အပိုင်း ၃၇၁-၃၇၂
Viewers 21k

Part 371


ခဏအကြာ ဟန်ချင်စုန့် ခေါင်းသုတ်ကာ ခါးတွင် စုယွဲ့ချုပ်ပေးထားသည့် ခါးစည်းသဘက်ဖြူကို စည်းထားပြီး အိပ်ခန်းထဲသို့ ၀င်လာလေသည်။ 


လင်းလန် စာအုပ်ဖတ်ချင်ယောင်ဆောင်ကာ ခိုးကြည့်နေလိုက်သည်။ တိုကပ်နေသည့်ဆံပင် ၊ သွယ်လျသည့် လည်တံ ၊ လှရက်လွန်းသည့် ကော်လာရိုးများကလည်း ပုခုံးတစ်လျှောက် လှုပ်ရှားမှုအရ လိုက်၍ လှုပ်နေလေသည်။ လက်မောင်းထက်မှ ကြွက်သားများကလည်း ပြည့်ဖြိုးလို့နေသည်။ 


၀မ်းဗိုက်ကြွက်သားများနှင့် ခါးထက်မှ ကြွက်သားအမြောင်းများက သွားရည်ကျစရာ အကောင်းဆုံးပင် ။ 


လင်းလန် တွေးရင်း ရယ်လိုက်မိသည်။ 


လင်းလန်က လက်ထဲတွင် စစ်ရေးဆိုင်ရာ စာအုပ်ကိုကိုင်ကာ မျက်နှာလေးသည် ရဲနေပြီး ရှက်နေပုံလည်း ရသည်မို့ ဟန်ချင်စုန့် ကြည့်ကာ ပြုံးလိုက်မိသည်။ 


တံခါးကိုပိတ်ကာ အိပ်ရာဘေးသို့ ခြေတံရှည်များဖြင့် လျှောက်သွားလိုက်ပြီး လင်းလန်၏ အနားသို့ ကပ်၍ " ဘာကြည့်နေတာလဲ " ဟုအမေးစကား စလိုက်သည်။ 


လင်းလန် : ရှင့်ကို ကြည့်နေတာပေါ့.....


ဒီလောက် ရှည်တဲ့ခြေတံတွေကို ဘယ်လိုများ ရထားတာလဲ။


လင်းလန် ခေါင်းငုံ့ကာ သူမခြေထောက်များနှင့် ယှဥ်လိုက်သည်။ 


ဟန်ချင်စုန့်၏ မျက်လုံးများထဲတွင်တော့ လင်းလန်၏ ခြေထောက်များသည် ဖြူ၀င်းနေကာ သွယ်လျနေပြီး အားအင်သည်လည်း .....


ဟန်ချင်စုန့်မှာ လည်ချောင်းများ ခြောက်လာသလိုပင် ။ 


လင်းလန် : " ကျွန်မ ၀လာတယ်ထင်လား "


နှစ်သစ်ကူးတုန်းကလည်း အများကြီးစားထားကာ လေ့ကျင့်ခန်းလည်း မလုပ်သဖြင့် သူမ တကယ်၀လာသလိုပင် ။ 


ဟန်ချင်စုန့် လက်တစ်ဖက်ဖြင့် ကိုင်ကြည့်လိုက်သည် ။ " အဆင်ပြေပါတယ် " ဟုဆိုကာ နောက်တစ်ဖက်ကိုပါ သုံး၍ ကိုင်ကြည့်ပြန်လေသည်။ 


လင်းလန် : " မဟုတ်ဘူးထင်တယ် ခါးတွေလည်း တုပ်လာတယ် မနက်ကြရင် ရှင့်နဲ့အတူတူ လေ့ကျင့်ခန်းလိုက်လုပ်ရမလား "


စကားပြောပြီးသည်နှင့် လင်းလန် စောင်အောက်တွင် အဖိခံလိုက်ရသည်။ 


" အခုပဲ လေ့ကျင့်ခန်းလုပ်ကြမယ်လေ " ဟန်ချင်စုန့်၏ အသံမှာ သြရှရှဖြင့် မျက်၀န်းများမှာလည်း နက်မှောင်လာသည်။ 


လင်းလန် : " ....... " မလိုပါဘူး ။ အခုကြည့်တော့ ကျွန်မက တော်တော်လေး ပိန်နေသလားလို့ ....


.....


ချင်းမင်ပွဲတော်နေ့တွင် ဟန်ချင်စုန့် ကလေးများကို နှိုးကာ အလုပ်များ လုပ်စေလိုက်သည်။ အား၀မ်က ထမင်းချက်ကာ တ့၀မ်သည် ညီနှစ်ယောက်ကိုခေါ်၍ မိုးမခကိုင်း ၊ ထင်းရှုးကိုင်းများနှင့် မက်မွန်ကိုင်းများ သွားခုတ်နေလေသည်။ 


ပြီးနောက် အိမ်ပြင်မှနေ နံရံများအား ထိုအခက်များဖြင့် လိုက်ရိုက်လေသည်။ ရယ်ရွည်ချက်မှာ တောက်တဲ့များနှင့် မကောင်းသည့် ၀ိညာဥ်များကိုနှင်ထုတ်သည့်သဘောဖြစ်ပြီး ထင်းရှုးကိုင်းများကိုတော့ အိမ်တွင်ချိတ်ထားကာ အခြားသော အင်းစက်များ မလာစေရန်နှင့် တစ်နှစ်ပတ်လုံး အန္တရာယ်ကင်းစေရန် ဟုဆိုလေသည်။  ပြီးနောက်တွင် ကိုင်းများအား စက်၀ိုင်းပုံဖော်ကာ တံခါးတွင် ချိတ်ဆွဲထားလိုက်သည်။ 


စန်း၀မ်က ရုပ်တည်ကြီးဖြင့်နေကာ အသံကိုလည်း လူအိုကြီးများကဲ့သ်ို့ အတုခိုးထားလေသည်။


 " အင်း ချင်းမင်ပွဲတော်မှာ စိုက်တဲ့ မိုးမခပင်တွေကြောင့် သေတဲ့အခါ ခွေး၀ါကြီးတွေ ဖြစ်ကုန်တော့မှာပဲ "


လင်းလန် : " ........ " ဘာတွေပြောနေတာလဲ ။ သူမတော့ လိုက်မမှီတော့ဘူး။ 


ရှောင်း၀မ်ကလည်း ၀င်အော်လေသည်။ "သားသေပြီး ခွေး၀ါကြီးအဖြစ် ပြောင်းမသွားချင်ဘူး "


မိုင်စွေ့က ပြန်ချော့ပေးသည်။


 " ရှောင်း၀မ်က ငယ်ငယ်လေးရှိသေးတဲ့ဟာက်ို နောင်နှစ်တစ်ရာအထိ နေရဦးမှာပါ " 


ကလေးများသည် နှစ်တစ်ရာဆိုသည်မှာ မည်မျှကြာမှန်း နားမလည်သေးသဖြင့် သေရမည်ဆိုသည်ကိုသာ ရှောင်၀မ်က နားလည်သွားလေသည်။ ကလေးများအတွက် နှစ်တစ်ရာ ဖြစ်ဖြစ် ရက်နည်းနည်းဖြစ်ဖြစ် အတူတူပင်ဖြစ်ကာ သေရမည်ကိုသာ ကြောက်တတ်ကြလေသည်။ 


ရှောင်၀မ် လင်းလန်၏ ခြေထောက်အားဖက်ကာ " မားမားကို သားမသေစေချင်ဘူး " ဟုပြောလာလေသည်။ 


လင်းလန် ခါးကိုင်းကား ရှောင်း၀မ်၏ ပါးဖောင်းဖောင်းလေးအား ဆွဲညှစ်လိုက်သည်။ 


" မားမားက မသေပါဘူး ရှောင်း၀မ်လေး အဖေ့အရပ်အထိ ရှည်လာတဲ့အထိကို အကြာကြီးနေသွားဦးမှာ .... "


" အဲ့လိုဆိုလည်း မားမားကို သေခွင့်မပြုဘူး "


 ရှောင်၀မ်က မကျေနပ်သေးသောကြောင့် လင်းလန်ချော့ပြောလိုက်ရသည်


" ဘာမှဖြစ်မှာမဟုတ်ဘူးနော် မားမားက ဟိုနားက သလဲသီးပင်လိုပဲ ဘယ်တော့မှ သေမှာမဟုတ်ဘူး ဟုတ်ပြီလား " 


ရှောင်၀မ် ခြံထဲရှိ သလဲသီးပင်ကို လှမ်းကြည့်လိုက်သည်။ ၄င်းအပင်သည် ယခုထိ အသီးမသီးသေးသော်လည်း ကောင်းကောင်းလေးတော့ ကြီးထွားနေသေးသည်မို့ လက်ခံသွားတော့သည်။ 


လင်းလန် ကြက်ဥလိပ်အနည်းငယ်လုပ်ကာ ကြိုးဖြင့် ချည်လိုက်ပြီး အိတ်သန့်ဖြင့်ထည့်ကာ သူမ၏ အိတ်ထဲ သို့ ထည့်လိုက်သည်။ နေ့လည်ခင်းတွင် စားရန်ဖြစ်သည်။ 


စန်း၀မ် ရှောင်း၀မ်အား ဂိတ်စောင့်အိမ်သို့ လက်ဆွဲခေါ်သွားကာ သေခြင်းရှင်ခြင်းအကြောင်းများ ပြောနေကြသည့် လူကြီးများထံမှ ရှောင်နေလိုက်သည်။ 


စန်း၀မ်က ဟိုဟိုဒီဒိ လျှောက်သွားနေကြဖြစ်သည်မို့ ရွာထဲတွင် သူ မသိသည်မှာ မရှိသလောက်ပင် ။ ဘယ်မိသားစုက ကလေးမွေးတယ် ၊ ဘယ်မိသားစုက ကလေးကတော့ မွေးပြီး ဘယ်နှစ်ရက်မှာသေသွားတယ် ၊ ဘယ်သူ့ကလေးကတော့ သုံးနှစ်လေးနှစ်မှာ သေသွားပြန်တယ် ၊ အစရှိသဖြင့် အကုန်လုံးကို သိလေသည်။ 


ရှောင်၀မ်နှင့် စကားပြောမည်အပြုတွင် တ့၀မ်က ရောက်လာကာ စန်း၀မ်အား နားရွက်ဆွဲလေသည်။


စန်း၀မ် : " အစ်ကိုကြီး နားရွက်မဆွဲနဲ့လေဗျာ " 


တ့၀မ်က နှာခေါင်းရှုံ့ပြသည်။ " ဘာတွေ ပြောနေတာလဲ။ "


ရှောင်း၀မ်က တခစ်ခစ်ရယ်နေကာ ပြန်ဖြေလေသည်။ " အစ်ကိုကြီး နားရွက်ဆွဲရင် မြည်းဖြစ်လိမ့်မယ်တဲ့ "


မြည်းမဲကြီးဖြစ်မှာတဲ့ ...


တ့၀မ် နားရွက်ဆွဲထားသည်ကို လွှတ်ပေးကာ စန်း၀မ်၏ ပုခုံးကို တစ်ချက်ရိုက်လိုက်လေသည်။ 


" ရှောင်၀မ်ကို မဟုတ်တာတွေ သင်ပေးလို့ကတော့ အရိုက်ခံရမှာနော် "


ရှောင်၀မ်ကို ခုနကတွေးနေတဲ့ အကြောင်းတွေသာ ပြောပြလိုက်လျှင် ဒီကလေး အပြင်တောင်ထွက်ရဲတော့မှာ မဟုတ်ဘူး ။ 


ရှောင်၀မ်သည် သိချင်နေဆဲပင် ။ " စန်း၀မ် ဘာပြောမလို့လဲ ပြောလေ" 


ညီငယ်​ေ၏ အမူအရာကိုကြည့်ကာ စန်း၀မ်သည် တကယ်ကို တုံးအတာပဲဟုတွေးနေလေသည်။ 


စကားပြောင်းပြောမှ ရတော့မယ် ။ " ဒန်းစီးတာက ပျော်ဖို့မကောင်းဘူးလို့ ပြောမလို့ ဟင်းရွက်တွေ ခူးတာက ပိုပျော်ဖို့ကောင်းတယ်လို့ ပန်းတွေခူးပြီး ပိုးကောင်တွေရှာမယ် ပြီးရင် ကြက်စာကျွေးပြီး ကြက်ဥ ဥခိုင်းကြမယ်လေ "


မားမားနဲ့ မိုင်စွေ့တို့ ကစားနေတာကို ကြည့်ရမှာက အဆင်​မပြေလောက်ပါ ။ 


ထိုသို့ ပြောရသည်မှာ ရှောင်၀မ်က မားမားတို့နောက်ကို လိုက်သွားချင်နေ၍ ဖြစ်သည်။ 


စန်း၀မ် : " ဒါမှမဟုတ် ဟိုနားက သစ်ပင်တွေကို ကြိုးချည်ပြီး ဒန်းစီးကြမလား "


ပြီးနောက် တံခါးအပြင်ရှိ သစ်ပင်တွင် ကြိုးချည်ကာ ဒန်းဆင်နေလေသည်။ 


စန်း၀မ် လုပ်နေသည်ကို ကြည့်မနေရက်၍ တ့၀မ်ကလည်း ကူလုပ်ပေးသဖြင့် နောက်ဆုံးတွင် ဒန်းဆင်၍ ပြီးသွားလေသည်။ 


ရှောင်၀မ် ပျော်သွားလေသည်။ " ဒန်းစီးကြမယ်ဟေ့ " 


စန်း၀မ် : " တစ်ခြားရွာကို သွားပြီး စီးစရာလည်း မလိုတော့ဘူး တကယ်လို့ သွားခဲ့ရင်တောင် လုပြီးစီးရမှာမို့ ညရောက်တာတောင် အလှည့်ရောက်မှာ မဟုတ်ဘူး ပြီးတော့ မိန်းကလေးတွေချည်းပဲမို့ သွားဆော့ရင်လည်း ပျော်ဖို့ကောင်းမှာ မဟုတ်ဘူး "


ရှောင်၀မ် လု၍ စီးရမည်ကို နားမလည်သော်လည်း ပျော်ဖို့မကောင်းဟုဆို၍ စိတ်ပြောင်းချင်လာလေသည်။ 


စန်း၀မ်က ဆက်၍ဆွယ်နေဆဲ ။ " မားမားက သူ့သမီးအရင်းနဲ့ သွားမှာလေ ငါတို့ကို ဂရုစိုက်ဖို့ အချိန်ဘယ်ရှိမှာလဲ သူတို့ဘာသာပဲ သွားပါစေ "


ထိုသို့ကြားမှသာ ရှောင်၀မ်က လက်ခံလေသည်။ " မားမားကို စိတ်ညစ်အောင် လုပ်လို့မဖြစ်ဘူး "


စန်း၀မ် ညီလေး၏ ခေါင်းကို ပုတ်လိုက်ကာ


 " လိမ္မာတယ် ကိုကြီး မင်းကို ဒန်းလွှဲပေးမယ် " 


Xxxxxxx

Part 372


မနက်စာ စားပြီးနောက်တွင် အမျိုးသားများသည် ဘိုးဘွားများအား ကန်တော့ရင်းဖြင့် အလုပ်လုပ်ကြရန် ထွက်သွားလေသည်။ လင်းလန်က မိုင်စွေ့နှင့် သားနှစ်ယောက်ကို ခေါ်ကာ ဒန်းစီးဖို့ သွားရန်စဥ်းစားထားသော်လည်း စန်း၀မ်သည် ဒန်းစီးဖို့မလိုက်ဘဲ ရှောင်၀မ်ကိုခေါ်ကာ ဟင်းရွက်များခူးဖို့ သွားမည်ဟုဆိုသည်။ 


စန်း၀မ် : " ဒန်းက ကြီးလွန်းတော့ သားနဲ့ ရှောင်၀မ် မစီးရဲဘူး "


လင်းလန် : " မားမား ကိုင်ထားပေးမှာလေ ကြောက်ဖို့မလိုဘူး "


ရှောင်၀မ် : " သား ကြောက်တယ် " 


လင်းလန် : " ဒါဆို မားမားလည်း မသွားတော့ဘူး မိုင်စွေ့ကိုပဲ တစ်ခြားသူတွေနဲ့ သွားခိုင်းလိုက်တော့မယ် " 


ထိုအချိန်မှာပဲ ချိုက်ဟွား ၊ ယန်ယန်နှင့် အခြားကလေးမလေးများ ရောက်လာကြသည်။ လင်းလန် နှင့် မိုင်စွေ့ကို တွေ့သည့်အခါ " အန်တီလင်း ... မိုင်စွေ့  သွားကြမယ်လေ အတူတူ ဒန်းသွားစီးကြမယ် " 


ချန်ထွန်းသည် သူတို့နှင့် သိပ်မဝေး ၊ နှစ်မိုင်ခန့်သာ ဝေး၍ သွားရန် ဆယ်မိနစ်ခန့်သာကြာလေသည်။ 


ကလေးမလေးများကို တွေ့သည့်အခါ လင်းလန် ပူပန်သွားမိပြန်သည်။ မိုင်စွေ့အား ယန်ယန်ဟူသည့် ကောင်မလေးနှင့် သိပ်၍ နီးနီးကပ်ကပ်မနေစေချင်ပါ ။ မိုင်စွေ့ကြုံရမည့် ဘေးဒုက္ခများသည် မူလဇာတ်လိုက်ကြောင့် ဖြစ်လာသည်များဖြစ်ကာ ဇာတ်လမ်းကို ပြောင်းလဲလို့မရရင် ဘယ်လိုလုပ်ပါ့မလဲ ။ 


စန်း၀မ် : " မားမားတို့ပဲ သွားလိုက်ကြပါ သားတို့က အိမ်မှာပဲ ဒန်းစီးလိုက်ပါ့မယ် လျှောက်လည်းမသွားပါဘူး "


ရှောင်၀မ်သည် ယခင်က လျှောက်ဆော့တတ်သော်လည်း ယခုတလော စန်း၀မ်မှ ဟင်းရွက်ခူးရန် ခေါ်ခေါ်သွားနေတက်၍ လင်းလန်လည်း သိပ်စိတ်မပူတော့ ။ 


"'ကောင်းပြီလေ ဒါဆိုလည်း မားမားတို့ သွားတော့မယ် " လင်းလန် ကလေးနှစ်ယောက်အတွက် မုန့်များခွဲပေးလိုက်ကာ ဗိုက်ဆာရင် စားကြဖို့မှာလိုက်သည်။ 


စန်း၀မ် : " မားမား သားက ကလေးမဟုတ်တော့ဘူး ညီလေးကို သားဂရုစိုက်လိုက်ပါ့မယ် " ဒါက သားညီအရင်းပဲလေ ။ 


လင်းလန် ပြုံးပြကာ စန်း၀မ်ကို ခေါင်းပုတ်ပေးလိုက်ပြီး ရှောင်း၀မ်အား နမ်းလိုက်သည်။ " အိမ်မှာ ကောင်းကောင်းနေခဲ့ကြ "


ထို့နောက် ကလေးမလေးများက်ို ခေါ်ကာ လင်းလန်ထွက်သွားလေသည်။ 


လင်းလန်တို့ ထွက်သွားသည်နှင့် စန်း၀မ် လွတ်လပ်ရေးရသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ အိမ်၌ မိဘများနှင့် အစ်ကိုဖြစ်သူများမရှိသည့်အခါဆို သူသည် တာ၀န်ရှိသည့် လူကြီးတစ်ယောက်လို ခံစားရ၍လည်းဖြစ်၏ ။ 


စန်း၀မ်က ပျော်ရွှင်စွာ ခြံထဲ ပတ်ပြေးနေသည်ကို ကြည့်ကာ ရှောင်၀မ်လေးသည် နားမလည်နိုင်ဖြစ်လို့နေ၏ ။ 


နှစ်ပတ်သုံးပတ်မျှ ပြေးပြီးနောက်တွင် စန်း၀မ်ရပ်လိုက်ကာ အိမ်ထဲ၌ ငြိမ်နေလိုသည့် စိတ်ကူးမရှိတော့။


ရှောင်း၀မ်နှင့်အတူ ဒန်းစီးကာ ဖားရုပ်လေးဖြင့် ကစားနေပြီး ကားရုပ်လေးသည်လည်း ကျိုးပဲ့သွားသည်အထိ တစ်နာရီမျှကြာအောင် ကစားပြီးနောက် စန်း၀မ် ပျင်းလာသည်။ရှောင်၀မ်အား ကြက်ဥလိပ်ကိုကျွေးကာ ပေကျံသွားသည်များကို သုတ်ပေးလိုက်ပြီးနောက် စန်း၀မ် ခြင်းနှင့် ဂေါ်ပြားကိုကောက်ကိုင်လိုက်သည်။ 


" လာ ဟင်းရွက်ခူးဖို့ သွားကြမယ် ငါပြောပြမယ် မိသားစုတစ်စုမှာ ငါတို့လို ယောက်ျားလေးတွေလည်း ရှိသင့်တယ်ကွ မိန်းကလေးတွေက စားလိုက်သောက်လိုက် ပျော်လိုက်ပါးလိုက်နဲ့ ကြွကြွရွရွလေးပဲ နေချင်ကြတာ " 


ခြင်းတစ်ခြင်းဖြင့် ဟင်းရွက်ရိုင်းများကို လိုက်ခူးပြီးနောက်တွင် နေအတော်လေးမြင့်နေလေပြီ ။ စန်း၀မ်က မြစ်ဆိပ်သို့သွားကာ ရေဆေးပြီးမှ အိမ်သို့ပြန်ကာ အခြောက်ခံ၍ ဘဲစာရအောင် ခုတ်ထစ်ပစ်မည်ဟု တွေးထားသည်။ မိုင်စွေ့လို အိမ်က ရေကိုမဖြုန်းတီးချင်၍ ဟုဆိုသည်။ 


မတ်လ၏ ပထမဆုံးဆယ်ရက်၌ မြစ်ထဲရှိ ရေခဲများသည် အရည်ပျော်ကုန်သော်လည်း မြစ်ရေကတော့ အတော်လေးအေးသေးလေသည်။ အအေးဒဏ် လုံး၀မကြောက်သူများသာ ရေထဲသို့ ဆင်းနိုင်ကြသည်အထိကို အေးတာဖြစ်သည်။ 


ရှောင်၀မ် : " စန်း၀မ် မားမားက ရေထဲမှာ မဆော့ခိုင်းထားဘူးလေ အေးလွန်းတော့ ကြွက်တက်လိမ့်မယ်တဲ့ "


စန်း၀မ် : " ဒီမှာပဲ စောင့်နေလိုက် ဟင်းရွက်တွေကို ရေသွားဆေးရုံပါပဲကွ "


ရှောင်၀မ်က လက်မခံချင်သေး ၊ ခေါင်းခါကာ သွားခွင့်ပြုရန် ငြင်းဆန်နေလေသည်။ 


စန်း၀မ် : " ဖိနပ်ချွတ်ပြီး ရေဆေးရုံပဲလေ ရေထဲမဆင်းဘူး ဟုတ်ပြီလား... အဖေတောင် ဆောင်းတွင်းမှာ ရေကူးသေးတာပဲဟာ ငါက သူ့သားပဲလေ ဟင်းရွက်ဆေးတာလေးလောက်က ဘာမှမဖြစ်လောက်ပါဘူး "


စန်း၀မ် ဟင်းရွက်များကို ရေဆေးနေရင်းဖြင့် မြစ်ထဲသို့ ငေးကြည့်နေလေသည်။ နွေဦးရောက်ခါစဖြစ်သဖြင့် မြစ်ရေသည် ကြည်လင်နေကာ ကောင်းကင်ပြာကြီးနှင့်  တိမ်ရိပ်များကိုပင် မြင်နေရလေသည်။ မြစ်ထဲ၌ ငန်းများနှင့် ဘဲများကလည်း ဟိုနေရာဖြူတစ်စု ဒီနေရာဖြူတစ်အုပ်ဖြင့် ရှိနေကာ ကြည်နူးဖွယ်ပင် ။ 


ဒီထဲသာ ရေဆင်းကူးလိုက်ရရင် ဘယ်လောက်ကောင်းမလဲ ။ ရေထဲမဆင်းရသည်မှာ နှစ်၀က်ကျော်ကြာနေပြီဖြစ်၍ ဆင်းကူးပစ်ချင်သည်မှာ ကိုယ်တစ်ပိုင်းသေနေပြီဖြစ်သည်။ 


ရေဒီယိုမှ ထုတ်လွှင့်သည့် ဆောင်းရာသီ ရေကူးပြိုင်ပွဲဆိုလား ၊ အဖေပြောတဲ့ တပ်ထဲမှာ စစ်သားတွေအတွက် ကျင်းပပေးတဲ့ ရေကူးပြိုင်ပွဲဆိုလား အဲ့ဒီ့မှာ ရေကူးကြတဲ့သူတွေက မအေးကြဘူးလား။ 


အဖေပြောဖူးတာက ဆောင်းရာသီရေက တကယ်တော့ နွေးနွေးလေးတဲ့ ။ စန်း၀မ် တွေးနေရင်းဖြင့် မနေနိုင်တော့ဘဲ ခြေစွပ်များကို ချွတ်လိုက်ကာ ရေထဲစိမ်ကြည့်လိုက်သည်။ " အာာာာားးးးးး " 


စန်း၀မ်၏ ပုံကိုကြည့်ကာ ရှောင်၀မ်က တခစ်ခစ်ရယ်နေ၏ ။ 


" အေးတယ်မလား " 


စန်း၀မ်က ရင်ဘတ်အား ပုတ်ပြကာ ယန်ဇီရုန်၏ဟန်ကို အတုခိုး၍ " မင်းရဲ့အစ်ကို စန်း၀မ်က လင်းဟိုင်းရွှယ်ယန်က ယောက်ျားပါကွ ဘာလ်ို့အေးရမှာလဲ " ဟုဆိုကာ ဟန်ကိုယ့်၍ သရုပ်ဆောင်ပြလေသည်။ 


ထိုအချိန်တွင် ကလေးတစ်စုသည်လည်း ရောက်လာကာ စန်း၀မ် မြစ်ထဲသ်ို့ ခြေထောက်ချထားသည်က်ို တွေ့သွားကြလေသည်။ " မင်းတကယ် အအေးမကြောက်ဘူးလား "


စန်း၀မ်မှာ သွားများကျိန်းသည်အထိ တုန်အောင်ချမ်းနေသော်လည်း ခပ်ချေချေပြန်ပြောလိုက်သည်


 " ရေက နွေးတယ် လုံး၀မအေးဘူး " 


ရေကိုပင် ခြေထောက်ဖြင့် ကန်ပြလိုက်သေးသည်။ 


စိန်ခေါ်ခံရသည်ဟု ခံစားရကာ စန်း၀မ်က ထပ်ပေါင်းပြောလိုက်ပြန်သည်


 " ငါ ရေထဲထိ ဆင်းရဲတယ် " 


ပြီးနောက် ရေထဲသို့ ဆင်းကာ ပြေးပြရင်း " နွေးနွေးလေး တကယ်နွေးနွေးလေးပဲ " ဟုအော်၍ သရုပ်ဆောင်ပြလေသည်။ 


အကြာကြီးတော့ မနေပြနိုင်ပါဘူး ။ အေးလွန်းလို့ နှာရည်တွေတောင် စီးကျလာတော့မယ်။ 


ယောက်ျားလေးများ၏ သဘာ၀အရ အေးလွန်းလို့ သေမယ်ဆိုရင်တောင် စိန်ခေါ်ခံရပါက မအေးဘူး ပူတယ်ဟု သံကုန်အော်နေကြမည့်သူများ ဖြစ်ကြသည်ကိုး ။ 


ထိုအခါ ကျောက်ကွေ့လျန်မိသားစုမှ ဒုတိယသားက " ရေထဲ ဆင်းရဲရုံလေးက ဘာဖြစ်လဲ ရေမကူးပြရဲဘူးမလား " 


ကလေးတစ်ယောက်က ၀င်ပြောလာသည်။


 " ရှင်းဖူ မင်းကူးရဲတယ်မလား "


ရှင်းဖူဟူသည့်ကလေးသည် " ဒါပေါ့ ငါကူးရဲတာပေါ့ တစ်နေ့ကပဲ ငါဆင်းကူးသေးတယ် " ဟုပြန်ဖြေကာ စန်း၀မ်အား မထီမဲ့မြင်ဟန်ဖြင့် လှမ်းကြည့်သည်။ 


ရှင်းဖူနှင့်အတူ ရောက်လာသူမှာ တ့ဝေ့ဟုခေါ်သည့် ကလေးဖြစ်သည်။ 


" ငါတွေ့လိုက်တယ် ရှင်းဖူက ရေထဲဆင်းပြီးကူးနေတာ အကြာကြီးပဲ " 


တ့ဝေ့ကလည်း စန်း၀မ်ကိုလှမ်းကြည့်၍ မထီပြုံး ပြုံးပြပြန်သည်။


 " မင်းတို့ထဲက တစ်ယောက်မှ အဲ့လိုမလုပ်ရဲဘူးမလား "


Xxxxxx