်ပြီး သူမအား သင်ပေးသူမှာ အရပ်ရှည်ကာ ချောမောသည့် ဆရာ၀န်တစ်ယောက်ဖြစ်၍ ကျောင်းသူများ အသေအချာ လိုက်သင်ကြလေသည်။ လင်းလန်သည် လူနာအဖြစ် သရုပ်ဆောင်ပြရကာ တကယ်မထိတွေ့ခဲ့ရသော်လည်း သေချာလေး သင်ပြပေးခဲ့တာဖြစ်သည်။ နောက်ပိုင်း လေ့ကျင့်ကြိမ်များလာသည့်အခါ လုပ်ငန်းစဥ်များသည် တိကျလွန်းသဖြင့် ရုပ်သံလိုင်းများတွင်တောင် ပြသခြင်းခံခဲ့ရလေသည်။ 


တကယ်က အရမ်းကြာနေပြီဖြစ်၍ သူမလည်း သေချာမမှတ်မိတော့ပေ။ ထိုဆရာ၀န်သည် ခြေတံရှည်များဖြင့် ရုပ်ချောအသံကောင်းသူ ဖြစ်သည်ကိုသာ ရေးတေးတေး မှတ်မိတော့သည်။


ဒါပေါ့ ၊ ဟန်ချင်စုန့်လောက်တော့ မချောဘူးပေါ့။ 


လင်းလန် လှည့်ကာ ဟန်ချင်စုန့်၏ ရင်ခွင်ထဲသို့ ၀င်၍ မေးစေ့အား ခပ်ဖွဖွ နမ်းလိုက်ပြီးနောက် အိပ်လိုက်တော့သည်။ 


ဟန်ချင်စုန့်က လင်းလန်အား ပြန်ဖက်ကာ နဖူးအား ဖိနမ်းလေသည်။ ထိုအခါမှသာ အဖျားကျသွားပြီကို သိသွား၍ စိတ်သက်သာရာရသွားတော့သည်။ 


နောက်တစ်နေ့တွင် လင်းလန်မှ ရေနစ်နေသည့် အမျိုးသမီးအား ရဲ၀ံ့စွာ ကယ်တင်ပေးခဲ့သည့် သတင်းသည် တစ်ရွာလုံးပြန့်နေပြီဖြစ်သည်။ 


အကယ်ခံလိုက်ရသည့် အမျိုးသမီးသည် သူမတို့ရွာမှ အမျိုးသမီးခေါင်းဆောင်နှင့် ခင်ပွန်းဖြစ်သူကို ခေါ်ကာ ရှန်ရွေ့ရွာသို့ လာ၍ ကယ်တင်ရှင်အား ကျေးဇူးတင်ရန် ဟုဆိုကာ ရောက်လာလေသည်။ 


သူမအား ကယ်တင်၍ တစ်ဖက်လူသည် ဖျားနာသွားပြီး သူမကတော့ အကောင်းကြီးရှိနေသဖြင့် အားနာသည်ဟုဆိုကာ မျက်ရည်များနှာချေးများထွက်သည်အထိ ငိုနေလေသည်။ 


လင်းလန်က အခြားသူများအား အဖျားကူးမည် စိုးသည်ဟုပြောကာ အလိမ္မာဖြင့် ပထုတ်ရတော့သည်။ 


အမျိုးသမီးကြီးသည် မကျေနပ်သေးဟန်ဖြင့် " ဒါဆိုလည်း နေကောင်းသွားမှ ထပ်လာတွေ့မယ်နော် " ဟုဆိုလေသည်။ လင်းလန်က လက်မခံချင်သော်လည်း အမျိုးသမီးသည် ကျေးဇူးတင်လွန်း၍ဟုဆိုကာ ကြက်ဥသုံးဆယ်ကျော်ကျော်ကို ပေးသွားလေသည်။ 


ဤသို့ဖြင့် ကောင်လေးဟူသည့် ဟာသအစား အရေးပေါ် အသက်ကယ်နည်းက အစားထိုးသွားကာ ကလေးများကြား ရေပန်းစားနေလေသည်။ ကလေးများသည် ထိုသည်ကို အလွန်မိုက်သည်ဟု ထင်နေကြခြင်းဖြစ်သည်။ 


ဟန်ချင်စုန့်၏ ဂရုစိုက်မှုအောက်တွင် လင်းလန်သည် လေးရက် ငါးရက်ကြာပြီးနောက် သက်သာသွား၏။


ဖျားနာနေစဥ်တွင်း လင်းလန်သည် အိမ်တွင် အ၀တ်များချုပ်လေသည်။ 


အိမ်မှာ အပ်ချုပ်စက်တစ်လုံးရှိတာလည်း ကောင်းတာပဲ။ 


ရှောင်၀မ်လည်း အစ်ကိုတွေရဲ့ အင်္ကျီတွေကိုပဲ ၀တ်နေလို့မှ မဖြစ်တာ။ စန်း၀မ်ရဲ့ အ၀တ်များသည်လည်း ကြာနေပြီဖြစ်၍ ရိနေကာ ပြဲချင်နေပြီဖြစ်သည် ရှောင်၀မ်အား မ၀တ်စေချင်တော့၍ အသစ်နှစ်ထည် ချုပ်ပေးလိုက်သည်။


ကလေးများသည် မေလပိုင်းလောက်အထိ အနွေးထည်များ ၀တ်ကြရဦးမည်ဖြစ်သဖြင့် လင်းလန် ကြိုးတပ် အတွင်းအင်္ကျီများကိုပါ ချုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုမှသာ အတွင်းမှ ၀တ်ထားလျှင် နွေးနေပေလိမ့်မည်။ 


လင်းလန် အလုပ်ရှုပ်နေစဥ်တွင် ဟန်ချင်းဖျင်သည် ရောက်လာ၏။ 


လင်းလန် ဧည့်၀တ်ပြုလိုက်သည်။ " ဆရာကြီး ဘာကိစ္စရှိလို့ ရောက်လာတာပါလဲရှင့်  "


ဟန်ချင်းဖျင်က ပြုံးကာ " အိမ်ကို အလည်လာရုံပါ " 


ဆရာကြီး၏ အိမ်အလည်လာရုံဟူသည့် အဖြေကိုကြားသည့်အခါ လင်းလန် စိတ်ပူလာမိသည်။ တ၀မ်က ပြဿနာရှာပြန်ပြီးလား ၊ ဒါမှမဟုတ် စန်း၀မ်များ မဟုတ်တာတွေ လုပ်နေလို့လား။ 


အခြားကလေးသုံးဦးကိုတော့ လင်းလန် လုံး၀စိတ်မပူပေ။ 


တ၀မ်နှင့် စန်း၀မ်ရှာသည့် ပြဿနာများကတော့ မနည်းပေ ။ ကလေးများသာရှိကြသေးသဖြင့် တစ်နေ့တည်းနှင့်တော့ ပြဿနာမရှာကြတော့ရန် သွန်သင်ဆုံးမ၍ ရမည်မဟုတ်ပေ။ 


တ၀မ်သည် ယခုအခါ ကျောင်းသားဆိုးများနှင့် မပေါင်းတော့ဘဲ အတန်းထဲ၌ စာသေချာလိုက်နားထောင်သည်ဆိုသော်ငြား စာတော်လာသည်မဟုတ်ပေ။ တ့၀မ်သည် စာသင်ရခြင်းအမှုအား လုံး၀စိတ်မ၀င်စားဘဲ အတန်းထဲ၌ ထိုင်ကာ သင်ခန်းစာများ နားထောင်ခြင်းသည် ပြိိးမြောက်အောင်ဆောင်ရွက်ရမည့် တာ၀န်တစ်ခုသဖွယ် သဘောထားနေတာဖြစ်သည်။ 


ဘယ်လိုပဲဆိုဆို ဘယ်လောက်ပဲသင်သင် အများဆုံးမှတ်နိုင်သည်က တစ်၀က်လောက်ထိသာရှိလေသည်။ 


လင်းလန်လည်း တ၀မ်အား အတင်းအကြပ်စာလုပ်ရန် မတိုက်တွန်း ။ အခြေခံစာလုံးများကိုတော့ သေချာသ်ိအောင်လုပ်စေကာ ရေးတက်ဖတ်တက်ရုံလောက်ဆိုလျှင်လည်း ဖြစ်ပေသည်။ 


စန်း၀မ်လည်း ထိုနည်း၄င်းပင် ။ 


တ၀မ်ရော စန်း၀မ်ပါ အနည်းငယ်သာ စာလိုက်နိုင်ကြလေသည်။ 


စန်း၀မ်သည် အတန်းထဲတွင် လိမ္မာသည့်ကလေးတစ်ယောက်နှယ် ထိုင်နေနိုင်သော်လည်း သူ့အတွေးများက ဘယ်ရောက်နေသည်ကို မသိနိုင်ချေ။ 


ဆရာဖြစ်သူက ဆယ်ကြောင်းသင်ပေးလိုက်လျှင် သူက တစ်ကြောင်းတောင် မှန်အောင်မမှတ်နိုင်။ 


တ၀မ်သည် တစ်၀က်လောက်ထိမှတ်နိုင်သော်လည်း စန်း၀မ်ကတော့ ဆယ်ပုံတစ်ပုံပင် မသေချာ။ 


တစ်ခြားမိသားစုမှာသာဆို ထိုသို့ဖြစ်နေပါက ကျောင်းထုတ်ပြီး အလုပ်လုပ်ရန် ခိုင်းစေခြင်းခံနေရလောက်ပြီဖြစ်သည်။ 


ယဥ်ကျေးမှုတော်လှန်ရေးပြီးပြီးနောက် နှစ်အနည်းငယ်ကြာလျှင်တော့ ကောလိပ်၀င်ခွင့်စာမေးပွဲများလည်း ပြန်စလောက်သည် မြို့နေအလုပ်များလည်း တွင်ကျယ်လာလောက်ပြီး ကိုယ်ပိုင်၀န်ထမ်းများ ခန့်အပ်ခြင်းများလည်း ရှိလာလောက်၍ လူငယ်များအတွက် အခွင့်အရေးများစွာ ပေါ်လာလောက်သည်ဟု လင်းလန်ထင်မိသည်။ အရွယ်ရောက်လာရင် လူ့အသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်အောင်လုပ်ရမည်ဖြစ်သည်။ အကယ်၍ ပညာမတတ်ထားဘူးဆိုပါက ထိုသို့လုပ်ရန် ခဲယဥ်းသွားပေလိမ့်မည်။ 


လင်းလန် ကလေးများအား ကောင်းမွန်သည့်အနာဂတ်များ ရှိစေချင်သည်။ တစ်ယောက်ချင်းစီသည် ကိုယ့်လမ်းကိုယ်သွားကြရမှာဖြစ်သော်ငြား မိဘများအနေဖြင့် သားသမီးများအတွက် တတ်နိုင်သရွေ့တော့ လုပ်ပေးလိုသူများသာ ဖြစ်ကြလေသည်။ 


ထိုသည်က အတွေးများသာဖြစ်သည်

 လင်းလန် ဟန်ချင်းဖျင်အား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ကာ ဧည့်ခန်းထဲတွင် ထိုင်စေလိုက်သည်။  


အေးနေသော်လည်း လင်းလန်က အိမ်ရှိပြတင်းပေါက်များကို ဖွင့်ထား၏။ ဆရာကြီးအတွက် ရေနွေးပူပူလေးတစ်ခွက် ငှဲ့ပေးလိုက်ကာ ဆီးချိုသီးနှစ်လုံးကို ထည့်ပေး၍ သကြားတစ်ဇွန်းပါ ထည့်၍ ဖျော်ပေးလိုက်သည်။ 


Xxxxxxx

Part 366


ဆရာကြီးအား ဒေါသအများကြီးမထွက်စေရန် ဦးစွာအချိုကျွေးထားရပေမည်။ 


ဟန်ချင်းဖျင် သောက်ကြည့်လိုက်သည့်အခါ ချိုချိုနွေးနွေးလေးဖြစ်သည်မို့ သဘောကျသွားတော့သည်။ " ခေါင်းဆောင်ဟန်က ကလေးတွေရဲ့ ပညာရေးကို စိတ်မ၀င်စားတော့ ကျွန်တော်လည်း ဒီကိုပဲလာလိုက်ရတာပါဗျာ "


လင်းလန် အလိုက်သင့်ရယ်ကာ " ဆရာကြီး ပြောချင်တာရှိရင် အားမနာပါနဲ့ " ဟုဆိုလိုက်သည်။ တကယ်တော့ လင်းလန်မှာ ရင်တမမဖြစ်မနေချင်၍ ဆရာကြီးအား တစ်ခါတည်း ထုတ်ပြောလိုက်စေချင်နေတာဖြစ်သည်။ 


" ဟုတ်ပါပြီဗျာ ၊ မိုင်စွေ့နဲ့ အား၀မ်က တော်တော်လေး တော်ကြတော့ သူတို့ကို အတန်းကျော်တက်စေချင်လားလို့ မေးချင်လို့ပါ " ဟန်ချင်းဖျင်သည် နောက်တစ်ငုံသောက်လိုက်ကာ သူ့ရဲ့ ဂုဏ်ယူစရာကျောင်းသားနှစ်ယောက်အကြောင်းကို ပြောလေသည်။ ဒီသကြားရေနွေးက တကယ်ကိုပဲ သောက်လို့ကောင်းလိုက်တာ။ စိတ်ရောကိုယ်ပါ လန်းဆန်းသွားတာပဲ။ 


လင်းလန်၏ စိုးရိမ်နေစိတ်မှာ ၀မ်းသာနေသည့်စိတ်အဖြစ်သို့ ပြောင်းသွားကာ နှစ်လိုအားရ ပြုံး၍ " အဆင်ပြေပါ့မလား ဆရာကြီးရယ်...သူတို့ စာတွေလိုက်နိုင်ကြပါ့မလား " ဟုဆိုမိသည်။ 


ဟန်ချင်းဖျင် : " ပြေပါတယ် ကျွန်တော် သူတို့ကို ဒုတိယတန်းက သင်ခန်းစာတွေကို နားထောင်ခိုင်းကြည့်တော့ နားလည်ကြတယ်လေ ဒီလိုပဲ လုပ်လိုက်ပါတော့ဗျာ အခုကို ဒုတိယတန်းကို ပြောင်းပေးလိုက်ပြီး နွေရာသီရောက်ရင် တတိယတန်းကို တက်ခိုင်းလိုက်တာပေါ့ဗျာ "


ယခုသင်နေသည့် တရုတ်စာပေများသည် လက်ရေးလှကျင့်ခြင်း ၊ စာပိုဒ်များ ဖွဲ့ခြင်း နှင့် တော်လှန်ရေးစာပေများကို မှတ်သားနေရုံသာမို့ ထိုကလေးနှစ်ယောက်အတွက် လွယ်ကူလွန်းပေသည်။ 


သင်္ချာသည်လည်း အတော်လေး ရိုးရှင်းလေသည်။ 


ထိုသည်ကလည်း ဟန်ချင်းဖျင်ကြောင့်သာ ။ အခြားသူများကဲ့သို့ ညီမျှခြင်းများအား အလွတ်မကျက်စေဘဲ နားလည်အောင် ရှင်းပြကာ မှတ်သားစေသည့် သင်ကြားမှုကြောင့်ဖြစ်၏။ 


" ဆရာကြီးက အဆင်​ပြေတယ်ဆိုမှတော့ ကျွန်မလည်း ဘာမှပြောစရာမရှိတော့ပါဘူးရှင် " ဒါပေါ့  ၊ စိတ်ထဲတွင်တော့ လင်းလန် အလွန်ပျော်နေမိသည်။ 


ဒီလိုဆို ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်စသည်နှင့် ထိုနှစ်ယောက်သည် တစ်ခါတည်းဖြေခွင့်ရသွားကြပေလိမ့်မည်။ မတော်၍ ကျခဲ့လျှင်တောင် ငယ်ရွယ်သေးသဖြင့် နောက်နှစ်တွင် ပြန်ဖြေနိုင်သေးပေသည်။


လိမ္မာသည့် ကလေးများအကြောင်း ဆွေးနွေးနေကြရသည်ဖြစ်၍ လင်းလန်နှင့် ဟန်ချင်းဖျင်တို့မှာ ပျော်ရွှင်စွာ ပြောဆိုနေကြလေသည်။ 


ခဏအကြာတွင် ကလေးနှစ်ယောက်အကြောင်းမှ ရှောင်၀မ်၏ အကြောင်းလည်း ပါလာလေသည်။ 


ဟန်ချင်းဖျင် : " ရှောင်၀မ်ကလည်း တော်တာပဲ ဒါပေမယ့် သူက ဂီတနဲ့ အနုပညာကို ပိုစိတ်၀င်စားတာ သိသာတယ် " 


တစ်ခြားအရာများကတော့ သာမန်သာဖြစ်သည်။


လင်းလန်လည်း အလွန်အမင်း ၀မ်းသာနေလေသည်။ 


ထိုအရာများအား သေချာမသိသဖြင့် ဟန်ချင်းဖျင် ဘာမှတော့ မဝေဖန်မိ ။ ဘာပဲဖြစ်ဖြစ် ရှောင်၀မ်က ငယ်ငယ်လေးပဲ ရှိသေးတာလေ ။ 


သူ တ၀မ်နှင့် စန်း၀မ်၏ အကြောင်းများကိုလည်း ဆွေးနွေးချင်သေးသည်။ 


ထိုအချိန်တွင်တော့ လင်းလန်မှာ ခေါင်းငုံ့ကာသာ နားထောင်နိုင်လေသည်။


 " ဆရာကြီး ပြောတာမှန်ပါတယ်။ ကလေးတွေ မလိမ္မာရင် ဆရာကြိိး စိတ်တိုင်းကျ ဆုံးမအပြစ်ပေးနိုင်ပါတယ် "


ဟန်ချင်းဖျင် : " လင်းလန် ဆရာပြောပြမယ် ကလေးတွေကို ရိုက်တာက အဖြေမဟုတ်ဘူး သူတို့က စာကျက်ရတာကို သဘောမကျမှတော့ ရိုက်နေလည်း ဘာထူးမှာလဲ ဘာပဲဖြစ်ဖြစ် အား၀မ်နဲ့ မိုင်စွေ့ရှိနေမှတော့ သူတို့ကိုပဲ မိသားစုဂုဏ်ကို ဆောင်ခိုင်းလိုက်ပါ ကျန်တဲ့ကလေးတွေကိုတော့ စိုးရိမ်တာလေး လျှော့လိုက်ပေါ့ "


ယခုခေတ်မှ လူများအတွက် အိမ်၌ အထောက်အပံ့ပေးရန် ကျောင်းသားတစ်ယောက် ရှိလျှင်လုံလောက်​နေပြီဖြစ်လေသည်။ အားလုံးကို ထောက်ပံ့ပေးနေစရာမလိုဟု တွေးကြတာဖြစ်သည်။


ပြောရရင် ကျောင်းထားရတာက စျေးကြီးလွန်းပြိိး လွယ်လည်းမလွယ် ။ အသက်ကြီးလာပါက ဘေးတွင် ပြုစုစောင့်ရှောက်ပေးမည့် သားသမီးလည်း ရှိရဦးမည်မဟုတ်ပါလား။ 


လင်းလန်ကတော့ သူမအတွေးနှင့်သူမ ရှိပါသည်။ သူမကလေးများ၏ အနာဂတ်လမ်းဖြစ်သည့်အတွက် သူမကတော့ အတွေးမတူပါ။ 


" ဆရာကြီး သူတို့ကို မူလတန်းပြီးအောင်တော့ တက်ခိုင်းလိုက်ပါ " ထိုမျှလောက် သင်ယူပြီးလျှင်တော့ အခြေခံစာလုံးများကို သိနေပြီဖြစ်၍ စာအုပ်များ ၊ သတင်းစာများကိုတော့ ကိုယ့်ဘာသာ ဖတ်နိုင်လောက်နေပြီဖြစ်ကာ ကျန်သည်ကိုတော့ သူတို့အားသန်ရာအတိုင်း ပံ့ပိုးပေးမည်ဟု လင်းလန်တွေးထားသည်။ 


လင်းလန်၏ စိတ်အားထက်သန်နေမှုကြောင့် ဟန်ချင်းဖျင် ထပ်မံ၍ မဖြောင်းဖြတော့ဘဲ လက်လျှော့လိုက်သည်။ 


ဟန်ချင်းဖျင်က လင်းလန်အား ကြင်ကြင်နာနာပဲ ပြောဆိုကာ ပြုံးပြလေသည်။ 


" တကယ်တော့ တ၀မ်နဲ့ စန်း၀မ်က လိမ္မာကြပါတယ် စာထဲစိတ်မ၀င်စားကြရုံပါ တ၀မ်က ဘာမှဂရုမစိုက်သလို နေနေပေမယ့် တစ်ခြားကလေးတွေကိုလည်း အနိုင်မကျင့်ဘူး အတန်းဖော်တွေကလည်း သူ့ကိုသဘောကျကြပါတယ် အကူအညီလိုအပ်ရင် သူ့ပဲ သွားရှာကြတာလေ တ၀မ်ကလည်း ကူညီပေးတယ်လေ စန်း၀မ်ကတော့ အဆော့မက်တဲ့ကလေးတစ်ယောက် ဆိုပေမယ့် စိတ်ထားလေးတော့ ကောင်းရှာပါတယ် စာတော်တဲ့ ကောင်မလေးတွေကို စနောက်ရတာကို သဘောကျတာကလွဲရင် တစ်ခြားသူတွေကို အနိုင်ကျင့်တာမျိုးလည်း မရှိဘဲ အမှားလုပ်ရင်လည်း ချက်ချင်းတောင်းပန်တတ်တဲ့ကလေးပါ ကျောင်းလုပ်ငန်းတွေဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ပေးပြီး မိန်းကလေးတွေကို ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေကို မလုပ်ခိုင်းဘူး သူ့အတန်းဖော်တွေကလည်း စန်း၀မ်ကို သဘောကျကြပါတယ် "


သူက တက်ကြွလွန်းနေလို့ ကိုယ့်ကိုယ်ကို မထိန်းနိုင်ရုံလေးပါ ။ နည်းနည်းလောက် ကြွား၀ါပြချင်တာလည်း ပါမှာပေါ့လေ ။ 


ဟန်ချင်းဖျင် : " ကလေးက နည်းနည်းလေး အဆော့သန်တော့ တော်ရုံဆို ထိန်းဖို့တော့ မလွယ်ဘူးပေါ့ တစ်ခြားကလေးတွေက ပြာတွေမစားရဲဘူးဆိုတော့ စန်း၀မ်က ချက်ချင်းပဲ ကောက်စားပြတယ်တဲ့လေ "


လင်းလန် : " ........ " တစ်ခြားကလေးတွေက အဆိပ်မသောက်ရဲဘူးပြောရင်ရော သောက်ပြဦးမှာလား ၊ ဒီကလေးနဲ့တော့ ။ မဖြစ်တော့ဘူး ၊ သူ့အဖေကို ပြောပြီး သေချာဆုံးမခိုင်းမှ ရတော့မယ်။ 


လင်းလန်လည်း စိုးရိမ်ကာ သောကရောက်နေရတော့သည်။ 


ဟန်ချင်းဖျင်က လင်းလန်အား အကြံပေးပြန်သည်။ ဒေါသထွက်ပြီး ကလေးကို မဆူရန် ၊ အချိန်ပေးပြီး ဆုံးမရန် အစရှိသဖြင့်ပင်။ 


" ညကြမှ ကလေးတွေအဖေနဲ့ တိုင်ပင်ကြည့်လိုက်ပါဦးမယ် " ဟူ၍ လင်းလန်ကဆိုသည်။ 


" ကောင်းပြီဗျာ ဒါဆို ကျွန်တော်ပြန်ဦးမယ် " ကျောင်းအုပ်သည် ရေနွေးကြမ်းအား ကုန်အောင်သောက်ကာ ဆီးချိုသီးနှစ်လုံးကိုပါ စားလိုက်ပြီးမှ လင်းလန်အား နှုတ်ဆက်၍ ပြန်လေသည်။ 


လင်းလန်လည်း အိမ်ပြင်ထိ လိုက်ပို့ပေးလိုက်သည်။ 


ကလေးများက ညနေ သုံးနာရီကျော်မှသာ ပြန်လာကြပြီး မိုင်စွေ့နှင့် အား၀မ်က ဦးစွာရောက်လာကြသည်။ 


Xxxxxxxx