Part 385
မိုင်စွေ့၏အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူမနားလည်သွားသည်နှင့် ကောင်းလျန်ကို တွန်းထုတ်လေသည်။
"နင်ဘာတွေပြောနေတာလဲ... နင်ကရန်ဖြစ်ချင်နေတာလား....."
သူမက ကောင်းလျန်နှင့် ခန္ဓာကိုယ်အရွယ်အစားချင်းတူလုနီးနီးဖြစ်သေည်လည်း သူမကိုလင်းလန်က ကောင်းမွန်စွာပျိုးထောင်ခဲ့၍ သူမကပို၍အာဟာရပြည့်ဝပေသည်။ သူမထက် အနည်းငယ်အရပ်ရှည်သည့် ကောင်းလျန်ကိုပင် ယိမ်းယိုင်သွားအောင်တွန်းလိုက်နိုင်သည်။
ကောင်းလျန်ကပြောသည်။
"နင်နားလည်ရဲ့သားနဲ့ ဘာလို့နားမလည်ချင်ယောင်ဆောင်နေရတာလဲ... ငါပြောတာမမှားဘူးလေ... သူ့ကို အစကတည်းက ကောက်ရတာတဲ့လေ... လူတိုင်းလည်းပြောသလို ရှုယွမ်တောင်အဲ့လိုပြောတာ...."
မိုင်စွေ့က သူမ၏ပါးစပ်ကိုဆွဲလိမ်လိုက်သည်။
"နင်က အရမ်းအောက်တန်းကျတာပဲ.... ဘာလို့ဒီလောက်တောင် ဈေးပေါနေရတာလဲ... သွားတော့... ဒီကနေထွက်သွားတော့.... နင်တို့ကို ငါ့အိမ်မကြိုဆိုတော့ဘူး... နင်တို့ရဲ့ ပေါ့ပျက်တဲ့ပါးစပ်တွေကိုပါ ဂရုစိုက်နေကြ...."
ကောင်းလျန်က အချက်ပေါင်းများစွာအရိုက်ခံခဲ့ရ၍ ကြောက်လန့်တကြားပြေးပုန်းလေသည်။
မိုင်စွေ့၏ဒေါသကိုမြင်ပြီး ချိုက်ဟွားက ယန်ယန်ကိုဆွဲကာထွက်ပြေးလေသည်။
ကောင်းလျန်က ထွက်ပြေးနေရင်း တံခါးဝတွင်အော်သွားသေးသည်။
"ငါပြောတာ မမှားဘူးလေ... သူ့ကိုမကြာခင် မြို့ကိုပို့တော့မှာ...."
ထို့နောက်တွင် သူမနောက်ကို မိုင်စွေ့လိုက်လာမည်စိုး၍ ထွက်ပြေးလေတော့သည်
သူတို့ရွာတွင် ကောင်လေးတစ်ယောက်ရှိပြီး ထိုကောင်လေးကို မြို့ရှိ သူ၏ဆွေမျိုးများက မွေးစားခဲ့သည်။ သို့သော် ထိုဆွေမျိုးများက သူတို့၏ကိုယ်ပိုင်သားလေး မွေးလာချိန်တွင် သူ့ကိုရွာကိုပြန်ပို့ခဲ့သညိ။ ရွာနှင့် ငါးနှစ် ခြောက်နှစ်မျှဝေးကွာခဲ့သည်ဖြစ်လေရာ သူပြန်ရောက်ချိန်တွင် သူ့မိဘများကသူ့ကို မနမ်းကြတော့သလို သူ၏ညီအစ်ကိုမောင်နှမများကလည်း သူ့ကိုမခင်တွယ်ကြ၍ ဆိုးရွားလှသည့်ဘဝကိုပိုင်ဆိုင်ခဲ့ကြသည်။
ရှန်ရွေ့ရွာမှလူကြီးများက သူ့ကိုဥပမာယူပြီး သူက ကောက်ရ၍ သူပြောစကားနားမထောင်သောကြောင့် ပြန်ပို့ခဲ့ကြသည်ဟုပြောရင်း ကလေးများကိုခြောက်လှန့်ကြသည်။ ကလေးများကလည်း ကြောက်လန့်ကြပြီး ထိုကလေးကိုဥပမာယူကာ လိမ္မာအောင်ကြိုးစားကြသည်။
သူတို့ကို မောင်းထုတ်ပြီးနောက်တွင် မိုင်စွေ့ကဒေါသထွက်နေဆဲဖြစ်သည်။
"တကယ်ရိုက်ပစ်ခဲ့ရမှာ... စန်းဝမ် သူတို့ရဲ့ပေါက်ကရစကားတွေကိုမယုံနဲ့သိလား... သူတို့ရဲ့ပါးစပ်တွေက တအားပေါ့ပျက်လွန်းတာ.. အမေပြန်ရောက်လာရင် သူ့ကိုသွားရှာပြီး ပညာပေးလိမ့်မယ်...."
စန်းဝမ်က သူမ၏စကားများကိုကြားပြီး ပို၍ဝမ်းနည်းလာသည်။ သူ၏အစ်မကြီးက သူမကိုယ်သူမ လိမ်ညာနေလေသည်။
မိုင်စွေက သူတို့ကိုမောင်းထုတ်ပြီးနောက်တွင် ရှောင်ဝမ်နှင့်အတူပုံဆွဲရန်ကူညီပေးလေသည်။
စန်းဝမ်က အနောက်ဘက်အခန်းထဲကိုသွားကာ သူ၏ပစ္စည်းများကိုထုတ်ပိုးလေသည်။ သူက သူ၏ဖားရုပ်ကလေးနှင့် ပျက်နေသည့်ကားရုပ်ကလေးကို ရှောင်ဝမ်အတွက်ထားခဲ့ပြီး "တောမီးနှင့် နွေဦးလေတို့ ရှေးဟောင်းမြို့တော်ကိုတိုက်ခိုက်ကြခြင်း"ဟူသည့် ကာတွန်းစာအုပ်ကို အားဝမ်အတွက်ထားပေးခဲ့သည်။ မိုင်စွေ့အတွက် အားကစားကြက်တောင်ကို သူမ၏အနွေးကုတင်ပေါ်တွင်တင်ထားပေးခဲ့ပြီး တစ်ယောက်ချင်းဆီကို လက်ကိုင်ပုဝါတစ်ခုဆီပေးခဲ့သည်။ သူ၏အကြီးဆုံးအစ်ကိုအတွက် ထားခဲ့ရန်တွန့်ဆုတ်နေခဲ့သည်။
သူ့မိဘများအတွက် ထားခဲ့ရန်ဘာမှမရှိ၍ စာလုံးအနည်းငယ်သာရေးပေးခဲ့သည်။
သူ အနောက်အခန်းထဲတွင်ရပ်ပြီး သူနေခဲ့သည့် နေရာကိုပတ်ကြည့်ကာ အရှေ့ဘက်အခန်းကိုသွားပြီး သူ့မိဘများ၏အဝတ်များ၊ အိပ်ရာနှင့် အသုံးအဆောင်တစ်ခုချင်းကိုလိုက်လံထိတွေ့ကာ မျက်ရည်သုတ်လိုက်ပြီး မိုင်စွေ့အိမ်သာသွားချိန်တွင် ထွက်သွားလေသည်။
သူအိမ်ရှေ့တံခါးဝရောက်ချိန်တွင် အနောက်ကိုလှည့်ကြည့်ရင်း သူ၏အိမ်ကို မှတ်ဉာဏ်ထဲတွင်စွဲနေအောင် မှတ်သားကာ တွန့်ဆုတ်နေသောခြေလှမ်းများဖြင့် တစ်လှမ်းချင်းဆီလျှောက်လှမ်းကာ ထွက်သွားလေသည်။
...
မိုင်စွေ့ အိမ်ထဲပြန်ရောက်ချိန်တွင် စန်းဝမ်ကိုမတွေ့၍ ရှောင်ဝမ်ကိုမေးလိုက်သည်။
ရှောင်ဝမ်က ပန်းချီဆွဲနေခဲ့လေသည်။ သူက အိမ်လည်လာသော ကောင်မလေးသုံးယောက်ကိုပင် သတိမထားမိလေရာ စန်းဝမ်ကိုဆို ပိုဆိုးလေသည်။
မိုင်စွေ့က အပြင်ထွက်ကြည့်လိုက်သောအခါ ဒန်းစင်တွင်လည်းမရှိဘဲ အိမ်ထဲရောအိမ်ပြင်တွင်ပါမရှိကြောင်းသိလိုက်ရသည်။
သူမက လင်းလန်ဆီအပြေးသွားပြီး ပြောပြလေသည်။
လင်းလန်က အစည်းအဝေးပွဲတွင်ရှိနေပြီး စန်းဝမ်ပျောက်သွားကြောင်း သိသည်နှင့် တုန်ဟွိုင်ဟွနှင့် အခြားလူများကို စန်းဝမ်ဘယ်လိုသွားသလဲ မြင်သည့်လူကိုရှာခိုင်းလေသည်။
ရွာတစ်ပတ်ပြည့်အောင်ရှာပြီးချိန်တွင်ပင် မတွေ့သေးပေ။ ယခုအချိန်တွင် ရွာထဲရှိလူကြီးများအားလုံးက အလုပ်သွားနေကြပြီဖြစ်သည်။ ကျန်နေခဲ့သည်မှာကလေးအနည်းငယ်သာဖြစ်ပြီး ထိုကလေးများကလည်းမတွေ့မိကြပေ။
လင်းလန်က အလွန်ကြောက်လန့်နေလေပြီး ထိုအချိန်တွင် ရှောင်ဝမ်က စာရွက်တစ်ခုကိုကိုင်၍ပြေးလာသည်။
"အစ်ကိုငယ်စာချန်ခဲ့တယ်...."
လင်းလန် ချက်ချင်း ယူဖတ်လိုက်သောအခါတွင် စာလုံးပေါင်းအမှားများစွာနှင့်အတူ ဖျင်ယင်းနှင့်ရေးထားသောစာလေးကိုတွေ့လိုက်ရသည်။
*မာမား.. သားမာမားကိုချစ်တယ်... စန်းဝမ်ထွက်သွားပြီနော်... နောက်ဆို မာမားကို ပြဿနာမဖြစ်စေရတော့ဘူးပေါ့....*
လင်းလန် ရုတ်တရက်ကြီး နှလုံးသားကိုဆွဲဆုတ်လိုက်ရသလိုခံစားလိုက်ရသည်။
တုန်ဟွိုင်ဟွက ဘာကိုမှဂရုမစိုက်တော့ဘဲ ရွာထဲရှိလူတိုင်းကို စန်းဝမ်ကိုရှာကြရန်လောဆော်တော့သည်။
ရှောင်ဝမ်က သူ့တတိယအစ်ကိုပျောက်ဆုံးသွားကြောင်း ကြားလိုက်ရ၍ ဝမ်းပန်းတနည်းငိုကြွေးလေသည်။
"မာမား... မာမား... တတိယအစ်ကိုက သူ့အမေကို သွားရှာတာ...."
လင်းလန်က ကြောင်အသွားသည်။
"ဘာကိုသူ့အမေလဲ... ငါကသူ့အမေမှမဟုတ်ရင် သူ့အမေကဘယ်မှာတဲ့လဲ...."
ဒီကလေးနေ့တိုင်းဘာတွေများတွေးနေတာလဲ... သူ့ခေါင်းကိုတောင်ခွဲပြီးကြည့်ချင်နေမိပြီ...
တုန်ဟွိုင်ဟွနှင့် အခြားလူများက ထိုသည်ကိုကြားသောအခါ ရယ်ရခက်ငိုရခက်ဖြစ်သွားရသည်။
"လူကြီးတွေက ကလေးတွေကို ခြောက်လှန့်ဖို့ပြောကြတာတွေကို ကလေးတွေက အတည်ယူတတ်ကြတယ်... ကလေးကိုသာလိုက်ရှာပါ... သူအဝေးကြီးမသွားနိုင်လောက်သေးဘူး...."
လင်းလန်က မိုင်စွေ့ကိုရှောင်ဝမ်ကိုကြည့်ထားရန်ပြောလိုက်ပြီး သူမကတဝမ်ကိုသွားရှာသည်။ သူအလုပ်လုပ်နေသည့်နေရာက ရွာနှင့်ပိုနီးလေသည်။
သူမက စန်းဝမ်ပျောက်နေကြောင်းပြောလိုက်သည်နှင့် တဝမ်က မျက်မှောင်ကြုတ်သွားသည်။
"စိတ်မပူပါနဲ့.... သားလိုက်ရှာပေးပါ့မယ်...."
...
ထိုအချိန်တွင် စန်းဝမ်လေးက လင်းရွာ သို့သွားသည့်လမ်းတွင်ရောက်နေလေပြီ။
သူက အလွန်ကြောက်လန့်နေပြီး နောင်တရနေကာ သူ့ကိုယ်သူအပြစ်တင်နေသည်။ သူက ရှောင်ဝမ်ကို ရေနစ်သွားစေခဲ့သည်။ သူ့အဖေနှင့်အမေကလည်းသူ့ကိုမုန်းနေလောက်ပေမည်။ ကောင်းလျန်ပြောသလိုဆို သူ့မိဘများက သူ့ကိုသေချာပေါက် အဝေးသို့ပို့ပေလိမ့်မည်။ သူ့မိဘများ သူ့ကိုမုန်းတီးပြီး သူများဆီပို့ပေးသည်ထက် သူ့ဘာသာထွက်သွားရသည်ကပိုကောင်းပေသည်။
သို့သော် သူဘယ်ကိုသွားရမည်နည်း။ သူ့မိဘများက ဘယ်လိုပုံစံလဲသူမသိပေ။
ကျူးကျီက သူမြစ်ထဲတွက်ငါးဖမ်းနေရင်း သူ့မိဘများကသူ့ကိုမြစ်ထဲတွင် မျောလိုက်သည်ကိုမြင်လိုက်ရသည်ဟုပြောခဲ့သည်။ မြို့ထဲရှိလူများက ကလေးများက ပြောစကားနားမထောင်ပါက ကလေးများကို ရွာများသို့ပို့သည်ဟု သူကြားဖူးသည်။
သူဘယ်လိုသွားရတော့မည်နည်း။ သူ့မိဘအရင်းများအိမ်သို့သွားလျှင်လည်း သေချာပေါက်ဆိုးဆိုးရွားရွားဆက်ဆံခံရမည်ဖြစ်သည်။
အဘွားအိမ်သွားရမလား.... တတိယအဒေါ်က သူနဲ့ရှောင်ဝမ်က ရှားပါးတဲ့ကလေးတွေလို့အမြဲပြောလေ့ရှိတယ်... တတိယအဒေါ်အိမ်ပဲသွားရမလား... တတိယအဒေါ်က သူသာမြက်တွေဖြတ်ပြီး အလုပ်ရမှတ်ရနိုင်တယ်ဆိုရင် ခေါ်ထားလောက်မှာပါနော်....
သူ တတိယအဒေါ်၏အိမ်ကိုသွားပြီးမေးရန်ဆုံးဖြတ်လိုက်တော့သည်။
Xxxxxx
Part 386
သို့သော် သူက တတိယအဒေါ်၏အိမ်ကို ဤနေရာမှမသွားဖူးပေ။ သို့သော်လည်း အဘွား၏ရွာနှင့် သိပ်မဝေးတော့၍ ထိုရွာထဲမှသွားပါကအဆင်ပြေနိုင်သည်။
သူ၏ခြေတံတိုတိုလေးနှစ်ချောင်းကိုအားကိုးကာ လင်းရွာ သို့သွားလေသည်။ လမ်းရှိလူများက သူ့ကိုဘယ်ကိုသွားနေသလဲဟုမေးလျှင် ဘာမှပြန်မဖြေပဲဆက်သွားသည်။ သွားရင်းသွားရင်း သူမောပန်းပြီးဗိုက်ဆာလာ၍ ထိုင်လိုက်ကာ အမောဖြေလေသည်။ ထိုင်ပြီးနောက်တွင် သူလှဲချင်လာသည်။ သူလမ်းဘေးတွင် လှဲနေရင်း ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူတို့ကိုကြည့်နေလိုက်သည်။ ကောင်းကင်ပေါ်တွင် ကျေးငှက်တို့ကလည်း ပျံသန်းနေကြသည်။
သူ အိမ်ကိုလွမ်းလာရသည်။
သူမျက်စိမှိတ်လိုက်ပြီး ရုတ်တရက် သူ့ခေါင်းအထက်ရှိ နေရောင်က တစ်စုံတစ်ခုကြောင့် ပိတ်ဆို့ခြင်းခံလိုက်ရသည်။
စန်းဝမ်က မျက်စိဖွင့်ကာ သူ့ခေါင်းအထက်ရှိအရာကို မယုံနိုင်သလိုကြည့်လိုက်သည်။
"အစ်ကိုကြီး...."
တဝမ် သူ့ကိုကြည့်ကာ သနားသည်ဟုပြောရမလား ဘာပြောရမလဲမသိတော့ဘဲ ပါးကိုသာနာနာဆွဲလိုက်သည်။
"ထ.... အိမ်ပြန်ပြီး အရိုက်ခံရမယ်..."
စန်းဝမ်က လိမ်လိမ်မာမာလေးထလာကာ ခေါင်းငိုက်စိုက်ချရင်း သူ့အစ်ကိုကြီးနောက်မှလိုက်၍ အိမ်ပြန်လေသည်။
မာမားက အကြီးဆုံးအစ်ကိုကို သူ့ကိုလိုက်ရှာခိုင်းတာလား... ဒါဆိုသူ့ကို မစွန့်ပစ်သေးဘူးပေါ့နော်...
သူက လမ်းတစ်လျောက်လုံး ခေါင်းငိုက်စိုက်ချကာ အတွေးပေါင်းများစွာတွေးနေသည်။
တဝမ်က စန်းဝမ်ကိုအိမ်ပြန်ခေါ်လာသောအခါ လင်းလန်က ဟန်ချင်စုန့်လက်ကိုကိုင်ပြီး နောင်တကြီးဖြင့်ငိုနေသည်။
"ကျွန်မက သူ့အပေါ် ကောင်းပေးတာ မလုံလောက်လို့ စန်းဝမ်က ထွက်သွားရတာလားဟင်...."
တဝမ်က စန်းဝမ်ကိုပြန်ခေါ်လာကြောင်းမြင်သည်နှင့် ဟန်ချင်စုန့်က မျက်နှာကြီးမဲမှောင်သွားကာ ကြိမ်လုံးကိုကိုင်ရင်း အေးစက်စွာပြောလေသည်။
"ဘောင်းဘီချွတ်လိုက်စမ်း...."
...
ရှောင်ဝမ်က သူ၏တတိယအစ်ကို အရိုက်ခံရတော့မည်ဖြစ်ကြောင်း မြင်လိုက်သည်နှင့် ကြောက်လန့်သွားပြီး လင်းလန်၏ခြေထောက်ကိုဖက်ကာ ငိုလေသည်။
"မာမား... အစ်ကိုငယ်ကို သူများကိုမပေးပါနဲ့နော်.... သားလိမ္မာပါ့မယ်... ရေထဲကိုလည်းမဆင်းတော့ပါဘူး..."
လင်းလန်က အတော်လေးစိတ်ဖိစီးသွားရပြီး ဆောင့်ကြောင့်ထိုင်ရင်း သူ၏မျက်ရည်များကိုသုတ်ပေးလိုက်သည်။
"အရူးလေးရယ်... သားတို့တွေအကုန်လုံးက အမေတို့ရဲ့ကလေးတွေလေ... ဘယ်ကိုများ ပို့ရမှာလဲ...."
စန်းဝမ်၏မျက်လုံးများက တောက်ပလာပြီး သူ့ကိုကြည့်ရသည်မှာ ပြန်လည်အသက်ဝင်လာပုံပင်။ လင်းလန်က သူ့ကိုမျက်စောင်းထိုးပြီးပြောလိုက်သည်။
"နံရံဘက်ကိုလှည့်နေ...."
နင့်ကိုနာနာမရိုက်ရင် ဘာမှမှတ်မိမှာမဟုတ်ဘူး... ရေထဲဆင်းတယ် အိမ်ကနေထွက်ပြေးတယ်... အရမ်းတွေတော်နေပါရောလား....
သူမ စန်းဝမ်တစ်ယောက် ရေထဲဆင်းခဲ့သည်ဟုသိခဲ့ရချိန်က အတော်လေးဒေါသထွက်ခဲ့သော်လည်း သူ၏ညီငယ်လေးပါ သူနှင့်အတူရေထဲကျခဲ့ကြောင်းသိခဲ့ချိန်ကတည်းက စန်းဝမ် မရယ်မောတော့သလို စကားပင်မပြောတော့၍ စိတ်ဒဏ်ရာရသွားမည်ကိုစိုးရိမ်နေခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် သူမအိမ်မပြန်ရသေးမီ သူက အိမ်ကထွက်ပြေးခဲ့သည်။
သူ အိမ်သို့ပြန်ရောက်သည်နှင့် သူ့ကိုနာနာရိုက်ဖို့သာ သူမစိတ်ထဲရှိတော့သည်။ နာနာလေးရိုက်ရမည် ထိုမှသာ အနာဂတ်တွင် အိမ်မှထွက်မပြေးရဲမည်ဖြစ်သည်။
သူ့မိဘများက သူ့ကို သူများဆီမပေးမှန်းသိလိုက်ရ၍ စန်းဝမ်နှလုံးသားကခုန်ပေါက်နေကာ အပျော်ကြီးပျော်နေသော်လည်း ဟန်ချင်စုန့်၏စူးရဲနေသော အကြည့်များအောက်တွင် စိတ်ကိုထိန်းကာ ဘောင်းဘီကို လိမ္မာစွာချွတ်ပေးပြီး နံရံဘက်လှည့်နေလေသည်။
သူ၏ လိမ္မာနာခံနေပြီး ရူးပေါသလိုဟန်မဆောင်သလို ထွက်ပြေးရန်မကြိုးစား၍ လင်းလ၏နှလုံးသာလေး ပျော့ပြောင်းသွားရသော်လည်း မာကျောသလိုသာဟန်ဆောင်နေလိုက်သည်။
စန်းဝမ်က နံရံဘက်လှည့်နေပြီး အရိုက်ခံရမည်ကိုစောင့်နေသော်လည်း အချိန်အကြာကြီးဘာကိုမှ မခံစားရ၍ ချောင်းကြည့်လိုက်လေသည်။ ထိုစဉ်တွင် သူ့အဖေက သူ့အမေကို အိမ်ထဲခေါ်သွားသည်ကိုမြင်လိုက်ရပြီး ဘယ်နှချက်ရိုက်ရမလဲဆွေးနွေးနေကြသည်ဟု သူတွေးလိုက်သည်။
လင်းလန်က တံခါးပိတ်လိုက်ကာ တီးတိုးပြောလိုက်သည်။
"ဒီကလေးရေထဲကျပြီးတော့ ကြောက်နေပြီး စိတ်ဒဏ်ရာရသွားလောက်လား...."
သူမက စန်းဝမ်ကြောက်နေရသည်မှာ သူ၏ညီငယ်လေးကို ရေထဲကျအောင်လုပ်မိ၍ ကြောက်သည်လား ရေထဲတွင်နစ်နေခဲ့၍ စိတ်ဒဏ်ရာရသည်လား မသေမချာဖြစ်နေသည်။
ဟန်ချင်စုန့်: "စိတ်ဒဏ်ရာဟုတ်လား...."
လင်းလန်: "ကျွန်မသူ့ကို အရင်စကားပြောကြည့်ရမလား..."
ဟန်ချင်စုန့်: "အမှားလုပ်ရင် အပြစ်ပေးခံရမှာပဲ... သူလည်းသိတယ်...."
သူလည်းသိနေ၍ စကားမပြောမီအရင်အပြစ်ပေးရမည်ဖြစ်သည်။ မူလက ရေထဲဆင်းခဲ့၍ ရိုက်မည်သာပြင်ထားသော်လည်း ယခုတွင် အိမ်ကပင်ထွက်ပြေးခဲ့၍ ငြင်သာ၍မရတော့ပေ။
လင်းလန် သက်ပြင်းချလိုက်ပြီး သူ့လက်ကိုဖျစ်ညှစ်လိုက်ကာ စန်းဝမ်က သူ့သားဖြစ်၍ အလွန်အမင်း အပြစ်မပေးရန်သတိပေးလိုက်သည်။
ဟန်ချင်စုန့်က အပြင်ထွက်လာပြီး နံရံဘက်လှည့်၍ရပ်နေသာ စန်းဝမ်ကိုကြည့်ကာမေးလိုက်သည်။
"ကိုယ့်အမှားကိုယ်သိပြီလား...."
စန်းဝမ်က နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငြိမ့်ပြပြီးမငိုခဲ့ပေ။ ရှောင်ဝမ်လည်း အဆင်ပြေသည်။ သူ့မိဘများကလည်း သူ့ကိုမစွန့်ပစ်ခဲ့ပေ။ သူအရိုက်ခံရုံသာကျန်တော့ပြီး ငိုရန်မလိုအပ်ပေ။ သူ့အစ်ကိုကြီးအရိုက်ခံချိန်ကလည်း မငိုခဲ့ပေ။
ဟန်ချင်စုန့်က လင်းလန်ပြောသည့် စိတ်ဓာတ်ကျ ဘာညာကိုမသိပေ။ သူ့က စစ်တပ်စည်းမျဉ်းများဖြင့်သာ သင်ကြားပေးခြင်းခံခဲ့ရသည်။ အမှားလုပ်လျှင် အပြစ်ပေးခံရမည်သာဖြစ်ပြီး ကိုယ်လုပ်ခဲ့သည့်အရာအတွက် တာဝန်ယူရမည်သာဖြစ်သည်။
ဟန်ချင်စုန့်ကပြောသည်။
"ရေထဲကို ခွင့်မတောင်းဘဲဆင်းလို့ ဆယ်ချက်... အိမ်ကနေထွက်ပြေးတော့ နောက်ထပ်ဆယ်ချက်... အရင်က ကျန်တဲ့ငါးချက်နဲ့ပေါင်းရင် နှစ်ဆယ့်ငါးချက်.... ညီလေးကို ရအောင်ကယ်နိုင်ခဲ့တဲ့အတွက် ဆယ်ချက်နုတ်ပေးမယ်... ဆယ့်ငါးချက်ကျန်မယ်...."
အားဝမ်၊ မိုက်စွေ့နှင့် ရှောင်ဝမ်တို့က တံခါးနားတွင်တန်းစီပြီး စန်းဝမ်ကို စိတ်ပူစွာကြည့်နေကြသည်။
ရှောင်ဝမ်က စတင်ငိုကြွေးနေလေပြီ။
"အစ်ကိုငယ်...."
တဝမ်: "အမှားလုပ်တဲ့ ဘယ်သူမဆို အရိုက်ခံရမှာပဲ...."
၎င်းက သင်သာအမှားလုပ်လျှင် အရိုက်ခံရမည်ဟုဆိုလိုခြင်းဖြစ်ပြီး အခြားသူများကလည်း ကိုယ်စားအပြစ်ခံပေး၍မရချေ။ တဝမ်က သူအရိုက်ခံခဲ့ရသည်ကို လတ်လတ်ဆတ်ဆတ်မှတ်မိနေပြီး ယခုဆိုသူက လူတိုင်း၏အမြင်တွင် သားလိမ္မာဟူသော ပြောစမှတ်တွင်စရာဖြစ်နေလေပြီ။
ဟန်ချင်စုန့်က ကြိမ်လုံးကိုကိုင်ညှစ်ပြီး စန်းဝမ်ကိုကြည့်လိုက်သည်။ သူက သေးသေးလေးသာဖြစ်သော်လည်း တုန်ယင်မနေပေ။
အားဝမ်က ပြောင်းဖူးရိုးရှာကာ စန်းဝမ်ကိုက်ရန်ပေးလိုက်သည်။ ပထမတစ်ကြိမ် အကြီးဆုံးအစ်ကိုကြီးအရိုက်ခံရပြီး ယခုတွင် တတိယညီအရိုက်ခံရပြီဖြစ်သည်။ နောက်တစ်လှည့်က မည်သူဖြစ်မလဲသူသိချင်နေသည်။
"ပါပါး...."
စန်းဝမ်က ပြောင်းဖူးရိုးကိုကိုက်လိုက်ပြီး သူ့အဖေကိုလှည့်ကြည့်လိုက်သည်။
အစပိုင်းတွင် စန်းဝမ်က အရိုက်ခံရသော်လည်း တောင့်ခံနိုင်မည်ဟုထင်ခဲ့သည်။ သို့သော် တဖြေးဖြေးနှင့် မည်မျှနာကျင်ရကြောင့်းသိလာသည်။
အား...... နာလိုက်တာ....
တောင်းပန်ပါတယ်... ခွင့်လွှတ်ပါ.... ထပ်မလုပ်ရဲတော့ပါဘူး....
Xxxxxxx