Part 381
လင်းလန်ကို အရာအားလုံးကိုနားထောင်ပြီးနောက်တွင် ခြေလက်များအေးစက်သွားသည်။ ကြားရသည်မှာအတော်လေးနားဝင်ဆိုးလှလေသည်။ မြစ်ရေကအေးခဲနေလေပြီး ရှောင်ဝမ်တစ်ယောက် ရေထဲတွင် အမှန်တကယ်နစ်သွားခဲ့သည်ကလည်း သူမအတွက်အိပ်မက်ဆိုးတစ်ခုလိုပင်။
သူမအလွန်ဒေါသထွက်ပြီး တံမြက်စည်းကောက်ကိုင်ကာ အိမ်ထဲဝင်လာပြီး ရိုက်နှက်ရန်ပြင်လိုက်သည်။
သို့သော် သူမ အခန်းထဲရောက်သည်နှင့် စန်းဝမ်က မျက်မှောင်ကြုတ်ကာ ဘောလုံးတစ်လုံးလိုကွေးနေပြီး အတုန်တုန်အယင်ယင်ဖြစ်နေကြောင်းမြင်လိုက်ရသည်။ သူ့နှဖူးပေါ်ရှိအမာရွတ်မှာ မှိန်ဖျော့နေပြီဖြစ်သော်လည်း ကောက်ကြောင်းဖော်၍ရသေးလေရာ သူမနှလုံးသားလေး ရုတ်တရက်နူးညံ့သွားရသည်။
သူနိုးလာ၍ အပြစ်ဝန်မခံဘဲ တာဝန်မယူပါလျှင် သူ့ကိုသေချာပေါက်နောင်ကျဉ်အောင်ရိုက်ပစ်မည်ဖြစ်သော်လည်း ယခုတွင် သူက သနားစဖွယ်ကောင်းအောင် အိပ်မောကျနေ၍ ဘာမှမလုပ်နိုင်တော့ပေ။
သူနိုးလာတဲ့အချိန်အထိစောင့်ပြီးမှ သင်ခန်းစာပေးကြတာပေါ့....
သူမထိုအကြောင်းကိုတွေးလေလေ ကြောက်လန့်မိလေလေဖြစ်ပြီး သူမကို အောက်ခြေမဲ့သည့် အသူတရာချောက်နက်ကြီးထဲပစ်ချလိုက်သလိုခံစားလိုက်ရကာ ဘယ်အချိန်မှ အောက်ခြေနှင့်ထိလာမည်လဲဟု ငံ့တလင့်လင့်မျှော်နေရသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။ သူမအကြောက်ဆုံးက စန်းဝမ်တစ်ယောက် ကြမ်းကြုတ်သည့် စကားများကိုသည်းမခံနိုင်တော့ဘဲ ဒေါသထွက်ထွက်နှင့်ပြန်လည်တုန့်ပြန်လာမည်ကိုပင်။ သူတို့က သူ့ကိုရန်စတိုင်း သူက အကြမ်းဖက်၍တုန့်ပြန်လာမည်ဖြစ်သည်။
သူ၏တုန့်ပြန်မှုက တဝမ်နှင့်ကွဲပြားလှသည်။ တဝမ်က မျက်နှာချင်းဆိုင် လက်သီးချင်းတုန့်ပြန်ပြီး တစ်ဖက်လူကို သင်ခန်းစာပေးမည်ဖြစ်သည်။ သို့သော် စန်းဝမ်ကမူ အခြားလူများက သူ့ကိုရန်စတိုင်းသူ့ကိုယ်သူရအောင် သက်သေပြမည်ဖြစ်ပြီး သူသာအများဆုံး ဆုံးရှုံးရသူဖြစ်လေသည်။
ယခုခေတ်တွင် ကလေးများ တစ်ခုခုဆိုစိန်ခေါ်ပွဲလုပ်ကြပြီး အနိုင်အရှုံးဆုံးဖြတ်ကြသည်။
သူ၏အရင်ဘဝတွင် သူကအရှုံးကိုလက်မခံနိုင်၍ မိုးကြိုးမုန်တိုင်းရှိစဉ် ရေလှောင်တမံအတွင်း ရေသွားကူးရာမှ မိုးကြိုးပစ်ချခံရပြီး သေဆုံးခဲ့သည်။
သူမက ကလေးများ၏ အရင်ဘဝက ဆိုးရွားလှသည့် ကံကြမ္မာများကို ပြောင်းလဲပေးနိုင်မည်ဟုသိပ်ကိုသေချာနေခဲ့သော်လည်း ယခုအချိန်တွင် သူမ ရုတ်တရက်ကြီး ယုံကြည်ချက်ပျောက်ရှသွားရကာ ကြောက်ရွံ့ထိတ်လန့်လာမိတော့သည်။
ယခုတွင် သူက တူညီသည့်အမှားများကိုသာ တစ်ပုံစံတည်းလိုက်လုပ်နေပြီး လင်းလန်က သူ၏ဆိုးရွားလှသည့်အဆုံးသတ်ကိုမြင်ယောင်မိနေလေသည်။
သူမအလွန်ကြောက်လန့်သွားရသည်။သူမက အကောင်းမြင်တတ်ပြီးကြံ့ခိုင်သည့်လူတစ်ယောက်ပင်။ သူမဘဝတွင် ဘာဆိုဘာမှမကြောက်ဖူးပေ။ သူမတွင် အဝတ်တစ်ထည်ကိုယ်တစ်ခုသာရှိပြီး ကလေးတစ်အုပ်လည်းဝိုင်းနေကာ သူမအပေါ်အေးစက်နေသောယောက်ျားရှိသည့်အပြင် နှိပ်စက်လွန်းလှသည့် မိသားစုရှိသော်လည်း သူမလုံးဝမကြောက်ခဲ့ပေ။
သို့သော် ယခုအချိန်တွင် သူမအလွန်ကြောက်နေလေပြီး သူမသာ သူတို့၏ကံကြမ္မာကိုမပြောင်းလဲပေးနိုင်ခဲ့လျှင် တစ်မိသားစုလုံး အလဲလဲအပြိုပြိုဖြစ်သွားပေလိမ့်မည်။
ကလေးတစ်ယောက်အပေါ်တွင် တစ်ခုခုဖြစ်လာသည်ကပင် သူမကမ္ဘာကြီးတစ်ခုလုံးပြိုကျလာတော့မလိုခံစားနေရသည်။
တဝမ်က လင်းလန်တစ်ယောက် သစ်သားရုပ်ကြီးလို ဆန့်ဆန့်ကြီးရပ်နေပြီး မျက်လုံးများကလည်း ရေသေလိုငြိမ်ကျသွားကာ မျက်နှာက ဖြူသည်ထက်ဖြူရော်လာလေကာ သူမလက်ထဲရှိတံမြက်စည်းကို လက်ပေါ်အကြောများ ပြိုင်းပြိုင်းထလာအောင်ဆုပ်ကိုင်ရင်း တဆတ်ဆတ်တုန်ယင်နေသည်ကို မြင်လိုက်မိသည်။
သူ လင်းလန်၏လက်ကိုချက်ချင်းဆုပ်ကိုင်လိုက်ပြီး တံမြက်စည်းကိုလွှတ်ပစ်ကာ သူမကို အနွေးကုတင်ပေါ်ထိုင်နိုင်ရန်ကူညီပေးလိုက်သည်
"အဆင်ပြေသွားပါပြီ..."
သူ့အသံကိုငြင်သာနေအောင်ထား၍ပြောလိုက်သည်။
တဝမ်၏အသံကိုကြားလိုက်မှ လင်းလန်အသိပြန်ဝင်လာပြီး သူ့ကိုကြည့်လိုက်သည်။
တဝမ်က သူမ စန်းဝမ်၏လုပ်ရက်ကြောင့် အလွန်ကြောက်လန့်သွားကြောင်းသိလိုက်ရ၍ သူမ၏ပခုံးကိုပုတ်ပေးလေသည်။
"အဆင်ပြေသွားပါပြီ...."
သူ အပြင်သို့လှမ်းကြည့်လိုက်ရာ မျက်လုံးများယောင်ကိုင်းနေအောင် ငိုထားသော မိုင်စွေ့ကိုတွေ့လိုက်ရသည်။
တဝမ်: "မာမားကို စောင့်ပေးနေဦး... ငါ အဖေနဲ့အားဝမ်ဆီသွားလိုက်ဦးမယ်...."
မိုင်စွေ့က ခေါင်းငြိမ့်ပြလိုက်ပြီး ခေါင်းဖြီးယူကာ လင်းလန်ကိုခေါင်းဖြီးပေးလေသည်။ သူမစိတ်အခြေအနေမကောင်းတိုင်း လင်းလန်က သူမ၏ဆံပင်များကိုဖြီးသင်ပေးကာ သီချင်းဆိုပြလေ့ရှိလေသည်။
တဝမ်ရွာထဲမှထွက်သွား၍မကြာသေးခင် အပြေးတပိုင်းလာနေကြသော ဟန်ချင်စုန့်နှင့်အားဝမ်ကိုတွေ့လိုက်ရသည်။
သူလည်း ဟန်ချင်စုန့်ကိုဖြစ်ပျက်သမျှကို အကုန်ပြောပြလိုက်သည်။
ဟန်ချင်စုန့်က ဘာမှမပြောပေ။ အိမ်သို့အပြေးတပိုင်းသာဆက်သွားလေသည်။ သူအိမ်ထဲကိုရောက်သည်နှင့် သူ၏ညစ်ပေနေသော အပေါ်ထပ်ကိုချွတ်ကာ အနွေးကုတင်ပေါ်တက်လိုက်သည်။
မိုင်စွေ့က သူမအဖေပြန်လာသည်ကို မြင်သည်နှင့် ချက်ချင်းဖယ်ပေးလိုက်သည်။
ဟန်ချင်းစုန့်က တုန်ယင်နေသောလင်းလန်ကိုဆွဲဖက်ကာ နောက်ကျောကိုပုတ်ပေးရင်း ညင်သာစွာဆိုလေသည်။
"အဆင်ပြေသွားပါပြီ...."
"စန်းကော....."
လင်းလန်က ဟန်ချင်စုန့်၏အသံကိုကြားပါမှ အသိပြန်ဝင်လာကာ သူမရင်ဘတ်ပေါ်တင်ထားသောကျောက်ခဲကြီးပြုတ်ကျသွားသလိုခံစားလိုက်ရသည်။ ထိုအခါမှ သူမအော်ငိုနိုင်တော့သည်။
သူမ၏ငိုနေသောမျက်နှာကိုကြည့်ပြီး ဟန်ချင်စုန့်၏နှလုံးသားက ဓားဖြင့်အစိုက်ခံရသလိုနာကျင်လာရသည်။ သူ သူမ၏ဆံပင်လေးများကိုထိကာ ဆံပင်ပေါ်ဖွဖွနမ်းရှိုက်လိုက်သည်။ သူ့အသံက မူလကထက်ပိုမိုညင်သာလာသည်။
"မကြောက်နဲ့တော့နော်.... ကိုယ်ရှိပါတယ်...."
...
တဝမ်က မိုင်စွေ့နှင့်အားဝမ်ကို မျက်စပစ်ပြလိုက်ပြီး သုံးယောက်သား တိတ်တိတ်လေးလစ်ထွက်လာကာ သူတို့၏မိဘများကိုထားခဲ့ကြသည်။
လင်းလန်က ခပ်မြန်မြန်ပင် တည်ငြိမ်သွားခဲ့သည်။
သူမက သူမ၏ကိုယ်ပိုင် မကောင်းသည့်အတွေးများနှင့် အနုတ်သဘောဆောင်သည့်ခံစားချက်များကြောင့် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တော့ခြင်းသာဖြစ်ပြီး ဟန်ချင်စုန့်ကိုမြင်လိုက်ကတည်းက ထိုအတွေးများအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ ကြံ့ခိုင်သည့်အမေတစ်ယောက်ဖြစ်ရန် အထိခိုက်လွယ်နေ၍မဖြစ်ပေ။ သူမ၏ကလေးများ လုံခြုံစွာကြီးပြင်းလာမည်ဟု ယုံကြည်ပြီး စန်းဝမ်ကိုလည်း အဆုံးသတ်ပြောင်းအောင်လုပ်နိုင်မည်ဟုယုံကြည်လေသည်။
သူမ၏ကလေးများ စနောက်ကြမည်ကိုစိုး၍ မျက်ရည်မြန်မြန်သုတ်လိုက်သော်လည်း အခန်းထဲတွင် အနွေးကုတင်ပေါ်အိပ်နေသည့် စန်းဝမ်၊ရှောင်ဝမ်နှင့် သူမကိုဖက်ပေးထားသည့် ဟန်ချင်စုန့်သာရှိကြောင်းမြင်လိုက်ရသည်။ အခြားကလေးသုံးယောက်မှာ ရှောင်ထွက်ပေးသွားသည့်ပုံပင်။
သူမ၏နှလုံးသားထဲတွင် အလွန်ကျေနပ်သွားရသည်။ သူမ၏ကလေးများအားလုံးက လိမ္မာသိတတ်ကြကာ စန်းဝမ်ကလည်း လိမ္မာသည့်ကောင်းလေးတစ်ယောက်ပင်။ သူလည်း သူ့အမှားများကိုပြုပြင်ရင်း အမှားများထံမှသေချာပေါက်သင်ယူနိုင်ပေလိမ့်မည်။
ဟန်ချင်စုန့်က သူမ၏နောက်ကျောကို သူ၏လက်ဖဝါးကြီးများဖြင့်ပွတ်ပေးပြီး သူမ၏မျက်ရည်များကို လက်ကိုင်ပုဝါဖြင့်သုတ်ပေးလိုက်သည်။
ထိုအချိန်တွင် အိမ်အပြင်မှ တုန်ဟွိုင်ဟွနှင့် အခြားလူများ၏အသံများကိုကြားလိုက်ရသည်။ လင်းလန်က အနွေးကုတင်ပေါ်မှချက်ချင်းဆင်းလာကာ တုန်ဟွိုင်ဟွ၊ ရှုယွမ်၊ အစ်မဟန်နှင့် တခြားလူများရောက်လာသည်ကို ဧည့်ခံလိုက်သည်။
သူတို့အားလုံးက ကလေးများကိုသတင်းလာမေးကြသည်သာဖြစ်သည်။ သူတို့မိသားစုဝင်များအားလုံးနှင့်လည်း ဆက်ဆံရေးကောင်းလှပေသည်။
ရှုယွမ်က အနီရောင်ပန်းကန်နှစ်လုံးသယ်လာပြီး ကြက်သား၊ မက်မွန်ပွင့်နှင့် ပြောင်းဆန်တို့အားလုံးကို အဆောင်လက်ဖွဲ့ပြာဖြင့်ရောကာယူလာပြီး ထိတ်လန့်နေသည့်ကလေးနှစ်ယောက် အလန့်ပြေစေရန်ပေးလေသည်။
ဟန်ရုံဖန်က ချင်းယွမ်ကို အင်ပါယာငါးယောက်၏ပိုက်ဆံကိုပေးခိုင်းပြီး ၎င်းက ကလေးများကိုနတ်ဆိုးများဖမ်းစားခြင်းမှ ကာကွယ်နိုင်သည်ဟုဆိုကြလေသည်။
Xxxxx
Part 382
ရွာထဲရှိအဘွားအိုအချို့ကလည်း အိမ်သို့လာကြကာ ကလေး၏ခေါင်းကိုထိရင်း ထိတ်လန့်မှုတို့ပျောက်အောင်ကူညီပေးလေသည်။
ယခုခေတ်တွင် ရှေးအယူအဆတို့ကို ခွင့်ပြုခြင်းမရှိသော်လည်း လူများ၏အကျင့်များမှာ စွဲနေပြီဖြစ်လေ၍ ထိုကိစ္စများကိုယုံကြည်နေကြဆဲဖြစ်သည်။
လင်းလန်က လူတိုင်း၏ကြင်နာမှုကိုလက်ခံခဲ့ရသည်။ သူမ၏သားနှစ်ယောက်မှာ ကြီးကြီးမားမားထိခိုက်သွားခြင်းမရှိ၍ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုခံယူသည်က ကောင်းပေသည်။
သူမက တစ်ယောက်ချင်းစီကိုကျေးဇူးတင်လိုက်ပြီး ကျောက်ကွေ့လျန်နှင့် အခြားလူများ ပြဿနာရှာရန်မလာ၍အံ့ဩနေခဲ့သည်။
တုန်ဟွိုင်ဟွက လူအုပ်ကြီးဖြစ်လာသည်ကိုမြင်၍ မြန်မြန်လူစုခွဲလေသည်။
"ကောင်းပြီ.... အဆင်ပြေသွားပါပြီ... အားလုံးပဲ အိမ်မှာချက်ပြုတ်ရဦးမှာမလား... ကလေးတွေကလည်း အနားယူဖို့လိုသေးတယ်လေ...."
သူမက လူပေါင်းများစွာ တောက်လျောက်လာနေ၍ လင်းလန်တို့အနားယူနေသည်ကို အနှောက်အယှက်ဖြစ်မှာစိုးရိမ်ပေးနေသည်။
"ရှင်တို့အားလုံးရဲ့ကြင်နာမှုကိုကျေးဇူးတင်ပါတယ်... လင်းလန်နဲ့ ခေါင်းဆောင်ဟန်ကလည်း အမြဲမှတ်မိပေးနေမှာပါ...."
ထိုသို့ပြောသည်ကို ကြားလေမှ လူတိုင်းက လာမနှောက်ယှက်တော့ဘဲ ကိုယ့်အိမ်ကိုယ်ပြန်ကာ ချက်ပြုတ်ကြတော့သည်။
အားဝမ်နှင့် မိုင်စွေ့တို့က ယာဂုတစ်အိုးကြိုကာ ကိတ်လိပ်ကို အပူပေးလိုက်သည်။
လင်းလန်က ကလေးနှစ်ယောက် အဖျားဝင်လာမည်ကိုစိုးရိမ်ပြီး စောင့်ကြည့်ပေးနေသည်။ စန်းဝမ်က ကျန်းမာရေးကောင်းသူဖြစ်သော်လည်း ရှောင်ဝမ်ကမူ ကလေးသေးသေးလေးသာရှိသေးလေသည်။
ဟန်ချင်စုန့်ကစိတ်မပူရန်သာပြောနေသည်။
သူ၏တည်ငြိမ်ကာ စိတ်ချလက်ချဖြစ်စေသော အမူအရာကြောင့် လင်းလန်လည်း စိတ်သက်သာရာရနေရသည်။ လူကြီးများပြောသလို ဟန်ချင်စုန့်က စစ်သားဖြစ်ပြီး မည်သည့်နတ်ဆိုးကိုမှ မကြောက်မလန့်သူဖြစ်လေရာ ကလေးများကို သေချာပေါက်ကာကွယ်ပေးနိုင်ပေလိမ့်မည်။
သူမ၏ အနှစ်နှစ်ဆယ်ကျော်ရှင်သန်ခဲ့သည့်ဘဝတွင် ရုပ်ဝတ္တုဝါဒကိုသာ လက်ခံကျင့်သုံးခဲ့သော်လည်း သူမ၏ကလေးများအတွက် ဆုတောင်းရန်စိတ်အဆင်မပြေဖြစ်လေ၍ ဟန်ချင်စုန့်ကိုသာ ဝတ်ပြုဆုတောင်းနေသည်။
ဟန်ချင်စုန့်: "မင်းဘာလုပ်နေတာလဲ...."
လင်းလန် ချောင်းဟန့်လိုက်သည်။
"ကျွန်မ မီးဖိုစောင့်နတ်၊ မြေစောင့်နတ်ဘိုးဘိုး၊ အနွေးကုတင်စောင့်နတ်ဘွားဘွားဆီမှာ ကလေးတွေကျန်းမာအောင်ဆုတောင်းနေတာ...."
ဟန်ချင်စုန့် : "....."
မီးဖိုစောင့်နတ်က မီးဖိုမှာ၊ မြေစောင့်နတ်ဘိုးဘိုးက မြေကြီးမှာ၊ အနွေးကုတင်စောင့်နတ်ဘွားဘွားက အနွေးကုတင်ပေါ်မှာ.. ငါ့ကိုများ ရွဲ့စောင်းနေသလား....
သူ လက်ဆန့်လိုက်ပြီး လင်းလန်၏ ဆံပင်လေးကိုသပ်ပေးလိုက်သည်။ ထို့နောက်တွင် ကလေးနှစ်ယောက်ကို နှဖူးစမ်းလိုက်ရာ စန်းဝမ်ကအဆင်ပြေသော်လည်း ရှောင်ဝမ်က အနည်းငယ်ပူနေသည်။
သူ ရှောင်ဝမ်ကို ချီကာ အရှေ့ဘက်ကိုခေါင်းတည်ပေးလိုက်သည်။
လင်းလန် : "သူဖျားနေတာလား...."
ဟန်ချင်စုန့် : "မဖျားပါဘူး...."
လင်းလန်က ရှောင်ဝမ်ဖျားနေကြောင်းသိနေ၍ အတော်လေးစိုးရိမ်လာသည်။
ဟန်ချင်စုန့်: "အဆင်ပြေပါတယ်...."
အားဝမ်နှင့် မိုင်စွေ့တို့ကလည်း လင်းလန်ခိုင်းသည့်အတိုင်း ဆရာဝန်ဆီပြေးသွားကာ အဖျားကျစေရန်ဘာလုပ်ရမလဲသွားမေးသည်။ ဆရာဝန်များက ဆေးတိုက်ပြီးလျှင် ခန္ဓာကိုယ်ကို ရေနွေးလေးဖြင့် ရေပတ်တိုက်ခြင်းဖြင့် အဖျားကျအောင်လုပ်နိုင်သည်ဟုပြောခဲ့သည်။
အစားအသောက်များအဆင်သင့်ဖြစ်သောအခါ တဝမ်က စန်းဝမ်ကို ညစာစားရန်နှိုးလေသည်။
စန်းဝမ်က ကြောက်လန့်နေသော အမူအရာဖြင့် နိုးထလာခဲ့သည်။ သူတဝမ်ကိုမြင်သည်နှင့် ဝမ်းသာသွားရသည်။ စကားပြောရန်ပြင်သော်လည်း ဘာဖြစ်ခဲ့လည်း ပြန်မှတ်မိသွားသည်။ သူအိပ်ပျော်သွားသော်လည်း အရာရာတိုင်း မေ့သွားသည်ဟုမဆိုလိုပေ။ သူ၏မျက်နှာလေးက မဲမှောင်သွားရပြီး တဝမ်ကိုပင် မကြည့်ရဲဖြစ်သွားသည်။
တဝမ်က သူတို့ကြည့်ပြီး "စား..."ဟူသော စကားသာပြောလေသည်။
စန်းဝမ်က လိမ်လိမ်မာမာလေး အိပ်ရာမှထကာ အဝတ်အစားဝတ်ရင်း ဖိနပ်စီးကာ စားပွဲတွင်သွားထိုင်ရင်း ခေါင်းငုံ့ထားလေသည်။
သို့သော် မည်သူကမှသူ့ကို မေးခွန်းမထုတ်ပေ။ မိုင်စွေ့ကလည်း အားဝမ်နှင့် သူမ၏အဖေကို စန်းဝမ်က သူ့ညီလေးကို ရဲရင့်စွာကယ်ခဲ့ကြောင်း ပြောခဲ့သည်။ စန်းဝမ်က တာဝန်ယူနိုင်စွမ်းရှိသည့် အစ်ကိုတစ်ယောက်ပင်။
ဟန်ချင်စုန့်နှင့် အားဝမ်တို့ကလည်း သူ့အကြောင်းကိုမထုတ်ဖော်ပဲ ဘာမှမပြောပေ။
စန်းဝမ်၏ခေါင်းက ပိုမိုငုံ့ကိုင်းလာသည်။ မူလက သူ့မာမားကိုအကုန်ပြောပြချင်ခဲ့သည်။ ထိုအချိန်က သူအရမ်းကြောက်နေပြီး စကားပြောရန်ပင်ကြောက်နေခဲ့သည်။ ရလဒ်အနေဖြင့် တစ်မိသားစုလုံးက သူပြောခဲ့သလိုသာယုံနေကြပြီး သူ့ခင်ဗျာပိုမို၍ ရှက်ရွံ့လာရသည်။
ရှောင်ဝမ်ကိုလည်း ညစာစားရန်လင်းလန်က နှိုးလာသည်။ သူက စန်းဝမ်၏အခြေအနေကိုမြင်သည်နှင့် ချက်ချင်းပြေးထွက်လာပြီး ပျော်ရွှင်စွာပြောလေသည်။
"အစ်ကိုငယ်... မကြောက်တော့ဘူးမလား...."
စန်းဝမ်က သူ့ကိုကြည့်ကာ နှာခေါင်းထိပ်တို့ ကျဉ်လာပြီး ပိုမိုအပြစ်ရှိသလိုခံစားလာရသည်။
ရှောင်ဝမ်က လင်းလန်ကိုပြောလိုက်သည်။
"မာမား... တတိယအစ်ကိုက သားကိုကယ်ခဲ့တာ.... သူ့ကိုမရိုက်ပါနဲ့နော်...."
လင်းလန်က သူ့ကိုကြည့်ကာ ခေါင်းလေးကိုထိလိုက်ပြီး ဘာမှမပြောပေ။
ရန်ဖြစ်ပါက သေချာပေါက်အရိုက်ခံရမည်ဖြစ်သည်။ အမှားကြီးတစ်ခုလုပ်ခဲ့ပါလျှင်လည်း အရိုက်ခံရမည်ဖြစ်သည်။ ဤသည်က ဟန်ချင်စုန့်၏ စည်းမျဉ်းဖြစ်ပြီး သူမကလည်း သူ၏ဖခင်တစ်ယောက်၏ အာဏာအပေါ် မေးခွန်းမထုတ်ပါချေ။
ရှောင်ဝမ်က အနည်းငယ်စိတ်ပူလာသည်။ သူက သူ၏တတိယအစ်ကိုကို သစ္စာမဖောက်ခဲ့၍ သူ့မိဘများက ထိုအကြောင်းမသိသင့်ပါချေ။
သူက ဟန်ချင်စုန့်ကိုပြောလိုက်သည်။
"အဖေ... မရိုက်ပါနဲ့နော်...."
ဟန်ချင်စုန့်က သူ့ကိုထိုင်ခိုင်းလိုက်ပြီး စတင်စားသောက်ကာ စွပ်ပြုပ်သောက်ရန်ပါပြောလိုက်သည်။
ရှောင်ဝမ်က ၎င်းကိုကြည့်ကာ အနည်းငယ်စိုးရိမ်လာပြီး စန်းဝမ်၏လက်ကိုလှမ်းကိုင်လိုက်သည်။
စန်းဝမ်က မလှုပ်ရဲပါချေ။
လင်းလန်က ဟန်ချင်စုန့်ကိုကြည့်လိုက်ရာ ဟန်ချင်စုန့်ကပြောလိုက်သည်။
"စားရအောင်....."
ထိုမှသာ စန်းဝမ်တစ်ယောက် သူ၏ယာဂုကိုစတင်စားသောက်ပြီး တခြားဘာဟင်းမှမထည့်ဘဲ စက်ရုပ်လိုသာစားနေသည်။
ထိုပုံစံလေးကိုကြည့်ပြီး လင်းလန် မသနားပဲမနေနိုင်၍ ကြက်ဥကိတ်တစ်ပိုင်းပေးကာ အသီးအရွက်များထည့်ပေးလိုက်သည်။
စန်းဝမ်က ခေါင်းပိုငုံ့သွားပြီး တိတ်တဆိတ်စားနေသည်။ သူ၏အမှားကိုဝန်ခံချင်ပါသော်လည်း လူတိုင်းစားနေ၍ ဘယ်လိုပြောရမလဲမသိတော့ပေ။ ထို့ကြောင့် ထမင်းစားပြီးချိန်အထိသာစောင်နိုင်သည်။
ခဏကြာသည်အထိ စန်းဝမ်ကဘာမှမစားနိုင်သေးဘဲ ဘာအရသာမှလည်းမခံစားနိုင်လေရာ ယာဂုပန်းကန်တစ်ဝက်ပင်မနည်းစားရသည်။
ရှောင်ဝမ်က အဖျားရှိနေသော်လည်း ဘာဖြစ်နေလဲနားမလည်၍မေးလေသည်။
"မာမား... သားဘာလို့ ပူသလိုအေးသလိုဖြစ်နေရတာလဲ...."
သူက သူ၏လက်ကလေးနှစ်ဖက်ကိုထောင်ပြလိုက်သည်။
"ဒီဖက်က အေးနေပြီး... ဒီဖက်က ပူနေရောပဲ,..."
လင်းလန်က သူ၏နှဖူးကိုစမ်းလိုက်သည်။ အပူရှိန်က အရမ်းမမြင့်၍ ယာဂုမြန်မြန်သောက်ကာ အနွေးကုတင်ပေါ်သွားလှဲရန်သာပြောလိုက်သည်။
ရှောင်ဝမ်က စန်းဝမ်ကိုကြည့်ကာ သူ့တတိယအစ်ကို အရိုက်ခံရမလား စိုးရိမ်နေသည်။
Xxxxxxx