Part 391
သူရှောင်ဝမ်ကို ဖိပြီး သရုပ်ပြရန်ပြင်သော်လည်း လင်းလန်နှင့် မိုင်စွေ့က သူ့တင်ပါးပေါ် ဂွမ်းကိုနာနာဖိလိုက်သည်။ စန်းဝမ်တစ်ယောက် နာလွန်း၍အော်နေလေတော့သည်။
အခန်းတစ်ခန်းလုံး ရယ်မောသံတို့ဖြင့် ဆူညံနေလေသည်။
ဟန်ချင်စုန့်က ဟန်ချင်းယွမ်ကိုစကားဆက်ပြောနေသော်လည်း သူ၏အကြည့်များက လင်းလန်ဆီသို့သာ မကြာခဏရောက်နေလေသည်။
ယအခုအချိန်တွင် အခန်းထဲ၌ရယ်မောသံတို့ပြည့်လျှံနေပြီး လင်းလန်၏အပြုံးကလည်း ပို၍ချိုမြိန်နေကာ ကလေးများကလည်းစိတ်လက်ပေါ့ပါးနေကြပြီး တစ်ယောက်ချင်းဆီကအရင်ကထက် ပိုမိုပျော်ရွှင်နေကာ ပိုမိုအသက်ဝင်နေလျက်ရှိသည်။
လွန်ခဲ့သည့်နှစ်ရက်က စန်းဝမ်ကလုံးဝတိတ်ဆိတ်နေ၍ အိမ်၏ဆူညံနေမှုတို့က တစ်ဝက်ကျော်မျှချုပ်ငြိမ်းနေခဲ့ပြီး ရှောင်ဝမ်ကလည်း ဖျားနေလေရာ အိမ်တစ်ခုလုံး တစပြင်နှယ်ခြောက်ကပ်နေခဲ့သည်။
ဟန်ချင်စုန့်က ထိုအတွေ့အကြုံမျိုးဒုတိယအကြိမ်ထပ်မလိုချင်တော့ပေ။
လင်းလန်က စန်းဝမ်နှင့်ရှောင်ဝမ်၏ မျက်နှာလေးများကိုကြည့်ကာ စိတ်သက်သာရာရသွားရသည်။ ကလေးများကို ကောက်ရသလားဟူသော မေးခွန်းနှင့်ပတ်သတ်၍ သူမက အတင်းအကြပ်ဖိအားပေး၍ သူမပြောတာယုံအောင်မလုပ်ချင်ပေ။ ကလေးများကို သူတို့ဘာသာထုတ်ပြောလာစေချင်သည်။ ထိုမှသာ အမှန်တရားကိုသိချိန်တွင် စိတ်ရှင်းသွားပြီး ထိုအကြောင်းထပ်မတွေးတော့မည်ဖြစ်သလို အနာဂတ်တွင်လည်း အခြားသူများ၏အဓိပ္ပါယ်မရှိသောစကားများကို မယုံတော့မည်ဖြစ်သည်။
ထို့အပြင် သူမက စန်းဝမ်တစ်ယောက် ရေထဲနစ်ခဲ့သည့်ကိစ္စကြောင့် စိတ်တွင်း အရိပ်အမဲကြီးတစ်ခုကျန်ခဲ့မည်ကိုစိုးရိမ်လှပေသည်။ ယခုတွင် ထိုကောင်လေး၏စိတ်ပိုင်းဆိုင်ရာအရည်အသွေးက အထိမခံမဟုတ်၍ သူ့ကို ကောင်းကောင်းမွန်မွန်ပြောပြပြီး ဆုံးမပေးပါက အနာဂတ်တွင် အဓိပ္ပါယ်မရှိသောအရာများကို မလုပ်တော့မည်ဖြစ်သည်။
သူမပြောလိုက်သည်။
"ရေထဲဆင်းတာကလွဲပြီး တခြားဘာအမှားကိုများ သတိထားမိသေးလဲ... "
နိုင်ငံရေးနှင့်ပတ်သတ်၍လည်း စိတ်လျော့ထား၍မရပေ။ အဆုံးတွင် ယခုအချိန်က ဝါဒဖြန့်အဖွဲ့များနှင့်အတူ ဦးနှောက်ဆေးခံနေရချိန်ဖြစ်သည်။
စန်းဝမ်: "အိမ်ကနေ ထွက်မပြေးသင့်ဘူး...."
လင်းလန်: "အိမ်ကနေထွက်ပြေးတာကထားပါဦး အဓိကအချက်ကဘာလဲ... ဘယ်ကိစ္စမဆို အတွင်းကျကျတွေးခေါ်ပြီး ကြည့်ရမယ်ဆိုတာလေ...."
စန်းဝမ်က သူ့ခေါင်းသူကုတ်ပြီး ပြောလိုက်သည်။
"အနာဂတ်မှာ သားရဲ့ဦးနှောက်ကိုများများသုံးပြီး တွေးခေါ်ပြီး သူများပြောတာဘာမဆို ခေါင်းငြိမ့်လက်မခံတော့ပါဘူး...."
လင်းလန် စိတ်သက်သာရာရစွာပြုံးလိုက်သည်။ ဦးနှောက်ကိုသုံး၍တွေးခေါ်ပါက ကိုယ်ကာယအပေါ်မမှီခိုတော့ပေ။ သူ့ကို နေ့တိုင်း များများတွေးခေါ်ခိုင်းပါက ဉာဏ်ကိုအသုံးချတတ်သည့် အကျင့်ကောင်းစွဲကပ်လာပြီး အင်အားကိုသာအသုံးချရန် မလောတော့မည်ဖြစ်သည်။
သူမက ကလေးတစ်ယောက်ကိုရိုက်နှက်ပြီးနောက်တွင် နောက်ဆက်တွဲအနေဖြင့် ဦးနှောက်ဆေးပါက ပို၍ထိရောက်ကြောင်း မထင်ထားမိခဲ့ပေ။ ကလေးများကိုမပြောနှင့် လူကြီးများကိုယ်တိုင်ပင် ကောင်းကျိုးဆိုးကျိုးခွဲခြားပြသည်နှင့် အမှန်တကယ်ကောင်းသွားသူ ဘယ်နှယောက်ရှိမည်နည်း။
ကလေးများ ကိုယ့်အမှားကိုယ်ဝန်ခံသည်ကိုကြည့်ပြီး ညင်သာစွာလက်ခံပေးကာ အမှန်တရားကို နားလည်ပေးခြင်းကိုကြည့်ပြီး လင်းလန်က ခံစားချက်ပိုင်းဆိုင်ရာ ကတ်တစ်ခုကိုအသုံးချလိုက်သည်။
သူမက အရိုးသားဆုံးနှင့် စိတ်အားထက်သန်ဆုံးသောအမူအရာဖြင့်ပြောလိုက်သည်။
"မင်းတို့လေးတွေ ပထမအကြိမ်အမှားလုပ်တယ်... ဒုတိယအကြိမ်ထပ်လုပ်တယ်... ဒီအကြိမ်တွေမှာ မာမားတို့က မင်းတို့ကို သတိပေးကြတယ်... တတိယအကြိမ်ဆိုရင်တော့ နောင်ကျဉ်အောင်ပါ ရိုက်နှက်ပြီမလို့ ကိုယ့်အမှားကိုယ် မှတ်သွားရတော့မယ်... ဒါပေမဲ့ ရေနဲ့မီးဆိုတာက အကြင်နာမဲ့တဲ့အရာတွေပဲ... ဓားနဲ့ သေနတ်တွေမှာကလည်း မျက်လုံးတွေမရှိကြဘူး... အကုန်လုံးက မင်းတို့တွေရဲ့ ဘဝကိုပါယူသွားပစ်နိုင်တယ်... နောင်အနာဂတ်မှာ လုံးဝမထိကြပါနဲ့တော့..."
ကလေးများအားလုံး လေးလေးနက်နက်ခေါင်းငြိမ့်ပြကြသည်။
အဆုံးတွင် လင်းလန်က ဆေးအရက်သုတ်ထားသောဂွမ်းကို စန်းဝမ်၏အနာပေါ်ဖိရင်းပြောလိုက်သည်။
"သားလည်း မှတ်ထားရမယ်နော်..."
စန်းဝမ်: "အား....."
တစ်သက်လုံးကိုမှတ်ထားမှာပါ....
စန်းဝမ်၏ ကြိမ်လုံးရာများက ပြင်းထန်ပုံပေါ်သော်လည်း ဟန်ချင်စုန့်က သူ့အားသူအတော့်လေးထိန်းထားသဖြင့် အရမ်းကြီး အနာတရမဖြစ်ပေ။ ဟန်ချင်စုန့်၏ဒဏ်ရာများကသာ ပိုဆိုးခြင်းဖြစ်သည်။ ဟန်ချင်းယွမ်က သူ့လက်ဆသူ မထိန်းနိုင်ခဲ့၍ ဟန်ချင်စုန့်၏ ဒဏ်ရာများကပိုဆိုးသော်လည်း သူ၏ခန္ဓာကိုယ်ကသန်မာပြီး ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်မှုတို့ကလည်း မြန်ဆန်လေ၍ ဆေးလိမ်းပြီးသည်နှင့် ပျောက်လုနီးနီးပင်ဖြစ်နေလေပြီ။
မည်သို့ပင်ဆိုစေ လင်းလန်က အရင်က တဝမ်ကို ဂရုစိုက်ပေးဖူးသလို ဆရာဝန်၏ လက်စွဲစာအုပ်ကိုလည်းဖတ်ဖူး၍ သားအဖနှစ်ယောက်လုံးကို ဒဏ်ရာများ ယောင်ရမ်းခြင်းမရှိအောင် ပြုစုပေးနိုင်လေသည်။
ညစာစားပြီးနောက်တွင် လူတိုင်းက စကားပြောရင်း ရေဒီယိုနားထောင်ကြသည်။
ယခု ကိစ္စကြီးပြီးနောက်တွင် ကလေးများက ပို၍ လိမ္မာလာကြရုံသာမက သူတို့အချင်းချင်းဆက်ဆံရေးကလည်း ပိုမိုကောင်းမွန်လာသည်။ အထူးသဖြင့် မိုင်စွေ့နှင့်အားဝမ်ဖြစ်ပြီး အချင်းချင်း ရန်ထောင်နေကြဆဲဖြစ်သော်လည်း စနောက်ကြရုံသာဖြစ်ပြီး ဒေါသတို့လျော့နည်းလာ၍ လင်းလန်ကို အတော်လေးစိတ်ကျေနပ်စေသည်။
ရှောင်၀မ်က စန်းဝမ်၏ ဒဏ်ရာရနေသော တင်ပါးလေးကို နှစ်သိမ့်ပေးရန်နှင့် မြန်မြန်သက်သာလာစေရန်အတွက် ၎င်းကို ပုံပြင်များဖတ်ပြလေသည်။
စန်းဝမ်: "......."
ငါ့ညီလေးက ငါ့တင်ပါးကိုပဲ စကားပြောနေပြီး ငါ့ကိုလျစ်လျူရှုထားတယ်ရော... ငါ့နှလုံးသားလေးတွေ ကွဲကြေနေရပါပြီနော်...
ဟန်ချင်စုန့်: "ဒီနေ့ အိပ်ရာစောစောဝင်ကြမယ်...."
လင်းလန်က နောက်မှလိုက်ပြောသည်။
"ဒီနှစ်ရက်မှာ ကိစ္စတွေအများကြီးဖြစ်ခဲ့တော့... အိပ်ရာစောစောဝင်ကြတာပေါ့...."
သူ၏တောင့်တင်းနေသော စကားများက နားမလည်သည့်လူဆိုလျှင် စိတ်အခြေအနေမကောင်း၍ပြောသည်ဟု နားလည်မှုလွဲနိုင်သည်။ သို့သော် လင်းလန်က သူ့အကြောင်းကောင်းကောင်းသိလေသည်။ အပြင်ဘက်တွင် ဘာမှမကွဲပြားသော်လည်း သူ့မျက်ဝန်းများမှ လျှံထွက်နေသည့် နူးညံ့သိမ်မွေ့မှုများက သူမကိုပင်နစ်မွန်းသွားစေနိုင်ပေသည်။
သူမ သူ့ကို စိုက်ကြည့်လိုက်သည်။
"ရှင်ကဒဏ်ရာရနေတာ... လှုပ်လို့မရဘူး...."
ဟန်ချင်စုန့်က ပြန်ပြောသည်။
"ဒါတွေက ဒဏ်ရာအသေးအမွှားလေးတွေပါ... ဘာမှမဟုတ်ဘူး... ဒဏ်ရာလို့တောင်ခေါ်လို့မရဘူး...."
ဆေးကျောသန့်စင်ပြီး အနွေးကုတင်ပေါ်တက်ပြီးချိန်တွင် ရှောင်ဝမ်က အနောက်ဘက်ကုတင်ပေါ်တွင် သူ့အစ်ကိုများနှင့် စကားပြောနေလေသည်။ ယခုတွင် အရှေ့ဘက်ကုတင်၌ သူတို့လင်မယားနှစ်ယောက်သာကျန်တော့ပြီး သူကလည်း သူမကို ဖိလာသည်။
လင်းလန်: "...."
ဒဏ်ရာရနေတာတောင် ဒီလိုတွေ လုပ်နိုင်သေးတယ်လား...
သူမ မေးခွန်းထုတ်သလို အမူအရာ လုပ်ပြလိုက်ပြီးနောက်တွင် သူ့မျက်လုံးများကို ကြည့်မိပြီးနောင်တရသွားရသည်။ ထိုမျက်လုံးများက ပြောနေသည်မှာ "မယုံရင် စမ်းကြည့်လိုက်လေ..."ဟူ၍ပင်။
ခေါင်းဆောင်ဟန်က လုံးဝကို စိတ်ပါလက်ပါရှိနေပြီး တစ်ရာ ရာခိုင်နှုန်းသေချာနေသည်။
လင်းလန် တုန်ယင်သွားကာ ကလေးတစ်ယောက်လိုပြုမူလိုက်သည်။
"ဒီနှစ်ရက်အတောအတွင်း အရမ်းပင်ပန်းတာပဲ..."
ပထမဆုံး သူမ၏သားနှစ်ယောက် ရေထဲကျခဲ့၍ အလွန်စိုးရိမ်ခဲ့ရပြီး ရှောင်ဝမ်အဖျားတက်၍လည်း ကြောက်လန့်ခဲ့ရသေးသည်။ ထို့နောက်တွင် အိမ်၏ လူဆိုးကောင်လေးက အိမ်မှထွက်ပြေး၍ စိုးရိမ်ရင်းဒေါသထွက်ရကာ နောက်ဆုံးတွင် အရိုက်ခံရ၍ သူမကိုယ်တိုင်လည်း နာကျင်ရသလိုပင်။
ဟေး.... ဒီအမယ်အိုကြီးတော့ နေ့တိုင်းအဲ့လိုတွေကြုံနေရရင် အဆင်မပြေဘူးနော်....
ဟန်ချင်စုန့်က သူမ၏ပခုံးများကိုဖိညှစ်လိုက်သည်။ သူက ကြိုးပမ်းလာခြင်းမရှိတော့၍ သူမ တည်ငြိမ်သွားတော့သည်။ ယခုအချိန်တွင် ဟန်ချင်စုန့်က အားဘယ်လိုထိန်းရမလဲသိပြီဖြစ်၍ သူမကို သက်တောင့်သက်သာရှိအောင် ဖက်ထားနိုင်ပြီဖြစ်သည်။
Xxxxxxx
Part 392
ဟေး.... ဒီအမယ်အိုကြီးတော့ နေ့တိုင်းအဲ့လိုတွေကြုံနေရရင် အဆင်မပြေဘူးနော်....
ဟန်ချင်စုန့်က သူမ၏ပခုံးများကိုဖိညှစ်လိုက်သည်။ သူက ကြိုးပမ်းလာခြင်းမရှိတော့၍ သူမ တည်ငြိမ်သွားတော့သည်။ ယခုအချိန်တွင် ဟန်ချင်စုန့်က အားဘယ်လိုထိန်းရမလဲသိပြီဖြစ်၍ သူမကို သက်တောင့်သက်သာရှိအောင် ဖက်ထားနိုင်ပြီဖြစ်သည်။
လင်းလန်က ဟန်ချင်စုန့်၏ထွေးပွေ့မှုကြောင့် ငိုက်မျဉ်းလာတော့သည်။
"စန်းကော... အလုပ်ကြိုးစားခဲ့တယ်... ဒီညတော့ ကိုယ့်ဘက်ကိုယ်အိပ်တော့မယ်မလား...."
ဟန်ချင်စုန့်: "ကိုယ်မင်းကို ဒီလိုဖက်ပြီး တစ်ညလုံး နေနိုင်ပါတယ်...."
လင်းလန်: "!"
ဒီလို လေးနက်တဲ့ကိစ္စတွေကို ကြောက်စရာလေသံကြီးနဲ့ပြောတာ ရှင့်အတွက်အဆင်ပြေတယ်လား... ကျွန်မ မနေ့ညက အိပ်ရေးမဝခဲ့ဘူးနော်... ဟုတ်ပြီလား...
သို့သော် သူမက သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ရောင်ပြန်ဟပ်နေကြောင်း မြင်လိုက်ရပြီး သူမ သူ၏စိတ်ပိုင်းဆိုင်ရာအတက်အကျကို အတော်လေးနားမလည်တော့ပေ။ လူအများစုက တစ်ညလုံး မအိပ်ရလျှင် ညဘက်၌ ပင်ပန်းကြမည်ဖြစ်ပြီး တစ်နေကုန် စိတ်ခံစားချက်အတက်အကျမျိုးစုံကြုံရပါက မောပန်းကာ အိပ်ချင်ကြမည်ဖြစ်သည်။
သူမ သူ့ကို နားလည်မှုလွဲတာများရှိနေတာလား...
ဟန်ချင်စုန့်က လင်းလန်သူ့ကို စိုက်ကြည့်နေကြောင်းတွေ့၍ ပြန်စိုက်ကြည့်လိုက်သည်။ သူက သူမကို တမင်တကာ ကလူ၏သို့မြှူ၏သို့ အကြည့်ဖြင့်ကြည့်လိုက်သောအခါ သူမက ချက်ချင်းရှက်သွေးဖြာသွားရသည်။
လင်းလန်က သူ့လည်ပင်းကိုဖက်လိုက်ကာ ချွဲနွဲ့လေသည်။
"စန်းကောလို့... သူများက အိပ်ချင်နေပါပြီဆို..."
ဟန်ချင်စုန့် နှုတ်ခမ်းတို့ကွေးညွတ်သွားပြီး သူမကိုနမ်းလိုက်သည်။
"အိပ်တော့...."
"ဝိုး.... စန်းကော ရယ်နေတာပဲ..."
လင်းလန်က ကမ္ဘာအသစ်တစ်ခုရှာတွေ့သွားသလိုခံစားလိုက်ရသည်။
ဟန်ချင်စုန့်: "အောင်ပွဲခံချင်သေးတာလား...."
လင်းလန်က ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။
မျှော်လင့်ထားသလိုပင် လင်းလန်တစ်ယောက်ချက်ချင်းအိပ်ပျော်သွားသည်။ မမျှော်လင့်ထားသည်မှာ ညလယ်လောက်တွင် သူ့ကြောင့်နိုးလာခြင်းကိုပင်။ ထိုအချိန်တွင် ညမွှေးပန်းတို့၏ ချိုအီအီရနံ့တို့ကို လေညင်းတို့ကသယ်ဆောင်လာသည်မှာ သူမကို တိမ်ထုထဲတွင် အိပ်ပျော်နေသည်ဟုပင် ခံစားသွားရစေသည်။
..........
လင်းလန်က ဟန်ချင်စုန့်နှင့် စန်းဝမ်ကိုနှစ်ရက်နားစေချင်သည်။ အဆုံးတွင် ဒဏ်ရာများဖြင့် အလုပ်သွားပါက ကောင်းမည်မဟုတ်ပါချေ။
ဟန်ချင်စုန့်ကတော့ ငြင်းမြဲငြင်းဆဲသာဖြစ်သည်။ သူ စစ်တပ်ထဲတွင်ရှိစဉ်က အသေးစားဒဏ်ရာများက အမြဲလိုလိုရနေသည်သာဖြစ်သည်။ ထို့ကြောင့် ယခုလိုအသေးစားဒဏ်ရာလေးများကြောင့် အိမ်တွင်အနားယူရန်မလိုဟုသာ တွေးလေသည်။ သူက အလုပ်ရမှတ်များကိုလိုချင်နေသည်။
စန်းဝမ်ကလည်း သူ့အစ်ကိုကြီးတုန်းကလည်း ကျောင်းသွားသည်ဖြစ်လေရာ သူကိုယ်တိုင်အတွက် ကျောင်းမှခွင့်ယူပြီးနားရန် ရှက်နေလေသည်။ သူ့အမှားများလုပ်ခဲ့၍ မျက်နှာပြစရာပင်မရှိနေလေရာ နောက်ထပ်တစ်ရှက်ပါထပ်မတိုးချင်၍ ထော့နဲ့ထော့နဲ့နှင့် ကျောင်းသွားတက်လေသည်။
သူရော တဝမ်ပါ အရိုက်ခံရသည်မှန်သော်လည်း တဝမ်က ရွာထဲတွင် အလေးစားခံရသောလူတစ်ဦးအဖြစ် ချက်ချင်းရာထူးတိုးသွားသော်လည်း သူကမူ အလှောင်ပြောင်သာခံရလေသည်။
"စန်းဝမ်... မင်းဘာလို့ဒီလောက်တောင် ထော့ကျိုးဖြစ်နေရတာလဲ... လာစမ်းပါ အတူတူသစ်ပင်ပြိုင်တက်ကြမယ်လေ...."
စန်းဝမ် မျက်ဆန်သာလှန်လိုက်သည်။
"ငါ့အစ်ကို မင်းကို ပျံထွက်သွားအောင်ကန်တာမျိုး လိုချင်တာလား...."
အချို့သော လူကြီးများကစကြပြန်သည်။
"အိုး... စန်းဝမ်လေး မင်းမိဘတွေကိုဘာလို့သွားမရှာတာလဲ... ဘာလို့များလဲနော်... ဒီလောက်တောင် ထော့ကျိုးဖြစ်နေတာကို အိမ်မပြန်ချင်ဘူးလား..."
စန်းဝမ်က ချက်ချင်းလက်ဆန့်လိုက်သည်။
"အိမ်ပြန်ပြီးနားရမယ်တဲ့လား... ဒါနဲ့ ကျွန်တော့်မိဘတွေပြောတာတော့ ခင်ဗျားက ကျုပ်တို့မိသားစုကို ယွမ်နှစ်ရာအကြွေးတင်နေတာဆို... ဘယ်တော့များပြန်ပေးမလဲ...."
ရွာသားများ၏ အဆိပ်ပြင်းလှသော လျှာများဖြင့် ရင်ဆိုင်ရသော်လည်း စန်းဝမ်က လုံးဝစိတ်မပြောင်းပေ။ ရွာထဲရှိ သူ့ကိုလှောင်ချင်သောလူမှန်သမျှ လူကြီးဖြစ်စေ ကလေးဖြစ်စေ အကုန်လုံးသာ ပြန်ပြေးသွားကြရလေသည်။
ထိုလူများက ထိတ်လန့်သွားကြပြီး လင်းလန်ဆီတိုက်ရိုက် သွားတိုင်လေသည်။
လင်းလန်က သူတို့ကို စာရင်းရှင်းရန်မသွားရသေးသော်လည်း သူတို့က သူမကိုလာရောက်ပြဿနာရှာနေလေသည်။ ထို့ကြောင့် ယခုအခြေအနေကိုအသုံးချပြီး ပြောဆိုလေတော့သည်။
"ကျွန်မသားက ရှင့်လိုလူကြီးကို မလေးမစားလုပ်တယ် ဟုတ်လား.... သူတော်ကောင်းအရေခွံလာခြုံပြမနေစမ်းပါနဲ့ရှင်... ရှင်က ကလေးတွေထက် ဆယ်စုနှစ်နည်းနည်းလောက်စောမွေးပြီး စောစောထမင်းစားရတာနဲ့ ကိုယ့်ကိုယ်ကိုယ်တအားမြင့်မြတ်နေပြီထင်နေတာလား... ဒါနဲ့ပဲ ကျွန်မတို့ရဲ့ကလေးတွေကို မဟုတ်တဲ့ကိစ္စတွေကို လျှောက်ပြောတယ်ပေါ့လေ...."
ထိုလူများက ခေါင်းဆောင်လင်းတစ်ယောက် ဘာကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားလည်းနားမလည်ကြပေ။ အရင်ကဆိုလျှင် သူမက ပန်းလေးတစ်ပွင့်လိုပြုံးပြီး တေးသီချင်းသီကျူးသလို စကားဆိုသူဖြစ်၍ လူတိုင်းကို သူမက အဆိပ်ပြင်းသည့်မိန်းမမှန်း မေ့နေခဲ့ကြသည်။ သို့သော် ယခုတွင် သူမ၏ထက်ရှနေသော ပုံစံကြောင့် သူမက အဆိပ်ပြင်းနေဆဲဖြစ်ကြောင်း မှတ်မိလာကြတော့သည်။
"ခေါင်းဆောင်လင်း ဘာတွေပြောနေတာလဲ... ဘာကို ကျွန်တော်တို့ရဲ့ကလေးတွေလဲ..."
လင်းလန်က သရော်လိုက်သဘ်။
"ချန်းဖုယွီ.. ရှင်ဒီလိုမေးတာမရှက်ဘူးလား... ရှင်က ကလေးတွေအများကြီးကို သူတို့ကို မြစ်ထဲကနေမျောလာတုန်း ဆယ်ယူခဲ့တာလို့ပြောပြီး သူတောင်းစားလေးတွေလုပ်စားခိုင်းဖို့ အိမ်မှာခေါ်ထားတယ်လို့ လိမ်နေခဲ့တာလေ...."
ချန်းဖုယွီက လက်မခံချေ။
"ဘာတွေ ရေးကြီးခွင်ကျယ်လုပ်စရာလိုလို့လဲ... လူတိုင်းစနေကြတာပဲလေ... ဘယ်သူမှ တကယ်မထင်ပါဘူး...."
လင်းလန်: " ရှင်ကလေးဘဝတုန်းကလည်း ဒီလိုအရာတွေကို တကယ်မထင်ခဲ့ဘူးဆိုတာသေချာလား... ဒီကိစ္စက တကယ်မဟုတ်ဘူးဆိုတာ သိတော့ ရှင်ကဘယ်အရွယ်လဲ...."
သူမလူတိုင်းကိုကြည့်လိုက်သည်။
"တစ်နေကုန် အလုပ်တကုတ်ကုတ်လုပ်တာကလွဲလို့ ရှင်တို့တွေက ဘာများလုပ်လို့လဲ... သမီးအကြီးတွေ သမီးအငယ်တွေကို မကောင်းတဲ့စကားလုံးတွေပြောပြီး အခွင့်အရေးယူတယ်... ရှင်တို့ ကလေးတွေကို ချော့မော့ပြောတာမျိုး မလုပ်တတ်လို့လား...."
ချန်းဖုယွီ၏ မျက်နှာက ပြာနှမ်းသွားသည်။
ဒါဘာလဲ... သူ သူမကိုများ စော်ကားမိတာရှိလို့လား... သူ့ကိုဘာလို့ လာတိုက်ခိုက်နေရတာလဲ...
လင်းလန်က ကလေးများကို လက်ယပ်ခေါ်လိုက်သည်။
"လာပါဦး... အန်တီမေးပါဦးမယ်... သားတို့ သမီးတို့တွေ ဒီကိုဘယ်လိုရောက်လာကြတာလဲ... ဘယ်သူက ကောက်ယူခံရပြီး.. ဘယ်သူက မုန့်နဲ့အလဲခံခဲ့ရတာလဲ..."
ကလေးများက အလျှင်စလိုဖြေလာကြသည်။
"သားကိုကောက်လာတာ...."
"သမီးရဲ့မိဘတွေက သမီးကို သူတောင်းစားကြီးဆီမှာ ဆန်အိတ်တစ်ဝက်နဲ့လဲလာတာ...."
"သမီးက...."
"သားက..."
ယခုလက်ရှိတွင် ရှိနေကြသော မိဘများအားလုံး ရှက်သွားကြသည်။ သူတို့က ကလေးများကို စနောက်သည့်သဘောသာပြောကြခြင်းဖြစ်သည်။ လူတိုင်းဤသို့သာပြောကြသည်။
လင်းလန်က ဘာကြောင့် အလေးအနက်ဖြစ်နေရတာလဲ.... အရမ်းကို သက်တောင့်သက်သာမရှိလိုက်တာ....
လူတိုင်း၏ ရှက်ရွံ့သလိုနောင်တရနေသော အမူအရာများကိုကြည့်ပြီး လင်းလန်ကပြောလိုက်သည်။
Xxxxxxxx