အပိုင်း ၃၇၉-၃၈၀
Viewers 23k

Part 379


တဝမ်အလုပ်သွားချိန်တွင် ကျူးကျီက သူ့ဆီပြေးလာပြီး စန်းဝမ်နှင့်တဝမ်တို့ မြစ်ဆီသွား၍ အသီးအရွက်များသွားဆေးသည်ဟုပြောခဲ့သည်။ ထိုကလေးကိုမေးမြန်းပြီးနောက်တွင် သူ၏စန်းဝမ်အပေါ်နားလည်မှုအရ ထိုကောင်စုတ်လေးက သူ့ညီကိုခေါ်ပြီး အသီးအရွက်များသွားဆေးမည်ဆိုသည်မှာ သူဘယ်သောအခါမှမလုပ်မည့်ကိစ္စတစ်ခုပင်ဖြစ်သည်။


ကျူးကျီက ပထမတော့သူ့ကိုမကြည့်ရဲပေ။


ကျူးကျီကိုသူနှင့်အတူခေါ်လာကာ ကြောက်လန့်တကြားဖြင့် မြစ်ဆီပြေးလေရာ လမ်းတွင် လျှိုကွေ့ဖာနှင့်တို့တွေ့ပြီး စန်းဝမ်တို့က မြစ်ထဲတွင် အသီးအရွက်များဆေးနေသည်ဟုပြောပြခဲ့သည်။ 


ထို့နောက် လျှိုကွေ့ဖာတို့ထွက်သွားပြီးနောက်တွင် တဝမ်ကနောက်ကလိုက်မသွားဘဲ ကျူးကျီကိုသာ စူးစိုက်ကြည့်နေလိုက်သည်။ 


ကျူးကျီလည်း သူ့ကိုကြောက်လာပြီး သူ၏ကျိန်ဆိုထားမှုကိုပါမေ့ပြီး တဝမ်ကိုအကုန်ဖောက်သည်ချလေသည်။ 


ရှင်းဖူနှင့်တဝေ့တို့က စန်းဝမ်ကို ဒေါသထွက်အောင်ဆွပြီး မူလက သုံးယောက်သား ရေပြိုင်ကူးမည်ဟုပြောခဲ့ပြီး စန်းဝမ်ကိုလှည့်စားကာ ရေထဲခုန်ဆင်းစေပြီး သူတို့ကအမှန်တကယ်ရေထဲမဆင်းခဲ့ကြောင်းသိခဲ့ရသည်။ 


သို့သော် သူက ရှောင်ဝမ်ပါရေထဲ ကျသွားသည့်ကိစ္စကိုမသိခဲ့ပေ။ စန်းဝမ်ကိုသာကယ်ဖို့လိုသည်ဟုထင်ခဲ့မိသည်။


တဝမ်က ရှင်းဖူနှင့်တဝေ့ကို သွားရှာခဲ့သည်။


ထိုနှစ်ယောက်က ရှာရန်လွယ်လှသည်။ သူတို့က စန်းဝမ်ရေနစ်နေကြောင်းတွေ့ပြီးကတည်းက အလွန်ကြောက်လန့်နေခဲ့ကြသည်။  မကြာမီတွင် လျှိုကွေ့ဖာက ကယ်လိုက်ကြောင်းကြားလိုက်ရ၍ စိတ်သက်သာရာရသွားခဲ့ကြပြီး ထိုကောင်စုတ်လေး တကယ်သေသွားရမည်ဟုပြောနေကြသည်။


ရလဒ်အနေဖြင့် သူတို့အိမ်ပြန်နေသည့်လမ်းတွင် တဝမ်၏ပိတ်တားခြင်းကိုခံလိုက်ရသည်။


တဝမ်က ထိုနှစ်ယောက်ကိုလုံးဝမငြင်သာသလို ထိုနှစ်ယောက်ကလည်း ကလေးများမဟုတ်တော့၍ နှစ်ယောက်လုံးကို မြစ်ဆီသွားနေသည့်လမ်းတစ်လျောက်လုံးကန်ကျောက်လာခဲ့သည်။


 သူတို့က တဝမ်ကိုအနိုင်ယူရန်ပူးပေါင်းလိုက်သော်လည်း တဝမ်က အစကတည်းကသူတို့၏ပြိုင်ဘက်မဟုတ်ပေ။ အခုဆိုလျှင် တဝမ်က ရန်ဖြစ်သည့် နည်းလမ်းများပိုမိုတတ်မြောက်နေပြီဖြစ်၍ သူတို့မော်ပင်မကြည့်နိုင်ကြတော့ပေ။


နှစ်ယောက်သားမှာအစက တိုက်ခိုက်ပါသော်လည်း နောက်ပိုင်းတွင် အကြိမ်ရေအနည်းငယ်အကန်ခံရပြီး စန်းဝမ်ရေထဲပြုတ်ကျသည့်နေရာကိုရောက်လာကြသည်။


နှစ်ယောက်သားက မောက်မာသည့် ငတုံးငအရွာသားလေးများဖြစ်ကြပြီး ဉာဏ်ကလည်းမကောင်းကြပေ။ ထိုအချိန်က သူတို့စိတ်ထဲ၌ စန်းဝမ်ကိုရန်စဖို့သာရှိပြီး အကျိုးဆက်များကို လုံးဝထည့်မတွေးခဲ့ပေ။ ထိုအချိန်က သူတို့စိတ်ထဲ၌ တဝမ်ကိုအနိုင်မယူနိုင်လျှင် စန်းဝမ်ကိုပြန်မတိုင်နိုင်အောင် လှည့်စားပြီးအနိုင်ယူရမည်ဟုသာတွေးခဲ့ကြသည်။


တဝမ်က ရေထဲရှိသစ်ကိုင်းကိုကြည့်ပြီး ရှောင်ဝမ်က သူ့အစ်ကိုကိုကယ်ရန်ကြိုးစားရင်း ထိုသစ်ကိုင်းရေထဲကျသွားသည်ဟုသာတွေးရင်း အများကြီးမစဉ်းစားတော့ပေ။ သူကထိုနှစ်ယောက်ကို စန်းဝမ်နှင့်လောင်းထားသည့် အလောင်းအစားကိုပြီးအောင်လုပ်ရန် ပြောပြီး ရေထဲဆင်းကူးခိုင်းလေသည်။ သို့သော် ထိုနှစ်ယောက်က ငြင်းဆိုရင်း ငိုသာငိုနေခဲ့သည်။


ရလဒ်အနေဖြင့် သူကမတိုက်ခိုက်ခဲ့သော်လည်း လုံးဝသနားညှာတာမှုမပေးပါချေ။


"ဝူး....ဝူး...."


တဝမ်နှင့် ရင်ဆိုင်ရာတွင် အမြဲမောက်မာနေခဲ့ကြသော တဝေ့နှင့်ရှင်းဖူတို့မှာ အမောက်ပင်မထောင်နိုင်ကြချေ။တဝေ့က ငိုယိုရင်းရေရွတ်နေသည်။


"မင်းဘာလို့ ငါ့အစ်ကိုဆီသွားပြီး စာရင်းမရှင်းတာလဲ...."


ညီငယ်မှ အမှားလုပ်မိလျှင် အစ်ကိုကြီးက အရိုက်ခံရသည်မှာ သဘာဝပင်မဟုတ်ပါလော။


တဝမ်က သရော်လေသည်။


"မင်းအသက်ကဘယ်လောက်မလို့လဲ...."


ဒီလောက်ကြီးနေတဲ့ ယောက်ျားတစ်ယောက်က ကိုယ်လုပ်တာကိုယ်တာဝန်မယူနိုင်ဘဲ သူ့အစ်ကိုကိုတောင်သွားရှာခိုင်းသေးတယ်တဲ့လား...


ရှင်းဖူက ပတ်ပတ်လည်ကိုကြည့်နေပြီး သူ့အစ်ကိုကြီးနှင့် ဝမ်းကွဲများကို ကြည့်လိုက်သည်။ သူတို့အားလုံးက တဝမ်ဆီမှအနိုင်ယူခြင်းခံထားရ၍ ရှေ့မထွက်ရဲကြပေ။


"ဝူး...ဝူး...ဝူး..."


သူ့ခင်ဗျာ ဝမ်းနည်းပက်လက်သာငိုနေနိုင်သည်။


တဝမ်က သူ့ခြေထောက်ကိုဖြေးဖြေးချင်းမြှောက်လိုက်သည်။


"မင်းတို့ဘာသာဆင်းမလား ငါကန်ချရမလား...."


"မလုပ်ပါနဲ့...အစ်ကိုကြီးတဝမ် ခွင့်လွှတ်ပေးပါ...."


နှစ်ယောက်စလုံး တဝမ်၏ခြေထောက်ကိုဖက်ကာငိုတော့သည်။


တဝမ်ကသူတို့ကိုမြေပေါ်လဲအောင်ကန်ချလိုက်သည်။


"တစ်ဆယ်အထိရေပြီးလို့မှ မင်းတို့အဝတ်တွေချွတ်ပြီးရေထဲဆင်းတာမမြင်ရင် ငါကိုယ်တိုင်ကန်ချပေးမယ်...."


"ဝူး..ဝူး...ဝူး..."


ငိုသံများက ပိုမိုကျယ်လောင်လာသည်။


တဝမ် : "၁...၂...."

သူက မြန်ဆန်စွာမရေတွက်ဘဲ ဖြေးဖြေးချင်းရေတွက်နေသည်။


"အဖေ့...အမေ့...ကယ်ပါဦး...."


ကလေးနှစ်ကောင်လုံး ငိုယိုကာထွက်ပြေးရန်ကြိုးစားကြသည်။


ရှင်းဖူက မတ်တတ်ထရပ်ပြီး ထွက်ပြေးရန်ပြင်ပါသော်လည်း သူ့ကိုတဝမ်ကမြေပေါ်မှောက်အောင်ကန်ချလိုက်သည်။ တဝေ့က ရှင်းဖူအကန်ခံနေရသည်ကို အခွင့်အရေးယူပြီးအခြားတစ်ဖက်မှပြေးပါသော်လည်း တဝေ့က ခွေးတစ်ကောင်ကိုစောင့်ခိုင်းထားသည်ဖြစ်ရာ သွေးထွက်အောင်အကိုက်ခံလိုက်ရလေသည်။


နှစ်ယောက်စလုံး အလွန်ကြောက်သွားကြပြီး အော်ဟစ်ငိုယိုလာကြသည်။


ပွဲကြည့်သူများကလည်း ပွစိပွစိသာပြောနေကြပြီး တကယ်သွားမဆွဲကြပေ။


သွားဆွဲတော့ဘာရမှာလဲ... သွားဆွဲလိုက်တယ်ထားဦး.... ဘယ်လိုလုပ်ပွဲကြည့်လို့ရတော့မှာလဲပြော....


ကလေးနှစ်ယောက်၏ အမျိုးတော်ကြသော ဦးလေးကြီးများက လာရောက်ဖျန်ဖြေရန်ပြင်သော်လည်း တဝမ်ကသူတို့ကို အေးစက်စက်စိုက်ကြည့်ပြီး စကားတစ်ခွန်းသာပြောလိုက်သည်။


"ခင်ဗျားတို့ရော သူတို့နဲ့အတူ ရေထဲဆင်းချင်တာလား...."

ထိုလူများ ဘာမှမပြောနိုင်ကြတော့ပေ။


အခြားလူများက သူ့ကိုဝိုင်းဝန်းအပြစ်တင်ကြလေသည်။


"တဝမ်... မင်းဘာလို့ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ... သူများတွေကိုအနိုင်မကျင့်ရဘူးလေ...."


"ခင်ဗျားတို့ဘာမှမသိရင် ပါးစပ်ပိတ်ထားကြ...."


တဝမ်က ထိုတစ်ခွန်းသာပြောပြီး ဂရုပင်မစိုက်တော့ချေ။ ထိုလူမှာ အတော်လေးရှက်သွားရပြီး ခေါင်းဆောင်၏သားက အခြားလူများကိုအနိုင်ကျင့်နေပြီး ကြောက်စရာကောင်းလှကြောင်းသာ အတင်းတုတ်တော့သည်။


အချို့လူများက ဘာဖြစ်နေလဲသိသွားကြပြီး တဝမ်ကအစ်ကိုကောင်းတစ်ယောက်ဖြစ်ပြီး စန်းဝမ်တွင်ဤကဲ့သို့အစ်ကိုရှိ၍ ကံကောင်းလှသည်ဟု ချဲ့ကားပြောဆိုကြလေသည်။


"အချိန်စေ့ပြီ...."


တဝမ်က အေးစက်စွာသရော်လိုက်ပြီး သူတို့ဘာသူ ဂွမ်းအင်္ကျီများ ချွတ်ပြီးသည်ဖြစ်စေ မချွတ်ရသေးသည်ဖြစ်စေ မြစ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက်ကန်ချလိုက်သည်။


"အား....."

နှစ်ယောက်လုံး အော်ဟစ်လိုက်ကြပြီး မြစ်ကမ်းတစ်လျောက်လိမ့်သွားသည်။


တဝမ်ရွေးလိုက်သည့်နေရာက အတော်လေးမတ်ဆောက်ပြီး တမံများတစ်ခုမှမရှိ၍ ထိုနှစ်ယောက်ရေထဲသို့ ပလုံခနဲနေအောင် ကျသွားကြသည်။


လူတိုင်းက ကမ်းစပ်တွင် စိတ်လှုပ်တရှားကြည့်နေကြသည်။ ထိုကောင်လေးက အမှန်တကယ်လုပ်ရဲကိုင်ရဲရှိလှသည်။ မူလက သူတို့အားလုံး တဝမ်ဒေါသထွက်၍သာ ဤသို့လုပ်နေသည်ဟုထင်ပြီး ရိုက်နှက် ကန်ကျောက်ပြီးလျှင် ပြီးသွားမည်ဟုထင်ခဲ့သည်။ သို့သော် ထိုကောင်လေးက ပြောသည့်အတိုင်း အမှန်တကယ်လုပ်ခဲ့သည်။


တဝမ်က အကြင်နာကင်းမဲ့လှပေသည်။


Xxxxxxx

Part 380


ရှင်းဖူနှင့် တဝေ့တို့ ရေထဲကျသွားပြီးနောက်တွင် စတင်ရုန်းကန်တော့သည်။ သူတို့နှစ်ယောက်လုံး ရေကူးတတ်သော်လည်း ရေကအလွန်အေးကာ ဂွမ်းကပ်များကိုလည်းဝတ်ထားသေး၍ လက်ပေါင်းများစွာက သူတို့ကို မြစ်အောက်ခြေရောက်အောင်ဆွဲချနေသလိုခံစားနေကြရလေသည်။


ကျောက်ကွေ့လျန်နှင့် စွန်းအိုက်ဖန်းတို့က သူတို့၏သားများ ကန်ချခံလိုက်ရသည်ကိုမြင်သည်နှင့် မြစ်ကမ်းပါးတွင် အသဲနှလုံးကွဲကြေသွားသည့် အသံများဖြင့်ငိုယိုကာ မိုးမွှန်အောင် ဆဲဆိုနေလေသည်။


အချို့ပွဲကြည့်သူများက သွားကယ်ကြရန်အော်ဟစ်နေကြပြီး အချို့က သစ်ကိုင်းများသွားရှာကြသော်လည်း အချို့က ဘာမှမလုပ်ကြပေ။ အဆုံးတွင် တဝမ်ကကြည့်နေလေရာ ထိုကလေးဘာဆက်လုပ်မလဲ သူတို့အားလုံးသိချင်နေကြသည်။


ရှင်းဖူနှင့် တဝေ့တို့ ယက်ကန်ယက်ကန်ဖြစ်ကာ နစ်သွားခါနီးတွင် တဝမ်က သူ့အဝတ်များကိုစချွတ်တော့သည်။


သူက အပေါ်ဝတ်ရုံအရှည်၊ ဂွမ်းကပ်အင်္ကျီနှင့် အတွင်းဝတ်အင်္ကျီတို့ကိုဝတ်ထားပြီး တစ်ထပ်ချင်းဆီကိုဖြေးဖြေးချင်းချွတ်ကာ သုံးထည်လုံးကိုထပ်ထားလိုက်သည်။ ထို့နောက်တွင် ခါးပတ်ကိုချွတ်လိုက်ပြီး ဘောင်းဘီကိုလည်းချွတ်လိုက်ကာ သူ့တစ်ကိုယ်လုံးတွင် အတွင်းခံဘောင်းဘီတစ်ထည်သာချန်ထားခဲ့သည်။


လူတိုင်းက ထိုကလေးမှာ အမှန်တကယ်သန်မာလှပြီး ငယ်ရွယ်သေးသော်လည်း ကြွက်သားအဖုအထစ်တို့ပြည့်နေကြောင်းမြင်လိုင်ရသည်။သူတို့က တဝမ်တစ်ယောက် အအေးကိုမကြောက်ဘဲ ရေထဲဒိုင်ပင်ထိုးဆင်းသွားသည်ကိုမြင်လိုက်ရသည်။ ထို့နောက်တွင် တဝေ့တို့နှစ်ယောက်အနားကူးခတ်သွားလေသည်။


နှစ်ယောက်လုံးက သတိမမေ့သေးလေရာ သူတို့နားကပ်လာသည့်တဝမ်ကို အသက်ဆက်ကောက်ရိုးတစ်မျှင်နယ် ဆွဲထားကြလေသည်။


တဝမ်က ငါးတစ်ကောင်နှယ်ကျွမ်းကျင်စွာကူးခတ်နေလေသည်။ ထိုနှစ်ယောက်ကိုကယ်ရမည့်အစား တစ်ယောက်ချင်းဆီအနားကိုသွားကာ သူတို့၏ဂွမ်းကပ်အင်္ကျီများကို ချွတ်လိုက်လေသည်။ ထို့နောက်တွင် ထိုအင်္ကျီကို မြစ်ကမ်းပေါ်ပစ်တင်လေသည်။


ထို့နောက်တွင် ဘောင်းဘီများကို ချွတ်လေပြီး ခါးပတ်က ကျွတ်သည်နှင့် ဘောင်းဘီများက ရေပေါ်တွင် ပေါလောပေါ်လာသည်။


သူတို့၏ဘောင်းဘီများမှာ လင်းလန်လုပ်ပေးသလို ဘောင်းဘီနှင့်ခါးပတ်တွဲလျက်မဟုတ်လေ၍ ခါးပတ်ကြိုးပြေကျသွားသည်နှင့် ဘောင်းဘီများကျွတ်လာကာ နှစ်ယောက်သားက စန်းဝမ်ကိုလှည့်စားခဲ့သည့်ပုံအတိုင်း ကိုယ်လုံးတီးဖြစ်နေကြလေသည်။


နှစ်ယောက်လုံးက ပိုမိုအေးစက်လာသည်ကိုခံစားမိ၍ အသိဝင်လာကြပြီး အော်ဟစ်၍အကူအညီတောင်းတော့သည်။


"အား..... ကယ်ကြပါ... အေးလွန်းလို့ သေပါတော့မယ်...."


သူတို့ကို ဆွဲချနေသော ဂွမ်းကပ်များမရှိတော့၍ နှစ်ယောက်စလုံး ရေကူးနေသည်က ပိုမိုမြန်ဆန်လာပြီး ကမ်းစပ်ကိုသွားရန်စိုင်းပြင်လေတော့သည်။


တဝမ်က နှစ်ယောက်လုံးကို ဂုတ်မှကိုင်ကာ ဝေးရာကိုတွန်းလိုက်သည်။


"အား.... မလုပ်ရဲတော့ပါဘူး.... မလုပ်ရဲတော့ပါဘူး... တောင်းပန်ပါတယ်.... ခွင့်လွှတ်ပေးပါ...."


နှစ်ယောက်လုံးတောင်းပန်လာကြသည်။


တဝမ်ကဘာမှပြန်မပြောပေ။ သနားညှာတာပါရန် တောင်းပန်ခြင်းကအသုံးမဝင်ပေ။ ဖျန်ဖြေပေးခြင်းကလည်းအသုံးမဝင်ပေ။ သူပြောသည့်အတိုင်းသာလုပ်မည်ဖြစ်သည်။


သူက ထိုနှစ်ယောက်ကို ရှေ့ကိုတွန်းပြီး မြစ်ကိုဖြတ်ကူးခိုင်းလေသည်။ ကန်လိုက်တွန်းလိုက်ဖြင့် သုံးယောက်သား မြစ်ကိုဖြတ်ကူးလာပြီး အခြားတစ်ဖက်သို့ရောက်ကာ ထိုတစ်ဖက်မှ တစ်ဖက်ခြမ်းကိုပြန်ကူးလာကြလေသည်။


လမ်းခုလတ်တွင် တဝေ့တို့နှစ်ယောက်လုံး ကြွက်တက်ကြလေသည်။ သူတို့နှစ်ယောက်လုံး နာကျင်စွာအော်ဟစ်နေပြီး တောင်းပန်နေကြသည်။ တဝမ်က သံမဏိလူသားတစ်ယောက်လိုပင် တုတ်တုတ်မလှုပ်ပေ။


ကလေးနှစ်ယောက် ရေထဲတွင်မြုပ်ချေပေါ်ချေဖြစ်ကာ နောက်ဆုံးတွင် မြစ်အောက်ခြေသို့နစ်သွားကြောင်းမြင်လိုက်ရ၍ ကမ်းစပ်မှလူများက အော်ဟစ်ကြလေတော့သည်။


"ကြွက်တက်နေကြတာ..."


"မနစ်သွားစေနဲ့.... မနစ်သွားစေနဲ့...."


တဝမ်က နှစ်ယောက်လုံး လုံးဝရေထဲနစ်သွားကြောင်းမြင်မှသာ တစ်ယောက်ချင်းဆီကိုကမ်းပေါ်ပြန်ဆွဲတင်လာလေသည်။ ခြေထောက်အောက်ပိုင်းကိုရေထဲမှာထားပြီး အခြားတစ်ဖက်ကို မြေပေါ်လှဲနေစေလိုက်သည်။


သူရှင်းဖူ ဗိုက်ကိုအရင်ဖိလိုက်ကာ မျက်နှာကိုရိုက်လိုက်သည်။ ရှင်းဖူတစ်ယောက် ရေများအန်ထုတ်လာသောအခါတွင် တဝေ့ကိုလည်း ထိုနည်းအတိုင်းလုပ်ပေးလိုက်သည်။


နှစ်ယောက်လုံး ပြန်အသိဝင်လာချိန်တွင် နှစ်ယောက်လုံးကို ကမ်းပေါ်ဆွဲတင်လာပြီး ငါးသေများနှယ်ပစ်ချလိုက်သည်။ ထိုနှစ်ယောက်ကလည်း ကြွက်တက်နေသေးလေရာ ခြေထောက်ကိုပိုက်ရင်း နာကျင်စွာအော်ဟစ်နေကြလေသည်။


တဝမ်၏ အသံမှာမူ မြစ်ထဲရှိရေများထက်ပင်အေးစက်နေလေသည်။


"လောင်းရဲမှတော့ လုပ်ရဲရမှာပေါ့... အမှိုက်လိုမလုပ်ချင်စမ်းနဲ့...."


စိတ်လှုပ်တရှားကြည့်နေကြသောလူများအားလုံး ဆွံ့အသွားကြသည်။


လေထုပင်ခဲသွားသယောင်ဖြစ်ကာ လေပင်မတိုက်တော့သလိုပင်။


အစ်ကိုကြီးတဝမ် အကြင်တရားကင်းမဲ့လှချေလား.... တကယ့်ကိုအကြင်နာတရားကင်းမဲ့လွန်းတယ်....


တဝမ်က သူ၏ဂွမ်းကပ်အင်္ကျီကိုကောက်ယူကာ လင်းလန်ဆီသွားလိုက်ကာ သူ့ကြည့်ရသည်မှာ အအေးဓာတ်ကိုလုံးဝမကြောက်သည့်ပုံပင်။


လင်းလန်ကသူ့ကိုကြည့်ရုံနှင့်အေးလာရလေသည်။


"သား အင်္ကျီမြန်မြန်ပြန်ဝတ်... အတော်လေးအေးနေတာ နေမကောင်းဖြစ်လိမ့်မယ်..."


အိမ်ရှိ အနွေးကုတင်ပေါ်တွင် လဲနေသည့်လူနှစ်ယောက်ရှိနေပြီးပြီဖြစ်လေရာ တဝမ်ကိုပါ အအအေးမမိစေချင်တော့ပေ။ သူမ၏သားသုံးယောက်က ဆောင်းရာသီအေးခဲနေချိန်တွင် ရေထဲဆင်းခဲ့ကြလေသည်။


တဝမ်: "ရပါတယ်...."


သူက စိုရွှဲနေပြီဖြစ်ပြီး သူ့အဝတ်များကိုမစိုစေချင်တော့ပေ။


လင်းလန်က သူမနောက်တွင် အော်ဟစ်ငိုယိုနေသော မိန်းမနှစ်ယောက်ကို ဂရုပင်မစိုက်ပေ။ မည်သို့ပင်ဆိုစေ သူတို့တိုင်ကြားလိုလျှင်လည်း တိုင်ကြား၍ရနိုင်ပေသည် ထိုနှစ်ယောက်က သူမအိမ်ကိုပြဿနာလာမရှာရဲ၍ တဝမ်ကိုခေါ်ကာ အိမ်ကိုသာပြန်လိုက်သည်။


တဝမ်အိမ်ပြန်ရောက်ရောက်ချင်း အခန်းထဲပြေးဝင်၍ ဘောင်းဘီလဲလိုက်ကာ တစ်ကိုယ်လုံးကိုရေသုတ်ပြီး အဝတ်အစားများထပ်ဝတ်လိုက်သည်။


သူအခန်းထဲကထွက်လာချိန်တွင် လင်းလန်က ကြက်ဥနှင့်သကြားရောထားသော စွပ်ပြုတ်တစ်ပန်းကန်ပေးလိုက်လေသည်။

"တဝမ်... အနာဂတ်မှာ အရမ်း စိတ်လိုက်မာန်ပါမလုပ်နဲ့တော့သိလား... သူတို့ကိုကန်ချတာကန်ချတာပေါ့ ဘာလို့ရေထဲလိုက်ဆင်းတာလဲ... သားပါရေနစ်သွားရင် ဘယ်လိုလုပ်မလဲ...."


တဝမ်က စွပ်ပြုတ်ကိုတစ်ချက်တည်းမော့သောက်လိုက်ပြီး သူ့နှာခေါင်းထိပ်ဖျားမှ ချွေးစက်တို့က ကျဆင်းလာလေသည်။


"သားသာရေနစ်သွားရင် သူတို့လည်းတစ်ခါတည်းပါလာမှာပဲလေ...."


လင်းလန် : "...."


ထို့နောက်တွင် သူမကသူ့ကိုမေးလိုက်သည်။


"ဘာဖြစ်သွားတာလဲ... "

ကိစ္စများက ရိုးရှင်းပုံမပေါ်ပေ။


တဝမ်: "မာမား... ဒေါသမထွက်ဘူးလား..."

သူ့အမေ မေးပုံမှာဒေါသမထွက်သည့်ပုံပင်။


လင်းလန်: "ဒေါသမထွက်ပါဘူး...."


ဒေါသထွက်မထွက်ကာ ပေးတဲ့အဖြေကိုနားထောင်ပြီး ဆုံးဖြတ်မယ်လေ...


တဝမ်က လိုရင်းတိုရှင်းဖြင့် ကိစ္စတစ်ခုလုံးကိုပြောပြလိုက်သည်။ သူနှင့်ဟန်ချင်းစုန့်က တူညီကြပြီး စကားနှစ်လုံးနှင့်ပြီးသည့်ကိစ္စဆို စကားသုံးလုံးမပြောကြပေ။ ၎င်းက ကိစ္စအများစုကိုလိုရင်းသို့တိုက်ရိုက်ရောက်စေသည်။


အတိုချုံးဆိုရသော် ကလေးတစ်အုပ်က သူတို့ မြစ်ကိုတစ်ပတ်ရေကူးရဲသလား လောင်းကြသည်။ ရလဒ်အနေဖြင့် အရူးကောင်စန်းဝမ်မှာ လှည့်စားခံရပြီး ရေထဲဆင်းလိုက်ရကာ ကြွက်တက်သွားပြီး ရေနစ်သွားခဲ့သည်။ ထိုအချိန်တွင် ကလေးများအားလုံးကထွက်ပြေးသွားခဲ့ကြသည်။


ရှောင်ဝမ်ကမူ သူ့တတိယအစ်ကိုကို ကယ်ရန်ကြိုးစားရင်း ရေထဲကျသွားရခြင်းသာဖြစ်ရမည်။


Xxxxxxx