Part 383
လင်းလန်က သူ၏နှဖူးကိုစမ်းလိုက်သည်။ အပူရှိန်က အရမ်းမမြင့်၍ ယာဂုမြန်မြန်သောက်ကာ အနွေးကုတင်ပေါ်သွားလှဲရန်သာပြောလိုက်သည်။
ရှောင်ဝမ်က စန်းဝမ်ကိုကြည့်ကာ သူ့တတိယအစ်ကို အရိုက်ခံရမလား စိုးရိမ်နေသည်။
လင်းလန်က သက်ပြင်းချကာ သူ့ကိုအနောက်ဘက် အနွေးကုတင်ပေါ်တင်လိုက်သည်။ သူမ ရှောင်ဝမ်ကိုစောင်ဖြင့် ခြုံပေးထားကာ ပုံပြင်ပြောပြရင်း အိပ်မပျော်သွားရန်သတိပေးနေသည်။
ရှောင်ဝမ်က အနွေးကုတင်ပေါ်ရှိနေချိန် ဟန်ချင်စုန့်က စန်းဝမ်ကို သင်ခန်းစာမပေးနေပေ။ စားသောက်ပြီးနောက်တွင် သူက မီးသွေးများယူကာ အနွေးကုတင်ထဲထည့်ပေးပြီး အိမ်ကိုပူနွေးနေအောင်လုပ်နေသည်။
တဝမ်က စကားပြောရတာမကြိုက်သော်လည်း ယခုအချိန်တွင် ပို၍တိတ်ဆိတ်နေသည်။
အားဝမ်နှင့်မိုင်စွေ့တို့က ဆွေးနွေးနေသည်။
"စွပ်ပြုတ်ချက်ပြီး ရှောင်ဝမ်အဖျားကျအောင် ရေနွေးနဲ့ရေချိုးဖို့ ရေနွေးအိုးတည်ထားရအောင်...."
ပထမဆုံး စွပ်ပြုတ်ပျစ်ပျစ်လေးချက်ကာ သကြားညိုကိုထည့်လိုက်ပါက စန်းဝန်ရော ရှောင်ဝမ်ပါ သောက်နိုင်မည်ဖြစ်သည်။
လင်းလန်က ရှောင်ဝမ် ကိုယ်ပူနေသည်ဟုတွေးပြီး ဟန်ချင်စုန့်က ပုံမှန်သာဟုပြောနေသည်။
တဝမ်က ဆရာဝန်ဆီသွားကာ သာမိုမီတာငှားလာပြီး ရှောင်ဝမ်၏အပူရှိန်ကိုတိုင်းလေသောအခါတွင် ၃၈°၅ပင်ရှိနေပြီး စတင်ဖျားနေလေပြီ။ မည်သို့ပင်ဆိုစေ ရှောင်ဝမ်က ငယ်ရွယ်နေသေးပြီး အဖျားမိရန်လွယ်ကူလေသည်။ ကလေးများက ကိုယ်ပူရှိန်မြင့်သူများဖြစ်သော်လည်း အဖျားရှိလာလျှင် ပို၍ပူလာသည်ဖြစ်ရာ ပေါ့ပေါ့ဆဆမနေသင့်ပေ။
အားဝမ်က ချက်ပြုတ်နေပြီး မိုင်စွေ့က ရှောင်ဝမ်ကို ရေနွေးနွေးဖြင့်ရေချိုးခိုင်းကာ စွပ်ပြုတ်နွေးနွေးကိုသောက်ခိုင်းခဲ့သည်။ အပူရှိန်က စတင်ကျလာသော်လည်း ညလယ်တွင် အဖျားတက်လာခဲ့ပြန်သည်။
လင်းလန်က ဆရာဝန်ပေးခဲ့သည့် အကိုက်အခဲပျောက်ဆေးကို သုံးပုံပုံတစ်ပုံယူပြီး ရှောင်ဝမ်ကိုတိုက်သည်။ နာရီဝက်အတွင်းအဖျားကျသွားသော်လည်း နောက်တစ်နာရီအကြာတွင် အဖျားတက်လာပြန်သည်။
ရှောင်ဝမ်က ပူနေပြီး မသက်မသာဖြစ်နေသည်။ သူ၏မျက်နှာလေးကိုရှုံ့မဲ့ကာ အဆက်မပြတ်ညီးညူနေလေသည်။
လင်းလန်က သူ့ကိုဖက်ထားပြီး အဖျားကျသွားပါစေရန်ဆုတောင်းနေမိသည်။ သူမသားလေး အလွန်အမင်း မသက်မသာဖြစ်နေသည်ကိုကြည့်ပြီး သူမသာ နေမကောင်းဖြစ်ပေးချင်လိုက်သည်။
ကလေးများကလည်း မအိပ်ကြဘဲ မည်သည့်အချိန်တွင်မဆို ကူညီပေးရန်စောင့်နေကြသည်။
ထိုအချိန်တွင် စန်းဝမ်၌ အပြစ်ဝန်ခံရန်အခွင့်အရေးမရှိနေပေ။ သူက ရှောင်ဝမ် အဖျားကြီးနေသည်ကိုကြည့်ပြီး ငိုကြွေးနေမိသည်။ လူတိုင်းက အလုပ်များနေ၍ သူ့ကိုကြည့်ရန်အချိန်မရှိပေ။ သူ့ကိုယ်ကိုယ်ဘောလုံးလေးလိုကွေးကာ နံရံထဲဝင်သွားနိုင်စေရန်ပင် မျှော်လင့်နေမိသည်။
လင်းလန်က အလွန်စိုးရိမ်နေပြီး ဟန်ချင်စုန့်ကို ရှောင်ဝမ်ကိုခေါ်၍ မြို့ပေါ်တက်စေချင်နေသည်။
ဟန်ချင်စုန့်က ပို၍တည်ငြိမ်ပေသည်။
"အခု မိုးတောင်လင်းတော့မယ်... လမ်းမှာပိုပြီးအဖျားကြီးလာရင်ဘယ်လိုလုပ်ကြမလဲ... မနက်အထိစောင့်ကြည့်ကြတာပေါ့...."
လင်းလန်က အစိုးရိမ်လွန်ပြီးအော်ဟစ်လာသည်။
"ရှင့်ကိုယ်ရှင် အဖေလို့ခေါ်နေပြီး မစိုးရိမ်မိဘူးလား...."
ဟန်ချင်စုန့် ကြောင်အသွားရသည်။
လင်းလန်က သူမပြောလိုက်မိသည်ကို ချက်ချင်းနောင်တရကာ ဟန်ချင်စုန့်၏လက်ကိုကိုင်ရင်းပြန်ပြောလေသည်။
"ကျွန်မတောင်းပန်ပါတယ်.... ရှင့်ကိုဒေါသမထွက်သင့်ဘူး...."
ဟန်ချင်စုန့်က သူမ၏ခေါင်းလေးကိုပုတ်ပေးလိုက်သည်။
"အဆင်ပြေပါတယ်...."
သူက သူမကိုဘယ်သောအခါမှ ဒေါသထွက်မည်မဟူတ်ပေ။
အားဝမ်နှင့် မိုင်စွေ့တို့က အချင်းချင်းကြည့်နေကြပြီး ထိုအကြည့်များတွင်လည်း စိုးရိမ်မှုတို့ ကြီးစိုးနေသည်။ သူတို့၏အမေမှာ ပုံမှန်ဆိုလျှင် တစ်မိသားစုလုံးကို ကောင်းကောင်းဆက်ဆံလေ့ရှိသော်လည်း ယခုတွင် ရှောင်ဝမ်၏နေမကောင်းမှုကြောင့် ဒေါသထွက်ပြီးစိတ်လွတ်နေရသည်။ ထိုသို့သာဆက်ဖြစ်နေလျှင် သူတို့မိဘများဆက်ဆံရေးကျဲပါးသွားနိုင်သည်။
ရုတ်တရက်အားဝမ်ကမှတ်မိသွားသည်။
"မာမား..... အစ်မရှုယွမ်ရဲ့အမေလေ... သူက သွေးလည်ပတ်မှုကောင်းအောင်လုပ်တဲ့ ခွက်နဲ့ခြစ်တဲ့နှိပ်နည်းကိုလုပ်တတ်တယ်... သူ့ကိုသွံားခေါ်ပေးမရလား...."
လင်းလန်က ချက်ချင်းသဘောတူလေသည်။
"သူ့ကိုသွားခေါ်ပေးချေဦး...."
တဝမ်က အရင်ဆုံးပြေးထွက်သွားပြီး ရှုယွမ်အမေကိုသွားခေါ်လာသည်။
သူမကလည်း စိတ်ချလက်ချအိပ်နေခြင်းမရှိလေရာ အိမ်ရှေ့မှခေါ်သံကြားသည်နှင့် ချက်ချင်းအဝတ်အစားဝတ်ကာ ပစ္စည်းများယူရင်းလိုက်လာခဲ့သဘ်။ သူမရောက်သည်နှင့် အရက်ပန်းကန်တစ်ခုထဲထည့်ကာ မီးမြှိုက်လိုက်ပြီး အပြာရောင်မီးတောက်တို့ထွက်ပေါ်စေသည်။
အခန်းက ပူလာသောအခါ ရှောင်ဝမ်ကို အဝတ်ချွတ်ပေးလိုက်ပြီး မီးတို့တောက်နေသော အရက်ခွက်ထဲလက်ထည့်ကာ ရှောင်ဝမ်၏ ခြေဖဝါးလက်ဖဝါးများကို အရင်ပွတ်ပေးပြီး ချိုင်း၊ ဗိုက်နှင့် ရင်ဘတ်တို့ကိုလည်းပွတ်ပေးလိုက်သည်။
အရက်ပန်းကန်အသေးတစ်လုံးလုံး ကုန်သွားပြီးနောက်တွင် နောက်ထပ်ထပ်မထည့်တော့ပေ။ နောက်တစ်နာရီအကြာတွင် ရှောင်ဝမ်တစ်ကိုယ်လုံးချွေးများထွက်လာကာ အပူရှိန်ထပ်မတက်တော့ပေ။
ရှုယွမ်၏အမေက ပြောခဲ့သေးသည်။
"ကလေးက ဖျားနေတော့ အရိုးတွေနာကျင်ကိုက်ခဲလိမ့်မယ်... သူ့ကို ဆန်ပြုတ်ပျစ်ပျစ်လေးကြိုတိုက်ချေ...."
လင်းလန်က သူမကိုကျေးဇူးတင်စကားပြောပြီး လိုက်ပို့ပေးသည်။
"ယောင်းမ... ရှင်ကိုမြင်ရတာ ဆရာဝန်ထက်တောင် ပိုပြီးစိတ်ချရနေသေးတယ်..."
ရှုယွမ်အမေ: "ငါ့ကိုလာမလှောင်ပါနဲ့ဟယ်... ငါကဘာများလုပ်နိုင်လို့လဲ... ငါကဒါတွေလေ့ကျင့်ဖူးပေမဲ့ စာမဖတ်နိုင်သလို စာမရေးနိုင်ဘူးလေ... ငါကလူတွေကို နှိပ်တာမျိုးလောက်ပဲလုပ်နိုင်တာ... ဆေးနဲ့ပတ်သတ်တာ မလုပ်တတ်ဘူးလေ...."
သူမက လင်းလန်ကို စိတ်မပူရန်ပြောပြီး အိမ်ပြန်လေသည်။
လင်းလန်က သူမအားချိန်တွင် သွားသင်ဦးမည်ဟုတွေးလိုက်သည်။ ထိုသို့ဆိုလျှင် နောက်တစ်ကြိမ်ဤသို့ဖြစ်ပါက ကြောက်လန့်မနေတော့မည်ဖြစ်သည်။
လင်းလန်က တံခါးပိတ်ကာ အိမ်ထဲဝင်လိုက်သည်။
ထိုအချိန်တွင် ရှောင်ဝမ်က အဖျားကျသွားပြီး နှစ်ချိုက်စွာအိပ်ပျော်နေလေပြီ။
လင်းလန် လုံးဝစိတ်သက်သာရာရသွားပြီး ထိုအခါမှသာ အခြားကလေးများကို ဂရုစိုက်နိုင်တော့သည်။ ကလေးများကလည်း အတော်လေးပင်ပန်းနေကြပြီဖြစ်၍ ခပ်မြန်မြန်အနားယူခိုင်းလိုက်သည်။
"အိပ်ကြတော့လေ... ဘယ်လိုလုပ်ဒီမှာရှိနေကြတာလဲ... အိပ်ကြတော့ အိပ်ကြတော့...."
အားဝမ်နှင့် မိုင်စွေ့တို့က ရှောင်ဝမ်အဖျားကျသွားသည်ကိုမြင်သည်နှင့် ဝမ်းသာသွားကြသည်။ သူတို့ချက်ချင်း ကုတင်ပေါ်လှဲကာအိပ်ကြတော့သည်။
တဝမ်က စန်းဝမ်ကိုလည်း ပြန်ခေါ်လိုက်သည်။ စန်းဝမ်က တံခါးကိုဖက်ထားပြီး သွားအိပ်ရန်ငြင်းဆိုကာ ရှောင်ဝမ်ကိုကြည့်နေသည်။
လင်းလန်က စန်းဝမ်တစ်ယောက် ညနေကတည်းက စကားတစ်ခွန်းမှမပြောကြောင်း သတိရသွာသည်။ သူမကလည်း ရှောင်ဝမ်ကိုကြည့်ရင်း အလုပ်များနေ၍သူ့ကိုမကြည့်မိပေ။ မည်သို့ပင်ဆိုစေ သူကလည်း ရှစ်နှစ်သာရှိသေးလေပြီး သူ့အပြစ်ဖြစ်သော်လည်း ယခုလိုဆက်ဖြစ်နေပါက စိတ်ဒဏ်ရာရသွားနိုင်သည်။
သူမ စန်းဝမ်ကိုဆွဲထူကာ ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
"ရှောင်ဝမ် အဆင်ပြေသွားပါပြီ... မကြောက်နဲ့တော့နော်...."
သူမ စန်းဝမ်၏အပြစ်ရှိပြီး နောင်တရနေသော မျက်နှာကိုကြည့်ပြီး မကြောက်ရန်သာပြောလိုက်သည်။
စန်းဝမ်က ခေါင်းသာငုံ့နေပြီး လင်းလန်ကိုမကြည့်ရဲသော်လည်း မထွက်သွားချင်သေးချေ။
လင်းလန်က သူရှောင်ဝမ်ရှောင်ဝမ်ကိုစိုးရိမ်နေသေးကြောင်းသိ၍ပြောလိုက်သည်။
"သွားအိပ်တော့... ရှောင်ဝမ်က သက်သာသွားပါပြီ... ဒါပေမဲ့ သားကအပြစ်လုပ်ထားမှတော့ အပြစ်ပေးခံရမှာပဲ.... ထွက်ပြေးလို့မရဘူး...."
သူက တဝမ်ကို စန်းဝမ်လည်း အိပ်မက်ဆိုးမက်နေ၍ ချော့သိပ်ပေးရန်ပြောလိုက်သည်။
တဝမ်က ခေါင်းငြိမ့်ကာ စန်းဝမ်ကိုခေါ်သွားလိုက်သည်။
Xxxxxxx
Part 384
ကလေးများထွက်သွားပြီးချိန်တွင် လင်းလန်က သူမကိုယ်တိုင်လည်း ပင်ပန်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူမကိုယ်တိုင်လည်း တံခါးဘောင်ကိုမှီကာ အနားယူနေလိုက်သည်။ သူမအလွန်ကြောက်သွားပြီး ကလေးများကိုကြောက်လန့်သွားစေခဲ့ကြောင်း သိပါသည်
ဟန်ချင်စုန့်ကလည်းသူမကိုကြည့်ကာ မြေပေါ်ထိုင်ချပြီး ဖက်လိုက်သည်။ လင်းလန်ကလည်း သူ့လက်မောင်းပေါ်မှီပြီးပြောလိုက်သည်။
"ဒီနေ့... ကျွန်မ သေမလိုကြောက်သွားတာ...."
စန်းဝမ်နှင့် ရှောင်ဝမ်တို့ ရေထဲကျသည်က စကာ တဝမ်စာရင်းသွားရှင်းပြီး ယခုရှောင်ဝမ်အဖျားတက်သည်အထိ ဒီတစ်လျောက်လုံး သူမ ခံစားချက်မျိုးစုံဖြင့် အတိုက်ခိုက်ခံခဲ့ရသည်။ သူမဟန်ချင်းစုန့်၏ နောက်ကျောကိုပုတ်လိုက်ကာပြောလိုက်သည်။
"အိပ်ကြရအောင်... ကျွန်မလည်း အရမ်းပင်ပန်းနေပြီ...."
ဟန်ချင်စုန့်ကမလှုပ်ဘဲ သူမကိုသာစူးစိုက်ကြည့်နေသည်။
လင်းလန်က တစ်ခုခုမှားနေသလိုခံစားလိုက်ရပြီး သူ့မျက်လုံးများနှင့်ဆုံလိုက်သောအခါတွင် အနည်းငယ်သောမကျေနပ်ချက်တို့ကိုမြင်လိုင်ရသည်။
သူစိတ်ကောက်နေတာလား....
လင်းလန် နှုတ်ခမ်းလေးစူကာ သူ၏လည်ပင်းကိုဖက်လိုက်ပြီး ခပ်ဖွဖွလေးနမ်းလိုက်ပြီးပြောလိုက်သည်။
"စန်းကော(တတိယအစ်ကို)... တောင်းပန်ပါတယ်နော်... အနာဂတ်မှာ အခုလိုထပ်မဖြစ်စေရတော့ပါဘူး..."
ရှောင်ဝမ် အဖျားကျသွားပြီဖြစ်ပြီး သူမလည်းစိတ်သက်သာရာရသွားပြီဖြစ်ကာ ဟန်ချင်စုန့်ကိုစရန်ပင် စိတ်အခြေအနေကောင်းနေလေသည်။
ဟန်ချင်စုန့်က သူမကို ပို၍နက်ရှိုင်းစွာနမ်းလိုက်ပြီး သူမကိုကုတင်ပေါ်ချကာ ကလေး၏နှဖူးကိုစမ်းပြီးမှ လင်းလန်ကိုဖက်ပြီးအိပ်လိုက်တော့သည်။
...
နွေဦးပေါက်ရောက်ချိန်ဆိုသည်မှာ လူတိုင်းကိုအလုပ်ပေါင်းများစွာဖြင့် စောင့်ကြိုနေသော ရာသီဖြစ်သည်။ အလုပ်သမားပေါင်းများစွာ လိုအပ်နေသော ရာသီလည်းဖြစ်သည်။ နောက်တစ်နေ့တွင် မနက်ခြောက်နာရီတွင် မနက်စာစားပြီး ခြောက်နာရီခွဲတွင် အလုပ်စတော့သည်။ ဟန်ချင်စုန့်က အားဝမ်ကိုခေါ်ပြီး အရှေ့တောင် ဆင်ခြေလျောသို့သွားကာ တဝမ်ကလည်း ရွာနားတွင်အလုပ်လုပ်သည့်လူများနောက်လိုက်သွားသည် မိုင်စွေ့က သူ့မောင်လေးကိုဂရုစိုက်ပေးရန် လင်းလန်နှင့်အတူနေခဲ့သည်။
စန်းဝမ်အတွက်မူ သူ့ကိုတစ်နေကုန်အလွတ်ပေးထားပြီး ညမှသာသင်ခန်းစာပေးမည်ဖြစ်သည်။
ရှောင်ဝမ်နိုးလာချိန်တွင် အားအင်ပြည့်ဝနေပြီး ဘာမှမဖြစ်သွားသလိုပင်။ သူက ဆန်ပြုတ်တစ်ပန်းကန်ကြီးသောက်ကာ ဘီစကွတ် များပင်စားလိုက်သေးသည်။
မိုင်စွေ့က သူ၏ဗိုက်လေးကိုထိကာ ပြုံးလိုက်သည်။
"နေကောင်းသွားလို့တော်သေးတာပေါ့...ညကအတော်လေးကြောက်သွားခဲ့တာ..."
ရှောင်ဝမ်က စန်းဝမ်ကိုကြည့်ကာ သူ့အမေနှင့် အစ်မဘက်ကိုလှည့်ပြီး ပြုံးပြလိုက်သည်။
"မာမား... သားမှားသွားပါတယ်... သားနောက်ဆို မြစ်နားမသွားတော့ပါဘူး...."
လင်းလန်က ပျော်ရွှင်စွာပြောလိုက်သည်။
"ရှောင်ဝမ်လေးက အရမ်းလိမ္မာတာပဲ...."
သူမ စန်းဝမ်ကိုကြည့်လိုက်သည်။
"သားညီလေးက သက်သာသွားပါပြီ... မစိုးရိမ်နဲ့တော့...."
စန်းဝမ်က သိပြီဖြစ်ကြောင်း ခပ်တိုးတိုးအသံပြုလိုက်ပြိး အစားအသောက်များက အနည်းငယ်အရသာရှိလာကြောင်း ခံစားလိုက်ရသည်။
ရှောင်ဝမ်က သူ၏လက်ကိုကိုင်လိုက်သည်။
"အစ်ကိုငယ်... သားဘာမှမဖြစ်တော့ဘူးနော်... မစိုးရိမ်နဲ့တော့...."
စန်းဝမ်က သူ့ကိုကြည့်လိုက်ပြီး မျက်လုံးများနီရဲလာပြန်သည်။ သူ့ညီလေးကို သူများဆီထပ်ပို့ထားရန်မလိုတော့၍ကောင်းလှပါသည်။
ရှောင်ဝမ်က သူ့ကို ချက်ချင်းမျက်ရည်သုတ်ပေးလိုက်ကာ သူတို့၏လျှို့ဝှက်ချက်လေးကို မည်သူ့ကိုမှမပြောပြပါ ဟူသောအဓိပ္ပါယ်ဖြင့် မျက်စိမှိတ်ပြလေသည်။
စန်းဝမ်က ချက်ချင်းခေါင်းငုံ့သွားပြီး မျက်ရည်များက ဆန်ပြုတ်ပန်းကန်ထဲကျလာသည်။
လင်းလန်က သူ့ကိုထိုကိစ္စအကြောင်းပြောချင်နေသည်။ သူ၏တစ်ညလုံး နောင်တရပူဆွေးနေသော အမူအရာကိုကြည့်ပြီး သူမလည်း အသည်းမမာနိုင်တော့ပေ။ မည်သို့ပင်ဆိုစေ သူက ကလေးသာရှိသေးပြီး အချို့သောပြဿနာများတွင် လူကြီးများ၏ဆုံးမညွှန်ပြမှုရှိမှသာ ကိုယ့်အမှားကိုယ်သိနိုင်မည်ဖြစ်သည်။
ရလဒ်အနေဖြင့် သူမစပြောရန်ပြင်ချိန်တွင် တုန်ဟွိုင်ဟွက သူမကို လာခေါ်လေသည်။ ဝါဒဖြန့်ကောင်တီမှလူများက ကိစ္စများကိုစစ်ဆေးရန့လာပြီး အစည်းအဝေးလည်းကျင်းပမည်ဖြစ်လေရာ လင်းလန်ကိုအစည်းအဝေးတက်ရန်လာခေါ်ခြင်းဖြစ်သည်။
လင်းလန်က မိုင်စွေ့နှင့် ကလေးနှစ်ယောက်ကို အိမ်ထဲမှာပဲနေရန်နှင့် အပြင်မထွက်ရန်ပြောခဲ့သည်။
မိုင်စွေ့က သူမ၏မောင်လေးနှစ်ယောက်ကို စာဖတ်ရင်း ပုံဆွဲစေခဲ့သည်။ လင်းလန်က ဆေးရောင်အနည်းငယ်နှင့် စာရွက်အနည်းငယ်ကိုပြန်ယူလာပေးခဲ့၍ သူတို့အတွက်ပုံဆွဲရန်အဆင်ပြေနေစေသည်။
ရှောင်ဝမ်က စန်းဝမ်ကိုဆွဲခေါ်ထားကာ အချိန်ကောင်းလေးကိုပိုင်ဆိုင်ထားသည်။
ထိုအချိန်မှာပင် ကောင်းလျန်၊ ယန်ယန်နှင့် ချိုက်ဟွားတို့သုံးယောက်က ကစားရန်လာကြသည်။
မိုင်စွေ့ကသတို့ကိုဧည့်ခံလေသည်။
"နင်တို့ဘာလို့ အလုပ်မသွားကြတာလဲ...."
"ငါတို့ အလုပ်ရမှတ်တွေရအောင် မြက်သွားရိတ်မလို့ပဲ... နင့်ကိုပါလာခေါ်တာ...."
ကောင်းလျန်ကပြောသည်
မိုင်စွေ့ကခေါင်းခါလေသည်
"ငါမသွားတော့ဘူး... ငါ့မောင်လေးတွေကိုထိန်းရမှာ...."
ယန်ယန်က ရှက်ရွှံ့သွားပြီးပြောလိုက်သည်။
"မိုင်စွေ့... ငါတောင်းပန်ပါတယ်နော်..."
တဝေ့က သူ့မောင်လေးဖြစ်ပြီး သူက စန်းဝမ်ကိုအနိုင်ကျင့်ခဲ့သည်။ ထို့ကြောင့် သူမက အားနာပြီး တောင်းပန်စကားဆိုရခြင်းဖြစ်သည်။
မိုင်စွေ့က စိတ်မတိုပဲ ရှင်းရှင်းလင်းလင်းခွဲခြားပြသည်။
"နင်ကသူမဟုတ်ဘူးလေ... သူ့အမှားအတွက် တောင်းပန်ပေးစရာမှမလိုတာ...."
မောင်ငယ်များ အမှားလုပ်ပါက အစ်မကြီးဖြစ်သူမှ အပြစ်ဒဏ်ခံယူပြီး အပြစ်တင်ခံယူရမည်ဆိုသည်ကလည်း မဟုတ်သေးပေ။
မိုင်စွေ့၏ တည်ငြိမ်နေသောပုံကိုကြည့်ပြီး ယန်ယန်က ပျော်ရွှင်စွာပြောလိုက်သည်။
"စိတ်မတိုလို့ကျေးဇူးပါဟာ...နောက်ကြရင်လည်း အတူတူပဲဆက်ဆော့ကြရအောင်နော်..."
မိုင်စွေ့ကပြုံးပြီးပြောလိုက်သည်။
"ရတာပေါ့ ဆော့ကြမယ်လေ...."
ချိုက်ဟွားက စန်းဝမ်နှင့် အားဝမ်တို့ပုံဆွဲနေသည်ကို ကြည့်လိုက်သည်။ ရှောင်ဝမ်က တစ်ခုခုတွင်ဇျာန်ဝင်သွားပါက ဘာကိုမှမသိတော့သလို ဘာကိုမှမကြားတော့၍ သူတို့ကိုမနှုတ်ဆက်ပေ။ ထို့အပြင် စန်းဝမ်က အရင်လိုနောက်တီးနောက်တောက်နှင့် ပြုံးရွှင်မနေတော့ကြောင်းတွေ့လိုက်ရသည်။ အမြဲတစေ ပြုံးပျော်နေပြီး စနောက်နေသော ကလေးက တိတ်ကျနေ၍ ကြည့်ရသည်မှာ အတော်လေးသက်တောင့်သက်သာမရှိလှပေ။
သူမမေးလိုက်သည်။
"စန်းဝမ်.... ရှောင်ဝမ်ကကောင်းနေပြီလေ... နင်ဘာလို့မပျော်မရွှင်ဖြစ်နေရတာလဲ...."
စန်းဝမ်ပ ဘာမှမပြောပေ။
ယန်ယန်ကပြောလိုက်သည်။
"သူကြောက်နေတာနေမှာ... ငါ့ရဲ့ဒုတိယမောင်လေးဆိုရင် ရေတွင်းကြီးထဲကျသွားတုန်းက နေ့တိုင်းအိပ်မက်ဆိုးတွေမက်တာ နှစ်ဝက်လောက်ကြာမှ အလန့်ပြေတော့တယ်...."
ကောင်းလျန်က စန်းဝမ်မကြားဘူးအထင်ဖြင့် သူ့ဘေးမှကောင်မလေးကိုပြောလေသည်။
"နင်လည်း အမှားအကြီးကြီးလုပ်မိရင် နှင်ထုတ်ခံရမှာပဲ... စန်းဝမ်ကိုကြည့်ထား သူ့ကိုလည်း သူများကိုပေးတော့မှာ... ပြန်လာလို့ရမှာမဟုတ်တော့ဘူး...."
မိုင်စွေ့က ရှင်းရှင်းလင်းလင်းမကြားလိုက်ရ၍မေးလိုက်သည်။
"နင်ဘာပြောလိုက်တာ...."
ကောင်းလျန်က နားမလည်သလိုအမူအရာလုပ်ပြနေလေသည်။
ချိုက်ဟွားက မိုင်စွေ့ကိုကြည့်ကာ အပြုံးဖြင့်ပြောလေသည်။
"ငါ့အစ်ကိုကိုလည်း ပန်ကိတ်အကြီးကြီးနဲ့လဲလာခဲ့တာ... သူက စကားနားမထောင်တော့ ငါ့မိဘတွေကသူ့ကို မြို့တော်မှာသွားတောင်းစားဖို့ နှင်ထုတ်လိုက်တာလေ...."
ယန်ယန်က သည်းမခံနိုင်တော့ပေ။
"မပြောနဲ့တော့...."
Xxxxxx