အပိုင်း ၃၈၇-၃၈၈
Viewers 23k

Part 387


ငါးချက်ရိုက်ပြီးနောက်တွင် လင်းလန်က အတော်လေးစိတ်ဖိစီးနေပြီဖြစ်သည်။ သူမက သူမ၏လက်ချောင်းများကို ကိုက်ကာ ဟန်ချင်စုန့်ကို သနားစဖွယ်လေးကြည့်နေပြီး သူမဘက်လှည့်ကြည့်လာပါရန် မျှော်လင့်နေလေသည်။


သူမ စန်းဝမ်၏တင်ပါးကို မကြည့်ရဲပေ။


တဝမ်က ပုံမှန်အတိုင်းသာဖြစ်သော်လည်း အားဝမ်နှင့်မိုင်စွေ့က မျက်ရည်ဝဲနေလေသည်။ ရှောင်ဝမ်ကမူ လင်းလန်၏ခြေထောက်ကိုဖက်ထားပြီး သူ့မျက်ရည်များကြောင့် လင်းလန်၏ဘောင်းဘီများကို စိုရွဲနေစေသည်။


ဟန်ချင်စုန့်က လင်းလန်ကိုမကြည့်ဘဲ ဆက်ရိုက်နေကာ လင်းလန်ကလည်း ရှစ်ချက်မြောက်ရောက်သည်အထိ ရေတွက်ပြီးနောက်တွင် သည်းမခံနိုင်တော့ပေ။


လင်းလန်က သူမကိုယ်သူမအားတင်းကာ ပြောလိုက်သည်။


"စန်းကော... သူ့အမှားသူဝန်ခံတာက ကောင်းတဲ့ အပြုအမူဟုတ်တယ်မလား..ကျန်တဲ့အချက်တွေဆက်မရိုက်ပါနဲ့တော့... သူနောက်တစ်ခေါက် အမှားလုပ်မှဆက်ရိုက်လေနော်...."


အဆုံးတွင် သူမက  အမေတစ်ယောက်ဖြစ်သောကြောင့် ကိုယ့်သားသမီးနာကျင်နေရသည်ကို မမြင်ရက်ပါချေ။


ဟန်ချင်စုန့်က ဆက်မရိုက်တော့ဘဲ သူမကိုကြည့်ကာ တုန့်ဆိုင်းသွားပြီး တဝမ်ကိုကြည့်လိုက်သည်။


တဝမ်က ချက်ချင်းရှေ့ထွက်လာသည်။


ဟန်ချင်စုန့်က သူ့ကို ကြိမ်တုတ်ကိုပေးလိုက်သည်။

"ကိုင်ထား..."


တဝမ်: "..."


သူ့လက်ထဲတွင် ကြိမ်လုံးကိုကိုင်ပြီး တုန်ယင်နေမိသည်။


ဟန်ချင်စုန့်က အဝတ်အစားစချွတ်တော့သည်။


လင်းလန်နှင့် ကလေးများက ကြောင်အသွားကြသည်။


သူဘာတွေလုပ်နေတာလဲ....


ဟန်ချင်စုန့်က အင်္ကျီချွတ်ကာ သူ့လက်များကိုနံရံပေါ်ထောက်ရင်း စန်းဝမ်ကိုကြည့်လိုက်သည်။


"မင်းအမေက မင်းကိုချစ်တယ်ဆိုပေမဲ့ အပြစ်ဒဏ်ကတော့ လျော့လို့မဖြစ်ဘူး... ငါကျန်တဲ့အချက်တွေအရိုက်ခံပေးလိုက်မယ်..."


တဝမ်: "..!"

ဘာလား ငါ ငါ့အဖေကိုတော့ပြန်မရိုက်နိုင်ဘူးလေ....


လင်းလန်: "စန်းကော... စန်းကော... အဲ့လိုမလုပ်ပါနဲ့... စန်းဝမ်က ကလေးပဲရှိသေးတာလေ...."


ဒီလောက်ငယ်သေးတဲ့ကလေးကို သူ့အဖေသူ့အစား အရိုက်ခံရတာကိုကြည့်ခိုင်းရင် တစ်ဘဝလုံး အရိပ်မဲကြီးထင်ကျန်နေမှာပေါ့...


သို့သော် ဟန်ချင်စုန့်ကလည်း သူ့စိတ်သူမပြောင်းမှန်းသိနေ၍ လင်းလန်က သူမ၏လက်များကိုပွတ်လိုက်သည်။


ဟန်ချင်စုန့်: "စစ်တပ်စည်းကမ်းရှေ့မှာ အဖေတွေသားတွေမရှိဘူး... သူ့ရဲ့ပြုမူပုံအတွက် သူတာဝန်ယူရမှာပဲ..."


သူ လင်းလန်ကိုကြည့်လိုက်သည်။

"ဒါမှမဟုတ် မင်းလာမလား...."


လင်းလန်: "....."

ပိုပြီးတောင်တွန့်ဆုတ်သွားသေးတယ်...


သူအင်္ကျီချွတ်လိုက်သည်နှင့် သူ၏တောင့်တင်းလှသော ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်ပေါင်းများစွာရှိနေကြောင်းတွေ့လိုက်ရသည်။ သူမ ထိုအမာရွတ်များကိုကြည့်ပြီး မျက်ရည်များမထိန်းနိုင်တော့ပေ။


စန်းဝမ်က ရှိုက်ကြီးတငင် ငိုကြွေးလာသည်။


"သားကိုရိုက်ပါ... သားကိုပဲရိုက်ပါ... သားနာမှာမကြောက်ပါဘူး...."


သူအတော်လေးမှားယွင်းခဲ့ကြောင်း သူသိနေပြီဖြစ်ပြီး အရိုက်ခံရသည်မှာနာလွန်း၍ သူ့တစ်ဘဝလုံးတွင်ဘယ်သောအခါမှ မလုပ်ရဲတော့ပေ။


တဝမ်: "ဒါမှမဟုတ် သားကိုရိုက်လေ...."


သူကလည်း သူ့အဖေကိုမရိုက်ရဲပါချေ။ ၎င်းက သူ့တစ်ဘဝလုံး အမဲစက်ကြီးထင်ကျန်နေခဲ့ပေလိမ့်မည်။


ထိုအချိန်တွင် ရှောင်ဝမ်နှင့် စန်းဝမ်ကိုလာကြည့်သော ဟန်ချင်းယွမ်က ထိုမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်နေလေသည်။


"တတိယအစ်ကို... တတိယမရီး.... ဘာတွေ..လုပ်နေကြတာလဲ..."


လင်းလန်က ဟန်ချင်းယွမ်လာသည်ကိုကြည့်ပြီး အပျော်လွန်သွားခဲ့သည်။


"ချင်းယွမ်.... လာပါဦး..."


ဟန်ချင်းယွမ်က သူမကိုကြည့်ပြီး တွေးလေသည်။


မရီးရေ ကျွန်တော့်ကိုယ်ကျွန်တော်ချောမှန်းသိပါတယ် အဲ့လိုကြီးကြည့်ဖို့မလိုပါဘူးဗျာ....


တဝမ်က သူ့လက်ထဲက ကြိမ်လုံးကို ဟန်ချင်းယွမ်လက်ထဲသို့ အာလူးပူပူတစ်လုံးနှယ်ပေးလိုက်လေသည်။


ဟန်ချင်းယွမ်က ပို၍ ပဟေဠိပဟေဖြစ်သွားရသည်။


ဘာတွေဖြစ်နေတာလဲ.... ဘာလို့များ ထောင်ချောက်ထဲကျသွားသလို ခံစားလိုက်ရတာပါလိမ့်...


လင်းလန်က ဟန်ချင်းယွမ်ကိုရှင်းပြလိုက်သည်။


ဟန်ချင်းယွမ် အံ့အားသင့်သွားသည်။


ငါဘာများလုပ်မိလို့လဲ... ဆောင်းတွင်းကြီး မြစ်ထဲကျသွားတဲ့ငါ့တူလေး အိမ်ကထွက်ပြေးသွားလို့ သတင်းလာမေးရုံပါ... ဘာလို့များ ငါ့ဘော့စ်ကို ရိုက်ခိုင်းနေရတာလဲ... ဘုရားရေ ငါဘာလုပ်ရတော့မလဲ....


သူ၏ ကြောင်ပျောက်နေသော အမူအရာကိုကြည့်ရသည်မှာ တဝမ်ထက်ပင် ပို၍ကြောက်နေသလိုပင်။


သူ တဝမ်ကို ကြိမ်လုံးပြန်ပေးရန်ပြင်ချိန်တွင် ဟန်ချင်စုန့်ကထပြောလေသည်။


"အချိန်ဖြုန်းမနေနဲ့...."


တဝမ်က အခြားတစ်ဖက်သို့ လှစ်ခနဲပြေးပြီးပြီဖြစ်သည်။


"ဖောက်"ကနဲမြည်သံဖြင့် ဟန်ချင်းယွမ်က စိတ်ထဲ၌ သူ့အမေသူတရင်း ခေါင်းဆောင်ဟန်ကိုရိုက်လိုက်သည်။


ကြိမ်လုံး သူ့ကျောပြင်ပေါ်ရောက်လာသည်နှင့် ဟန်ချင်စုန့်၏ကြွက်သားများ တင်းကြပ်သွားသော်လည်း သူ၏အသားအရေက ပုံမှန်အတိုင်းပဲဖြစ်ကာ သူ့ပုံစံကလုံးဝမလှုပ်သွားပေ။


"ထမင်းမစားခဲ့ရဘူးလား... ရိုက်စမ်းပါ...."


ဟန်ချင်းယွမ်: "...."


တတိယအစ်ကိုကတော့ တွန်းအားပေးနေတော့တာပဲ.... ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ်လေးစားမြတ်နိုးတဲ့ အမျိုးသားတစ်ယောက်ဆိုတာ မေ့နေတာများလား...


သူ အားကုန်သုံးပြီးရိုက်လေတော့သည်။


ကျွန်တော့်ကို အနိုင်ကျင့်နေတယ်လို့များ မထင်မိဘူးလား... ကျွန်တော်ကလည်း ကလေးပဲရှိသေးတာပါဗျာ... အားအား... သေချာပေါက် အိပ်မက်ဆိုးမက်တော့မှာပဲ...


ခုနစ်ချက်တင်းတင်းပြည့်အောင်ရိုက်ပြီးနောက်တွင် ဟန်ချင်းယွမ်က အားမရှိတော့သလို ဟန်ချင်စုန့်ကျောပြင်ပေါ်တွင်လည်း သွေးများစို့နေလေပြီ။


ယခုတွင် လင်းလန်က ပို၍စိတ်ညစ်သွားလေပြီ။ 


သူမသားအရိုက်ခံရတာကထားပါတော့ သူမယောက်ကျားက ဘာလို့အရိုက်ခံရလဲ... 


သူမ စန်းဝမ်ကို ခါးသက်စွာကြည့်လိုက်သည်။

"ကြည့်ထား... မှတ်မိပြီလား..."


စန်းဝမ်က သူမကိုဖက်ကာငိုကြွေးနေလေသည်။


"မာမား... သားမှတ်ပါပြီ.. ထပ်မလုပ်ရဲတော့ပါဘူး...."


ဟန်ချင်စုန့်က ခုနစ်ချက်အရိုက်ခံရသော်လည်း မျက်မှောင်တစ်ချက်ပင်မကြုတ်ချေ။ သူက ကလေးများက သူ၏နက်မှောင်စူးရှနေသော မျက်လုံးများဖြင့်ကြည့်ကာပြောလေသည်။


"မင်းတို့အကုန်လုံးက ကလေးတွေပဲမလို့ မင်းတို့ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ မင်းတို့မိဘတွေက တာဝန်ယူကာကွယ်ပေးလိမ့်မယ်... အနာဂတ်မှာ မင်းတို့ အရွယ်ရောက်လာတဲ့အချိန်ကြရင်တော့ ကိုယ်လုပ်ခဲ့တဲ့အရာတိုင်းအတွက် ကိုယ်တိုင်တာဝန်ယူကြရလိမ့်မယ်...."


ကလေးများအားလုံးက နားလည်ပါပြီဟု တစ်ပြိုင်တည်းပြန်ဖြေကြသည်


လင်းလန်က မျက်ရည်များသုတ်ပြီး ဟန်ချင်စုန့်ကိုဆေးလိမ်းပေးရန်ပြေးထွက်လာလေသည်။


သူမ စန်းဝမ်၏တင်ပါးလေးကိုကြည့်ပြီး ကြောက်လန့်သွားမိပြန်သည်။ အဆုံးတွင် သူကငယ်ငယ်လေးသာရှိသေးလေသည်။ ကြိမ်လုံးကလည်း ထူလှသည်။ ဝမ်းတွင်းမည်းအဖေက ဝမ်းတွင်းမည်းအဖေသာဖြစ်ပြီး ဤနှစ်ရက်တွင်အလုပ်ကြမ်းများလုပ်ခဲ့ရသည်ဖြစ်ကာ ပို၍ပင်သန်မာလာနေခဲ့သည်။ ထို့ကြောင့် စန်းဝမ်၏တင်ပါးပေါ်တွင် အရှိုးရာတို့ပိုမိုထင်းနေပြီး သွေးများပင်စို့နေရသည်။


ဟန်ချင်းယွမ်ကလည်း ခြေထောက်များပျော့ခွေသွားပြီး ကြိမ်လုံးကိုအောက်ပစ်ချလိုက်သည်။


"တတိယမရီး ကျွန်တော်တကယ်ကြောက်နေပြီ...."


လင်းလန်က ရယ်ရုံသာရယ်လိုက်သည်။


"လာပါ ငါ့ကို စန်းဝမ်လဲမသွားအောင် ကူသယ်ပေးဦး...."


Xxxxxx

Part 388


အားဝမ်နှင့် မိုင်စွေ့တို့က အနွေးကုတင်ပေါ်တွင် ဂွမ်းများနှင့် ဆေးအရက်ကိုပြင်ပြီးသားဖြစ်သည်။ သူတို့က အချင်းချင်းကြည့်ကာ တဝမ်လည်း ဤကဲ့သို့အရိုက်ခံခဲ့ရပြီး မျက်စိတစ်မှိတ်အတွင်း စန်းဝမ်ပင်အရိုက်ခံရပြီဖြစ်ကြောင်း အမှတ်ရလိုက်သည်။


ဟေး.....


နောက်တစ်ယောက်က ဘယ်သူဖြစ်မလဲ... သူတို့နှစ်ယောက်တော့မဖြစ်ချင်ပါဘူးနော်....


ထို့နောက်တွင် သူတို့ချက်ချင်းအကြည့်လွှဲလိုက်ကြသည်။


လင်းလန်က ပထမဆုံး ရေနွေးကိုလောင်းကာ ဂွမ်းများကိုပိုးသတ်ပြီးမှ ဟန်ချင်စုန့်၏နောက်ကျောကိုပွတ်သုတ်ပေးလိုက်သည်။ ထို့နောက်တွင် သွေးတိတ်ဆေးရန်ဆေးထပ်လိမ်းပေးလိုက်သည်။


မိုင်စွေ့နှင့် အားဝမ်တို့က ရှောင်ဝမ်ကိုခေါ်ပြီး စန်းဝမ်၏တင်ပါးကိုဆေးသွားလိမ်းပေးကြသည်။


ဟန်ချင်းယွမ်က ဟန်ချင်စုန့်၏သွေးများစို့နေသော နောက်ကျောကိုကြည့်ပြီး အတော်လေးအားနာနေမိသည်။ မူလက သူက ပြင်းအားကိုလျော့ပြီး ရိုက်သော်လည်း ဟန်ချင်စုန့်က သူ့ကိုတွန်းအားပေးခဲ့သည်။


"တတိယမရီး...."


ဟန်ချင်းယွမ်က သူမကို အပြစ်မကင်းစွာကြည့်လာသည်။


ကျွန်တော်လည်း တွန်းအားပေးခံရတာပါ.. ကျွန်တော့်ကိုမမုန်းပါနဲ့....


လင်းလန်: "ချင်းယွမ်... ကျေးဇူးအများကြီးတင်ပါတယ်...."


သူမ ဟန်ချင်ယွမ်အတွက် ရေနွေးငှဲ့ပေးလိုက်သည်။


ဟန်ချင်းယွမ်က ရေနွေးခွက်ကို လက်နှစ်ဖက်ဖြင့် ယူပြီး လင်းလန်ကိုကြည့်လိုက်သည်။ သူမ၏အသားအရေကဖြူဖွေးကာ ငိုပြီးခါစဖြစ်၍ မျက်လုံးလေးများနီရဲနေသည်မှာ သူမ၏လှပမှုကို ပို၍ထပ်တိုးစေကာ ပိုမိုလှပစေသည်။


သူ မနေနိုင်ပဲ ဝိုးကနဲအော်မိသွားသည်။


"တတိယအစ်ကို... မရီးက ပိုပိုပြီးလှလာတာပဲ...."


ရွာထဲရှိလူများက ထိုသို့ပင်ဖြစ်သည်။ ခဲအိုနှင့် ခယ်မတို့က စကားသိပ်မပြောကြဘဲ တတ်နိုင်သမျှစကားမပြောမိအောင်ပင်နေကြပြီး မတ်နှင့်မရီးတို့မှာ ပုံမှန်အတိုင်းပြောဆိုဆက်ဆံကြသည်။ ထို့အပြင် ဟန်ချင်းယွမ်က ဟန်ချင်စုန့်နှင့် လင်းလန်တို့နှင့် အမြဲတစေ ရယ်မောစကားပြောနေကြဖြစ်သည်။ ထို့ကြောင့် သူက ဟန်ချင်စုန့်၏ရှေ့တွင်ပင် လင်းလန်ကို အေးအေးဆေးဆေး မြှောက်ပင့်နိုင်နေခြင်းဖြစ်သည်။


လင်းလန်က မျက်လုံးများကွေးညွတ်သွားအောင်ပြုံးလိုက်သည်။


"ကျေးဇူးနော် ချင်းယွမ်... အပြောလေးကချိုနေတော့ ရေနွေးလေးထပ်သောက်လိုက်ပါဦး...."


ဟန်ချင်စုန့်ကသူ့ကိုကြည့်လိုက်ပြီး သူ့မျက်နှာက မဲမှောင်သွားသည်။


"ဘာလာလုပ်တာလဲ...."


ဟန်ချင်းယွမ်က တောင့်ခဲစွာပြန်ဖြေလာသည်။


"မရီးက စန်းဝမ်ကိုရှာနေတယ်ဆိုလို့ သတင်းလာမေးတာပါ...."


သူစန်းဝမ်၏ခေါင်းလေးကိုပုတ်လိုက်သည်။


"ကောင်စုတ်လေး... ငါမင်းအရွယ်တုန်းက မင်းထက်တောင်ပိန်သေးတယ်...."


သူ ငယ်စဉ်က စန်းဝမ်ထက်ပင် အရိုက်ခံခဲ့ရကြောင်း မှတ်မိလေသည်။ သူ့တွင် ဟန်ချင်စုန့်လို အရိုက်ကူခံပေးမည့် အဖေလည်းမရှိပေ။ သူ့တွင် ပြဿနာဖြစ်မည်ကိုမကြောက်သော ညီလည်းရှိလေရာ သူတို့ဘယ်လောက်အရိုက်ခံရမလဲတွေးကြည့်နိုင်လေသည်။


သူ၏အမူအရာကိုကြည့်ပြီး လင်းလန်က ဘာတွေတွေးနေလဲသိ၍ပြုံးလိုက်သည်။ သူမက ဟန်ချင်စုန့် နာမှာစိုး၍ တတ်နိုင်သမျှညင်သာစွာ ဆေးလိမ်းပေးလေသည်။


ဟန်ချင်စုန့်: "မနာပါဘူး... လုပ်ပါ..."


လင်းလန်က သူ့ကိုဆေးကောင်းကောင်းလိမ်းပေးပြီးမှ စန်းဝမ်ကိုသွားကူညီပေးလေသည်။ဟန်ချင်စုန့်က အဝတ်အစားများညစ်ပတ်ကုန်မည်စိုး၍ ဟန်ချင်းယွမ်နှင့်စကားပြောချိန်တွင် အင်္ကျီချွတ်ထားလေသည်။


စန်းဝမ်က တဝမ်လောက် တောင့်မခံနိုင်ပေ။ ဒဏ်ရာများကို ပိုးသတ်ပေးချိန်တွင် နာလွန်း၍ အသတ်ခံနေရသည့်ဝက်လို အော်နေလေသည်။


လင်းလန်က ဒေါသမထွက်တော့သော်လည်း စိတ်ညစ်နေရသည်။


"အခုနာနေမှန်းအမေသိပါတယ်... နောက်ကြရင် တစ်ခုခုလုပ်ခါနီးတိုင်း ဘာလို့အခုလိုအရိုက်ခံရလဲဆိုတာရယ် တင်ပါးပေါ်ကနာကျင်မှုရယ်ကိုအမြဲသတိရနေပေါ့..."


"မာမား... သားသိပါပြီ... တစ်ဘဝလုံးဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး...."


စန်းဝမ်က အော်ဟစ်လေသည်။


လင်းလန်က သူနောက်တွင် ပြဿနာမလုပ်ရဲတော့မှန်းသိသလို နောက်ပိုင်းတွင် ပို၍ဦးနှောက်ဆေးရန်လိုအပ်လာကြောင်းလည်း သိပေသည်။ ကလေးများကို သင်ကြားပေးရခြင်းမှာ လက်အောက်ငယ်သားများကို ဦးနှောက်ဆေးရခြင်းနှင့်တူပြီး ကြာလာလေ ပို၍ အားစိုက်ရလေဖြစ်သည်။ တစ်ညတည်းနှင့် မပြီးနိုင်သလို တစ်ကြိမ်တည်းလည်းမပြီးနိုင်ပေ။


ဤနာကျင်မှုကို သူ့စိတ်ထဲ၌ ထာဝရထွင်းထားမှသာရပေလိမ့်မည်။


တဝမ်က လက်ပိုက်ပြီးသာရပ်ကြည့်နေသည်။ သူတစ်နေ့လုံးမပြုံးသလို အခြားလူများကလည်း သူဘာတွေးနေလည်းမသိကြပေ။


ထိုအချိန်တွင် သူ့ကိုယ်သူတစ်ယောက်တည်းမဟုတ်တော့ဟုခံစားနေရသည်။


အရိုက်ခံရတဲ့အခါ ဘာကအနာကျင်ရဆုံးလဲသိလား... ရိုးရိုးသားသားပြောရရင် ဆေးထည့်တဲ့အချိန်အနာဆုံးပဲ... အိပ်ရင်ပိုနာတယ်... ထိုင်နေရင်ကော လှဲနေရင်းကောနာတယ်... အနာဖေးတွေတက်လာရင်တော့လား နာလိုက်ယားလိုက် ဖင်တကြွကြွဖြစ်ပြီး ပိုတောင်ဆိုးသေးတယ်...


သို့သော် ဟန်ချင်စုန့်က သူ့ညီအတွက်အရိုက်ခံသည်ကိုကြည့်ပြီး တဝမ်စိတ်ထဲအတော်လေးရိုက်ချက်ပြင်းပြင်းတစ်ခုဖြစ်သွားသည်။ ဖခင်၏ အချစ်က တောင်တစ်တောင်နှင့်တူသည်ဟူသော စာသားအတိုင်းပြောရပေလိမ့်မည်။ လင်းလန်၏နူးညံ့သိမ်မွေ့မှုကိုကြည့်ရလျှင် အထူးသဖြင့် သူမ၏သားသမီးများအတွက် စိုးရိမ်ပူပန်ပြီး မျက်ရည်ကျရသည်ကိုကြည့်ပြီး သူ့ကို မိခင်မေတ္တာကိုခံစားရစေသည်။ 


သူ့အမေက သူနှင့်သူ၏ညီငယ်များကို နူးညံ့စွာဆက်ဆံသည်ကို မပျော်သော်လည်း ထိုသို့ဆက်ဆံသည်ကိုကြည့်ရသည်မှာ အတော်လေးစိတ်ကျေနပ်စေသည်။ 


အမြဲတမ်း စကားအကောင်းမပြောသလို သူတို့ကိုစကားပြောရန်ပျင်းနေသလို ပုံပေါက်နေသည့် သူ၏အဖေက စန်းဝမ်အတွက် ဤသို့အရိုက်ခံမည်ဟုသူတစ်ခါမှမတွေးကြည့်ဖူးပေ။


ရွာထဲရှိကအဖေများကိုကြည့်ပါက ကလေးများကို ရိုက်ရသည်ကိုကျေနပ်နေသူများပင်။ မိုးရွာရွာနေပူပူရိုက်နှက်နေကြပြီး ရိုက်ရန်အကြောင်းပြချက်များစွာလည်းရှာကြသေးသည်။


ဟန်ချင်စုန့်က "ဒါ အဖေတစ်ယောက်ရဲ့တာဝန်....."ဟုပြောချိန်က သူကိုယ်တိုင်လည်း ကလေးတစ်ယောက်သာဖြစ်ပြီး သူ့မိဘများက သူ့ကိုစောင့်ရှောက်ပေးနိုင်ကြောင်းသိခဲ့သည်။ သူကြီးပြင်းလာချိန်တွင် သူသာအပြစ်လုပ်ခဲ့ပါက သူကိုယ်တိုင်အပြစ်ဒဏ်ခံယူရမည်ဖြစ်ပြီး သူ့ကိုကာကွယ်ပေးမည့်သူမရှိကြောင်းပါ သိလိုက်ရသည်။


တဝမ်က အရင်ကအဖြစ်အပျက်များကို မတွေးကြည့်ဘဲ မနေနိုင်တော့ချေ။ ထိုအချိန်က သူ့လုပ်ရပ်များက မှားနေကြောင်းမသိသလို ထိုလူများကလည်း လူကောင်းများမဟုတ်ကြောင်းမသိပေ။


 အရိုက်ခံရပြီးကတည်းက သူအများကြီးတွေးလာမိသည်။ ရုတ်တရက်ကြီး ထိုလူများက မကောင်းသလို တရားမဝင်ကိစ္စများကိုလုပ်ကြကြောင်း နားလည်သွားခဲ့သည်။ ထို့နောက်တွင် သူက ထိုသူများကိုဘာကြောင့် ချဉ်းကပ်မိကြောင်းနှင့် ဘာကြောင့်မချဉ်းကပ်သင့်ကြောင့်အပါအဝင် အနာဂတ်တွင်လည်း ထိုကဲ့သို့သော အမှားများကို မလုပ်မိစေရန်မည်ကဲ့သို့ ရှောင်ကျဉ်ရမည်လဲကိုပါ သိချင်လာသည်။


တစ်ချိန်တည်းတွင် သူ အမှန်တရားတစ်ခုကို သိနားလည်ခဲ့သည်။ ထိုသူများ၏ အပြုအမူများက မှားယွင်းနေသော်လည်း သူတို့၏ လက်မှုပညာအတတ်များက ကောင်းသည်ဆိုသည်ကိုပင်။ ပြောရမည်ဆိုလျှင် နည်းလမ်းကမှန်နေလျှင် လူဆိုးများ၏ပညာကိုလည်း သင်ယူနိုင်သည်။ အဓိကသော့ချက်မှာ မည်သို့အသုံးချမည်ဆိုသည့်အချက်ပင်။


Xxxxxxx