Part 377
လင်းလန်က ရွာထဲမှမိန်းမတစ်ယောက်ကိုသွားရှာကာ ကလေးမများကိုခေါ်သွားပြီး သူမ ပြန်နှင့်မည်ဟုပြောခဲ့သည်။
ရလဒ်အနေဖြင့် သူမရွာထဲသို့ဝင်ဝင်ခြင်း ကလေးတစ်ယောက်က သူမဆီပြေးဝင်လာကာ ရှောင်ဝမ်နှင့်စန်းဝမ်တို့ မြစ်ထဲကျသွားပြီး လျှိုကွေ့ဖာက သူတို့ကိုကယ်ထားကြောင်းလာပြောလေသည်။
သူမတို့နှစ်ယောက်လုံး အိမ်သို့အမြန်အပြေးပြန်လာခဲ့ပြီး ကံကောင်းစွာဖြင့် ကလေးနှစ်ယောက်လုံးက အကောင်းပတိပင်။
စန်းဝမ်က ဘာဖြစ်သွားလဲပြောပြချင်သော်လည်း ကျိန်ဆိုခဲ့သည်ကို သတိရသွား၍ ဘာမှမပြောနိုင်တော့ပေ။ သူခဏမျှတုန့်ဆိုင်းသွားပြီးမှပြောလေသည်။
"အသီးအရွက်တွေသွားဆေးတာပါ...."
ရှောင်ဝမ်ကလည်း အခြားကလေးများနှင့် ကျိန်ဆိုခဲ့သည့်အတိုင်း လူကြီးများကိုပြန်မပြောချင်ပေ။ သူကငယ်သေးပြီး ကျိန်ဆိုသည့်အဓိပ္ပါယ်ကိုနားမလည်သော်လည်း ပြောမရလျှင် မပြောရုံသာဖြစ်သည်။ ထို့အပြင် သူသာထိုအကြောင်းကို လူကြီးများကိုပြောလိုက်ပါက သူကမကောင်းသည့်လူဖြစ်သွားလောက်လေသည်။ ထို့အပြင် သူ့တတိယအစ်ကိုက မြစ်ထဲရေကူးဆင်းကြောင်း သူ့မိဘများသိပါက သူတို့ကိုပြန်ပို့လောက်သည်။ သူကပြန်အပို့မခံချင်သလို သူ့မိဘများနှင့်မခွဲချင်ပေ။
လင်းလန်က စိတ်ဖိစီးစွာပြောလိုက်သည်။
"ကောင်စုတ်လေးတွေ... အခုအချိန်ရေကဒီလောက်အေးစက်နေတာကို ဘယ်လိုလုပ် အသီးအရွက်တွေသွားဆေးနိုင်ရတာလဲ...."
မိုင်စွေ့ : "စန်းဝမ်.... ဘာတွေဖြစ်ခဲ့တာလဲ.... အမှန်အတိုင်းပြောစမ်းပါ...."
စန်းဝမ်က အမှန်အတိုင်းပြောချင်သော်လည်း သူ့လည်ချောင်းထဲတွင် တစ်ခုခုဆို့နေသည့်ဟန်ဖြင့် ပါးစပ်ပင်မဟလိုက်နိုင်ပေ။
သူကျိန်ဆိုထားခဲ့သည်ဖြစ်၍ ပြောလိုက်၍မရပေ။
ရှောင်ဝမ်: "မာမား... အစ်မ... အစ်ကိုနဲ့သားက... အသီးအရွက်တွေသွားဆေးတာပါ...."
သူတို့ မြစ်ဆီသို့အသီးအရွက်များသွားဆေးသည်က အမှန်ပင်ဖြစ်သည်။ ဆေးပြီးသည်နှင့်တတိယအစ်က်ို မြစ်ထဲခုန်ချသွားသည်ကတော့ ထည့်မပြောတော့ပေ။
ရှောင်ဝမ်က ဘယ်သောအခါမှ မလိမ်ပေ။ သူပြောသည်ကိုကြားသည်နှင့် လင်းလန်နှင့် မိုင်စွေ့က ယုံသွားလေသည်။ မိုင်စွေ့က သူ့မောင်လေးများကိုကြည့်ပြီးစန်းဝမ်တစ်ယောက် ပြဿနာတက်တော့မည်ကိုတွေးပူနေသည်။
လင်းလန်က ကလေးများအဆင်ပြေကြောင်း မြင်လိုက်ရပြီးမှ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ ထို့နောက်တွင် စွပ်ပြုတ်အိုးတည်နေသော လူငယ်လေးကိုသတိရသွားပြီး မီးဖိုထဲမှခေါ်ကာဧည့်ခန်းထဲ၌ ထိုင်ခိုင်းပြီး မိုင်စွေ့ကိုဆက်လုပ်ခိုင်းလိုက်သည်။
ရွှယ်မင်းလျန်က သူ့ကိုယ့်သူမိတ်ဆက်လိုက်ပြီးကျေးဇူးတင်စကားထပ်ကာထပ်ကာပြောလေသည်။ သူ့အမေက လင်းလန်၏အကြောင်းကို များစွာပြောပြခဲ့သည်။ သူ့သား အိမ်သို့လွန်ခဲ့သည့်နှစ်ရက်က ပြန်လာခဲ့သည်ဖြစ်၍ သူမသားကိုလွှတ်ကာ လူကိုယ်တိုင်ကျေးဇူးတင်စကားပြောခိုင်းလိုက်သည်။
လင်းလန်က အတော်လေးတိုက်ဆိုင်သည်ဟုတွေးလိုက်မိသည်။
"တကယ့်ကိုရေစက်ပါပဲရှင်.... ဘာကိုမှကျေးဇူးတင်စရာမလိုပါဘူး... နည်းနည်းလေးအားထုတ်ပြီးကူညီပေးလိုက်ရုံပါပဲ...."
သူမက ရွှယ်မင်းလျန်ကို သူမကလေးများကိုကယ်ပေး၍ကျေးဇူးတင်လိုက်သည်။ ယခုတွင် ကလေးနှစ်ယောက်က မြစ်ထဲသို့မတော်တဆကျသွားပြီး လျှိုကွေ့ဖာနှင့် ရွှယ်မင်းလျန်တို့က ကယ်ပေးခဲ့သည်ဟုယုံကြည်နေလေပြီ။ရွှယ်ကျွင်းလျန်က စန်းဝမ်၏ရုပ်ကိုကြည့်ပြီး ဘာမှမပြောလိုက်ဘဲ ပြုံးရုံသာပြုံးလိုက်တော့သည်။
"အစ်မရယ် အကြောင်းရှိလို့အကျိုးဖြစ်ရတာပါ...."
ထိုသို့ပြောပြီးနောက်တွင် စန်းဝမ်ကိုချီးကျူးလိုက်သည်။
"သူကတော့ တကယ့်ကိုအစ်ကိုကောင်းတစ်ယောက်ပဲ.... ခြေထောက်ကြွက်တက်နေတာတောင် ကိုယ့်ညီကိုယ်ရအောင်ကယ်ခဲ့တယ်... "
မိုင်စွေ့ကထိုစကားကိုကြားပြီးနောက်တွင် ငိုမိသွားသည်။
"စန်းဝမ်... အစ်မနောက်ဆို ဘယ်တော့မှမဆူတော့ဘူးနော်...."
စန်းဝမ်က သူ့ခေါင်းကိုငုံ့သည်ထက်ပိုငုံ့သွားပြီး ရှောင်ဝမ်က သူ့မျက်နှာကိုထိလာသည်။
"အစ်ကိုငယ်...."
စန်းဝမ်ထပ်မံငိုကြွေးပြီး သူ့ကိုယ်သူပြန်ရိုက်လေသည်။
လင်းလန်နှင့် ရွှယ်မင်းလျန်တို့က အချင်းချင်းနှုတ်ဆက်ကြပြီး သူ့ကိုညစာစားသွားရန်ခေါ်လိုက်သည်။
ရွှယ်မင်းလျန်က ငြင်းဆိုခဲ့သည်။ အချင်းချင်းမိတ်ဆက်ကြပြီး အိမ်တွင်ထမင်းစားခြင်းသင့်တော်ပါသည်။ သို့သော် အိမ်၌ ပြဿနာရှိနေပါက ဆက်လက်နှောင့်ယှက့်ရန်မကောင်းတော့ပေ။
"အလုပ်ရှုပ်နေပါမယ်.. ကျွန်တော် နောက်နေ့မှပြန်လာလည်ပါ့မယ်... အိမ်လည်းသိသွားပြီပဲလေ...."
လင်းလန်ကလည်း သူ့ကိုမတားလိုက်ပေ။ မည်သို့ပင်ဆိုစေ သူမသားများ ရေထဲကျထား၍ ဧည့်သည်ကို ဧည့်ခံရန် စိတ်အခြေအနေလည်းမရှိပေ။ ထို့ကြောင့် အိမ်ရှေ့သို့သာလိုက်ပို့ခဲ့သည်။
ခဏအကြာတွင် လျှိုကွေ့ဖာ ဆရာဝန်ပင့်လာခဲ့သည်။ သူကလည်း လင်းလန်လိုပင် ကလေးများက အေးစက်နေသည့် မြစ်ထဲကျသွားခဲ့၍ ကြောက်နေမည်ဟုတွေးပြီး အအေးမိသွားမှာလည်းစိုးရိမ်နေသည်။
ဆရာဝန်က ကလေးများကို ကြည့်ပေးပြီးပြောခဲ့သည်။
"အဆင်ပြေပါတယ်... အဖျားမရှိဘူး...."
လင်းလန်က အနည်းငယ်စိုးရိမ်နေဆဲပင်။
"အကယ်၍ ဖျားလာရင်ကော...."
"ဖျားလာရင်တော့ အကိုက်အခဲပျောက်ဆေးတစ်ဝက်လောက်တိုက်လို့ရပါတယ်... ဒါပေမဲ့အဖျားမကြီးသွားအောင်တော့ ဂရုစိုက်ပေးရမယ်...."
လင်းလန်က သူ့ကိုမေးခွန်းများစွာမေးလာပြီး ဆရာဝန်ကအကုန်ဖြေပေးလေသည်။ လင်းလန်၏မေးမြန်းနေပုံက နားထောင်ရသည်မှာ သက်တောင့်သက်သာမရှိလှပေ။
လျှိုကွေ့ဖာက ထိုဖြစ်ရပ်ကိုမြင်ပြီး ဆရာဝန်ကိုအရင်ပြန်ခိုင်းလိုက်သည်။
"ချင်စုန့်နဲ့တခြားလူတွေက အရှေ့တောင်ဘက်ကိုသွားအလုပ်လုပ်ကြတယ်... ငါသူ့ကိုဒီနေ့စောစောပြန်လာခဲ့ဖို့ပြောပေးပါ့မယ်...."
သူက ဆရာဝန်ကိုပြန်လိုက်ပို့လိုက်သည်။ ဆရာဝန်က အတော်လေးစိတ်ရှည်သူဖြစ်လေရာ လင်းလန်၏မေးခွန်းများကြောင့် ဒေါသမထွက်ပါချေ။
မိုင်စွေ့က စွပ်ပြုတ်လုပ်ပြီးနောက်တွင် လင်းလန်ကစွပ်ပြုတ်ထဲ ကြက်ဥနှစ်လုံးထည့်ကာမွှေလိုက်ပြီး သကြားပါထည့်လိုက်သည်။
၎င်းကိုသောက်လိုက်ပါက အအေးဓာတ်ကိုတွန်းလှန်ပြီး ချွေးများထွက်လာကာ အအေးမိခြင်းမှကာကွယ်ပေးနိုင်သည်။ ယခုခေတ်အခြေအနေတွင် ကလေးများအတွက်ဟူ၍ အထူးပြုလုပ်ထားသောဆေးများလည်းမရှိသလို အရွယ်မတိုင်မီသေဆုံးမှုများစွာရှိသဖြင့် သူမလုံးဝစိတ်မချရဲပါချေ။
စွပ်ပြုတ်ပူပူကိုသောက်ပြီးနောက်တွင် ရှောင်ဝမ်က အိပ်ချင်လာခဲ့ပြီး စန်းဝမ်က ခေါင်းငုံ့တိတ်နေပြီး သူ့တစ်ကိုယ်လုံးက အကြောက်တရားကြောင့် တဆတ်ဆတ်တုန်ယင်နေသည်။
လင်းလန်က သူ့ကိုဖက်ပေးထားကာ ကရုဏာသံဖြင့်ပြောလိုက်သည်။
"အေးနေတုံးပဲလား...."
သူမ သူ့နှဖူးလေးကိုထိလိုက်သည်။ သူကအတော်လေးနွေးနေပြီး အဖျားမရှိသော်လည်း သူ့ခန္ဓာကိုယ်အပူရှိန်က အနည်းငယ်မြင့်နေဆဲဖြစ်သည်။ သူ့ခြေလက်များကို ထိကြည့်သောအခါ အေးစက်မနေ၍ အဖျားတော့မဟုတ်တန်ရာ၏။
ကြောက်လန့်နေ၍သာဖြစ်ရပေမည်။
လင်းလန်က သူ့ကိုဖက်ထားပေးပြီး ခေါင်းလေးကိုပွတ်ပေး၊ ကျောလေးကိုပုတ်ပေးပြီး နားရွက်နားကပ်ကာ ချော့မြူစကားများပြောပေးပြီး စိတ်သက်သာရာရအောင်လုပ်ပေးလိုက်သည်။
စန်းဝမ်က လင်းလန်၏လက်မောင်းများကြားထဲတွင်လှဲနေပြီး သူ့အမေ၏ မေတ္တာနှင့် ကရုဏာတရားတို့ကို ခံစားမိပြီး မျက်ရည်မိုးများ ပိုမိုသွန်းဖြိုးလာတော့သည်။ သူ့ရင်ထဲတွင် သူ့ကိုမစွန့်ပစ်သွားရန် ဆုတောင်းနေမိသည်။
သူ့ စိတ်ထဲတွင် သူ့အမှားသူဝန်ခံသင့်ကြောင်း ခံစားမိသော်လည်း အကယ်၍ သူ့အမေသာ သူကမြစ်ထဲခုန်ချပြီး ရှောင်ဝမ်ကိုပါပြုတ်ကျအောင်လုပ်ခဲ့ကြောင်းသိပါက သူ့ကိုလုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်း သူသိနေသည်။ အရိုက်ခံရပါကအဆင်ပြေပါသည်။ သူ့အစ်ကိုကြီးပင် အရိုက်ခံနိုင်သေးလေရာ သူကလည်းအေးဆေးအရိုက်ခံနိုင်သည်။ သို့သော် သူ့ကိုအိမ်မှနှင်ထုတ်မည်ကိုကြောက်နေမိသည်။
သူအတော်လေး မလုံမလဲဖြစ်ကာ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီး၊ ကြောက်လန့်ကာ ထိတ်လန့်တကြားဖြစ်လျက် ပင်ပန်းလွန်း၍ မှေးခနဲအိပ်ပျော်သွားသည်။
Xxxxxxx
Part 378
လင်းလန်က ဤကလေးအမှန်တကယ်ကြောက်နေသလားဟု တွေးနေမိသည်။ စန်းဝမ်ကငိုခဲလှသည်။ သူကြောက်လျှင်ပင် မငိုတတ်လေရာအတော်ကြီး ကြောက်သွား၍သာဖြစ်ရပေမည်။
မိုင်စွေ့ : "မာမား... အန်တီ့ကိုသွားခေါ်လိုက်ရမလား....."
ရှုယွမ်၏အမေမှာ ဝိဉာဉ်ပြန်ခေါ်တတ်သူဖြစ်သည်။
လင်းလန်က ထိုကိစ္စများကိုမယုံသော်လည်း ယခုအချိန်တွင် အများကြီးမစဉ်းစားနိုင်တော့ပေ။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုပင်မရှိသေး၍ မိုင်စွေ့ကို အမြန်သွားရန်လောဆော်လိုက်သည်။
ရှုယွမ်အမေနှင့် မိုင်စွေ့တို့က အမြန်ဆုံးပြန်ရောက်လာကြပြီး သူမက ကလေးများနားကိုအမြန်ဆုံးလာပေးသည်။
"တကယ်လိမ္မာတဲ့ကလေးက ကောင်းမွန်တဲ့အနာဂတ်ကိုရမှာပဲ...."
သူမက လင်းလန်ကို စက္ကူပြာအချို့ကိုယူခိုင်းလိုက်ပြီး ဆန်တစ်ပန်းကန်ကိုတောင်းကာ အမွှေးနံ့သာသုံးချောင်းကိုစိုက်ပြီး ဝိဉာဉ်ခေါ်လေသည်။
ကျေးလက်ဒေသမှကလေးများက အလွယ်တကူကြောက်လန့်တတ်သည်။ သူတို့မသိသည့်အရာတစ်ခုခုကိုမြင်သည်နှင့် အလွန်အမင်းကြောက်လန့်သွားတတ်လေသည်။ ထို့ကြောင့် လူကြီးများက ကလေးများ အလွန်အမင်းကြောက်လန့်သွားလျှင် ဝိဉာဉ်လွင့်သွားတတ်သည်ဟု ယုံကြည်ကြလေသည်။
ဝိဉာဉ်ပြန်ခေါ်ပြီးနောက်တွင် လင်းလန်က မယုံကြည်နေဆဲဖြစ်သည်။ သို့သော် စန်းဝမ်က စတင်အိပ်ပျော်လာပြီး ရှောင်ဝမ်က နှစ်နှစ်ကာကာ အိပ်ပျော်သွား၍ အတော်လေးစိတ်သက်သာရာရသွားရသည်။
လင်းလန်က ရှုယွမ်အမေနှင့်စကားပြောပြီး ရှုယွမ်အမေက သူမကိုအလွန်စိတ်မပူရန်နှစ်သိမ့်ပေးလေသည်။ ကလေးများဆိုသည်မှာ အလွန်သေးကွေးကြသူများဖြစ်၍ ထိုသို့အဖြစ်များသည်ဟုပြောလေသည်။
"ဒီလိုကလေးကြီးတွေမြစ်ထဲချော်ကျတာမပြောနဲ့ ငါတို့လိုလူကြီးတွေတောင် ချော်ကျတတတ်သေးတာပဲလေ... အဝတ်သွားလျော်တဲ့ အမျိုးသမီးတွေ ပိုးကောင်လိုက်ဖမ်းတဲ့လူတွေကောပေါ့...."
တော်လှန်ရေးကာလတုန်းက ရေသွယ်မြောင်းများတူးဖော်ရေးကိုလုပ်ကိုင်ခဲ့ကြပြီး လူပေါင်းများစွာက တူးမြောင်းများတူးကြပြီး လယ်ကွင်းများဆီတိုက်ရိုက်ရောက်နိုင်စေရန် ပြုလုပ်ခဲ့ကြသည်။ မိုးရာသီ ရေကြီးချိန်ဆိုလျှင် ရေကအမြဲပြည့်နေပြီး ငုံ့ကြည့်ရန်ပင်ကြောက်စရာကောင်းလှသည်။
တစ်ခါတစ်ရံ မြောင်းကမ်းပါးများမှလမ်းလျောက်လျှင် အမှတ်မဲ့ချော်ကျလေ့ရှိသည်။ အနီးအနားတွင် အလုပ်လုပ်ကြသော မိန်းမများနှင့် ကလေးများစွာက ချော်ကျလေ့ရှိပေသည်။ ခြေတစ်လှမ်းမှားလျှင်ပင် ပြုတ်ကျပြီဖြစ်သည်။
ကလေးများ နှစ်ခြိုက်စွာအိပ်နေသည်ကိုကြည့်ပြီး နောက် ရှုယွမ်အမေက အိမ်ပြန်ကာ အလုပ်ပြန်လုပ်လေသည်။
လင်းလန်က အနွေးကုတင်ပေါ်ပြန်သွားကာ ကလေးနှစ်ယောက်ကို စောင့်ပေးနေသည်။ ရှောင်ဝမ်က အေးဆေးအိပ်ပျော်နေသော်လည်း စန်းဝမ်က အံကြိတ်၊ မျက်မှောင်ကြုတ်၊ လက်သီးတင်းတင်းဆုပ်ရင်း ဘောလုံးလေးတစ်လုံးလိုကွေးနေပြီး တစ်ခါတစ်ရံတုန်ပင်တုန်ယင်နေသေးသည်။ သူ့နှဖူးမှလည်း ချွေးတို့စီးကျနေသဖြင့် လင်းလန်က သူ့နှဖူးလေးကိုစမ်းကြည့်သောအခါတွင် အဖျားလည်းမရှိသလို အေးလည်းမအေးနေပေ။
သူမက မိုင်စွေ့ကို ရေနွေးသွားထည့်ခိုင်းပြီး လက်ကိုင်ပုဝါလေးနှစ်ကာ သူ့နှဖူး၊ လက်ဖဝါး၊ ခြေဖဝါးများကို အနွေးဓာတ်ရအောင်သုတ်ပေးလိုက်သည်။ ထို့နောက်တွင် စန်းဝမ် အိပ်မက်ဆိုးဆက်မမက်စေရန်နှင့် မလုံမခြုံခံစားချက်မှလွတ်မြောက်အောင် ကျောလေးကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။
ခဏအကြာတွင် သူ့ခန္ဓာကိုယ်က တည်ငြိမ်လာပြီး တုန်ယင်ခြင်းမရှိတော့ချေ။
မိုင်စွေ့က အနွေးကုတင်ပိုမိုနွေးလာစေရန် ထင်းထပ်ထည့်ပေးလိုက်သည်။
ထိုအချန်တွင် အပြင်ဘက်လမ်းပေါ်မှ အော်ဟစ်သံထွက်ပေါ်လာသည်။
"ဒါအနိုင်ကျင့်တာ... တကယ်အနိုင်ကျင့်တာပဲ... ရွာရဲ့ခေါင်းဆောင်ဆိုတဲ့ နောက်ခံကိုထားပြီး အနိုင်ကျင့်နေတာ...."
ကြည့်ရသည်မှာ ၎င်းက သူမတို့မိသားစုကိုပြောနေသည့်ပုံပင်။ လင်းလန်မျက်မှောင်ကြုတ်သွားပြီး မိုင်စွေ့ကို ဘာဖြစ်နေလဲထွက်ကြည့်ခိုင်းလိုက်သည်။
မိုင်စွေ့ပြန်လာချိန်တွင် ကြောင်တောင်တောင်လေးဖြစ်နေသည်။
"မာမား... ကျောက်ကွေ့လျန်နဲ့ တဝေ့အမေတို့က အကြီးဆုံးအစ်ကိုက သူတို့ကလေးတွေကိုအနိုင်ကျင့်ပြီး မြစ်ထဲခုန်ချခိုင်းနေတယ်လို့ပြောနေတယ်....."
လင်းလန်: "မြစ်ထဲခုန်ချခိုင်းတယ်... ဘာဖြစ်လို့ပါလိမ့်...."
သူမ မိုင်စွေ့ကိုမောင်လေးများကိုကြည့်ထားရန်ပြောပြီး အပြင်ထွက်ကြည့်လိုက်သည်။ သူမအပြင်ထွက်လာသည်နှင့် အပြင်ဘက်တွင် ကျောက်ကွေ့လျန်နှင့် ရွာထဲမှအမျိုးသမီးတစ်ယောက်တို့ ငိုယိုနေသည်ကို မြင်လိုက်ရသည်။
တုန်ဟွိုင်ဟွကပြေးထွက်လာသည်။
"ကျောက်ကွေ့လျန်.. စွန်းအိုက်ဖန်း နင်တို့ဘာတွေလုပ်နေကြတာလဲ... အရှက်မရှိကြဘူးလား...."
အမျိူးသမီးနှစ်ယောက်က တုန်ဟွိုင်ဟွကိုဆွဲလားရမ်းလာလုပ်ကြလေသည်။
"ခေါင်းဆောင်... တဝမ်က ကျွန်မတို့ကလေးတွေကို မြစ်ထဲကိုခုန်ချခိုင်းနေတာ...."
တုန်ဟွိုင်ဟွက သူမလက်ကိုပြန်ဆွဲယူပြီး ရွံရှာသလိုပြောလိုက်သည်။
"ဘာတွေပြောနေတာလဲ... မြစ်ထဲမှာဘာဖြစ်တာလဲပြော... နင်တို့ဘာတွေလုပ်ခဲ့တာလဲ..."
"ကျွန်မ ဘာမှမလုပ်ရပါဘူး...."
ကျောက်ကွေ့လျန်က မြေကြီးပေါ်လူးလှိမ့်၍ငိုကြွေးလေသည်။ သူမတကယ်မငိုသော်လည်း အတော်လေးအော်ဟစ်နေသည်။ တစ်ဖက်ကအမျိုးသမီးကလည်း သူမနှင့်တစ်ပုံစံတည်းလိုက်လုပ်နေသည်။
လင်းလန်က တစ်ခုခုမှားနေကြောင်းချက်ချင်းသိသွားသည်။ သူမကလေးနှစ်ယောက်က ဟင်းသီးဟင်းရွက်တွေသွားဆေးရင်း မြစ်ထဲကျသွားတာ မဟုတ်တာဖြစ်လောက်မလား။
သူမ ထိုမိန်းမနှစ်ယောက်ကိုလျစ်လျူရှုပြီး စန်းဝမ်နှင့်ရှောင်ဝမ်တို့ ရေထဲကျသွားခဲ့သောနေရာကို သွားလိုက်သောအခါတွင် လူပေါင်းများစွာကထိုနေရာ၌ ရပ်နေကြကြောင်းတွေ့လိုက်ရသည်။
အချို့လူများက ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဆီပြေးကာ ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ကိုပါသွားခေါ်နေကြသည်။ အချို့လူများက လုံခြုံရေးအဖွဲ့ခေါင်းဆောင်နှင့် လင်းလန်တို့မိသားစုက ဘောင်းဘီတစ်ထည်တည်း အတူဝတ်ကြသည့်လူများလို ရင်းနှီးကြသဖြင့် ယခုလိုမိုက်ရူးရဲဆန်နေကြသည်ဟုပြောကြသည်။ ထို့ကြောင့် ယခုကိစ္စကို အဖွဲ့ခေါင်းဆောင်နှင့် အတွင်းရေးမှူးထံသွားပြောသင့်သည်ဟုထင်လေသည်။ သို့သော် ခေါင်းဆောင်နှင့်အတွင်းရေးမှူးတို့မှာ အရှေ့တောင် တောင်စောင်းတွင် စိုက်ပျိုးရေးလုပ်နေကြ၍ ညကြမှသာပြန်လာကြမည်ဖြစ်လေသည်။
လင်းလန်နှင့်တုန်ဟွိုင်ဟွတို့လာနေသည်ကို မြင်သည်နှင့် သူတို့အားလုံးပါးစပ်ပိတ်သွားကြပြီး စိတ်လှုပ်တရှားကြည့်နေကြသည်။
လင်းလန်က ထိုနေရာသို့လမ်းလျှောက်သွားလိုက်သောအခါ တဝမ်က မြစ်ကမ်းဘေးတွင်မတ်တတ်ရပ်နေပြီး ဆယ်နှစ်အရွယ်ကလေးနှစ်ယောက်က မြေပြင်ပေါ်တွင် ထိုင်နေကြကြောင်းတွေ့လိုက်ရသည်။
လင်းလန် : "တဝမ်... သားဘာတွေလုပ်နေတာလဲ...."
တဝမ်က ကလေးများကိုဘယ်တော့မှအနိုင်မကျင့်ဘဲ သူ့ထက်အကြီးများနှင့်သာရန်ဖြစ်လေ့ရှိသည်။ ထို့ကြောင့် သူမက တစ်ခုခုတော့သေချာပေါက်ဖြစ်သွားရမည်ဖြစ်ကြောင်းသိလေသည်။
တဝမ်က သူမကိုလှည့်ကြည့်လာပြီး ပြောလိုက်သည်။
"စာရင်းရှင်းနေတာပါ...."
တဝမ်က မြေပြင်ပေါ်တွင်ထိုင်နေသော တဝေ့နှင့်ရှင်းဖူတို့ကို လက်ညှိုးထိုးလိုက်ကာ အေးစက်စွာပြောလိုက်သည်။
"ကိုယ့်ဘာသာ အဝတ်ချွတ်မလား ဒီပုံစံအတိုင်း ရေထဲကန်ချပေးရမလား..."
သူက ကိစ္စကို အတွင်းရောအပြင်ပါသိနေပြီဖြစ်၍ ဤနှစ်ကောင်ကိုမလွှတ်ပေးနိုင်ပါချေ။
Xxxxxx