အပိုင်း ၃၉၃-၃၉၄
Viewers 23k

Part 393


ယခုလက်ရှိတွင် ရှိနေကြသော မိဘများအားလုံး ရှက်သွားကြသည်။ သူတို့က ကလေးများကို စနောက်သည့်သဘောသာပြောကြခြင်းဖြစ်သည်။ လူတိုင်းဤသို့သာပြောကြသည်။


 လင်းလန်က ဘာကြောင့် အလေးအနက်ဖြစ်နေရတာလဲ.... အရမ်းကို သက်တောင့်သက်သာမရှိလိုက်တာ....


လူတိုင်း၏ ရှက်ရွံ့သလိုနောင်တရနေသော အမူအရာများကိုကြည့်ပြီး လင်းလန်ကပြောလိုက်သည်။


"ရှင်တို့တွေက ကိုယ့်သားသမီးတွေကို ကောင်းကောင်းဆက်ဆံပေးရမှာလေ... ကလေးတွေက ဒါတွေကို အမှန်လို့ထင်သွားရင် အရာအားလုံးပြောင်းလဲကုန်လိမ့်မယ်... ရှင်တို့ငယ်ငယ်တုန်းက ရှင်တို့ကို အခြားလူတွေကစရင် ပျော်ကြလား... မပျော်ကြဘူးလေ... ဒါဆိုဘာလို့များ ကိုယ့်သားသမီးတွေကို ကိုယ်ခံစားခဲ့ရသလို ခံစားစေချင်ရတာလဲ...."


တကယ်လို့ကလေးတွေက သူတို့မိဘတွေ သူတို့ကိုကောင်းကောင်း မဆက်ဆံဘူးလို့ အတွေးဝင်ကြချိန် သူတို့ရဲ့ မိဘအရင်းတွေကို ရှာဖို့ထွက်သွားကြမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ....


အိမ်ထောင်ဦးစီးဖြစ်စေ အိမ်ထောင်ရှင်မဖြစ်စေ သူတို့၏သားသမီးများကို ညီညီမျှမျှချစ်ပေးနိုင်မည်မဟုတ်ပေ။ တစ်ယောက်ကို အလိုလိုက်ဂရုစိုက်ပေးနေချိန် နောက်တစ်ယောက်ကို ရိုက်နှက်မိနေတတ်သည်။ ထိုကလေးများက သူတို့ကို ပိုမိုကောင်းမွန်စွာဆက်ဆံပေးမည့် ချစ်ခင်ပေးမည့် သူတို့၏မိဘအရင်းဆိုသူများကို လိုက်ရှာခဲ့လျှင် မည်သို့လုပ်မည်နည်း။


ဤလူများက ကလေးများ အိမ်မှထွက်ပြေးကြသည်ကို အလေးအနက်မရှိကြပေ။ သူတို့က ဤသို့သာတွေးပေလိမ့်မည်။


"ကလေးတစ်ယောက်ပဲဟာ ဘယ်ကိုသွားနိုင်မှာလဲ.... လမ်းတစ်ပတ်လောက်လျှောက်ပြီးရင် ပြန်လာလိမ့်မယ်...."


လင်းလန်၏ ရက်အနည်းငယ်ကြာ အလေးအနက်ပြောဆိုမှုပြီးသည့်နောက်တွင် ရှန်ရွေ့ရွာရှိကလေးများက သူတို့ကို ကောက်တွေ့ခြင်း မုန့်ဖြင့်လဲလာခြင်းလုပ်ခဲ့ခြင်းမဟုတ်ဘဲ သူတို့မိဘများကိုယ်တိုင်မွေးဖွားခဲ့ကြောင်း သိသွားကြလေသည်။


လူကြီးအများစုက သူတို့၏ အမှားကို သူတို့ကိုယ်တိုင်သတိပြုမိကြပြီး နောင်အနာဂတ်တွင် ကလေးများကို ထိုကဲ့သို့သော ကိစ္စမျိုး၌ မလျော့မတင်းပြောဆိုနိုင်ရန် ထိန်းချုပ်လာကြသည်။


၎င်းက ကလေးအများစုအတွက် ကောင်းသည့်အရာဖြစ်သော်လည်း အနည်းစုအတွက်မူ သူတို့၏မျှော်လင့်ချက်တို့ ကွဲကြေသွားကြရလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏မိဘများက သူတို့ကို ကောင်းကောင်းမဆက်ဆံ၍ ပိုကောင်းသည့်မိဘများကိုစောင့်မျှော်နေခဲ့ကြ၍ပင်။ ယခုတွင် သူတို့အားလုံး၏ လှပသော အိပ်မက်လေးများအားလုံး ပျောက်ဆုံးသွားရလေပြီ။


လင်းလန်က သူတို့ကိုပြောပြသည်။


"ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင်ကြိုးစားရမယ်... မင်းတို့လေးတွေကို လာကောက်ယူသွားမယ့် လူကောင်းဆိုတာမရှိဘူး...."


ရှန်ရွေ့ရွာမှ တစ်ခါမှမထွက်ဖူးသည့် မိန်းကလေးများမှာ စာအုပ်ပင်မဖတ်ဖူးလေ၍ သူတို့တွင် အမြင်ကောင်းကောင်းမရှိသလို မျှော်လင့်ချက်ကောင်းကောင်းလည်းမရှိပေ။ သူတို့က လက်တွေ့တွင် မြေပြင်ပေါ်၌ ခြေထောက်တင်းတင်းကုတ်ကာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် လိုအပ်မည်ဟုသိလာကြသည်။ လုံခြုံကာ နွေးထွေးခဲ့သည့် ကလေးဘဝကို ပိုင်ဆိုင်ရခြင်းက အကောင်းဆုံးပင်။


အဆုံးတွင် လိုအင်ဆန္ဒများစွာရှိသော မိန်းကလေးများက လှည့်စားရအလွယ်ကူဆုံးပင်။ ရွာထဲမှ လူပျိုများက စကားကောင်းလေးအနည်းငယ်ပြောပေး၊ စားသောက်စရာအနည်းငယ်ပေးကမ်းပေး၊ ကောင်းကောင်းဆက်ဆံပေးသည်နှင့် ချက်ချင်းချဉ်းကပ်၍ရပြီး လွယ်လွယ်ပင်လှည့်စားသွားနိုင်သည်။


ရှန်ရွေ့ရွာတွင် လင်းလန်၏ ဝါဒဖြန့်ပေးမှုအပြီးတွင် အနီးအနားမှရွာများမှ ကလေးပျောက်မှုများပေါ်ထွက်လာခဲ့သည်။ ၎င်းက မိဘများ၏ ဘက်လိုက်မှုနှင့် မမျှတသည့် အပြစ်ပေးမှုတို့ကြောင့် ကလေးများက တောင့်မခံနိုင်၍ ထွက်ပြေးကြခြင်းဖြစ်သည်။ ထိုကလေးများတွင် ကောင်းမွန်သည့်မိဘများမရှိ၍ ပြန်ဖမ်းမိသည်နှင့် ပို၍ပြင်းပြင်းထန်ထန်အရိုက်ခံရပြီး အရင်ကထက် အေးစက်စွာဆက်ဆံခံကြရတော့သည်။


ထို့ကြောင့် ရှန်ရွေ့ရွာမှ မိန်းကလေးအများစုက လင်းလန်ကို ထိုရှင်းပြပေးခြင်းအတွက် အလွန်ကျေးဇူးတင်ကြလေသည်။


အရိုက်ခံထားရသည့် စန်းဝမ်မှာ ဤရက်များတွင် သက်တောင့်သက်သာရှိမနေခဲ့ပေ။ အဆုံးတွင် သူကရှစ်ချက်အရိုက်ခံထားရသည်သာဖြစ်သည်။ သူက တဝမ်ကို သူနာလာလျှင်၊ ယားလာလျှင်၊ ကိုက်ခဲလာလျှင် ဘယ်လိုလုပ်ရမလဲသွားမေးခဲ့သည်။


တဝမ်က အေးစက်စွာဖြေသည်။

"နောက်တစ်ကြိမ်အရိုက်ခံလိုက်....."


စန်းဝမ်: "ဟားဟား...ဟားဟား... သားခေါင်းထဲမှာ ရေတွေ တကယ်ရှိတယ်များထင်နေလား..."


စန်းဝမ် ပြန်လည်တက်ကြွကာသွက်လက်လာသဖြင့် တစ်မိသားစုလုံး ပြန်လည်အသက်ဝင်လာခဲ့သည်။ မတော်တဆဖြစ်သည့်နှစ်ရက်အတွင်းတွင် စန်းဝမ်က ဖောက်ပြန်ခံနေသည့် ဇနီးငယ်လေးနှယ် ခေါင်းကြီးသာငုံ့ကာ ဘာမှမပြော၍ အိမ်ထဲရှိ လေထုက အတော်လေး ဖိအားများနေခဲ့သည်။


 မိုင်စွေ့နှင့် အားဝမ်ပင် အိမ်ကို အိမ်ဟုပင်မခံစားရတော့၍ အရင်ပုံစံအတိုင်း ပြန်လည်ကောင်းမွန်လာစေချင်ခဲ့သည်။


စန်းဝမ်က ဆူညံပါသော်လည်း ၎င်းက မှိုင်ထွေကာ စကားသံမထွက်သည်ထက် ပိုကောင်းလေသည်။


ယခုတွင် သူက ပျော်ရွှင်နေပြီး အရမ်းလည်းမဆိုးသွမ်းတော့ရာ လူတိုင်းက ကောင်းသည်ဟုတွေးနေကြသည်။


ရက်အနည်းငယ်အကြာတွင် စန်းဝမ်တင်ပါးက ကောင်းလုနီးပါးပင်။ ရက်အနည်းငယ်မျှနေရခက်ပြီးနောက်တွင် ကလေးများအတွက် အကျင့်ဖြစ်သွားစေရန်လွယ်ကူလေသည်။ မနာကျင်တော့သော်လည်း စန်းဝမ်က ထော့နဲ့ထော့နဲ့လျှောက်နေဆဲဖြစ်လေသည်။ လင်းလန်လည်း အိမ်တွင်ရှိသမျှလူတိုင်းကို စန်းဝမ် ထိုသို့လမ်းလျှောက်တာတွေ့သည်နှင့် ပြင်ပေးရန်သတိပေးထားသည်။


ရှားပါးလှသည့် နွေဦးမိုးရွာပြီးနောက်တွင် ရှန်ရွေ့ရွာမှာ နွေဦးကောက်စိုက်ခြင်း၏ အလုပ်အရှုပ်ဆုံးသောကာလကို ရုတ်တရက်ကြီးရောက်သွားတော့သည်။ နွေဦးတွင် ရေမလုံလောက်၍ မိုးရွာသည်နှင့် ချက်ချင်းစိုက်ပျိုးရမည်ဖြစ်သည်။ မဟုတ်ပါက ရေချို့တဲ့ပါလျှင် သီးနှံထွက်နှုန်းကလျော့ကျသွားမည်ဖြစ်၍ပင်။ တစ်ရွာလုံး ယောက်ျားမိန်းမ မရွေး ကလေးပါမချန် လှုပ်ရှားနိုင်သေးသည့် လူမှန်သမျှ လယ်ကွင်းထဲတွင် တိုက်ပွဲဝင်ကြပြီး ဟန်ချင်းဖျင်ကလည်း သူ၏ကျာင်းသားများကို ကူညီရန်ခေါ်လာခဲ့သည်။


အားဝမ်နှင့် တဝမ်တို့က လူကြီးများနှင့် လိုက်ပါကြပြီး မိုင်စွေ့က စန်းဝမ်နှင့် ရှောင်ဝမ်ကို ဆရာဟန်နှင့်အတူ ဦးဆောင်လာခဲ့သည်။


စန်းဝမ်က ပျင်းရိသော်လည်း မိန်းကလေးများကို ပစ္စည်းများကူသယ်ပေးရန် လက်ဦးမှုယူလေသည်။ သူကဆိုးသွမ်းပါသော်လည်း ကျောင်းတွင် နာမည်ကြီးသူဖြစ်သည်။ အထူးသဖြင့် သူ့ထံမှ ပိုးမွှားများဖြင့် စနောက်ခံခဲ့ရသော ကောင်မလေးနှစ်ယောက်အတွက် ယခုဖြစ်ရပ်က အတော်လေးထူးဆန်းနေလေသည်။ သူအရိုက်ခံခဲ့ရပြီးကတည်းက အတော်လေး တည်ငြိမ်လာပြီး သူမတို့ကိုပင် သူ့ဘက်မှ လက်ဦးမှုယူ၍ကူညီပေးနေသည်။


စန်းဝမ်ကို တဝမ်နှင့်အားဝမ်တို့မမြင်ကွယ်ရာတွင် စနောက်ကာ လှောင်ပြောင်သော ကောင်လေးများလည်းရှိသေးသည်။


"စန်းဝမ်.... မင်း အသေအရိုက်ခံခဲ့ရလို့ ခေါင်းလွတ်သွားပြီလား....ဟားဟား..."


"စန်းဝမ်... ငါပိုးကောင်ဖမ်းမိတယ်...မင်းစားရဲလား...."


စန်းဝမ်က သူတို့ကိုကြည့်လိုက်သည်။

"မင်းစားရဲရင် ငါလည်းစားရဲတယ်...."


ထိုကလေးက ဂုဏ်မောက်စွာပြောလာသည်။

"ဒါပေါ့... ငါစားရဲတာပေါ့.... ဒါပေမဲ့ မင်းကတော့စားရဲမယ်မထင်ဘူး...."


စန်းဝမ်က မျက်ဆန်လှန်လိုက်သည်။

"မင်းစားပြတာ ကြည့်ပါရစေဦး...."


ထိုကလေးက ပါးစပ်ဟကာ အဖြူရောင်ပိုးကောင်ကို လက်ထဲထည့်ပြီး ပါးစပ်ထဲထည့်လိုက်သလိုဟန်ဆောင်လိုက်သည်။


"ကြည့်လိုက်လေ... ငါလုပ်ပြပြီးပြီ... မင်းကတော့ မလုပ်ရဲပါဘူး.."


စန်းဝမ်က လက်မြှောက်ကာ ထိုကောင်လေး၏ တံတောင်ဆစ်ကို ဖောက်ခနဲရိုက်ချလိုက်သောအခါ အဖြူရောင်ပိုးကောင်ကြီးက ထိုကောင်လေးပါးစပ်ထဲ တိုက်ရိုက်ဝင်သွားတော့သည်။


"အားးးးးးးးး...."


စန်းဝမ်: "အိုး... ဘာများဖြစ်ရတာလဲ... မင်းတကယ်ကြီးစားလိုက်တာပဲ.. ငါက မင်းဟန်ဆောင်နေတယ်ထင်ခဲ့တာ... မင်းကတကယ်မိုက်တာပဲ... လေးစားပါတယ် လေးစားပါတယ်..."


ငါ့ခေါင်းထဲမှာ ရေတွေပဲရှိတယ်ဆိုပေမဲ့ ငါကတကယ်မရူးသေးဘူးကွ...


ကောင်မလေးများကရယ်မောကြသည်။


" နင်တို့တွေ့တဲ့ဟာနဲ့ စန်းဝမ်ကို အရူးလုပ်လို့ရမယ်ထင်နေတာလား...."


Xxxxxxx

Part 394


မိုင်စွေ့က ကောက်ပင်များစိုက်နေသော်လည်း ထိုအသံများကိုကြားလိုက်ရ၍ ယောက်ျားလေးအတန်းဖော်များကိုအော်လေတော့သည်။


"အိုး.... နင်တို့က ပိုးကောင်တွေအရမ်းလိုချင်နေတာတဲ့လား... ငါနင်တို့ကို တီကောင်တစ်အိုးလုံးကျွေးပေးမယ်...."


စန်းဝမ်: "အစ်မ... တီကောင်တွေကိုအလွှတ်ပေးလိုက်ပါ... ကြက်တွေကိုပဲကျွေးလိုက်လေနော်... ဒါဆို သူတို့က ကြက်ဥဥရင် သားတို့စားလို့ရတာပေါ့..."


မိုင်စွေ့ကရယ်လေသည်။


"ပြောပါဦး နင့်တင်ပါးလေးကရော ကောင်းသွားပြီလား... ဘာလို့အခုထိ ထော့ကျိုးထော့ကျိုးလျှောက်နေသေးတာလဲ... ကြည့်ရတာ တအားရုပ်ဆိုးလွန်းတယ်...."


စန်းဝမ်: "အနာဖေးတက်တော့ တအားယားတယ်... ပြီးတော့နာကျင်ပြီး စူးအောင့်နေတာပဲ.. တကယ်ကြီးနေရအဆင်မပြေဘူး... ဒါပေမဲ့ သားအခုကုတ်လို့မရဘူးလေ..."


သူက ယခုအချိန်တွင် နာကျင်ခြင်းမရှိတော့ပေ။ သို့သော် ယားလွန်းနေပြီး ကုတ်ဖို့ရန်လည်း ရှက်စရာကောင်းလှပေသည်။ ထို့ကြောင့် ထော့ကျိုးထော့ကျိုးလမ်းလျှောက်ပါက ဘောင်းဘီနှင့် တင်ပါး ပွတ်တိုက်သလိုဖြစ်ပြီး အယားပြေလေသည်။


"အစ်မ... အစ်မပြောတာ လူကြီးတွေလည်း အရိုက်ခံရရင်သားတို့လို ခံစားရတယ်ဆို... ဒါဆို အဖေလည်း ညဘက်အိပ်ရင် သားလိုပဲ ပက်လက်အိပ်မရလို့ ဝမ်းလျားမှောက်ပြီးအိပ်ရမှာပေါ့နော်...."


ကလေးများက လူကြီးများအပေါ် အလွန်စပ်စုကြပြီး လူကြီးများက သံမဏိလိုမာကျောကာ နာကျင်ရမည် ပင်ပန်းရမည်ကိုလည်းမကြောက်ဟုတွေးကြသည်။ အထူးသဖြင့် အရိုက်ခံရသည်ကိုပင် မျက်တောင်တစ်ချက်မခတ်သော ဟန်ချင်စုန့်လိုလူမျိုးကိုဆို ပို၍အထင်ကြီးကြသည်။ သို့သော် ရုတ်တရက်ကြီး သူ့အဖေလည်း သူ့လို နာကျင်နေရမည်၊ ယားယံနေရမည်လားဟုတွေးမိလေသည်။


မိုင်စွေ့က သူ့ပါးလေးကို လက်ညှိုးဖြင့်ထိုးလိုက်သည်။

"သိချင်ရင် ကိုယ့်ဘာသာမေးပေါ့..."


စန်းဝမ်: "မာမားကိုပဲ မေးလိုက်ပါတော့မယ်လေ...."


သူက မလှမ်းမကမ်းတွင် ကောက်စိုက်နေသော လင်းလန်ကိုကြည့်လိုက်ပြီး ရှောင်ဝမ်က သူမနားသို့ ရေယူလာပေး၍ ရေသောက်နေသည်ကို ကြည့်နေလိုက်သည်။ ရှောင်ဝမ်က နောက်ကျောတွင် စစ်တပ်သုံးရေဘူးကြီးကို လွယ်ရင်း လူတိုင်းကို ရေလိုက်တိုက်နေကာ အလုပ်ရှုပ်နေသည့်ပျားလေးလို ဟိုဟိုသည်သည်ပြေးလွှားနေသည်။


ဆံဖြူနေသောလူကြီးများနှင့် အဝါရောင်မြေကြီးနှင့် ပေါင်းစပ်လုနီးပါးဖြစ်နေသော ကလေးများကြားတွင် စန်းဝမ်က သူ၏ညီလေးက သူ့ခေါင်းပေါ်ရှိ ကောင်းကင်ပြာနှင့် အဖြူရောင်တိမ်တိုက်များလိုကြည့်၍ ကောင်းလှပြီး ချောမောလှသည်ဟု ခံစားနေရသည်။


ရှောင်ဝမ်ကို ရေနစ်သွားစေပြီးနောက်တွင် စန်းဝမ်က သူ့ညီလေးအပေါ် မျက်စိအောက်မှမပျောက်တမ်း စောင့်ကြည့်နေတတ်သော အကျင့်ရလာခဲ့သည်။


စန်းဝမ်က လင်းလန်နှင့် ရှောင်ဝမ်နားကိုသွားသောအခါ ရှောင်ဝမ်ကသူ့ကို ရေခွက်တစ်ခွက်ချက်ချင်းကမ်းလာသည်။


"အစ်ကိုငယ်... ရေသောက်...."


လင်းလန်က သူ့ကို ဟော်သွန်းနှင့် အနီရောင်စွံပလွံသီး လက်ဖက်ရည်ကိုသူ့ကိုပေးလေသည်။


စန်းဝမ်က မော့သောက်လိုက်သည်။

"ချိုနေရောပဲ...."


လင်းလန်က သူ့ကိုကြည့်လိုက်သည်။

"နာနေတုန်းလား... ဘာလို့ ထော့နဲ့ထော့နဲ့ ဖြစ်နေရတာလဲ..."


စန်းဝမ်က ရှောင်ဝမ်ကိုသူ့ကိုကွယ်ထားပေးရန်ပြောပြီး သူ့တင်ပါးကိုကုတ်လိုက်သည်။

"မာမား... အဖေရောနာနေသေးလားဟင်..."


လင်းလန်က သူ့ကိုတအံ့တဩကြည့်လိုက်သည်။

"သား စိတ်ထဲတအားသိချင်နေရင် ကိုယ့်ဘာသာသွားမေးကြည့်ပါလား...."


စန်းဝမ်က ရယ်ရုံသာရယ်လိုက်သည်။


သူ အလုပ်လုပ်ရန်ပြန်သွားချိန်တွင် ယန်ယန်နှင့် ချိုက်ဟွားက မိုင်စွေ့ကို လက်ယက်ခေါ်နေကြောင်း တွေ့လိုက်ရပြီး မိုင်စွေ့က အလုပ်များလွန်း၍သူတို့ကိုမမြင်ပေ။


စန်းဝမ်က မိုင်စွေ့ကိုတို့လိုက်သည်။

"သူတို့က သားတို့ ထုတ်လုပ်ရေးအဖွဲကမဟုတ်ဘူးမလား... ဘာလို့ဒီကိုရောက်နေရတာလဲ..."


မိုင်စွေ့က သူတို့ကိုကြည့်လိုက်သောအခါ သူမကို လက်ယက်ပြသည်နှင့် တစ်ချက်လောက်အပြေးသွားကြည့်လိုက်သည်။


ယန်ယန်က တီးတိုးပြောသည်။

"မိုင်စွေ့... နင်ဆရာမလင်းကိုပြောလိုက်ဦး... ရှင်းဖူရဲ့ အမေနဲ့ အဒေါ်တွေက ငါ့အမေကိုပြောသွားတယ်... သူတို့က နင်တို့ကိုတရားစွဲဖို့ စာပို့ထားတယ်တဲ့...."


မိုင်စွေ့ကဒေါသတကြီးပြောလိုက်သည်။

"သူတို့ကြည့်ရတာ အရမ်းအားယားနေပုံပဲ... ရယ်စရာကောင်းလိုက်ပုံများတော့... ကျေးဇူးပဲ... ငါ ငါ့အမေကိုပြောလိုက်ပါ့မယ်..."


ယန်ယန်နှင့် ချိုက်ဟွားက တိတ်တိတ်လေးပြန်သွားကြပြီး မိုင်စွေ့ကလင်းလန်ဆီအပြေးပြန်လာပြီးပြောပြလိုက်သည်။


လင်းလန်က ထိုစကားကိုနားထောင်ပြီးပြောလိုက်သည်။


"စိတ်မပူပါနဲ့... သူတို့ ပြဿနာရှာကြပါစေ... အရင်ဆုံး ပါတီအတွင်းရေးမှူးကဘာပြောလဲ ကြည့်ကြတာပေါ့..."


သူတို့တွင် အရည်အချင်းရှိပါက ဟန်ချင်းစုန့်ဆီလာပြီး မျက်နှာချင်းဆိုင် ရှင်းနိုင်သည်။ သူတို့က မတိုက်ခိုက်ရဲ၍ ပါတီအတွင်းရေးမှူးဆီကိုသွားကြခြင်းဖြစ်၍ ပါတီအတွင်းရေးမှူးကမည်သို့ ကိုင်တွယ်မည်လဲ ကြည့်ရပေတော့မည်။


လင်းလန်က တုန်ဟွိုင်ဟွကို အကူအညီတောင်းခဲ့သည်။ တုန်ဟွိုက်ဟွပြန်ရောက်လာသည်နှင့် လင်းလန်ကို မပြုံးပြပဲမနေနိုင်တော့ပေ။


"စန်းဝမ်နဲ့ ရှောင်ဝမ်က ရေထဲကျပြီး စန်းဝမ်ဆိုရင် ကြွက်တောင်တက်သွားခဲ့သေးတာ... သူတို့ အရမ်းကိုကြောက်သွားသင့်တာလေ... ဒါပေမဲ့ အခုဆိုတည်ငြိမ်နေကြတာပဲ... တခြားတစ်ဖက်မှာတော့ ရှင်းဖူနဲ့တဝေ့က ဒီလောက်လူကောင်ကြီးနေတာတောင်မှ ကြောက်လွန်းလို့ မသေမရှင်ဖြစ်နေကြတယ်...."


စန်းဝမ်နှင့်ရှောင်ဝမ်က ယခုတွင်အဆင်ပြေနေပြီဖြစ်သော်လည်း တဝေ့နှင့်ရှင်းဖူကအဆင်မပြေကြပေ။


တဝမ်ထံမှ မြစ်ထဲကိုကန်ချခဲ့ရပြီး ပြန်ကယ်ခံရပြီးနောက်တွင် ရှင်းဖူနှင့်တဝေ့က သေးထွက်လုမတတ် ကြောက်သွားကြသည်။ သူတို့ အိမ်ပြန်ရောက်သည်နှင့် စတင်ဖျားနာကြသည်။ သို့သော်လည်း သူတို့က အသက်ကြီးပြီဖြစ်၍ ရှောင်ဝမ်လောက် အဖျားမကြီးလေရာ ဆေးသောက်ပြီးနှစ်ရက်အကြာတွင် ပျောက်ကင်းသွားလေသည်။


ခန္ဓာကိုယ်ပိုင်းဆိုင်ရာက အဆင်ပြေသော်လည်း စိတ်ဒဏ်ရာကတော့ကျန်ခဲ့သေးသည်။ အဆုံးတွင် သူတို့၌ လင်းလန်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းပေးနိုင်သည့် အမေရှိခဲ့ပေ။


ထိုနှစ်ယောက်က ညတိုင်း အိပ်မက်ဆိုးများမက်ရင်း ငှက်ကလေးများလို ကြောက်လန့်နေကြသည်။ အိပ်နေရင်းနှင့် ညလယ်ခေါင်တွင် ရှင်းဖူက ထအော်လေသည်။


"အစ်ကိုကြီးတဝမ်... အစ်ကိုကြီးတဝမ်... ကျေးဇူးပြုပြီးချမ်းသာပေးပါ... ထပ်မလုပ်ရဲတော့ပါဘူး....."


တဝေ့ကလည်း အတုန်တုန်အယင်ယင်ဖြင့်အော်ငိုသည်။


"ဦးလေးတဝမ်... ခွင့်လွှတ်ပေးပါ... ခွင့်လွှတ်ပေးပါ... ထပ်မလုပ်ရဲတော့ပါဘူး...."


ပထမနှစ်ရက်တွင် ထိုသို့ဖြစ်ရသည်ကို နားလည်ပေးနိုင်သော်လည်း ရက်အများကြီးကြာပြီးနောက်တွင် မည်သူက သည်းခံနိုင်တော့မည်နည်း။ စန်းဝမ်ပင်လျှင် တည်ငြိမ်ကာ ပြန်ကောင်းသွားပြီမဟုတ်ပါလော။


ထိုနှစ်ယောက်အတွက် လူများကို တိတ်တိတ်လေးဖိတ်ကာ ဝိဉာဉ်ပြန်ခေါ်ခြင်း၊ အပ်စိုက်ခြင်း၊ ခွက်ဖြင့်ကပ်ခြင်းစသည်ဖြင့် နည်းလမ်းပေါင်း ၁၈မျိုးဖြင့် ပြန်ကုသော်လည်း ကောင်းမလာခဲ့ပေ။


ယခုအခါ၌ ပို၍ပင်ဆိုးလာလေပြီ။ ရှင်းဖူနှင့် တဝေ့က အပြင်ပင်မထွက်ရဲတော့ပေ။ တစ်စုံတစ်ယောက်က စန်းဝမ်၊ တဝမ်နှင့် ရှောင်ဝမ်တို့နာမည် တစ်ခုခုကိုပြောမိသည်နှင့် အလွန်ကြောက်လာကြလေသည်။


အဆုံးတွင် ပိုပို၍ဆိုးလာပြီး ခွေးဟောင်သံလေးကိုပင် မခံနိုင်ကြတော့ပေ။


Xxxxxx