အပိုင်း ၃၈၉-၃၉၀
Viewers 23k

Part 389


အရိုက်ခံရပြီးကတည်းက သူအများကြီးတွေးလာမိသည်။ ရုတ်တရက်ကြီး ထိုလူများက မကောင်းသလို တရားမဝင်ကိစ္စများကိုလုပ်ကြကြောင်း နားလည်သွားခဲ့သည်။ ထို့နောက်တွင် သူက ထိုသူများကိုဘာကြောင့် ချဉ်းကပ်မိကြောင်းနှင့် ဘာကြောင့်မချဉ်းကပ်သင့်ကြောင့်အပါအဝင် အနာဂတ်တွင်လည်း ထိုကဲ့သို့သော အမှားများကို မလုပ်မိစေရန်မည်ကဲ့သို့ ရှောင်ကျဉ်ရမည်လဲကိုပါ သိချင်လာသည်။


တစ်ချိန်တည်းတွင် သူ အမှန်တရားတစ်ခုကို သိနားလည်ခဲ့သည်။ ထိုသူများ၏ အပြုအမူများက မှားယွင်းနေသော်လည်း သူတို့၏ လက်မှုပညာအတတ်များက ကောင်းသည်ဆိုသည်ကိုပင်။ ပြောရမည်ဆိုလျှင် နည်းလမ်းကမှန်နေလျှင် လူဆိုးများ၏ပညာကိုလည်း သင်ယူနိုင်သည်။ အဓိကသော့ချက်မှာ မည်သို့အသုံးချမည်ဆိုသည့်အချက်ပင်။


ထိုအကြောင်းကိုတွေးရင်း သူ့စိတ်တွေပေါ့ပါးလာရသည်။


အရေးအကြီးဆုံးအရာမှာ ယခုအခါတွင် သူက သူ၏ ကိုယ်ပိုင် နေရာကိုခံစားမိနေပြီဖြစ်ပြီး  သူတစ်ခါမှ မခံစားဖူးသည့် အဆုံးမဲ့သော အင်အားများကို ခံစားမိနေလေသည်။


သူ့ကအမြဲတမ်း လေပေါ်မျောနေသလိုခံစားရပြီး သူ့အဖေက သူ့အမေနှင့် သူ့အဘွားကိုမချစ်သလို သူ့အဘွားနှင့် သူ့အမေတို့ကလည်း သူ့ကိုဂရုမစိုက်ပေ။ ယခုတွင် သူ၏အုတ်မြစ်တို့က တစ်နေရာတွင်အခြေကျသွားသလိုခံစားလိုက်ရသည်။ သူ့မိဘများရှိရာအိမ်က သစ်ပင်အမြစ်ကြီးဖြစ်ပြီး သူတို့မောင်နှမများမှာ ကိုင်းခွဲလေးများဖြစ်ကြသည်။ သူတို့က ဘယ်လောက်မြင့်မြင့် ဘယ်လောက်ဝေးဝေး ကြီးပြင်းလာမည်လဲကို ကြောက်စရာမလိုတော့ပေ။


တောင်တန်းနှင့်တူသော ဖခင်မေတ္တာနှင့် ရေအလျဉ် နှင့်တူသော မိခင်မေတ္တာတို့ဖြင့် ဤမိသားစုက နွေးထွေးကာတက်ကြွနေရပြီး ၎င်းကသူ့ကိုလည်း တက်ကြွလန်းဆန်းစေသင့်သည်ဟုခံစားရစေမိသည်။


ထို့ကြောင့် သူနောက်ဆိုဘာဆက်လုပ်မလဲတွေးသင့်သည်။


လင်းလန် လှည့်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်ရင်း ရပ်နေသော တဝမ်ကိုတွေ့လိုက်ရသည်။ ထိုကလေးတစ်နေကုန်ဘာတွေစဉ်းစားနေလဲသူမ မသိပေ။ မည်သို့ပင်ဆိုစေ ထိုကလေးက အမြဲတမ်း မျက်နှာသေကြီးနှင့်ရှိနေ၍ သူ့အမေဖြစ်သော သူမကိုယ်တိုင်ပင် သူ့အတွေးများကို မဖတ်နိုင်ပါချေ။


သူမ၏သားက အနာဂတ်တွင် မည်ကဲ့သို့ဖြစ်လာမည်လဲကို မတွေးကြည့်ပဲ မနေနိုင်တော့ပေ။ ဟန်ချင်စုန့်လို ရေခဲလိုအေးစက်နေသည့် မျက်နှာနှင့် ဖြစ်နိုင်လေသည်။


သူမ စန်းဝမ်ကိုဆေးလိမ်းပေးရန်သာ အာရုံစိုက်လိုက်တော့သည်။


ရှောင်ဝမ်က စန်းဝမ်၏တင်ပါးကို လေမှုတ်ပေးနေသည်။


"ဟူး...ဟူး...ဟူး..."


စန်းဝမ်မှာ အတော်လေးရှက်လာရသည်။


"ရှောင်ဝမ်လေး... အစ်ကို့အတွက် ဘာဂျာမှုတ်ပြရင် အနာသက်သွားမှာ...."


ရှောင်ဝမ်က သူ့တတိယအစ်ကို မနာကျင်တော့အောင်လုပ်ပေးနိုင်သည့်အကြောင်း ကြားသည်နှင့် စိတ်သက်သာရာရသွားကာ ချက်ချင်း ဘာဂျာသွားယူပြီး မှုတ်ပြလေသည်။


လင်းလန်ကိုယ်တိုင်ပင် ဘာကြောင့်လဲမသိသော်လည်း ဘာဂျာသံကြားသည်နှင့် တုန်ယင်သွားရသည်။ နှစ်ရက်အတွင်းတွင် ရှောင်ဝမ်၏ ဘာဂျာသံက ပိုမိုနားဝင်ချိုလာကာ သံစဉ်အနိမ့်အမြင့်အတက်အကျတို့က ပိုမိုကြည်လင်ပြတ်သားလာပြီး ချစ်ခြင်းမေတ္တာကိုပင်ခံစားရနေသည်။


ဒီမတော်တဆပြီးသွားတော့ ဒီကလေး ဉာဏ်အလင်းပေါက်သွားတာများလား....


သူမ အတော်လေး အံ့ဩသွားရသည်။ ဤမျှငယ်ရွယ်သော ကလေးတစ်ယောက်က ဘဝဉာဏ်အလင်းကိုပွင့်သွားခဲ့လေပြီ။


ကောင်းလိုက်တာ....


စန်းဝမ်လေး အရိုက်ခံရတာ အလကားမဖြစ်တော့ဘူး....


လူတိုင်းက ရှောင်ဝမ်၏ ဘာဂျာမှုတ်သံကြောင့် အံ့အားတသင့်ဖြင့် ချီးကျူးကြလေသည်။

.

ဟန်ချင်းယွမ်က ပို၍ပင် ထိတ်လန့်သွားရသည် သူကဟောက်ယွမ် ဘာဂျာမှုတ်သည်ကိုကြားဖူးပေသည်။ ထိုသူက ပို၍ကျွမ်းကျင်ကြောင်းသိသာပါသော်လည်း သူမသိလိုက်မခင်တွင် ရှောင်ဝမ်၏ဘာဂျာသံကပိုကောင်းသည်ဟု တွေးနေမိလေသည်။ သူ ဂီတကိုနားမလည်သော်လည်း ထိုဘာဂျာသံကိုကြားပြီးနောက် သူ့ရင်ထဲတွင်နွေးထွေးလာရပြီး သူ့ရင်ထဲမှ တစ်စုံတစ်ခုကပွင့်အံလာတော့မယောင်ခံစားနေရသည်။


ငိုချင်လာပြီဟေ့....


မကောင်းတော့ဘူး...


ဟန်ချင်းယွမ်က တံတွေးထွေးဟန်ဆောင်ပြီး အိမ်ပြင်ထွက်ကာ မျက်ရည်ခိုးသုတ်လေသည်။


"ရှောင်ဝမ်... တကယ်ဘာဂျာမှုတ်တတ်တာပဲ...."


သူငိုတောင်ငိုမိသွားတယ်လေ....


လူတိုင်း ရယ်မောကြလေသည်။


ဟန်ချင်းယွမ်က ဆက်ပြောလေသည်။

"မရီး... ရှောင်ဝမ်ကလေ ဆရာဟောက်ပြောသလို တကယ့်ဉာဏ်ကြီးရှင်လေးဖြစ်နေတာပဲ...."


လင်းလန်ကပြန်ပြောလေသည်။


"ဒါပဲလေ ငါ့သားလေးကတော်တာပေါ့... နောက်ကြရင် သူ့ကိုစန္ဒယားဝယ်ပေးချင်သေးတာ....."


သူမ၏အရင်ဘဝတွင် သူငယ်ချင်းများက စန္ဒယားတီးသင်၍ သူမပါသင်ချင်သော်လည်း ဈေးကြီးလွန်း၍မသင်ခဲ့ရပေ။ လင်းလန်သက်ပြင်းချလိုက်သည်။ အနာဂတ်တွင် ရှောင်ဝမ်သာ သင်ချင်ပါက အစွမ်းကုန်ထောက်ပံ့ပေးရန်ဆုံးဖြတ်လိုက်လေသည်။


မိုင်စွေ့ကပြောသည်။

"ရှောင်ဝမ်ရဲ့ ပန်းချီတွေကလည်း အရမ်းကောင်းတာ... သမီးထက်တောင်တော်သေးတယ်...."


ရှောင်ဝမ်၏ ပန်းချီများက မိုင်စွေ့လောက် မကောင်းသေးသလို အတုခိုး၍ဆွဲထားသည်များသာဖြစ်သော်လည်း သူ၏အရောင်စပ်မှုနှင့် ကောက်ကြောင်းတို့က လင်းလန်၏မျက်လုံးထဲတွင် တုနှိုင်းမဲ့နေသည်။ တစ်ဝက်တစ်ပျက်သာဆွဲထားသော မိသားစုပုံလေးဖြစ်ကာ လူအများစု၏ပုံက အကြမ်းသာဆွဲရသေးသည်။ စန်းဝမ်၏မျက်နှာကိုသာဆွဲရသေးပြီး မျက်ခုံးထောင့်နှင့် မျက်လုံးတို့က ကြည့်မလှသော်လည်း ဆွဲဆောင်နိုင်စွမ်းရှိလှပေသည်။


ရှောင်ဝမ်က စန်းဝမ်ကို သူ၏ အငိုလွန်၍ယောင်ကိုင်းနေသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။


"အစ်ကိုငယ်... ပိုပြီးနေလို့ကောင်းသွားပြီလားဟင်...."


စန်းဝမ်က လက်ဆန့်ကာ ရှောင်ဝမ်၏ခါးလေးကို ဖက်လိုက်သည်။


"ညီလေးရှောင်ဝမ်... မင်းက ငါ့ရဲ့ကယ်တင်ရှင်ပဲ...."


မိုင်စွေ့ကရယ်မောကာ စန်းဝမ်ကိုဂွမ်းဖြင့်သုတ်ပေးလိုက်သည်။ စန်းဝမ်က အော်ဟစ်လိုက်ပြီး ရယ်ကာပြောလိုက်သည်။


"သားကအရိုက်ခံထားရတာလေ... အရမ်းသနားစရာကောင်းတယ်မဟုတ့်ဘူးလား...."


လင်းလန်က ဖြေးဖြေးချင်းပြောလိုက်သည်။

"စန်းဝမ်ပြောတာမှန်တယ်...."


အကယ်၍ ရှောင်ဝမ်သာ သူ့ကိုကယ်ရန်မကြိုးစားဘဲ ရေထဲမကျခဲ့ပါက စန်းဝမ်တစ်ယောက် ကြွက်တက်နေသည့်ကိစ္စကိုမေ့ပြီး ရေကူးရန်မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် ဤဘဝ၌နောက်တစ်ကြိမ် ရေနစ်သေသွားနိုင်သည်။


ရှောင်ဝမ်က စန်းဝမ်၏ခေါင်းကိုဖက်လိုက်သည်။

"အစ်ကိုငယ်... ကယ်တင်ရှင်ဆိုတာဘာလဲဟင်...."


စန်းဝမ်က လင်းလန်ကိုကြည့်လိုက်ပြီး ဆက်မကြည့်ရဲတော့ပေ။


"ငါသေတော့မလိုဖြစ်နေတာကို မင်းကကယ်ခဲ့တာလေ...."


ရှောင်ဝမ်က ပဟေဠိ ဖြစ်သွားသည်။

"ဒါပေမဲ့ အစ်ကိုကသားကိုကယ်ခဲ့တာလေ...."


လင်းလန်က ရှောင်ဝမ် နားမလည်မည်ကိုစိုးရိမ်၍ သူ့ကိုရှင်းပြလိုက်သည်။


"သားရဲ့ တတိယအစ်ကိုမှာ ပြဿနာရှာတတ်တဲ့ ပြဿနာလေးရှိနေတယ်.... အခုအရွယ်ကတည်းကမှ မပြင်ဘူးဆိုရင် ကြီးလာရင်ပိုကြီးတဲ့အမှားတွေလုပ်မိနိုင်တယ်... ဒီတော့ သားက သားအစ်ကိုကို အဖြေမှန်ရှာတွေ့အောင်ကူညီပေးခဲ့တော့ သူ့ကိုကယ်သလိုပဲပေါ့...."


အားဝမ်ကထပ်ပြောသည်။


"ငယ်ငယ်က အပ်ချောင်းတွေခိုးတဲ့ကလေးက ကြီးလာရင် ရွှေချောင်းတွေခိုးနိုင်သလိုပေါ့...."


ရှောင်ဝမ်က နားလည်သွားပြီး စန်းဝမ်၏ခေါင်းကိုထိလိုက်သည်။


"သားရဲ့ အစ်ကိုကတော့ ရွှေချောင်းတွေမခိုးပါဘူး...."


စန်းဝမ်: "...."

တော်လိုက်တဲ့ညီလေး....


လင်းလန်က အခြေအနေနှင့် အချိန်အခါကို အခွင့်ရေးယူကာ ကလေးများကို သင်ကြားပေးရန်ပြင်လိုက်သည်။


"စန်းဝမ်... သားအခု ဘာမှားလဲသိပြီလား..."


စန်းဝမ်က ခေါင်းအုံးပေါ်တွင်မှောက်ရင်းပြောလေသည်။

"သိတယ်..."


"ဘာမှားတာလဲ...."


စန်းဝမ်: "သားရေထဲမဆင်းခဲ့သင့်ဘူး...."


"ထပ်တွေးကြည့်ပါဦး...."


လင်းလန်က သူ့ကိုကြည့်လိုက်သည်။


"ရေထဲဆင်းရုံလေးတင်ပဲလား... သားသာ သားအဖေနဲ့ သားအစ်ကိုကြီးလို စိတ်ချရတဲ့အခြေအနေမှာရှိရင် အမေကသားကို ရေထဲမဆင်းခိုင်းပဲနေမှာမလို့လား...."


စန်းဝမ်က သူမကိုကြည့်လိုက်သည်။

"သားက ရေထဲကိုဆင်းဖို့မသင့်တော်သေးတာ...."


လင်းလန်က ပြုံးပြီးပြောလိုက်သည်။


"သားသာ ကိုယ့်အမှားကိုယ်သိရင် ပြင်ဆင်ရမယ်လေ... အခုက အမေကသားကို ရေထဲမဆင်းခိုင်းတာထက် သားကောင်းဖို့အတွက် ရေထဲမဆင်းခိုင်းတာလေ... သားတစ်ခုခုလုပ်မယ်ဆိုရင် အဲ့လိုလုပ်ဖို့အတွက် ထိုက်တန်လားဆိုပြီး တွေးရမယ့်အရာတွေရှိတယ်... သူများတွေနဲ့ပြိုင်ဖို့တွေးနေထက် ပိုတွေးသင့်တာမျိုးပေါ့..."


သူမက စန်းဝမ်ကို နောင်အနာဂတ်တွင် ရေမကြောက်သွားစေလိုပေ။ ထို့ကြောင့် စန်းဝမ်ကို ပြဿနာနှင့်ပတ်သတ်၍ ဆွေးနွေးပေးနေခြင်းဖြစ်သည်။


Xxxxxxx

Part 390


သူမက စန်းဝမ်ကို နောင်အနာဂတ်တွင် ရေမကြောက်သွားစေလိုပေ။ ထို့ကြောင့် စန်းဝမ်ကို ပြဿနာနှင့်ပတ်သတ်၍ ဆွေးနွေးပေးနေခြင်းဖြစ်သည်။


ရှောင်ဝမ်: "မာမား... သူတို့က အရမ်းဆိုးတယ်... သူတို့က အဖေရယ် အကြီးဆုံးအစ်ကိုရယ်ကို မကောင်းပြောလို့ အစ်ကိုငယ်ကဒေါသထွက်သွားတာ...."


လင်းလန်: "အဲ့အကြောင်းနဲ့ပတ်သတ်ပြီးပြောရရင် ကိုယ့်အဖေနဲ့အမေကို သေချာပေါက်လာပြောသင့်တာပေါ့... တစ်ယောက်ယောက်က ကိုယ့်ကို အကြောင်းပြချက်မရှိ အနိုင်ကျင့်တဲ့အခါ ကိုယ့်ရဲ့မိဘတွေဒါမှမဟုတ် ရွာက လူကြီးတွေကိုပြောပြလို့ရတယ်... ကိုယ့်ဘာသာတစ်ယောက်တည်း သတ္တိရှိသလိုလိုနဲ့ပြန်တိုက်ခိုက်ဖို့မလိုဘူး...."


စန်းဝမ်က သူသိကြောင်း ပြန်ဖြေလေသည်။


လင်းလန်က သူ့ကိုထပ်မေးလိုက်သည်။


"ပြီးတော့ အိမ်ကနေထွက်ပြေးတာကလည်း သားမိဘတွေကသားကိုရိုက်မှာကြောက်လို့ ထွက်ပြေးတာမလား....."


ခေါင်းအုံးပေါ်တွင်လှဲနေသော စန်းဝမ်က ထအော်လေသည်။


"မဟုတ်ပါဘူးနော်.... သား အရိုက်ခံရမှာမကြောက်ပါဘူး... သားက...မာမားသားကို မလိုချင်တော့ဘူးလို့ထင်လို့...."


လင်းလန်က နှာမှုတ်လိုက်သည်။


"လူလေးကဖြင့် လက်တစ်ဆစ်ရှိသေးတယ် ပေါက်ကရတွေတအားတွေးတာပဲ... သူများတွေ ပေါက်ကရပြောတိုင်း ကိုယ့်မိဘတွေက ကိုယ့်ကိုမလိုချင်တော့ဘူးလို့ တွေးသတဲ့လား...."


စန်းဝမ် ရှက်လွန်း၍ ခေါင်းအုံးထဲမျက်နှာဖွက်ထားလိုက်သည်။ ယခုအချိန်ပြန်တွေးကြည့်ပါက ထိုကိစ္စကအတော်လေးရှက်ဖွယ်ကောင်းသော်လည်း ထိုအချိန်က သူ့မိဘများက သူ့ကိုအမှန်တကယ် မလိုချင်တော့ဟုတွေးပြီး ကောင်းကင်ကြီးပြိုကျလာသလိုခံစားခဲ့ရသည်။


ကလေးများ၏ ကမ္ဘာကြီးကသေးငယ်လှသည်။ သူတို့အတွက် တစ်စုံတစ်ယောက်. စကားလေးတစ်ခွန်း၊ ကိတ်မုန့်လေးတစ်ပိုင်း၊ အရုပ်လေးတစ်ခု၊ စာမေးပွဲတစ်ခု၊ အိမ်စာလေးတစ်ခုနှင့်ပင် အရာရာပြီးဆုံးပြီး ကမ္ဘာကြီးပြိုကျသွားသလိုခံစားရတတ်သည်။


လင်းလန်ကထပ်မေးသည်။

"ပြောပါဦး အခုထိ သားကိုကောက်ရတယ်လို့ထင်နေသေးလား...."


စန်းဝမ် တစ်ချက်ခိုးကြည့်လိုက်သောအခါတွင် အစ်ကိုအကြီးဆုံးက သူ့ကိုမျက်နှာသေဖြင့်ကြည့်နေပြီး အားဝမ်နှင့်မိုင်စွေ့က အရူးဟုပြောနေသော ပုံဖြင့်ကြည့်ကာ ရှောင်ဝမ်ကရယ်မောနေလေသည်။


သူက ကျယ်ကျယ်ပြန်ဖြေလိုက်သည်။


"ဟင့်အင်း... သားမှားသွားတာ... သားက မာမားရဲ့သားပဲ ကောက်ရတာမဟုတ်ဘူး... ပြီးတော့ ရှောင်ဝမ်ကိုလည်း ပန်ကိတ်ကြီးတစ်ခုနဲ့လဲလာတာမဟုတ်ဘူး...."


ရှောင်ဝမ်က ရယ်မောကာ လင်းလန်၏ခြေထောက်ကိုဖက်လိုက်သည်။


"မာမား... သားကို ပန်ကိတ်နဲ့လဲလာတာမဟုတ်ဘူး... သူနဲ့အတူတူမွေးထားတာ...."


လင်းလန်က သူ၏ခေါင်းလေးကိုထိကာ ရွှင်မြူးစွာပြောလိုက်သည်။


"ဘယ်လို ပန်ကိတ်ကြီးတစ်ခုနဲ့ ဒီလောက်လိမ္မာတဲ့ကလေးကို ဝယ်နိုင်မှာလဲ... ဝယ်လို့ရမယ့်နေရာလေး ပြောကြပါဦး...."


အရှေ့ဘက်အခန်းတွင် ဟန်ချင်စုန့်နှင့်စကားပြောနေသော ဟန်ချင်းယွမ်က အနောက်ခန်းထဲကိုရောက်လာပြီး ရှောင်ဝမ်ကို ချီလိုက်ကာ ချဲ့ကားသော အမူအရာဖြင့် ပြောလာသည်။


"ဒီတစ်ယောက်ကို ကျွန်တော့်မှာရှိတဲ့ ပန်ကိတ်ကြီးသုံးခုနဲ့လဲမယ်...."


လူတိုင်းရယ်မောကြလေသည်


ဟန်ချင်စုန့်က သူ့ကိုစိုက်ကြည့်လာသောအခါတွင် ဟန်ချင်းယွမ်က သူ့နှာခေါင်းသူကုတ်ကာ သူ့တူလေးကို အနွေးကုတင်ပေါ်ပြန်တင်ပေးလိုက်သည်။


ရှောင်ဝမ်နှင့် စန်းဝမ်တို့က အချင်းချင်းဖက်လိုက်ကြပြီး ပျော်ရွှင်စွာပြောလိုက်သည်။


"အစ်ကိုငယ်ကို ကောက်ရတာမဟုတ်ဘူး... သားကိုလည်း မုန့်နဲ့လဲလာတာမဟုတ်ဘူး... သားတို့က ညီအစ်ကိုအရင်းတွေပဲ... သားအရမ်းပျော်တယ်... သားရင်ထဲမှာ ပန်းလေးတွေပွင့်နေသလိုခံစားနေရတာ...."


ထိုသို့ပြောပြီးနောက်တွင် သူ၏ရင်ဘတ်ကိုထိလိုက်သည်။


"ပန်းလေးတွေပွင့်နေသလိုပဲ...."


သူ၏ ကလေးမျက်နှာလေးနှင့် ကလေးဆန်ဆန်စကားလေးက လူတိုင်းကိုတစ်ချိန်တည်းတွင် ပျော်ရွှင်သလို ဝမ်းနည်းသွားစေပြီး သူ့ကိုမနမ်းဘဲ မနေနိုင်တော့ချေ။


ရှောင်ဝမ်က တကယ်ပင်ပျော်နေလေပြီ။ အဆုံးတွင် သူက လင်းလန်အပေါ်အခြားသူများထက်ပိုမိုမှီခိုတတ်သူဖြစ်၍ သူ့မိဘများက သူ့ကိုမလိုချင်တော့မည်ကို အကြောက်ဆုံးလူဖြစ်သည်။ သူ့ကို မုန့်နှင့်လဲလာသည်ဟု အပြောခံရသော်လည်း သူက အိမ်မှမထွက်သွားချင်သလို အိမ်၌နေရရန် ဘာမဆိုပျော်ပျော်ကြီးလုပ်မည်သာဖြစ်သည်။ ယခုတွင် သူ့အစ်ကိုငယ်က ကောက်ရတာမဟုတ်သလို သူကလည်း မုန့်နှင့်လဲလာသူမဟုတ်ကြောင်း သိလိုက်ရသည်။ သူက သူ့မိဘများ၏ကလေးပင်။ သူ့အစ်ကိုအစ်မများနှင့်အတူတူပင်ဖြစ်သည်။


၎င်းက သူ့ရင်ထဲတွင် ပန်းများပွင့်သလိုခံစားရစေသည်။


စန်းဝမ်က အလွန်အမင်း အပြစ်မကင်းသလိုခံစားလိုက်ရကာ ချောင်းဟန့်ရင်းပြောလိုက်သည်။


"ရှောင်ဝမ်... ငါတောင်းပန်ပါတယ်... ငါ့ကိုကောက်ရတယ်လို့ထင်ခဲ့တော့... မာမားတို့က ငါ့ကိုမလိုချင်တော့မှာကြောက်တာနဲ့ မင်းကိုပါ ကောက်ရတယ်လို့ပြောခဲ့မိတာ..."


အစ်ကိုနှင့် အစ်မကို အရူးလုပ်၍မရသော်လည်း သူ့ညီလေးက သူပြောသလိုယုံပေးခဲသည်။


ရှောင်ဝမ်က မျက်လုံးတို့မှေးမှိတ်သွားအောင်ပြုံးရင်း ပြန်ပြောလိုက်သည်။


" ရပါတယ်.... အခုသားဘယ်လောက်ပျော်နေလဲတောင် မပြောပြတတ်ဘူး... ပြီးတော့ စိတ်လည်းမဆိုးပါဘူး..."


လင်းလန်က သူ့ကိုနမ်းလိုက်သည်။

"တကယ့်ကို အလိမ္မာတုံးလေး...."


မိုင်စွေ့က စန်းဝမ်ကိုတစ်ချက်ပြီးတစ်ချက်ရိုက်နေလေသည်။


"ငါတို့တွေအကုန်လုံး လူကြီးတွေက ကောက်ရတာလို့ စတာခံရဖူးပါတယ်... ဒါပေမဲ့ ဘယ်သူမှမယုံကြဘူး... နင်ကတော့လေ ငတုံးကောင်... နင့်ဦးနှောက်ကိုဘာလုပ်ဖို့ထားထားတာလဲပြောပါဦး... ပြီးတော့ နင် ငါ့ရဲ့ အားကစားကြက်တောင်ကိုပါဖွက်ထားလိုက်သေးတယ်... ထစမ်းပါ အရူးကောင်ရဲ့... ငါ ကြက်တောင်ကအဝတ်ကိုဘယ်လောက်ကြာအောင်ချုပ်ခဲ့ရလဲ နင်သိလား... နှစ်ရက်ပဲဆော့ရသေးတယ် ပျောက်သွားလို့ ငါ့အတန်းဖော်တွေက ငါ့ကိုမယုံသင်္ကာဖြစ်နေကြတယ်... ငါက ကပ်စေးကုပ်ပြီး အတူမကစားချင်လို့ ဖွက်ထားတယ်လို့ထင်နေကြတာလေ... နင့်ဒုတိယအစ်ကိုသာ ငါ့အတွက်ဝင်မပြောပေးရင် ငါ့မှာစွပ်စွဲခံရပြီး သေမှာပဲ...."


အားဝမ်: "ဒါကိုတော့ သားအာမခံနိုင်တယ်တယ် မာမား... ညီမလေးက အိမ်ကိုတောင်ပြန်မတိုင်ခဲ့ဘဲနေတာ...."


လင်းလန်က ထိုကိစ္စကို လုံးဝမသိခဲ့ပေ။


ဒီ ကလေးစုတ်ကတော့....


သို့သော် ဤကိစ္စပြီးသည့်နောက်တွင် မိုင်စွေ့က စန်းဝမ်ကို ပိုမိုသည်းခံအလျော့ပေးလာပြီး နောင်အနာဂတ်တွင် သူမ၏မွေးချင်းများနှင့် ဆက်ဆံရေးအက်ရာထင်မည့်ဘေးမှ လွတ်ကင်းသွားခဲသည်။ 


စန်းဝမ်က ရယ်မောပြီး သူ့အမှားသူ ရိုးရိုးသားသားဝန်ခံလာသည်။


"မမလေးမိုင်... ကျွန်တော်မျိုးမှားသွားပါတယ်... ကျွန်တော့်ခေါင်းထဲရေဝင်သွားလို့ ဒီအမှားကိုကျူးလွန်ခဲ့မိတာပါ...."


လူတိုင်းရယ်မောကြပြီး လင်းလန်က ဆေးလိမ်းနေသည်ကို ပိုအားထည့်လိုက်သည်။


"မြည်းငတုံးကောင်... ဘယ်သူကများ ကိုယ့်ကလေးမဟုတ်တဲ့ ကလေးကို လမ်းပေါ်က တကူးတကကောက်မလဲ... ကောက်ရင်လည်း ဘယ်သူကမှ နင့်လို မြည်းငတုံးကိုမကောက်ဘူးသိလား...."


" ဟားဟားဟား...."


စန်းဝမ်က ရှက်ရှက်နှင့် ခေါင်းကုတ်လိုက်ပြီး ရှောင်ဝမ်ကို တိုးတိုးကပ်ပြောလိုက်သည်။


"ရှောင်ဝမ်... မင်းက ပန်ကိတ်ကြီးတစ်ခုနဲ့လဲလာတဲ့ကလေးမဟုတ်ဘူး... ငါကလည်း လမ်းပေါ်ကနေကောက်ရတာမဟုတ်ဘူး... ဒီတော့ ငါတို့က ညီအစ်ကိုအရင်းတွေပဲ...."


ရှောင်ဝမ်ကသူ့ကို နမ်းလိုက်သည်။

"ဒါပေါ့... ညီအစ်ကိုအရင်းတွေ...."


စန်းဝမ်က တစ်စုံတစ်ခုကိုသတိရသွားပြီး ချက်ချင်းပြောလာသည်။


"ဟုတ်သားပဲ... သား မာမားတို့ကို အသက်ရှူကူနည်း (ပါးစပ်ချင်းတေ့၍လေမှုတ်ခြင်း)ကို တတ်သွားပြီလို့ပြောဖူးတယ်နော်...."


သူရှောင်ဝမ်ကို ဖိပြီး သရုပ်ပြရန်ပြင်သော်လည်း လင်းလန်နှင့် မိုင်စွေ့က သူ့တင်ပါးပေါ် ဂွမ်းကိုနာနာဖိလိုက်သည်။ စန်းဝမ်တစ်ယောက် နာလွန်း၍အော်နေလေတော့သည်။


Xxxxxxx