အပိုင်း ၃၇၃-၃၇၄
Viewers 23k

Part 373


ကလေးတစ်စုသည် ဇက်လေးများ ပုသွားကြ၏။ သတ္တိရှိချင်ယောင်ဆောင်ချင်ပါသော်လည်း ရေထဲကို ခြေထောက်ချရုံကပင် အတော်လေးအေးနေသဖြင့် ရေဆင်းကူးဖို့အထိတော့ ဘယ်သူမှ မလုပ်ရဲကြ ။ 


ရူးနေလို့လား ...


ရှင်းဖူက နှာမှုတ်လိုက်ကာ ပြောပြန်သည်


" ကျိန်းသေပေါက် ဘယ်လုပ်ရဲကြပါ့မလဲ ဟိုကောင်စုတ် တ၀မ်တောင် မလုပ်ရဲတဲ့ဟာကို အဲ့ကောင်က အနိုင်ကျင့်တာကလွဲရင် ဘာမှလုပ်တက်တဲ့ကောင်မဟုတ်ဘူး " 


ထိုသို့ကြားသည့်အခါ စန်း၀မ် ဒေါသထွက်သွားသည်။ အစကတော့ စန်း၀မ်က ဒီလောက်အေးနေတာကို ရေဆင်းကူးလို့ကတော့ အဖေနဲ့မားမားသိသွားရင် အရိုက်ခံရတော့မှာပဲဟု တွေးနေခဲ့တာဖြစ်၏ ။ 


ခြေထောက်လေးချရုံဖြင့်တောင် ခိုက်ခိုက်တုန်နေသည်မို့ ရေထဲထိတော့ မဆင်းချင်ခဲ့ ။ 


သို့သော်လည်း ရှင်းဖူမှ အစ်ကိုဖြစ်သူအား မကောင်းပြောလိုက်သည့်အခါတွင်တော့ စန်း၀မ်မှာ ဒေါသထွက်သွားလေသည်။


 " မင်းကမှကောင်စုတ် ဘယ်သူပြောလဲ အစ်ကိုကြီးက မလုပ်ရဲဘူးလို့ ငါ့အဖေက ဆောင်းရာသီမှာတောင် တပ်ထဲမှာ ရေကူးပြိုင်လာတာ "


" တော်ပြီ မဟုတ်တာတွေ ပြောမနေနဲ့ သွားကြမယ် " 


ရှင်းဖူနှင့် တ့၀ေ့က မယုံဟန်ပြလိုက်သည်။


 ဆောင်းတွင်းကြီးမှာ ရေကူးပြိုင်တယ်ပေါ့လေ ။ ဆောင်းတွင်းကြီးမှာ ခဲသေမှာမကြောက်တဲ့ အရူးတွေပဲ ရေဆင်းကူးမှာပေါ့ ။ 


သို့ဖြစ်၍ ရှင်းဖူသည် အမှန်ဟုမထင် ။ 


" မင်းအဖေ ကူးရဲလား မကူးရဲလားဆိုတာကို ငါတို့မှ မမြင်ရတာ ဒါပေမယ့် တ့၀မ် မကူးရဲတာတော့ သေချာတယ် ဆောင်းတွင်းမှာ သူရေထဲဆင်းတာကို ငါတို့တော့ တစ်ခါမှ မမြင်ဖူးဘူး "


ရှင်းဖူက တ၀မ်ထက် လအနည်းငယ် ငယ်သော်ငြား ရွယ်တူတွေဖြစ်၍ ငယ်စဥ်ကတည်းက နှစ်ဦးမှာ ရန်ဖြစ်ရင်း ကြီးလာကြကာ တ၀မ်ကို တစ်ခါမှ အနိုင်မရခဲ့ဖူးပေ ။ ဆယ်နှစ်အရွယ်ရောက်လာသည့်အခါ တ၀မ်က မိမိထက် အသက်ကြီးသူများနှင့် ကစားရသည်ကို ခုံမင်သွား၍ ရှင်းဖူနှင့် မကစားတော့ချေ ။ ပြောရရင် တ၀မ်က လူပျိုဖော်၀င်ကာ လူကြီးဖြစ်ချင်လာတာ ဖြစ်သော်လည်း ရှင်းဖူကတော့ ကလေးစိတ်မကုန်သေးဘဲ ကျန်နေခဲ့တာ ဖြစ်ပေသည်။ 


တ၀မ်က ယခုဆို ရှင်းဖူကိုမြင်လျှင်တောင် ဂရုမစိုက်တော့သဖြင့် ရှင်းဖူ မကျေမနပ် ဖြစ်နေခဲ့လေသည်။ 


တ၀မ်ကို မနိုင်၍ ညီဖြစ်သူအား အနိုင်ယူလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုလို လုပ်နေခြင်းပင် ။ 


ဒါပေါ့ ၊ ရန်တော့ ဘယ်ဖြစ်ရဲပါ့မလဲ ။ တ၀မ်ရဲ့ ညီနဲ့ ရန်ဖြစ်လို့ တ၀မ်ပါ ၀င်ပါလာခဲ့ရင် အနိုင်ရတာထက် အရှုံးရဖို့က ပို၍ ဖြစ်နိုင်ပေ၏ ။ 


ထို့အပြင် စန်း၀မ်က စိတ်မြန်လက်မြန်ရှိသူဖြစ်ကာ ဘာတွေပဲဖြစ်ဖြစ် လူကြီးများအား ပြန်မတိုင်တတ်သည်ကို သိထားကြ၍ စန်း၀မ်အား နောက်ပြောင်ကာ လှည့်ကွက်များသုံးပြီး အနိုင်ကျင့်တတ်ကြလေသည်။ 


ရှို့ယွင် ကိစ္စကြောင့် လင်းလန်သည် ဟန်ချင်ဖုန်း  တို့မိသားစုနှင့် မတည့်။ ထို့အတွက် ကျောက်ကွေ့ရှန်နှင့် ကျောက်ကွေ့လျန်တို့ ညီမနှစ်ယောက်သည် လင်းလန်၏ အကြောင်းများကို အတင်းပြောကြသည်အား စန်း၀မ်က ကြားဖူးထား၍ ရှင်းဖူကို ကြည့်မရ ။ တ့၀မ်က ရှင်းဖူ၏ သူငယ်ချင်းဖြစ်၍ သူ့ကိုလည်း ကြည့်မရ ။ 


အစ်ကိုကြီးရဲ့ သိက္ခာကိုဆယ်ချင်ရင် သူလုပ်ရဲတယ်ဆိုတာကို ပြမှရမယ် ။ 


စကားများနေကြသည်ကို ရှောင်၀မ်လည်း တွေ့၍ စန်း၀မ်အား ကူညီရန်ကမ်းစပ်နားထိ ဆင်းလာလေသည်။ 


စန်း၀မ် : " ရှောင်၀မ် ဒီနားကိုမလာခဲ့နဲ့ မြေကြီးတွေက ချောနေတယ် " 


တဝေ့က နှာခေါင်းရှုံ့ကာ ပြောပြန်သည်။


 " ဘာပဲဖြစ်ဖြစ် မင်းမကူးရဲပါဘူး "


" ငါကူးရဲတယ် " 


ရှင်းဖူနှင့် တ့ဝေ့ကတော့ မယုံဟန်ဖြင့် " လျှောက်ပြောမနေနဲ့ တကယ်လည်း မကူးရဲဘဲနဲ့ " 


စန်း၀မ် ချက်ချင်းကို ဆင်း၍ ရေကူးပြပစ်လိုက်ချင်သည်။ အဖေတောင် ကူးနိုင်သေးတာ ၊ ငါလည်း ကူးနိုင်တယ် ။ 


ကျန်ကလေးများသည်လည်း တစ်ယောက်တစ်ပေါက်ဖြင့် တကယ်ဆင်းရဲရင်း ဆင်းကူးပြလေဟု ၀င်အော်လာကြ၏ ။ 


ရှင်းဖူ : " ကူးရဲရင် ဆင်းကူးပြလေ အ၀တ်တွေ ချွတ်လိုက်စမ်းပါ "


စန်း၀မ်က ရှင်းဖူနှင့် တ့ဝေ့အား ပြန်ပြောသည်။ " ဒါဆိုလည်း မင်းတို့ပါ ချွတ်လိုက်လေ ပြိုင်ကူးကြမယ် "


ရှောင်၀မ် : " စန်း၀မ် အိမ်ပြန်ကြရအောင်လို့ "


ရှင်းဖူက ရှောင်၀မ်လေးအား အော်လိုက်သည်


" ပါးစမ်ပိတ်ထားစမ်းပါ " 


စန်း၀မ် : " ဘာလို့ ငါ့ညီလေးကို လာအော်နေတာလဲ ဘာလဲ ချချင်နေတာလား "


တဝေ့ : " ဘယ်သူမှ မချချင်ဘူး မင်းအဖေနဲ့ အစ်ကိုကြီးက အနိုင်ကျင့်တတ်တယ်ဆိုတာကို ဘယ်သူကမသိလို့လဲ ဘယ်သူက မင်းနဲ့ ချရဲမှာလဲ ငါတို့က ကြောက်တတ်တယ် " 


သူ့ညီနဲ့ ရန်ဖြစ်တာကိုသာ တ၀မ်သိသွားရင် ငါတို့ကို လာဆော်မှာပေါ့ ။ အဲ့ကောင်စုတ်ကို ပြန်လည်းမချနိုင်ဘူးလေ ။ အဲ့လိုသာဆို ရန်ဖြစ်ရတာကလည်း မတန်တော့ဘူး ။


ရှင်းဖူ : " ဟုတ်တယ် သတ္တိရှိရင် မင်းအဖေနဲ့ အစ်ကိုကို ဆွဲထည့်မနေနဲ့လေ မင်းရဲ့ အရည်အချင်းကိုသာ ပြစမ်းပါ ငါတော့ မင်းမှာ အဲ့လိုအရည်အချင်းရှိတယ်လို့ မထင်ဘူး "


စန်း၀မ် : " ဘယ်သူက မင်းလို ခွေးပေါက်လေးကို ကြောက်နေလို့လဲ ပြိုင်မယ် "


ပြောပြီးသည်နှင့် သူ့ အင်္ကျီများကို ချွတ်လိုက်သည် ။ 


ရှောင်၀မ်လေးသည် ကြောက်သွားကာ အလျင်အမြန်ဖျောင်းဖျလိုက်သည် 


 " စန်း၀မ် ... အိမ်ပဲပြန်ကြမယ်လေနော် " 


စန်း၀မ် : " ဒီမှာ ခဏလေးစောင့်နေဦး ငါ အဲ့ကောင်တွေကို ဘယ်လိုအနိုင်ယူမလဲ စောင့်ကြည့်နေလိုက် " ​


သူ ပြန်ပြောပြီးနောက်တွင် ရှင်းဖူနှင့် တ့ဝေ့တို့ဘက်ကို ပြန်လှည့်ကာ အော်လိုက်သည်


 " မင်းတို့လည်း အင်္ကျီတွေချွတ်လေ " 


" ငါက ဟိုတစ်နေ့ကပဲ ကူးပြီးသွားပြီ "


တ့ဝေ့ : " ဟုတ်တယ် "


စန်း၀မ် : " မင်းတို့ ကူးပြီးပြီပြောတာနဲ့ ကူးပြီးပြီဆိုတာကို ယုံရမှာလား ငါတော့ မ​တွေ့လိုက်ဘူး ဒါကြောင့် အ၀တ်တွေကို အခုချွတ်လိုက် ပြိုင်မကူးရဲရင် မင်းက ငကြောက်ပဲ "


ရှင်းဖူနှင့် တ့ဝေ့တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။ " မင်းကို အရှုံးဆိုတာဘာလဲ သိအောင်ပြရမှာပေါ့ ကောင်းပြီလေ ပြိုင်ကြတာပေါ့ "


ရှင်းဖူက တမင်ရန်စသည့်ဟန်ဖြင့် ပြောပြန်သည်။ " ငါတို့ နိုင်ရင် မင်းနဲ့ တ့၀မ်က ... ဒီလိုဖြစ်သွားပြီပဲ " ဟုဆိုကာ လက်ခါပြသည့် အမူအရာကိုလုပ်ပြကာ " အသုံးမကျတဲ့ကောင်တွေ " ဟုဆိုသည်။


 စန်း၀မ် ဒေါသထွက်သွားကာ အနွေးထည်အားချွတ်၍ လွှင့်ပစ်လိုက်သည်။ " မင်းအမေကမှ အသုံးမကျတာကွ ငါနိုင်ရင် မင်းတို့လည်း အသုံးမကျတဲ့ကောင်တွေ ဖြစ်ပြီပဲ " 


တ့၀မ်က အမြန်တားသည်။ " ဟေး ရန်မဖြစ်ဘူးနော် ငါတို့အဖေတွေဆီကို ပြန်တိုင်ပြောခံရတာမျိုး မဖြစ်ချင်ဘူး " 


ရွာထဲ၌ တ့၀မ်ကို မကြောက်သည့် ကလေးမရှိသလို ဟန်ချင်စုန့်အား မရှိန်သည့်လူလည်းမရှိ ။ ဒါကြောင့် လုံး၀ ရန်ဖြစ်လို့မရဘူး ။ 


ကလေးအချို့က ထအော်သည်။ " ငါတို့ နံပါတ်ရေပေးမယ် မင်းတို့ပြိုင်ကြ " ကလေးများက ယှဥ်ပြိုင်သည်ကို ကြည့်ရရန် စိတ်လှုပ်ရှားနေကြလေသည်။ 


ရှောင်း၀မ်က ငိုနေကာ " စန်း၀မ် အိမ်ပြန်ကြမယ် အိမ်ပြန်ကြမယ်လို့ " 


" မင်းညီကိုလည်း ကြည့်ဦး အသုံးကိုမကျဘူး " တ့ဝေ့က စန်း၀မ် သည်းမခံနိုင်ဘူး ဟူသည်ကိုသိ၍ တမင်ပြောနေတာဖြစ်သည်။ 


စန်း၀မ်က အမှန်တကယ်ကို ညီဖြစ်သူအား မကောင်းပြောခြင်းကို သည်းမခံနိုင်သူဖြစ်သည်။ ဒီလို ငကြောက်နှစ်ကောင်ဆီက အပြောခံရတာဆို ပိုဆိုးတာပေါ့ ။ 


နွေရာသီ၌ မြစ်ထဲ ရေဆင်းကူးတာဖြစ်ဖြစ် ငါးဖမ်းပြိုင်တာ ဒါမှမဟုတ် ဘဲတွေ ပြိုင်ဖမ်းတာဖြစ်ဖြစ် ဒီနှစ်ယောက်က သူ့ရဲ့ ပြိုင်ဘက်လုံး၀မဟုတ်ခဲ့ ။ အခုလ်ို အေးနေတဲ့ အချိန်ဆို သူ့ကို နိုင်ဖို့က ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ 


စန်း၀မ် သေချာသိသည် ။ 


ရှင်းဖူကလည်း အနွေးထည်ဂျတ်ကတ်ကို ချွတ်လိုက်သည်။ မြစ်ကမ်းဘေး၌ လေအေးများ တိုက်နေသဖြင့် ချက်ချင်းဆိုသလို ကြက်သီးများ ထလာတော့သည်။ 


သေအောင် အေးတယ်ဟ ။ 


ပြီးနောက် ကလေးနှစ်ယောက်လုံးသည် ချည်ဘောင်းဘီများကိုပါ ချွတ်လိုက်ကြကာ နှစ်ယောက်သား ကမ်းစပ်တွင် ဘေးချင်းယှဥ်ရပ်နေကြသည်။ 


Xxxxxxx

Part 374


စန်း၀မ် ဂွကြားကို ငုံ့ကြည့်ကာ အေးလို့ကျုံ့နေသည့် ငှက်လေးကို ကြည့်လိုက်သည်။ 


သေးလိုက်တာ ။ 


ရှင်းဖူ : " ....... " ဘာတွေ လာကြည့်နေတာလဲ ။ သူလည်း မသိလိုက်ပါဘဲ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်မိသည် ။ 


စန်း၀မ်က ခါးကို မတ်လိုက်ကာ မျက်နှာကိုမဲ့၍ ပြောလိုက်သည်


 " မင်းအရွယ်ကိုရောက်ရင် ငါကတောင် ပိုကြီးနေဦးမယ် " 


ရှင်းဖူ ပေါက်ကွဲပစ်ချင်လာသည် ။ 


စန်း၀မ် : " တ့ဝေ့ မြန်မြန်လုပ်လေ " 


တ့ဝေ့ : " မင်းတို့နှစ်ယောက်ပဲပြိုင် ငါ နံပါတ်ရေပေးမယ် "


စန်း၀မ် တ့ဝေ့ကို လက်ညှိုးထိုးပြီး " မင်းက အသုံးမကျတဲ့ကောင်ပဲ " 


တ့ဝေ့ မျက်နှာပျက်သွားကာ စန်း၀မ်အား ထကန်ပစ်ချင်သွားသည်။


 " လျှောက်ပြောမနေနဲ့ ဟိုဘက်ကမ်းထိကူးပြီး ဒီဘက်ကမ်းကို အရင်ပြန်ကူးလာနိုင်တဲ့သူ အနိုင်ပဲ "


 ယခုရောက်နေကြသည့် နေရာသည် အတော်လေးကျဥ်းသည် မြစ်ဖျားနေရာဖြစ်၍ တစ်ဖက်ကမ်းနှင့် မီတာနှစ်ဆယ်ခန့်သာ ဝေးတာဖြစ်သည်။ 


စန်း၀မ် : " ငါ အဆုံးထိကူးပြမယ် စောင့်နေလိုက် မြန်မြန်ချွတ်လေကွာ စောင့်နေရအောင် မလုပ်နဲ့"


ရှင်းဖူက အေးလွန်းလို့ မခံနိုင်တော့ ။ " တ့ တ့ တ့ဝေ့ မြန်မြန် ချွတ်လိုက်ကွာ "


တ့ဝေ့လည်း တုန်တုန်ယင်ယင်ဖြင့် အင်္ကျီများကို ချွတ်လိုက်ရသည်။ သေစမ်းကွာ ၊ အေးလိုက်တာ ။ ချွတ်ပြီးနောက်တွင် အသေအချာကိုပင် စန်း၀မ်ထံမှ အထင်သေးသည့်အကြည့်ကို ခံလိုက်ရပြန်သည်။ ပိုတောင် သေးတာပဲ ။ 


တ့ဝေ့မှာ အေးလွန်၍ သွားချင်းရိုက်နေကာ တုန်ယင်လ်ို့နေသည်။ " ဒီနေ့ ....ဒီနေ့ကိစ္စကို ဘယ်သူကမှ ဘယ်သူကမှ မပြော ...လူကြီးတွေကို မပြောရဘူး ပြောတဲ့သူ ဘယ်သူမဆို ...."


ရှင်းဖူက ဆက်အော်ပေးသည်။ " ဘယ်သူမဆို အ​ဖေက ငကြောက်ဖြစ်ပြီး အမေက ဖိနပ်စုတ်(မ်ိန်းမပျက်)ပဲ တစ်မိသားစုကလည်း ခွေးတွေပဲ "


ကလေးအချို့သည် အိမ်မှ လူကြီးများ ပြောတတ်ကြသည့် ရိုင်းစိုင်းသည့်စကားများကို နားထောင်ရင်း ဆဲဆိုတက်လာကြတာဖြစ်၏ ။ ကျောက်ကွေ့ရှန်နှင့် ကျောက်ကွေ့လျန်တို့ ညီအစ်မနှစ်ယောက်သည် ရိုင်းလွန်း၍ ရွာထဲ၌ နာမည်ဆိုးဖြင့် ကျော်ကြားကြသည်။ ထိုညီအစ်မနှစ်ယောက်သည် အတင်းအလွန်ပြောကြသူများလည်း ဖြစ်၏ ။ သူတို့ရှေ့က ဖြတ်လျှောက်ပါက တင်ကိုဘယ်လိုလှုပ်ပြီးလျှောက်တာလေဟု အတင်းအပြောခံရမည်ဖြစ်ကာ သူတို့နောက်မှ ဖြတ်လျှောက်လျှင်တော့ ဘယ်လိုတောင် ခိုးကြောင်ခိုး၀ှက်နဲ့ ကောက်ကျစ်တာလေဟူ၍ အတင်းပြောခံရမည်ဖြစ်သည်။ အတူယှဥ်လျှောက်ပြန်ရင်လည်း သူတို့ကို ဘယ်လိုမနာလိုနေတာ ၊ ဘယ်လိုအထင်သေးနေတာဟူ၍ အတင်းပြောခံရပေလိမ့်မည် ။ သူတို့ထက် စောပြီး ဟင်းချက်လျှင်လည်း အရင်ဘ၀က ပြိတ္တာသေလို့ ၀င်စားတာလားမသိဘူးဟု ပြောပြန်ကာ နောက်ကျမှချက်လျှင် အပျင်းထူတယ်ဟု ပြောတက်ပြန်လေသည်။ 


ပြောပြိီးနောက်တွင် တ့ဝေ့နှင့် ရှင်းဖူတို့သည် တံတွေးများထွေးလိုက်ကြသည်။ ဤသည်က အမှတ်အသားပြုခြင်းဖြစ်လေသည်။ ဘယ်သူပဲဖြစ်ဖြစ် ပြောလိုက်ပါက တစ်မိသားစုလုံးခွေးဖြစ်ကာ တံတွေးဖြင့် အထွေးခံရမည်ဟုလည်း သဘောသက်ရောက်ပေသည်။ 


အခြားကလေးများလည်း အလျှိုလျှို တံတွေးထွေးလိုက်ကြသည်။


စန်း၀မ်က အော်သည် ။ " သုံးအထိရေပြီးရင် ခုန်ချကြမယ် " 


ရှင်းဖူ : " ခုန်ချကြမယ် " 


"  ၁ ...၂ ... ၃ ... " 


စန်း၀မ် အံကြိတ်ကာ ခုန်ချလိုက်သည်။ 


ရှင်းဖူနှင့် တ့ဝေ့က ခုန်ချခြင်းမပြုဘဲ ချက်ချင်းအင်္ကျီများကို ကောက်၀တ်လိုက်ကြသည်။ အေးလို့ သေတော့မယ် ။ အေးလို့ သေတော့မှာပဲ ။


ကလေးများ အံ့သြသွားကြသည်။


 " မင်းတို့ ဘာလုပ်တာလဲ "


စန်း၀မ် ခုန်ဆင်းသွားသည်ကို တွေ့သည့်အခါ ရှောင်၀မ်က အော်ငိုကာ ရေထဲလိုက်ဆင်းချင်နေလေသည်။


 " စန်း၀မ်... စန်း၀မ်..."


ရှင်းဖူ : " ငါက အရင်က ကူးပြီးသွားပြီ အခုကူးပြဖို့မလိုတော့ဘူး " 


တ့ဝေ့ : " ငတုံးကောင် "


စန်း၀မ်မှာ ရေထဲဆင်းလိုက်သည်နှင့် ခိုက်ခိုက်တုန်အောင် အေးသွားသည်။ လေက တစ်ဖြူးဖြူးတိုက်နေသဖြင့် တုန်ယင်လာကာ သွားများပင် ကြိတ်နေမိပြီဖြစ်သည်။ အမြန်ကူးလိုက်ပြီးနောက် ရေသည် နွေးနေသည်ကို သတိထားမိသွားလေသည်။ ရေဒီယိုက လိမ်နေတာမဟုတ်ဘူး ။ တကယ် အရမ်းကြီး မအေးဘူးပဲ ။ 


စန်း၀မ် ရှင်းဖူနှင့် တ၀မ့်တို့ထံ လှမ်းအော်လိုက်သည်။ " မင်းတို့နှစ်ကောင်က အပြောပဲရှိတယ် တကယ်လည်း မလုပ်ရဲကြပဲနဲ့ "


ရှင်းဖူ : " တံတွေးလည်း ထွေးပြီးသွားပြီမို့လို့ ဘယ်သူမှ ဘာမှပြန်ပြောလို့မရတော့ဘူး ပြောတဲ့လူ ခွေးပဲနော် " ဟုဆိုကာ တ့ဝေ့ကိုပင် ပုခုံးပုတ်လိုက်သေးသည်။ 


" မင်းက တကယ်တော်တဲ့ကောင်ပဲ " ဟုပြောကာ စန်း၀မ်ကို လက်ညှိုးထိုး၍ လှောင်နေလေသည်


 " ဟားဟားဟား ငတုံးကောင် " 


တံတွေးထွေးပြီးသွားလို့ ဘယ်သူမှလည်း ပြန်မတိုင်နိုင်တော့ဘူး ။ သူတို့ကိုယ်တိုင်လည်း ရေထဲဆင်းစရာမလိုလိုက်ဘူး ။ ဟားဟားဟား ငတုံးကောင် ။ 


စန်း၀မ် ပေါက်ကွဲသွားလေသည်။ 


တ့ဝေ့ကလည်း အော်သည်။


 " နိုင်ဖို့ဆို အသွားအပြန်ကူးပြရမှာနော် မဟုတ်ရင် မင်းရှုံးပြီ အဲ့နေ့တုန်းက ရှင်းဖူဆို အကျယ်ကြီး တစ်ပတ်ကူးပြတာ "


စန်း၀မ် ဒေါသထွက်ကာ ရေဖြင့် လှမ်းပက်ရင်း ပြန်အော်လိုက်သည်။ " ငါ နှစ်ပတ်တောင် ကူးနိုင်တယ် မင်းတို့နှစ်ကောင်ကမှ အမှိုက်တွေ " 


မလှုပ်ရှားဘဲနေတာက ပိုအေးသည်ဟုထင်၍ စန်း၀မ် ရေပြန်ကူးလိုက်သည်။ ထိုအခါမှသာ နွေးလာ၍ စိတ်၀င်စားဖ်ို့ ကောင်းပေသည်။ စန်း၀မ် ရေထဲမှ ငါးလေးလိုပဲဟုပင် ကိုယ့်ကိုယ်ကိုထင်ကာ နှစ်ပတ်ကူးပြလိုက်ဦးမယ်ဟု ကြံနေလေသည်။ 


ရှောင်၀မ်က ကမ်းပေါ်မှနေ စိုးရိမ်နေရှာကာ စန်း၀မ်အား မြန်မြန်ပြန်တက်လာတော့ဟု အော်နေသည်။ 


" ရှောင်၀မ် စိတ်မပူနဲ့ ငါအဆင်ပြေတယ် " 


သူ ပြန်အော်ကာ  တစ်ဖက်ကမ်းကို ကူးသွားလိုက်သည်။ ရေမကူးရသည်မှာ နှစ်၀က်ကျော်နေပြီဖြစ်သဖြင့် ပြန်ကူးသည့်အခါတွင် အတော်လေးပျော်နေလေသည်။


 " ပျော်ဖို့ကောင်းလိုက်တာကွာ မင်းတို့ မကူးရဲဘူးမလား အသုံးမကျတဲ့ကောင်တွေ "


ရှင်းဖူနှင့် တ့ဝေ့က ဒေါသထွက်ကာ ပြန်အော်ပြောနေကြ၏ ။ 


ကမ်းပေါ်တွင် ကျန်ခဲ့သည့် အခြားကလေးများကတော့ စန်း၀မ်ကို အားပေးနေကြကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြလေသည်။


 " စန်း၀မ်ကော တော်လိုက်တာ "


 " အစ်ကိုကြီးတ၀မ်လိုပဲ မိုက်လိုက်တာ "


စန်း၀မ် ကျေနပ်သွားသည်။ 


ရှင်းဖူနှင့် တ့ဝေ့မှာ မျက်နှာပျက်လာကြသည်။ စန်း၀မ်အား လှောင်ပြောင်ချင်ခဲ့၍ တံတွေးထွေးကာ ပြန်မတိုင်နိုင်အောင် ကြံစည်ခဲ့တာဖြစ်သော်လည်း ထိုကောင်လေးက အတင့်ရဲပြီး ရေထဲတကယ်ခုန်ချသွားမည်ဟု မထင်ထားခဲ့ကြ ။ တကယ်ခုန်ချသွားတော့လည်း ပျော်ပျော်ကြီးကြည့်ကာ လှောင်ကြမည်ဟု တွေးထားကြတာဖြစ်လေသည်။ 


သို့သော်လည်း စန်း၀မ်က တကယ်ကြီး ရေဆက်ကူးပြနေလေသည်။ 


စန်း၀မ် အားပေးခံနေရသည်ကိုကြည့်ကာ ထိုနှစ်ယောက်မှာ ဒေါသထွက်နေလေသည်။ 


ထိုစဥ်မှာပဲ စန်း၀မ်က ရေထဲတွင် ရေဆက်မကူးတော့ဘဲ ခြေထောက်ကိုကိုင်ကာ အော်ဟစ်နေသည်ကို တွေ့လိုက်ကြရသည်။ 


စန်း၀မ်က သွေးပူအောင် လုပ်ခြင်းမရှိဘဲ ရေထဲသို့ ဆင်းခဲ့တာဖြစ်သည်။ ရုတ်တရက် ခြေသလုံးမှ စူးကာအောင့်လာ၍ ကြွက်တက်လာတာဖြစ်သည်ကို စန်း၀မ် သိလိုက်သည်။ လန့်သွားကာ ယက်ကန်ယက်ကန်ဖြင့် ကမ်းဘက်သို့ ပြန်ကူးလာသော်လည်း ခြေထောက်သည် ပိုပို၍ နာကျင်လာကာ ရေထဲသို့ တဖြည်းဖြည်း နစ်လာလေသည်။


Xxxxxx